တိတ်ဆိတ်ငြိမ်သက်လွန်းသည်
Vol. 16 Ch. 247
“ရှန်းယောင်” သူမ ရှေ့တွင် ရှန်းယောင်သည် တစ်ဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များဖြင့် ဝန်းရံခံထားရသည်။ ကောင်းကင်ယံသို့ တက်လာသော မီးတောက်များသည် ကျီကျောက်၏ မျက်လုံးများကို စူးစူးဝါးဝါး ထိခိုက်စေသည်။
“မဟုတ်ဘူး”
“အဲ့လို မဟုတ်ဘူး”
သူမ စူးစူးစိုက်စိုက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ကာ ရှန်းယောင်က ဘာဖြစ်လို့ တစ်ခုခု ဖြစ်သွားရတာလဲ။
တစ်ခုခုတော့ မူမမှန်ဘူး။
မဖြစ်နိုင်ဘူး။
“အာ့ထောင်... အာ့ထောင်...” ညသန်းခေါင်ယံတွင် ရှန်းယောင်သည် ကျီကျောက်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရပြီး ချက်ချင်း နိုးလာခဲ့သည်။
သူ့ဘေးနားက မိန်းကလေးက မျက်လုံးတွေကို မှိတ်ထားပြီး ချွေးစီးတွေ စီးကျနေတယ်။ သူမကို ကြည့်ရတာ တစ်ခုခု မှားနေသလိုဘဲ။
“အာ့ထောင်” ကျီကျောက် စိတ်ပျက် အားငယ်နေသည့် အခိုက်အတန့်တွင် ရှန်းယောင်သည် သူမ၏ အသိစိတ်ကို အောင်မြင်စွာ ဆုတ်ကိုင်နိုင်ခဲ့သည်။ ”အာ့ထောင် မင်း နိုးလာပြီလား”
ကျီကျောက်သည် ရင်နာစွာဖြင့် နိုးထလာခဲ့သည်။
“ရှန်းယောင်... မီး... မီးအရမ်းကြီးနေပြီ။”
ပြတင်းပေါက်ကနေ တဆင့် ခြံထဲမှာ မီးတောက်တွေက ကောင်းကင်ယံထိတောင် တက်လာတာကို မြင်နေရတုန်းဘဲ။
“မကြောက်နဲ့” ရှန်းယောင်သည် သူမ၏ နဖူးမှ ချွေးများကို ဦးစွာ သုတ်ပေးလိုက်ပြီး သူကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မီးဖိုချောင်ဖက်သို့ လျှောက်သွားခဲ့သည်။
“အစ်ကိုချင်ယုံတို့က မနေ့ကတင် လျှို့ဝှက်လမ်းကို ဖောက်ပေးပြီးသွားပြီ။” ရှန်းယောင်သည် ဆန်အိုးကို အလွယ်တကူ ရွေ့ကာ သစ်သားဖုံးကို မြှောက်လိုက်သည်။ ”အာ့ထောင် မင်းအရင် ဝင်သွားလိုက်။”
“ကောင်းပြီ” ကျီကျောက်သည် အံတင်းတင်းကြိတ်ကာ အပေါက်ထဲသို့ ဖြေးညှင်းစွာ ဝင်သွားခဲ့သည်။ ”အာ့ယောင် ရှင် မြန်မြန်ဆင်းလာခဲ့”
“အာ့ထောင် ကိုယ့်မှာ ယူစရာတွေ ရှိသေးတယ်။ မြေကမ္ဘာဘုရားကျောင်းကို အရင်သွားပြီး ကိုယ့်ကို စောင့်နေ။”
ကျီကျောက်၏ အဖြေကို မစောင့်ဘဲ ရှန်းယောင်က သစ်သားဖုံးကို ပြန်ပိတ်လိုက်သည်။
“ရှန်းယောင်... ရှန်းယောင်”
ယခုအချိန်တွင် ရှန်းမိသားစု၏ အိမ်ခြံဝင်းတစ်ခုလုံး မီးလောင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ချင်ယုံတို့သည် ရက်စက်ကြမ်းကြုတ်သော မီးရှို့သူ အုပ်စုနဲ့ ပြင်းထန်စွာ တိုက်ပွဲဝင်နေခဲ့သည်။
“အစ်ကိုကြီး တစ်ဖက်လူက လူပိုများတယ်။ သူတို့က လူအရေအတွက် ပိုအားသာတယ်။ ကျွန်တော်တို့တွေ နောက်ပြန် ဆုတ်ကြရအောင်။” ချင်မိသားစု၏ အစောင့် တစ်ယောက်မှ သူ၏ သွေးထွက်နေသော ဒဏ်ရာကို အုပ်ကိုင်ကာ စိုးရိမ်တကြီး အော်လိုက်သည်။ “ကျွန်တော်တို့ အခု ပြန်မဆုတ်ရင် ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ အသက်ဆုံးရှုံးနိုင်တယ်။”
ဒီလို ရက်စက်တဲ့ လူတစ်စုကို ဆွဲဆောင်ဖို့ ရှန်းမိသားစုက ဘယ်သူ့ကို စော်ကားခဲ့လဲ ဆိုတာကို သူတို့မသိဘူး။
“မဖြစ်ဘူး” ချင်ယုံသည် သူ့လက်ထဲရှိ ဓားကြီးကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ပြီး ဇွတ်အတင်း ဝင်တိုက်ခိုက်သည်။
သူ့ညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရသွားတာကို မြင်တော့ ချင်ယုံက ပိုပိုပြီး စိုးရိမ်လာခဲ့သည်။
“ညီလေး”
ဘန်း...
သူ့ညီအစ်ကို တစ်ဦးကို မီးရှို့တဲ့ ရာဇဝတ်ကောင် တစ်ဦးက ရင်ဘက်ကို ဓားနဲ့ ထိုးလိုက်သည်။
ချင်ယုံသည်လည်း အရှေ့ကော အနောက်ပါ ညှပ်၍ တိုက်ခိုက်ခံနေရသည်။ ဓားရှည်က သူ့အနားကို ပို၍ နီးကပ်လာသည်ကို မြင်လိုက်ရတော့ သူ့နှလုံးသားလည်း ကြောက်စိတ်မမွန်ဘဲ မနေနိုင်တော့ပေ။
သို့သော် မျှော်လင့်ထားသည့် နာကျင်မှုက သူ့ထံသို့ မရောက်လာခဲ့ပါ။
အမှောင်ထုထဲတွင် အဖြူရောင် ရုပ်သွင်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။ သူ့လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ လယ်ထဲသို့ ခုန်ဝင်လာပြီး ချင်ယုံ၏ နဖူးကို ထိုးဖောက်တော့မည့် ဓားကို အလွယ်တကူ ပက်ထုတ်ပစ်လိုက်သည်။
“တတိယသခင်လေးရှန်း” သူ ဘယ်သူလဲဆိုတာကို မြင်ပြီးနောက် ချင်ယုံ၏ မျက်လုံးတွေက ထိတ်လန့်မှု့ အပြည့်ရှိသွား၏။
နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိတဲ့ တတိယသခင်လေးရှန်းသည် ကိုယ်ခံပညာကို သိနေလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
ပို၍ပင် အံ့သြစေမိသည်မှာ တတိယသခင်လေးရှန်းသည် လူဆိုး ( ၁၀ ) ယောက်ကို တစ်ယောက်ထဲ လွယ်လွယ်ကူကူ အနိုင်ယူပြီး ၎င်းတို့ကို လျှင်မြန်စွာ နှိမ်နင်းနိုင်ခဲ့ခြင်းပင်။
“သူတို့ကို အသက်ချမ်းသာပေးထားလိုက်တယ်” ရှန်းယောင်သည် သူ့အကျီလက်ထဲမှ လက်ကိုင်ပုဝါကို ဖြေးညှင်းစွာ ထုတ်ယူကာ ဓားမှ သွေးများကို သုတ်ပြီး ချင်ယုံကို လှည့်ကြည့်ကာ ကျေးဇူးတင်သည့် အပြုံးဖြင့် ပြောလာခဲ့သည်။
“အစ်ကိုချင်၊ ဒီလူတွေကို ကျေးဇူးပြုပြီး ပြန်ခေါ်သွားပြီး ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါ။ သူတို့ဆီကနေ အသုံးဝင်တဲ့ အချက်အလက် တစ်ချို့ကို ရနိုင်ရင်တော့ အကောင်းဆုံးဘဲ။”
“ကောင်းပါပြီ” ချင်ယုံက ချက်ချင်းဆိုသလို ခေါင်းညိမ့်လိုက်သည်။ ”စိတ်ချပါ တတိယသခင်လေး”
ရှန်းမိသားစု၏ အိမ်ခြံဝင်းထဲရှိ မီးသည် ပို၍ ကြီးမားလာနှင့်အမျှ ရှန်းဟယ်ကျေးရွာမှ ရွာသူရွာသားများသည်လည်း နိုးလာခဲ့ကြသည်။
ရွာလူကြီး ရှန်းမုန့်ဟူက ရွာမှာရှိတဲ့ သန်မာသော လူငယ်များအား မီးငြိမ်းသတ်ရန် အတွက် ရေသယ်ရန် အမိန့်ပေးခဲ့သည်။
မိုးလင်းတဲ့အထိ မီးက လုံးဝ မငြိမ်းသွားခဲ့ဘူး။
“ရွာလူကြီး ဒီလောက်ကြီးတဲ့ မီးနဲ့ဆိုရင် တာ့ရှန်းနဲ့ တခြားသူတွေ.....”လူအုပ်ထဲက တစ်ယောက်ယောက်က မမေးဘဲ မနေနိုင်ခဲ့ပေ။
“မဖြစ်နိုင်လောက်ဘူးမလား။”
“တစ်မိသားစုလုံး မီးလောင်ပြီး သေသွားတာ ဖြစ်နိုင်လား။”
“ဒါက၊ ဒါက၊ ဒါက.... ဒါက ဖြစ်နိုင်လောက်လား...”
“တာ့ရှန်းတို့ မိသားစုက ဘာဖြစ်လို့ ရုတ်တရက် မီးထလောင်ရတာလဲ။”
ရွာသားများသည် ရှန်းမိသားစု၏ အိမ်ခြံဝင်း အပြင်ဘက်တွင် စုဝေးကာ တီးတိုးပြောရင်း ဆွေးနွေးနေချိန်တွင် ကျီကျောက်သည် လျှို့ဝှက်လမ်းကြောင်းမှ တဆင့် မြေကမ္ဘာဘုရားကျောင်းသို့ ရောက်ရှိသွားခဲ့သည်။ ကျီကျောက်သည် မြေကမ္ဘာဘုရားကျောင်းမှ ဘုရား၏ ရုပ်ထုရှေ့တွင် ရိုသေစွာ ဒူးထောက်ပြီး ဆုတောင်းခဲ့သည်။
နောက်ဆုံးတွင် ရင်းနှီးသော ခြေသံကို သူမ ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်တော့ ရှန်းယောင်၏ အပြုံးမျက်နှာကို တွေ့လိုက်ရသည်။
“အာ့ထောင် မကြောက်ပါနဲ့” ရှန်းယောင်သည် သူမထံသို့ ခပ်မြန်မြန် လှမ်းလာကာ သူမကို တင်းတင်းကြပ်ကြပ် ဖတ်ထားပေးကာ ညင်သာစွာ နှိမ့်သိမ့်ပေးလိုက်သည်။ ”ကိုယ်တို့ ဒီဘေးအန္တရာယ်ကို ဘေးကင်းစွာနဲ့ လွတ်မြောက်နိုင်ခဲ့ပြီ။”
ထိုအချိန်တွင် ကျီကျောက်၏ မျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
“ရွာလူကြီးက မီးငြိမ်းသတ်ဖို့ လူခေါ်လာတယ်။ ဘယ်သူမှ ဒဏ်ရာ မရခဲ့ဘူး။” ရှန်းယောင်သည် သူမ၏ ပခုံးကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး သူမ၏ အေးစက်နေသော လက်ဖဝါးကိုလည်း တင်းကြပ်စွာ ကိုင်ထားပေးသည်။ သူ၏ လေသံက ပို၍ပင် နူးညံ့လာခဲ့သည်။ “အဆင်ပြေသွားပြီ။”
ဒါကိုကြားတော့ ကျီကျောက်က အားတက်သရော ခေါင်းငြိမ့်လိုက်သည်။
သူမ ခေါင်းကိုလှည့်ကာ ရှန်းယောင်၏ ရင်ခွင်ထဲ မှေးမှီရင်း အထိန်းအကွတ်မဲ့စွာ ငိုကြွေးလေတော့သည်။
( ၁၅ ) မိနစ်လောက် ကြာတော့ တဖြည်းဖြည်း စိတ်ငြိမ်လာခဲ့သည်။
ရှန်းမိသားစု အိမ်ခြံဝင်း မီးလောင်သွားခဲ့သည့် အိပ်မက်ဆိုး စတင်မြင်မက်လာရကတည်းက ကျီကျောက်က စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။ သူမကို ပို၍ အားကိုးမဲ့စေခဲ့သော အရာမှာ ရှန်းယောင်ကို သူမ အိပ်မက် အသေးစိတ်များကို မပြောပြနိုင်သောကြောင့် သူမသည် အိပ်မက်ဆိုးမှ ရှောင်တိမ်းရန် နည်းလမ်းကို တွေးတောနိုင်ဖို့ မိမိကိုယ်ကို အားကိုးနေရခြင်းသာ ဖြစ်ပေသည်။
ကံကောင်းထောက်မှစွာဖြင့် သူမသည် အဆုံးတွင် အောင်မြင်ခဲ့သည်။
“အာ့ယောင် မီးရှို့တဲ့သူကို ဖမ်းမိပြီလား။”
စိတ်ငြိမ်သွားသော ကျီကျောက်သည် ရှန်းယောင်၏ ရင်ခွင်ထဲမှာ မှေးမှီရင်း သူ့ခန္ဓာကိုယ်မှ သွေးနံ့ကို ရုတ်တရက် ရလိုက်သည်။ ကျီကျောက်က စိုးရိမ်တကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ “ရှင် ဒဏ်ရာရသွားလား”
သံချေးကဲ့သို့ သွေးနံ့က သူမကို စိတ်မသက်မသာဖြစ်စေသည်။
“ဟင့်အင်း” ရှန်းယောင်က ခေါင်းကို ငြင်သာစွာ ခါလိုက်သည်။ ”ဒါ ကိုယ့်သွေး မဟုတ်ဘူး။”
“အဲ့ဒီလူ အုပ်စုကို ချင်ယုံက ခေါ်သွားခဲ့ပြီ။” ရှန်းယောင်က သူမ၏ ပါးကို လှမ်းကိုင်ပြီး တိုးတိုးလေး ပြောလိုက်သည်။ ”အိမ်ကို အရင်ပြန်ရအောင်။ ပြီးရင် ခရိုင်မြို့ကို သွားကြမယ်။”
“ကောင်းပြီလေ။”
မနက်မိုးလင်းခါနီး အချိန်တွင် ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့သည် ရှန်းမိသားစု အိမ်ခြံဝင်းဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်။
မူလက ခမ်းနားထည်ဝါသော အပြာရောင်အုတ်နှင့် အုတ်ကြွပ်မိုးအိမ်သည် မီးလောင်မှုကြောင့် ပြိုပျက်သွားခဲ့သည်။
“ဘယ်ကောင်က မီးရှို့လိုက်တာလဲ” ရှန်းတာ့ရှန်၏ မျက်လုံးများသည် ဒေါသစိတ်ကြောင့် နီရဲလာပြီး ခြေထောက်ကို စောင့်နင်းကာ ဟိန်းဟောက်လိုက်သည်။
“တာ့ရှန်၊ လန်ဟွာ၊ နင်တို့ အသက်ရှင်နေသေးတာလား။”
ဒေါ်လေးကွေ့ဟွားသည် ရှေ့သို့ အပြေးအလွှား ပြေးလာပြီး သူမသည် စိတ်လှုပ်ရှားစွာ မျက်ရည်များ စီးကျလာခဲ့သည်။
“ကောင်းတယ်။ နင်တို့ အသက်ရှင်နေသေးတာ ဒါက သတင်းကောင်းဘဲ။”
“တာ့ရှန်၊ မင်း မကြာသေးခင်က တစ်ယောက်ယောက်ကို စော်ကားခဲ့မိလား။”
“ဒါနဲ့ စကားမစပ်၊ မင်းရဲ့ ကလေးတွေ ဘယ်မှာလဲ။ သူတို့အားလုံး အဆင်ပြေရဲ့လား။”
ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့သည် လူတိုင်း၏ ရှေ့တွင် ဘေးကင်းစွာ ပေါ်လာသည်ကို ရွာသားများက မြင်သောအခါ စိတ်လှုပ်ရှားစွာ ဝန်းရံပြီး မေးခွန်းများ မရပ်မနား မေးခဲ့ကြသည်။
“ကောင်းပြီ၊ လူစုခွဲကြတော့” သူ၏ လမ်းလျှောက်တုတ်ကို မှီနေသော ရှန်းမုန့်ဟူသည် ကျောက်လန်ဟွာ၏ အမူအရာကို တစ်ချက်မျှ မရည်ရွယ်ဘဲ ဖမ်းလိုက်မိသည်။ သူက အတွေးများသွားပြီး မျက်မှောင်ကျုံ့ကာ ရွာသားများကို ”လူစုခွဲကြတော့“ ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကျွန်မတို့အိမ်ကို မီးငြိမ်းသတ်ပေးလို့ ရွာသူရွာသားများကို ကျေးဇူးတင်ပါတယ်။” ကျောက်လန်ဟွာသည် ဘေးနားရှိ ကျောက်တုံးတစ်ခုပေါ် ရုတ်တရက် တက်ကာ ပြောလိုက်သည်။ ”ရွာသူရွာသားများ အားလုံး ကျေးဇူးပါ။ ကျွန်မတို့ အိမ်ခြံဝင်းကို ပြန်လည် ပြုပြင်ပြီးရင် တာ့ရှန်းနဲ့ ကျွန်မ လူတိုင်းကို ကျေးဇူးတင်တဲ့အနေနဲ့ စားသောက်ပွဲတစ်ခု ကျင်းပပေးပါ့မယ်။”
( ၁ ) နာရီကြာပြီးနောက် ရှန်းမုန့်ဟူသည် ရှန်းမိသားစု အိမ်ခြံဝင်းသို့ ပြန်လာခဲ့သည်။
သူသည် စူးရှသော အကြည့်များဖြင့် တိတ်ဆိတ်နေသော ကျောက်လန်ဟွာကို ကြည့်လိုက်သည်။
“လန်ဟွာ ငါ့ကို ရိုးရိုးသားသား ပြောစမ်း။ ဒီမီးက ဘာဖြစ်တာလဲ။”
သာမန်လူတိုင်းသည် သူတို့၏ အိမ်မီးလောင်သွားသည်ကို မြင်ရလျှင် စိုးရိမ်ပူပန်ပြီး ထိတ်လန့်နေမည် ဖြစ်သော်လည်း ကျောက်လန်ဟွာ၏ အကြည့်တွေက တည်ငြိမ်လွန်းလှသည်။
***