← Chapters

မင်းကို ငါ့တပည့်အဖြစ် လက်မခံနိုင်ဘူး

Vol. 16 Ch. 252

မင်းကို ငါ့တပည့်အဖြစ် လက်မခံနိုင်ဘူး

Vol. 16 Ch. 252

ကျီကျောက်သည် အဆာပြေမုန့်များနှင့်အတူ အိမ်နောက်ဖေးသို့ဝင်သွားသောအခါ အကြီးဆုံးမရီးရှန်းသည် မြေပေါ်တွင် ငုတ်တုတ်ထိုင်လျက် ​မျောက်ဥကို အခွံခွာနေသည်ကို တွေ့လိုက်ရသည်။

"အကြီးဆုံးမရီး” ကျီကျောက်က ခပ်မြန်မြန်လျှောက်သွားပြီး သူမကို ကူညီပေးလိုက်သည်။

"အာ့ထောင် နင်ရောက်လာပြီလား” အကြီးဆုံးမရီးရှန်းက ပြောလာခဲ့သည်။ ”အာ့ထောင် နေ့လည်စာအတွက် အစ်မ ဝတ်သားနံရိုးဟင်း ချက်ဖို့ စီစဥ်ထားတယ်။ နင် နေ့လည်စာကို ဒီမှာ စားသွားပါလား။"

"ကောင်းပါပြီ” ကျီကျောက်က ရက်ရက်ရောရော ပြုံးပြလိုက်သည်။ ”အစ်မချက်တဲ့ဟင်းက အကောင်းဆုံးလို့ အမေက ပြောတယ်။"

"တခြားသူက ငါ့ကို ချီးကျူးရင် ငါအရမ်းပျော်မိလိမ့်မယ်။ဒါပေမဲ့ နင် ငါ့ကို ချီးမွမ်းတဲ့အခါကျ ငါက ဘာဖြစ်လို့ အပြစ်ရှိတယ်လို့ ခံစားမိတာလဲ။” အကြီးဆုံးမရီးရှန်းက တမင်တကာ အရွှန်းဖောက်သည်။

ကျီကျောက်က အပြစ်ကင်းစင်စွာ ပြုံးရုံသာ ပြုံးပြလိုက်သည်။ ”အကြီးဆုံးမရီး၊ ညီမ မုန့်အသစ်တွေ လုပ်လာခဲ့တယ်။ အစ်မ မြည်းကြည့်ချင်လား။ အဆာပြေမုန့်တွေကို မတူညီတဲ့ အရသာတွေရဖို့ လက်ဖက်စိမ်းကို ညီမ အသုံးပြုထားတယ်။ ဒီအဖြူရောင်လက်ဖက်စိမ်းကိတ်ကို အမြန်မြည်းကြည့်ပါလား။"

"ကောင်းပြီလေ၊ ငါ မြည်းကြည့်လိုက်မယ်။"

အကြီးဆုံးမရီးရှန်းသည် သူမ၏ လက်များကို သုတ်ပြီးနောက် မုန့်တစ်ခုကို ကောက်ယူကာ ကိုက်စားလိုက်သည်။

ချိုမြိန်သောမုန့်သည် လက်ဖက်ရွက်၏ ရနံကို သယ်ဆောင်လာခဲ့သည်။ အမွှေးနံ့နှစ်ခုက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး မုန့်အရသာကို ပိုလို့တောင် အရသာရှိသွားစေသည်။

"အရသာရှိတယ်” အကြီးဆုံးမရီးရှန်းက ပြောသည်။ ”အာ့ထောင် နင်က တကယ့်ကို အံ့သြဖို့ကောင်းတယ်။"

"တကယ်တော့ ညီမ ဒါကို ရှန်းယောင်ကြောင့် စိတ်ကူးရလာခဲ့တာလေ” ကျီကျောက်က ဝမ်းသာအားရပြောလိုက်သည်။ ”ရှန်းယောင်က လက်ဖက်ရည် သောက်ရတာ ကြိုက်တယ်။ လက်ဖက်ရည်သောက်တဲ့အခါ အဲ့ဒီ့ လက်ဖက်ကိတ်မုန့်တွေက အဆီများလွန်းတယ်လို့ ပြောတယ်။ လက်ဖက်မုန့်တွေရဲ့ အရသာက လေးလံလွန်းပြီး လက်ဖက်ရည်ရဲ့ အမွှေးရနံကို လွှမ်းမိုးသွားလိမ့်မယ်။ ဒါကြောင့် ဒီနှစ်ခုကို ပေါင်းစပ်ဖို့ ညီမ စိတ်ကူးရမိသွားတာ။ နောက်ဆုံးမှာတော့ ဒီအဖြူရောင် လက်ဖက်စိမ်းကိတ်က အရသာ မတူညီဘူး။"

"အာ့ထောင် နင်ကတော့ တကယ်ကို အံ့သြစရာပဲ။” အကြီးဆုံးမရီးရှန်းက စိတ်ပါလက်ပါ ချီးမွမ်းလိုက်သည်။ ကျီကျောက်ကို ကြည့်ရင်း သူမရဲ့ မျက်လုံးတွေထဲ သဘောကျမှုအပြည့် ရှိနေခဲ့၏။

"အကြီးဆုံးမရီး၊ ဒီမုန့်လုပ်နည်းကို ညီမ ရေးထားပြီးပြီ” ကျီကျောက်သည် သူမ၏ အင်္ကျီလက်ထဲမှ အဆာပြေမုန့်လုပ်နည်းကို အမြန်ထုတ်ယူပေးလိုက်သည်။ ”အစ်မတို့ အစာသွပ်မုန့်ဆိုင်က စားဖိုမှူးကို အရင် လုပ်ခိုင်းကြည့်လို့ ရတယ်"

"အာ့ထောင်၊ ငါတို့က စီးပွားရေးလုပ်နေတာ။ နင့်အစ်ကိုကြီးနဲ့ ငါက ဒီမုန့်လုပ်နည်းကို ဝယ်မယ်။” အကြီးဆုံးမရီးရှန်းသည် သူမ၏ သဘောထားကို အလျင်အမြန်ထုတ်ဖော်ခဲ့သည်။ ”နင် စျေးနှုန်းတစ်ခု သတ်မှတ်လိုက်၊ ငါ နင့်အတွက် ပိုက်ဆံယူလာပေးမယ်။"

"အကြီးဆုံးမရီး၊ ဒါက မလိုပါဘူး” ကျီကျောက်သည် သူမ၏ လေးနက်သော အမူအရာကို ကြည့်ပြီး ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ”ရှန်းကျီးက အစာသွပ်မုန့်ဆိုင်တစ်ခုလေ။ ဖောက်သည်ဟောင်းတွေကို ထိန်းသိမ်းပြီး ဖောက်သည်အသစ်တွေကို ဆွဲဆောင်ချင်တယ်ဆိုရင်တော့ အသစ်အသစ်တွေကို အဆက်မပြတ် ထုတ်လုပ်ပေးရမယ်။ ဒီနည်းနဲ့ဆို အစ်မတို့ရဲ့ လုပ်ငန်းက ကြီးပွားလာနိုင်တယ်။ နောက်ပြီး ညီမတို့က မိသားစုတွေပဲလေ။ အဆာပြေမုန့်အတွက် ဒါက ပြုလုပ်နည်းတစ်ခုပဲ။ အကြီးဆုံးမရီး ဒါကို ရှင်းရှင်းလင်းလင်း တွက်ချက်ဖို့ မလိုဘူး။"

ရှန်းယောင် ဒဏ်ရာရပြီး သူ့ကိုယ်သူ စွန့်လွှတ်လိုက်ချိန်မှာတောင် သူ့မရီးနှစ်ယောက်က ဆေးကုသဖို့ ကူညီပေးခဲ့တာကြောင့် အရမ်းကျေးဇူးတင်မိသည်။

ရှန်းမိသားစုသည် အလွန်ရိုးရှင်းပြီး ရိုးသားသည်။ ထို့အတွက် ပို၍ အရေးကြီးသည်မှာ မိသားစုကြားဆက်ဆံရေးသည် အလွန်သဟဇာတ ရှိသည်။

အတိအကျပြောရရင် ကျီကျောက်က မုန့်လုပ်နည်းကို ကမ်းလှမ်းဖို့ ဆန္ဒရှိခဲ့တာပါ။

ပြီးတော့ သူတို့ဟာ မိသားစုတွေပဲ ဖြစ်သည်။

“နင်က ငွေမလိုချင်ဘူးဆိုတော့ ငါနင့်ကို အတင်းအကျပ် မလုပ်တော့ဘူး” အကြီးဆုံးမရီးရှန်းက ခဏလောက်စဥ်းစားပြီးတော့ ပြောလာခဲ့သည်။ ”အမြတ်ခွဲဝေမှုပုံစံကို ငါတို့ လုပ်ကြမယ်။ နှစ်ကုန်ရင် နင့်ကို ပေးသင့်တဲ့ အမြတ်ဝေစုကို ငါတို့ တွက်ချက်ပေးမယ်။ ဒါကိုတော့ နင်ငြင်းလို့မရဘူး။"

ကျီကျောက်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကူကယ်ရာမဲ့ ဖြစ်လာခဲ့သည်။

"ဘာပဲဖြစ်ဖြစ် အာ့ထောင် နင်ထင်မြင်ချက်ကို ငါကြားချင်တာကြောင့် ဒီနေ့ နင့်ကို ငါ ဒီကို ခေါ်လိုက်တာ” အကြီးဆုံးမရီးရှန်းက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး သူ့လေသံက ဝမ်းနည်းမှု အရိပ်အမြွက် စွက်ဖက်နေခဲ့သည်။ ”ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ့စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ်...."

( ၁၅ ) မိနစ်အကြာ ဇာတ်လမ်းတစ်ခုလုံးကို နားထောင်ပြီးနောက် ကျီကျောက်သည် မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။ ”ဒါဆို ဆိုင်ရှင်ကျောက်က ဆိုင်ရဲ့ စျေးနှုန်းကို နောက်ထပ် လျန်း ( ၅၀ ) လျော့ချလိုက်တာပေါ့။"

"ဟုတ်တယ်” အကြီးဆုံးမရီးရှန်းက စိတ်မသက်မသာ ခံစားနေရသည်။ ”ရှန်းကျီးရဲ့ စီးပွားရေးတွေ တိုးတက်လာကတည်းက နင်တို့ အစ်ကိုကြီးက ဆိုင်ကို တိုးချဲ့ဖို့ စဥ်းစားနေတာ နင်သိပါတယ်။ အခု ဒီလို အခွင့်ရေးမျိုး ပေါ်လာတော့ နင်အစ်ကိုက သွေးဆောင်ခံလိုက်ရတယ်။"

"ဒါပေမဲ့ ငါ စိတ်မသက်မသာ ဖြစ်နေတုန်းပဲ။ ကောင်းကင်ပေါ်က ပေါင်မုန့်တစ်ခု နင့်ရင်ခွင်ထဲကို ပြုတ်ကျလာသလိုမျိုး ကောင်းတဲ့အရာတွေက ဘယ်လောက်များများ ရှိနိုင်ပါ့မလဲ။” အကြီးဆုံးမရီးရှန်းက သက်ပြင်းချလိုက်သည်။”နင်တို့အစ်ကိုကြီးက ဆိုင်ရှင်ကျောက်နဲ့ တော်တော်လေး အဆင်ပြေနေတာကတော့ စိတ်မကောင်းစရာပဲ။ ဆိုင်ရှင်ကျောက်က လူကောင်းတစ်ယောက်လို့ သူက ထင်နေတယ်။"

"ဒါ့ကြောင့် အာ့ထောင် နင်ရဲ့ ထင်မြင်ချက်ကို ငါ မေးကြည့်ချင်တယ်။ နင်က လက်ထောက်ဆိုင်ရှင်ယို့နဲ့ သူငယ်ချင်းကောင်းတွေ မဟုတ်ဖူးလား။ လက်ထောက်ဆိုင်ရှင်ယို့က ကောင်တီမြို့မှာ အတော်လေး နှံ့စပ်တယ်။ ဒါကြောင့် နင်သူ့ကို အကူအညီတောင်းပြီး ဆိုင်ရှင်ကျောက်က တကယ်ယုံကြည်ထိုက်တဲ့သူ ဟုတ် မဟုတ်ကို ရှာကြည့်ပေးပါလား။"

"ညီမ နားလည်ပြီ” ကျီကျောက်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ”စိတ်မပူပါနဲ့ အကြီးဆုံးမရီး၊ ညီမ ဒီကိစ္စကို သေချာစုံစမ်းဖို့ နည်းလမ်းရှာလိုက်မယ်။”

"အင်း"

"အကြီးဆုံးမရီး အစ်မက ကိုယ်ဝန်ရှိနေတုန်းမို့လို့ ဟိုအတွေးဒီအတွေးတွေ သိပ်မတွေးနေနဲ့” ကျီကျောက်က ခပ်ဖျော့ဖျော့ ပြုံးသည်။ သူမက အကြီးဆုံးမရီးရှန်း၏ မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ ”တကယ်လို့ အစ်မဗိုက်ထဲက ကလေးကို ရုပ်ဆိုးဆိုးနဲ့ မမွေးစေချင်ဘူးဆိုရင် စိတ်ညစ်စရာတွေကို အရမ်းမတွေးနဲ့တော့။"

"အင်း...” အကြီးဆုံးမရီးရှန်းသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် မပြုံးပဲ မနေနိုင်ခဲ့ပေ။

"အကြီးဆုံးမရီး ညီမ ပြောတာကို မယုံဘူးလား” ကျီကျောက်က မျက်ခုံးပင့်ပြီး သူမ၏ လေသံက ပို၍ လေးနက်လာခဲ့သည်။ ”တကယ်တော့ ကလေးတွေက လူကြီးတွေရဲ့ စိတ်ခံစားချက်တွေကို ခံစားမိနိုင်တယ်။ အကြီးဆုံးမရီး အားလပ်ချိန်တွေမှာ အစ်မဗိုက်ထဲက ကလေးနဲ့ စကားပြောလို့ရတယ် ဒါမှမဟုတ် အစ်မ သူ့ကို စာဖတ်ပြလို့ရတယ်။"

"သူ့ကို စာဖတ်ပြလို့ရတာလား” အကြီးဆုံးမရီးရှန်းက အံ့အားသင့်စွာ မျက်လုံးပြူးကျယ်သွားသည်။ ”သူ နားလည်နိုင်လို့လား။"

"သူ နားမလည်ဘူးဆိုရင်တောင် ကိစ္စမရှိဘူး”ကျီကျောက်က အပြုံးလေးနှင့် ရှင်းပြပေးသည်။ ”တကယ်တော့ ကိုယ်ဝန်ဆောင် ပညာရေးက အရမ်းအရေးကြီးတယ်။ ချန့်ကျင်းယောင်ဖန့်မှာလည်း ကိုယ်ဝန်ဆောင်ပညာရေးရဲ့ အကျိုးကျေးဇူးတချို့ကို မှတ်တမ်းတင်ထားတယ်။ ဘာပဲဖြစ်ဖြစ် အစ်မ အချိန်ရရင် အစ်မဗိုက်ထဲက ကလေးနဲ့ စကားစမြည်ပြောဆိုကြည့်ချေ။ ဒါက အကျိုးရှိပြီး အန္တရယ်ကင်းတယ်။ ဘာဖြစ်လို့ အစ်မ မလုပ်ကြည့်တာလဲ။"

ကျီကျောက်၏ စကားကို ကြားတော့ အကြီးဆုံးမရီးရှန်းက ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ အာ့ထောင် နင်ပြောတာက အဓိပ္ပာယ်ရှိတယ်။”

တစ်ချိန်ထဲမှာပင် ချင်မိသားစုစံအိမ်၌....

ဆရာစုန့်သည် ကျီချန်၏ လက်ရေးစာကို ဖတ်ပြီး နှင်းထူထပ်သော မြင်ကွင်းတစ်ခုကို ပုံဖော်ထားသည့် ပန်းချီကားကို ကြည့်ပြီးနောက် သဘောကျသွားခဲ့သည်။သူက သက်ပြင်းမချပဲ မနေနိုင်ခဲ့ပေ။ ”နောက်ဆုံးတော့ မျိုးဆက်သစ်တွေက ငါတို့ကို သာလွန်သွားလိမ့်မယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ငါနားလည်သွားပြီ။"

ကျီချန်က မျက်တောင်ခတ်ပြီး မသိစိတ်က ဘေးကို တစ်ချက်ကြည့်ကာ သူ့ဘေးနားရှိ ရှန်းယောင်ကို မော့ကြည့်လိုက်သည်။

ရှန်းယောင်က သူ့ကို ညင်သာစွာ ပြုံးပြပြီး ခေါင်းကို ပွတ်သက်ပေးလိုက်သည်။ ”ဆရာက မင်းကို ချီးကျူးနေတာပဲ။"

ထိုစကားကို ကြားပြီးနောက် ကျီချန်က ပြုံးလိုက်သည်။

"ချန်ချန်က ငယ်ငယ်လေးကတည်းက စကားအများကြီးပြောတတ်တဲ့သူ မဟုတ်ဘူး”ရှန်းယောင်က ဆရာစုန့်ရဲ့ ပဟေဠိဆန်တဲ့ အကြည့်ကို တွေ့သောအခါ ပြုံးပြီး ရှင်းပြပေးသည်။ ”ဒါပေမဲ့ သူက အရမ်းထက်မြက်တယ်။ ပြီးတော့ သူက ပန်းချီဆွဲတဲ့နေရာမှာလည်း အရမ်းထူးချွန်တာကို ကျွန်တော် တွေ့ခဲ့တယ်။"

ဆရာစုန့်က ခေါင်းမညိတ်ပဲ မနေနိုင်ချေ။

“အရင်က မြို့တော်မှာ ထူးချွန်တဲ့ကလေးတချို့ကို ငါတွေ့ဖူးတယ်။ တစ်ချို့က လိမ္မာပါးနပ်ပေမဲ့ ကျွမ်းကျင်မှု တစ်ခုတည်းမှာပဲ ထူးထူးခြားခြား ထက်မြက်တယ်။"

“ကျီချန်လည်း ဒီလိုပဲလို့ ငါထင်တယ်။” ဆရာစုန့်က ခဏလောက် စဥ်းစားပြီး သူရဲ့ မုတ်ဆိတ်ဖြူတွေကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလာခဲ့သည်။ ”ငါ သူ့ကို ငါ့တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတယ်။"

"သူ့ပန်းချီကားတွေက စိတ်ဝင်စားစရာ ကောင်းပေမဲ့ သူ့ရဲ့စုတ်တံနဲ့ ရေးဆွဲပုံတွေက နည်းနည်းတော့ အတွေ့အကြုံ မရှိသေးဘူး။ သူ ဒီထက်ပိုပြီး လေ့လာနိုင်မယ်ဆိုရင် အနာဂတ်မှာ သေချာပေါက် ပြောင်းလဲလာလိမ့်မယ်လို့ ငါခံစားမိတယ်။” ဆရာစုန့်က သူ့တပည့် ကျီချန်ကို စိတ်ကျေနပ်သွားခဲ့သည်။

“တတိယသခင်လေးရှန်းအတွက်ကတော့...” ဆရာစုန့်က ရိုးသားစွာ ပြောခဲ့သည်။ ”ငါ မင်းကို ငါ့တပည့်အဖြစ် လက်မခံနိုင်ဘူး။"

***

All Chapters