အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း။ ၇၇
အစွန်းရောက်လက်သီးဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်သောအခါ...
ယနေ့သင်ကြားပေးမည့် ဆရာမှာ ပြောင်းလဲသွားပြီဖြစ်ပြီး သူ၏အမည်မှာ ကျိုးယန်ဖြစ်သည်။ ချန်မုကျူကဲ့သို့ပင် သူသည်လည်း အတွင်းစည်းတပည့်တစ်ဦးဖြစ်ပြီး အသက် ၂၂၊ ၂၃ ခန့်ရှိမည်။ ကတုံးဆံပင်ပေါက်နှင့် အရပ်ရှည်ကာ သန်မာထွားကြိုင်းပြီး မျက်ဝန်းများမှာ သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှလှသည်။
ချောမောပြေပြစ်ပြီး ဖော်ရွေသော ချန်မုကျူနှင့် နှိုင်းယှဉ်လျှင် ကျိုးယန်မှာ စိတ်တိုလွယ်ပြီး ဒေါသကြီးသူဖြစ်သည်။ ထို့ကြောင့်လည်း လူတိုင်းက သူ့ကို တော်တော်လေး ကြောက်ရွံ့နေကြသည်။
“မင်းရဲ့ လက်သီးချက်က မိန်းမကျနေတာပဲ ထမင်းမစားလာဘူးလား”
“မြင်းစီးဟန် ဘယ်လိုရပ်ရမလဲဆိုတာ ငါက ထပ်သင်ပေးနေရဦးမှာလား။ ချန်မုကျူက ဘယ်လိုတွေ သင်ထားတာလဲ။ သူက တစ်ချိန်လုံး အိပ်နေတာလား”
“တောက် မင်းလို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ် ဒီထဲရောက်နေတာလဲ”
ခဏမျှ သင်ကြားပြီးနောက် ကျိုးယန်သည် စိတ်မရှည်တော့ဘဲ “ကဲ တော်ပြီ ကိုယ့်ဘာသာ ကျင့်နေတာတွေ ရပ်လိုက်တော့။ အားလုံး ဒီကိုလာပြီး လက်ရည်စမ်းကြ။ ရှုံးတဲ့လူက မနက်ဖြန်မနက်အထိ ကင်းစောင့်ရမယ်။ ထမင်းလည်း မစားရဘူး” ဟု အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မည်သူမျှ စောဒကမတက်ရဲကြပေ။ လုံယီလည်း ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်။ ကျိုးယန်သည် သိုင်းကျင့်ခြင်းကို ကစားစရာတစ်ခုကဲ့သို့ သဘောထားနေပြီး ဤတရားမဝင်တပည့်လေးများ၏ အသက်အန္တရာယ်ကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
“မင်း... ပြီးတော့ မင်း... ထွက်လာခဲ့”
ကျိုးယန်က လူနှစ်ယောက်ကို အမှတ်မထင် ရွေးထုတ်လိုက်ရာ လူအုပ်ကြီးမှာ အလယ်တွင် နေရာလွတ်ပေးလိုက်ကြသည်။ ထိုသူနှစ်ဦးမှာ ဘေးဝင်းမှ တပည့်များဖြစ်ကြပြီး သိုင်းပညာကို သင်ယူနေသည်မှာ နှစ်လခန့်သာ ရှိသေးသည်။
အစပိုင်းတွင် သူတို့နှစ်ဦးမှာ အပြန်အလှန် အကဲခတ်ကာ စမ်းတဝါးဝါး တိုက်ခိုက်နေကြသော်လည်း တစ်ဦးက လက်သီးတစ်ချက် အမိရရ ထိုးလိုက်မိပြီးနောက်တွင်မူ နှစ်ဦးစလုံး အထိန်းအကွပ်မဲ့သွားကာ အတင်းအဓမ္မ လွှဲရိုက်နေကြတော့သည်။ နောက်ဆုံးတွင် တစ်ဦးနှင့်
တစ်ဦး လည်ပင်းညှစ် ရင်ဘတ်ချင်းတွန်းရင်း လိပ်လက်သီးသိုင်းကဲ့သို့ ရမ်းသန်းထိုးနှက်သည့် ရန်ပွဲကြီး ဖြစ်သွားတော့သည်။
တိုက်ပွဲအပြီးတွင် ရှုံးနိမ့်သူမှာ မြေပြင်ပေါ်၌ မထနိုင်တော့ဘဲ လဲကျနေပြီး အနိုင်ရသူမှာလည်း တစ်ကိုယ်လုံး ဖူးရောင်နာကျင်နေတော့သည်။ ကျိုးယန်က ထိုကွက်တိကွက်ကြား မြင်ကွင်းကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်ပြီး နောက်ထပ်လူတစ်ဦးကို လက်ညှိုးထိုးလိုက်သည်။
“မင်း... ထွက်လာခဲ့”
ရွေးချယ်ခံရသူမှာ လုံယီ၏ အခန်းဖော်ဟောင်း ရိုးရိုးအေးအေး ပုံစံရှိသည့် ကျင်းဖုန်း ဖြစ်သည်။ သူ၏ ပြိုင်ဘက်မှာမူ အလှဆုံး အမျိုးသမီးတပည့်ဖြစ်သည့် ကျားဟုန်ပင်။
ကျားဟုန်သည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို အမျိုးသားတစ်ဦးကဲ့သို့ မြင့်မြတ်စွာ ထုံးထားသည်။ သူမ၏ အပြစ်ပြောစရာမရှိသော အသားအရေမှာ ရဲရင့်ပြတ်သားသည့် အငွေ့အသက်များကို ဆောင်နေသည်။
"အစ်ကိုကြီးကျင်း... ကျေးဇူးပြုပြီး"
သူမသည် လှပသော အစပြုဟန်ကို ပြုလုပ်လိုက်ရာ အနားရှိ အမျိုးသားများစွာ၏ အကြည့်ကို ဖမ်းစားလိုက်တော့သည်။
"ကောင်းပြီ"
ကျင်းဖုန်းက ခပ်အေးအေးပင် ပြန်ထူးလိုက်သည်။
နောက်တစ်ခဏတွင် ကျားဟုန်သည် သစ်ကျားသစ်တစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်လိုက်ပြီး ညာဘက်လက်သီးဖြင့် ကျင်းဖုန်း၏ ရင်ဘတ်ကို ထိုးလိုက်သည်။ ကျင်းဖုန်းက အလိုအလျောက်ပင် လက်နှစ်ဖက်ကို ယှက်ကာ ကာကွယ်လိုက်သော်လည်း ၎င်းမှာ လှည့်ကွက်တစ်ခု ဖြစ်နေသည်ကို မသိခဲ့ပေ။
သူမ၏ ညာလက်သီးမှာ ရုတ်တရက် ပြန်လည်ရုပ်သိမ်းသွားပြီး ခါးနှင့် ဝမ်းဗိုက်ကို လျင်မြန်စွာ လိမ်ချိုးလျက် ဘယ်ဘက်တံတောင်ဖြင့် အားပါပါ တိုက်ခိုက်လိုက်သည်။
ဗုန်း…
ကျင်းဖုန်းမှာ သူ၏ဝမ်းဗိုက်ကို ဖိကာ မြေပြင်ပေါ်သို့ တစ်ဝက်ခန့် ဒူးထောက်ကျသွားတော့သည်။ သူ၏မျက်နှာမှာ နာကျင်မှုကြောင့် တွန့်ရှုံ့နေပြီး လေအန်သံများ ထွက်ပေါ်လာသည်။
"လှုပ်ရှားမှုတွေက တကယ်ကို ကျွမ်းကျင်တာပဲ"
ကျိုးယန်က ချီးကျူးစကား ပြောလိုက်သည်။
"မင်းရဲ့ လက်သီးချက်တွေက စီးဆင်းမှုရှိပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ ဗျောက်အိုးသံထွက်ဖို့ သိပ်မလိုတော့ဘူး"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးကျိုး"
ကျားဟုန်က မာန်မာနမရှိဘဲ ပြန်လည်ဖြေကြားပြီးနောက် နာကျင်နေသော ကျင်းဖုန်းဘက်သို့ လှည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"အစ်ကိုကြီးကျင်း... အဆင်ပြေရဲ့လား ဘေးမှာ သွားနားဖို့ ကျွန်မ ကူညီပေးရမလား"
"မိန်းကလေးကျားကို ဒီလို အလုပ်ရှုပ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ"
ကျားဟုန်က ထိုသို့ပြောလိုက်သည်နှင့် အမျိုးသားတပည့် အချို့က ချက်ချင်းပင် ရှေ့သို့ထွက်လာကာ ကျင်းဖုန်းကို ကူညီရန် စေတနာ့ဝန်ထမ်း လုပ်ကြတော့သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျားဟုန်က ယဉ်ကျေးစွာပင် ပြောလိုက်သည်။ သူမ၏ အသံမှာ နွေဦးလေပြည်ကဲ့သို့ပင် ချိုမြိန်လှရာ ကျင်းဖုန်း၏ ရင်ထဲမှ မကျေနပ်ချက်များမှာလည်း ပျောက်ကွယ်သွားရတော့သည်။
ကျားဟုန်အပြီးတွင် ကျိုးယန်က ဟွမ်လုံကန်းနှင့် အခြား ပင်မဝင်းတပည့်တစ်ဦးကို ထပ်မံရွေးချယ်လိုက်ရင်း "မြန်မြန်လုပ်ကြ ဒါပြီးရင် ငါသွားစရာရှိတယ်။ မင်းတို့နဲ့ အချိန်ဖြုန်းနေဖို့ အားမဘူး" ဟု ရေရွတ်လိုက်သည်။
ဂိုဏ်း၏ စည်းကမ်းအရ အတွင်းစည်းတပည့်များ၏ သင်ကြားချိန်မှာ တစ်နာရီသာ ဖြစ်သော်လည်း ချန်မုကျူကမူ ပို၍ သင်ကြားပေးလေ့ရှိသည်။ သို့သော် ဟွမ်လုံကန်းမှာ ကွင်းထဲသို့ ချက်ချင်းမဝင်ဘဲ တစ်နေရာသို့ ယုတ်မာသော အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။
"ကျွန်တော် ဒီလျူယီနဲ့ပဲ ယှဉ်ပြိုင်ပါ့မယ်။ စီနီယာအစ်ကိုကြီးချန်ကတောင် သူက ကျွန်တော့်
ထက် အများကြီး သန်မာတယ်လို့ ပြောထားတာပဲလေ"
ထိုသို့ပြောရင်း သူသည် ဆက်တိုက်လက်သီးသိုင်းကို ထိုနေရာတွင်ပင် အစဖော်လိုက်တော့သည်။
ဖိခြင်း၊ တွန်းခြင်း၊ ခါထုတ်ခြင်းနှင့် လွှဲရိုက်ခြင်း...
နောက်ဆုံးတွင် ဝင့်ကြွားသော ပင့်လက်သီးတစ်ချက်သည် ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ဝူး...
ကြည်လင်ပြတ်သားသော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဆူညံသော ဗျောက်အိုးဖောက်သံနှင့် အလှမ်းမဝေးတော့ဘဲ စုရုံးနေသော တပည့်များထံမှ အံ့သြချီးကျူးသံများ ထွက်ပေါ်လာစေသည်။
“အိုး... ချန်မုကျူက တကယ်ပဲ အဲဒီလိုပြောခဲ့တာလား။ ဒါဆိုရင်တော့ ငါသေချာ ကြည့်ရတော့မှာပေါ့”
ကျိုးယန်ကလည်း စိတ်ဝင်တစား ရှိလာသည်။
ဒါဟာ ငါ့ရဲ့ စွမ်းရည်ကို ထုတ်ပြရမယ့် အခွင့်အရေးပဲ။
လုံယီ တွေးလိုက်သည်။
အစွန်းရောက်လက်သီးဂိုဏ်းတွင် သိုင်းပညာသင်ယူနေသည်မှာ နှစ်ပတ်ကျော်ရှိပြီဖြစ်ရာ ယခုအခါ အရည်အချင်းအချို့ကို ထုတ်ပြရန် အချိန်တန်ပြီဖြစ်သည်။ သူသည် အရှိန်မြှင့်ရန် လိုအပ်သည်။ အသက်ရှူကျင့်စဉ်ကို စောစောသင်ယူနိုင်ပြီး အဆင့်ကျော်ဖြတ်နိုင်လေလေ သားရဲသတ်တပ်ဖွဲ့ ဝင်တစ်ဦး ဖြစ်လာနိုင်ပြီး စွမ်းအင်နှင့် ပါရမီများကို စုဆောင်းမည့် သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်လေလေ ဖြစ်လိမ့်မည်။
“လာစမ်းပါ... မင်းရဲ့ အရည်အချင်းကို ငါ့ကို ပြလိုက်စမ်း လျူယီ”
ဟွမ်လုံကန်းသည် လုံယီကို မုန်းတီးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသည်။
လုံယီသည် ယခင်က သူ့ကို လက်ရည်စမ်းရန် ငြင်းဆိုခဲ့သဖြင့် လူကြားထဲတွင် အရှက်ရစေခဲ့ရာ ဟွမ်မိသားစု သခင်လေးအနေဖြင့် ၎င်းကို လုံးဝ သည်းမခံနိုင်ပေ။ ယနေ့တွင် သူသည် ထိုအကြွေးကို နှစ်ဆပြန်ဆပ်ရန် ရည်ရွယ်ထားသည်။
လုံယီမှာ ဤနေရာတွင် လူသစ်ဖြစ်ပြီး အစွန်းရောက်လက်သီးဂိုဏ်းတွင် သူငယ်ချင်းမရှိသဖြင့် လူအများစုမှာ အေးအေးဆေးဆေးသာ စောင့်ကြည့်နေကြသည်။ ကျင်းဖုန်းနှင့် ဟဲယွီကဲ့သို့သော သူ၏ အခန်းဖော်ဟောင်းများသာ စိတ်မကောင်းဖြစ်နေသော်လည်း ဝဝင်မစွက်ဖဲရဲကြပေ။
“ဘာလို့များ အစွမ်းပြပြီး လူတွေကို သွားပြိုင်ဆိုင်မိရတာလဲ”
နွီဖန်ကပင် ညည်းတွားလိုက်သည်။
“သူ့ကို အရင်က စော်ကားမိတဲ့သူတွေဆိုရင် ခြေထောက်ကျိုး လက်ကျိုးနဲ့ လက်စားပြန်မချေနိုင်ဘဲ ဂိုဏ်းကနေ ထွက်သွားကြရတာချည်းပဲ”
ဟွမ်လုံကန်း၏ အတိတ်က လုပ်ရပ်များကို သိထားကြသဖြင့် လုံယီသည်လည်း ယခင်လူများကဲ့သို့ပင် သနားစဖွယ် အဆုံးသတ်ရတော့မည်ဟု အားလုံးက နားလည်ထားကြသည်။ သို့သော် လုံယီကမူ တည်ငြိမ်နေဆဲပင်။ သူသည် ဟွမ်လုံကန်း၏ ဆန့်ကျင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း သူ့ကို အလဲထိုးရန် ဘယ်နှစ်ကွက် သုံးရမလဲဟုသာ တွေးတောနေသည်။
သို့သော် လုံယီ၏ ထိုကဲ့သို့ တည်ငြိမ်နေသည့် အမူအရာက ဟွမ်လုံကန်းကို ပို၍ ဒေါသထွက်စေသည်။
ဒီကောင်စုတ်... မင်းက ဘာတွေ ဟန်လုပ်နေတာလဲ။
ဟွမ်လုံကန်း ဒေါသပေါက်ကွဲတော့မည့် အချိန်မှာပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အသံတစ်ခု ကြားဝင်လာခဲ့သည်။
“နေပါဦး စီနီယာအစ်ကိုကြီးကျိုး... ဒါက နည်းနည်းတော့ မတရားဘူးလို့ မထင်ဘူးလား”
လူအုပ်ကြီး လှည့်ကြည့်လိုက်သောအခါ မျက်လုံးပြူးပြူးနှင့် လူတစ်ယောက် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူသည် မေးစေ့ကျယ်ကျယ် ရုပ်ရည်သာမန်နှင့် ယပ်တောင်ကို ဟန်ပါပါခတ်နေသူ ဖြစ်သည်။ သူသည် ခန့်ညားချင်သော်လည်း ကြည့်ရသည်မှာ တစ်မျိုးကြီးဖြစ်နေသော ပင်မဝင်းမှ ချမ်းသာသည့်တပည့် ကျန်းဝေတပင်။
“ဘာဖြစ်လို့လဲ”
ကျိုးယန်က ရုတ်တရက် မျက်လုံးပြူးကြည့်လိုက်ရာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာသကဲ့သို့ ရှိသည်။
“ဟွမ်လုံကန်းက လေ့ကျင့်နေတာ လနဲ့ချီနေပြီလေ။ လျူယီက အခုမှ ရောက်တာ မကြာသေးဘူး...”
ကျန်းဝေတက ရှင်းပြရန် ကြိုးစားသည်။
“သေရေးရှင်ရေး တိုက်ပွဲတွေမှာ ရန်သူက မင်းကို အဲဒီလောက် အကျိုးအကြောင်းတွေ လာပြောနေမှာမို့လို့လား။ မင်း သိုင်းကျင့်တာ ဘယ်နှစ်နှစ်ရှိပြီလဲလို့ သူတို့က လာမေးမှာလား”
ကျိုးယန်က ကျန်းဝေတ၏ စကားကို ရိုင်းရိုင်းစိုင်းစိုင်းပင် ဖြတ်ပြောလိုက်ပြီး “စကားများမနေနဲ့တော့ အခုချက်ချင်း တိုက်ကြစမ်း” ဟု အော်ဟစ်လိုက်သည်။
သူ့စကားဆုံးသည်နှင့် ဟွမ်လုံကန်းသည် လုံယီထံသို့ ပြေးဝင်သွားတော့သည်။ လမ်းတစ်ဝက်မှာပင် သူသည် ဆက်တိုက်လက်သီးသိုင်း၏ အားယူပြင်ဆင်မှုများဖြစ်သော ဖိခြင်း၊ တွန်းခြင်း၊ ခါခြင်းနှင့် လွှဲခြင်းတို့ကို ကျွမ်းကျင်စွာ ပြုလုပ်ပြီးဖြစ်သည်။
လုံယီနှင့် ခြေနှစ်လှမ်းအကွာ...
နောက်ဆုံး ပင့်လက်သီးချက်သည် ကာကွယ်မှုမရှိသကဲ့သို့ ဖြစ်နေသော လုံယီ၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။
ဝူး...
စောစောက သရုပ်ပြစဉ်ကထက် ပို၍ ကျယ်လောင်သော လေတိုးသံက ထိုလက်သီး၏ အရှိန်အဟုန်ကို သက်သေပြနေသည်။ ဟွမ်လုံကန်း၏ လက်သီးမှာ လုံယီ၏ ရင်ဘတ်နှင့် နီးကပ်လာပြီး ထိခိုက်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ အကယ်၍ ဤလက်သီးချက်သာ ထိမှန်သွားပါက အနည်းဆုံး နံရိုးအချို့ ကျိုးသွားနိုင်ပြီး ခြောက်လခန့် သိုင်းကျင့်နိုင်တော့မည် မဟုတ်ပေ။ ၎င်းမှာ သူ၏ သိုင်းသင်တန်းကျောင်း ဘဝကို အဆုံးသတ်
လိုက်ခြင်းပင်။
လူအုပ်ထဲတွင်...
ကျင်းဖုန်းနှင့် ဟဲယွီတို့မှာ စိတ်မကောင်းဖြစ်နေကြပြီး ကျန်းဝေတမှာ မျက်နှာပျက်နေကာ ကျိုးယန်ကမူ သဘောကျနေသည်။ ကျန်လူအများစုကတော့ ဂရုမစိုက်ကြပေ။
ဖြောင်း..ဍ
အားလုံးက ပြီးသွားပြီဟု ထင်မှတ်နေချိန်မှာပင် ဟွမ်လုံကန်း၏ အားပါလှသော လက်သီးချက်မှာ အခြားလက်တစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ ၎င်းမှာ အမှန်တကယ်ပင် အသာအယာ ဖမ်းဆုပ်ခံလိုက်ရခြင်း ဖြစ်သည်။
ဟွမ်လုံကန်း၏ လက်သီးမှာ လုံယီ၏ လက်ထဲတွင် အလွယ်တကူ ငြိမ်ကျသွားသည်။ ငါးမန်းလေးတစ်ကောင်သည် ဝေလငါးကြီး၏ ပါးစပ်ထဲသို့ အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်မိသော်လည်း လှုပ်မရတော့သည့်နှယ်ပင်။
“နှေးလွန်းတယ် ပေါ့လွန်းတယ်”
လုံယီက တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်သည်။ ထူးဆန်းသည်မှာ လူတိုင်းက ထိုစကားကို ရှင်းလင်းစွာ ကြားလိုက်ရခြင်းပင်။
ထို့နောက်တွင်မူ ဟွမ်လုံကန်း၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး မျက်နှာကြွက်သားများ နာကျင်မှုကြောင့် တွန့်ရှုံ့သွားသည်ကို အားလုံး မြင်တွေ့လိုက်ရတော့သည်။
အခန်း။ ၇၈
“အား…”
ဟွမ်လုံကန်းထံမှ မယုံနိုင်စရာကောင်းလောက်အောင် ကျယ်လောင်သည့် နာကျင်ခြင်းအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူ၏လက်မောင်းမှာ လုံယီ၏ အတင်းအဓမ္မ လိမ်ချိုးခြင်းကို ခံလိုက်ရပြီး နောက်ကျောဘက်သို့ ရောက်သွား၏။ ထို့နောက်တွင် သူသည် မြေပြင်ပေါ်၌ ခွေးသေတစ်ကောင်ကဲ့သို့ ဒူးတစ်ဖက်ထောက်လျက် လှုပ်မရတော့ဘဲ ဖြစ်သွားသည်။ လုံယီ အသုံးပြုလိုက်သည့် ခွန်အားမှာ မည်မျှကြီးမားသည်ကို ခန့်မှန်းကြည့်ရန်ပင် မလွယ်ကူတော့ပေ။
“ရပ်လိုက်စမ်း”
ကျိုးယန်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ဝူး ခနဲ မြှားတစ်စင်းအလား ရှေ့သို့ ပြေးဝင်သွားကာ လက်ဝါးဖြင့် လုံယီ၏ မျက်နှာကို ရိုက်ချရန် ပြင်လိုက်သည်။
ဖြောင်း….
မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြောင့် လုံယီ၏ ဦးရေပြားများပင် ထုံကျဉ်သွားရပြီး တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာသည်။ သူသည် ဘာမှစဉ်းစားမနေဘဲ နောက်သို့ အမြန်ဆုတ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဟွမ်လုံကန်းကို ကျိုးယန်ထံသို့ သပ်သပ်ရပ်ရပ်ပင် ပစ်ပေးလိုက်သည်။
“မင်း… မင်းရဲ့ လက်ချက်က တကယ်ကို ရက်စက်လွန်းတယ်”
ကျိုးယန်သည် ဟွမ်လုံကန်းကို တွဲကူလိုက်ရင်း လုံယီကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်သည်။
လုံယီသည် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားသော်လည်း နှုတ်မှမူ အလျှော့မပေးဘဲ “စီနီယာအစ်ကိုကြီးကျိုး… သိုင်းချင်းယှဉ်ပြိုင်တဲ့အခါ ကျွန်တော့်အနေနဲ့ အားထိန်းဖို့ ခက်ခဲလို့ပါ” ဟု ပြန်ပြောလိုက်သည်။
ထိုသို့ပြောနေစဉ်မှာပင် သူသည် ခြေထောက်နှစ်ဖက်ကို ရှေ့နောက်ခွဲထားကာ အနေအထားကို ပြင်လိုက်သည်။ တစ်ဖက်လူက ထပ်မံတိုက်ခိုက်လာပါက အချိန်မရွေး ရှောင်တိမ်းနိုင်ရန် သတိကြီးစွာ ထားနေခြင်းဖြစ်သည်။
ကံကောင်းသည်မှာ လူအများ၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် ကျိုးယန်သည် သိက္ခာမဲ့စွာဖြင့် လုံယီကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ မကျေနပ်သည့်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ကျိုးယန်၏ လက်မောင်းထဲတွင်မူ ဟွမ်လုံကန်းမှာ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် တွန့်ရှုံ့နေပြီး လုံယီကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ လုံယီကမူ သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်။
သို့သော် သူတို့ကြားမှ ရန်ငြိုးမှာ မည်သို့မျှ ဖြေဖျောက်၍ မရနိုင်တော့ကြောင်း သူကောင်းကောင်း သိလိုက်သည်။ ထို့ပြင် ကျိုးယန်က ဘက်လိုက်ခဲ့သည်ကိုလည်း သူ၏ရင်ထဲတွင် မှတ်သားထားလိုက်၏။
ဟွမ်လုံကန်းကို ဆေးကုသရန် ကျိုးယန်က အမြန်ခေါ်ဆောင်သွားပြီးနောက် ကျန်ရှိနေသူများမှာ ပုံမှန်အတိုင်း ပြန်လည်လေ့ကျင့်ကြတော့သည်။
“အစ်ကိုကြီးလျူ… ရှင့်မှာ ဒီလောက်အထိ အံ့အားသင့်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေလိမ့်
မယ်လို့ ကျွန်မ မထင်ထားဘူး။ ရှင်နဲ့အတူ ပင်မသိုင်းကွင်းထဲမှာ ဆုံတွေ့ရဖို့ မျှော်လင့်ပါတယ်”
နူးညံ့ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျားဟုန်သည် စိမ်းနုရောင် ဟင်္သာငှက်တစ်ကောင်ကဲ့သို့ လုံယီထံသို့ လျှောက်လှမ်းလာသည်။ သူမ၏ လှပသော မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး မည်သူမဆို သူမအပေါ် ကောင်းသောခံစားချက် ဖြစ်ပေါ်စေနိုင်သည်။
အစွန်းရောက်လက်သီးဂိုဏ်းတွင် မှတ်ပုံတင်ထားသော တပည့်များမှာ အပြင်စည်းတပည့်များသာဖြစ်ပြီး လေ့ကျင့်ရေးကွင်း၌သာ လေ့ကျင့်ခွင့်ရှိသည်။ အသက်ရှူကျင့်စဉ်ကို ရရှိထားသူများမှသာ အတွင်းစည်းတပည့်များဖြစ်ပြီး ပင်မသိုင်းကွင်းသို့ သွားရောက်ခွင့်ရှိသည်။ ထိုနေရာတွင် ချန်မုကျူနှင့် ကျိုးယန်တို့ကဲ့သို့ နယ်ပယ်ကျော်ဖြတ်ခြင်းအဆင့်ရှိသော သိုင်းပညာရှင်များစွာ အမြဲတစေ ရှိနေတတ်သည်ဟု ဆိုကြသည်။
မထင်မှတ်ဘဲ လုံယီသည် အင်းဟုသာ ခပ်တိုတို တုံ့ပြန်လိုက်ပြီး လက်သီးသိုင်းကိုသာ ဆက်လက်လေ့ကျင့်နေသဖြင့် ကျားဟုန်၏ အပြုံးမှာ ခဏတာ တောင့်ခဲသွားခဲ့သည်။
“အစ်ကိုကြီးလျူ လက်သီးကျင့်နေတာကို ကျွန်မ အနှောင့်အယှက် မပေးတော့ပါဘူး”
ကျားဟုန်သည် အလွန်ပင် ယဉ်ကျေးသိမ်မွေ့သူဖြစ်ရာ ပြုံးလျက်ပင် ထွက်ခွာသွားသည်။ များစွာသော တပည့်များ၏ အကြည့်များမှာ သူမ၏ လှပသော ကိုယ်ဟန်နောက်သို့ တစ်ကောက်ကောက် လိုက်ပါသွားကြတော့သည်။
“မိန်းကလေးကျားက လှလည်းလှတယ်။ စိတ်ထားကလည်း နူးညံ့တယ်။ တကယ့်ကို နတ်သမီးလေးအတိုင်းပဲ”
“ဒီလျူယီကတော့ ဘာကောင်မှန်းကို မသိတာ...”
အနီးနားရှိ တပည့်များက တိုးတိုးဖော်ဖော် ပြောဆိုကြရင်း လုံယီကို မကြည်လင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
“ဟားဟား... ငါတော့ မင်းကို ပိုပိုပြီး သဘောကျလာပြီကွာ”
ကျန်းဝေတသည် သူ၏ယပ်တောင်ကို အသာအယာခတ်ရင်း လုံယီနှင့် စကားပြောရန် ဝင့်ကြွားစွာ လျှောက်လာသည်။
“ဒီမိန်းကလေး ကျားဟုန်က အပြင်ပန်းကြည့်ရင် ဖြူစင်ပုံရပေမဲ့ သူ့ရဲ့နှလုံးသားက ပင်လယ်လို နက်ရှိုင်းတယ်ကွ။ ငါကတော့ အစကတည်းက အဲဒီလိုမိန်းမမျိုးကို သဘောမကျဘူး”
လုံယီက ဘာမျှပြန်မပြောဘဲ ဘေးရှိ ကျောက်သော့ခလောက်များ ကျောက်တူများ ကျောက်ပြားများနှင့် သံသီးများကဲ့သို့သော လေ့ကျင့်ရေးကိရိယာများကိုသာ တစ်ခုပြီးတစ်ခု စမ်းသပ်မကြည့်နေသည်။
လုံယီက သူ့ကို လျစ်လျူရှုထားသော်လည်း ကျန်းဝေတမှာ အရှက်ရပုံမပေါ်ဘဲ ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။
“ဒီတစ်ဝင်းလုံးမှာ ငါကျန်းဝေတ အထင်ကြီးတဲ့လူဆိုလို့ အနည်းငယ်ပဲရှိတာ အဲဒီထဲမှာ မင်းလည်း တစ်ယောက်အပါအဝင်ပဲ”
လုံယီသည် နှစ်ပေခန့်ရှိသော ကျောက်သော့ခလောက်တစ်ခုကို ရှာတွေ့သွားပြီး လက်တစ်ဖက်တည်းဖြင့် အသာအယာ မလိုက်သည်။ ၎င်း၏အလေးချိန်မှာ ပေါင် ၂၀၀ ကျော်မည်ဟု ခန့်မှန်းရသဖြင့် ဘေးမှကြည့်နေသော ကျန်းဝေတမှာ မျက်လုံးပြူးသွားတော့သည်။
“မင်းရဲ့ အခြေခံခွန်အားက တကယ်ကို ကြောက်စရာကောင်းတာပဲ။ အသက်ရှူကျင့်စဉ် ကျင့်ထားတဲ့လူ အများကြီးတောင် မင်းလောက် မသန်ဘူး။ ငါကျန်းဝေတရဲ့ အကြည့်ကတော့ တကယ့်ကို အလွဲအချော်မရှိဘူး ဟားဟား”
ကျန်းဝေတက ဘေးမှနေ၍ တစ်ယောက်တည်း ရေရွတ်နေသည်။
လုံယီက သူ့ကို ဆက်လက် လျစ်လျူရှုနေသဖြင့် သူ အနည်းငယ် ပျာယာခတ်လာကာ ယပ်တောင်ခတ်ရန်ပင် ပျင်းရိသွားတော့သည်။
“ငါ လိုရင်းကိုပဲ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်။ မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်ကွာ”
“ရတာပေါ့”
လုံယီက ခေါင်းပင်မဖော်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ကျန်းဝေတမှာ အံ့အားသင့်သွားပြီး နှာခေါင်းကိုပွတ်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
“မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ”
“ကျွန်တော် အသက်ရှူကျင့်စဉ်ကို သင်ချင်တယ် စီနီယာအစ်ကိုကြီးချန်ဆီကို တိုက်ရိုက်သွားမေးလို့ ရမလား”
လုံယီက မေးမြန်းလိုက်သည်။
“မင်းက လက်သီးသံကို ဗျောက်အိုးသံထွက်အောင် ထိုးနိုင်နေပြီလား”
ကျန်းဝေတက လုံယီကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“ငါမှတ်မိသလောက်ဆိုရင် မင်း ဒီကိုရောက်တာ တစ်လတောင်မပြည့်သေးဘူး မဟုတ်လား”
“ကျွန်တော် အရင်ကတည်းက လက်သီးကျင့်စဉ် လေ့ကျင့်ဖူးလို့ပါ။ ကြည့်လေ… ကျွန်တော်က မင်းတို့ထက် အသက်ပိုကြီးတယ်မဟုတ်လား”
“ဒါတောင်မှ တကယ်ကို ချီးကျူးဖို့ကောင်းပါတယ်။ လက်သီးသိုင်းမှာ ကျွမ်းကျင်တဲ့လူတွေတောင် ၁၀ နှစ် ၈ နှစ်လောက် လေ့ကျင့်ပြီးမှ တတ်ကြတာလေ။ အစွန်းရောက်လက်သီးသိုင်းကို လာသင်ရင်တောင် ချက်ချင်းကြီး နားလည်ဖို့ဆိုတာ မလွယ်ဘူး”
ကျန်းဝေတက ခဏမျှ အံ့သြတသဖြစ်နေပြီးမှ ဆက်ပြောသည်
“အသက်ရှူကျင့်စဉ်ဆိုတာ ဂိုဏ်းတစ်ခုရဲ့ အဓိက အမြုတေပဲ။ သိုင်းပညာရှင်အဆင့် မရောက်ခင် သင်ယူရတဲ့ အခြေခံအခန်းကဏ္ဍပေါ့။ အဲဒါကို သင်ယူဖို့ဆိုရင် ချန်မုကျူကနေတစ်ဆင့် ဂိုဏ်းအကြီးအကဲဆီမှာ စစ်ဆေးမှုခံယူဖို့ တင်ပြရမယ်။ စစ်ဆေးမှုအောင်မြင်ရင်တောင် ချက်ချင်းသင်လို့မရသေးဘူး။ မင်းရဲ့ မျိုးရိုးနောက်ခံ သုံးဆက်ကို အသေအချာ စစ်ဆေးမှာဖြစ်သလို လျှို့ဝှက်ချက် ထိန်းသိမ်းစောင့်ရှောက်ရေး စာချုပ်မှာလည်း လက်မှတ်ထိုးရလိမ့်မယ်။ အဲဒါတွေပြီးမှ တကယ့်အမွေအနှစ်ကို ဆက်ခံခွင့်ရမှာ”
“ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လုံယီသည် လက်ထဲမှ ကိရိယာကို အောက်ချလိုက်ပြီး အသေးစိတ် သတင်းအချက်အလက်ပေးသည့်အတွက် ကျန်းဝေတကို လက်အုပ်ချီ၍ ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကိစ္စမရှိပါဘူးဗျာ”
ကျန်းဝေတက သူ၏ မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရယ်မောလိုက်သည်။
နောက်ရက်များတွင် ဟွမ်လုံကန်းမှာ ပေါ်မလာတော့ဘဲ ဒဏ်ရာကုသနေပုံရသည်။ လက်သီးသင်ကြားပေးသည့် ဆရာမှာလည်း ကျိုးယန်မှ ချန်မုကျူသို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
လုံယီနှင့် ကျန်းဝေတတို့မှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ ရင်းနှီးလာကြသည်။ သူတို့သည် နေ့စဉ်နှင့်အမျှ စကားစမြည်ပြောဖြစ်ကြပြီး တစ်ချိန်လုံး အတူတွဲနေကြရာ ကျန်းဝေတ၏ တစ်ဖက်သတ် အမြင်အရဆိုလျှင် ဆုံတွေ့ရတာ နောက်ကျသွားသည်ဟုပင် ထင်မှတ်နေတော့သည်။
လုံယီသည် ကျန်းဝေတ၏ နောက်ခံအကြောင်းကိုလည်း သိရှိခဲ့ရသည်။
ကျဲမိသားစုသည် ဟွမ်မိသားစုထက် မနိမ့်ကျသော မိသားစုဖြစ်ပြီး ဆေးဘက်ဝင်အပင်များနှင့် ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ထိုင်မြို့ တစ်မြို့တည်းမှာတင် ဆေးဆိုင်ခွဲ ၅ ဆိုင်၊ ၆ ဆိုင်ခန့် ရှိပြီး အနီးနားရှိ ကျန်းမြို့ ယန်မြို့နှင့် လျန်မြို့တို့တွင်လည်း ဆိုင်ခွဲများ ရှိကြသည်။
အကယ်၍ ယခင်ဘဝမှာဆိုလျှင် စတော့ရှယ်ယာဈေးကွက်ဝင် ကုမ္ပဏီကြီးတစ်ခုနှင့် နှိုင်းယှဉ်၍ ရပေလိမ့်မည်။ ကံမကောင်းသည်မှာ ကျန်းဝေတသည် သားကြီးမဟုတ်ဘဲ ဒုတိယသားဖြစ်သဖြင့် မိသားစုအတွင်း အရေးပေးခံရမှု နည်းပါးလှသည်။
သို့သော် လုံယီအတွက်မူ သူငယ်ချင်းဖွဲ့ရာတွင် စရိုက်ကိုသာ ကြည့်ခြင်းဖြစ်ပြီး နောက်ခံအာဏာကိုမူ သိပ်ပြီး ဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ လုံယီအတွက်မူ အချိန်လုံလောက်စွာ ရရှိနေသရွေ့ အခြားသူများ၏ နောက်ခံအာဏာဟူသည်မှာ သူ၏အရှိန်အဝါအောက်တွင် နောက်ခံကားချပ်တစ်ခုမျှသာ ဖြစ်သွားလိမ့်မည်။
“စီနီယာအစ်ကိုကြီးချန်နဲ့ ကျိုးယန်တို့က ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ မင်းသိလား”
လုံယီသည် မြို့ပြင်မှလာသူဖြစ်သဖြင့် သိုင်းပညာရှင်များကို ပထမအဆင့်သွေးစွမ်းအားအဆင့်၊ ဒုတိယအဆင့်သွေးစွမ်းအားဟု ခွဲခြားထားသည်ကိုသာ သိရှိပြီး ထိုထက်ကျော်လွန်သော အဆင့်များကိုမူ သဲသဲကွဲကွဲ မသိသေးပေ။
“သူတို့က အသေးစားစက်ဝိုင်း သိုင်းပညာရှင်တွေ ဖြစ်ဖို့များတယ်။ မဟာစက်ဝိုင်း အဆင့်ဆိုရင်တော့ အစွန်းရောက်လက်သီးဂိုဏ်းက အကြီးအကဲအချို့တောင် ရောက်ချင်မှ ရောက်ကြတာ”
ကျန်းဝေတထံမှတစ်ဆင့် လုံယီသည် အခြေခံဗဟုသုတများစွာကို လေ့လာခွင့်ရခဲ့သည်။
တတိယအဆင့်သွေးစွမ်းအား အသေးစားစက်ဝိုင်း လျှို့ဝှက်သွေးစွမ်းအားများသည် လူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအားသုံးသွယ် လည်ပတ်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး အရေပြားအောက်ရှိ ကြွက်သားမျှင်များမှာ တဖြည်းဖြည်း မာကျောသန်စွမ်းလာသည်။ ၎င်းသည် ဒုတိယအဆင့်သွေးစွမ်းအားရှိသော ရှူးရှီးနှင့် နှိုင်းယှဉ်လျှင် ခွန်အားမှာ သိသိသာသာ ခုန်ပျံကျော်လွှားသွားခြင်းဖြစ်ပြီး ထိုအဆင့်ရှိသူ သုံးယောက်ကို တစ်ပြိုင်နက် အေးဆေးစွာ ရင်ဆိုင်နိုင်သည်။
သွေးကြောငါးကြောင်း မဟာစက်ဝိုင်း လျှို့ဝှက်သွေးစွမ်းအားများသည် ခန္ဓာကိုယ်အတွင်း ဓာတ်ကြီးငါးပါး လည်ပတ်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ အရိုးများနှင့် အရေပြားများမှာ အလွန်အမင်း မာကျောခိုင်ခံ့လာပြီး ခွန်အားသာမက ခံနိုင်ရည်မှာလည်း အဆမတန် မြင့်မားသွားသည်။ သို့သော် မဟာစက်ဝိုင်းအဆင့် သိုင်းပညာရှင်များသည် တစ်မြို့လုံးတွင် ရှားပါးလှပြီး ဂိုဏ်းတစ်ခု၏ ပင်မဒေါက်တိုင်များနှင့် အဓိက တိုက်ခိုက်ရေးစွမ်းအားစုများ ဖြစ်ကြသည်။
အသေးစားစက်ဝိုင်း အဆင့်လား...
လုံယီသည် စိတ်ထဲမှ တွေးတောနေမိသည်။ သူ၏ အာရုံခံစားမှုအရဆိုလျှင် ယခုလက်ရှိ သူ၏ခွန်အားမှာ သူတို့ကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။ အထူးသဖြင့် ကျိုးယန်ဆိုသော လူမှာ သူ့အပေါ် ရန်လိုနေသဖြင့် အနိုင်ကျင့်မခံရစေရန် သူ၏ ခွန်အားကို အမြဲတစေ မြှင့်တင်နေရမည် ဖြစ်သည်။
ဟွမ်လုံကန်းမှာလည်း အလွယ်တကူ ခွင့်လွှတ်တတ်မည့်သူ မဟုတ်ပေ။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း လုံယီသည် အိမ်ပြင်ထွက်တိုင်း နောက်ယောင်ခံမလိုက်နိုင်စေရန် လမ်းကို လှည့်ပတ်ကာ သတိကြီးစွာ သွားလာနေရသည်။
ရက်အနည်းငယ်အကြာ တစ်ညတွင်...
လုံယီသည် သူ၏ အိမ်ငှားလေးသို့ ပြန်ရောက်သောအခါ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦး တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူမမှာ ဆံပင်ကို နှစ်ဖက်ခွဲထုံးထားပြီး လှပသော အပြုံးရှိသည့် ထျန်းစူး၏ အစေခံမလေး ရှောင်ချန်းပင်။
“သခင်မလေးက အစ်ကို့ကို ဒါလေးပေးခိုင်းလိုက်လို့ပါ”
ရှောင်ချန်းက အနက်ရောင် ကတ္တီပါသေတ္တာလေးတစ်လုံးကို ကမ်းပေးလိုက်သည်။
လုံယီက သေတ္တာကို ဖွင့်ကြည့်လိုက်ရာ... လက်ဝါးခန့်ရှိသော လေးထောင့်ပုံစံ တစ်ကိုယ်လုံး မီးခိုးဖြူရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ခရုပတ်ပုံစံ အစင်းကြောင်းများ ပါဝင်သည့် အနုပညာလက်ရာတစ်ခုကဲ့သို့ ကျောက်တုံးလေးကို တွေ့လိုက်ရသည်။
“ဒါ... ကျောက်တုံးဝိညာဉ်ပဲ”
လုံယီ၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူသည် ခွန်အားကို မည်သို့မြှင့်တင်ရမည့်ဟု ပူပန်နေချိန်တွင် အိပ်ချင်နေသူကို ဖျာခင်းပေးလိုက်သကဲ့သို့ အချိန်ကိုက်ပင် ရောက်ရှိလာခြင်း ဖြစ်သည်။