အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း။ ၆၃
အိမ်ရာ၏ ပင်မတံခါးကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သွေးအိုင်ထဲတွင် လဲလျောင်းနေသော အလောင်း သုံးလေးလောင်းကို တွေ့လိုက်ရသည်။ သူတို့မှာ သေချာပေါက် အသက်ပျောက်နေကြပြီ ဖြစ်သည်။
သူတို့အထဲတွင် ဆံပင်ဖြူဖွေးနေသော အဖိုးအိုတစ်ဦးလည်း ပါဝင်ပြီး ပါးစပ်ဟလျက် မျက်လုံးအပြူးသားဖြင့် ကောင်းကင်ကြီးကို စိုက်ကြည့်နေသည်။ လောကကြီး၏ မတရားမှုကို တိုင်တည်နေသကဲ့သို့ ရှိနေသော ထိုပုံရိပ်မှာ မြင်တွေ့ရသူတိုင်း၏ စိတ်ကို တုန်လှုပ်စေသည်။
“ဒီကောင်တွေ... တကယ်ကို လွန်လွန်းတယ် သက်ကြီးရွယ်အိုတွေကိုတောင် မချန်ကြဘူး”
လုရန်က ဒေါသတကြီး ပြောလိုက်သည်။
“ဟုတ်တယ်”
အခြားသူများကလည်း ခေါင်းညိတ်ထောက်ခံကြသည်။
လုံယီ၏ လက်အောက်ငယ်သားများမှာ လူကောင်းသူကောင်းများ ဖြစ်နေ၍တော့ မဟုတ်ပေ။ သို့သော် မည်မျှပင် ရက်စက်သောသူ ဖြစ်ပါစေ စိတ်နှလုံးထဲတွင် သနားကြင်နာမှု အရိပ်အယောင် အနည်းငယ်တော့ ရှိတတ်ကြစမြဲပင်။ အထူးသဖြင့် သူတို့ မကြည်ဖြူသောသူများက မကောင်းမှုလုပ်နေသည်ကို မြင်ရသောအခါ ပို၍ပင် ခံရခက်တတ်ကြသည်။
ဤအခွင့်အရေးကို အသုံးချ၍ လုံယီက လေသံမာမာဖြင့် ပြောလိုက်သည်။
“ငါတို့ ဓားပြဖြစ်လာတာက အခြေအနေအရပ်ရပ်ကြောင့် အတင်းအကျပ် ဖြစ်လာခဲ့တာ။ ဒါပေမဲ့ ငါတို့ ဘယ်လိုနေထိုင်မလဲဆိုတာကတော့ ငါတို့ကိုယ်တိုင် ရွေးချယ်လို့ရတယ်။ ငါ့ရဲ့ စရိုက်ကိုလည်း မင်းတို့ အကဲခတ်မိမှာပါ”
“ငါ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ငါ့လက်အောက်မှာ စည်းမဲ့ကမ်းမဲ့ လုပ်မယ့်လူမျိုး ငါ အလိုမရှိဘူး။ မင်းတို့ ပစ္စည်းဥစ္စာတွေကို ရှာဖွေနိုင်တယ် ဒါပေမဲ့ တစ်စုံတစ်ယောက်က အပြစ်မဲ့သူတွေကို ဆက်ပြီး နှိပ်စက်နေတာကို ငါသိရင်တော့... ငါ့ရဲ့ ပုဆိန်မှာ မျက်စိမပါဘူးဆိုတာ မှတ်ထားကြ”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
လုံယီ၏ စကားကို ကြားသောအခါ လုရန်၊ လျူယွမ်နှင့် အခြားသူများမှာ ရင်ထဲတွင် စိမ့်ခနဲ ဖြစ်သွားကြသည်။ လွန်ခဲ့သော နာရီပိုင်းကတင် လုံယီသည် သိုင်းပညာရှင် ဟူယီဖေးကို ပုဆိန်တစ်ချက်တည်းဖြင့် အဆုံးစီရင်ခဲ့သည်ကို မည်သူမျှ မေ့နိုင်ကြမည် မဟုတ်ပေ။
လုံယီသည် အလောင်းများအနားသို့ လျှောက်သွားကာ မျက်လုံးအပြူးသားဖြင့် သေဆုံးနေသူများ၏ မျက်ခွံကို ပိတ်ပေးပြီး အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသူများကိုလည်း သပ်သပ်ရပ်ရပ် ပြန်ပြင်ပေးနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
သူက သူ၏လူများကို လှည့်ကြည့်ကာ “ငါ လုပ်စရာရှိတာ ဆက်လုပ်လိုက်ဦးမယ် မင်းတို့လည်း ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့” ဟု ပြောလိုက်သည်။
လူတိုင်းမှာ ကိုယ်စီအတွေးများဖြင့် အိမ်ရာအတွင်း ခွဲထွက်သွားကြပြီး တန်ဖိုးရှိသော အရာများကို ရှာဖွေကြတော့သည်။ တစ်ဖက်တွင်မူ လုံယီမှာမူ အိမ်ရာအတွင်း လျှောက်သွားနေဆဲဖြစ်ပြီး သူတွေ့သမျှ သေဆုံးသူတိုင်းကို စစ်ဆေးနေလေသည်။
ဓားပြအချို့က ဤအခြေအနေကို ရှူရှီးထံသို့ သွားရောက် သတင်းပို့ကြရာ ဝူယီဖိန်က နှာခေါင်းရှုံ့လျက် “အစ်ကိုကြီး... ဒီကောင်က လူတွေရဲ့ စိတ်ကို သိမ်းကျုံးယူဖို့ ကြိုးစားနေတာပဲ” ဟု ကုန်းတိုက်လိုက်သည်။
“သူ့ကို ဖယ်ရှားဖို့ အခွင့်ကောင်းတစ်ခု ရှာရမယ်”
ရှူရှီး၏ မျက်လုံးများတွင် ဖုံးကွယ်ထားခြင်းမရှိသော သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာသည်။ သူသည် လုံယီကို မျက်မှောင်တွင်းမှ ဆူးတစ်ချောင်းကဲ့သို့ သဘောထားနေပြီ ဖြစ်သည်။
“နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါဦး”
တစ်ဖက်တွင်မူ လုံယီသည် သူ့အား လုပ်ကြံရန် ရှူရှီးနှင့် ဝူယီဖိန်တို့ ကြံစည်နေသည်ကို မသိရှိသေးပေ။
သူသည် စွမ်းအင်မှတ်များကို သိမ်းကျုံးယူရန်သာ အာရုံစိုက်နေပြီး ယခုအခါ စုစုပေါင်းစွမ်းအင်မှာ ၂၀ ကျော်လွန်ကာ ၂၃ မှတ်အထိပင် ရှိလာခဲ့ပြီဖြစ်သည်။ လုံယီသည် ဟူမိသားစုအိမ်ရာ၏ အနောက်ဘက်အကျဆုံးနေရာရှိ ဘုရားရှိခိုးဆောင်တစ်ခုအတွင်းသို့ လှမ်းဝင်လိုက်စဉ် သူ၏နားထဲ၌ တိုးတိုးလေး လှုပ်ခတ်သံတစ်ခုကို ကြားလိုက်ရသည်။
သူ၏ အာရုံခံစားမှုမှာ သာမန်လူထက် များစွာသာလွန်သဖြင့် အောက်ခြေတစ်နေရာမှ ထွက်ပေါ်လာသော အသံကို သူရိပ်မိလိုက်ခြင်းဖြစ်သည်။
လုံယီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အပြာရောင်ကျောက်ပြားခင်းထားသော ကြမ်းပြင် နီညိုရောင် သစ်သားကုလားထိုင်များ၊ စားပွဲလေးထောင့်တစ်လုံး၊ မီးငြိမ်းနေသော ဖယောင်းတိုင်နီနှစ်တိုင်၊ ညှိုးနွမ်းနေသော အဝါရောင်အသီးအနှံများ တင်ထားသည့် ပန်းကန်ပြားတစ်ချပ်နှင့် နံရံတွင် ချိတ်ဆွဲထားသော ပြုံးရွှင်နေသည့် အမျိုးသမီးတစ်ဦး၏ ပန်းချီကားတစ်ချပ်...
ဟူမိသားစုအိမ်ရာက ကိုးကွယ်သည့် နတ်ဘုရားမှာ ဟွမ်မေမယ်တော်ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ပုံသဏ္ဌာန်သာ ရှိသည်။ သူမ၏ အထူးခြားဆုံးအင်္ဂါရပ်မှာ ရွှေရောင်မျက်ခုံးများဖြစ်ပြီး ထိုင်
မြို့ပြင်ပရှိ ဒေသများတွင် လူကိုးကွယ်အများဆုံး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ အရင်ဝင်သွားသော ဓားပြများသည် ဤနေရာရှိ ပစ္စည်းများကို မဖျက်ဆီးရဲကြဘဲ သတိထားခဲ့ကြပုံရသဖြင့် ဤအခန်းမှာ တစ်အိမ်ရာလုံးတွင် အသန့်ရှင်းဆုံးနှင့် အသပ်ရပ်ဆုံး ဖြစ်နေတော့သည်။
လုံယီသည် ကြမ်းပြင်ရှိ ကျောက်ပြားများကို ခြေထောက်ဖြင့် အသာအယာ ခေါက်ကြည့်ရာ 'တောက်... တောက်...' ဟူသော အသံမာမာများ ထွက်ပေါ်လာသည်။ သို့သော် စားပွဲ၏ အောက်တည့်တည့်ရှိ ကျောက်ပြားကို ခေါက်လိုက်သောအခါတွင်မူ အသံမှာ ပို၍ စူးရှပြီး အခေါင်းပွသံ ထွက်ပေါ်လာတော့သည်။
လုံယီ၏ မျက်လုံးများ ဝင်းလက်သွားကာ ကျောက်ပြားကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထိုကျောက်ပြား၏ အနားသတ်ကြားများမှာ အခြားကျောက်ပြားများထက် ဖုန်မှုန့်များ ပို၍နည်းပါးနေသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
'ဖတ်'
လုံယီသည် ကျောက်ပြားကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ပြီး လက်ချောင်းများကို အနည်းငယ်ကွေးကာ ကျောက်ပြားမျက်နှာပြင်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် အပေါ်သို့ အားဖြင့် ဆွဲမလိုက်သည်။ မည်သည့် အတားအဆီးမျှမရှိဘဲ ကျောက်ပြားမှာ လွင့်တက်လာတော့သည်။
ထိုစဉ် ပွင့်ထွက်သွားသော အပေါက်အတွင်းမှ ဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး လုံယီကို အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်သည်။ သို့သော် ထိုဓားမှာ နှေးကွေးပြီး အားနည်းလွန်းလှသဖြင့် လုံယီက လက်ဖြင့် အသာအယာ ပုတ်ထုတ်လိုက်ရုံဖြင့် လွင့်ထွက်သွားတော့သည်။
ကျောက်ပြားအောက်ရှိ နေရာမှာ သေးငယ်ပြီး နှစ်မီတာ သုံးမီတာ ပတ်လည်ခန့်သာ ကျယ်ဝန်းသော အခန်းငယ်လေးတစ်ခု ဖြစ်နေသည်။
ဖရိုဖရဲဖြစ်နေသော အမျိုးသမီးငယ်တစ်ဦးသည် ကလေးငယ်တစ်ဦးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး လုံယီကို ကြောက်ရွံ့တုန်ရီစွာ စိုက်ကြည့်နေသည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် သခင်ကြီးရယ်။ ကျွန်မတို့ သားအမိကို အသက်
ချမ်းသာပေးပါရှင်"
လုံယီသည် ထိုအမျိုးသမီးကို အကဲခတ်ကြည့်ရာ သူမဝတ်ဆင်ထားသော အဝတ်အစားများမှာ အဆင့်မြင့်ပိုးထည်များ ဖြစ်နေသဖြင့် သူမသည် ဤအိမ်ရာတွင် အဆင့်အတန်းမြင့်မားသူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ သူမပွေ့ဖက်ထားသော ကလေးငယ်မှာလည်း သာမန်
ရွာသားကလေးများနှင့် မတူပေ။ အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိသေးသော်လည်း မျက်နှာတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး လုံယီကို စိုက်ကြည့်နေသည်။
လုံယီက တိတ်ဆိတ်နေသည်ကို မြင်သောအခါ အမျိုးသမီးမှာ ပျာယာခတ်သွားပြီး "ကျွန်မသားလေးကိုသာ အသက်ချမ်းသာပေးမယ်ဆိုရင် သခင်ကြီး အလိုရှိတာမှန်သမျှ ကျွန်မ လိုက်လျောပါ့မယ်ရှင်" ဟု ပြောကာ သူမ၏မျက်နှာပေါ်မှ ဆံနွယ်များကို ဖယ်ရှားလိုက်ရာ လှပနုနယ်သော မျက်နှာလေး ပေါ်ထွက်လာသည်။
"အဲဒါက မင်းရဲ့ စိတ်ရင်းစေတနာ ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့"
လုံယီက မတုန်မလှုပ်ဘဲ ပုဆိန်ကို မြှောက်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"ငါ မင်းကို အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ်။ ငါ့ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ရင်တော့ မင်းတို့ သားအမိနှစ်ယောက်လုံးကို ယမမင်းဆီ ပို့ပေးလိုက်ရုံပဲ"
"သခင်ကြီးရယ်... ကျွန်မက အားနွဲ့တဲ့ မိန်းမတစ်ယောက်ပါ ကျွန်မဆီမှာ ဘာရတနာမှ မရှိပါဘူး..."
အမျိုးသမီးက ကလေးကို ဖက်ထားရင်း မျက်ရည်စက်လက်ဖြင့် အသနားခံနေသည်။ သို့သော် လုံယီ၏ ပုဆိန်က တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ သူမ ငိုသံရပ်သွားပြီး ထိတ်လန့်တကြားဖြင့် "ရှိ... ရှိပါတယ် အိမ်ရာသခင်က ကျွန်မကို သေတ္တာတစ်လုံး ပေးထားခဲ့ပါတယ်..."
"ဘယ်မှာလဲ"
လုံယီ၏ ပုဆိန်က သူမဦးခေါင်းပေါ်တွင် ဝဲနေသည်။ အမျိုးသမီးသည် သူမ၏ ဂါဝန်အောက်ရှိ လျှို့ဝှက်နေရာမှ အမည်းရောင် သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူကာ လုံယီထံသို့ တုန်တုန်ရင်ရင်ဖြင့် ကမ်းပေးလိုက်သည်။
သေတ္တာမှာ အဖိုးတန် နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားပြီး A4 စက္ကူ ထက် အနည်းငယ် ပိုကြီးကာ အထူ တစ်လက်မခန့် ရှိသည်။ သေတ္တာတွင် ရွှေရောင် သော့ခတ်ငယ်လေး တစ်ခု ချိတ်ဆွဲထား၏။ လုံယီသည် လျူစစ် ပေးထားသော ငွေအပ်ကို ထုတ်ယူကာ အကြိမ်အနည်းငယ် စမ်းလိုက်ရုံဖြင့် ရွှေသော့ခတ်ကို လွယ်ကူစွာ ဖွင့်လိုက်နိုင်သည်။
ထိုအထဲတွင်စာအုပ်နှစ်အုပ်ရှိပြီး ပထမတစ်အုပ်မှာ စာမျက်နှာ ၂၀ ကျော်ပါရှိသော အပြာရောင် စာအုပ်ငယ်ဖြစ်ပြီး မျက်နှာဖုံးတွင် ပေါ့ပါးသော ကိုယ်ခံပညာဟု အနက်ရောင် စာလုံးကြီး သုံးလုံးဖြင့် ရေးသားထားသည်။ ၎င်းမှာ သိုင်းလောကရှိ ကိုယ်ဖျတ်လတ်မှုဆိုင်ရာ အတတ်ပညာ ဖြစ်သည်။ လုံယီတွင် ပုဆိန်သိုင်းနှင့် လက်သီးသိုင်း ရှိနေပြီဖြစ်ရာ ဤကဲ့သို့သော လှုပ်ရှားမှုအတတ်ပညာမျိုးကိုသာ လိုအပ်နေခြင်း ဖြစ်သည်။
ထို့နောက် ထူးခြားသော ကုန်ကြမ်းဖြင့် ပြုလုပ်ထားသည့် မျက်နှာဖုံး တစ်ခုနှင့် ဒုတိယစာအုပ်မှာ အလွန်ပါးလွှာသော အစိမ်းရောင် စာအုပ်ငယ်ဖြစ်ပြီး စာမျက်နှာ ၃ မျက်နှာသာ ပါရှိသော်လည်း စက္ကူသားမှာ အလွန်မာကျောကာ သားရေစက္ကူဖြင့် ပြုလုပ်ထားပုံရသည်။
လုံယီ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေပြီး ရင်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ အတိုင်းထက်အလွန် ဖြစ်ပေါ်နေတော့သည်။
ဟူမိသားစု၏ အသက်ရှူကျင့်စဉ်…..
ရွှေအိုရောင် စာလုံးငါးလုံးမှာ ရှေးယခင်က စာအုပ်ငယ်ထက်ပင် ပိုမိုမြင့်မားသော အဆင့်အတန်းရှိကြောင်း ပြသနေသည်။
သူ အမြဲတမ်း အိမ်မက်မက်ခဲ့ရသော အသက်ရှူကျင့်စဉ်ကို ယခုကဲ့သို့ လွယ်လွယ်ကူကူ ရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
...
ပထမဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သောအခါ အားမာန်ပါပါ ရေးသားထားသော မှင်လက်ရေးစာသားများကို တွေ့လိုက်ရသည်
[မည်သည့် အသက်ရှူကျင့်စဉ်ဖြင့်မဆို အသားနှင့် သွေးကို သန့်စင်ပြီး လျှို့ဝှက်သွေးကို ရရှိရန်အတွက် လမ်းစဉ်တစ်ခုတည်းကိုသာ စွဲမြဲစွာ လိုက်နာရမည်။ အခြားသော နည်းလမ်းများကို ပူးတွဲကျင့်ကြံခြင်း မပြုရပေ။ ထိုသို့ပြုလုပ်ပါက အတွင်းစွမ်းအားများ ပဋိပက္ခဖြစ်ကာ အသက်အန္တရာယ်အထိ စိုးရိမ်ရတတ်သည်]
ဒါဆိုရင် ဒီအသက်ရှူကျင့်စဉ်ကို ကျင့်ပြီးရင် တခြားဟာတွေ ကျင့်လို့မရတော့ဘူးပေါ့လေ...
လုံယီသည် နောက်ဆုံးစာမျက်နှာသို့ အမြန်လှန်ကြည့်လိုက်ရာ စာမျက်နှာဝက်ခန့်သာ ပါရှိသော မှတ်ချက်တစ်ခုကို တွေ့လိုက်ရသည်။
"သစ္စာဖောက်များ၏ ဖိအားပေးမှုကြောင့် အသက်ရှူကျင့်စဉ် အပြည့်အစုံကို မထိန်းသိမ်းနိုင်ခဲ့ဘဲ ဒုတိယအဆင့်ထက် ကျော်လွန်သော အကြောင်းအရာများကို ဖျက်ဆီးပစ်ရန်သာ ရွေးချယ်စရာ ရှိတော့သည်..."
လုံယီသည် စာမျက်နှာများ ဆွဲဖြတ်ထားသော အကြွင်းအကျန်များကိုပင် မြင်နေရသည်။
ဒါဆို ဒါက မပြည့်စုံတဲ့ မိတ္တူတစ်ခုပေါ့။
လုံယီမှာ ဆွံ့အသွားတော့သည်။
သို့သော်လည်း ဘာမှမရှိတာထက်စာရင်တော့ ရှိနေတာက ပိုကောင်းပါသေးသည်။ ၎င်းကို အရန်အဖြစ် ထားရှိနိုင်သည်။ ဤလောကရှိ လူအများစုမှာ ယခုကဲ့သို့ မပြည့်စုံသော မိတ္တူမျိုးကိုပင် ရရှိရန် ခက်ခဲလွန်းလှသည်။
သို့သော် သူ၏ ချစ်လှစွာသော ဆရာကြီးရှူရှီးထံတွင်မူ သူလိုအပ်နေသော ကျင့်စဉ်အပြည့်အစုံ ရှိမရှိ သူ မသေချာသေးပေ။
လုံယီသည် မြေအောက်အခန်းငယ်ထဲတွင် ပုန်းအောင်းနေသော သားအမိကို လှမ်းကြည့်
လိုက်သည်။ သူတို့နှစ်ဦးမှာ လုံယီက သူတို့အား သတ်ဖြတ်ပစ်မည်ကို ကြောက်လန့်တုန်ရီရင်း တစ်ဦးကိုတစ်ဦး ဖက်ထားကြသည်။
လုံယီသည် သက်ပြင်းတစ်ချက်ချကာ ကျောက်ပြားကို မူလနေရာသို့ ပြန်လည်ဖုံးအုပ်ပေးလိုက်ရာ ကလစ်ဟူသော အသံနှင့်အတူ တိကျစွာ ပိတ်သွားတော့သည်။
သူသည် ရရှိထားသော ပစ္စည်းများကို ဆက်လက်စစ်ဆေးသည်။ တတိယမြောက် ပစ္စည်းဖြစ်သော မျက်နှာဖုံးမှာ အသားရောင်ဖြစ်ပြီး အလွန်ပါးလွှာကာ ထိတွေ့ရသည်မှာ ချောမွေ့လှသည်။
လုံယီသည် ၎င်းကို သူ၏မျက်နှာပေါ်သို့ တင်ကြည့်လိုက်ရာ မျက်နှာဖုံးမှာ သူ၏အရေပြားနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ ဖြည်းဖြည်းချင်း ကပ်ပါသွားသည်။ သူသည် ကြေးမှန်ရှိရာ အခြားအခန်းတစ်ခန်းသို့ လျှောက်သွားပြီး မှန်ထဲတွင် လုံးဝကွဲပြားခြားနားသော မျက်နှာသစ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုမျက်နှာမှာ အလွန်ပင် သာမန်ကာလျှံကာဖြစ်ပြီး လူအုပ်ထဲတွင် အကြိမ်ပေါင်းများစွာ မြင်တွေ့ရလျှင်ပင် မှတ်မိရန် ခဲယဉ်းလှသော မျက်နှာမျိုးဖြစ်သည်။
“တကယ်ကို ကောင်းတဲ့ပစ္စည်းပဲ”
ဤအရာသည် သူ၏ မူလမည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ပေးနိုင်မည်ဖြစ်ရာ လုံယီကဲ့သို့ ဝရမ်းပြေးတစ်ဦးအတွက် သီးသန့်ချုပ်လုပ်ထားသကဲ့သို့ပင်။
လုံယီသည် လူသားအရေပြားမျက်နှာဖုံးကို လုံခြုံစွာ သိမ်းဆည်းလိုက်ပြီးနောက် အသက်ရှူကျင့်စဉ်ကို စတင်လေ့လာတော့သည်။
အခန်း။ ၆၄
အသက်ရှူကျင့်စဉ်ဆိုသည်မှာ ထူးခြားသော နည်းလမ်းဖြင့် အသက်ရှူခြင်းနှင့်အတူ ခန္ဓာကိုယ်၏ တည်ငြိမ်မှုဆိုင်ရာ တိုင်ခြေကျင့်စဉ်တို့ကို စနစ်တကျ ပေါင်းစပ်လေ့ကျင့်ရခြင်း ဖြစ်သည်။ ဤနှစ်မျိုးစလုံးမှာ အပြန်အလှန် အမှီပြုနေသဖြင့် တစ်ခုခု လိုအပ်သွားပါက အောင်မြင်နိုင်မည် မဟုတ်ပေ။
တိုင်ခြေကျင့်စဉ်ဆိုသည်မှာ ခန္ဓာကိုယ်ကို ပုံသေ အနေအထားတစ်ခုတွင် မလှုပ်မယှက် ထိန်းထားရခြင်း ဖြစ်သည်။ သိုင်းလောကတွင် မြင်းစီးပုံစံသုံးပါးပေါင်းစည်းပုံစံနှင့် နဂါးနှိမ်ပုံစံစသည်တို့မှာ ထင်ရှားသော်လည်း ဟူမိသားစု၏ အသက်ရှူကျင့်စဉ်တွင်မူ ထူးဆန်းသော ပုံစံအချို့ ပါဝင်နေသည်။
လုံယီသည် ၎င်းကို စတင်စမ်းသပ် ကျင့်ကြံကြည့်သည်။
လက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ဘေးသို့ဆန့်တန်းကာ မြင်းစီးပုံစံဖြင့် ထိုင်ပြီး ဦးခေါင်းကို ညာဘက်သို့ အစွမ်းကုန် လှည့်ထားရသည်။ ထို့နောက် အသက်ကို အားရပါးရ သုံးကြိမ်ရှူသွင်းပြီး ခပ်ဖွဖွ တစ်ကြိမ် ပြန်ထုတ်ရသည်။ ဤနည်းအတိုင်း အကြိမ်ငါးဆယ် ပြုလုပ်ရသည်။
ထို့နောက် လက်နှစ်ဖက်ကို ၄၅ ဒီဂရီ အနေအထားဖြင့် ထားကာ လေးကိုင်ပုံစံဖြင့် ရပ်လျက် ကောင်းကင်ကို မော့ကြည့်ရသည်။ အသက်ကို ပြင်းပြင်း ငါးကြိမ်ရှူသွင်း ခပ်ဖွဖွ နှစ်ကြိမ်ထုတ်ပြီးနောက် ပုံမှန်အတိုင်း သုံးကြိမ် ရှူရပြန်သည်။ ဤနည်းကိုလည်း အကြိမ်ငါးဆယ် ပြုလုပ်ရပြန်သည်။
ခဏမျှ ကျင့်ကြံပြီးနောက် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများတွင် နွေးထောင်သော ခံစားမှုကို ရရှိလာသည်။ ထိုအချိန်တွင် သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် ကျင့်စဉ်ဟူသော ကဏ္ဍသစ်တစ်ခု ပေါ်ထွက်လာတော့သည်။
[အမည် - လုံယီ]
[အသက် - ၁၉/၅၅]
[အဆင့် - မရှိသေးပါ]
[ကျင့်စဉ် - ဟူမိသားစု အသက်ရှူကျင့်စဉ် (အခြေခံအဆင့် မရောက်သေး ၀/၁၀)]
[ကျွမ်းကျင်မှုများ -လုံမိသားစု ပုဆိန်သိုင်း (ကျွမ်းကျင်အဆင့် ၀/၃၀)၊ ခဲပစ်အတတ် (အဆင့်
မြင့်အဆင့် ၀/၃၀)၊ အခြေခံလက်သီးသိုင်း (အဆင့်မြင့်အဆင့် ၀/၃၀)၊ အခြေခံလှံသိုင်း (အခြေခံအဆင့် ၀/၆)၊ လျှို့ဝှက်ကျင့်စဉ် နဂါးဖောက်ထွင်းခြင်းအတတ် (အပိုင်းအစ ၁)]
[ပါရမီ - ကျောက်သားဖြစ်ခြင်း (အခြေခံအဆင့် ၀/၂၀ + ကျောက်ဝိညာဉ် ၁ ခု)]
[စွမ်းအင် - ၂၃]
အသက်ရှူကျင့်စဉ်မှာ အခြေခံအုတ်မြစ်ကျသော ပညာရပ်ဖြစ်သည့်အတိုင်း အခြေခံအဆင့်သို့ ရောက်ရန်ပင် စွမ်းအင် ၁၀ မှတ်အထိ လိုအပ်နေသည်။ လုံယီတွင် စွမ်းအင် အလုံအလောက် ရှိသော်လည်း ဤကျင့်စဉ်မှာ မပြည့်စုံသည့်အတွက် အလျင်စလို အဆင့်မြှင့်တင်ပါက ဖြစ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများကို သူ စိုးရိမ်မိသည်။
ထို့ကြောင့် ကျင့်စဉ်ကို အဆင့်မြှင့်လိုသော စိတ်ကို ထိန်းချုပ်လိုက်ပြီး အခြားတစ်အုပ်ဖြစ်သော ကိုယ်ဖျတ်လတ်မှုဆိုင်ရာ ပေါ့ပါးသော ကိုယ်ခံပညာကို စတင်လေ့လာရန် ဆုံးဖြတ်လိုက်တော့သည်။
ပေါ့ပါးသော ကိုယ်ခံပညာဟူသည်မှာ အဓိကအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်း၏ အားထုတ်မှုဆိုင်ရာ နည်းစနစ်များကို ဆွေးနွေးထားခြင်းဖြစ်သည်။ ပေါင်၊ ခြေသလုံး၊ ဒူး၊ ခြေဖဝါးနှင့် ခြေချောင်းများ၏ ခွန်အားကို အသုံးချ၍ ပါးနပ်သော ခြေလှမ်းအတတ်ပညာများကို ရရှိအောင် လေ့ကျင့်ရခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း၌ ဤပညာရပ်သည် ရန်သူ၏ တိုက်ကွက်များကို ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် လျင်မြန်စွာ တိမ်းရှောင်လှုပ်ရှားနိုင်ရန် များစွာ အထောက်အကူပြုသည်။ လက်သီးသိုင်း ပုဆိန်သိုင်းနှင့် လှံသိုင်းတို့ကို လေ့ကျင့်ထားပြီးဖြစ်သော လုံယီအတွက်မူ ဤစာအုပ်ကို အကြမ်းဖျင်း ဖတ်ရှုလိုက်ရုံဖြင့် ပေါ့ပါးသော ကိုယ်ခံပညာ၏ အခြေခံသဘောတရားများကို နားလည်သွားခဲ့သည်။
ယခု ကျန်ရှိနေသည်မှာ လက်တွေ့ကျကျ လေ့ကျင့်ကာ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ရန်သာ ဖြစ်သည်။ ထို့ကြောင့် သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် ကျွမ်းကျင်မှုအသစ်တစ်ခု တိုးလာတော့သည်။
[ပေါ့ပါးသော ကိုယ်ခံပညာ (အခြေခံအဆင့် မရောက်သေး ၀/၂)]
လုံယီသည် ထိုကျွမ်းကျင်မှုဘေးရှိ မှိန်ဖျော့ဖျော့ အပေါင်းလက္ခဏာလေးကို ကြည့်ကာ စိတ်ထဲမှ အဆင့်မြှင့်တင်ရန် ညွှန်ကြားလိုက်သည်။ စွမ်းအင် ၂ မှတ် ကုန်ဆုံးသွားပြီးနောက် (အခြေခံအဆင့် မရောက်သေး ၀/၂) မှ (အခြေခံအဆင့် ၀/၆) သို့ ပြောင်းလဲသွားသည်။ သူသည် မရပ်နားဘဲ စွမ်းအင် ၆ မှတ် ထပ်မံအသုံးပြုလိုက်ရာ (အခြေခံအဆင့် ၀/၆) မှ (ကျွမ်းကျင်အဆင့် ၀/၂၀) သို့ တဟုန်ထိုး တိုးတက်သွားတော့သည်။
ရုတ်တရက်ဆိုသလို ထူးဆန်းသော မှတ်ဉာဏ်များ လုံယီ၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။
တောနက်ကြီးတစ်ခု၏ အတွင်းပိုင်းတွင် ရှေးဦးမျိုးနွယ်စုတစ်ခု အခြေချနေထိုင်လျက်ရှိသည်။ ခါးဝတ်တစ်ခုတည်းသာ ဝတ်ဆင်ထားသော လူငယ်တစ်ဒါဇင်ခန့်သည် သန်မာထွားကျိုင်းသော လူကြီးတစ်ဦး၏ လေ့ကျင့်ပေးမှုကို ခံယူနေကြသည်။
"မီးဝံပုလွေမျိုးနွယ်စုရဲ့ စစ်သည်တော်တွေအနေနဲ့ အပြင်မှာ အမဲလိုက်တဲ့အခါ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ရလိမ့်မယ် ကျားပဲဖြစ်ဖြစ် ဝံပုလွေအုပ်ပဲဖြစ်ဖြစ် လူသားစားတဲ့ ငှက်ကြီးတွေပဲဖြစ်ဖြစ်... ဘယ်ကောင်ကိုမှ တစ်ချက်တည်းနဲ့ သတ်နိုင်မှာမဟုတ်ဘူး"
"မင်းတို့ရဲ့ ခြေထောက်တွေကို ကောင်းကောင်းသုံးစမ်း။ သူတို့ထက် ပိုမြန် ပိုဖျတ်လတ်နေမှသာ မင်းတို့ အသက်ရှင်နိုင်မှာ။ အသည်းအသန် လေ့ကျင့်ကြစမ်း"
ထိုလူသန်ကြီး၏ နောက်ကွယ်တွင် ပန်းကန်လုံးအရွယ်အစားရှိသော သစ်ငုတ်တို ဒါဇင်ပေါင်းများစွာကို တစ်ခုနှင့်တစ်ခု နာရီဝက် သို့မဟုတ် တစ်မီတာကျော်ခန့် အကွာအဝေးဖြင့် စိုက်ထူထားသည်။ လူငယ်များသည် ခြေတစ်ဖက်တည်းဖြင့်ရပ်ခြင်း၊ လက်ဖြင့်ထောက်၍ ပြောင်းပြန်ရပ်ခြင်း သို့မဟုတ် ခြေလက်လေးဖက်စလုံး အသုံးချခြင်းတို့ဖြင့် ထိုသစ်ငုတ်တိုများပေါ်တွင် စည်းချက်ကျကျ ခုန်ကူးနေကြရသည်။ အကယ်၍ တစ်စုံတစ်ယောက်က လှုပ်ရှားမှု နှေးကွေးသွားလျှင် သို့မဟုတ် ဟန်ချက်ပျက်သွားလျှင် ထိုလူသန်ကြီး၏ ကြိမ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံရသည်။
သူတို့အထဲတွင် လုံယီနှင့် အနည်းငယ်ဆင်တူသော အသားညိုညိုကောင်လေးတစ်ဦးမှာ အခြားသူများကဲ့သို့ ခိုးနားခြင်းမရှိဘဲ အားသွန်ခွန်စိုက် လေ့ကျင့်နေသည်။ သူသည် ကြိမ်ဒဏ် တစ်ချက်ကလေးပင် မခံရသော တစ်ဦးတည်းသောသူဖြစ်ပြီး လူသန်ကြီး၏ ကျေနပ်အားရသော အကြည့်ကို ရရှိထားသည်။
ထိုကောင်လေးသည် သူ၏အားလပ်ချိန်များတွင်ပင် မနားမနေ ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဤသို့ဖြင့် နေ့ရက်များ ကုန်လွန်ကာ သုံးနှစ်ပြည့်သွားသည်။
သူနှင့် ရွယ်တူများအကြား တိုက်ခိုက်ပွဲတစ်ခုတွင် ထိုအသားညိုညိုကောင်လေးမှာ မျောက်တစ်ကောင်ပမာ ဟိုဟိုဒီဒီ လျင်မြန်စွာ ရှောင်တိမ်းနေသည်။ သူ၏လက်ထဲမှ တုတ်မှာ ရန်သူများကို ရိုက်နှက်နေသော်လည်း ရန်သူများမှာမူ သူ၏ ဆံပင်တစ်ပင်ကိုပင် မထိနိုင်ကြချေ။ ဘေးမှကြည့်နေသူများမှာလည်း အံ့ဩတုန်လှုပ်လျက် ဟစ်ကြွေးနေကြတော့သည်။
လက်တွေ့လောကတွင်မူ လုံယီသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။
ဟာလာဟင်းလင်းပြင်မှ ကြီးမားသော စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး အဓိကအားဖြင့် ခြေထောက်၊ ခါး၊ ဗိုက်နှင့် ကျောကုန်းတို့တွင် စုစည်းသွားသည်။ ထိုနေရာရှိ ကြွက်သားများမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး အထူးခြားသော ကြွက်သားမှတ်ဉာဏ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
လုံယီသည် ခြေတစ်လှမ်း အသာအယာ လှမ်းလိုက်ရုံဖြင့် အခန်း၏ အခြားတစ်ဖက်သို့ ချက်ချင်းရောက်ရှိသွားသည်။ ထို့နောက် အခန်းအတွင်းရှိ နေရာအသီးသီးသို့ ဝိညာဉ်တစ်ခုပမာ လျင်မြန်စွာ လှုပ်ရှားကြည့်လိုက်သည်။
တကယ့် ရတနာပဲ။
လုံယီမှာ အလွန်ပင် ပျော်ရွှင်သွားသည်။ ဤပေါ့ပါးသော ကိုယ်ခံပညာသည် သူ၏ ပုဆိန်သိုင်း၊လက်သီးသိုင်းတို့နှင့် ပေါင်းစပ်လိုက်ပါက သူ၏အစွမ်းမှာ သံသယဖြစ်ဖွယ်မရှိအောင် ပိုမိုတိုးတက်လာပြီ ဖြစ်သည်။
အခုအချိန် ရှူရှီးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ရရှိနိုင်ခြေ ဘယ်လောက်ရှိမလဲ။
ရှူရှီး၏ ယခင်က သတိကြီးစွာထားတတ်သော အပြုအမူများနှင့် ဓားပြများထံမှ ရရှိသော သတင်းအချက်အလက်များအရ လုံယီ၏ စိတ်ထဲတွင် ဝေဝါးသော အဖြေတစ်ခု ရှိနေပြီဖြစ်သည်။
ဟူမိသားစုအိမ်ရာ တံခါးမှ ထွက်လာသောအခါ လုရန်၊ လျူယွမ်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေသော အရိပ်အယောင်များကို တွေ့လိုက်ရသည်။ သူတို့မှာ တန်ဖိုးရှိသော ပစ္စည်းများ သိသိသာသာ ရှာမတွေ့ခဲ့ကြပုံပင်။
“စိတ်မပျက်ကြပါနဲ့ နောက်တစ်ကြိမ် ရှိပါသေးတယ်”
ဝူယီဖိန်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်သည်။
“အင်း... ဒါနဲ့ ရိက္ခာတွေအပြင် အခြားလုရရှိတဲ့ ပစ္စည်းတွေကို ဘယ်လိုခွဲဝေမှာလဲ”
လုံယီက မေးလိုက်သည်။
“၁၀ ပုံ တစ်ပုံကို ကိုယ့်အတွက် သိမ်းထားလို့ရတယ်။ ကျန်တဲ့ ၉ ပုံကိုတော့ ဂိုဒေါင်ထဲ သွင်းရမှာပေါ့”
ဝူယီဖိန်က ပြန်ဖြေသည်။
ဤ ၁၀ ပုံ တစ်ပုံ ၉ ပုံ ဆိုသည်မှာ မည်မျှအထိ လိမ်လည်လှည့်ဖြားထားမှန်း လူတိုင်းသိကြသည်။ ဓားပြဆိုသည်မှာ စစ်သားများကဲ့သို့ စည်းကမ်းရှိသူများ မဟုတ်ပေ။ သူတို့ အိတ်ကပ်ထဲ ရောက်သွားသော ပစ္စည်းကို မည်သူမျှ ပြန်ထုတ်ယူနိုင်မည် မဟုတ်ချေ။
“ကျွန်တော့်လူတွေက တစ်ချိန်လုံး အပြင်မှာ ကင်းစောင့်နေရလို့ ဘာမှမရခဲ့ကြဘူး။ ဒါက သူတို့အတွက် အရမ်း နစ်နာလွန်းတယ် မဟုတ်လား”
လုံယီက ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
“ဟားဟား... တစ်ယောက်ယောက်ကတော့ ကင်းစောင့်ရမှာပဲလေ”
ဝူယီဖိန်က သူ၏ မီးခိုးရောင်သန်းနေသော မုတ်ဆိတ်ကို ပွတ်ရင်း ပြောသည်။
“အခြား ညီအစ်ကိုတွေကိုပဲ မေးကြည့်လိုက်ပါဦး။ ဘယ်သူက တံခါးဝမှာ ကင်းမစောင့်ဖူးလို့လဲ ဘယ်သူကရော ဒီလိုမျိုး အောက်ခြေကနေ တက်မလာဖူးလို့လဲ”
“စိတ်မပူပါနဲ့ မင်းတို့လူတွေ အမြဲတမ်း ကင်းစောင့်နေရမှာ မဟုတ်ပါဘူး”
ခေါင်းဆောင်ကြီး ရှူရှီးကပါ ဝင်ရောက် ပြောလိုက်သည်။
လုံယီ၏ လူများမှာ မကျေမနပ်ဖြစ်နေကြသော်လည်း အင်အားချင်း မမျှသဖြင့် ထုတ်ဖော်မပြောရဲဘဲ မျိုသိပ်ထားကြရသည်။ သို့သော် မမျှော်လင့်ဘဲ လုံယီ၏ အသံမှာ ပုံမှန်ထက် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
“ဒါတော့ မဖြစ်ဘူး။ အရင်က အစဉ်အလာက အရင်ကပဲ အခုက အခုပဲလေ။ ညီအစ်ကိုတချို့က ဗိုက်ဖောင်းနေပြီး တချို့ကတော့ လက်ဗလာနဲ့ ပြန်ရတယ်ဆိုတာမျိုး မရှိစေရဘူး”
“ဒီစည်းကမ်းက ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်မရှိဘူး။ ဒီနေ့ပဲ ဒါကို ပြောင်းလဲကြစမ်းပါ။ ညီအစ်ကိုတွေ ရသမျှ ပစ္စည်းအားလုံးကို အကုန်အပ်ရမယ် ပြီးမှ လူတိုင်း ဝေစုရအောင် ပြန်
ခွဲဝေရမယ်”
ထိုသို့ပြောကာ လုံယီက ရှူရှီးဘက်သို့ လှည့်ကြည့်လိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီးကရော ဘယ်လိုထင်လဲ”
“ဟင်...”
ရှူရှီး၏ မျက်နှာမှာ ချက်ချင်း မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားသည်။ လုံယီက လူအများရှေ့တွင် သူ၏ အရှိန်အဝါကို လူသိရှင်ကြား စိန်ခေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
“ကျွန်တော်တော့ စတုတ္ထညီလေး ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်”
အမြဲတမ်း ဝန်းရံတတ်သော ကျူတာရွေ့က ပထမဆုံး ထောက်ခံလိုက်သည်။
“အစ်ကိုကြီး... ဒီအိမ်ရာကို တိုက်ခိုက်တုန်းက ညီအစ်ကိုတွေ အားလုံး အပင်ပန်းခံခဲ့ကြတာပဲ။ တချို့က အသားစားနေပြီး တချို့က ဟင်းရည်တောင် မသောက်ရဘူးဆိုတာ မတရားဘူးလေ”
“ဟုတ်တယ်”
“တတိယခေါင်းဆောင် ပြောတာ မှန်တယ်”
ကျူတာရွေ့က စတင်လိုက်သည်နှင့် အခြားသူများကလည်း တစ်ခဲနက် ထောက်ခံလာကြတော့သည်။ သူတို့ထဲတွင် လုံယီနှင့် ကျူတာရွေ့၏ လူများသာမက အခြားသော ဓားပြများစွာလည်း ပါဝင်သည်။ အမှန်စင်စစ် အချို့က ပိုရနေလျှင် အချို့က လျော့နည်းနေမည်သာ ဖြစ်သည်။
အခြားသူများ ရတနာတွေ ရနေသည်ကို မြင်ရသောအခါ တချို့သူများက မနာလိုကြပေ။
လူတို့သည် နည်းပါးခြင်းထက် မညီမျှခြင်းကို ပို၍ ကြောက်ရွံ့ကြသည် ဟူသော စကားအတိုင်းပင်။ နောက်ဆုံးတွင် ဓားပြ ထက်ဝက်ကျော်က ပစ္စည်းများကို ပြန်လည်ခွဲဝေရန် သဘောတူလိုက်ကြသည်။
“မင်းတို့တွေ ပုန်ကန်ချင်နေကြတာလား အကုန် ပါးစပ်ပိတ်ထားကြစမ်း”
ဝူယီဖိန်မှာ ဒေါသထွက်လွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေး နှစ်ပင်ပင် ကျွတ်ထွက်သွားကာ အော်ဟစ်ဆဲဆိုတော့သည်။
ရှူရှီးသည် လုံယီကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
“စတုတ္ထညီလေး... မင်း ငါ့အပေါ်မှာ တစ်ခုခု မကျေနပ်တာ ရှိနေတာလား”
ဤထိပ်ပြောင် လူသန်ကြီးမှာ ဒေါသအလိပ်လိုက် ထွက်လာသဖြင့် ပါးပြင်နှင့် နဖူးပြင်တို့မှာ နီရဲလာကာ ဦးခေါင်းပြောင်ပေါ်ရှိ အကြောများမှာလည်း ဖောင်းကြွလာပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ ခါးတွင် ချိတ်ထားသော ကွင်းကိုးကွင်း ဓားမကြီးမှာလည်း တချွင်ချွင် အသံမြည်လာကာ အချိန်မရွေး ဆွဲထုတ်တော့မည့်အလား ရှိနေသည်။
ဒုတိယအဆင့် သွေးစွမ်းအားရှိသော စစ်သည်တော်တစ်ဦး၏ ဒေါသမှာ နောက်ပြောင်ရမည့် အရာမဟုတ်ပေ။ လေထုမှာ ချက်ချင်းဆိုသလို အေးခဲသွားပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း လူတိုင်း သိလိုက်သဖြင့် အသံများ တိတ်ဆိတ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် လေထုသည်ပင် အလွန်အမင်း လေးလံထိုင်းမှိုင်းလာသကဲ့သို့ ခံစားလိုက်ရသည်။