ပညာရှင်တွေက ဘာဖြစ်လို့ လေ့လာသင်ယူသင့်တာလဲ
Vol. 16 Ch. 250
အပြစ်ပေးစင်မှာ ကြိုးနှင့် ချည်နှောင်ခံထားရသည့် ရာဇဝတ်သားသည် သနားစရာကောင်းသော အော်သံကိုသာ ညှစ်ထုတ်နိုင်ခဲ့သည်။
သွေးထွက်သံယို ဖြစ်ရပ်များနှင့် ရင်းနှီးကျွမ်းဝင်လေ့ရှိသော ချင်ယုံတောင်မှ ထိတ်လန့်သွားခဲ့ရသည်။
တကယ်တမ်းမှာတော့ တတိယသခင်လေးရှန်းရဲ့ စိတ်နေစိတ်ထားက ကျောက်စိမ်းလို နူးညံ့သိမ်မွေ့တယ်လို့ လူအများကို ခံစားမိစေသည်။
ဒါပေမယ့် သူ့မှာ ဒီလောက် အေးစက်တဲ့ တစ်ဖက်ခြမ်း ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
နောက်ဆုံးတွင် ရာဇဝတ်ကောင်များသည် ညှည်းပန်းနှိပ်စက်မှုဒဏ်ကို ခံနိုင်ရည် မရှိသဖြင့် အားလုံး ထုတ်ဖော်ဝန်ခံခဲ့ကြသည်။
ရှန်းယောင်သည် မီးရှို့မှုနောက်ကွယ်မှ သခင်သည် အမှန်တကယ်ပင် ဖုန်ယွဲ့မျှော်စင်၏ အပျော်မယ် ခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“တတိယသခင်လေး၊ ဖုန်ယွဲ့မျှော်စင်မှာ နောက်ခံကောင်း ရှိပုံ ရတယ်။”
ချင်ယုံက အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးမြန်းခဲ့သည်။ ”ဒါပေမယ့် ရှန်းမိသားစုက ဖုန်ယွဲ့မျှော်စင်နဲ့ ဘယ်လိုရန်ငြိုးတွေ ရှိတာလဲ “
ရှန်းယောင်သည် မျက်လွှာချကာ သူ့မျက်လုံးထဲရှိ ရန်လိုမှုကို ဖုံးကွယ်ထားခဲ့သည်။
“အဟမ်း “ ချင်ယုံက ပြုံးပြီး မေးလိုက်သည်။ “ ဒီလူတွေကို တတိယသခင်လေးရှန်း ဘယ်လို ဆက်ဆံဖို့ စီစဉ်ထားလဲ။ “
အလွန်ကျွမ်းကျင်သော မီးရှို့သူ အုပ်စုသည် ဖုန်ယွဲ့မျှော်စင်မှ လျှို့ဝှက် စုဆောင်းထားသော လူဆိုးများ ဖြစ်သည်။
“သူတို့ရဲ့ လက်နဲ့ ခြေထောက်က အရွတ်တွေကို ဖြတ်ပြီး ညကျရင် ဖုန်ယွဲ့မျှော်စင်ရှေ့ ပစ်ချထားလိုက်။ “ ရှန်းယောင်က ခေါင်းငုံ့ပြီး သူ့ခါးပေါ်ရှိ ပိုက်ဆံအိတ်ကို ပွတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဟုတ်ကဲ့ ကောင်းပါပြီ။ “
သူသည် အရက်စက်ဆုံး ပြစ်ဒဏ်ကို တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ ရှန်းမိသားစု၏ တတိယသခင်လေးသည် သူ၏ ရုပ်ရည်ကို ကြည့်ပြီး လျှော့တွက်မိရင် မှားပေလိမ့်မည်။
လျှို့ဝှက်ခန်းမှ ထွက်လာပြီးနောက် ရှန်းယောင်သည် အလျင်စလို မပြန်သွားခဲ့ပေ။ အဲ့ဒီအစား သူက ခဏလောက် အနားယူပြီး ဆရာစုန့်နှင့် တွေ့ဖို့ သွားခဲ့သည်။
စုန့်မိသားစု၏ ခြံရှေ့တွင် ခမ်းနားပြီး ထူးခြားသော လက်ဖက်ရည်သောက်ရန် နားနေနိုင်သည့် နားနေဆောင် တစ်ခုရှိသည်။
နားနေဆောင်က ကြီးကြီးမားမား မဟုတ်ပေမယ့် အတွင်းပိုင်း အပြင်ဆင်တွေက အံ့မခန်းပင်။
ရှန်းယောင် နားနေဆောင်ထဲသို့ ဝင်လိုက်သည့်နှင့် သင်းပျံ့သော ရနံ့ကို ရှုရှိုက်လိုက်ရသည်။
ရှန်းယောင်သည် လေထုထဲရှိ သင်းပျံ့သော ရနံ့ကို ရလိုက်ချိန် လက်ဖက်ရနံ့သာမက နံ့သာဖြူရနံ့ကိုပါ ရလိုက်သည်။
ဆံပင်ဖိုသီဖတ်သီနှင့် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သစ်တော်သား လက်ဖက်ရည်စားပွဲရှေ့တွင် တင်ပလ္လင်ထိုင်ကာ မျက်စိမှိတ် အနားယူနေသည်။
“ဆရာစုန့်“ ရှန်းယောင်က ခေတ္တရပ်လိုက်ပြီး အနည်းငယ် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။
ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်ကျမ်းထဲက ‘အမျိုးကောင်းသားသည် ဗိုက်ဝရန် အစာကို မတောင်းဆို၊ နေရထိုင်ရ အဆင်ပြေရန် အိမ်ကို မရှာဖွေ၊ အကြောင်းအရာတို့ကို သိမြင်နိုင်စွမ်းရှိ၍ စကားကို သေချာစွာ ရွေးပြော၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူဆောင်ရွက်လျှင် ထိုသူကို လေ့လာ သင်ယူလိုစိတ် ပြင်းပြသူဟု ဆိုနိုင်သည်။’ ဆိုတဲ့ အဆိုအမိန့်ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။“
ရှန်းယောင်က တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်။ ဒီဆရာစုန့်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။
“အမျိုးကောင်းသားသည် ဗိုက်ဝဖို့ အစာမလို၊ ဇိမ်ခံဖို့ အိမ်ကို မတောင့်တ။ အလုပ်တွင် မြန်ဆန်တက်ကြွစွာ လုပ်ကိုင်၍ စကားကို သေချာစွာ စဉ်းစားပြောဆိုတတ်ရမည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူ၊ ပညာရှိသူများနှင့် ပေါင်း၍ မိမိ၏ ချို့ယွင်းချက်များကို ပြင်ဆင်လေ့လာခြင်းဖြင့် ပညာဉာဏ်ကို တိုးပွားစေနိုင်တယ်။”
ရှန်းယောင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
“မင်း လေသံအရ နည်းနည်းတော့ အထင်အမြင် သေးနေပုံပဲ။” ဆရာစုန့်သည် ရှန်းယောင်ကို စူးစူးရဲရဲ အကြည့်ဖြင့် ရုတ်တရက် ကြည့်လိုက်သည်။ “ကွန်ဖြူးရှပ်ရဲ့ အယူဝါဒတွေကို မင်းသဘောမတူဘူးလား။“
“ကွန်ဖြူးရှပ်ရဲ့အယူဝါဒတွေက စိတ်ကို အထူးပြုထားတာ“ ရှန်းယောင် လှောင်ရယ် ရယ်လိုက်သည်။
“ဒါပေမယ့် ဒီလောကမှာ ရှိတဲ့ လူတိုင်းက လူကောင်း မဟုတ်ဘူး။“
“တချို့က အကျင့်သီလနဲ့ ပြည့်စုံတယ်လို့ ဟန်ဆောင်ကြပေမယ့် တကယ်တော့ ညစ်ပတ်တဲ့ အရာတွေကို လုပ်ကြတယ်။ “ ရှန်းယောင်က ရုတ်တရက် သက်ပြင်းချလိုက်သည်။ “ကျွန်တော်က အသိပညာ မလုံလောက်သေးတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်တွေကို အကဲမဖြတ်ဝံ့ပါဘူး။ တစ်ခါတစ်လေဆိုရင်တော့ သူနဲ့ အတွေးမတူဘူး။ “
“သခင်လေးစုန့် မသွားခင်မှာ သခင်လေးရှန်းကို နွေးနွေးထွေးထွေး ဧည့်ခံပေးဖို့ တောင်းဆိုသွားတယ်။“ ဆရာစုန့် ဖြည်းညှင်းစွာ မတ်တပ်ရပ်၍ သူ့ရှေ့သို့ လျှောက်လာခဲ့သည်။ သူ့အကြည့်တွေက စူးရှနေပြီး လေးနက်သော အသံဖြင့် ပြောလာခဲ့သည်။ “အခုလေးတင် ကွန်ဖြူးရှပ်ရဲ့ အယူဝါဒတွေ အကြောင်းမှာ သခင်လေးရှန်းရဲ့ အတွေးတွေက တကယ်ထူးခြားပြီး ဆန်းသစ်နေပေမယ့်…“
“အတွေးအခေါ် မတူညီတဲ့ သူတွေက ပန်းတိုင်မတူညီကြဘူး။ “ ဆရာစုန့် ပြုံးလိုက်ပေမယ့် အပြုံးတွေက မျက်လုံးထဲတော့ မရောက်ခဲ့ဘူး။
“သခင်လေးရှန်း တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ်ဆိုရင် ကွန်ဖြူးရှပ်ရဲ့ အယူဝါဒတွေကို ယုံကြည်ဖို့ ကိုယ့်ကိုယ်ကို အရင် စည်းရုံးရလိမ့်မယ်။“ ဆရာစုန့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကိုတောင် မယုံကြည်ဘူးဆိုရင် စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ ဘယ်လိုယုံကြည်ရပါ့မလဲ“
“ဆရာစုန့် ရိုင်းပြမိတာကို ခွင့်လွှတ်ပါ “ ရှန်းယောင် ရုတ်တရက် ထမေးလိုက်သည်။ “ ဆရာစုန့် ကျွန်တော် မေးခွန်း တစ်ခုလောက် မေးချင်တယ်။ ပညာရှင်တွေက ဘာလို့ စာလေ့လာဖို့လိုတာလဲ။”
“ပညာတော်သင်တဲ့ သူများများက တော်ဝင်စာမေးပွဲ စာရင်းမှာ နေရာရဖို့ နှစ်ပေါင်းများစွာ စာပေသင်ကြားခဲ့ရတယ်။“ ရှန်းယောင်က ရုတ်တရက် ပြုံးလိုက်သည်။
“တော်ဝင်စာရင်းမှာ ပါဝင်ရင် ထိပ်ဆုံးကို တက်နိုင်သွားတယ်။ အဲ့ဒီအချိန်ကစပြီး သူတို့က ဘဝကို ဇိမ်ကျကျ ဖြတ်သန်းနိုင်လိမ့်မယ်။ ဒါက စာပေ လေ့လာခြင်းရဲ့ အဓိပ္ပါယ်ပဲလား။“
“မင်းရဲ့ စကားက တစ်ဖက်စွန်း ရောက်လွန်းတယ်။“ ဆရာစုန့်က မကျေမနပ် သဘောမတူစွာ ခေါင်းရမ်းလိုက်သည်။
“စာပေလေ့လာခြင်းက အကျင့်စာရိတ္တကို ပြုစုပျိုးထောင်တာဖြစ်ပြီး စိတ်သဘောထားကို ပွင့်လင်းစေဖို့ ဖြစ်တယ်။ စာပေလေ့လာခြင်းရဲ့ အဓိပ္ပါယ်က ဂုဏ်ကျင့်သိက္ခာနဲ့ အရှက်တရားကို နားလည်ကာ အမှားအမှန်ကို ဝေဖန် ပိုင်းခြား သုံးသပ်စေနိုင်ဖို့ပဲ။ “
“ဒီကမ္ဘာပေါ်မှာ စာပေလေ့လာရတာကို နှစ်သက်သူတွေ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း အများကြီး ရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေက တော်ဝင်စာမေးပွဲမှာ လုံးဝ မပါဝင်နိုင်ကြဘူး။ သူတို့ရဲ့ စာပေလေ့လာတဲ့ ရည်ရွယ်ချက်က သူတို့ကိုယ်သူတို့ ပျော်အောင် လုပ်ဖို့ပဲလား“
ဆရာစုန့်က “ရှန်းယောင် မင်းရေးတဲ့ စာတမ်းကို ငါတစ်ခါ ဖတ်ဖူးတယ်။ မင်းရဲ့ လက်ရေးလက်သားက ကောင်းမွန်တယ်။ မင်းရဲ့ ထင်မြင်ယူဆချက်တွေက ထူးခြားတယ်။ မင်းက တမူထူးခြားပြီး လူအုပ်ထဲမှာ ပေါ်လွင်တယ်လို့ ပြောလို့ရတယ်။ “
“ဒါပေမယ့် မင်းရဲ့ တစ်ခုတည်းသော အားနည်းချက်က အတွေးအခေါ် ရှင်းလင်းလွန်းနေတာပဲ “ ဆရာစုန့်က ရုတ်တရက် သူ့ဘက်သို့ လှမ်းလာပြီး ပခုံးကိုပုတ်ပေးကာ သက်ပြင်းချရင်း ပြောသည်။ “လွန်ခဲ့တဲ့ သုံးနှစ်လောက်က ငါလည်း တော်ဝင်စာမေးပွဲရဲ့ စစ်ဆေးသူတစ်ယောက် ဖြစ်ခဲ့တယ်။ မင်းရဲ့ ရေကို စီမံခန့်ခွဲမှု ဗျူဟာကို တခြားသူတွေက ချီးမွမ်းခဲ့ပေမယ့် ငါကတော့ အမှတ်နည်းနည်းပဲ ပေးလိုက်တယ်။“
“လူကြီးမင်း၊ ကျွန်တော် ရေးတဲ့ စာတမ်းကို တကယ်ဖတ်ဖူးတာလား “ ရှန်းယောင် အံ့အားသင့်သွားသည်။ “ ဒါပေမယ့် ကျွန်တော့်ရဲ့ ရလဒ်တွေက…” စွင်းဟယ်က သူ့ရဲ့ စာမေးပွဲ စာရွက်ကို ရုတ်တရက် လဲလှယ်လိုက်သည်။
“ရှန်းယောင်“ ဆိုတဲ့ သူ့နာမည်နှင့် သူ့ရဲ့ မူလအဖြေပါသည့် စာရွက်သည် အခြားတစ်ယောက်၏ နာမည်နှင့် လွှဲပြောင်းသွားသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
“အဲ့ဒီတုန်းက စွင်းမိသားစုရဲ့ အကျင့်မကောင်းတဲ့သား တစ်ယောက်ကို တရားရုံးမှာ ငါစွဲချက်တင်ခဲ့တယ်။ အဆုံးမှာတော့ ဘုရင်မင်းမြတ်က ငါ့ကို မကျေနပ်ခဲ့ဘူး။ စွင်းမိသားစုက အသက်ကိုတောင် တိတ်တဆိတ် သတ်ပစ်ချင်ပေမယ့် ကံကောင်းထောက်မစွာနဲ့ သခင်လေးချင်က ငါ့ကို ကယ်ခဲ့လို့သာ အသက်ရှင်ခဲ့တာ “
ရှန်းယောင်ရဲ့ အံ့အားသင့်နေတဲ့ အကြည့်ကို မြင်တော့ ဆရာစုန့် သက်ပြင်းချလိုက်သည်။
“ရှန်းယောင် မင်းစကားထဲ ရန်လိုမှုတွေပါနေတာ ငါသတိထားမိတယ်။ မင်း မကြာခင် စိတ်တည်ငြိမ်အောင် မလုပ်နိုင်ရင် အနာဂတ်မှာ ကိုယ့်ကိုယ်ကို ထိခိုက်စေလိမ့်မယ်။ “
“မင်းရဲ့ရှေ့ ဆူးတွေ ပြည့်နေတယ်ဆို နောက်ပြန်ဆုတ်တာက မင်းအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်။ “ ဆရာစုန့်က ရုတ်တရက် ရယ်မောလိုက်သည်။ “ မင်းမှာ အရည်အချင်း အပြည့်ရှိရင် အဲ့ဒီလမ်းပေါ်က ဖြတ်သွားနိုင်ပြီး နောက်ဆုံး အောင်မြင်မှု ရမယ်ဆိုတာ အသေအချာပဲ။ “
“လူကြီးမင်း အကြံပေးတဲ့အတွက် ကျေးဇူးပါ “ ရှန်းယောင် ကျေးဇူးတင်စကားပြောကာ ဆရာစုန့်အား လေးစားစွာဖြင့် ပြုံးကာ ကြည့်လိုက်သည်။ “ ချင်မင်ဟုန် ပြောတာ မှန်တယ်။ တကယ်လည်း လူကြီးမင်းက တကယ်တော်တယ်။ လူကြီးမင်းရဲ့ စကားနားထောင်ရတာက စာအုပ်တွေ ဆယ်နှစ်လောက် အချိန်ယူ ဖတ်ရတာထက် ပိုတန်ဖိုးရှိတယ်။ “
“မင်းရဲ့ ချီးမွမ်းမှုကို ကျေးဇူးတင်ပါတယ် “
“ဆရာစုန့်က ကျွန်တော့် စိတ်ထဲက ဒေါသစိတ်တွေကို ဖြေဖျောက်ပေးနိုင်တယ်။ ကျွန်တော့်ကို ဆရာ့တပည့်အဖြစ် လက်ခံပေးနိုင်မလား “ ရှန်းယောင်သည် ဆရာစုန့်၏ မျက်လုံးများကို ကြည့်ရင်း ရိုးသားစွာ မေးလိုက်သည်။
“သခင်လေးရှန်းရဲ့ လက်ရေးလက်သားက အရမ်း ကောင်းတယ်လို့ ကြားမိတယ်။ သခင်လေးရှန်းသာ ကျွန်တော့်ကို ဆရာအဖြစ် တကယ်သတ်မှတ်ချင်ရင် ကွန်ဖြူးရှပ်ရဲ့ အယူဝါဒတွေကို ဆယ်ကြိမ် ပြန်ကူးပေးနိုင်မလား “ ဆရာစုန့်က သူ့မျက်လုံးများကို ကြည်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
“ကောင်းပါပြီ။ “
ဟုန်ရှင်းစားသောက်ဆိုင်။
ကျီကျောက်သည် အိပ်ပျော်ရာမှ နိုးလာချိန်တွင် ညအချိန်သို့ပင် ရောက်လုနီးပြီ ဖြစ်သည်။
ဤတစ်ခါမှာတော့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ဆိုးတွေမမက်ခဲ့ဘူး။ အရမ်းကို သက်တောင့်သက်သာရှိစွာ အနားယူနိုင်ခဲ့သည်။
“မင်း နိုးလာပြီလား?”ရှန်းယောင်သည် အသံကြားတော့ ထိုနေရာသို့ လျင်မြန်စွာ ရောက်လာခဲ့သည်။ “ မင်း ဗိုက်ဆာနေပြီလား။”
“ဂလူး ဂလူး…”
ကျီကျောက်သည် ဆာလောင်နေသော ဗိုက်ကို ငုံ့ကြည့်ကာ ရှက်ရှက်ဖြင့် သူမ၏ ပါးပြင်ကို လက်ဖြင့် အုပ်ထားလိုက်သည်။
***