← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း။ ၆၅

ရှူရှီး၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသော်လည်း လုံယီမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။

"အစ်ကိုကြီး... ကျွန်တော်က အစ်ကိုကြီးအပေါ်မှာ ဘာများ မကျေနပ်စရာ ရှိမှာလဲဗျာ။ ကျွန်တော် ဒါကို လုပ်တာက ကျွန်တော်တို့ နေဝင်တောင်တန်းရဲ့ အခြေအမြစ် ခိုင်မာဖို့အတွက်

ပါ"

လုံယီသည် သူကိုယ်တိုင်ပင် မယုံကြည်သော စကားများကို အတည်အပေါက် ပြောလိုက်သည်။

"ခွဲဝေမှုက မျှတမှသာ ညီအစ်ကိုတွေ အားလုံးက စိတ်ဝမ်းမကွဲဘဲ တစ်စိတ်တစ်ဝမ်းတည်း ရှိကြမှာလေ"

စကားပြောနေစဉ်မှာပင် လုံယီသည် သူ၏အင်္ကျီလည်ပင်းကို အမှတ်မထင် ဆွဲလိုက်ရာ ရင်ဘတ်ထဲမှ ပုဆိန်၏ ထိပ်ဖျားလေး ထွက်ပေါ်လာသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ရှူရှီး၏ မျက်လုံးသူငယ်အိမ်မှာ အလိုအလျောက် ကျုံ့သွားတော့သည်။

လွန်ခဲ့သော နာရီပိုင်းကတင် ဤလူသည် ဤပုဆိန်ဖြင့်ပင် ဝါရင့်သိုင်းပညာရှင် ဟူယီဖေးကို တိုက်ကွက်အနည်းငယ်အတွင်း အပြတ်ရှင်းခဲ့သည်ကို သူ သတိရသွားသည်။ ထို့ပြင် ယခုအချိန်၌ ဓားပြ ထက်ဝက်ကျော်ကလည်း လုံယီဘက်က ထောက်ခံနေကြသဖြင့် တိုက်ပွဲဖြစ်လာပါက အရေအတွက်အရ သူ အသာစီးရနိုင်မည် မဟုတ်ချေ...

ရှူရှီး၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီးနောက် သူသည် ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။

"စတုတ္ထညီလေး ပြောတာ မှန်တယ်။ သူပြောသလိုပဲ လုပ်ကြတာပေါ့"

"အစ်ကိုကြီး"

ဝူယီဖိန်က ကန့်ကွက်ရန် ကြိုးစားသော်လည်း ရှူရှီး၏ ခက်ထန်သော အကြည့်ကြောင့် ရပ်တန့်သွားရသည်။

"အစ်ကိုကြီးက တကယ့်ကို အမြော်အမြင်ရှိတာပဲ"

လုံယီက အချိန်ကိုက် မြှောက်ပင့်စကား ဆိုလိုက်သဖြင့် ရှူရှီး၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။

"ခေါင်းဆောင်ကြီးက အမျှော်အမြင် ရှိလိုက်တာ"

"ခေါင်းဆောင်ကြီး အစွမ်းထက်လိုက်တာဗျာ"

"စတုတ္ထခေါင်းဆောင်က တကယ့်ကို အမြော်အမြင်ရှိတာပဲ"

သို့သော် ညီအစ်ကို တော်တော်များများက လုံယီ၏အမည်ကို အော်ဟစ်ချီးမွမ်းနေကြသည်ကို ကြားသောအခါ ရှူရှီး၏ မျက်နှာမှာ ပြန်လည် မည်းမှောင်သွားပြန်သည်။

မကြာမီမှာပင် ရိက္ခာများမှလွဲ၍ ကျန်ရှိသော လုယက်ရရှိသည့် ပစ္စည်းအားလုံးကို အတင်းအကျပ် သိမ်းဆည်းလိုက်တော့သည်။ ကိုယ်ပိုင်ပစ္စည်း အသိမ်းခံရသော ဓားပြများက တတွတ်တွတ် ဆဲဆိုနေကြသော်လည်း ခေါင်းဆောင်များ၏ ဖိအားကြောင့် မကျေမနပ်ဖြင့်ပင် အပ်နှံခဲ့ကြရသည်။ ရှူရှီးကမူ သတိကြီးစွာဖြင့် ထိုပစ္စည်းအားလုံးကို တောင်ပေါ်သို့ ရောက်မှသာ ပြန်လည်ခွဲဝေပေးမည်ဟု ပြောလိုက်သည်။

လုံယီကမူ ထိုအချက်ကို ဂရုမစိုက်ချေ။ သူ၏ ရည်မှန်းချက်မှာ အောင်မြင်သွားပြီ ဖြစ်သည်။ လုရန်၊ လျူယွမ်နှင့် အခြားသူများ၏ မျက်လုံးထဲမှ ကျေးဇူးတင်ရိပ်များ အခြားသော ဓားပြဟောင်းများ၏ မျက်လုံးထဲမှ ထိတ်လန့်ရိပ်များနှင့် မိမိတို့ အကျိုးစီးပွား ထိခိုက်သွားသူများ၏ မျက်လုံးထဲမှ မနာလိုရိပ်များကို သူ မြင်တွေ့နေရသည်။

သူ၏ သြဇာအာဏာမှာ သိသိသာသာ မြင့်တက်လာပြီဖြစ်ကြောင်း လုံယီ သိလိုက်သည်။ ထို့အတူ ရှူရှီး၏ သြဇာမှာလည်း တရိပ်ရိပ် ကျဆင်းသွားခဲ့ကာ ထို့ကြောင့် တစ်ဖက်လူသည် သူ့အား မကြာမီ လုပ်ကြံရန် ခြေလှမ်းစလိမ့်မည်မှာ သေချာသလောက် ရှိနေသည်။

လုံယီသည်လည်း သတ်ဖြတ်လိုသော စိတ်ကို မွေးမြူထားပြီ ဖြစ်သည်။ အင်အား အလုံအလောက် ရှိနေပြီဖြစ်ရာ ဆက်လက် အောင့်အည်းနေရန် မလိုအပ်တော့ချေ။

ယခု သိလိုသည်မှာ ရှူရှီး၏လက်ထဲတွင် ရှိနေသော အသက်ရှူကျင့်စဉ်မှာ အပြည့်အစုံ ဟုတ်

မဟုတ် ဆိုသည်ပင်...

ညဉ့်ဦးယံ နေဝင်တောင်တန်း၌ အမိုးစွန်းများ ဝင့်တက်နေပြီး အုတ်နီကြွပ်ပြားများဖြင့် ဆောက်လုပ်ထားသော ရှားပါးလှသည့် ခြံဝင်းတစ်ခုအတွင်းရှိ အခန်းထဲတွင် ဖယောင်းတိုင်မီးမှာ တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ စက္ကူကပ်ထားသော ပြတင်းပေါက်ပေါ်တွင် လူရိပ်အချို့၏ အရိပ်များမှာ မီးရောင်ကြောင့် ကြီးလိုက်ငယ်လိုက် ဖြစ်နေ၏။

အခန်းအတွင်းမှ လေးပင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီကောင်လေးကို ငါတို့ အမြန်ဆုံး ဖယ်ရှားပစ်ရမယ်။ မဟုတ်ရင် နောင်တချိန်မှာ ငါတို့အတွက် အိပ်မက်ဆိုးကြီး ဖြစ်လာလိမ့်မယ်"

"အစ်ကိုကြီး... ကျွန်တော်တို့ကိုပဲ ဦးဆောင်ပြီး သူ့ဆီ တည့်တည့်သွားသတ်လိုက်ရင် မကောင်းဘူးလား"

"လုံးဝ မဖြစ်ဘူး လုံယီက အခု တောင်ပေါ်မှာ သြဇာအရမ်းရှိနေတာ။ ဟိုပုန်ကန်ချင်နေတဲ့ တတိယခေါင်းဆောင်ကလည်း သူ့ဘက်မှာရှိတယ်။ သူ့နောက်လိုက်တွေလည်း အများကြီးပဲ။ သူ့ကို အင်အားနဲ့ မဟုတ်ဘဲ ဉာဏ်နဲ့ပဲ နှိမ်နင်းရမယ်"

"ဒါဆိုရင် ဒုတိယခေါင်းဆောင်... ခင်ဗျားပဲ ဆုံးဖြတ်ချက်ချပေးပါဦး"

ဝူယီဖိန်သည် အပြာရောင် တာအိုဦးထုပ်နှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပုံစံမှာ တည်ကြည်သယောင်ရှိသော်လည်း စကားပြောပုံမှာမူ ကောက်ကျစ်လှသည်။

"အစ်ကိုကြီး... နောက်ရက်အနည်းငယ်အတွင်းမှာ အဲဒီလူရောက်လာတော့မယ်။ မြို့ထဲကလူက သူ့ကို ဒီမှာတင် အပြတ်ရှင်းဖို့ သေမိန့်ပေးထားတယ်။ သူ့မိသားစုဆီ ပြန်ခွင့်ပေးလို့ မဖြစ်ဘူး"

"ငါတို့က နေ့တိုင်း သူတို့ရဲ့ ဓားအဖြစ် အသုံးတော်ခံနေရတာ တစ်နေ့ကျရင် တံတားကူးပြီး လက်တံခါးဖျက်တာမျိုး ခံရမှာကို ငါစိုးရိမ်တယ်"

"အစ်ကိုကြီးရာ... အဲဒါတွေ အများကြီး စဉ်းစားမနေပါနဲ့။ အဲဒီလူက နောက်ကွယ်ကနေ တိတ်တဆိတ် ကာကွယ်ပေးမထားရင် ငါတို့ နေဝင်တောင်တန်းက လူတွေ အသတ်ခံရတာ ကြာလှပြီ။ အခုလို ပျော်ပျော်ပါးပါး နေနိုင်ပါ့မလား"

"ဒါဆို... ဘယ်လိုလုပ်ကြမလဲ"

ရှူရှီးမှာ စည်းရုံးခံလိုက်ရပြီဖြစ်သည်။

"အဲဒီအမျိုးသမီးရဲ့ အဆင့်အတန်းက မြင့်မြတ်တယ်။ သူ့ဘေးမှာလည်း သိုင်းပညာရှင်တွေ ပါလာမှာ သေချာတယ်။ လုံယီ့ကို အရင်လွှတ်ပြီး သူတို့ကို အားကုန်သွားအောင် လုပ်ခိုင်းလိုက်မယ်။ ကျားနှစ်ကောင် တိုက်ရင် နှစ်ကောင်လုံး ဒဏ်ရာရမှာပဲ။ အဲဒီအချိန်ကျမှ ငါတို့က ဝင်ဖမ်းလိုက်ရင် လက်ဖျောက်တစ်ချက်တီးရသလောက် လွယ်သွားပြီ"

ဝူယီဖိန်က မျက်လုံးပြူးကာ သူ၏ နှုတ်ခမ်းမွေးများကို သပ်ရင်း လည်ပင်းဖြတ်သည့် ပုံစံကို ပြုလုပ်လိုက်သည်။

"အတိအကျ ဘယ်လိုလုပ်မှာလဲ"

"လုံယီကို အနောက်ဘက် မြစ်ကမ်းပါးမှာ သွားပြီး ကြားဖြတ်တိုက်ခိုက်ဖို့ ခိုင်းမယ်။ အဲဒီနေရာရဲ့ တောင်ဘက် မလှမ်းမကမ်းမှာ ကျောက်နီတောင်စောင်းရှိတယ်..."

"ကောင်းတဲ့ အကြံပဲ"

အခန်းထဲရှိ လူအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် ခြံဝင်းတံတိုင်းပေါ်မှ လူရိပ်တစ်ခု တိတ်တဆိတ် ထွက်ခွာသွားသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြချေ။

ထိုလူရိပ်မှာ အခြားသူမဟုတ် လုံယီပင်။ သူသည် အသစ်စက်စက် လေ့ကျင့်ထားသော ပေါ့ပါးသော ကိုယ်ခံပညာကို အသုံးချကာ ရှူရှီး၏ နေအိမ်အနီးသို့ တိတ်တဆိတ် ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်သူကို သိမှ တိုက်ပွဲတိုင်း အောင်နိုင်မည်ဟူသော အယူအဆဖြင့် ပတ်ဝန်းကျင်အနေအထားကို လာရောက်လေ့လာရာမှ ဤလျှို့ဝှက်ကြံစည်မှုကို မတော်တဆ ကြားခဲ့ရခြင်းဖြစ်သည်။

'နေဝင်တောင်တန်းရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေတာလား'

ဒုတိယအဆင့် သွေးစွမ်းအားရှိသူ တစ်ယောက်တည်းနှင့် ဤတောင်ကို နှစ်ပေါင်းများစွာ မည်သူမျှ မနှိမ်နင်းနိုင်ဘဲ ရပ်တည်နေနိုင်သည်မှာ မဆန်းတော့ချေ။

သူ့အခန်းသို့ ပြန်ရောက်သောအခါ လုံယီသည် ကျူတာရွေ့ကို ခေါ်ယူကာ ဤကိစ္စနှင့် ပတ်သက်သည့် အချက်အလက်များကို စတင်စုံစမ်းတော့သည်။

“ကျောက်နီတောင်စောင်းလား အဲဒီနေရာက ကြားဖြတ်တိုက်ခိုက်ဖို့ တကယ့်နေရာကောင်းပဲ။ မြေမျက်နှာသွင်ပြင်က မြင့်တယ် အမြင်ကျယ်တယ် သစ်ပင်ချုံနွယ်တွေ ထူထပ်တော့ ပုန်းနေရင်လည်း ရှာတွေ့ဖို့ခက်တယ်လေ”

ကျူတာရွေ့၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယီဖိန်နှင့် ရှူရှီးတို့၏ အကြံအစည်ကို လုံယီ ကောင်းစွာ နားလည်သွားတော့သည်။ သူတို့သည် ကျောက်နီတောင်စောင်းမှနေ၍ တိုက်ပွဲကို အပေါ်စီးမှ ကြည့်နေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူကပဲ နိုင်နိုင် ရန်သူကပဲ နိုင်နိုင် တိုက်ပွဲအပြီးတွင် အားအင်ကုန်ခမ်းနေချိန်၌ အသင့်စောင့်နေသော လတ်ဆတ်သည့် အင်အားစုများ၏ တိုက်ခိုက်မှုကို ခံရပါက မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကြံအစည်မှာ ရိုးရှင်းသော်လည်း တိုက်ရိုက်ကျပြီး ထိရောက်လှသည်။

လုံယီသည် ကျူတာရွေ့ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ မှေးမှိန်နေပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

“တာရွေ့... မင်း ဘာတွေ စဉ်းစားနေတာလဲ”

“ကျောက်နီတောင်စောင်းက တကယ့်ကို လျှို့ဝှက်တဲ့နေရာဗျ။ အရင်ကလည်း အဲဒီမှာ တခြားသူတွေကို ကြားဖြတ်တိုက်ဖူးတယ်။ ဒါပေမဲ့ ဒီနေရာအကြောင်းကို လူအနည်းငယ်ပဲ သိကြတာ။ ဒါက အစ်ကိုကြီးရဲ့ ဝှက်ဖဲတစ်ခုပဲ တခြားသူတွေကို အလွယ်တကူ ပြောပြလေ့မရှိဘူး”

ကျူတာရွေ့မှာလည်း လူအ မဟုတ်ချေ။

လုံယီ၏ မေးခွန်းများကြောင့် ဤကိစ္စသည် ခေါင်းဆောင်ကြီးနှင့် ပတ်သက်နေမှန်း သူ ရိပ်မိသွားသည်။

“ငါ သူတို့ပြောတာကို ချောင်းနားထောင်ခဲ့တာ။ သူတို့ ငါ့ကို လုပ်ကြံဖို့ ကြံစည်နေကြပြီ”

လုံယီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျူတာရွေ့မှာ သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ချေ။

“မင်း ဘယ်သူ့ဘက်မှာ ရှိနေမှာလဲ”

လုံယီက လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“ကျွန်တော် အစ်ကိုကြီးအပေါ်မှာ ဘာအကြွေးမှ မရှိတော့ဘူး။ ဒါပေမဲ့ ခင်ဗျားအပေါ်မှာတော့ အသက်တစ်ချောင်း အကြွေးတင်နေတုန်းပဲ”

ခဏမျှ စဉ်းစားပြီးနောက် ကျူတာရွေ့က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

ကျူတာရွေ့၏ ရပ်တည်ချက်ကို ကြားလိုက်ရချိန်တွင်မှ လုံယီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ညီညွတ်ရေးခန်းမအတွင်း၌...

ရှူရှီးက ကျန်းမြို့ဘက်မှ ယာဉ်တန်းတစ်ခု လာနေကြောင်း ထိုယာဉ်တန်းတွင် အနည်းဆုံး ရွှေပြား ၃၀၀၀ ခန့် ပါလာကြောင်း လူတိုင်းကို ကြေညာလိုက်သည်။ ထိုသတင်းကြောင့် ဓားပြများမှာ စိတ်လှုပ်ရှားစွာဖြင့် ထိုယာဉ်တန်းကို လုယက်ရန် ဝိုင်းဝန်းဟစ်ကြွေးကြတော့သည်။

လုံယီ ထင်မှတ်ထားသည့်အတိုင်းပင် ရှူရှီးသည် ထိုယာဉ်တန်းကို လုယက်ရန် တာဝန်ကို လုံယီအား ပေးအပ်လိုက်ပြီး သူ၏ ယုံကြည်ရသူ ဝမ်မာစီကိုပါ စောင့်ကြည့်ရန် ထည့်ပေးလိုက်သည်။

...

ကွေ့ကောက်နေသော မြစ်ပြင်ကြီးမှာ အဆုံးမရှိသကဲ့သို့ ရှိနေပြီး မြစ်ရေပြင်မှာ နီရဲသော ရေမှော်များဖြင့် ဖုံးလွှမ်းနေသဖြင့် တစ်မြစ်လုံး သွေးရောင် လွှမ်းနေသကဲ့သို့ ရှိနေသည်။

ရှည်လျားလှသော မြစ်ကမ်းပါးတစ်လျှောက်တွင် လူ ၄၀၊ ၅၀ ခန့် ပါဝင်သော ယာဉ်တန်းကြီးတစ်ခုသည် တည်ငြိမ်စွာ ခရီးနှင်နေသည်။ ယာဉ်တန်း၏ ပတ်ပတ်လည်တွင် ဝါးခပတ် ဦးထုပ်များ ဆောင်းကာ အနီရောင် ဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသားများက ခါးတွင် ဓားများချိတ်ကာ ကျောတွင် တုတ်များလွယ်လျက် ခံစားချက်ကင်းမဲ့သော မျက်နှာများဖြင့် ဝန်းရံထားကြသည်။

ယာဉ်တန်း၏ အရှေ့ဆုံးတွင်မူ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက မြင်းစီးလျက် ဦးဆောင်လာလေသည်။

ထိုအမျိုးသားမှာ အသက် ၃၀ ခန့်ရှိပြီး ဖြူဝင်းသော အသားအရည် တောက်ပသော မျက်ဝန်းများနှင့် ရှည်လျားသော ဆံနွယ်နက်တို့ကို အမြင့်တွင် စည်းနှောင်ထားသည်။ မြင်းကုန်းနှီးဘေးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားပြီး ကြည့်ကောင်းကာ ခန့်ညားထည်ဝါသော အငွေ့အသက်ကို ထုတ်လွှင့်နေ၏။

သို့သော် သူ၏ မျက်လုံးများမှာမူ နောက်ဘက်သို့ ခဏခဏ လှည့်ကြည့်နေတတ်သည်။

ထိုနေရာတွင် အလွန်ပင် ခမ်းနားထည်ဝါသော ဝေါယာဉ်ရှည်ကြီးတစ်စင်း ရှိနေသည်။ နီရဲသော သစ်သားဖြင့် ပြုလုပ်ထားပြီး ပြတင်းပေါက် ဘောင်များတွင်လည်း လက်ရာမြောက်သော ပန်းပုဒီဇိုင်းများ ထွင်းထုထားသည်။ အရှေ့ဘက် ကာထားသော လိုက်ကာမှာ အဆင့်မြင့် ပိုးသားဖြင့် ပြုလုပ်ထားပြီး ပါးလွှာသော်လည်း ရက်ကန်းသား စိပ်လှသဖြင့် အတွင်းရှိ လူသုံးဦး၏ ပုံရိပ်လွှာကိုသာ ဝေဝါးစွာ မြင်တွေ့ရသည်။

ဝါဂွမ်းရောင် မြင်းအို နှစ်ကောင်က ထိုဝေါယာဉ်ကို ဆွဲလာခြင်း ဖြစ်သည်။ ဝေါယာဉ်၏ ဘယ်ဘက်ခြမ်းတွင်မူ ကြမ်းတမ်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် သိသိသာသာ ရုပ်ဆိုးလှသော အဖိုးအိုတစ်ဦးက မြင်းပေါ်တွင် ထိုင်နေပြီး မြင်းနှစ်ကောင်၏ ဇက်ကြိုးကို ကိုင်ထားသည်။ သူသည် မည်သည့်နည်းလမ်းကို အသုံးပြုထားသည်မသိဘဲ ထိုမြင်းအိုများမှာ နွားများထက်ပင် ပိုမိုငြိမ့်ညောင်းစွာ လျှောက်လှမ်းနေကြ၏။

ထိုစဉ် အဝတ်ကြမ်းဝတ် အဖိုးအိုမှာ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး ဟစ်အော်လိုက်

သည်။

"သတိထားကြ"

ဝှစ်….

ထိုအခါမှသာ လေထုကို ဖြတ်သန်းလာသော စူးရှသည့်အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာတော့သည်။ လူတစ်ယောက်၏ အော်ဟစ်သံနှင့်အတူ သနားစရာကောင်းသော အမျိုးသားတစ်ဦးမှာ ခြေထောက်တွင် မြားမှန်ကာ နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ရန်သူတိုက်ခိုက်ပြီ"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ ရှူးခနဲ အသံနှင့်အတူ သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး ရှေ့သို့ စူးရှသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုနေရာတွင် ခေါင်းတွင် အနီရောင်ပတ်တီးများ စည်းထားပြီး အမည်းရောင် ရှပ်အင်္ကျီများ ဝတ်ဆင်ကာ ဓားများ ကိုင်ဆောင်ထားသော လူ ၇၀၊ ၈၀ ခန့် ပေါ်ထွက်လာသည်။

"ဒီဒေသက တောင်ပေါ်ဓားပြတွေပဲ"

နှစ်ဖက်စလုံးမှ လက်နက်တိုများ ထိခတ်မိကာ တိုက်ပွဲမှာ လျင်မြန်စွာ စတင်တော့သည်။ နေဝင်တောင်တန်း ဓားပြအုပ်စုက အရေအတွက်အရ အသာစီးရနေသော်လည်း အဖြူရောင်ဝတ်စုံဝတ် အမျိုးသား ဦးဆောင်သော အဖွဲ့မှာ ရုတ်တရက် တိုက်ခိုက်ခံရသော်လည်း တည်ငြိမ်စွာပင် စက်ဝိုင်းပုံစံ ခံစစ်ကို စနစ်တကျ ပြင်ဆင်ထားကြသည်။

မကြာမီမှာပင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။ ထိုဓားပြများက ပြဇာတ်ကပြနေသကဲ့သို့ပင်။ သူတို့၏ ဓားချက်များမှာ ပြင်းထန်ပုံရသော်လည်း အမှန်စင်စစ်တွင် ဟန်ပြသက်သက်သာ ဖြစ်နေပြီး အဓိကအားဖြင့် မိမိကိုယ်ကိုယ်အကာအကွယ်ပေးရန်သာ အာရုံစိုက်နေကြသည်။

အဖြူရောင်ဝတ်စုံဝတ်လူငယ်က ဓားပြများကို သတ်ရန် ကြိုးစားတိုင်း သန်မာထွားကျိုင်းသော လူငယ်တစ်ဦးက ရှေ့သို့ ပြေးထွက်လာပြီး သူ့ကို နောက်သို့ ပြန်တွန်းထုတ်လေ့ရှိသည်။ သူသည် ဝါရင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤလူငယ်နှင့် ရင်ဆိုင်ရာတွင် မည်သည့် အသာစီးမှ မရနိုင်ဘဲ ဖြစ်နေသည်။ တစ်ဖက်လူတွင် လျှို့ဝှက်သွေးရှိပုံမရသဖြင့် သိုင်းပညာရှင် မဟုတ်နိုင်ကြောင်း သူ ခန့်မှန်းမိသည်။

"ဒါက ဘာသဘောလဲ"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ တစ်ဖက်လူက ဘာကို ရည်ရွယ်နေမှန်း မသိသဖြင့် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် သူ၏အဖွဲ့နှင့်အတူ ထိုးဖောက်ထွက်ရန် ကြိုးစားသော်လည်း တစ်ဖက်အဖွဲ့က မျှော့တစ်ကောင်ပမာ တတွတ်တွတ် ကပ်ပါလာသဖြင့် မလွယ်ကူလှပေ။

နှစ်ဖက်စလုံး တိုက်ပွဲ အရှိန်တက်နေစဉ်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်

လိုက်သည်။

"မီးလောင်နေပြီ မီးလောင်နေပြီဟေ့"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်ရာ တောင်ဘက်အရပ်တွင် နီရဲသော မီးလျှံများမှာ လျင်မြန်စွာ ပျံ့နှံ့နေပြီး မည်းမှောင်သော မီးခိုးလုံးကြီးများမှာ ကောင်းကင်ယံသို့ လွင့်တက်နေသည်ကို တွေ့လိုက်ရသည်။

အခန်း။ ၆၆

ထို့နောက် အနက်ရောင် အစုအဝေးကြီးတစ်ခုသည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြန်သည်။

နီးကပ်လာသောအခါမှ ထိုအရာမှာ လူအုပ်ကြီးဖြစ်ကြောင်း သိသာသွားပြီး သူတို့၏ တစ်ကိုယ်လုံးမှာလည်း မည်းမှောင်နေသော မီးခိုးတလုံးလုံးဖြင့် ပေကျံနေကြသည်။

"တောက်... ဘယ်ကောင် မီးရှို့တာလဲကွ"

သာမန်လူထက် နှစ်ဆခန့် ပိုမိုထွားကျိုင်းသော ထိပ်ပြောင်လူသန်ကြီးတစ်ဦးက နာကျင်ဒေါသထွက်စွာဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏အသံမှာ မောင်းသံကဲ့သို့ ကျယ်လောင်လှပြီး သာမန်ထက် သာလွန်သော ခွန်အားရှိကြောင်း ပြသနေသဖြင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ တုန်လှုပ်သွားရသည်။

ဒါက သိုင်းပညာရှင်အစစ်ပဲ

"အစ်ကိုကြီး... သူတို့ကို ဝိုင်းတိုက်ကြစမ်း"

ရုတ်တရက်ဆိုသလိုပင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် လူငယ်လေးတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရပြန်သည်။ ထိုအခါမှ သူ အခြေအနေကို သဘောပေါက်သွားတော့သည် ဤလူများသည် အခြားသော ကြားဖြတ်တိုက်ခိုက်မည့် အဖွဲ့ဖြစ်ပြီး တစ်စုံတစ်ဦး၏ မီးရှို့မှုကြောင့် အပြင်သို့ အတင်းအကျပ် ထွက်လာရခြင်း ဖြစ်သည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ အလွန်ပင် ထိတ်လန့်သွားရ၏။ နှစ်ဖက်ညှပ် တိုက်ခိုက်ခံရခြင်းက သူ၏အဖွဲ့ကို အဆုံးစွန်သော အန္တရာယ်အတွင်းသို့ တွန်းပို့လိုက်ခြင်းပင်။ ထိုစဉ် ဟိုလူငယ်လေးမှာ အသေခံတိုက်မည့် ပုံစံမျိုးဖြင့် သူ၏ပုဆိန်ကို လွှဲယမ်းကာ ချဉ်းကပ်လာသည်။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် တည်ကြည်သော မျက်နှာထားဖြင့် သူ၏ဓားကို ကျွမ်းကျင်စွာ လှည့်ပတ်ကာ လူငယ်လေး၏ နှလုံးသားတည့်တည့်သို့ ထိုးနှက်လိုက်သည်။ ဓားနှင့်ပုဆိန် ထိခတ်မိချိန်တွင် ပုဆိန်၏ နောက်ကွယ်မှ အင်အားမှာ ထင်ထားသည်ထက် များစွာအားနည်းနေသဖြင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ ထိုအခွင့်အရေးကို အသုံးချကာ ဓားကို ရန်သူ၏ ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်တော့သည်။

"အားးး"

ရင်နင့်ဖွယ် အော်ဟစ်သံနှင့်အတူ ထိုလူငယ်လေးမှာ နောက်သို့ လွင့်စဉ်ကာ ဆုတ်ခွာသွားတော့သည်။ သူ ဆုတ်ခွာသွားသည်နှင့် သူဦးဆောင်လာသော လူများမှာလည်း ငှက်များ၊ သားရဲများ လန့်ဖျန့်သွားသကဲ့သို့ပင် ခဏချင်းအတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားကြတော့သည်။

ယခုအခါ စစ်ကွင်းအတွင်း၌ ရှူရှီး၏အဖွဲ့နှင့် ယာဉ်တန်းအဖွဲ့သာ ကျန်ရစ်တော့သည်။

"လုံယီ... ဒီကောင် ဘာတွေ လုပ်နေတာလဲ"

ရှူရှီးမှာ ဒေါသတကြီးဖြင့် နှာခေါင်းပင် ရှုံ့မဲ့နေတော့သည်။ ယခုအခါ သူ၏မျက်နှာမှာ ပြာများဖြင့် ပေကျံနေပြီး အဝတ်အစားများမှာလည်း ဟောင်းလောင်းပေါက်များဖြင့် အလွန်ပင် ကြည့်မကောင်းအောင် ဖြစ်နေသည်။

လုံယီဘက်က ရှုံးနိမ့်၍ ဆုတ်ခွါသွားသဖြင့် ရှူရှီးမှာ သူ၏ပစ်မှတ်ကို အလွတ်မပေးနိုင်တော့ချေ။ သူသည် မည်းမှောင်နေသော သူ၏လက်အောက်ငယ်သားများကို ဦးဆောင်ကာ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လိုက်တော့သည်။

"သတ်ကြစမ်း"

အဖွဲ့နှစ်ဖွဲ့မှာ ချက်ချင်းပင် ရင်ဆိုင်တိုက်ခိုက်ကြပြီး သွေးချောင်းစီးသော တိုက်ပွဲကြီး စတင်တော့သည်။

မီးခိုးတလုံးလုံးဖြင့် ပုန်းအောင်းရာမှ မောင်းထုတ်ခံလိုက်ရသော ရှူရှီး၏ လက်ပါးစေများမှာ ဒေါသတကြီးဖြင့် တစ်ဖက်အဖွဲ့အပေါ် အငြိုးတကြီး ရန်မူနေကြတော့သည်။ တစ်ဖက်တွင်မူ အဖြူရောင်ဝတ်စုံဝတ် အမျိုးသား ဦးဆောင်သော ယာဉ်တန်းအဖွဲ့မှာလည်း အတွေ့အကြုံရင့် စစ်သည်များဖြစ်ကြပြီး အသက်ပေး၍ ခုခံနေကြသဖြင့် တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှသည်။

နှစ်ဖက်စလုံး လက်နက်ချင်း အပြန်အလှန် လွှဲယမ်းကြရာ တစ်ဦးမှာ လက်တစ်ဖက် ပြတ်ကျသွားပြီး အခြားတစ်ဦးမှာမူ ဝမ်းဗိုက်ပွင့်ကာ အူများပင် ထွက်ကျလာတော့သည်။ ရှူရှီးမှာမူ ဒုတိယအဆင့် သွေးစွမ်းအားရှိသောသိုင်းပညာရှင်ပီပီ သူ၏ ကွင်းကိုးကွင်း ဓားမကြီးကို ဝှစ်... ဝှစ်မြည်အောင် လွှဲယမ်းနေသည်မှာ ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်နှင့်ပင် တူလှသည်။ သူ၏အရှေ့တွင် ရပ်တန့်ရဲသူမှန်သမျှမှာ ပဲပြားကို လှီးဖြတ်သကဲ့သို့ပင် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြ၏။

"သေစမ်း"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် ဤမြင်ကွင်းကို ကြည့်ကာ ရှူရှီးကို တိုက်ရိုက်ရင်ဆိုင်ရန် ပြေးဝင်လာသည်။ သို့သော် သတ္တုချင်း ထိခတ်သံ အနည်းငယ်အပြီးတွင် သူသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရကာ နောက်သို့ လွင့်စဉ်သွားတော့သည်။

"ဖူလင် အစောင့်အရှောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုတာ ဒါပဲလား။ ဘာမှ မဟုတ်ပါလားကွ ဟားဟားဟား"

ရှူရှီးသည် သွေးများနှင့် ပြာများ ပေကျံနေသော ကိုယ်ခန္ဓာဖြင့် သားရဲတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ ရယ်မောလိုက်သည်။

"မင်းတို့ ဘာကို စောင့်နေတာလဲ"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါတို့အားလုံး သေကုန်ရင် မင်းတို့ရဲ့ သခင်မလေးကို ဘယ်သူ ကာကွယ်ပေးမှာလဲ"

သူ၏နောက်ကွယ်ရှိ အလှဆင်ထားသော ဝေါယာဉ်ရှည်ကြီး၏ အရှေ့တွင်...

ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ရုပ်ဆိုးလှသော အဖိုးအိုသည် အစောင့်အရှောက်များနှင့် ဓားပြများ သွေးအိုင်ထဲ လဲနေကြသော်လည်း ဝေါယာဉ်ဘေးမှ တစ်ဖဝါးမှ မခွာဘဲ မတ်တပ်ရပ်နေဆဲပင်။ အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ အပြစ်တင်သံကို ကြားရသောအခါတွင်မှ ထိုရုပ်ဆိုးသော အဖိုးအိုမှာ မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်တုန့်ပြန်မှုမျှ မပြုလုပ်သေးချေ။

ထိုအခိုက်အတန့်တွင် ဝေါယာဉ်အတွင်းမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံလေး တစ်သံ ထွက်ပေါ်လာသည်

"ဦးလေးချင်း... သခင်လေးလင်းကို သွားကူညီပေးလိုက်ပါဦး"

"ကောင်းပါပြီ။"

အဝတ်ကြမ်းဝတ် အဖိုးအိုသည် တိုတိုတုတ်တုတ်ပင် ပြန်ထူးလိုက်ပြီးနောက် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားနှင့် ပူးပေါင်းကာ ရှူရှီးကို ရင်ဆိုင်ရန် ချက်ချင်း ပြေးဝင်သွားတော့သည်။ ဤအဖိုးအိုမှာလည်း သိုင်းပညာရှင်တစ်ဦးပင် ဖြစ်ပြီး သူ၏လက်နက်မှာ ရှားပါးလှသော တရားသူကြီးကလောင်ပင်။

ထိုကလောင်တံ၏ လှုပ်ရှားမှုမှာ တစ်ခါတစ်ရံ မြွေတစ်ကောင်၏ လျှာကဲ့သို့ လျင်မြန်လှပြီး တစ်ခါတစ်ရံ ပင်လယ်အတွင်းမှ တက်လာသော နဂါးတစ်ကောင်ကဲ့သို့ အားမာန်ပါလှသည်။ အပေါ်အောက်၊ ဘယ်ညာ လျင်မြန်စွာ ထိုးနှက်နေသဖြင့် ရှူရှီးမှာ ရင်ဆိုင်ရသည်မှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းနေတော့သည်။

တစ်ယောက်ချင်းဆိုပါက ရှူရှီးအနေဖြင့် သူတို့နှစ်ဦးစလုံးကို တိုက်ကွက် ၁၀ ကွက်အတွင်း အနိုင်ယူနိုင်မည်မှာ သေချာသော်လည်း ယခုကဲ့သို့ နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရချိန်တွင်မူ တစ်စုံတစ်ဦးကို သတ်နိုင်ရန် သူကိုယ်တိုင်လည်း ပြင်းထန်သော ဒဏ်ရာကို ရရှိနိုင်သည့် အခြေအနေ ဖြစ်နေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ စစ်မြေပြင်တွင် ခြေလက်အင်္ဂါ အပြတ်အသတ်များ၊ သွေးစိုနေသော အူများနှင့် ကွဲအက်နေသော ကိုယ်တွင်းအင်္ဂါများမှာ နေရာအနှံ့ ပျံ့ကြဲနေပြီး နှစ်ဖက်စလုံးမှာ နောက်ဆုံးအင်အားအထိ အသုံးပြုကာ တိုက်ခိုက်နေကြတော့သည်။

သို့သော် ရှူရှီး၊ အဝတ်ကြမ်းဝတ် အဖိုးအိုနှင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားတို့မှာမူ ပြင်းထန်စွာ ဆက်လက်လုံးထွေး တိုက်ခိုက်နေကြဆဲပင်။

'ဒုတိယညီလေး ဘာလို့ အခုထိ ရောက်မလာသေးတာလဲ'

ရှူရှီး ထိုသို့ တွေးတောနေစဉ်မှာပင် ဘုန်းဟူသော အသံနှင့်အတူ လူဦးခေါင်းတစ်ခုမှာ သူ၏ခြေရင်းသို့ လွင့်စင်ကျလာတော့သည်။ မီးခိုးရောင်ဆံပင်များ၊ အိုမင်းနေသော မျက်နှာနှင့် ဆိတ်မုတ်ဆိတ်... ဤသူမှာ ဒုတိယခေါင်းဆောင် ဝူယီဖိန်မှလွဲ၍ အခြားသူ မဖြစ်နိုင်ချေ။

ရှူရှီးမှာ စိတ်ရောကိုယ်ပါ ထိတ်လန့်သွားပြီး သူ၏တိုက်ကွက်များ တုံ့ဆိုင်းသွားစဉ် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက အခွင့်ကောင်းယူကာ ရှူရှီး၏ ဝမ်းဗိုက်ကို ဓားဖြင့် ထိုးသွင်းလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် အဝတ်ကြမ်းဝတ် အဖိုးအိုကလည်း သူ၏ကလောင်တံဖြင့် ရှူရှီး၏ မျက်နှာတည့်တည့်သို့ ထိုးနှက်လိုက်ပြန်သည်။

"အားးးးး"

ရှူရှီးမှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရပြီး သူ၏ဘယ်ဘက်မျက်လုံးမှ သွေးများမှာ အရှိန်အဟုန်ဖြင့် စီးကျလာတော့သည်။ သူသည် ရူးသွပ်သွားကာ သူ၏ဓားမကြီးကို အဝတ်ကြမ်းဝတ် အဖိုးအို၏ ရင်ဘတ်တည့်တည့်သို့ ပစ်လွှတ်လိုက်ရာ အဖိုးအိုမှာ မြေပြင်ပေါ်သို့ ပက်လက်လန်ကာ စိုက်လျက်သား လဲကျသွားသည်။

ထို့နောက် သူသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားထံသို့ အရှိန်ဖြင့် ပြေးဝင်ကာ ကိုယ်လုံးကို တင်းကျပ်စွာ ပွေ့ဖက်ချုပ်ကိုင်လိုက်တော့သည်။

'ဂျွတ်... ဂျွတ်'

ပြင်းထန်လှသော ခွန်အားကြောင့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသား၏ အရိုးများမှာ ခဏချင်းအတွင်းမှာပင် ကျိုးကြေကုန်သည်။ ထိုအမျိုးသားမှာ အသက်ရှူကျပ်ကာ မျက်လုံးများ ပြူးထွက်လာပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာ၏။ သို့သော် သူသည် အရှုံးမပေးဘဲ ရှူရှီး၏ ပုခုံးကို အားကုန် ပြန်လည်ကိုက်ခဲထားသဖြင့် ရှူရှီးမှာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေရသည်။

"သေစမ်း... အားလုံး သေကုန်ကြစမ်း"

ရှူရှီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို အသေညှစ်သတ်တော့မည့် အချိန်တွင် ……

ဖောက်…..

သာမန်မြားတစ်စင်းထက် ပိုမိုမြန်ဆန်သော အဖြူရောင် အစင်းတန်းတစ်ခုမှာ မည်သည့်နေရာမှ ရောက်ရှိလာသည်မသိဘဲ ရှူရှီး၏ နားထင်သို့ အားကုန် ထိမှန်လိုက်တော့သည်။ ရှူရှီး၏ ဦးခေါင်းခွံမှာ နားထင်မှစ၍ သိသိသာသာ ချိုင့်ဝင်သွားပြီး ထိုအရာမှာ ဦးခေါင်းခွံအတွင်း၌ စိုက်ဝင်နေဆဲပင်။ အနီးကပ်ကြည့်မှသာ ၎င်းမှာ ကြက်ဥခန့်ရှိသော ကျောက်စရစ်ခဲတစ်လုံး ဖြစ်နေသည်ကို တွေ့ရသည်။

ရှူရှီးသည် သူ၏ဦးခေါင်းကို ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်ရာ လုံယီမှာ သူ၏ထံသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။

"လုံ..."

ရှူရှီးသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသားကို လက်မှ လွှတ်ချလိုက်ပြီး မတ်တပ်ရပ်လျက်သားပင် တောင့်တင်းသွားတော့သည်။

လုံယီသည် ခြေလှမ်း ၁၀ လှမ်းအကွာအထိ ချဉ်းကပ်သွားပြီးနောက် ရပ်တန့်လိုက်ကာ ရှူရှီးကို အေးစက်စက် စိုက်ကြည့်နေသည်။

အသက်ရှူအကြိမ်အနည်းငယ်ကြာပြီးနောက် ရှူရှီး၏ အရေပြားများမှာ နီရဲလာပြီး သူသည် နောက်ဆုံးလက်ကျန်အင်အားဖြင့် ရှေ့သို့ အသည်းအသန် ပြေးဝင်လာပြန်သည်။ လုံယီသည် ပြတ်သားစွာပင် နောက်သို့ဆုတ်လိုက်ပြီး သူ၏ လောက်လေးခွကို ဆွဲကာ ကျောက်ခဲတစ်လုံးဖြင့် ထပ်မံပစ်ခတ်လိုက်ရာ ရှူရှီး၏ မျက်နှာတည့်တည့်သို့ မှန်သွားတော့သည်။

မကျေမနပ်ဖြင့် အော်ဟစ်ရင်း ရှူရှီးသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ မှောက်လျက်သား လဲကျသွားတော့သည်။ လုံယီသည် စိတ်မချသေးသဖြင့် သူ၏ပုဆိန်ကို လေထဲမှ ဝှစ်ခနဲမြည်အောင် ထပ်မံပစ်လွှတ်လိုက်ရာ ရှူရှီး၏ လည်ပင်းမှာ ပြတ်လုနီးပါး ဖြစ်သွားတော့သည်။ ထိုအခါမှသာ လုံယီသည် စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ရှူရှီးနှင့် ယာဉ်တန်းမှလူများမှာ တစ်ဦးမကျန် သေဆုံးကုန်ကြပြီဖြစ်သည်။ ခြောက်ကပ်နေသော ဝေါယာဉ်ကြီးတစ်စီးသာ ကျန်ရစ်တော့ပြီး အတွင်းရှိလူများမှာ ကြောက်လန့်လွန်းသဖြင့် အပြင်သို့ မထွက်ရဲကြချေ။

လုံယီသည် ရှူရှီး၏ အလောင်းနားသို့ သွားရောက်ကာ စွမ်းအင်မှတ် +2 ကို ချက်ချင်း ရယူလိုက်သည်။ ထို့နောက် ရှူရှီး၏ ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရာ ဝှက်ထားသော လျှို့ဝှက်ကျင့်စဉ်စာအုပ်တစ်အုပ်ကို တွေ့ရှိလိုက်ရသည်။ စာအုပ်မှာ ပါးလွှာပြီး မျက်နှာဖုံးတွင် ရွှေရောင်စာလုံးများဖြင့် အသက်ရှူကျင့်စဉ်ဟု ရေးသားထားသဖြင့် လုံယီမှာ အလွန်ဝမ်းသာသွားသည်။

အသက်ရှူကျင့်စဉ် ဟူသော စာလုံးရှေ့တွင် အခြားစာလုံးနှစ်လုံး ရှိနေခဲ့သော်လည်း ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ ခြစ်ထုတ်ဖျက်ဆီးထားသဖြင့် ကျင့်စဉ်၏ မူလဇစ်မြစ်ကို ဖုံးကွယ်ထားပုံရသည်။ စာအုပ်ကိုဖွင့်၍ အမြန်လှန်လှောကြည့်လိုက်သောအခါ လုံယီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ရပြန်သည်

“တောက်... ဒါလည်း မပြည့်စုံတဲ့ မိတ္တူပဲလား”

သို့သော်လည်း ဟူမိသားစုအိမ်ရာမှ ရခဲ့သောစာအုပ်ထက်စာလျှင် ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်တွင် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံရမည့် နည်းလမ်းများ ပါဝင်ပြီး တတိယအဆင့် သွေးစွမ်းအားအထိ ဖော်ပြထားသောကြောင့် ဖြစ်သည်။

ကျင့်စဉ်စာအုပ်ကို သူ၏ကိုယ်ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းပြီးနောက် လုံယီသည် အခြားသော အလောင်းများဆီမှ စွမ်းအင်များကို အမြန်ဆုံး သိမ်းဆည်းတော့သည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် စွမ်းအင် +1 +1 ဟူသော စာသားများမှာ တရစပ် ပေါ်ထွက်နေ၏။ ခဏချင်းအတွင်းမှာပင် သူသည် စွမ်းအင် ၃၀ မှတ် အထိ စုဆောင်းမိသွားသည်။

ဤနည်းမှာ သင်္ချိုင်းတူး၍ ရှာဖွေရသည်ထက် များစွာ ပိုမိုမြန်ဆန်လှသည်။

တကယ်လို့ ဒီလို ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာမှာသာ အမြဲနေရမယ်ဆိုရင် ငါ့ရဲ့အစွမ်းက တဟုန်ထိုး တက်လာတော့မှာပဲ။

လုံယီ မတွေးဘဲ မနေနိုင်တော့ချေ။

ဒုန်း... ဒုန်း... ဒုန်း

ခြေသံများနှင့်အတူ ကျူတာရွေ့၊ ဟွမ်လေ၊ လုရန်၊ လျူယွမ်နှင့် အခြားသူများ ရောက်ရှိလာကြသည်။

“သေကုန်ပြီ... အကုန်သေကုန်ပြီ”

ကျူတာရွေ့က ရှုပ်ထွေးသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

လုရန်နှင့် လျူယွမ်တို့မှာမူ အလွန်ပင် ဝမ်းသာနေကြသည်။

“ရှူရှီး သေသွားပြီဆိုတော့ အခု နေဝင်တောင်တန်းရဲ့ ခေါင်းဆောင်ကြီးက ခင်ဗျားပဲပေါ့ ခေါင်းဆောင်လုံ”

သူတို့နှစ်ဦးမှာ လုံယီ၏ အမာခံလက်ရုံးများဖြစ်ကြပြီး လုံယီ အောင်မြင်ခြင်းသည် သူတို့၏ အောင်မြင်ခြင်းပင်။ တောင်ပေါ်တွင် ကျန်ရှိနေသော လူများမှာလည်း အောက်ခြေလူတန်းစားများသာ ဖြစ်သဖြင့် မည်သည့် ပြဿနာမျှ ပေးနိုင်တော့မည် မဟုတ်ပေ။

လုံယီသည် ဝေါယာဉ်ဘက်သို့ လှည့်ကြည့်ကာ “အပြင်ကို မထွက်လာသေးဘူးလား ငါကိုယ်တိုင် လာပြီး ဖိတ်ခေါ်ရမလား” ဟု မေးလိုက်သည်။

ဝေါယာဉ်အတွင်းမှ နူးညံ့သောအမျိုးသမီးအသံလေး ထွက်ပေါ်လာသည်။

“သခင်ကြီး... ကျွန်မရဲ့ သားလေးကိုသာ လွှတ်ပေးမယ်ဆိုရင် သခင်ကြီး ခိုင်းသမျှကို ကျွန်မ လိုက်နာပါ့မယ်”

All Chapters