← Chapters

တစ်ယောက်မှ မကျန်‌စေနဲ့

Vol. 36 Ch. 357

တစ်ယောက်မှ မကျန်‌စေနဲ့

Vol. 36 Ch. 357

ထိုအချိန်တွင်ပင် ရှန်းယီသည် အောက်ဘက်မှ တိုက်ခိုက်လာသောပုံရိပ်ကို အပေါ်စီးမှ ငုံ့ကြည့်နေလေသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းမှာ သူ၏အပေါ်၌ မည်သည့်သက်ရောက်မှုမျှ မရှိသကဲ့သို့ ဖြစ်နေ၏။

သူ၏ဝတ်ရုံပေါ်မှ ရွှေရောင်သင်္ကေတများသည် အနည်းငယ်တဖျတ်ဖျတ် တုန်ခါသွားပြီးနောက် သူသည် လက်ကို ပေါ့ပေါ့ပါးပါးပင် မြှောက်လိုက်၏။

သူ၏ လက်ချောင်းများမှာ အနည်းငယ်ဖြန့်သွားလေသည်။ ဘေးမှ ကြည့်နေသူအဖို့ ရိုးရှင်းလှသော ထိုလှုပ်ရှားမှုကြောင့် ယီတောက်ဟုန်၏ မျက်လုံးသူငယ်အိမ်များမှာ ကျုံ့သွားရ၏။

...

လူငယ်လေး၏ လက်သည် အလွန်ပင် ကျွမ်းကျင်လိမ္မာသောနေရာတစ်ခု၌ ပေါ်လာခြင်းပင်။ နောက်တစ်ခဏ၌ ထောင်ချောက်ထဲသို့ တည့်တည့်တိုးမိသကဲ့သို့ ယီတောက်ဟုန်သည် ၎င်းနှင့် ဝင်တိုက်မိသွားပြီး သူ၏ဦးခေါင်းမှာ လက်ချောင်းငါးချောင်း၏မြဲမြံစွာ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရလေသည်။

"နတ်ဆိုးတစ်ထောင်ချုပ်နှောင်ဓားအစီအရင်"

သူ၏ဦးခေါင်းထက်မှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားလိုက်ရသဖြင့် ယီတောက်ဟုန်သည် ခဏတာ ရုန်းမထွက်နိုင်ဘဲ အော်ဟစ်လိုက်၏။ ချက်ချင်းဆိုသလိုပင် တဖျတ်ဖျတ်တောက်ပနေသော ရွှေရောင်အလင်းတန်းများသည် လူငယ်လေးအား လွှမ်းခြုံသွားလေသည်။

အလင်းတန်း တစ်ခုချင်းစီတွင် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ဖြတ်တောက်နိုင်သော စူးရှမှုများ ပါရှိနေ၏။

၎င်းတို့သည် တစ်ခုနှင့်တစ်ခု ယှက်နွယ်နေကြသည်။ ရှန်းယီကို အထဲ၌ပိတ်လှောင်လိုက်ပြီးနောက် တပြိုင်နက်တည်း အောက်သို့ ခုတ်ပိုင်းချလိုက်လေတော့သည်။ သို့သော် ထိုအရာအားလုံးသည် အနည်းငယ်လှုပ်ခတ်နေသော ရွှေရောင်သင်္ကေတများပါသည့် အနက်ရောင်ဝတ်ရုံပေါ်၌သာ ပျောက်ကွယ်သွားခဲ့၏။

ရှန်းယီသည် သူ၏လက်ဝါးထဲမှ အဘိုးအိုကို ကြည့်လိုက်သည်။ သူ၏နက်မှောင်သော မျက်လုံးများသည် ပိုမိုနက်ရှိုင်းလာပြီး စကားတစ်ခွန်းကို ညင်သာစွာ ပြောလိုက်လေသည်။

"ပိုင်းဖြတ်လိုက်"

တစ်ချိန်တည်းမှာပင် မှောင်မိုက်နေသော ကောင်းကင်ယံ၌မရပ်မနားသော မိုးကြိုးသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အစိမ်းရောင်နှင့် အနီရောင်တို့မှာ ပြန့်ကားသွား၏။ တိမ်တိုက်များထဲမှ စွမ်းအင်ဓားတစ်လက် ပေါ်ထွက်လာပြီး ဖြောင့်စူးသော ဓားသွားကိုလျှစ်ဟပြလိုက်သည်။

ဆိုးယုတ်ခြင်းအငွေ့အသက်များ ပါဝင်သော အနက်ရောင်မိုးကြိုးများသည် ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ လှိမ့်ဆင်းလာ၏။

၎င်းသည်လျင်မြန်စွာပင် အောက်သို့ ထိုးဆင်းသွားပြီး ယီတောက်ဟုန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။ လေပြင်းများ ငြိမ်သက်သွားပြီး မိုးကြိုးသံများ ပျောက်ကွယ်သွားသည့်အခါ ရှန်းယီသည် သူ၏လက်ကို ဖြန့်လိုက်သည်။

အနက်ရောင်ဝတ်ရုံများစုတ်ပြတ်နေသော အဘိုးအိုမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်အလင်းစက်များအဖြစ် တဖြည်းဖြည်းပြောင်းလဲကာ လေထဲ၌ ကွယ်ပျောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ဝိညာဉ်စွမ်းအင်များ ရုတ်တရက်ထူထပ်လာခြင်းကြောင့် လူတိုင်းမှာ မှင်တက်သွားခဲ့၏။ ရှန်းယီသည် သူ၏လက်ချောင်းထိပ်မှ ခြောက်သွေ့နေသော သွေးစွန်းကွက်များကို ပွတ်တိုက် ဖယ်ရှားလိုက်ပြီး ချင်းဟွာကို မော့ကြည့်ကာ ပြောလိုက်လေသည်။

"တစ်ယောက်မှ မချန်ထားနဲ့"

နောက်တစ်ခဏ၌ခမ်းနားသော ဓမ္မကိုယ်ထည်မှာ မြေပြင်ဆီသို့ ရုတ်တရက် ထိုးဆင်းသွားသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ယိုဝေလှံနှင့် ရွှေနဂါးတို့သည် ရွှမ်ကွမ်းဂူကျင့်ကြံသူများ၏ အသက်ကို ရက်စက်စွာ စတင် ရိတ်သိမ်းလေတော့သည်။

လွတ်မြောက်ရန် ကြိုးစားသူ အနည်းငယ်မှာလည်း ၆ ပေမြင့်သော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ ရိုက်နှက်မှုကို ခံလိုက်ရသည်။

"သတ်ကြ အကုန်သတ်ကြ တစ်ယောက်မှ မချန်နဲ့"

သိုင်းဘုံကျောင်း၏ဘိုးဘေးမှာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ရင်ဘတ်ကို ထုရိုက်ရင်း ကျင့်ကြံသူတစ်ဦးနောက်သို့ လိုက်ကာ သူ၏လက်သီးများကို မိုးသက်မုန်တိုင်းကဲ့သို့ ရွာချလေတော့သည်။

"..."

ရွှီမိသားစုဝင်များသည် အစောပိုင်းက စိတ်လှုပ်ရှားမှုများ ပျောက်ဆုံးသွားပြီး ကောင်းကင်ယံကိုကြောင်စီစီဖြင့်သာ ငေးကြည့်နေကြ၏။ သူတို့ အပြင်လောကသို့ မထွက်လာဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့ ကမ္ဘာပျက်မတတ်တိုက်ခိုက်မှုများကို သူတို့ စာအုပ်ထဲ၌သာ ဖတ်ဖူးကြလေသည်။ ခဏတာမျှ သူတို့သည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။

ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို အသုံးပြုခဲ့သူမှာ အစောပိုင်းက ရွှီမိသားစု၏အိမ်ရှေ့တွင် ယဉ်ကျေးသိမ်မွေ့စွာရပ်နေခဲ့သော လူငယ်လေးပင်။

အဘွားအိုသည် လူအုပ်၏အရှေ့ဆုံး၌ ရပ်နေ၏။ သူမသည် ရှန်းယီကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေမိသည်။ လူငယ်လေး၏ ဂုဏ်ယူဝင့်ကြွားသော စကားများသည် တကယ်တမ်း၌ သူ၏စွမ်းဆောင်ရည်ထက်များစွာ လျော့နည်းနေသည်ဟု သူမ တွေးတောမိရန် ခက်ခဲနေလေသည်။

ဤကဲ့သို့ အစွမ်းမျိုးနှင့်ဆိုလျှင် တစ်ဖက်လူက မည်သူဖြစ်သည်ကို သိရန် အပြင်လောကသို့ ထွက်နေရန်ပင် မလိုအပ်ပေ။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှ မြင်တွေ့လိုက်ရုံဖြင့် ရွှီမိသားစုက ပုန်းအောင်းနေလျှင်ပင် ရှန်းယီဟူသော အမည်ကို သိရှိသွားကြမည်။

အဘွားအို နားမလည်နိုင်သည့် တစ်ခုတည်းသော အချက်မှာ ဤမျှစွမ်းအားကြီးသော ပုဂ္ဂိုလ်က အဘယ်ကြောင့် ရွှီမိသားစုထံတွင် ခိုလှုံခွင့် တောင်းခဲ့သနည်း ဆိုသည့် အချက်ပင်။

၎င်းသည် ရွှီမိသားစုကို ထွက်ပေါက်တစ်ခု ပေးရန် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းများ ဖြစ်နေပါသည်လော။ သူမသည် သူမ၏မျိုးနွယ်စုဝင်များ၏ ရိုးသားမှုကို ကြည့်ရင်း သူမ၏ခေါင်းပေါ်ရှိ အစီအရင်ကို ဖျက်သိမ်းရန် လက်ဝှေ့ယမ်းလိုက်သည်။

ရှန်းယီသည် ကောင်းကင်ယံ၌ရှိနေသရွေ့ ဤလောကတွင် ရွှီမိသားစုအတွက် နေရာတစ်ခု အမြဲရှိနေမည်။

ချက်ချင်းဆိုသလိုပင် မိုးကုတ်စက်ဝိုင်းမှ ပုံရိပ်နှစ်ခုမှာအပြိုင်အဆိုင် ရောက်ရှိလာသည်။ အားချင်းသည် သူမဖခင်၏ရင်ခွင်ထဲသို့ တဟုန်ထိုးတိုးဝင်လိုက်ပြီး နောက်ဆုံး၌မျက်ရည်များကို မထိန်းနိုင်တော့ပေ။

"ချင်းအာ အမှားကို သိပါပြီ"

ရွှီဟုန်တဲသည် ကောင်းကင်ယံမှ သူ၏အကြည့်ကို ခဲယဉ်းစွာ လွှဲလိုက်ပြီး အားချင်း၏ခေါင်းကို ပုတ်ပေးကာ ပြောလိုက်၏။

"သမီးမှာ အမှားမရှိပါဘူး။ သမီးက ရွှီမိသားစုအတွက် ကြီးမားတဲ့အားကိုးရာတစ်ခုကို ရှာပေးခဲ့တာပါ"

ရှန်းယီက ယီတောက်ဟုန်ကို သတ်ဖြတ်လိုက်သည့် လုပ်ရပ်မှာ လူတိုင်း၏နှလုံးသားထဲ၌ မမေ့နိုင်သော အမှတ်အသားတစ်ခု ချန်ထားခဲ့သည်မှာ ထင်ရှားလှသည်။ ထိုအထဲတွင် မြောင်ချင်းဟွေ့လည်း ပါဝင်ပေသည်။

"..."

သူမသည် လျှို့ဝှက်ဆန်းကြယ်သော စေတီတော်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သူမရှေ့မှ လူငယ်လေးကို စိုက်ကြည့်နေမိသည်။ သူမသည် အံ့အားသင့်လွန်းသဖြင့် အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေရ၏။

သူမ ဒေါသထွက်ချင်သော်လည်း ဒေါသထွက်ရန်ပင် မစွမ်းသာချေ။

တစ်ဖက်လူသည် ဝူထုံတောင်၏ မျက်နှာကို အနည်းငယ်မျှထည့်မတွက်ဘဲ နတ်ဘုရားစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ရန်စလိုသည့် အရိပ်အယောင်များလည်း အလွန်ပင် ပြင်းထန်နေသည်။

သို့သော် ပြဿနာမှာ ထိုကိစ္စကို ကိုင်တွယ်ပုံမှာ အလွန်ပင်ပြတ်သားပြီး အံ့သြဖွယ်ကောင်းလွန်းနေခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှု၏ကျွမ်းကျင်မှုမှာ သူမအား နီကျွင်းကိုမတွေးဘဲ မနေနိုင်အောင် ဖြစ်စေ၏။ ထိုတိုက်ကွက်သည်ပင် ရှန်းရှောင်မူလမိုးကြိုးဓား နည်းစနစ်နှင့် ဆင်တူနေပြီး ရက်စက်ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ပေါင်းစပ်ထားရာ ဤကဲ့သို့ တိုက်ဆိုင်မှုမျိုးကို ကမ္ဘာပေါ်၌ မကြားဖူးပေ။

တစ်ခုတည်းသော ကွာခြားချက်မှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ နီကျွင်းထက်များစွာ လျော့နည်းနေခြင်းပင်။

အကယ်၍ ယီတောက်ဟုန်က တိုက်ခိုက်မည့်အစား ကာကွယ်ရန် ဂါထာမန္တန်များကိုသာ အသုံးပြုခဲ့မည်ဆိုပါက ဤသေစေနိုင်သော ဓားတိုက်ခိုက်မှုသည် သူ့ကို ချက်ချင်း သတ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ရှန်းယီက အကာအကွယ်ကို လျှို့ဝှက်ဆန်းကြယ်စွာပျက်စီးသွားအောင် ပြုလုပ်ခဲ့ပုံမှာလည်း သူ၏စွမ်းရည်တစ်ခုပင်။

၎င်းသည် တကယ်ပင် အံ့သြဖွယ် ကောင်းလှ၏။ ဝူထုံတောင်၏ အပြင်ဘက်တွင်လည်း ဆုံးမရှိသော အဆင့်သို့ တက်လှမ်းနိုင်မည့် အရည်အချင်းရှိသော ကျင့်ကြံသူများ ရှိနေနိုင်ပါသည်လော။ ထိုအတွေးမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

ထို့ကြောင့်ပင် မြောင်ချင်းဟွေ့သည် ရွှမ်ကွမ်းဂူ ကျင့်ကြံသူများ၏ နာကျင်စွာ အော်ဟစ်သံများကို မသိစိတ်မှ လျစ်လျူရှုမိသွားခြင်း ဖြစ်သည်။

သူမ မမျှော်လင့်ထားသည့် အချက်မှာ လူငယ်လေးက အရင် စတင်စကားပြောလာခြင်းပင်။

"တခြားကိစ္စမရှိတော့ရင် ခင်ဗျား ပြန်လို့ရပါပြီ။ လိုက်ပို့ပေးဖို့ မလိုတော့ဘူး"

ရှန်းယီသည် အေးအေးဆေးဆေးပင် လှည့်ထွက်သွား၏။ သူသည် ဝူထုံတောင်အပေါ် ဆိုးဝါးသောစိတ်ခံစားချက် မရှိပေ။ သူတို့သည် ရှုပ်ထွေးအောင် လုပ်ရသည်ကို နှစ်သက်သော ဂုဏ်မောက်သည့် ကျင့်ကြံသူတစ်စုသာ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်စဉ်ကသော်လည်းကောင်း၊ ယိုဝေလှံကို အသုံးပြုစဉ်ကသော်လည်းကောင်း ဝူထုံတောင်ထံမှ အကာအကွယ် အများအပြား ရရှိခဲ့ဖူးသည်။

ဤလူများ၏စရိုက် သို့မဟုတ် ရည်ရွယ်ချက်မှာ မည်သို့ပင်ရှိစေကာမူ သူတို့၏လုပ်ရပ်များသည် နတ်ဆိုးတစ်ထောင်ဂူကို အမှန်တကယ်ပင် ဆန့်ကျင်နေကြခြင်း ဖြစ်သည်။ အမှန်တကယ်တော့ ဆိုးဝါးသောအမြင်မရှိခြင်းမှာ မိမိကိုယ်ကို အနေရခက်အောင်ပြုမူတတ်သည့် ထိုကျင့်ကြံသူများနှင့် ဆက်ဆံရသည်ကို နှစ်သက်သည်ဟု မဆိုလိုပေ။

"ဟူး"

မြောင်ချင်းဟွေ့သည် ခေါင်းခါလိုက်မိ၏။ လေးစားသမှုပါရှိသော စကားများကိုသာ နားထောင်နေကြဖြစ်သဖြင့် ဤကဲ့သို့ သာမန်ပြောဆိုမှုကို ကြားရခြင်းမှာ သူမ၏ နားထဲ၌ ကသိကအောက် ဖြစ်စေသည်။

သို့သော် ထူးခြားသောပါရမီရှိသူများအတွက်မူ လူတိုင်းက ပိုမိုသည်းခံတတ်ကြပေသည်။

"ဒီမဟာမိတ်ကတော့ နောက်ဆို အသုံးမဝင်တော့ဘူး"

သူမသည် အပြစ်တင်သည့် လေသံမျိုး မဟုတ်ဘဲ အားကိုးရာမဲ့သည့် ခံစားချက်ဖြင့် ရေရွတ်လိုက်မိ၏။ သူမသည် ရွှမ်ကွမ်းဂူနှင့် မဟာချန်တို့ ထိပ်တိုက်တွေ့မည့် မြင်ကွင်းကိုကြိုတင် မြင်ယောင်နေပုံရသည်။

"နောက်တစ်ကြိမ် ပြဿနာတက်ရင် ဝူထုံန်တောင်က ဝင်မပါတော့ဘူး"

မြောင်ချင်းဟွေ့သည် ဤကိစ္စကို ခြိမ်းခြောက်မှုအဖြစ်အသုံးပြုရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အစောတည်းက ရှင်းလင်းအောင် ပြောပြလိုခြင်းသာ ဖြစ်သည်။ သို့သော် လူငယ်လေး၏ဂရုမစိုက်သော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ သူမသည် သူ့ကို စိုက်ကြည့်လိုက်မိ၏။

"ခင်ဗျားသဘောအတိုင်းပဲ"

ရှန်းယီသည် လူအုပ်ထဲသို့ ဝင်ရောက်သွားပြီး လက်ကိုမြှောက်ပြကာ အနောက်သို့ ပြန်မကြည့်ဘဲ မဟာချန်ကန်ရှိရာ အရပ်သို့ ဦးတည်လိုက်လေသည်။ ဝတ်ရုံ၏အကာအကွယ်ကြောင့် သူသည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို သူ၏ဘေး၌ အမြဲတမ်း ထားရှိရန် မလိုအပ်တော့ပေ။ သူသည် လူအုပ်၏ အလယ်ဗဟိုနှင့် ပိုမိုနီးကပ်သော နေရာကို ရွေးချယ်နိုင်ခဲ့သည်။

ဆက်သွယ်ရေးကျောက်စိမ်းပြားနှင့် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏လက်ရှိ အင်အားတို့ဖြင့်ဆိုလျှင် နတ်ဆိုးတစ်ထောင်ဂူသို့ သွားရောက်ခြင်း သို့မဟုတ် မဟာချန်သို့ ပြန်ခြင်းတို့ကို ခဏချင်းအတွင်း လုပ်ဆောင်နိုင်မည်။

ထိုခမ်းနားသော အနက်ရောင်ဝတ်ရုံပုံရိပ်၏ အနောက်တွင် မဟာချန်မှ လူများနှင့် ရွှီမိသားစုဝင်များမှာ တိတ်ဆိတ်စွာ လိုက်ပါသွားကြ၏။

သိုင်းဘုံကျောင်း၏ဘိုးဘေးနှင့် ချင်းဟွာတို့သည် အလောင်းပေါင်းရှစ်လောင်းကို သယ်ဆောင်လာကြပြီး သူတို့၏ကြီးမားသော ပုံရိပ်များသည် ကောင်းကင်ကို ဖုံးလွှမ်းထားလေသည်။

တောက်ပသော ရွှေရောင်အလင်းတန်းများသည် လူတိုင်းအပေါ်၌ မဖောက်ထွင်းနိုင်သော အကာအကွယ်တစ်ခုကဲ့သို့ လင်းလက်နေ၏။

"ညီလေးရှန်း"

ကျူးကျွယ်သည် ရှန်းယီ၏ဘေး၌ မျောလွင့်လိုက်ပါလာပြီး လေးစားအားကျမှုများဖြင့် ပြည့်နှက်နေကာ ချီးကျူးစကားများ ပြောဆိုလိုနေသည်။ သို့သော် တစ်ဖက်လူ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်သည်ကို သတိပြုမိလိုက်၏။

သူသည် အပြုံးကို ဖျောက်လိုက်ပြီး မေးလိုက်လေသည်။

"တခြား ကိစ္စရှိသေးလို့လား"

ရှန်းယီသည် သူ၏ကော်လာကို တင်းသွားအောင်ဆွဲလိုက်ပြီး သူ၏မျက်လုံးများသည် ရှေးဟောင်းရေတွင်းကဲ့သို့ တည်ငြိမ်နေကာ ပြောလိုက်သည်။

"ကိုယ်ရေးကိုယ်တာ ကိစ္စလေး နည်းနည်း ရှိလို့ပါ"

All Chapters