ကမ္ဘာပေါ်ရှိ အရေးကိစ္စများဟာ အပြောင်းအလဲများနှင့် ပြည့်နှက်နေသည်။
Vol. 16 Ch. 253
ရှန်းယောင်သည် သံသယ မျက်လုံးများဖြင့် မျက်ခုံးပင့်ကာ တိတ်တဆိတ် မော့ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ဆရာစုန့်က သက်ပြင်းချလိုက်သည်။
“ရှန်းယောင် မင်းက ဗဟုသုတတွေနဲ့ ပြည့်စုံနေပြီ။ ငါမင်းကို လုံး၀ မသင်ပေးနိုင်ဘူး။ မင်းရဲ့ အကြီးမားဆုံး ပြဿနာက မင်းရဲ့ ဒေါသကို လုံး၀ မထိန်းနိုင်တာပဲ။”
“အဲဒီ ဒေါသတွေ ပြေပျောက်ပြီး စိတ်ကို အေးအေးဆေးဆေး ထားနိုင်မှ မင်း စာကို လေ့လာနိုင်လိမ့်မယ်” ဆရာစုန့်က ရှန်းယောင်ကို ကြည့်ပြီး ရှင်းပြပေးသည်။
“တော်၀င်တရားရုံးက ဒီဆောင်ဦးရာသီမှာ စာမေးပွဲကို ပြန်စဖို့ အလားလာရှိတယ်လို့ ငါကြားမိတယ်။ မင်း ဒါကို စမ်းပြီး ၀င်ရောက်ဖြေဆိုကြည့်နိုင်တယ်။”
“ဆောင်းဦးရာသီ စာမေးပွဲကို သုံးနှစ် တစ်ကြိမ် ကျင်းပပြီး မနှစ်ကလည်း ကျင်းပခဲ့တယ်လေ” ရှန်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် ဆရာစုန့်က ပြုံးရယ်လိုက်သည်။
“ရှန်းယောင်၊ ဒီကမ္ဘာပေါ်မှာ အရာရာဟာ မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတယ်” ဆရာစုန့်က ရုတ်တရက် သူ့ပုခုံးကို ပုတ်ပြီး ကြင်နာတဲ့ အပြုံးနဲ့ ပြုံးပြီး ပြောလိုက်သည်။
ရှန်းယောင်သည် ကျီချန်ကို ဟုန်ရှင်းစားသောက်ဆိုင်သို့ ပြန်ခေါ် လာသောအခါ ကျီကျောက်သည် ပြန်မရောက်လာသေးပေ။
ရှန်းယောင်က ကျီချန်ကို စကားအနည်းငယ် ပြောပြီးနောက် မီးဖိုချောင်ဘက်သို့ သွားလိုက်သည်။
အာ့ထောင်သည် ရှန်းကျီးအစာသွပ် မုန့်ဆိုင်တွင် နေ့လည်စာ စားလိမ့်မည်ဟု သူထင်ခဲ့သည်။
ရှန်းယောင် မျှော်လင့်ထားသည့် အတိုင်း ကျီကျောက်သည် ရှန်းကျီးအစာသွပ်မုန့်ဆိုင်တွင် နေ့လည်စာ စားဖို့ အမှန်ပင် ရှိနေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ရှန်းကျီးအစာသွပ်မုန့်ဆိုင်၏ လေထုသည် မကောင်းလှပေ။
အကြီးဆုံးမရီးရှန်းသည် နှုတ်ဆိတ်နေသော ရှန်းတာ့လန်ကို ကြည့်ကာ တင်းမာသော မျက်နှာထားဖြင့် ဒေါသအရမ်းကြီးပြီး စကား မပြောနိုင်ပေ။
“ရှန်းလန် ရှင်ဘာဖြစ်လို့ ဒီလောက် ဗရုတ်သုက္ခနိုင်နေရတာလဲ။ ရှင် စာချုပ်ကို သေသေချာချာ မဖတ်ပဲ ဘယ်လိုလုပ်ပြီး လက်မှတ်ထိုးနိုင်ရတာလဲ”
နှစ်ပေါင်းများစွာ အိမ်ထောင်ကျပြီး အတူရှိပြီးနောက် အကြီးဆုံးမရီးရှန်းသည် ရှန်တာ့လန်အား သူ၏ အမည် အပြည့်အစုံကို ပထမဆုံး အကြိမ်အဖြင့် ခေါ်ဝေါ်ပြီး ကြိမ်းမောင်းပြောဆိုခဲ့တာပင် ဖြစ်သည်။
“ငါ....” ရှန်တာ့လန်က စိတ်ပျက်လက်ပျက်ဖြင့် သူ့နားရွက်ကို ကုတ်လိုက်သည်။ ”မသိဘူး... အဲဒီအချိန်တုန်းက ဆိုင်ရှင်ကျောက်နဲ့ တစ်ခွက်လောက် သောက်ပြီး ဆိုင်ရဲ့ ဈေးနှုန်းကို လျန်း ( ၅၀ ) လျှော့ပေးလိုက်တယ်။ ငါ တကယ်ကို လှုံ့ဆော်ခံလိုက်ရပြီးတော့ အဲဒီစာချုပ်မှာ လက်မှတ်ထိုးပြီး စပေါ်ငွေ လျန်း ( ၁၀၀ ) ပေးလာခဲ့တယ်။”
အကြီးဆုံးမရီးရှန်းသည် ဒေါသ အရမ်းထွက်ပြီး စကားမပြောနိုင်တော့ပေ။ ”ရှင် ဆိုင်တစ်ဆိုင်ကို ၀ယ်ယူတဲ့ ကိစ္စ ကြီးကြီးမားမားကို ရှင် ကျွန်မနဲ့ ဘာဖြစ်လို့ မဆွေးနွေးခဲ့တာလဲ။”
“တုန်းမေ့ စိတ်မဆိုးပါနဲ့” ရှန်းတာ့လန်က ပြောသည်။ ”မင်းမှာ ကိုယ်၀န် ရှိနေတုန်းပဲ။ စိတ်ဆိုးတာက မင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။”
“အကြီးဆုံးမရီး ညီမကို စာချုပ် ပြလို့ ရမလား။”
လေထု တင်းမာမှု လျော့နည်း သွားသောအခါ ကျီကျောက်သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးကာ တိုးတိုးလေး မေးလိုက်သည်။
အကြီးဆုံးမရီးရှန်းက စာချုပ်ကို အလျင်အမြန် ထုတ်ပေး လိုက်သည်။
ကျီကျောက်က စာချုပ်ကို လေးလေးနက်နက် ကြည့်ပြီး သူ့အကြည့်တွေက စာလုံး သေးသေးလေးရဲ့ နောက်ဆုံး စာကြောင်းကို ရောက်သွားခဲ့သည်။
ကျီကျောက်သည် သွားပြီဟု ခံစားလိုက် ရသည်။ ”အစ်ကိုကြီး၊ ဒီစာကြောင်းမှာ တစ်ခုခု မှားနေသလိုပဲ။”
စာချုပ်၏ နောက်ဆုံးစာကြောင်းတွင် ၀ယ်သူနှင့် ရောင်းသူကြား အရောင်းအ၀ယ် ဖြစ်သောအခါတွင် ၀ယ်သူသည် ရောင်းသူ၏ အကြွေးများ အားလုံးကို ဆပ်ပေးရန် လိုအပ်ပြီး သူ့စကားကို ပြန်ရုတ်သိမ်း၍ မရကြောင်း စာချုပ်၏ နောက်ဆုံး စာကြောင်းတွင် ဖော်ပြထားသည်။ မဟုတ်ပါက စာချုပ် ပျက်ပြယ်သွားရုံသာမက ၀ယ်သူ ရောင်းသူအား ငွေလျန်း ( ၅၀၀ ) လျော်ကြေးပေးရန် လိုအပ်မည် ဖြစ်သည်။
“ဒါက လုံး၀ မမျှတတဲ့ စာချုပ်ပဲ” ကျီကျောက်က ကမန်းကတန်း ထရပ် လိုက်သည်။ “အစ်ကိုကြီး၊ ဒီစာချုပ် ချုပ်ဆိုတုန်းက ဆိုင်ရှင်ကျောက်က ထူးထူးခြားခြား ပြုမူခဲ့တာ ရှိလား။”
“အာ့ထောင် မစိုးရိမ်နဲ့” ရှန်းတာ့လန်က သူတို့ နှစ်ယောက်ကို အလျင်အမြန် လက်ရမ်းပြ လိုက်သည်။ “စိတ်မပူနဲ့။ ငါ့စကားကို အရင် နားထောင်ချေ။”
“ဒီစာချုပ်ရဲ့ နောက်ဆုံး စာကြောင်းကို ဆိုင်ရှင်ကျောက်က ထပ်ဖြည့် ထားတာ။ သူ့ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ်။ သူက ဆိုင်ကို ရောင်းချဖို့ အလျင်လိုနေတာကြောင့် ၀ယ်သူကို နောင်တ မရစေချင်ဘူး”
ရှန်းတာ့လန်က သူ့ရင်ဘက်ကို ပုတ်ပြီး ယုံကြည်မှု့ အပြည့်နှင့် ပြုံးလိုက်သည်။ ”အရင်က ဆိုင်ရဲ့ အကြွေးနဲ့ ပတ်သက်ပြီး ငါလည်း ရှင်းရှင်းလင်းလင်း မေးမြန်းကြည့်ထားတယ်။ အစ်ကိုကျောက်က ဆိုင်အလုပ်သမားတွေရဲ့ လုပ်ခ လစာကိုပဲ အကြွေးတင်နေတာဆိုတော့ သိပ်မများဘူး။ စုစုပေါင်းမှ ငွေ ( ၂၅ ) လျန်းပဲ ရှိတယ်။”
“မနက်ဖြန် မနက်ကျရင် အစ်ကိုကျောက်က ငါ့ကို လာရှာလိမ့်မယ်။ ပြီးရင် ငါ သူနဲ့ အတူ ခရိုင်အစိုးရမှာ ဆိုင်လွှဲပြောင်းဖို့ကို လုပ်လိုက်မယ်”ရှန်းတာ့လန်က ပြုံးပြီး ပြောသည်။ ”ဒါကြောင့် တုန်းမေ့၊ အာ့ထောင်၊ မင်းတို့ အရမ်း စိတ်ပူနေစရာ မလိုဘူး။”
“ငါ အနီးအနား ပတ်၀န်းကျင်ကိုလည်း မေးမြန်းစုံစမ်းကြည့်ပြီးပြီ။ အဲဒီဆိုင်က ငွေလျန်း ( ၃၀၀ ) လောက် တန်တယ်။ အခုချိန် ၀ယ်လိုက်မယ်ဆိုရင် ဆိုင်ရဲ့ ဈေးက တစ်၀က်ပဲ ကျသင့်လိမ့်မယ်။ ဒီသဘောတူညီချက်အတွက် ပိုက်ဆံ မဆုံးရှုံးဘူး” ရှန်းတာ့လန်က သူတို့ စိတ်ညစ်သွားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ပြောသည်။
“ဒီအတိုင်း ဖြစ်ဖို့ကိုပဲ မျှော်လင့်ရမယ်” အကြီးမရီးရှန်းသည် ကျီကျောက် နှင့် အကြည့်ခြင်း ဖလှယ်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ”အာ့ထောင် နင်ငါ့ကို ကျေးဇူးပြုပြီး မျက်နှာသာ တစ်ခုလောက် ပေးနိုင်မလား။”
“အစ်ကိုကြီး ဘာဖြစ်ချင်လို့လဲ။”
“နင့်မှာ အကြံကောင်းလေးတွေ ရှိမလား။ ငါ ဆိုင်သစ် ဖွင့်တဲ့ အခါကြရင် ငါတို့ ရှန်းကျီးအစာသွပ်မုန့်ဆိုင်အတွက် လျော့ဈေး အစီအစဥ်တွေ ရေးဆွဲပေးနိုင်မလား။ နောက်ပြီး အသင်း၀င်စနစ်အကြောင်း နင် အရင်က ပြောဖူးတယ်မလား။ ဒါကို အသေးစိတ် အစီအစဥ် တစ်ခုကို ငါ့ကို ကူညီပြီး ရေးဆွဲပေးနိုင်မလား။”
“ကောင်းပြီလေ” ကျီကျောက်က ခေါင်းငြိမ့် သဘောတူလိုက်သည်။
နာရီ၀က် ကြာပြီးနောက် ကျီကျောက်သည် ဟုန်ရှင်းစားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် ကျီချန်သည် စာပွဲခုံ ရှေ့တွင် ရပ်ကာ လေးလေးနက်နက် ဂရုတစိုက် ရေးဆွဲနေသည်။ သူ့ဘေးမှာ ရပ်နေတဲ့ ရှန်းယောင်က အသေးစိတ် အချက်အလက်တွေကို အလေးအနက် ပြောပေးနေခဲ့သည်။
“အစ်မ”
ကျီချန်သည် ခြေသံကို ကြားလိုက်သောအခါ အမြန်လှမ်းကြည့် လိုက်သည်။ သူက သူ့လက်ထဲမှ စုတ်တံကို အမြန်ချပြီး ကျီကျောက်ထံသို့ အပြုံးနှင့် ပြေးလာခဲ့သည်။
“အစ်မရဲ့ ချန်ချန်က ဒီနေ့ ဆရာစုန့်ဆီမှာ တပည့် ဖြစ်လာခဲ့ပြီလား”ကျီကျောက်သည် သူမ၏ မျက်လုံးလေးများ လခြမ်းအသွင် ကွေးညွှတ်သွားသည်အထိ ပြုံးရယ်ရင်း ကျီချန်၏ ခေါင်းပေါ်ရှိ ဆံပင်များကို ပွတ်သပ်ကာ မေးလိုက်သည်။
“ဟုတ်ကဲ့” ကျီချန်က အားတတ်သရော ခေါင်းငြိမ့်ပြလိုက်ပြီး သူ့မျက်နှာ အပေါ်က အပြုံးက ပိုလို့သာ ထင်းရှင်းလာခဲ့သည်။ ”ကျွန်တော် ပညာသင်လို့ ရပြီ။ အစ်မ စားသောက်ပွဲ လုပ်ပေးမလား။”
“တကယ်ပဲ တပည့် ဖြစ်သွားပြီလား” ကျီကျောက်သည်လည်း အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
သူမက ရှန်းယောင်ကို လှည့်ကြည့် လိုက်သည်။ ”အာ့ယောင် ချန်ချန် ပြောတာ အမှန်ပဲလား။ ဆရာ့စုန့်က သူ့ကို တပည့်အဖြစ် လက်ခံဖို့ တကယ်ပဲ ဆန္ဒရှိနေတာလား။”
“ဟုတ်တယ်” သူမ၏ အံ့အားသင့်နေသလို အပြုံးကို မြင်သော် ရှန်းယောင်က အသာအယာ ခေါင်းငြိမ့်ပြသည်။ သူ့စိတ်ထဲတွင် နစ်မွန်းနေသော အမှောင်ထုသည် ထက်၀က်ကျော်မျှ ပျောက်ကွယ် သွားပုံရသည်။ ”ဆရာ့စုန့်က ချန်ချန်ကို သူ့တပည့်အဖြစ် အမှန်တကယ် လက်ခံခဲ့တယ်။”
“အဲဒါ အရမ်းကောင်းတယ်” ကျီကျောက်က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူမက ခေါင်းငုံ့ပြီး ကျီချန်၏ ပါးကို မနမ်းပဲ မနေနိုင်တော့ပေ။ “ကျွန်မတို့ ချန်ချန်က အရမ်းတော်တယ်။ အစ်မ အရမ်းပျော်တာပဲ။”
ကျီချန်က သူမ နမ်းတာကို ခံလိုက်ရပြီးနောက် ရှက်ရှက်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“အစ်မ ဒီည ချန်ချန်အတွက် အရမ်း အရသာရှိတဲ့ ဟင်းပွဲတွေ ပြင်ဆင်ပေးမယ်။ ချန်ချန် စောင့်မျှော်နေလိုက်တော့” ကျီကျောက်က ကျီချန်ကို နမ်းကာ ပွေ့ဖက်ပြီး အမြင့်ကို မြှောက်ချီလိုက်ချင်သည်။ ကံမကောင်းစွာပဲ သူမ၏ လက်များသည် သေးသွယ်လွန်းသောကြောင့် သူမ၏ စိတ်လှုပ်ရှားမှုကို ဤနည်းဖြင့် မဖော်ပြနိုင်ပေ။
“အဟွတ် အဟွတ်” ကျီချန်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်နေသည်ကို မြင်သော ရှန်းယောင်က ရုတ်တရက် ချောင်းဆိုး လိုက်သည်။
“ဘာဖြစ်လို့လဲ” ကျီကျောက်က စိုးရိမ်တကြီးနဲ့ သူ့ဘေးနားကို လှမ်းလာခဲ့ပြီး ခြေဖျားထောက်ကာ သူ့နဖူးကို စိတ်အား ထက်သန်စွာ စမ်းသပ်လိုက်သည်။ ”ရှန်းယောင် ရှင် တစ်ခုခု ဖြစ်နေတာလား။”
“ဒီမှာ” ရှန်းယောင်သည် ရုတ်တရက် သူမ၏ လက်ကို ဆုပ်ကိုင်ပြီး သူ၏ ဘယ်ဘက် ရင်ဘက်ပေါ် တင်ပေးလိုက်သည်။ ”ဒီထဲမှာ နည်းနည်းတော့ အဆင်မပြေဘူး” ရှန်းယောင်က ၀မ်းနည်းစွာ ပြောလိုက်သည်။
“ဘာဖြစ်နေတာလဲ” ကျီကျောက်သည် သူ၏ မူမမှန်မှုကို သတိပြုမိကာ မျက်မှောင်ကြုတ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
“ဆရာစုန့်က ကိုယ့်ကို သူ့တပည့် အဖြစ် လက်မခံချင်ဘူး” ရှန်းယောင်က သူမကို ကြည့်ပြီး မျက်နှာငယ်ဖြင့် ပြောလိုက်သည်။
“ဟင်...”ကျီကျောက်သည် ထိုသတင်းကို ကြားသောအခါ အလွန်တုန်လှုပ်သွားသည်။
“ဒါဆို ဆရာစုန့်က ချန်ချန့်ကို ပန်ချီဆွဲတာ အရမ်းထူးချွန်နေတယ်လို့ထင်တဲ့အတွက် ချန်ချန့်ကို သူ့တပည့်အဖြစ် လက်ခံခဲ့တာလား။ ဒါပေမဲ့ သူက ရှင့်ကို သူ့တပည့်အဖြစ် လက်မခံခဲ့ဘူးလား။”
ကျီကျောက်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
“ဒါပေမဲ့ ဆရာစုန့်က ရှင့်ကို ဘာဖြစ်လို့ လက်မခံတာလဲ။”
စာအုပ်ထဲမှာ ဇာတ်ကွက်အရ ရှန်းယောင်က အနာဂတ်မှာ သြဇာကြီးမားတဲ့ ၀န်ကြီးချုပ် ဖြစ်လာရတဲ့ အကြောင်းအရင်းမှာ သူ့ရဲ့ ထက်မြတ်တဲ့ စာပေစွမ်းရည်နဲ့ လေးနက်တဲ့ ဗဟုသုတတွေကြောင့်ဆိုတာ ကျီကျောက် မှတ်မိပေသည်။ ဆရာစုန့်က သူ့ကို တပည့်အဖြစ် ဘာဖြစ်လို့ လက်မခံခဲ့တာလဲ။
***