ဓားအင်မော်တယ်ကို ဘယ်သူဆန့်ကျင်ရဲသလဲ
Vol. 20 Ch. 274
“လူသားကျင့်ကြံသူကို သတ်လိုက်မယ်ဆိုရင် အဲဒီစက်ရုပ်တွေ ရပ်သွားလိမ့်မယ်။ ဒါက ကျုပ်တို့အတွက် အလောင်းအစားပဲ။” သန္တာကျောက်နတ်ဆိုးသည် လျင်မြန်စွာ အော်ဟစ်လိုက်ပြီးနောက် ဂမ်ဒမ်၏ ခုတ်ချက်အား ရှောင်တိမ်းလိုက်ပြန်သည်။
“ကျုပ်က လျှို့ဝှက်နည်းစနစ်ကိုသုံးပြီး ဂမ်ဒမ်တွေကို ဖမ်းချုပ်ထားလိုက်မယ်။ ခင်ဗျားတို့က အဲဒါကို အခွင့်ကောင်းယူပြီး လူသားကျင့်ကြံသူကို သတ်လိုက်။” ဝေလငါးရှင်ကြီးသည် ထိုသို့ပြောရင်း သူ၏မျက်လုံးထဲရှိ ခရမ်းရောင်အလင်းမှာလည်း ပိုမိုကာ တောက်ပလာလေသည်။
ယင်း၏ခန္ဓာကိုယ်မှ သိသိသာသာ ကျယ်ပြန့်လာပြီး စွမ်းအားနှင့်အတူ အော်ရာသည်လည်း တိုးလာလေသည်။ ကြီးမားသည့် အနက်ရောင်မြူခိုးထုကြီးသည် ယင်း၏ ဦးခေါင်းထက်၌ မျောလွင့်လျက်ရှိပြီး လှိုင်းလုံးကြီးသဖွယ် ဖြစ်လို့နေသည်။
“အရှင်ကြီးနယ်ပယ်၊ အရှင်ကြီးမိစ္ဆာချုပ်နှောင်”
ဝေလငါးရှင်ကြီးသည် သူ၏ နယ်ပယ်အား ထုတ်ဖော်လိုက်သည့်အခါ အနက်ရောင်မြူခိုးများ စတင်သိပ်သည်းလာပြီး ချိန်းကြိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ဂမ်ဒမ်များထံသို့ ပျံသန်းသွားလေသည်။
ဂမ်ဒမ်တစ်ကောင်သည် ယင်း၏ အလင်းဓားကို အသုံးပြုကာဖြင့် ချိန်းကြိုးများအား ဖြတ်တောက်လိုက်ပြီး အခြားတစ်ကောင်မှာမူ လေဆာအမြှောက်ဖြင့် ချိန်းကြိုးများအား ဖောက်ခွဲပစ်လိုက်လေသည်။ သို့သာ်လည်း ထိုချိန်းကြိုးများမှာ အဆုံးသတ်သွားမည့်ဟန် မရှိဘဲ ပိုမိုများပြားလာကာ ဂမ်ဒမ်နှစ်ကောင်အား ချုပ်နှောင်ထားလိုက်လေသည်။
“အဆုံးမဲ့သမုဒ္ဒရာလှောင်အိမ်”
အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပြီးနောက် သံမဏိများနှင့်တူသော များပြားလှသည့် အမျှင်တန်းများသည် ဖျက်ဆီးမရနိုင်သည့် အဖြူရောင်လှိုင်းလုံးများအဖြစ် ပေလျန်ထံသို့ ဦးတည်သွားလေသည်။
များမကြာမီတွင် ပေလျန်သည် ဖျက်ဆီးမရနိုင်သည့် အမျှင်တန်းအထွေးထဲ၌ ပိတ်မိနေလေတော့သည်။ ထိုအထွေးထဲတွင် လျှပ်စီးကြောင်းများ အဆက်မပြတ် လင်းလက်နေသော်လည်း ဖောက်ဖျက်နိုင်စွမ်း မရှိချေ။
အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် ယင်း၏တောင်ပံများကို ဖြန့်ကားလိုက်ပြီးနောက် မြို့ရိုးထံသို့ ပြေးဝင်သွားလေသည်။
အင်ပါယာအဆင့် ပင်လယ်မိစ္ဆာ နှစ်ကောင်ဖြစ်သော အံ့ဖွယ်လေမိစ္ဆာဧကရာဇ်နှင့် သန္တာကျောက်နတ်ဆိုးတို့သည် အန်လင်းအား အဆက်မပြက် တိုက်ခိုက်ကြလေသည်။
ဤအခွင့်အရေးအား အမိအရယူကာဖြင့် ထိုလူသားကျင့်ကြံသူအား သုတ်သင်နိုင်မည်ဆိုလျှင် တိုက်ပွဲပြီးဆုံးသွားပေလိမ့်မည်။
ပုလဲစစ်သည်များ၏ တိုက်ခိုက်မှုများမှာမူ ပဲစေ့နှင့် ပေါက်နေသကဲ့သို့သာ ဖြစ်လေသည်။ အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ ငွေရောင်တောင်ပံများသည် ဓားပူပူတစ်လက်နှင့် ထောပတ်ခဲအား လှီးဖြတ်သကဲ့သို့ မြို့ရိုးပေါ်ရှိ မြို့ကာကွယ်ရေး အစီအရင်အား ဖြဲဆုတ်လိုက်လေသည်။
“သေပေတော့” သန္တာကျောက်နတ်ဆိုးသည် အစိမ်းရောင်အဆိပ်မြူခိုးများ ထုတ်လွှတ်လိုက်ပြီး ကြီးမားသည့် အစိမ်းရောင် အရိုးခေါင်းကြီး ဖြစ်ပေါ်လာသည်။ ယင်း အရိုးခေါင်းကြီးသည် လိုဏ်ခေါင်းသဖွယ် ပါးစပ်ကြီးအား ဖွင့်ဟကာဖြင့် တရားထိုင်နေသည့် အန်လင်းအား ဝါးမျိုလေသည်။
ရှောင်ချိုးနှင့် တပိုင်သည် ချက်ချင်းဆိုသလို အန်လင်း၏အရှေ့တွင် ထွက်ပေါ်လာပြီး မဟူရာမီးတောက်ပင်လယ်နှင့် လေဓားသွားတို့ ပေါင်းစပ်ကာဖြင့် အစိမ်းရောင် အရိုးခေါင်းအား တိုက်ခိုက်လိုက်ကြသည်။
ဘုန်း
ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုသည် အစိမ်းရောင်ဦးခေါင်းခွံအား အစိမ်းရောင်မြူခိုးများ အဖြစ်သို့ ပြိုကွဲသွားစေသည်။
ရှောင်ချိုးသည် အဇူရာတိုက်ပွဲဝင်အာဟက်မျက်နှာဖုံးအား တပ်ဆင်ထားပြီး သူ၏အော်ရာမှာ ပိုမိုစွမ်းအားကြီးလာကာ သန္တာကျောက်နတ်ဆိုး၏ လမ်းကြောင်းတွင် ရပ်နေလေသည်။
သို့သော်လည်း အံ့ဖွယ်လေမိစ္ဆာဧကရာဇ်မှာ သူတို့၏အထက်တွင် ရောက်ရှိနှင့်ပြီး ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့် ပင်လယ်မိစ္ဆာ၏ စွမ်းအားပြည့်တိုက်ခိုက်မှုသည် ရှောင်တိမ်းခြင်း မပြုပါက သေဆုံးသွားနိုင်သည့်အထိ ဖြစ်လေသည်။
သို့သော်လည်း ရှောင်ချိုးနှင့် တပိုင်တို့သည် အန်လင်း၏အရှေ့တွင် ရပ်နေရန်သာ ရွေးချယ်ကြပြီး သူတို့၏ အမူအရာများမှာ လွန်စွာခိုင်ကျည်ကြလေသည်။
အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် သူတို့ထံသို့ ပျံသန်းလာပြီး ယင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အန်လင်းတို့ သုံးဦးအား ချေမှုန်းပစ်နိုင်ရန် ဖြစ်သည်။
ဘုန်း
လေထုအား ဖြတ်သန်းကာဖြင့် ရွှေရောင်လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာသည်။ ယင်းလျှပ်စီးကြောင်းသည် ကောင်းကင်ဘုံမှ ပစ်လွှတ်လိုက်သော ထက်မြိနေသည့် ဓားတစ်လက်သဖွယ် ဖြစ်သည်။ ယင်းသည် အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ နယ်ပယ်အား ချိုးဖြတ်ပြီးနောက် ယင်း၏ ဦးခေါင်းအား ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။
“အိုးးးး” အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် မချိတင်ကဲဖြစ်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ဘုန်း
အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ တောင်တစ်လုံးသဖွယ် ကြီးမားလှသည့် ခန္ဓာကိုယ်ကြီး၏အောက်တွင် ရေတွက်၍ မရလောက်အောင် များပြားလှသည့် ပင်လယ်မိစ္ဆာများ ပြားကပ်သွားပြီး မြေပြင် ပေတစ်ထောင်ပတ်လည်တွင် ဧရာမချောက်နက်တစ်ခု ဖြစ်ပေါ်လာသည်။
ယင်း၏ ဦးခေါင်းမှ သွေးများအဆက်မပြတ် စီးကျလျက်ရှိပြီး ပေလျန်မှာ ထိုဦးခေါင်းထက်တွင် အေးစက်သည့် အမူအရာဖြင့် မတ်တပ်ရပ်နေလေသည်။
ပေလျန်၏ အော်ရာမှာ အလွန်အားကောင်းလာပြီး သူမ၏ ခန္ဓာကိုယ်တွင် ရဲရဲနီနေသည့် သွေးကြောများ ဖြစ်ပေါ်နေပြီး နှလုံးခုန်သံကဲ့သို့ စည်းချက်ကျကျ ခုန်လှုပ်နေလေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအားလည်း ရွှေရောင်လျှပ်စီးများ လွှမ်းခြုံထားကာ အလွန်ကြောက်မက်ဖွယ်ရာ စွမ်းအင်များအား ထုတ်ဖော်နေလေသည်။
“နောက်ဆုံးတော့လည်း လျှို့ဝှက်စွမ်းအား အသုံးပြုလိုက်ရတာပါပဲလား။” ဝမ်းနည်းသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
နဂါးမင်းသမီး၏ မျက်နှာတွင် ခါးသီးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုသေးနုပ်လှသည့် လူသားကျင့်ကြံသူအတွက် သူမ၏ အနာဂတ်အား စတေးပစ်ရလိမ့်မည်ဟု မည်သူထင်မည်နည်း။
“ခင်ဗျားဘာလုပ်နေတာလဲ အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာ” အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် တုန်လှုပ်မှု ဒေါသဖြစ်မှုတို့ဖြင့် အော်ဟစ်လိုက်သည်။ အောင်မြင်လုနီးနီး အချိန်တွင် ပေလျန် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။
အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာ၏ အဖြူရောင်အမျှင်ထွေးတွင် အပေါက်တစ်ခု ဖြစ်ပေါ်နေပြီး အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်နေလေသည်။
အံ့ဖွယ်လေမိစ္ဆာဧကရာဇ်သည် အဖြူရောင်လျှပ်စီးကြောင်းများ ထုတ်ဖော်ကာဖြင့် နဂါးမင်းသမီးထံသို့ တိုက်ရိုက်ပျံသန်းသွားလေသည်။
နဂါးမင်းသမီးအား ရွှေရောင်လျှပ်စီးကြောင်းများ လွှမ်းခြုံထားလျက်ရှိကာ အဖြူရောင်လျှပ်စီးကြောင်းသည် ရွှေရောင်လျှပ်စီးကြောင်းနှင့် ထိတွေ့မိသည်နှင့် ချက်ချင်းဆိုသလို ပျောက်ပျက်သွားလေသည်။ ရွှေရောင်လျှပ်စီးကြောင်းသည် အရည်အသွေးမြင့် လျှပ်စီးကြောင်း ဖြစ်ပုံပင်။ တစ်ချိန်တည်းမှာပင် နဂါးမင်းသမီးသည် အံ့ဖွယ်လေမိစ္ဆာဧကရာဇ်အား လက်သီးချက်များဖြင့် တရစပ် ထိုးသွင်းလိုက်ပြီး လက်သီးချက်တစ်ခုချင်းစီးမှာ မိုးခြိမ်းသံတမျှ ကျယ်လောင်ပြီး ယင်းတွင်ပါဝင်သည့် စွမ်းအားကြောင့် မြေပြင်ပါ တုန်ခါလာလေသည်။
မြေပြင်တုန်ခါမှုနှင့်အတူ အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ မချိတင်ကဲ အော်ဟစ်သံတို့ အဆက်မပြတ် ထွက်ပေါ်လာသည်။
ထိုအခိုက်အတံ့မှုပင် အန်လင်း၏မျက်လုံးများ ပွင့်လာပြီး သူ၏ နက်မှောင်တောက်ပနေသော မိစ္ဆာရှင်ဓားသည်လည်း အနည်းငယ် တုန်ခါလာသည်။
သန္တာကျောက်နတ်ဆိုးသည် အဝေးမှနေ အန်လင်း မတ်တတ်ရပ်လာခြင်းနှင့် အဖြူရောင်တောင်ပံ တစ်စုံ ဖြန့်ကားလိုက်ခြင်းတို့ကို မြင်တွေ့လိုက်ရသည်။
တခဏချင်းမှာပင် အန်လင်းသည် သူ၏နောက်ကျောဘက်တွင် ပေါ်လာပြီး လေမြူခိုးများ ရစ်ဝဲနေသည့်ဓားအား ဝှေ့ယမ်းလိုက်သည်။
သန္တာကျောက်နတ်ဆိုး၏ မျက်လုံးများ ပြူးကျယ်လာပြီး လည်ပင်းမှ အေးစက်မှုအား ခံစားလိုက်ရသည်။
ထို့နောက်တွင် ဘာမျှ မရှိတော့ချေ။
ယင်း၏ ဦးခေါင်းမှ ခန္ဓာကိုယ်မှ ဖြည်းညင်းစွာ ပြတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းလာကာ သွေးများ ပန်းထွက်လာလေသည်။
အန်လင်းသည် သူ၏ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် စွမ်းအားများကြောင့် အားပါးတရ ပြုံးလိုက်သည်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်တွင် ရှိနေစဉ်က ဝါယောဓားအား အသုံးပြုပြီးသည့်နောက်တွင် ချီစွမ်းအင်များ ကုန်ခမ်းလုနီးနီးအထိ ဖြစ်ခဲ့သည်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းပြီးသည့် နောက်တွင်မူ သူ၏ ချီစွမ်းအင်ပင်လယ်မှာ နဂိုမူလ အရွယ်အစားထက် အဆပေါင်းများစွာ ကျယ်ပြန့်လာပြီး သူ၏ သားရဲအမြုတေမှာလည်း ချီစွမ်းအင်များကို ပိုမိုစုပ်ယူလာနိုင်သည်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်တွင် ရှိခဲ့သည့် နေ့ရက်များတွင် ဝါယောဓားအား တစ်ဆက်တည်းမှာပင် ငါးကြိမ် ခြောက်ကြိမ်ထက် ပိုမသုံးနိုင်ခဲ့ချေ။
အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာသည် အနက်ရောင်တိမ်လွှာများအကြား တိုးဝင်ကာဖြင့် အခြားသူများ သတိမထားမိစဉ်မှာ ဆုတ်ခွာထွက်ပြေးသွားလေသည်။
အန်လင်းသည် ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်လျှပ်စီးကြောင်းများ တလက်လက် တောက်ပနေသည့် ပေလျန်အား ကြည့်လိုက်သည်။ သူမ၏ ခြေဖဝါးအောက်တွင်မူ အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ် ရှိနေပြီး သူမ၏လက်သီးချက်များဖြင့် သေဆုံးသည့်အထိ ထိုးနှက်ခံထားရခြင်း ဖြစ်သည်။
ပေလျန်သည် အန်လင်းအား လှည့်ကြည့်ကာဖြင့် ပြုံးပြလိုက်သည်။ သူမ၏ ဖွေးဖြူသော အရေပြားထက်တွင် ရဲရဲနီသည့် သွေးကြောများအား မြင်တွေ့နေရဆဲ ဖြစ်သည်။ “အခု အဆင်ပြေသွားပြီလား။”
အန်လင်း၏နှလုံးသားလေး တုန်ယင်လာပြီး ခေါင်းယမ်းလိုက်သည်။ “အခု အဆင်ပြေသွားပါပြီ။ ခင်ဗျားရဲ့ လျှို့ဝှက်စွမ်းအားကို ရုတ်သိမ်းလိုက်ပါတော့။”
ထိုသို့ပြောပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို အဖြူရောင်လေတောင်ပံများအား ဖြန့်ကားကာဖြင့် လေတွင်ပျံဝဲကာ ဝေလငါးရှင်ကြီးအား လိုက်ဖမ်းလေတော့သည်။
အန်လင်း၏ နှလုံးသားထဲတွင် ဒေါသနှင့် နောင်တတို့ ပြည့်နှက်နေလေသည်။ အင်ပါယာအဆင့် ပင်လယ်မိစ္ဆာများအား လျှော့တွက်မိခဲ့သည်။ အဆင့်တက်နေစဉ်အတွင်း၌ ထိုအကောင်သည် တပိုင်နှင့် ရှောင်ချိုးတို့အား သတ်ဖြတ်မိလုနီးနီးအထိ ပြုခဲ့သည်။ ထို့အပြင် ပေလျန်အားလည်း သူမ၏ လျှို့ဝှက်စွမ်းအားကို အသုံးပြုစေရန် ဖိအားပေးခဲ့သည်။
ထိုလျှို့ဝှက်စွမ်းအားကို ရှန့်ယင်၏ မှတ်ဉာဏ်ထဲတွင် တစ်ခါမြင်ဖူးခဲ့သည်။ ယင်းလျှို့ဝှက်စွမ်းအားကို အသုံးပြုရန် သွေးမျိုးဆက်၏ သန့်စင်မှုကို စတေးရသည်။ သွေးမျိုးဆက် သန့်စင်မှု လျော့နည်းသွားပါက ကျင့်ကြံခြင်းအခြေခံအား ထိခိုက်ကာ အနာဂတ်တွင် အဆင့်တက်လှမ်းရန် မဖြစ်နိုင်တော့ချေ။
အန်လင်းနှင့် ဝေလငါးရှင်ကြီးအကြားရှိ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်။ ထိုဝေလငါးရှင်ကြီး သည် ပင်လယ်ကမ်းခြေမှ လွတ်မြောက်သွားပြီး ဖြစ်ကာ အန်လင်းအား နှောင့်နှေးစေရန်အတွက် အနက်ရောင်ချိန်းကြိုးများအား အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။
တတိယနည်းစနစ် _ ဓားတစ်ရာ။
မိစ္ဆာရှင်းဓားထံမှ ကြွပ်ဆတ်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်သွားလေသည်။
ရုတ်တရက်ဆိုသလို လေထုထဲတွင် အဖြူရောင်အံ့ဖွယ်ဓား ၉၉ လက် ဖြစ်ပေါ်လာပြီး ချီစွမ်းအင်များ ပြင်းထန်စွာ စုဝေးလာသည်။
ကောင်းကင်နှင့် ပင်လယ်အကြားတွင် အံ့ဖွယ်ဓားများ ပေါ်ထွက်လာမှုကြောင့် ဓားဆန္ဒများစွာ ဖြစ်တည်လာပြီး လေထုအား တုန်ခါစေသည်။
အံ့ဖွယ်ဓားတစ်လက်ချင်းစီတွင် အလွန်သိပ်သည်းသည့် ချီစွမ်းအင်များဖြင့် ပါဝင်ဖွဲ့စည်းထားလေသည်။
“သွား”
ဝေလငါးရှင်ကြီးထံသို့ အန်လင်း လက်ညှိုးညွှန်လိုက်သည့်အခါ အံ့ဖွယ်ဓား ၉၉ လက် တဟုန်ထိုး ပြေးထွက်သွားသည်။
ဝေလငါးရှင်ကြီးသည် သူ၏အသက်ကိုပါ ခြိမ်းချောက်နိုင်သည့် အလွန်အားကောင်းသော အန္တရာယ်ကို အားရုံခံလိုက်မိသည်ကြောင့် အံ့ဖွယ်ဓားများ လာရာလမ်းတစ်လျှောက်တွင် အနက်ရောင်ချိန်းကြိုးများဖြင့် ပိတ်ပင်တားဆီးလိုက်သည်။
ဝုန်း
အဖြူရောင်အံ့ဖွယ်ဓားများသည် အနက်ရောင်ချိန်းကြိုး အလွှာအထပ်ထပ်အား နှိုင်းယှဉ်မရနိုင်သော စွမ်းအားများဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက် ယင်းတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ဝေလငါးရှင်ကြီးကိုပါ ခုတ်ပိုင်းမိလေသည်။
ယှဉ်မရသည့် ထက်မြိမှု။
အံ့ဖွယ်ဓား ၉၉ လက် သည် ဝေလငါးရှင်ကြီး၏ ချိန်းကြိုးအကာအရံကြောင့် ပျက်သုန်းသွားရပြီး တောင်တစ်လုံးတမျှ ကြီးမားသည့် ယင်း၏ ခန္ဓာကိုယ်ကြီးမှာလည်း တုန်လှုပ်နေလေသည်။
“အားးးးးးးးး” ဝေလငါးရှင်ကြီး မချိတင်ကဲဖြစ်စွာ အော်ဟစ်လိုက်ရသည်။
ဓားတစ်ရာ၏ နောက်ဆုံးတစ်လက်မှာ မိစ္ဆာရှင်းဓား ဖြစ်သည်။
ယင်းသည် လေကိုခွင်းကာဖြင့် ဝေလငါးရှင်ကြီး၏ ဦးခေါင်းဆီသို့ ပြေးဝင်သွားလေသည်။
အံ့ဖွယ်ဓားများတွင်ပါဝင်သော ဓားဆန္ဒများသည် ဝေလငါးရှင်ကြီး၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲလိုက်ပြီး သမုဒ္ဒရာ၏ ပေနှစ်ထောင်ခန့်ကိုပင် ပိုင်းလိုက်လေသည်။
ဝုန်း
ဝေလငါးရှင်ကြီး၏ အသက်စွမ်းအင် ပျောက်ကွယ်သွားပြီး ယင်း၏ ခန္ဓာကိုယ်ကြီးမှာ သမုဒ္ဒရာအတွင်းသို့ ပြုတ်ကျသွားတော့သည်။
မိစ္ဆာရှင်းဓားသည် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာ သုံးကောင်၏သွေးအား သောက်သုံးပြီးသည့်နောက်တွင် ကျေနပ်သည့်အသံတစ်ခု ထုတ်ဖော်ကာဖြင့် အန်လင်းထံသို့ ပျံသန်းလာလေသည်။
“နင်က ထိုက်တန်တဲ့ ပိုင်ရှင်တစ်ဦးထက် ပိုလာခဲ့ပြီပဲ။”
အန်လင်း၏စိတ်ထဲတွင် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း အသာပြုံးလိုက်မိသည်။ ယင်းမှာ ပထမဆုံးအကြိမ်အဖြစ် မိစ္ဆာရှင်းဓားထံမှ လိုလိုလားလား စကားဆိုလာခြင်းပင်။
သို့သော်လည်း ယင်း၏ ချီးကျူးမှုအား တုံ့ပြန်လိုစိတ် မရှိသေးပေ။ ဓားတစ်ရာအား အသုံးပြုပြီးသည့်နောက်တွင် သူ၏ချီစွမ်းအင်များ ကြောက်မက်ဖွယ်ကောင်းအောင် ကုန်ခမ်းလာပြီး အလွန်မောပန်းနေလေသည်။ ချီစွမ်းအင်ခမ်းခြောက်သည့် လက္ခဏာများ ခံစားနေရခြင်းဖြစ်သည်။ သွေးဝိညာဉ်ဆေးလုံးအား အလျင်အမြန် သုံးစွဲပြီးနောက် ပေလျန်ထံသို့ ပြန်သွားလိုက်သည်။
အင်ပါယာအဆင့် ပင်လယ်မိစ္ဆာ ငါးကောင်သည် ပေါ်လန်မြို့အား ကျူးကျော်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ရောက်လာခဲ့ကြသည်။ မြင်တွေ့ခဲ့ကြသည်။ လေးကောင် သေဆုံးသွားပြီး တစ်ကောင် ထွက်ပြေးသွားခဲ့သည်။ ပင်လယ်မိစ္ဆာတပ်မသည် မြင်တွေ့လိုက်ရသည့် အရာများကြောင့် တုန်လှုပ်ချောက်ခြားလျက်ရှိလေသည်။
ရှောင်ချိုးနှင့် တပိုင်တို့၏ ဦးဆောင်မှုအောက်တွင် ပုလဲတပ်သည် ပင်လယ်မိစ္ဆာတပ်မအား သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
ပေလျန်သည် အံ့ဖွယ်လေမိစ္ဆာဧကရာဇ်၏ ဦးခေါင်းဘေးတွင် ရပ်နေခဲ့ပြီး သူမထံသို့ လျှောက်လှမ်းလာနေသည့် အမျိုးသားအား စိတ်ရှုပ်ထွေစွာဖြင့် ကြည့်နေမိသည်။
စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူသည် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာများအား သတ်ဖြတ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူမတွေးထင်မထားခဲ့ချေ။ ထို့ထက်ပို အံ့အားသင့်မိသည်မှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူသည် ထိုမျှလောက် အစွမ်းထက်သည့် ဓားနည်းစနစ်အား အသုံးပြုနိုင်ခြင်း ရှိနေသည်ကြောင့်ပင်။
နဂါးမင်းပိုင်နက်၏ ပါရမီရှင်တစ်ဦးအနေဖြင့် သူမသည် သူမ၏ ‘ပါရမီရှင်’ ဟူသည့် ဂုဏ်ပုဒ်အား အန်လင်းထံသို့ တိတ်တဆိတ် လွှဲပြောင်းပေးလိုက်မိသည်။
အန်လင်းသည် သူ၏ဂမ်ဒမ်များအား သိုလှောင်လက်စွပ်အတွင်း ပြန်သိမ်းထားလိုက်ပြီးနောက် တောင်းပန်တိုးလျှိုးဟန်ဖြင့် ပေလျန်ထံ လျှောက်လှမ်းလာသည်။ “တောင်းပန်ပါတယ်။”
ပေလျန်သည် သူ၏တောင်းပန်မှုကြောင့် အနည်းငယ်မျှ အံ့အားသင့်သွားမိပြီးနောက် ပြုံးလိုက်သည်။ “ရှင်တောင်းပန်သင့်တာပေါ့။ ရှင်က တကယ်ကို အကြင်နာမရှိတာပဲ။”
အန်လင်း ခေါင်းညိတ်လိုက်ပြီး ပေလျန် သွေးမျိုးဆက်၏ သန့်စင်မှု လျော့နည်းသွားခြင်းအား ပြောဆိုခြင်း မပြုပေ။
ပေလျန်သည် မာနကြီးသည့် နဂါးမင်းသမီးဖြစ်သည့်အတွက်ကြောင့် သူမ၏ သွေးမျိုးဆက် သန့်စင်မှု မရှိတော့ခြင်းအား အခြားသူများကို သိစေလိုမည် မဟုတ်ချေ။
သူမထံမှ မည်သည့်စကားမျှ ထပ်မပြောတော့သည်ကြောင့် အန်လင်းသည်လည်း ဘာမျှမသိဟန် ဆောင်လိုက်သည်။
ရှန့်ယင်၏ မှတ်ဉာဏ်များမှတဆင့် ရှေးဟောင်းစွမ်းအားများသည် သွေးမျိုးဆက် သန့်စင်မှုအပေါ် သက်ရောက်မှုရှိမှန်း အန်လင်းသိရှိထားပြီး ဖြစ်သည်။ ရှန့်ယင်သည် လမ်းစဉ်ခြောက်ခုနတ်ဘုရားနှင့် တိုက်ပွဲ၌ သူမ၏ သွေးမျိုးဆက် သန့်စင်မှုအား စတေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် သန့်စင်နိုင်ခဲ့သည်။
သို့သော်လည်း ထိုနည်းလမ်းအား အသုံးပြုရန် အတော်လေး ခက်ခဲသည်ကြောင့် အန်လင်းသည် အောင်မြင်ဖို့ နီးကပ်လာသည့် အခါမှသာ ပေလျန်အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“သွားကြပါစို့ နဂါးမင်းသမီးရေ”
“ကောင်းပြီလေ”
***