မင်း တကယ်ကို တော်တယ်။
Vol. 17 Ch. 260
အမိမဲ့ကလေးဟာ ပေါင်းမြက်လိုပဲ။
ဒီစကားကို ကြားလိုက်သောအခါ အကြီးဆုံးမရီးရှန်း၏ ရင်ထဲ နာကျင်သွားသည်။
သူမသည် ငယ်စဉ်ကတည်းက မိခင်ဆုံးရှုံးခဲ့သော ကလေးတစ်ယောက် ဖြစ်၏။
ဒီနှစ်တွေအားလုံး သူမနှင့် ချွင်းယန်တို့ ညီအစ်မ အချင်းချင်း မှီခိုပြီး ဒုက္ခပေါင်းစုံကို ဖြတ်ကျော်ခဲ့ကြသည်။ သူမ ရှန်းတာ့လန်ကို လက်မထပ်ခင်က စားစရာ မရှိ၊ နွေးနွေးထွေးထွေး ဝတ်စရာ မရှိသော ဘဝကို ဖြတ်သန်းခဲ့ရသည်။
သူမသည် သူမ၏ ကလေးကို ထိုသို့သော နာကျင်မှုမျိုး ထပ်မခံစားစေချင်တော့ပါ။
“အကြီးဆုံးမရီး၊ ကျွန်မရဲ့ တူလေးက မိခင်ရဲ့ မေတ္တာမပါပဲ မွေးလာတာကို အကြီးဆုံးမရီး လိုချင်တာလား။ အစ်မကိုယ်တိုင် ကိုယ်ဝန်ဆယ်လလွယ်ပြီး မွေးဖွားလာတဲ့ ကလေးက ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ အကြီးဆုံးမရီး မမြင်ချင်ဘူးလား။ အကြီးဆုံးမရီး။ ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်။ အကြီးဆုံးမရီး သေချာပေါက် လုပ်နိုင်ပါတယ်။”
ကျီကျောက်၏ အားပေးမှုက အကြီးဆုံးမရီးရှန်းကို အပြည့်အဝ သတ္တိပေးခဲ့သည်။
သူမ အသက်အောင့်ကာ အံတင်းတင်းကြိတ်ပြီး အစွမ်းကုန် ကြိုးစားလိုက်ပြန်သည်။
“ကလေးခေါင်းကို တွေ့ပြီ။”
“မြန်မြန်လေး။ အားပိုထည့်။”
“ကလေး ထွက်တော့မယ်။”
အကြီးဆုံးမရီးရှန်းသည် နာကျင်မှုဖြင့် အိပ်ရာခင်းများကို တင်းတင်းဆုပ်ကိုင်ထားပြီး အားကုန်သုံးလိုက်သည်။
ဝါး။
ကလေးငယ်၏ ငိုသံသည် ကောင်းကင်ကို လွှမ်းခြုံသွားသည်။
“အကြီးဆုံးမရီး၊ အကြီးဆုံးမရီး တကယ်ကို တော်ပါတယ်။” ဒီမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ကျီကျောက်ဟာ မသိစိတ်ကပင် မျက်ရည်တွေ ဝဲနေခဲ့လေပြီ။ သူမက မောပန်းနွမ်းနယ်နေတဲ့ အကြီးဆုံးမရီးရှန်းကို ကြည့်ပြီး စိတ်ရင်းမှန်နဲ့ ချီးကျူးလိုက်သည်။
“အာ့ထောင်၊ ကျေးဇူးတင်ပါတယ်...”
ထိုစကားလုံးငါးလုံးကို မနည်းပြောပြီးနောက် အကြီးဆုံးမရီးရှန်း အိပ်ပျော်သွားခဲ့သည်။
တစ်နာရီကြာပြီးနောက်။
အခန်းကို နောက်ဆုံးတွင် သန့်ရှင်းရေးလုပ်ပြီးသွားသည်။
ကျီကျောက်က ကလေးပုခက်ထဲက ဖြူဖွေးနူးညံ့တဲ့ ကလေးငယ်ကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်။
“ကောင်စုတ်လေး၊ မင်း ငါတို့ကို သေလုနီးပါး ကြောက်အောင် လုပ်ခဲ့တာ မင်းသိလား”
သားဖွားဆရာမကို ဆုချပြီးနောက် ကျီကျောက်က ကလေးကို ပုခက်ထဲမှ ယူကာ ထွက်လာခဲ့သည်။
“အာ့ယောင်” ကျီကျောက်က တိတ်ဆိတ်နေသော ရှန်းယောင် ဘေးသို့ လျှောက်သွားပြီး ညင်သာစွာ ပြုံးလိုက်သည်။
“ကြည့်ပါဦး၊ အစ်မက မွေးလိုက်တဲ့ ဒီကောင်လေးက အရမ်းချစ်စရာကောင်းတယ်မလား”
ရှန်းယောင်က ကလေးအနှီးထုပ်ထဲမှ ကောင်လေးကို ကြည့်ပြီး ညင်သာစွာ ပြန်ဖြေလိုက်သည်။
“ရှင် ပွေ့ကြည့်ချင်လား”
“ဟင့်အင်း.. ဟင့်အင်း...” ရှန်းယောင်က အလျင်အမြန် လက်ဝှေ့ယမ်းကာ ငြင်းဆန်လိုက်သည်။
“စမ်းကြည့်ပါဦး” ကျီကျောက်က ပြုံးလျက် ပြောလိုက်ပြီး ကလေးအနှီးထုပ်လေးကို ရှန်းယောင်၏ လက်ထဲ ထည့်ပေးလိုက်သည်။
ရှန်းယောင်က စိုးရိမ်တကြီး ကိုယ်ကို မတ်မတ်ထားပြီး ကလေးအနှီးထုပ်လေးကို လက်ထဲ ထွေးပွေ့ထားကာ မလှုပ်ဝံ့ပေ။
“အာ့ယောင်၊ အဲဒီလောက် စိတ်မပူပါနဲ့။” ကျီကျောက်က သူ့ကို ညင်သာစွာ သတိပေးလိုက်သည်။
“ကလေးရဲ့ လည်ပင်းကို ဘယ်လက်နဲ့ ကိုင်ရမယ်၊ ပြီးတော့ ကလေးအနှီးထုပ် အလယ်ကို ညာလက်နဲ့ ပွေ့ဖက်ရမယ်။ ပြီးတော့ ဒီလောက် မတောင့်တင်းပါနဲ့။”
ရှန်းယောင်သည် အလွန်အမင်း စိုးရိမ်နေသဖြင့် စကားမပြောဝံ့ပေ။
ကလေးအနှီးထုပ်နှင့် ခြားထားသော လက်မှ နွေးထွေးမှုလှိုင်းတစ်စုံကို ခံစားရသောအခါမှ ရှန်းယောင်က အလျင်အမြန် ခေါင်းမော့ကာ ကျီကျောက်ကို ကြည့်လိုက်သည်။ သူ့မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။ ”အာ့ထောင်၊ သူ... ချေးပါလိုက်ပြီနဲ့ တူတယ်...”
ကျီကျောက်သည် ရှန်းယောင်၏ မျက်နှာပေါ်တွင် ထိုသို့သော ကူကယ်ရာမဲ့သည့် အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးပါ။
အကယ်၍ သူမတွင် ကင်မရာတစ်လုံးသာ ရှိခဲ့လျှင် ရှန်းယောင်၏ အမူအရာကို အမှတ်တရ ဓာတ်ပုံရိုက်ထားမှာ သေချာပါသည်။
“အာ့ထောင်။”
“စိတ်မပူပါနဲ့” ကျီကျောက်က ပြုံးပြီး သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူမက ကလေးအနှီးထုပ်လေးကို သူ့လက်ထဲမှ ဂရုတစိုက် ပြန်ယူကာ အတွင်းခန်းသို့ လှည့်ဝင်သွားသည်။
“ကောင်လေး၊ မင်းက တော်တော်လေး ဆိုးတာပဲလား။ မင်းဦးလေး ပထမဆုံးအကြိမ် မင်းကို ပွေ့တာ၊ မင်း သူ့ကို ဒီလောက် နွေးထွေးတဲ့ လက်ဆောင်ပေးလိုက်တာလား” ကျီကျောက်က ကောင်လေးရဲ့ အနှီးကို အလျင်အမြန် လဲလှယ်ပေးလိုက်ပြီး ညင်သာစွာ ရေရွတ်လိုက်သည်။ ”နောက်ဆို ဦးလေးကို မကျီစယ်ပါနဲ့၊ မဟုတ်ရင် ဒေါ်လေးက မင်းကို ရိုက်မှာနော်။”
ကောင်လေးက နို့သောက်ပြီး အိပ်ပျော်သွားပြီးနောက် ကျီကျောက်က အခန်းထဲမှ ခြေဖျားထောက် ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရှန်းယောင်သည် ကြမ်းပြင်ပေါ်က သွေးများကို သုတ်နေသည်။
“ရှင် အနားယူလိုက်ပါဦး” ကျီကျောက်က လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး သူ့ကို ကြက်သားစွပ်ပြုတ် တစ်ပန်းကန် ကမ်းပေးလိုက်သည်။
“ဒါကို အရင်ရှင်းလိုက်ဦးမယ်” ရှန်းယောင်က ဖြည်းဖြည်းချင်း လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ ”အကြီးဆုံးမရီးနဲ့ ကလေး အိပ်ပျော်သွားပြီလား”
“ဟုတ်ကဲ့၊ အကြီးဆုံးမရီးက အစောပိုင်းက နိုးလာသေးတယ်။ အနားယူပြီးတော့ ကြက်သားခေါက်ဆွဲစွပ်ပြုတ် တစ်ပန်းကန်ကြီးစားပြီး ပြန်အိပ်ပျော်သွားတယ်” ဟု ကျီကျောက်က ညင်သာစွာ ပြောလိုက်သည်။
“ဒီနေ့ မင်း အချိန်မီ ရောက်လာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် အကြီးဆုံးမရီးနဲ့ ကလေး အန္တရာယ်ဖြစ်သွားလိမ့်မယ်” ရှန်းယောင်က ကျီကျောက်ကို ကြည့်လိုက်သည်။ သူ့ရဲ့ နူးညံ့တဲ့ မျက်လုံးတွေက ကျေးဇူးတင်မှုတွေ ပြည့်နှက်နေသည်။ ”မင်း နောက်ဆုံးအချိန်မှာ အကြီးဆုံးမရီးကို အားမပေးခဲ့ဘူးဆိုရင် အကျိုးဆက်တွေက စိတ်ကူးမယဉ်နိုင်လောက်အောင် ဆိုးရွားသွားလိမ့်မယ်”
“တကယ်တော့ အကြီးဆုံးမရီးက ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ သူမ အားကောင်းလို့ပါ” ကျီကျောက်က ပြုံးပြီး ပြောလိုက်သည်။ ”ဘာပဲဖြစ်ဖြစ် မိခင်မေတ္တာရဲ့ စွမ်းအားက အလွန်ကြီးမားပါတယ်”
“ဟုတ်တယ်” ရှန်းယောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
သို့သော် နောင်တွင် အာ့ထောင်နှင့် လက်ထပ်ပြီးပါက အာ့ထောင်ကို ကိုယ်ဝန်ဆောင်ခွင့် မပြုတော့ဟု သူ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားရတာ တကယ်ကို ကြောက်စရာကောင်းသည်။
“ဒါနဲ့…” ကျီကျောက်က သူ့လက်မောင်းကို ဆွဲကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ ”အစ်ကိုကြီး ဘယ်တော့လောက် ပြန်လွတ်လာမလဲ”
“သိပ်မကြာခင်…” ရှန်းယောင်က ခိုင်ခိုင်မာမာ ပြောလိုက်သည်။ ”ဘာအမှားအယွင်းမှ မရှိရင် အစ်ကိုကြီး မနက်ဖြန် အိမ်ပြန်လာနိုင်ပါလိမ့်မယ်”
ထိုအချိန် မားအိမ်တော်၌...
ဒေါသထွက်နေသော မားထျန်းရှန့်သည် အပြာနှင့်အဖြူ ရောစပ်ထားသော ကြွေလက်ဖက်ရည်ခွက် တစ်စုံလုံးကို ရိုက်ခွဲလိုက်ပြီး သူ၏ စူးရှသော မျက်လုံးများက ဒေါသများ ဖုံးလွှမ်းနေသည်။
သူ သူ့ဘဝတစ်လျှောက်လုံး ဒီလို အရှက်ရတာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။
“အကြီးဆုံး သခင်လေး၊ ဒါက သခင်ကြီးရဲ့ ရာထူးတိုးဖို့ အရေးကြီးတဲ့အချိန်ပါ။ ဒီအချိန်မှာ တစ်ခုခု မှားယွင်းသွားရင် သူ့ရဲ့ နောင်အနာဂတ်ကို သေချာပေါက် ထိခိုက်သွားပါလိမ့်မယ်” ခရိုင်တရားသူကြီးမင်းမား ယုံကြည်ရသော အကြံပေးချီရုန်က စိတ်ရင်းမှန်ဖြင့် အကြံပေးလိုက်သည်။
“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ထွက်သွားစမ်း။”
မားထျန်းရှန့်က ဒေါသတကြီး သူ့ခြေထောက်ကို မြှောက်ပြီး အကြံပေးချီရဲ့ ရင်ဘတ်ကို ကန်လိုက်သည်။
ခရိုင်တရားသူကြီးမင်းမားက ဒီမြင်ကွင်းကို မြင်လိုက်ရသည်။
“မင်း ပုန်ကန်ထကြွနေတာလား” ခရိုင်တရားသူကြီးမင်းမားက ဘာမှ မပြောပဲ ချက်ချင်း ပြေးလာပြီး မားထျန်းရှန့်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
“မင်း အစုတ်ပဲ့ကောင်၊ နေ့ခင်းကြောင်တောင် သာမန်မိန်းကလေးတစ်ယောက်ကို ဘယ်လို ရဲတင်းရတာလဲ။ မင်း မားမိသားစု ဘိုးဘေးတွေကို အရှက်ရအောင် လုပ်ပြီးမှ ရပ်တော့မှာလား”
“ကျွန်တော့်ကို ရိုက်လိုက်တာလား” မားထျန်းရှန့်က သူ့မျက်နှာကို ဖက်ပြီး မယုံကြည်နိုင်စွာ မျက်လုံးပြူးလိုက်သည်။
“ကောင်းပြီ။ အပြင်လူတွေ ကျွန်တော့်ကို စော်ကားတာ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို ရိုက်တာပေါ့။ ခင်ဗျားစိတ်ထဲမှာ ကျွန်တော် ရှိသေးရဲ့လား”
ရှေ့ခြံဝင်းသည် ရှုပ်ထွေးနေပေသော်လည်း နောက်ခြံဝင်းကတော့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေသည်။
အမျိုးသမီးဟို့က သူမရှေ့က ဆေးနက်တစ်ပန်းကန်ကို ကြည့်ပြီး နောက်ဆုတ်ချင်စိတ် ဖြစ်မိသွားသည်။
“လျန့်ရှင်း၊ တစ်ခါပဲ တွေ့ဖူးတဲ့သူကို ယုံကြည်လိုက်တာ ငါ ရူးနေပြီလို့ မင်းထင်လား”
“အမျိုးသမီး၊ ကျွန်မ ခုနက မြည်းစမ်းပြီးပြီ။ ဒီဆေးက လုံးဝ မခါးဘူး။ ချိုပါတယ်”လို့ လျန့်ရှင်းက တလေးတစား ပြန်ပြောလိုက်သည်။ ”ဒါ့အပြင် ဒီဆေးညွှန်းကို ပြပြီး သမားတော်ကိုလည်း တိုင်ပင်ကြည့်ခဲ့ပြီးပြီ။ ဒါက ပြဿနာ မရှိပါဘူး”
အမျိုးသမီးဟို့က ညင်သာစွာ သက်ပြင်းချပြီး ဆေးတစ်ပန်းကန်လုံးကို တစ်ငုံတည်း ကုန်အောင် အတင်းသောက်ချလိုက်သည်။
“တကယ်ပဲ မခါးဘူးပဲ” အမျိုးသမီးဟို့ မျက်မှောင်ကြုတ်မိလိုက်သည်။ ”ဒီနှစ်တစ်လျှောက်လုံး ငါ ကလေးရဖို့အတွက် ဆေးခါးတွေ အရမ်းကို အများကြီး သောက်ခဲ့ရတယ်။ ဒီလို ချိုတဲ့ဆေးမျိုး ကြုံဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ”
“သခင်မ၊ ကျွန်မကို တစ်ခုလောက် ပြောခွင့်ပြုပါလား” လျန့်ရှင်းက သူမ၏ ဒူးများကို အနည်းငယ် ကွေးကာ ညင်သာစွာ ပြောလိုက်သည်။ ”တကယ်တော့ မိန်းကလေးကျီ ပြောတာ မှန်တယ်လို့ ကျွန်မ ထင်ပါတယ်။ သခင်မ၊ ကလေးမရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်ဓာတ်ကျနေလို့ မရဘူး။ စိတ်အပန်းဖြေနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို နားလည်ပေးဖို့ သင်ယူရပါမယ်”
“ငါ နားလည်ပါတယ်” အမျိုးသမီးဟို့က မျက်လွှာချပြီး သူမ၏ ဗိုက်ကို ငုံ့ကြည့်နေလိုက်သည်။
သူမ၏ မျက်လုံးများထဲမှ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
သခင်မကြီးမား မထွက်ခွာခင် သူမ၏ ခင်ပွန်းအတွက် မယားငယ်ယူရန် ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သူမ သေမယ့်အချိန်ကို ထိုင်စောင့်နေလို့ မရပါ။
“လျန့်ရှင်း၊ အဝတ်အစားလဲပေးပါဦး။ ငါ ခင်ပွန်းကို သွားတွေ့ချင်တယ်...”
***