အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း။ ၆၉
ဘုန်း…
ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခုကြောင့် လူလတ်ပိုင်းအရွယ် မျိုးနွယ်စုခေါင်းဆောင်မှာ နောက်သို့ လွင့်စဉ်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ နတ်ဆိုးဘုရင်၏ ခွန်အားမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလှပြီး သူ၏ လက်နက်မှာလည်း သစ်ပင်တစ်ပင်လုံးကို သွန်းလုပ်ထားသည့်အလား ထုထည်ကြီးမားလှသည်။
“အံ့သြစရာပဲ”
“အာဟေးက ငါတို့မျိုးနွယ်စုရဲ့ အသတ္တိဆုံး စစ်သည်တော်ပဲ”
အမှတ်တရများမှာ ဆက်လက် စီးဆင်းနေဆဲပင်။ ၁၅ နှစ်ခန့် ကြာပြီးနောက်...
ရှေးဦးမျိုးနွယ်စုအတွင်း၌ ယခင်က အသားညိုညိုကောင်လေးမှာ ယခုအခါ မုတ်ဆိတ်ဗရပွနှင့် ခန့်ညားထည်ဝါသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူသည် ကျားသရေကို လွှမ်းခြုံထားပြီး လူအများ၏ အလယ်တွင် သြဇာအာဏာအပြည့်ဖြင့် ထိုင်နေ၏။
သို့သော် ထိုအေးချမ်းမှုမှာ ကြာရှည်မခံခဲ့ပေ။
“မကောင်းတော့ဘူး ခေါင်းဆောင်ကြီး... နတ်ဆိုးစစ်တပ်ကြီး ချီတက်လာနေပြီ”
ဝေးကွာသောနေရာမှ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။
ဆယ်ပေကျော် မြင့်မားသော နတ်ဆိုးကြီး ဒါဇင်ပေါင်းများစွာသည် သူတို့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြရာ မြေပြင်ကြီးပင် တုန်ဟီးနေတော့သည်။ ထိုနတ်ဆိုးများထဲမှ ဦးဆောင်လာသော နတ်ဆိုးဘုရင်မှာ သာမန်နတ်ဆိုးများထက် သုံးပေခန့် ပိုမိုမြင့်မားကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
“အားလုံး ပြီးသွားပြီ”
မျိုးနွယ်စုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ နတ်ဆိုးတစ်ကောင်တည်းကိုပင် လူအများအပြား ဝိုင်းတိုက်မှသာ နိုင်နိုင်သော်လည်း ယခုကဲ့သို့ စစ်တပ်လိုက် တိုက်ခိုက်လာခြင်းကို မည်သို့မျှ မခုခံနိုင်တော့ချေ။
မမျှော်လင့်ဘဲ တိုက်ခိုက်ခံရသဖြင့် မျိုးနွယ်စုဝင်များမှာ ဖရိုဖရဲဖြစ်ကာ အဖမ်းခံရသူကခံ၊ အသတ်ခံရသူကခံနှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်တစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
“အဲဒီ နတ်ဆိုးဘုရင်ကို သတ်မှဖြစ်မယ်”
မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာသော အသားညိုညို လူလတ်ပိုင်းအမျိုးသား၏ မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူ၏ ပုဆိန်သိုင်းမှာ ယခင်ကထက် အဆင့်များစွာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သူသည် တောက်ပနေသော ငွေရောင်ပုဆိန်ကို ကောက်ကိုင်လိုက်ပြီး သာမန်နတ်ဆိုးများအကြား တိုးဝှေ့ဖြတ်သန်းကာ နတ်ဆိုးဘုရင်ရှိရာသို့ တည့်တည့်ဦးတည်လိုက်သည်။ ခဏချင်းအတွင်းမှာပင် နှစ်ဦးသား လုံးထွေးတိုက်ခိုက်ကြရာ မျိုးနွယ်စုခေါင်းဆောင်မှာ သိသိသာသာ အားနည်းနေသော်လည်း သူ၏ ပုဆိန်ချက်များမှာ ပိုမိုမြန်ဆန်ကာ ပိုမိုပြင်းထန်လာသည်။
မျိုးနွယ်စုခေါင်းဆောင်သည် နတ်ဆိုးဘုရင်၏ ရိုက်ချက်ကြောင့် လေထဲသို့ လွင့်စင်သွားပြီး သွေးများအန်ထုတ်လိုက်ရသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသည်နှင့် အသင့်စောင့်နေသော နတ်ဆိုးများ၏ နင်းခြေသတ်ဖြတ်ခြင်းကို ခံရတော့မည့် အခြေအနေပင်။
မျိုးနွယ်စုဝင်အားလုံး၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းများ ပြည့်နှက်သွားသည်။ အကယ်၍ ခေါင်းဆောင်သာ သေဆုံးသွားပါက သူတို့မျိုးနွယ်စု ပျက်သုဉ်းဖို့မှာ မလွဲဧကန်ပင်။
သို့သော်လည်း လူလတ်ပိုင်းခေါင်းဆောင်၏ မျက်ဝန်းထဲတွင်မူ အလင်းရောင်တစ်ခု လက်ခနဲ ပေါ်လာသည်။ လေထဲတွင် ရှိနေစဉ်မှာပင် သူ၏ ညာဘက်လက်က ပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်ကို လွှတ်တင်တော့မည့် လေးတစ်စင်းအလား ကိုင်းညွှတ်လိုက်သည်။ သူ၏ ခါးနှင့် ဝမ်းဗိုက်ကို ရုတ်တရက် လိမ်ကျစ်လိုက်ပြီး ကောင်းကင်မှ လမင်းကို လှမ်းဆွဲလိုက်သည့်အလား သူ၏ ညာဘက်လက်ကို အားကုန် လွှဲယမ်းလိုက်တော့သည်။
ဝှစ်... ဝှစ်... ဝှစ်
ထိုအခိုက်အတန့်မှာပင် သူ၏လက်ထဲမှ ပုဆိန်သည် လေပွေတစ်ခုအလား လျင်မြန်စွာ လည်ပတ်သွားပြီး နတ်ဆိုးဘုရင်ထံသို့ ပြင်းထန်စွာ ပြေးဝင်သွားသည်။ နတ်ဆိုးဘုရင်မှာ မမျှော်လင့်ထားသဖြင့် ရှောင်တိမ်းချိန်မရဘဲ လည်ပင်းတည့်တည့်သို့ အရှိန်အဟုန်ဖြင့် ထိမှန်သွားတော့သည်။ ကြီးမားသော ဒဏ်ရာကြီး ပွင့်ထွက်သွားကာ သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ပန်းထွက်ကုန်၏။
“အောင်မြင်ပြီ”
လူလတ်ပိုင်းခေါင်းဆောင်သည် ဝမ်းမြောက်သွားကာ စိတ်ဓာတ်များ ပြန်လည်နိုးကြားလာသော မျိုးနွယ်စုဝင်များကို ဦးဆောင်ပြီး ပြန်လည်တိုက်စစ်ဆင်တော့သည်။
မှတ်ဉာဏ်များမှာ ဤနေရာတွင် ရပ်တန့်သွားပြီး လုံယီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ဟင်းလင်းပြင်မှ ရင်းနှီးနေသော စွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ ခွန်အားနှင့် ကြံ့ခိုင်မှုကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးလိုက်ပြန်သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော လက်ရှိ ခန္ဓာကိုယ်အခြေခံနှင့်ဆိုလျှင် ဤတိုးတက်မှုမှာ အကန့်အသတ်ရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ သာမန်စွမ်းရည်များဖြင့် ဆက်လက်တိုးတက်ရန် ခက်ခဲနေပြီး သိုင်းပညာရှင်အဆင့်တစ်ခုခုကို ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။
အဓိက တိုးတက်ပြောင်းလဲသွားသည်မှာ ပုဆိန်သိုင်း အဆင့်ပင်။
နှံ့စပ်ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသော ပုဆိန်သိုင်းမှာ ယခုအခါ သူ၏ စိတ်ကြိုက် စီမံနိုင်ပြီဖြစ်သည်။ သတ်မှတ်ထားသော ပုံသေတိုက်ကွက်များတွင် ချုပ်နှောင်မထားတော့ဘဲ ဆန့်ကျင်ဘက်ရန်သူ လုံးဝရိပ်မိခြင်းမရှိစေမည့် အလွန်တရာ ကျော့ရှင်းလှပသော လှုပ်ရှားမှုများအဖြစ် ပြောင်းလဲသွားသည်။ အကယ်၍ ခေါင်းဆောင်မာနှင့်သာ ထပ်မံရင်ဆိုင်ရပါက တောင်ဖြိုခွဲခြင်းတိုက်ကွက်ကို အသုံးမပြုဘဲ တိုက်ကွက် ၁၀ ကွက်အတွင်း သတ်ပစ်နိုင်မည်ဟု လုံယီ ယုံကြည်ချက်အပြည့် ရှိနေသည်။
သို့သော် ပြောင်းလဲမှုများမှာ ဤမျှနှင့် မဆုံးသေးပေ။
လုံမိသားစု ပုဆိန်သိုင်း၏ အောက်ခြေ ညာဘက်ထောင့်တွင် ဒုတိယမြောက် ပြောင်းပြန်တြိဂံပုံစံ အနက်ရောင် သင်္ကေတလေးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ဆော့ဖ်ဝဲလ်တစ်ခု၏ ရွေးချယ်စရာပြကွက်နှင့်ပင် တူနေတော့သည်။
ဒါက... တစ်ခုခုများ ဖြစ်နိုင်မလား။
လုံယီသည် သူ၏စိတ်အာရုံဖြင့် ထိုသင်္ကေတကို နှိပ်လိုက်သောအခါ စာသားအသေးလေးတစ်ကြောင်း ပေါ်ထွက်လာသည်။
[လုံမိသားစု ပုဆိန်သိုင်းသည် နှံ့စပ်ကျွမ်းကျင် အဆင့်သို့ ရောက်ရှိသွားသဖြင့် အဆင့်မြင့်စွမ်းရည် ဝဲဂယက်ကို ရရှိပါသည်]
[ဝဲဂယက်သည် အတိုင်းအတာတစ်ခုအထိ လူနှင့် ပုဆိန်အကြား ချိတ်ဆက်မှုတစ်ခုကို တည်ဆောက်နိုင်သည်။ ပုဆိန်ကို ပစ်လွှတ်လိုက်ပြီးနောက် အသုံးပြုသူ အလိုရှိသော လမ်းကြောင်းနှင့် အရှိန်အတိုင်း မိမိလက်ထဲသို့ ပြန်လည်ရောက်ရှိလာစေရန် ထိန်းချုပ်နိုင်သည်။ ပြန်လည်ရောက်ရှိလာချိန်တွင် ပုဆိန်၏အရှိန်သည် ၎င်း၏ အမြင့်ဆုံးအရှိန်ထက် ၁၂၀ ရာခိုင်နှုန်း အထိ ပိုမိုမြန်ဆန်နိုင်သည်။ အချိန်တိုအတွင်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်]
တကယ်ကို ပါးနပ်တဲ့ စွမ်းရည်ပဲ။
ဤစွမ်းရည်သည် ရန်သူကို အဝေးမှ တိုက်ခိုက်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လာရုံသာမက ခဲပစ်စွမ်းရည်ထက် ပိုမိုအားကောင်းပြီး ပိုမိုလျှို့ဝှက်ကာ လှည့်စားမှုလည်း ပိုသည်။
လုံယီသည် မီတာအနည်းငယ်အကွာရှိ သစ်ပင်တစ်ပင်ပေါ်တွင် နားနေသော လက်သီးဆုပ်ခန့်သာရှိသည့် ငှက်ဝါလေးတစ်ကောင်ကို ကြည့်လိုက်သည်။ ငှက်ကလေး၏ မျက်လုံးနက်လေးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေ၏။
ဝှစ်…
သူသည် လက်ထဲမှ ပုဆိန်ကို ထိုငှက်ကလေးထံသို့ တည့်တည့်ပစ်လွှတ်လိုက်သည်။ ငှက်ကလေးမှာ အလွန်ပါးနပ်သဖြင့် ပုဆိန်သံကို ကြားသည်နှင့် ညာဘက်သို့ ပျံတက်ကာ ရှောင်တိမ်းလိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် လုံယီသည် စိတ်ထဲမှ ဝဲဂယက် စွမ်းရည်ကို အသုံးပြုလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူနှင့် ပုဆိန်အကြား သိပ်မထင်ရှားသော ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ လုံယီသည် သူအလိုရှိသော လမ်းကြောင်းအတိုင်း ပုဆိန်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိလိုက်သည်။
ပြန်လာခဲ့စမ်း။
လုံယီသည် ပုဆိန်ကို သူ၏စိတ်ဖြင့် ထိန်းချုပ်လိုက်သည်။ ချက်ချင်းပင် ရှေ့သို့သွားနေသော ပုဆိန်၏အရှိန်မှာ ရပ်တန့်သွားပြီး လေထဲတွင် ဝဲခနဲ လှည့်ပြန်လာတော့သည်။
ထို့နောက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် နောက်သို့ ပျံသန်းလာရာ သတိမထားမိသော ငှက်ကလေးကို ထိမှန်သွားပြီး ခန္ဓာကိုယ်ကို နှစ်ပိုင်းအလွယ်တကူ ပိုင်းဖြတ်သွားတော့သည်။
ဝူး... ဝူး... ဝူး
နောက်ဆုံးတွင် ပုဆိန်မှာ လည်ပတ်လျက် လုံယီ၏ လက်ထဲသို့ အတိအကျ ပြန်လည်ရောက်ရှိလာသည်။
ကောင်းပြီ... ငါ့မှာ နောက်ထပ် လျှို့ဝှက်လက်နက်တစ်ခု တိုးလာပြန်ပြီ။
လုံယီက ကျေနပ်စွာ တွေးလိုက်သည်။
ယခုအချိန်မှစ၍ သူ၏ ပုဆိန်သိုင်းမှာ သာမန်ကိုယ်ခံပညာအဆင့်ထက် လုံးဝသာလွန်သွားပြီး သူ၏ အားအကောင်းဆုံး တိုက်ကွက်တစ်ခု ဖြစ်လာတော့သည်။
ထို့နောက် လုံယီသည် ကျူတာရွေ့၊ လုရန်၊ လျူယွမ်နှင့် သူတို့၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ နေဝင်တောင်တန်းသို့ ပြန်တက်ခဲ့သည်။
တောင်ပေါ်တွင် ကျန်ရစ်ခဲ့သော ရှူရှီး၏ သစ္စာခံအချို့မှာ အခြားသူများကို လှုံ့ဆော်ကာ ပုန်ကန်ရန် ကြိုးစားခဲ့ကြသော်လည်း လုံယီက ပြတ်သားစွာပင် သတ်ဖြတ်နှိမ်နင်းလိုက်သည်။ ဤသို့ဖြင့် နေဝင်တောင်တန်း၏ အာဏာဖွဲ့စည်းပုံမှာ အပြောင်းအလဲဖြစ်သွားပြီး လုံယီသည် ခေါင်းဆောင်သစ် ဖြစ်လာတော့သည်။ ဓားပြအများစုမှာ သစ္စာတရားထက် အင်အားကြီးသူနောက်ကိုသာ လိုက်လိုကြသဖြင့် မည်သူခေါင်းဆောင်ဖြစ်သည်မှာ သူတို့အတွက် အရေးမကြီးလှပေ။
လုံယီသည် ကျူတာရွေ့ကို ဒုတိယခေါင်းဆောင်အဖြစ် ရာထူးတိုးပေးလိုက်ပြီးနောက် မှာကြားလိုက်သည်။
"နောက်နှစ်ရက်နေရင် ငါ စူးမိသားစုက သခင်မလေးကို မြို့မထဲအထိ အစောင့်အရှောက် လိုက်ပို့ပေးရမယ်။ အဲဒီအချိန်အတွင်းမှာ တောင်ပေါ်က ကိစ္စအဝဝကို မင်းပဲ တာဝန်ယူ ဖြေရှင်းလိုက်ပါ။ ဘာပြဿနာမှ မတက်စေနဲ့"
ကျူတာရွေ့က သူ၏ရင်ဘတ်ကို လက်သီးဖြင့် ပုတ်ကာ အာမခံလိုက်သည်။
"စိတ်ချပါ အစ်ကိုကြီးယီ ဒီကောင်တွေကို ကျွန်တော် အသေအချာ ထိန်းထားပါ့မယ်"
"ဟားဟား... ကောင်းပြီ"
လုံယီက သူ၏ပုခုံးကို ပုတ်ကာ လှည့်ထွက်လာခဲ့သည်။
သူသည် ကျူတာရွေ့ကို တစ်ခုတော့ မပြောခဲ့ပေ။ ၎င်းမှာ... သူတစ်ခါသွားပြီးလျှင် တော်တော်နှင့် ပြန်လာဖြစ်တော့မည် မဟုတ်ဆိုသည့် အချက်ပင်။ ၎င်းမှာ ကျူတာရွေ့ကို မယုံကြည်၍ မဟုတ်ဘဲ ထိုင်မြို့သို့ သွားရောက်ကာ သိုင်းပညာသင်ယူခြင်းမှာ အန္တရာယ်ကြီးမားလှသဖြင့် လူသိနည်းလေ ပိုကောင်းလေ ဖြစ်သောကြောင့်ပင်။
လုံယီသည် သူ၏ နေအိမ်ဝင်းထဲသို့ ပြန်လာခဲ့သည်။ စူးသခင်မလေး၊ အစေခံမလေးနှင့် ဒဏ်ရာရနေသော အစေခံအဖိုးအိုတို့မှာ ထိုဝင်းအတွင်းရှိ အခြားအခန်းများတွင် တည်းခိုနေကြသည်။
ထိုနေ့ညနေတွင် လူနှစ်ဦး တိတ်တဆိတ် ရောက်ရှိလာကြသည်။ တစ်ဦးမှာ ထွားကျိုင်းပြီး အခြားတစ်ဦးမှာမူ ဖြူစင်ကာ ပါးနပ်ပုံရသူများ ဖြစ်ကြသည်။ သူတို့မှာ ယခင်ကတည်းက လုံယီအပေါ် အသစ္စာအရှိဆုံးဖြစ်သည့် လုရန်နှင့် လျူယွမ်တို့ပင်။
"ဘာကိစ္စလဲ"
လုံယီက မေးလိုက်သည်။
"ခေါင်းဆောင်ကြီး... ကျွန်တော်တို့လည်း စူးသခင်မလေးကို မြို့ထဲအထိ လိုက်ပို့တဲ့နေရာမှာ အတူတူ လိုက်ပါခွင့်ပြုပါ"
လုရန်က ပြောလိုက်သည်။
လုံယီက စဉ်းစားနေသော မျက်နှာထားဖြင့် ကြည့်နေစဉ် သူတို့နှစ်ဦးမှာ ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်တို့ သိပါတယ်။ ခေါင်းဆောင်ကြီးရဲ့ ရည်မှန်းချက်တွေက ဒီတောင်ပေါ်မှာတင် ရပ်တန့်မနေဘူးဆိုတာ။ ခေါင်းဆောင်ကြီး အခုတစ်ခေါက် ထွက်သွားရင် လွယ်လွယ်နဲ့ ပြန်လာမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်"
လျူယွမ်က ပါးနပ်သော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့လည်း ဓားပြဘဝနဲ့ပဲ မနေချင်တော့ဘူး။ ခေါင်းဆောင်ကြီး နောက်ကိုပဲ လိုက်ချင်တာပါ။ ကျွန်တော်တို့ အမှားတွေကို ပြုပြင်ပြီး ခေါင်းဆောင်ကြီးအပေါ်မှာပဲ သစ္စာရှိရှိ အလုပ်အကျွေးပြုပါ့မယ်။ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး"
"တကယ်လို့ ကျွန်တော်သာ ဒီကတိကို ဖျက်ခဲ့ရင် မိုးကြိုးပစ်လို့ သေပါစေဗျာ"
လုရန်က ပြင်းထန်စွာ ကျိန်ပြောလိုက်သည်။
"ဒီခရီးက အန္တရာယ် အရမ်းများတယ်။ အသက်တောင် ဆုံးရှုံးနိုင်တယ်"
လုံယီက သတိပေးလိုက်သော်လည်း သူတို့နှစ်ဦးမှာ မတုန်မလှုပ် ရှိနေကြသည်။ ယခင်က ဖြစ်ရပ်များအရလည်း သူတို့မှာ ယုံကြည်ထိုက်သူများ ဖြစ်ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် လုံယီ သဘောတူလိုက်သည်။
တောင်ပေါ်မှ မဆင်းမီတွင် သူသည် ဟူမိသားစု အိမ်ရာမှ ရခဲ့သော မပြည့်စုံသည့် အသက်ရှူကျင့်စဉ်ကို ကျူတာရွေ့ထံတွင် ချန်ထားရစ်ခဲ့သည်။ ၎င်းမှာ သူပေးခဲ့သော လျော်ကြေးတစ်မျိုးပင်။ ကျူတာရွေ့မှာ တောင်ပေါ်ရှိ လူများထဲတွင် ကိုယ်ကာယ ပါရမီအရှိဆုံးသူ ဖြစ်သဖြင့် ဤကျင့်စဉ်ဖြင့် သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းရန်မှာ အခက်အခဲ ရှိလိမ့်မည် မဟုတ်ပေ။
အခန်း။ ၇၀
"သွားကြစို့"
နံနက်အာရုဏ်ဦး ပတ်ဝန်းကျင်၌ အလင်းရောင် အနည်းငယ်မျှသာ ရှိနေချိန်တွင် လုရန်နှင့် လျူယွမ်တို့သည် ဝေါယာဉ်ကို ဦးဆောင်ကာ စတင်ထွက်ခွာခဲ့ကြသည်။
ဝေါယာဉ်အတွင်း၌ ပန်းရောင်ဝတ်စုံဝတ် အစေခံမလေးနှင့်အတူ ဒဏ်ရာများကြောင့် တစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားရသည့် ရုပ်ဆိုးလှသော အဖိုးအိုတို့ ထိုင်နေကြသည်။ ထိုအဖိုးအိုမှာ ယခင်တိုက်ပွဲမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ အစေခံမလေးမှာမူ သူမ၏ ရင်ခွင်ထဲတွင် အိပ်မောကျနေသော ကလေးငယ်ကို ပွေ့ပိုက်ထားပြီး စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ဝေါယာဉ်အပြင်ဘက်သို့ ငေးကြည့်နေ၏။
အပြင်ဘက်တွင်မူ စူးရှီနှင့် လုံယီတို့မှာ မြင်းတစ်ကောင်စီကို စီးနင်းလျက် ဘေးချင်းယှဉ်ကာ လိုက်ပါလာကြသည်။ စူးရှီသည် ဝေါယာဉ်အတွင်းရှိ သူမ၏ ထိုင်ခုံကို ဒဏ်ရာအပြင်းအထန်ရထားသော အစေခံအဖိုးအိုအတွက် ပေးလိုက်ခြင်းဖြစ်ရာ ဤလုပ်ရပ်ကြောင့် လုံယီသည် သူမအပေါ် ပိုမိုလေးစားပြီး နှစ်သက်မိသွားသည်။
"ဒီခရီးစဉ်က ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းမှာပါ။ အကိုကြီးလုံ အနေနဲ့ ကျွန်မတို့ကို အစစအရာရာ စောင့်ရှောက်ပေးဖို့ အားကိုးပါရစေ"
စူးရှီ၏ နူးညံ့သောအသံမှာ မြစ်ပြင်ပေါ်တွင် တိုက်ခတ်လာသော လေပြည်လေးအလား နားထောင်ရသူ၏ စိတ်ကို တည်ငြိမ်စေသည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
လုံယီက ပြန်ဖြေလိုက်သည်။
လုံယီမှာ သူမထက် အသက်ငယ်နေသည့် ကိစ္စကိုမူ နှစ်ဦးစလုံးက နားလည်မှုရှိရှိဖြင့် ထည့်မပြောဘဲ ကျော်ဖြတ်ခဲ့ကြသည်။
"သခင်ကြီး... ကျွန်တော် မြို့မထဲကို သွားတဲ့ လမ်းဟောင်းတစ်ခု သိပါတယ်။ ကျေးလက်တောလမ်းလေးမို့ နည်းနည်းတော့ ပတ်ရလိမ့်မယ်"
လုရန်က တက်ကြွစွာ အကြံပြုလာသည်။
"လမ်းမှာ တောရိုင်းတိရစ္ဆာန်တွေ ရှိနိုင်ပေမဲ့ ထိန်းမနိုင်သိမ်းမရတဲ့ မိစ္ဆာတွေတော့ ပေါ်မလာနိုင်ပါဘူး"
ဤကမ္ဘာ၏ မစူးစမ်းရသေးသော နယ်မြေများတွင် ကြောက်မက်ဖွယ်ရာ အရာများစွာ ရှိနေသည်မှာ အမှန်ပင်။ သို့သော် လုရန်ပြောသော တောရိုင်းတိရစ္ဆာန်များကိုမူ လုံယီက အကြောက်အလန့်မရှိဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။
ခရီးစဉ်တစ်လျှောက်တွင် စူးရှီ၏ ရန်သူများ နောက်ယောင်ခံလိုက်လာမည်ကို စိုးရိမ်သဖြင့် လမ်းမကြီးပေါ်သို့ တစ်ခါမှ ခြေမချခဲ့ကြဘဲ ကျေးလက်ဒေသရှိ လူနေအိမ်များတွင်သာ တည်းခိုခဲ့ကြသည်။ တောတောင်လျှိုမြောင်များကို ဖြတ်သန်းစဉ်အတွင်း ဝံပုလွေအုပ်၊ ဝက်ဝံနက်တစ်ကောင်နှင့် အဆိပ်ရှိသော ပျားအုပ်များ၏ တိုက်ခိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။
အကယ်၍ လုံယီမှာ လက်ရှိတွင် ဒုတိယအဆင့် သွေးစွမ်းအားရှိသောသိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသော အစွမ်းမရှိပါက သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။ ထိုသို့ တိုက်ခိုက်မှုများကြားမှပင် လုရန်နှင့် လျူယွမ်တို့မှာ ပျားတုပ်ခံရသဖြင့် တစ်ကိုယ်လုံး ဖူးယောင်ကာ မြင်းပေါ်တွင် အားအင်ကုန်ခမ်းလျက် မှိုင်နေကြရာ လုံယီကသာ ဝေါယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပေးခဲ့ရလေသည်။
"တောရိုင်းမြေတွေက တကယ်ကို အန္တရာယ်များတာပဲ"
လုံယီ တစ်ယောက်တည်း စဉ်းစားနေမိသည်။
သူ ဒဏ်ရာမရခဲ့ခြင်းမှာ အခြားသူများက ရန်သူ့အာရုံကို ဆွဲထားပေးသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သူသာ တစ်ယောက်တည်းဆိုလျှင် အခြေအနေမှာ ဤမျှအဆင်ပြေမည်မဟုတ်ပေ။ ဤနေရာမှာ မြို့ပြင်စည်းဝိုင်းအတွင်းသာ ရှိသေးသော်လည်း တကယ့်တောနက်များထဲသို့ ရောက်သွားလျှင် အန္တရာယ်မှာ ဆထက်ထမ်းပိုး များပြားလာမည်ဖြစ်သည်။
"စစ်သည်တော်တို့... နောက်ထပ် နှစ်ရက်လောက်ပဲ သည်းခံပေးကြပါဦး။ ထိုင်မြို့ကို ရောက်တာနဲ့ ကျွန်မ အားလုံးကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်"
အုပ်စုထဲတွင် တစ်စီးတည်းကျန်တော့သော မြင်းနီကြီးပေါ်မှ စူးရှီက ပြောလိုက်သည်။ သူမသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဖေးထျန်းပုံစံ ထုံးဖွဲ့ထားရာ နူးညံ့ပြီး တက်ကြွလှပသော ပျိုမေတစ်ဦး၏ အငွေ့အသက်ကို ဆောင်နေသည်။
"သခင်မကြီးထျန်း ကလည်း အားနာစရာတွေ ပြောနေပြန်ပါပြီ"
လုံယီက ပြန်ဖြေလိုက်သည်။ သခင်မကြီးထျန်းဟု ခေါ်လိုက်သည်ကို ကြားသောအခါ လုံယီက သူ့အထင်ပဲလားမသိသော်လည်း သူမ၏ မျက်ဝန်းများတွင် အနည်းငယ် စိတ်ကောက်သွားသော အရိပ်အယောင်ကို မြင်လိုက်ရသလို ခံစားရသည်။
အတူခရီးသွားရင်း လုံယီသည် စူးရှီ သို့မဟုတ် ထျန်းစူးနှင့် အတော်ပင် ရင်းနှီးလာခဲ့ပြီး သူမ ထိုင်မြို့သို့ အသည်းအသန် ပြန်လာရသည့် အကြောင်းရင်းကိုလည်း သိခဲ့ရသည်။ သူမသည် ထိုင်မြို့ စူးမိသားစု ခေါင်းဆောင်၏ သမီးအရင်းဖြစ်ရာ သူမ၏ အိမ်ထောင်ဖက်မှာ သာမန်လူမဟုတ်ဘဲ ကျန်းမြို့၏ ထင်ရှားသော ထျန်းမိသားစုမှ သားကြီးဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထျန်းမိသားစု၏ သားကြီး ရုတ်တရက် ကွယ်လွန်သွားသောအခါ သူမသည် သားဖြစ်သူကို ခေါ်ဆောင်ကာ မိဘအိမ်သို့ အမြန်ပြန်လာခဲ့ရခြင်း ဖြစ်သည်။
သူမကို ဘာကြောင့် လုပ်ကြံချင်နေကြသလဲ ဆိုသည်မှာတော့ အမွေဆက်ခံမှုနှင့် ပိုင်ဆိုင်မှု လုကြံသည့် ကိစ္စရပ်များသာ ဖြစ်ပေလိမ့်မည်။ သို့သော် ၎င်းတို့မှာ လုံယီနှင့် မဆိုင်ပေ။ သူ၏ တစ်ခုတည်းသော အာရုံစိုက်မှုမှာ အသက်ရှူကျင့်စဉ် အပြည့်အစုံကို ရယူပြီး ၎င်းက သူ၏ သက်တမ်းကို တိုးပေးနိုင်မလား အသက် ၅၅ နှစ်တွင် သေဆုံးရမည့် ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းဝေးစေမလား ဆိုသည်ကို သိရှိရန်သာ ဖြစ်သည်။
"သခင်မကြီးထျန်း... အရင်က ခင်ဗျားပြောဖူးတာ အသက်ရှူကျင့်စဉ်တွေကို အထက်၊ အလယ်၊ အဆင့်နိမ့်အဆင့်သုံးဆင့် ခွဲထားတယ်ဆိုတာလေ။ အဲဒါတွေက ဘာတွေ တကယ်ကွာခြားတာလဲ"
လုံယီက သိလိုသမျှကို စူးရှီကို အခွင့်ရတိုင်း မေးမြန်းနေခဲ့သည်။
စူးရှီက လုံယီကို ရှင်းပြလိုက်သည်။
“အဆင့်နိမ့် အသက်ရှူကျင့်စဉ်တွေဆိုတာ များသောအားဖြင့် ကျေးလက်သူဌေးတွေ ဒါမှမဟုတ် ကံကောင်းထောက်မစွာ တစ်ခုခုရှာဖွေတွေ့ရှိခဲ့တဲ့ တစ်ကိုယ်တော် လှည့်လည်သွားလာသူတွေဆီမှာပဲ တွေ့ရတတ်တာပါ။ အဲဒါတွေက များသောအားဖြင့် ဂိုဏ်းကြီးတွေက စွန့်ပစ်ထားတဲ့ ဒါမှမဟုတ် ချို့ယွင်းချက်ရှိနေတဲ့ ကျင့်စဉ်အကြွင်းအကျန်တွေပဲ”
“အဲဒီကျင့်စဉ်တွေနဲ့ သိုင်းပညာရှင်အဆင့်ကို တက်လှမ်းနိုင်တယ်ဆိုပေမဲ့ အဲဒီအဆင့်ကျော်သွားရင်တော့ ခြေတစ်လှမ်းချင်းစီက ခက်ခဲလွန်းတယ်။ သွေးသုံးဆင့် အသေးစားသံသရာ အဆင့်ကို ရောက်ဖို့တောင် အရမ်းရှားပါးသလို သွေးငါးဆင့် မဟာသံသရာကို ရောက်ဖို့ဆိုတာကတော့ စိတ်ကူးတောင် မယဉ်နိုင်ပါဘူး”
“အလယ်တန်းနဲ့ အထက်တန်းကျင့်စဉ်တွေကမှသာ လျှို့ဝှက်သွေးစွမ်းအားကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘယ်လိုလှုံ့ဆော်ရမလဲဆိုတာကို အမှန်တကယ် သင်ကြားပေးနိုင်ပြီး အဆင့်မြင့်သံသရာတွေဆီ တက်လှမ်းဖို့ မျှော်လင့်ချက် ပေးနိုင်တာပါ”
“စိတ်ချပါ အစ်ကိုကြီးလုံ... ကျွန်မ ညွှန်းပေးမယ့် အစွန်းရောက်လက်သီးဂိုဏ်းရဲ့ ကျင့်စဉ်က မကြာသေးမီနှစ်တွေအတွင်း အနည်းငယ် မှေးမှိန်သွားတယ်ဆိုပေမဲ့ သိုင်းလောကမှာတော့ အလယ်အထက်တန်းစားအဆင့်မှာ ရှိနေဆဲပါ။ ဒါက အစ်ကိုကြီးလုံကို ကောင်းကင်ယံအထိ ပျံသန်းနိုင်အောင် သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်”
“ဟားဟား... ကျွန်တော့်ကိုယ်ကျွန်တော် ကျွန်တော် သိပါတယ်။ ကောင်းကင်အထိ ပျံသန်းဖို့ဆိုတာကတော့ ကျွန်တော် မတွေးဝံ့ပါဘူး”
“အစ်ကိုကြီးလုံက တောတောင်ထဲက လာတာဖြစ်ပြီး စနစ်တကျ သင်ယူမှု မရှိခဲ့ပေမဲ့ ပါရမီပါတဲ့သူပါ။ အသက်ရှူကျင့်စဉ် မရှိဘဲနဲ့တောင် သိုင်းပညာရှင်တွေကို ယှဉ်နိုင်ခဲ့တာပဲ။ တကယ်လို့ ရွှမ်တံခါးသာ ပွင့်သွားရင် အစ်ကိုကြီးရဲ့ အောင်မြင်မှုတွေက အကန့်အသတ်ရှိမှာ မဟုတ်တော့ဘူး။ ဂိုဏ်းကြီးတွေနဲ့ မြင့်မြတ်တဲ့မိသားစုတွေက ပါရမီရှင်တွေနဲ့တောင် ရင်ဘောင်တန်းနိုင်
လိမ့်မယ်”
ထျန်းစူးက လုံယီကို နွေးထွေးစွာ အားပေးလိုက်သည်။
သူမ၏ ချီးကျူးစကားများမှာ မြှောက်ပင့်ခြင်းဖြစ်မှန်း သိသော်လည်း လုံယီအနေဖြင့် မကြည်နူးဘဲ မနေနိုင်ချေ။ သူမ၏ အလှအပနှင့် ဂုဏ်ဒြပ်ကြောင့်လည်း ပါပေလိမ့်မည်။
လုံယီက ဆက်လက်မေးမြန်းသည်မှာ “ဒါနဲ့... သူတို့အတွက် တစ်ခုခု လက်ဆောင်ပြင်သွားသင့်လား”
“လုံးဝ မလိုအပ်ပါဘူး”
ဝေါယာဉ်အတွင်းမှ အဖိုးအိုက ရုတ်တရက် ဝင်ပြောလိုက်သည်။
“အဲဒီ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ မန်နေဂျာယွီဆိုတာ ကျွန်တော်တို့ သခင်မလေးကသာ အသနားခံမပေးခဲ့ရင် အရိုက်ခံရလို့ သေနေတာ ကြာလှပြီ။ အခု လူတစ်ယောက်လောက် ထည့်ပေးတာကို သူက ဘာပြန်တောင်းရဲမှာလဲ”
“ဦးလေးချင် ပြောတာ မှန်ပါတယ်”
လုံယီက ခေါင်းညိတ်လိုက်သည်။
အဝတ်ကြမ်းဝတ် အစေခံအဖိုးအို၏ မျိုးရိုးအမည်မှာ ချင်ဖြစ်ပြီး ထျန်းစူးအပေါ် အလွန်သစ္စာရှိသူဖြစ်ရာ သတင်းပေါက်ကြားမည်ကို စိုးရိမ်စရာမရှိပေ။
“ဒါပေမဲ့ မင်းမှာ ရာဇဝတ်မှုရှိနေသေးတာကိုတော့ မမေ့နဲ့။ သခင်မလေးက ဖမ်းဝရမ်းကို ရုပ်သိမ်းအောင် ကြိုးပမ်းပေးနိုင်တယ်ဆိုပေမဲ့ နေ့စဉ်သွားလာလှုပ်ရှားတဲ့အခါမှာတော့ သတိထားပြီး အေးအေးဆေးဆေး နေပါ။ ပြဿနာတွေကို လိုက်မရှာပါနဲ့ဦး”
ဦးလေးချင်က လုံယီကို အလေးအနက် သတိပေးလိုက်သည်။
“ဦးလေးချင် ပြောတာ မှန်တာပေါ့”
လုံယီက ဘာခံစားချက်မျှ မပါသော အသံဖြင့် ပြန်ဖြေလိုက်သည်။
ဦးလေးချင်: “...”
လူကြီးသူမများမှာ လူငယ်များကို ဆုံးမသြဝါဒပေးရသည်ကို ဝါသနာပါတတ်ကြသည်မှာ လောကသဘာဝပင်။ အခြားကမ္ဘာသို့ ရောက်နေသော်လည်း လုံယီမှာ ထိုကဲ့သို့သော လူမျိုးများနှင့် မကြာခဏ ဆုံတွေ့နေရဆဲပင်။
ထိုသို့သော သူများကို အင်အားသုံး၍ မရသလို ပြန်လည်ဆဲဆိုရန်လည်း မသင့်တော်ပေ။ ထို့ကြောင့် လုံယီက သူ့နည်းသူ့ဟန်ဖြင့်ပင် ဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဦးလေးချင်မှာလည်း ဆက်ပြောစရာ စကားမရှိတော့ဘဲ တိတ်ဆိတ်သွားရာ လောကကြီးမှာ ပြန်လည်အေးချမ်းသွားတော့သည်။
နောက်ရက်များတွင် လုံယီသည် အခွင့်ရတိုင်း ထျန်းစူးကို မေးခွန်းများဖြင့် ဗုံးကြဲတော့သည်။ ထိုင်မြို့အတွင်းရှိ အင်အားစုများ ဖြန့်ကျက်ထားပုံနှင့် သတိထားရမည့် အချက်များကို သူ တဖြည်းဖြည်း နားလည်လာခဲ့သည်။
ထိုင်မြို့နှင့် နီးကပ်လာသောအခါ လုံယီ၊ လုရန်နှင့် လျူယွမ်တို့မှာ ခေတ္တရပ်နားခဲ့ကြပြီး ထျန်းစူးကမူ အစေခံမလေးနှင့် အဖိုးအိုကို ခေါ်ဆောင်ကာ ရှေ့မှ ကြိုသွားခဲ့သည်။ သူမ၏ အစီအစဉ်မှာ လုံယီအတွက် ပြဿနာများကို ကြိုတင်ရှင်းလင်းပေးရန် မြို့ထဲသို့ အရင်ဝင်သွားခြင်း ဖြစ်သည်။
လုံယီသည် မြို့ပြင်၌ လေးရက်ခန့် စောင့်ဆိုင်းခဲ့ပြီးနောက် လျူယွမ်နှင့် လုရန်တို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်ရောက်လာကြသည်။
“သခင်ကြီး... သခင်ကြီးရဲ့ ဖမ်းဝရမ်း ရုပ်သိမ်းသွားပြီဗျ”
“ကျွန်တော်တို့ အနီးနားက ရွာတော်တော်များများမှာ သွားစုံစမ်းပြီး အတည်ပြုခဲ့ပါတယ်”
“အဲဒီ သခင်မလေးက တကယ်ကို သြဇာအာဏာ ကြီးတာပဲဗျာ”
လုံယီသည် သူ၏ရင်ဘတ်ပေါ်ရှိ နွေးထွေးမှုကို အမြဲပေးစွမ်းနေသော ဝိညာဉ်သက်စောင့် ကျောက်စိမ်းကို ကိုင်ကြည့်လိုက်ရင်းမှ စိုးရိမ်ပူပန်နေသော စိတ်မှာ နောက်ဆုံးတွင် သက်သာရာရသွားတော့သည်။
နောက်တစ်နေ့ နံနက်တွင် သူတို့သည် ဝေါယာဉ် ငါးစီး ခြောက်စီးခန့် ဘေးချင်းယှဉ် မောင်းနှင်နိုင်လောက်အောင် ကျယ်ဝန်းသည့် ကျောက်ဖြူလမ်းမကြီးပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ရှေ့တွင်မူ ခန့်ညားထည်ဝါလှသော မြို့တော်ကြီး ရှိနေ၏။
မြို့ရိုးမှာ ပေ ၄၀ မှ ၅၀ ခန့်အထိ မြင့်မားပြီး အိမ်တစ်လုံးစာခန့်ရှိသော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားရာ မည်သူမျှ ဖျက်ဆီး၍မရနိုင်သော အသွင်ကို ဆောင်နေသည်။
မီးခိုးရောင် ကျောက်တုံးများပေါ်တွင် အချိန်ကာလ၏ တိုက်စားမှုများနှင့် စစ်ပွဲများ၏ အမှတ်အသားဖြစ်သော ဓားချက်၊ လှံချက် ဒဏ်ရာများကို တွေ့မြင်နိုင်သည်။ မြို့ရိုးပေါ်တွင် သံချပ်ကာဝတ် စစ်သည်တော်များ ကင်းလှည့်နေပြီး မြို့တံခါးဝတွင်လည်း လက်နက်ကိုင် စစ်သား ဒါဇင်ဝက်ခန့်က ခက်ထန်သော မျက်နှာထားများဖြင့် စစ်ဆေးနေကြသည်။
လုံယီနှင့် အခြားသူများ မြို့တံခါးသို့ ချဉ်းကပ်လာချိန်တွင် စစ်သားသုံးဦးက သူတို့ထံသို့ လျှောက်လာကြသည်။