အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း။ ၈၃
ကွင်းထဲတွင် တိုက်ခိုက်နေကြသူ နှစ်ဦးရှိပြီး တစ်ဦးမှာ ကျောပြင်ကျယ်ပြီး ထွားကြိုင်းသန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိကာ ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်သော မျက်လုံးများ ရှိသည်။
သူသည် ယခင်က လုံယီတို့အုပ်စုကို လေ့ကျင့်ပေးခဲ့သော ကျိုးယန်ပင်။ အခြားတစ်ဦးမှာမူ ပိန်ပါးပြီး ဖျတ်လတ်ဖျန်းလတ်ကာ သဲကွင်းအတွင်း၌ မျောက်တစ်ကောင်အလား လှုပ်ရှားရင်း ကျိုးယန်၏ လက်သီးချက်များကို အဆက်မပြတ် ရှောင်တိမ်းနေသည်။
ဘုန်း…
ဘုန်း…
ဘုန်း….
ကျိုးယန်၏ လက်သီးချက်တိုင်းမှာ သာမန်ဗျောက်အိုးသံထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော ပေါက်ကွဲသံကြီးများကို ထွက်ပေါ်စေသည်။ သဲများမှာ ပတ်ပတ်လည်သို့ လွင့်စင်နေပြီး နယ်နိမိတ်ကြိုးများပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းလေးများမှာလည်း ဒေါင်... ဒေါင်နှင့် အဆက်မပြတ် မြည်ဟည်းနေတော့သည်။
အချို့သော လက်သီးချက်များကို တစ်ဖက်လူက ကာကွယ်နိုင်ခဲ့သော်လည်း ကျိုးယန်၏ အရှိန်ကြောင့် လေထဲသို့ လွင့်ထွက်သွားရပြီးမှ စွမ်းအားကို လေထဲတွင်ပင် ပြန်ဖျက်လိုက်ရသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မြင်တွေ့ရသူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
“ဟားဟား... မင်းက ရှောင်ဖို့ပဲ သိတာလား ဒီလိုနဲ့တော့ အစွန်းရောက်လက်သီးရဲ့ အနှစ်သာရကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ”
ကျိုးယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဒေါသထွက်နေသော စစ်နတ်ဘုရားတစ်ပါးအလား ပြင်းထန်လှသော လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။
တစ်ဖက်လူက လက်မောင်းနှစ်ဖက်ဖြင့် ကာကွယ်လိုက်သော်လည်း သူ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားသည်။
အရိုးကျိုးသွားသည့် ခရက်... ဟူသော အသံကို အားလုံး ကြားလိုက်ကြရသည်။
ချက်ချင်းဆိုသလိုပင် ထိုလူသည် လမ်းညွှန်ချက်မဲ့သော လှိုင်းလုံးတစ်ခုအလား သဲကွင်း၏ အစွန်းဘက်သို့ ပျံထွက်သွားပြီး သဲထဲသို့ ခေါင်းစိုက်ကျသွားတော့သည်။ သူ လွင့်ထွက်သွားသော အကွာအဝေးမှာ အနည်းဆုံး ပေ ၅၀၊ ၆၀ ခန့် ရှိသည်။
“မြန်မြန်... သွားကယ်ကြဦး”
ကြည့်နေသူများက လန့်ဖျန့်ကာ အော်ဟစ်လိုက်ကြသည်။
လုံယီတို့အုပ်စုကို ခေါ်ဆောင်လာသော ချန်မုကျူသည်လည်း သူ၏ ဂိုဏ်းတူညီအစ်ကိုကို ကယ်ဆယ်ရန် ယုန်တစ်ကောင်အလား ဖျတ်လတ်စွာဖြင့် ကွင်းထဲသို့ ပြေးဝင်သွားတော့သည်။
“ကျိုးယန်... မင်း လက်လွန်သွားပြီ”
အတွင်းစည်းတပည့်တစ်ဦးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
သို့သော် ကျိုးယန်ကမူ ဂရုမစိုက်ဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး “လက်ရည်စမ်းတယ်ဆိုတာ အစွမ်းကုန် လုပ်ရတာကွ နောင်ကျရင် ရန်သူတွေက မင်းကို ဒုတိယအကြိမ် အခွင့်အရေး ပေးမှာမဟုတ်ဘူး”
သူ ထွက်မသွားခင် ကွင်းဘေးပတ်ပတ်လည်ကို ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ဝေ့ဝဲကြည့်လိုက်ရာ အကြည့်ချင်း ဆုံသူတိုင်းမှာ ကြောက်ရွံ့ပြီး ခေါင်းငုံ့သွားကြရသည်။
“စီနီယာအစ်ကိုကြီးကျိုးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ”
ကျားဟုန်က ချီးကျူးလိုက်သည်။
“ဟွန်း... သူက ငါတို့ထက် သိုင်းပညာကို နှစ်အနည်းငယ် ပိုကျင့်ထားလို့ပါ”
ဟွမ်လုံကန်းက မနာလိုစိတ်ဖြင့် မှတ်ချက်ပေးလိုက်သည်။ ကျိုးယန်နှင့် သူငယ်ချင်းဖြစ်သော်လည်း သူချစ်ရသော အမျိုးသမီးရှေ့တွင်တော့ သူက အရှုံးမပေးချင်ပေ။
“ဟုတ်ပါတယ် အစ်ကိုကြီးဟွမ်လည်း နောင်ကျရင် စီနီယာအစ်ကိုကြီးကျိုးထက် မညံ့တဲ့သူ ဖြစ်လာမှာပါလို့ ကျွန်မ ယုံကြည်ပါတယ်”
ကျားဟုန်က သူမ၏ လှပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ကာ ရိုးသားစွာ ပြောလိုက်ရာ ဟွမ်လုံကန်း၏ မျက်နှာမှာ ဝမ်းသာအားရဖြင့် ဝင်းပသွားတော့သည်။
လုံယီမှာမူ ကျိုးယန်နှင့် ထိုတပည့်တို့၏ တိုက်ပွဲကို ပြန်လည်သုံးသပ်နေသည်။ ကျိုးယန်၏ အဆင့်မှာ သူ သတ်ခဲ့သော နေဝင်တောင်တန်းခေါင်းဆောင် ရှုရှီးထက် များစွာ သာလွန်နေသည်မှာ သိသာလှသည်။
ဒါဆို ဒါက တတိယအဆင့် ချီစွမ်းအင်နဲ့အထက် ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ အစွမ်းပေါ့။
လုံယီက တွေးတောရင်း ကျိုးယန်နှင့် ရင်ဆိုင်ရပါက မည်သို့ဖြစ်မည်ကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်နေသည်။
နိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်တိုက်ကြည့်မှပဲ သိမှာပဲ။
အကယ်၍သာ သေရေးရှင်ရေး တိုက်ပွဲဆိုပါက သူ ပို၍ပင် ယုံကြည်မှု ရှိသေးသည်။ ယခုလောလောဆယ်တွင် သူသည် အသက်ရှူကျင့်စဉ်ကို မကျင့်ရသေးသော်လည်း အသေးစားစက်ဝိုင်း
အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို ရင်ဆိုင်ရန် အားရှိနေပြီဖြစ်သည်။
ကျင့်စဉ်ကို တတ်မြောက်ပြီး အဆင့်ကျော်ဖြတ်နိုင်ပါက သူ၏ခွန်အားမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်ရာ လုံယီမှာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
ထိုအချိန်ရောက်လျှင်တော့ ပန်းတွေ ဘာလို့ ဒီလောက်နီရတာလဲ ဆိုတာကို သိသွားအောင် ကျိုးယန်နှင့် အသေအချာ လက်ရည်စမ်းပြရမည်ပင်။
လုံယီအပါအဝင် အတွင်းစည်းသို့ အသစ်ရောက်လာသော တပည့်များကို သိုင်းလေ့ကျင့်ရေးကွင်း၏ မြောက်ဘက်ခြမ်း ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် အသက်ရှူကျင့်စဉ်ကို စတင်သင်ယူရမည်ဖြစ်သည်။
သင်ပေးမည့်သူမှာ အသက် ၂၀ ကျော်ခန့် ဖြူဖြူတုတ်တုတ်နှင့် ဝိုင်းစက်သော မျက်နှာရှိကာ အမြဲတမ်း ပြုံးရွှင်နေတတ်သူ ဖြစ်သည်။ သူ၏ ပုံစံမှာ ကုန်သည်တစ်ဦးနှင့် ပိုတူနေပြီး သိုင်းပညာရှင်တစ်ဦးဟု ထင်ရန် ခက်ခဲလှသည်။
“ငါ့နာမည်က လီယာကွေ့ လို့ ခေါ်တယ်။ အစွန်းရောက်လက်သီးဂိုဏ်းရဲ့ ကိုးဆက်မြောက်တပည့်ပေါ့။ အသက်ရှူကျင့်စဉ်နဲ့ ပတ်သက်ပြီး မင်းတို့ ကြားဖူးနားဝ ရှိကောင်းရှိလိမ့်မယ် ဒါပေမဲ့ ငါ တစ်ခေါက် ထပ်ပြောပြရဦးမယ်”
“အသက်ရှူကျင့်စဉ်တွေက ခန္ဓာကိုယ်ထဲက မူလချီစွမ်းအင်တွေကို အများအပြား အသုံးချရတာဖြစ်လို့ ပင်ပန်းနေချိန်၊ ဗိုက်ဆာနေချိန် ဒါမှမဟုတ် နေမကောင်းဖြစ်နေချိန်တွေမှာ လုံးဝမကျင့်ကြံပါနဲ့...”
“အကောင်းဆုံး ရလဒ်ရဖို့အတွက် အသက်ရှူနှုန်းတွေကို သတ်မှတ်ထားတဲ့ လက်သီးကွက်တွေနဲ့ ပေါင်းစပ်ရမယ်။ မင်းတို့အားလုံး ဆက်တိုက်လက်သီးသိုင်းကို ရင်းနှီးပြီးသားဖြစ်မှာပါ။ အခုသင်ပေးမှာက အဲဒီသိုင်းရဲ့ အဆင့်မြင့်ဗားရှင်းပဲ အခြေခံကတော့ အတူတူပါပဲ...”
လီယာကွေ့သည် ဦးစွာ လူတိုင်းကို အသက်ရှူစနစ်ကို သင်ကြားပေးပြီးနောက် ထိုအသက်ရှူနှုန်းနှင့်အညီ လေ့ကျင့်ရမည့် လက်သီးကွက်များကို ပြသသည်။
အစွန်းရောက်လက်သီးဂိုဏ်း၏ အသက်ရှူကျင့်စဉ်ကို အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ်ဟု ခေါ်ပြီး လုံယီ ယခင်က ရရှိခဲ့သော ဟူမိသားစု အသက်ရှူကျင့်စဉ်ထက် များစွာ ပိုမိုခက်ခဲနက်နဲသည်။ ၎င်းတွင် ပါးစပ်ဖြင့် အသက်ရှူခြင်း၊ နှာခေါင်းဖြင့် ရှူခြင်း၊
ရင်ဘတ်ဖြင့် ရှူခြင်း၊ ဝမ်းဗိုက်ဖြင့် ရှူခြင်း၊ အသက်ရှူထုတ်မှုကို ရှည်ရှည်ရှူခြင်းနှင့် တိုတိုရှူခြင်း စသည့် ပုံစံအမျိုးမျိုး ပါဝင်သည်။
ဥပမာအားဖြင့် ပါးစပ်ဖြင့် အရှည်သုံးကြိမ် အတိုတစ်ကြိမ် ရှူခြင်း၊ နှာခေါင်းဖြင့် အတိုနှစ်ကြိမ် အရှည်လေးကြိမ် ရှူခြင်းတို့ကို သတ်မှတ်ထားသော လက်သီးကွက်များနှင့် အံဝင်ခွင်ကျ ပေါင်းစပ်ရမည် ဖြစ်သည်။
ဂီတ၏ စည်းချက်ဝါးချက်များကဲ့သို့ပင် လက်သီးချက်ကို ထိုးထုတ်ချိန်နှင့် ပြန်ရုပ်သိမ်းချိန်များတွင် အသက်ရှူရသံမှာ လက်သီး၏ အရှိန်အဟုန်နှင့် တစ်သားတည်း ကျနေရမည်။
ဤအသက်ရှူကျင့်စဉ်နှင့် လက်သီးကွက် တစ်စုံလုံးကို ပြီးဆုံးအောင် လေ့ကျင့်ရန် နာရီဝက်ခန့် ကြာမြင့်သည်။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက လိုချင်သော ရလဒ်ကို ရရှိရန် ခက်ခဲရုံသာမက ခန္ဓာကိုယ်ကိုပင် ထိခိုက်စေနိုင်သည်။ သို့သော် အပြည့်အဝ ပေါင်းစပ်နိုင်ပါက ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို ချောမွေ့စွာ လှုပ်နှိုးနိုင်ပြီး သာမန်လူများထက် အဆပေါင်းများစွာ မြန်ဆန်သော လည်ပတ်မှုကို ရရှိစေမည် ဖြစ်သည်။
လီယာကွေ့၏ ရှင်းပြချက်အပြီးတွင် လူတိုင်း နေရာမှာပင် စတင်လေ့ကျင့်ကြသည်။ အချိန်အတော်ကြာပြီးနောက် လူတိုင်း၏ မျက်နှာမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး ဘာမှ ထူးထူးခြားခြား မတတ်မြောက်သေးသည်မှာ သိသာလှသည်။
“ခက်တယ် မဟုတ်လား”
လီယာကွေ့က ပြုံးလျက် မေးလိုက်သည်။
လူတိုင်း ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူက လူအယောက် ၃၀ ၄၀ ခန့် ရပ်နေသော အခြားထောင့်တစ်နေရာကို ညွှန်ပြလိုက်သည်။
“ဟိုမှာကြည့်... အဲဒီလူတွေထဲက တချို့ဆို ဒီမှာနေတာ နှစ်နဲ့ချီနေပြီ ဒါပေမဲ့ အခုထိ မတတ်မြောက်သေးဘူး”
“မလောကြနဲ့ အချိန်ယူပါ စိတ်လောလေလေ သင်ရခက်လေလေပဲ”
လီယာကွေ့က ဆက်လက်အကြံပေးသည်။
“ဒါသာ လွယ်နေရင် သိုင်းပညာရှင်တွေ နေရာတိုင်းမှာ ရှိနေမှာပေါ့ ပြီးတော့ သားရဲတစ်ရာတောင်တန်းက သားရဲတွေလည်း မျိုးတုံးတာ ကြာလှပြီ”
“ဒါပေမဲ့ တစ်ခုတော့ရှိတယ်... အသက် ၁၈ နှစ် မတိုင်ခင် အဆင့်ကျော်ဖြတ်နိုင်အောင် ကြိုးစားကြ။ အကယ်၍ အဲဒီအသက်ကို ကျော်သွားရင်တော့ မင်းတို့ရဲ့ အလားအလာက သိပ်မရှိတော့ဘူးလို့ ယူဆပြီး ဂိုဏ်းက မင်းတို့အပေါ် အရင်းအမြစ်တွေ အများကြီး ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် လီယာကွေ့သည် လုံယီတို့အုပ်စု လွတ်လွတ်လပ်လပ် လေ့ကျင့်နိုင်ရန် ကွင်းထဲမှ ထွက်ခွာသွားတော့သည်။
အသက် ၁၈ နှစ်တဲ့လား...
ထိုစကားကို ကြားလိုက်ရချိန်တွင် လုံယီ၏ မျက်ဝန်းများ ဝေ့ဝဲသွားသည်။ သူက အသက် ၂၀ နား နီးနေပြီ မဟုတ်ပါလား။ သို့သော် သူ့တွင် စွမ်းရည်ပြမျက်နှာပြင်ရှိနေသဖြင့် အခြားသူများပြောသော အလားအလာ ဆိုသည့်အရာမှာ သူ့အတွက်တော့ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။
“တောက် ဒါက တကယ်ပဲ လူတွေကျင့်နိုင်တဲ့ အရာလားကွာ”
ကျန်းဝေတက ညည်းညူရင်း လေ့ကျင့်မှုကို ရပ်လိုက်သည်။
“အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အသက်ရှူကျင့်စဉ်က သိုင်းလောကမှာ ထိပ်တန်းအဆင့်ထဲမှာ ပါတယ်လို့ ကြားဖူးတယ် အဲဒါကြောင့်လည်း ဒီလောက်ခက်နေတာပေါ့”
ကျားဟုန်က ခပ်တိုးတိုး ပြောလိုက်သည်။
“ဟုတ်တယ်... မဟုတ်ရင် ငါ့မိသားစုမှာ မျိုးရိုးစဉ်ဆက် ကျင့်စဉ်ရှိရက်နဲ့ ငါ့ကို ဒီပို့ပါ့မလား”
ဟွမ်လုံကန်းမှာ အခွင့်အရေးရတိုင်း ကြွားရမှ နေသာထိုင်သာ ရှိသူဖြစ်သည်။
“မိန်းကလေးကျား စိတ်မပူပါနဲ့ အတွင်းစည်းတပည့်တွေက တစ်လကို တစ်ကြိမ် စိတ်တည်ငြိမ် အမွှေးတိုင်တစ်ချောင်းစီ ရကြတယ်။ အဲဒါက ကျင့်စဉ်ကျင့်တဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်ဗျ”
“တကယ်လား”
ကျားဟုန်၏ မျက်လုံးလေးများ တောက်ပသွားသည်။
စိတ်တည်ငြိမ် အမွှေးတိုင်သည် စိတ်ကို ငြိမ်သက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေသဖြင့် သိုင်းကျင့်ရာတွင် အလွန်တန်ဖိုးရှိသော အထောက်အကူပြု ပစ္စည်းတစ်ခုဖြစ်သည်။ သူတို့ထဲတွင် လုံယီနှင့် ကျင်းဖုန်း နှစ်ဦးသာ ခေါင်းငုံ့၍ ဆက်လက်လေ့ကျင့်နေကြသည်။
ရှူသွင်း ထိုးချက်၊ ရှူထုတ် ထိုးချက်...
လုံယီသည် အတော်ကြာအောင် လေ့ကျင့်ကြည့်သော်လည်း စည်းချက်ကို ရှာမတွေ့သေးသဖြင့် ခေတ္တရပ်နားလိုက်သည်။
“သွားကြစို့ အမွှေးတိုင် သွားယူရအောင်”
ကျန်းဝေတက လှမ်းခေါ်လိုက်သည်။
သူတို့အုပ်စု သိုင်းလေ့ကျင့်ရေးကွင်းထဲမှ ထွက်လာချိန်တွင် ကျိုးယန် တစ်ယောက် ရှေ့မှ ပိတ်ရပ်လျက် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်မှာ တစ်ဖက်လူကို ဖိအားအကြီးအကျယ် ပေးနေ၏။
“ညီလေးတို့ ညီမလေးတို့... အမွှေးတိုင် သွားယူမလို့လား ငါ ဒီလအတွက် မင်းတို့ဝေစုတွေကို ကြိုထုတ်လာပေးတယ်ဟေ့”
ကျိုးယန်က အားလုံးကို ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးကျိုး”
ကျားဟုန် ဟွမ်လုံကန်းနှင့် အခြားသူများက ကျေးဇူးတင်စကား ပြောကြသည်။
လုံယီမှာမူ ဘာမှမပြောဘဲ တိတ်ဆိတ်နေမိသည်။ ကျိုးယန်၏ အကြည့်ထဲတွင် ပါလာသော မရိုးသားသည့် အငွေ့အသက်ကို သူ ခံစားမိနေသောကြောင့်ဖြစ်သည်။ ခန့်မှန်းထားသည့်အတိုင်းပင် ကျိုးယန်သည် ဦးစွာ ဟွမ်လုံကန်းကို အနီရောင်စက္ကူဖြင့် ပတ်ထားသော အမွှေးတိုင်တစ်ချောင်း ကမ်းပေးလိုက်သည်။
ထို့နောက် ကျားဟုန်၊ ကျင်းဖုန်းနှင့် ကျန်းဝေတတို့ကို တစ်ယောက်တစ်ချောင်းစီ ဝေပေးလိုက်သော်လည်း လုံယီအလှည့်ရောက်သောအခါ ရပ်တန့်သွားတော့သည်။
“စိတ်မကောင်းပါဘူးကွာ အကုန်ကုန်သွားပြီ။ ဂိုဒေါင်မှာကလည်း ပစ္စည်းက အကန့်အသတ်နဲ့ဆိုတော့ ညီလေးလျူအနေနဲ့ နောက်လမှပဲ စောင့်လိုက်တော့နော်”
ကျိုးယန်က လှောင်ပြောင်သလို ပြုံးလျက် ပြောလိုက်သည်။
အခန်း။ ၈၄
ကျိုးယန်သည် လုံယီ၏ တုံ့ပြန်မှုကို အကဲခတ်သည့်အနေဖြင့် သူ၏မျက်နှာကို မလွှတ်တမ်း စိုက်ကြည့်နေသည်။ ဟွမ်လုံကန်းမှာမူ ဘေးနားတွင်ရပ်ကာ ပွဲကောင်းကြည့်နေရသည့်အလား မဲ့ပြုံးပြုံးနေ၏။ ကျားဟုန်ကတော့ ဘာမျှမမြင်သလိုပင် အခြားတစ်နေရာသို့ အသာအယာ အကြည့်လွှဲထားလိုက်သည်။
ကျန်းဝေတမှာမူ ဒေါသအလိပ်လိပ်ထွက်လာပြီး အော်ဟစ်လိုက်တော့သည်။
“ကျိုးယန်... မင်း ဒါ ဘာသဘောလဲကွ”
ကျိုးယန်သည် ဗိုက်ဆာနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ သူ၏မျက်လုံးများကို မှေးလိုက်ပြီး “မင်းရဲ့လေသံကို ဆင်ခြင်စမ်း ညီလေးကျဲ... မင်းကို ငါ ဒုတိယအကြိမ် အခွင့်အရေးပေးမှာ မဟုတ်ဘူးနော်”
ကျန်းဝေတက ထပ်မံပေါက်ကွဲရန် ပြင်လိုက်စဉ်မှာပင် လုံယီက ကြားကဖြတ်ကာ ကျိုးယန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“အခုမရှိလည်း နောက်တစ်ခေါက်မှပဲ သွားယူတာပေါ့”
ပြောပြောဆိုဆိုဖြင့် သူသည် ကျန်းဝေတကို ဆွဲခေါ်ကာ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။ ၎င်းမှာ ကျိုးယန်နှင့် ကျန်ရှိသူများကို အံ့အားသင့်သွားစေပြီး သူတို့ မျှော်လင့်ထားသည့် ရန်ပွဲကိုလည်း ပျက်ပြားသွားစေသည်။
အပြန်လမ်းတွင် ကျန်းဝေတက ဒေါသတကြီး ပြောသည်။
“ဒီကျိုးယန်က အရမ်းကို မောက်မာလွန်းတယ်။ ငါ့လူတွေကို ခေါ်ပြီး သူ့ကို ပညာပေးလိုက်ရမလား”
“မလိုပါဘူး”
လုံယီက ခေါင်းခါပြလိုက်သည်။
“သူ့ကို ငါကိုယ်တိုင်ပဲ ရှင်းမယ် သိပ်မကြာစေရဘူး”
လုံယီ၏ တည်ငြိမ်လှသော လေသံကြောင့် ကျန်းဝေတမှာ အနည်းငယ် အံ့သြသွားရသည်။ လုံယီကို လေလုံးထွားသည်ဟု ပြောချင်သော်လည်း လုံယီ၏ ယုံကြည်မှုအပြည့်ရှိသော ပုံစံမှာ ဟန်ဆောင်နေခြင်းမျိုး မဟုတ်သည်ကို သူ သတိပြုမိသည်။
“ရော့... ဒါလေး ယူထားလိုက်။ ငါ့အိမ်မှာ ဒီလိုမျိုးတွေ အများကြီးရှိတယ်”
ကျန်းဝေတက သူရလာသော စိတ်တည်ငြိမ် အမွှေးတိုင်ကို လုံယီထံ ကမ်းပေးလိုက်သည်။
“ကျေးဇူးပဲ”
လုံယီက အားမနာဘဲ လက်ခံလိုက်သည်။ ယခုအချိန်တွင် သူ့အတွက် အမှန်တကယ် လိုအပ်နေသောကြောင့် ဖြစ်သည်။
အတွင်းစည်းတပည့်များသည် သီးသန့်နေထိုင်ရန် နေရာများ ရရှိကြပြီး ဘေးဝင်းများမှ ပြောင်းရွှေ့နိုင်ကြသည်။ သို့သော် လုံယီတွင် လျှို့ဝှက်ချက်များစွာ ရှိနေသဖြင့် သူငှားထားသော အိမ်သို့သာ ပြန်လာခဲ့သည်။
တံခါးကို ပိတ်လိုက်ပြီးနောက် အနီရောင်စက္ကူထဲမှ စိတ်တည်ငြိမ် အမွှေးတိုင်ကို ထုတ်လိုက်
သည်။ ၎င်းမှာ ခြောက်လက်မခန့် ရှည်လျားပြီး တစ်ခုလုံး ညိုနီရောင်ရှိကာ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်နေလေသည်။
သူသည် အမွှေးတိုင်ကို အမွှေးတိုင်အိုးထဲတွင် ထိုးစိုက်ကာ မီးညှိလိုက်သည်။ ရနံ့မှာ ချက်ချင်းပင် အဆပေါင်းများစွာ ပိုမိုပြင်းရှလာပြီး လုံယီ၏ လှုပ်ရှားနေသော စိတ်အစုံကို တည်ငြိမ်သွားစေသည်။
သူသည် မြင်းစီးဟန် အနေအထားကို ခိုင်မာစွာ ယူလိုက်ပြီး တန်ထျန်းဆီသို့ အသက်ရှူအားကို စုစည်းကာ လက်မောင်းနှစ်ဖက်ကို ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်မှာ အဆက်မပြတ် ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေတော့သည်။
တည့်ထိုးချက်၊ တုန်ခါထိုးချက်၊ လွှဲထိုးချက်၊ ပင့်ထိုးချက်၊ ထိုးဖောက်ထိုးချက်... အသက်ပြင်းပြင်းရှူခြင်း၊ အသက်အသာအယာရှူခြင်း၊ ဝမ်းဗိုက်ဖြင့် ရှူခြင်း၊ ရင်ဘတ်ဖြင့် ရှူခြင်း...
အမျိုးမျိုးသော လက်သီးချက်များကြားတွင် သူ၏ အသက်ရှူနှုန်း မပြတ်တောက်သွားစေရန် သေချာဂရုစိုက်ရင်း လက်သီး၏ အနှစ်သာရများကို ရှုပ်ထွေးလှသော အသက်ရှူစနစ်ထဲသို့ ပေါင်းထည့်လိုက်သည်။
စိတ်အာရုံ ထူးခြားနေချိန်တွင် လုံယီသည် သူ၏ ခြေဖဝါးများဆီမှ နွေးထွေးသော စီးကြောင်းတစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် ဒူးဆစ်များကို လျင်မြန်စွာ ကျော်ဖြတ်ကာ ရင်ဘတ်နှင့် ဝမ်းဗိုက်ဆီသို့ ရောက်ရှိလာပြီး ခေတ္တမျှ ဝဲလည်နေပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
သူသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ ကျင့်စဉ်နှင့် နယ်ပယ်ကဏ္ဍများတွင် ပြောင်းလဲမှုများကို သတိပြုမိလိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉/၅၆]
[နယ်ပယ်: သိုင်းပညာရှင်အကြို (၀/၆၀၀)]
[ကျင့်စဉ်များ: အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် (အဆင့် ၁ အခြေခံ ၀/၂၀)၊ ဟူမိသားစု အသက်ရှူကျင့်စဉ် (အခြေခံ ၀/၁၀)]
[ကျွမ်းကျင်မှုများ: လုံမိသားစု ပုဆိန်သိုင်း (နှံ့စပ် ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ကျောက်ခဲပစ် (နှံ့စပ် ၀/၃၀)၊ ကိုယ်ဖော့ပညာ (နှံ့စပ် ၀/၆၀)၊ အခြေခံလှံသိုင်း (အခြေခံ ၀/၆)၊ လျှို့ဝှက်ကျွမ်းကျင်မှု နဂါးထိုးဖောက်ခြင်းနည်းစနစ် အပိုင်းအစ (၁)]
[ပါရမီ: ကျောက်သားအဖြစ် ပြောင်းလဲခြင်း (ကျွမ်းကျင် ၀/၆၀ + ၃ ကျောက်တုံးဝိညာဉ် + ၁ ဖီးနစ်သွေးကျောက်)]
[စွမ်းအင်: ၂၁]
ဤအတောအတွင်း သင်္ချိုင်းသို့ နေ့စဉ်သွားရောက်ခြင်းနှင့် လျူယွမ်ထံမှ ရံဖန်ရံခါကြားရသော သတင်းများကြောင့် သူသည် စွမ်းအင် ၂၁ မှတ်ကို ခက်ခက်ခဲခဲ စုဆောင်းထားနိုင်ခဲ့ခြင်းဖြစ်သည်။
လုံယီသည် အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် ဘေးတွင် ပေါ်လာသော မှိန်ဖျဖျ အပေါင်းသင်္ကေတကို ကြည့်ကာ စိတ်ထဲမှ နှိပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်စိရှေ့တွင် မရေတွက်နိုင်သော ပုံရိပ်များ တဖျပ်ဖျပ် ပေါ်လာတော့သည်။
ပုံရိပ်များ၏ အလယ်ဗဟိုတွင် လုံယီနှင့် ခြောက်ပုံ၊ ခုနစ်ပုံခန့် ဆင်တူသော ကောင်လေးတစ်ယောက်သည် အပြိုင်ကမ္ဘာတစ်ခုတွင် အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ်ကို ကျင့်ကြံရန် ကြိုးစားနေသည်။ အစပိုင်းတွင် ထိုကောင်လေးသည်လည်း တကယ့်ကမ္ဘာမှ လုံယီကဲ့သို့ပင် လက်သီးကွက်နှင့် အသက်ရှူနှုန်းကို ဟန်ချက်ညီအောင် မလုပ်နိုင်ဘဲ အကြပ်ရိုက်နေခဲ့သည်။
သို့သော်လည်း ဇွဲရှိလျှင် သံချောင်းပင်ကျိုးသည်ဆိုသည့်စကားအတိုင်း အားထုတ်မှု ပြင်းထန်လာသောအခါ သံချောင်းပင် ကျိုးပျက်သွားနိုင်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ အကြိမ်ကြိမ် ကျရှုံးလိုက် ပြန်လည်ဆန်းစစ်လိုက် တိုးတက်လာလိုက်ဖြင့် နောက်ဆုံးတွင် ထိုကောင်လေးသည် အသက်ရှူနှုန်းနှင့် လက်သီးကွက်များကို အခြေခံအားဖြင့် တစ်သားတည်းကျအောင် လုပ်ဆောင်နိုင်လာခဲ့သည်။
အသက်ရှူနှုန်း မပြတ်တောက်စေဘဲ လက်သီးကို ထိုးနိုင်လာသလို အသက်ရှူပုံစံ ပြောင်းလဲသွားသည့်တိုင် လက်သီး၏ အရှိန်နှင့် ပုံစံမှာ ပျက်ယွင်းမသွားတော့ပေ။
လက်တွေ့လောကတွင်မူ လုံယီ၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခါသွားပြီးနောက် နေရာမှာပင် လက်သီးကွက်များကို စတင်လေ့ကျင့်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ရင်ဘတ်မှာ လက်သီး၏ စည်းချက်နှင့်အညီ ဂီတသံစဉ်များအလား နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
အသက်ရှူခြင်းနှင့် လက်သီးကွက်များမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့၏။
လုံယီသည် သူ၏ဘယ်ဘက် ခြေဖဝါးဆီမှ နွေးထွေးသော စီးကြောင်းတစ်ခု အထက်သို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် ရင်ဘတ်အထိ တက်လာပြီးနောက် အောက်ဘက်သို့ ပြန်လည်စီးဆင်းသွားကာ ညာဘက်ခြေဖဝါးဆီသို့ ရောက်ရှိသွားသည်။
ဤဖြစ်စဉ်တစ်ခုလုံးတွင် ထိုစီးကြောင်း ဖြတ်သန်းသွားသော ကြွက်သားများ၊ အကြောများနှင့် သွေးကြောများအားလုံးမှာ နွေးထူးသွားပြီး သံပူကို တူဖြင့်ထုရိုက်သကဲ့သို့ ခံစားရသည်။ သို့သော် ဤထုရိုက်မှုမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှသဖြင့် တစ်ကြိမ်နှစ်ကြိမ်မျှဖြင့် သိသာသောရလဒ် မထွက်ပေါ်သေးပေ။
သို့သော်လည်း မလျှော့သောဇွဲဖြင့် နေ့စဉ်မပြတ် လေ့ကျင့်သွားမည်ဆိုပါက အောင်မြင်မှုအသီးအပွင့်ကို ဆွတ်ခူးနိုင်မည်မှာ သေချာသည်။ ဤကျင့်စဉ်ကို မတတ်မြောက်နိုင်သူများမှာ မည်မျှပင် အားထုတ်စေကာမူ ဘာရလဒ်မှ ရရှိလိမ့်မည် မဟုတ်ပေ။
လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် ၏ အခြေအနေမှာ (အခြေခံ ၀/၂၀) မှ (အဆင့် ၁ အခြေခံမှ တက်လှမ်းသူ ၀/၆၀ + ၁ နှလုံးသားစားမြက်) သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
နယ်ပယ်ကဏ္ဍရှိ သိုင်းပညာရှင်အကြို (၀/၆၀၀) ၏ အပေါ်ညာဘက်ထောင့်တွင် အပေါင်းသင်္ကေတလေးတစ်ခု ပေါ်လာသည်။ ထိုသင်္ကေတကို နှိပ်လိုက်သောအခါ သတိပေးချက်တစ်ခု ပေါ်လာ၏။
[အသက်ရှူကျင့်စဉ်ကို တတ်မြောက်ပြီးနောက် နေ့စဉ်လေ့ကျင့်မှုသည် နယ်ပယ်ကျွမ်းကျင်မှုကို ၂ မှတ်စီ တိုးတက်စေမည်ဖြစ်သည်]
ဆိုလိုသည်မှာ စွမ်းအင်များကို အများအပြား အသုံးချပြီး အတင်းအဓမ္မ အဆင့်မြှင့်တင်စရာ မလိုဘဲ လုံယီအနေဖြင့် ဤအသက်ရှူကျင့်စဉ်ကို နေ့စဉ်လေ့ကျင့်ရုံဖြင့် တစ်နှစ်အတွင်း သိုင်းပညာရှင်အဆင့်သို့ ကျိန်းသေပေါက် တက်လှမ်းနိုင်မည်ဖြစ်သည်။ ဤနှုန်းမှာ သာမန်လူသားများကြားတွင် ထိပ်တန်းအဆင့်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
လုံယီသည် သိုင်းပညာကို နောက်ကျမှ စတင်သင်ယူခဲ့သူဖြစ်ရာ အဆင့်ကျော်ဖြတ်နိုင်ရန် ခက်ခဲမှုမှာ သာမန်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေသည်။ သူ စုံစမ်းထားသမျှအရ အစွန်းရောက်လက်သီးဂိုဏ်းရှိ အတွင်းစည်းတပည့် အများစုမှာ အဆင့်ကျော်ဖြတ်ရန် ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူကြရသည်။
ပါရမီရှင်အချို့မှာ ၃ လ၊ ၄ လနှင့် အဆင့်တက်နိုင်သော်လည်း ကံမကောင်းသူအချို့မှာမူ ၁၀ နှစ်ကြာသည်အထိ သိုင်းပညာရှင်အဆင့်ကို မကူးမြောက်နိုင်ကြပေ။ မည်သို့ပင်ဖြစ်စေ လုံယီအတွက်မူ ၁ နှစ်ဆိုသည်မှာ အလွန်ပင် နှေးကွေးလွန်းနေသေးသည်။
ပိုမိုမြန်ဆန်စေရန်အတွက် သူ၏ အသက်ရှူကျင့်စဉ် ကျွမ်းကျင်မှုကို မြှင့်တင်ရမည်ဖြစ်သည်။ စွမ်းအင်မှတ်များကို ဖြည်းဖြည်းချင်း စုဆောင်း၍ ရနိုင်သော်လည်း နှလုံးသားစားမြက်ကတော့...
“ဘာ မင်းက ဒီ နှလုံးသားစားမြက်ဆိုတဲ့ အရာကို ဘာလုပ်ဖို့ လိုတာလဲ”
သိုင်းလေ့ကျင့်ရေးကွင်း၏ ထောင့်တစ်နေရာတွင် ကျန်းဝေတက လုံယီကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဘာလို့လဲ အဲဒါက တော်တော်ရှားလို့လား”
“ရှားတာတော့ မဟုတ်ပါဘူး နည်းနည်းတော့ ထူးဆန်းတဲ့အမျိုးအစားပေါ့။ သာမန်နေ့တွေမှာတော့ မြင်ရခဲတယ်”
ကျန်းဝေတက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
“ဒါပေမဲ့ သူငယ်ချင်းလျူ လိုချင်တယ်ဆိုမှတော့ ငါ ဘယ်လိုနည်းနဲ့မဆို ရအောင် ရှာပေးပါ့မယ်”
နှစ်ရက်အကြာတွင် ထူးဆန်းသော အပင်တစ်ပင် လုံယီ၏ရှေ့သို့ ရောက်ရှိလာသည်။ ပင်စည်မှာ အနီရင့်ရောင်ရှိပြီး ဆူးငယ်လေးများဖြင့် ဖုံးလွှမ်းနေသည်။ အရွက်များမှာ ဖရုံရွက်နှင့် ဆင်တူကာ အနားသတ်များမှာ လွှသွားပုံစံရှိသော အစိမ်းရင့်ရောင် ဖြစ်သည်။ လုံယီကဲ့သို့ သန်မာသော လက်ဖြင့် ကိုင်ကြည့်လျှင်ပင် ပွတ်တိုက်မှုကြောင့် နာကျင်မှုကို ခံစားရသည်။
ဆေးဖက်ဝင်အပင် အရောင်းအဝယ်တွင် နာမည်ကြီးသော ကျန်းမိသားစုအတွက် လုံယီ၏ အကြီးမားဆုံး အခက်အခဲကို ဖြေရှင်းပေးရန် နှစ်ရက်ပင် မကြာလိုက်ချေ။
ကံကောင်းထောက်မစွာဖြင့် ထိုနေ့မှာပင် ထျန်းစုရှီး၏ အစေခံမလေး ရှောင်ချန်းကလည်း မှောင်ခိုဈေး ဝင်ခွင့်တိုကင်ကို လုံယီထံ လာရောက်ပေးအပ်ခဲ့သည်။
လုံယီသည် အချိန်မဆိုင်းဘဲ လူသားအရေပြားမျက်နှာဖုံးကို စွပ်ကာ ရုပ်ရည်သာမန် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲလိုက်ပြီး ထိုင်မြို့၏ အနောက်ဘက် ဆင်ခြေဖုံးအရပ်သို့ ဦးတည်
ထွက်ခွာခဲ့သည်။
မှောင်ခိုဈေး တည်ရှိရာ စံအိမ်ကြီးမှာ သာမန် သူဌေးကြီးတစ်ဦး၏ အိမ်နှင့် မခြားနားပေ။ သို့သော် တံခါးဝတွင် လက်နက်ကိုင် အစောင့်ခြောက်ဦးက ခက်ထန်သော မျက်နှာပေးများဖြင့် တည်ရှိနေကြရာ သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော လေထုကို ပေးစွမ်းနေသည်။
လုံယီ အနားသို့ ချဉ်းကပ်လာချိန်တွင် အစောင့်များက သူ့ကို အေးစက်စွာ စိုက်ကြည့်ကြသဖြင့် ဖိအားအကြီးအကျယ် ခံစားလိုက်ရသည်။ သူက မှောင်ခိုအဆောင်အယောင်ကို ထုတ်ပြလိုက်မှသာ အစောင့်များက ဝင်ခွင့်ပြုလိုက်တော့သည်။ အထဲသို့ ရောက်သောအခါ အနီရောင်ဝတ်စုံဝတ် အစေခံမလေးများက တိတ်ဆိတ်စွာ စောင့်ကြိုနေကြသည်။
ရှေ့ဆုံးမှ အစေခံမလေးက လုံယီကို ဦးဆောင်ကာ စံအိမ်ကြီး၏အတွင်းပိုင်းသို့ ခေါ်သွားသည်။ ရှည်လျားလှသော စင်္ကြံလမ်းများ မှောင်မည်းပြီး ဗလာဖြစ်နေသော အခန်းများကို ဖြတ်သန်းပြီးနောက် ကြီးမားလှသော ကျောက်တောင်အတုကြီးတစ်ခု၏ ရှေ့သို့ ရောက်လာခဲ့သည်။
ထိုကျောက်တောင်ကြီးမှာ အထပ်နှစ်ထပ်ခန့် မြင့်မားပြီး လူတစ်ကိုယ်စာသာ ဝင်နိုင်သော အမည်းရောင် ဝင်ပေါက်လေးတစ်ခု ရှိသည်။
အစေခံမလေးက ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး “လေးစားအပ်တဲ့ ဧည့်သည်တော်... ဒါကတော့ ဝင်ပေါက်ပါပဲရှင်”
အစေခံမလေးမှာ အထဲသို့ လိုက်ဝင်မည့်ပုံ မရှိသဖြင့် လုံယီသည် ဂူပေါက်အတွင်းသို့ တစ်ကိုယ်တည်း ခြေလှမ်းလှမ်းဝင်လိုက်ရတော့သည်။