အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း။ ၈၅
မှောင်မည်းနေသော ဂူလမ်းကြောင်းအတွင်း လုံယီသည် သူ၏အာရုံကို အစွမ်းကုန် စုစည်းထားပြီး ညာဘက်လက်ကိုလည်း ရင်ဘတ်ထဲသို့ ထည့်ထားကာ ပုဆိန်ကို အချိန်မရွေး ဆွဲထုတ်ရန် အသင့်ပြင်ထားသည်။
သို့သော် သာမန်ထက် သာလွန်သော သူ၏ အမြင်အာရုံနှင့် အကြားအာရုံများအရ ဤလမ်းကြောင်းအတွင်းတွင် အန္တရာယ်မရှိကြောင်း သူ ခံစားမိသည်။
ခရုပတ်ပုံစံ လမ်းအတိုင်း အောက်သို့ ဆင်းလာပြီးနောက် မှောင်ခိုဈေး၏ တကယ့်ဝင်ပေါက်သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော အစောင့်လေးဦးမှာ ဂိတ်ဝတွင် ရုပ်တုများအလား ရပ်နေကြသည်။
အေးစက်လှသော ငွေရောင်သံချပ်ကာများကို ကြည့်ရင်း လုံယီ၏ ရင်ခုန်သံမှာ တစ်ချက် မြန်သွားခဲ့သည်။ ဤမှောင်ခိုဈေး၏ အဆင့်အတန်းမှာ သူ ထင်ထားသည်ထက် ပို၍ မြင့်မားနေပုံရသည်။
သူသည် အဆောင်အယောင်ကို ပြသကာ ဝင်ကြေးအဖြစ် ငွေတစ်ကျပ် ပေးဆောင်လိုက်ရသည်။ ထိုအခါမှသာ အစောင့်များက လမ်းဖွင့်ပေးသဖြင့် မြေအောက်မှောင်ခိုဈေး၏ တကယ့်ရုပ်သွင်ကို လုံယီ မြင်တွေ့လိုက်ရတော့သည်။
၎င်းမှာ သူ စိတ်ကူးထားသလောက် ခမ်းနားထည်ဝါခြင်းတော့ မရှိပေ။ မှောင်ခိုဈေး၏ ဘေးပတ်ပတ်လည်တွင် ဆိုင်ခန်းလေးများ ရှိနေပြီး ဆိုင်ရှင်များသည် သူတို့၏ ကုန်ပစ္စည်းများကို ဖျာကြမ်းများပေါ်တွင် ခင်းကျင်းထားကြသည်။ ပစ္စည်းအမျိုးအမည်မှာ နည်းပါးလှပြီး ဈေးမေးနေသူ အနည်းငယ်သာ ရှိသည်။
သွေးနီရောင်သန်းနေသော လက်နက်များ မှိန်ဖျဖျ အလင်းတန်းများ ထွက်ပေါ်နေသော မြက်ပင်များ မပြည့်စုံသော ဓားသိုင်းကျမ်းစာအုပ်များ...
ဤနေရာမှ ဝယ်ယူသူ အများစုမှာ အမည်းရောင် မျက်နှာဖုံးများ သို့မဟုတ် ဦးထုပ်အဝိုင်းကြီးများကို ဆောင်းထားကြပြီး အခြားသူများနှင့် ခပ်ခွာခွာနေကာ သတိကြီးစွာ ထားနေကြသည်။ လုံယီ ဖြတ်လျှောက်သွားချိန်တွင် ဆိုင်ရှင်အများစုမှာ သူ့ကို အေးစက်စွာသာ ကြည့်နေကြသည်။ စိတ်ဝင်စားသူ ရှိမှသာ အနားတိုးလာကြပြီး မည်သူမျှ ဈေးရောင်းရန် အတင်းအဓမ္မ မခေါ်ကြပေ။
“ညီလေး... တစ်ခုခု ဝယ်မလို့လား”
ခပ်ရှားရှားပင် ဆိုင်ရှင်လူငယ်တစ်ဦးက စတင်နှုတ်ဆက်ကာ ဖော်ရွေမှု ပြသလာသည်။ သူ၏ ရုပ်ရည်မှာ မဆိုးလှသော်လည်း နှာခေါင်းနေရာတွင် ကြီးမားသော အမာရွတ်ကြီးတစ်ခု ရှိနေသည်။ သူ၏ ဘေးတွင်မူ လှပသော မျက်မမြင် အမျိုးသမီးတစ်ဦး ထိုင်နေပြီး ထိုလူငယ်နှင့် ရုပ်ချင်း ဆင်တူလှသည်။
“ဪ... ကျွန်တော် ကျောက်တုံးဝိညာဉ်ရှာနေတာပါ။ ဘယ်မှာ ရနိုင်မလဲ သိလား”
ဆိုင်ပေါ်သို့ ဝေ့ဝဲကြည့်လိုက်ရာ သူ မသိသော ဆေးဖက်ဝင်အပင်များသာ ရှိနေပြီး ကျောက်
ဝိညာဉ် သို့မဟုတ် ဖီးနစ်သွေးကျောက်တို့ကို မတွေ့ရပေ။ သို့သော် ဤဆိုင်ရှင်မှာ ဖော်ရွေပုံရသဖြင့် လုံယီက စကားစမြည် ပြောကြည့်လိုက်ခြင်း ဖြစ်သည်။
“အင်း... အဲဒါကတော့ ရှာရမလွယ်ဘူးဗျ။ အထဲဘက်က ဆိုင်ကြီးတွေမှာ သွားကြည့်တာ ပိုကောင်းလိမ့်မယ်”
ဆိုင်ရှင်က အနည်းငယ် နှမြောတသဟန်ဖြင့် ပြန်ပြောလိုက်သည်။
ကျေးဇူးတင်စကားပြောပြီးနောက် လုံယီသည် ယာယီဆိုင်ခန်းလေးများကို ဖြတ်ကျော်ကာ မှောင်ခိုဈေး၏ အတွင်းပိုင်းသို့ ဝင်လာခဲ့သည်။
ဤနေရာတွင် ဆိုင်ခန်းများမှာ ကျောက်နံရံများဖြင့် ခြားထားသော အရွယ်အစားအမျိုးမျိုးရှိသည့် သီးခြားမှောင်မည်းသော အခန်းများအဖြစ် ပြောင်းလဲသွားသည်။
ထိုအခန်းများ၏ တံခါးဝတွင် ဟောင်းနွမ်းနေသော သစ်သားဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး အနီရောင်စာလုံးများဖြင့် ရောင်းချမည့် ကုန်ပစ္စည်းအမျိုးအစားများကို ရေးသားထားသည် ဆေးဖက်ဝင်အပင်များ ရှေးဟောင်းကျမ်းစာများ လက်နက်များ မြေပုံများ...
အတွင်းဘက် စင်္ကြံလမ်းများမှာ မီတာအနည်းငယ်ခန့် ကျယ်ဝန်းပြီး နံရံများတွင် ထွန်းညှိထားသော ကြေးမီးအိမ်များ၏ အလင်းရောင်ဖြင့် မှိန်ပျပျရှိနေသည်။ လေထုထဲတွင် မီးအိမ်ဆီနံ့နှင့် စိုထိုင်းဆွဲနေသော မှိုနံ့များ ရောထွေးနေ၏။
လုံယီသည် သူပထမဆုံးတွေ့ရသော ပစ္စည်းကုန်ကြမ်းရောင်းသည့် မှောင်မည်းသော အခန်းထဲသို့ ဝင်လိုက်သည်။ ထိုအခန်းမှာ သာမန်အခန်း ခုနစ်ခန်း ရှစ်ခန်းစာခန့် ကျယ်ဝန်းသည်။ ဆိုင်ရှင်မှာ ဆံပင်ဖြူဖြူ အဘိုးအိုတစ်ဦးဖြစ်ပြီး ကုလားထိုင်တစ်လုံးတွင် ထိုင်နေကာ သူ၏နောက်တွင် အမည်းရောင်ပိတ်စဖြင့် ဖုံးအုပ်ထားသော ကုန်ပစ္စည်းပုံကြီး ရှိနေသည်။
“သခင်လေး... ဘာရှာနေတာလဲ”
သူ၏လည်ချောင်းထဲမှ အက်ကွဲရှရှအသံကြီး ထွက်ပေါ်လာသည်။ သလိပ်များ တစ်ဆို့နေသည့်အလား ကြားရသည်မှာ အလွန်ပင် နားမခံသာလှပေ။
“ကျောက်တုံးဝိညာဉ် ရှိလား”
“ရှိတယ် ဘယ်လောက်လိုချင်လို့လဲ”
“တစ်တုံးကို ဘယ်လောက်လဲ”
“ငွေ နှစ်ရာပဲ”
အဘိုးအို၏ အဖြေကြောင့် လုံယီ၏ မျက်ခုံးများ သိသိသာသာ တွန့်ချိုးသွားသည်။
“ဒါဆို... ဖီးနစ်သွေးကျောက်ရော”
“မရှိဘူး”
“လတ်ဆတ်တဲ့ ဝိညာဉ်သားရဲသားရော ရှိလား”
“မရှိဘူး အသားခြောက်ပဲ ရှိတယ်”
“နှလုံးသားစားမြက်ရော”
“မရှိဘူး”
ခေတ္တမျှ စကားပြောပြီးနောက် လုံယီသည် ထိုဆိုင်ထဲမှ ထွက်လာခဲ့သည်။ သူသည် ပစ္စည်းကုန်ကြမ်းရောင်းသည့် အခြားအခန်း လေး၊ ငါးခန်းသို့ ထပ်မံဝင်ရောက် စုံစမ်းသော်လည်း ကျောက်တုံးဝိညာဉ် ရောင်းသည့်ဆိုင် တစ်ဆိုင်မျှ မတွေ့ရတော့ပေ။
ပထမဆုံးတွေ့ခဲ့သော ဆိုင်မှာ ပစ္စည်းအစုံအလင်ဆုံး ဖြစ်ပုံရသည်။ ထိုမျှ ထင်ရှားသော နေရာတွင် ဆိုင်ဖွင့်ထားနိုင်သည်မှာ မဆန်းတော့ပေ။
ထို့နောက်တွင် လုံယီသည် ဆိုင်အမျိုးမျိုးသို့ လှည့်လည်ကြည့်ရှုရင်း သူ၏ လက်ရှိ ဆင်းရဲတွင်းနက်မှုကို အကြီးအကဲ သိမြင်သွားတော့သည်။
လက်နက်ဆိုင်များတွင် အဆင့်မြင့် သံမဏိပုဆိန် တစ်လက်လျှင် ငွေ ၂၀၊ ၃၀ ခန့် ပေးရပြီး နက်မှောင်သံမဏိ ပုဆိန်ဆိုလျှင် ၁၀၀ ကျော်အထိ ဈေးပေါက်သည်။
ဝိညာဉ်သားရဲများ၏ အရိုးများဖြင့် ပြုလုပ်ထားသော ပိုမိုဆန်းကြယ်သည့် လက်နက်ဆန်းများဆိုလျှင်မူ ဈေးနှုန်းမှာ စိတ်ကူး၍ပင် မရနိုင်တော့ဘဲ ဆိုင်တိုင်း၏ အဖိုးတန်ရတနာများအဖြစ် ထောင်နှင့်ချီ၍ တန်ဖိုးရှိလှသည်။
အားဆေးရောင်းသော ဆိုင်များတွင်လည်း ချီစွမ်းအင်အားဖြည့်ဆေးတစ်ပုလင်းလျှင် ငွေ ဒါဇင်နှင့်ချီ ပေးရပြီး သာမန်လူတစ်ယောက်အတွက် တစ်လစာသာ ခံသည်။
မြေပုံဆိုင်များတွင်မူ တည်နေရာနှင့် အသေးစိတ်ဖော်ပြချက်အပေါ် မူတည်၍ ဈေးနှုန်းများမှာ ငွေအနည်းငယ်မှ ရာနှင့်ချီ၍ ကွာခြားလှသည်။
လုံယီ၏ စုဆောင်းထားသမျှ ငွေ ၇၀၀၊ ၈၀၀ ခန့်မှာ မြို့ပြင်မှ သာမန်လူများကြားတွင် သူဌေးဟု ဆိုနိုင်သော်လည်း ဤမှောင်ခိုဈေးတွင်မူ ပစ္စည်းအနည်းငယ် ဝယ်လိုက်ရုံနှင့် ပြောင်သလင်းခါသွားနိုင်ပေသည်။
မှောင်ခိုဈေး၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်သွားလေလေ အခန်းများမှာ ပိုမိုကျယ်ဝန်းလာလေလေ ဖြစ်သည်။ ဝေအင်ပါယာ၏ ဥပဒေအရ လူသိရှင်ကြား တားမြစ်ထားသော ကျွန်
ကုန်ကူးသည့် ဆိုင်နှစ်ဆိုင်ကိုပင် သူတွေ့ခဲ့ရသည်။
ထို့ပြင် အချို့သော လျှို့ဝှက်ဆိုင်များမှာမူ လုံယီနှင့် မကိုက်ညီသော အပိုဆောင်း ဝင်ခွင့်သတ်မှတ်ချက်များ ရှိနေသေးသည်။
ဝိညာဉ်သားရဲသား ရောင်းသော ဆိုင်တွင် သုံးရက်ထက်မကျော်သော လတ်ဆတ်သည့် အသားများကို သူတွေ့ခဲ့ရသည်။ သို့သော် မြေခွေးဝိညာဉ်၏ အလောင်းတစ်ခုသာ အကောင်းအတိုင်း ရှိနေသဖြင့် ၎င်းထံမှ စွမ်းအင်အနည်းငယ် ရရှိခဲ့ပြီး ကျန်ရှိသော အသားစများမှာမူ သူ့အတွက် ဘာအကျိုးကျေးဇူးမှ မပေးနိုင်တော့ပေ။
ဝိညာဉ်သားရဲများမှာ ခန္ဓာကိုယ် အလွန်ကြီးမားကြသည်ဖြစ်ရာ မည်သူမျှ သားရဲတစ်ကောင်လုံးကို ဆိုင်သို့ အားအားယားယား သယ်လာမည် မဟုတ်ပေ။
ထို့ပြင် ဝိညာဉ်သားရဲ၏ အသားတိုင်းမှာလည်း သိုင်းပညာရှင်များအတွက် အကျိုးရှိသည်မဟုတ်ဘဲ ၎င်းတို့ထဲမှ အနှစ်သာရကို ထုတ်ယူခြင်းမှာ အလွန်ရှုပ်ထွေးသော အတတ်ပညာတစ်ခု ဖြစ်ပုံရသည်။
နောက်ဆုံးတွင် လုံယီသည် အစောက အဘိုးအို၏ ဆိုင်သို့ ပြန်သွားကာ ကျောက်တုံးဝိညာဉ် သုံးတုံးကို ဈေးဆစ်၍ ငွေ ၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။ အဘိုးအိုက လုံယီအတွက် ငွေရပြေစာ တစ်စောင် ထုတ်ပေးလိုက်၏။
မှောင်ခိုဈေးမှ ထွက်ခွာချိန်တွင် ထိုပြေစာပေါ် အခြေခံ၍ ကော်မရှင်ခအဖြစ် ငွေ ၂၅ ပြားကို လုံယီ ထပ်မံပေးဆောင်ခဲ့ရသည်။
ဒီမှောင်ခိုဈေးကတော့ နာမည်နဲ့လိုက်အောင် တကယ့်ကို အမှောင်ထဲမှာ ဓားပြတိုက်တာပဲ။
လုံယီမှာ မညည်းတွားဘဲ မနေနိုင်တော့ပေ။
သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် လျှောက်လှမ်းရသည့် ခရီးသည် အသုံးစရိတ် မည်မျှအထိ ကြီးမားကြောင်း လုံယီ ကောင်းစွာ သိရှိသွားခဲ့သည်။
စိတ်တည်ငြိမ် အမွှေးတိုင်၊ ချီစွမ်းအင်အားဖြည့်ဆေး၊ ဝိညာဉ်သားရဲ အသားခြောက်နှင့် အားကိုးထိုက်သော လက်နက်ကောင်းတစ်လက် စသည်တို့မှာ ငွေကြေးအမြောက်အမြား ပေးဆောင်ရသည်ချည်းပင်။
မြို့အနောက်ဘက်မှ ကီလိုမီတာ ဒါဇင်နှင့်ချီ၍ ဝေးကွာသော မြို့တောင်ဘက်သို့ ပြန်လာရန်အတွက် လုံယီသည် မြင်းရထားတစ်စီးကို ငှားရမ်းခဲ့ရသည်။ နေဝင်မိုးချုပ် အချိန်ရောက်မှသာ သူနေထိုင်ရာ ရပ်ကွက်အနီးသို့ ပြန်လည်ရောက်ရှိတော့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လုံယီသည် ဟင်းခနဲ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
သူ၏ရှေ့နားတွင် ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လရောင်အောက်တွင် ဘေးချင်းယှဉ်လျှောက်ရင်း ရယ်မောကာ စကားလက်ဆုံ ကျနေကြခြင်း ဖြစ်သည်။
ထိုအမျိုးသားမှာ မျက်နှာပေါက်ဆိုးလှသော ဟွမ်လုံကန်း ဖြစ်ပြီး အမျိုးသမီးမှာ ကျားဟုန်ပင်။
ကျားဟုန်ဆိုတဲ့ မိန်းမမျိုးက အကျိုးအမြတ်ကို အရမ်းကြည့်တတ်သူမို့ ခပ်ကွာကွာနေတာ အကောင်းဆုံးပဲ။
ကျန်းဝေတ ပြောကြားခဲ့ဖူးသော သတိပေးစကားကို လုံယီ ချက်ချင်း သတိရသွားသည်။
“စိတ်ဝင်စားစရာပဲ”
လုံယီက သူတို့နှစ်ဦးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လမ်းချိုးတစ်ခုမှတစ်ဆင့် သူ့နေအိမ်ဆီသို့သာ ဦးတည်ထွက်ခွာခဲ့တော့သည်။
အစွန်းရောက်လက်သီးဂိုဏ်း အတွင်းစည်းနယ်မြေ သိုင်းလေ့ကျင့်ရေးကွင်း၏ မြောက်ဘက်ခြမ်း၌ အတွင်းစည်းသို့ အသစ်ဝင်လာသော တပည့်များနှင့် အသက်ရှူကျင့်စဉ်ကို ကျွမ်းကျင်စွာ မတတ်မြောက်သေးသော စီနီယာတပည့်များသည် ကွင်းပြင်အနှံ့တွင် လက်သီးကွက်များ လေ့ကျင့်ရင်း ကျင့်စဉ်များကို စမ်းသပ်ရင်းဖြင့် အဆင့်တက်လှမ်းနိုင်ရန် ကြိုးပမ်းနေကြသည်။
ကွင်းပြင်၏ ထောင့်တစ်နေရာတွင်မူ လူငယ်စုံတွဲတစ်တွဲသည် လက်သီးသိုင်းကို အတူတူ လေ့ကျင့်နေကြ၏။ သဋတို့၏ ပတ်ဝန်းကျင်ရှိ လူများကလည်း ထိုသူနှစ်ဦးအတွက် နေရာလွတ်ကို အလိုအလျောက် ဖယ်ပေးထားကြပုံရသည်။
“ညီမလေးဟုန်... မနေ့က ကိုယ်ပေးခဲ့တဲ့ ဝက်ဝံဝိညာဉ် အသားခြောက်က တကယ်ပဲ အာနိသင်ရှိရဲ့လား”
ဟွမ်လုံကန်း၏ မိန်းမဆန်သော မျက်နှာပေးတွင် အလိုလိုက်လိုသည့် အရိပ်အယောင်များ ယှက်သန်းနေသည်။
“အစ်ကိုကြီးဟွမ်ရဲ့ စေတနာကတော့ ဘာနဲ့မှ မနှိုင်းယှဉ်နိုင်ပါဘူး ညီမလေး တကယ်ပဲ ကျေးဇူးတင်မိပါတယ်”
ကျားဟုန်သည် အပြာနုရောင်ဝတ်စုံကို ဆင်မြန်းထားပြီး သူမ၏ ကိုယ်ဟန်အလှနှင့် ဆွဲဆောင်မှုရှိသော အပြုံးများကြောင့် ပတ်ဝန်းကျင်ရှိသူများမှာ အကြည့်မခွာနိုင်အောင် ဖြစ်နေကြရသည်။
“ဒီလိုပဲ ခေါ်နေရင် သူစိမ်းဆန်သလို ဖြစ်နေလိမ့်မယ်”
ဟွမ်လုံကန်းက သတ္တိမွေး၍ ပြောလိုက်သည်။
“ကိုယ့်ကို အစ်ကိုကြီးကန်းလို့ပဲ ခေါ်ပါလား”
“လူတွေ ကြည့်နေကြတယ်လေ”
ကျားဟုန်က အပြစ်တင်သလို မျက်စောင်းလေး ထိုးလိုက်ပြီးမှ စကားလမ်းကြောင်းကို ပါးနပ်စွာ လွှဲလိုက်သည်။
“ဒါနဲ့... မနေ့က ညီမလေး မေးထားတဲ့ မေးခွန်းကလေ...”
၎င်းကို ကြားလိုက်သောအခါ ဟွမ်လုံကန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး “ကိုယ် အိမ်က အစေခံကြီးကို မေးကြည့်ပေးပါတယ်။ သူပြောတာကတော့ အသက်ရှူနှုန်းနဲ့ လက်သီးကွက်တွေ ပေါင်းစပ်ဖို့ ခက်ခဲနေရင် လက်သီးထိုးတဲ့ အရှိန်ကို အနည်းငယ် ညှိကြည့်လို့ ရတယ်တဲ့။
သင်ကြားထားတဲ့ နည်းလမ်းတွေအတိုင်း တရားသေ မလိုက်နာဘဲ နှစ်ခုကြားက ဆက်နွှယ်မှုကို ကိုယ်တိုင် ခံစားကြည့်ဖို့နဲ့ အဓိကကတော့ စိတ်မလောဖို့ပါပဲလို့ အကြံပြုထားတယ်”
ထိုစကားကို ကြားသောအခါ ကျားဟုန်သည် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားတွေးတောနေသည့် အမူအရာ ဖြစ်သွားတော့သည်။
အခန်း။ ၈၆
“ဟေ့... စိုးရိမ်မနေပါနဲ့ ညီမလေးဟုန်ရယ် ကိုယ့်ဆီမှာ စိတ်တည်ငြိမ် အမွှေးတိုင်တွေ အများကြီးရှိပါတယ်။ အဆိုးဆုံးပြောရရင် တစ်နေ့တစ်ချောင်း သုံးရင်တောင် မင်း ဒါကို မတတ်ဘဲ နေပါ့မလား”
ဟွမ်လုံကန်းက ကြွားဝါစွာ ပြောလိုက်သည်။
သူသည် စကားအပြောတွင်သာမက လက်ပါ သွေးတိုးစမ်းသည့်အနေဖြင့် ကျားဟုန်၏ နုနယ်သော လက်ကလေးကို ကိုင်ရန် ကြိုးစားလိုက်သော်လည်း ကျားဟုန်က ပါးနပ်စွာပင် ရှောင်တိမ်းလိုက်သည်။
ဟွမ်လုံကန်းမှာ အရှက်ရသွားသဖြင့် ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်ရာ မလှမ်းမကမ်းတွင် လုံယီကို တွေ့လိုက်ရသည်။
လုံယီသည် လက်သီးလက်ဖျားများဖြင့် လေ့ကျင့်နေပြီး သူ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူနှုန်းမှာလည်း သဘာဝကျလှသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျဖြစ်နေပြီး ကြည့်ရသည်မှာ အလွန်ပင် ပြေပြစ်လှသည်။
ကျန်းဝေတနှင့် အခြားမရင်းနှီးသော တပည့်အချို့မှာ လုံယီကို ဝိုင်းအုံကြည့်ရှုရင်း အံ့သြချီးကျူးနေကြ၏။
“ဒီညီလေးက ရောက်တာ နှစ်ရက် သုံးရက်ပဲ ရှိသေးတာ ဒါကို တတ်မြောက်သွားပြီလား”
အသက် ၂၀ ခန့်ရှိသော ပုပုအမျိုးသားတစ်ဦးက အံ့အားသင့်ဖွယ် ပြောလိုက်သည်။
“ဟုတ်ပါရဲ့ဗျာ ကျွန်တော်တို့က ကျင့်နေတာ နှစ်နှစ်တောင် ရှိပြီ။ အခုထိ ဘာမှန်းမသိသေးဘူး။ ဒီညီလေးကိုတော့ လိုက်လို့မှီမှာ မဟုတ်တော့ပါဘူး”
အသားညိုညိုနှင့် အမျိုးသားတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။
“အသက်ရှူကျင့်စဉ်ကို ပိုင်နိုင်သွားပြီဆိုရင် သိုင်းပညာရှင် အဆင့်ရောက်ဖို့ ခြေတစ်ဖက် လှမ်းလိုက်နိုင်ပြီပဲ”
တတိယမြောက်လူက မနာလိုစွာ ပြောလိုက်သည်။
“ဟွန်း... ဟန်လုပ်ပြနေတာပါကွာ။ အဆင့်မြင့် အသက်ရှူကျင့်စဉ်တစ်ခုက ဒီလောက်လွယ်လွယ်နဲ့ တတ်ပါ့မလား”
လုံယီ၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ဟွမ်လုံကန်း၏ ရင်ထဲတွင် ဒေါသတရားများ ပေါက်ဖွားလာခဲ့သည်။
“ဒီကောင်က တကယ့် သရုပ်ဆောင်ကောင်းပဲ။ ဇာတ်ခုံပေါ်မှာ မကရတာ နှမြောဖို့ကောင်းတယ်”
လုံယီကဲ့သို့ သာမန်လူတန်းစား၊ သိုင်းပညာကိုလည်း နောက်ကျမှ စတင်သင်ယူခဲ့သူတစ်ဦးက နှစ်ရက်အတွင်း ဤကျင့်စဉ်ကို တတ်မြောက်နိုင်မည်ဟု သူ လုံးဝမယုံကြည်ပေ။
ဖြောင်း... ဖြောင်း... ဖြောင်း...
ထိုစဉ် လူအုပ်အပြင်ဘက်မှ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
“အသက်ရှူနှုန်းက တည်ငြိမ်တယ်။ လက်သီးလက်ဖျားတွေကလည်း ခိုင်မာတယ်။ အတွင်းစွမ်းအားနဲ့ အပြင်လှုပ်ရှားမှုတွေက တစ်သားတည်း ဖြစ်သွားပြီပဲ။ မင်း ငါတို့ဂိုဏ်းရဲ့ အသက်ရှူကျင့်စဉ်ကို ကောင်းကောင်းတတ်မြောက်သွားပြီဆိုတာ ထင်ရှားပါတယ်။
ဒီအတိုင်းသာ ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် သိုင်းပညာရှင်အဆင့်ရဲ့ အတားအဆီးက မင်းရဲ့ခြေဖဝါးအောက်မှာပဲ ရှိတော့တယ်”
ဖြူဖြူတုတ်တုတ်နှင့် လီယာကွေ့သည် ပြုံးရွှင်စွာဖြင့် လမ်းလျှောက်လာခဲ့သည်။
“စီနီယာအစ်ကိုကြီး”
“စီနီယာအစ်ကိုကြီး မင်္ဂလာပါ”
စီနီယာတပည့်များအားလုံး လီယာကွေ့ကို ရိုသေစွာ နှုတ်ဆက်ကြလေသည်။ လုံယီသည်လည်း သူ၏ အသက်ရှူကျင့်စဉ် လေ့ကျင့်မှုကို ရပ်တန့်ကာ လီယာကွေ့အား ဦးညွှတ်ဂါရဝပြုလိုက်၏။
ဤမျှ ရိုးရိုးစင်းစင်းရှိလှသော အမျိုးသားသည် တပည့်အားလုံး၏ စီနီယာအစ်ကိုကြီး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
“မင်း ဒီကျင့်စဉ်ကို စသင်တာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ ငါမှတ်မိတယ်။ ဒီလောက် ပါရမီရှိတာပဲ။ မင်းတို့လို လူငယ်တွေက တကယ်ကို ချီးကျူးစရာပဲကွာ”
“ကျွန်တော် မခံယူထိုက်ပါဘူး”
လုံယီက ပြန်လည်ဖြေကြားသည်။
“ကျွန်တော့်အသက်ကလည်း မငယ်တော့ပါဘူး။ သိုင်းပညာရှင်အဆင့်ကို မရောက်မချင်း တစ်ရက်ကလေးတောင် အနားမနေဝံ့ပါဘူး”
လီယာကွေ့ ရောက်ရှိလာခြင်းကြောင့် အခြားသူများလည်း လုံယီ၏ တည်ရှိမှုကို တဖြည်းဖြည်း သတိပြုမိလာကြသည်။ လုံယီသည် နှစ်ရက်မပြည့်မီ အသက်ရှူကျင့်စဉ်ကို ပိုင်နိုင်သွားသည်ဟု ကြားသိရသောအခါ အားလုံးက အံ့သြချီးကျူးကြလေသည်။
ဟွမ်လုံကန်း၏ မျက်နှာမှာမူ အလွန်ပင် ကြည့်ရဆိုးနေတော့၏။ အစောပိုင်းက သူပြောခဲ့သော စကားများသည် ယခုအခါ သူ့မျက်နှာကို သူပြန်ရိုက်လိုက်သကဲ့သို့ပင်။
“ဟွန်း”
ဟွမ်လုံကန်းသည် ထိုအခြေအနေကို ဆက်လက်ရင်မဆိုင်နိုင်တော့သဖြင့် ဒေါသတကြီး နှာခေါင်းရှုံ့ကာ ထွက်ခွာသွားလေသည်။
သူ၏နောက်ကွယ်တွင် ကျားဟုန်က သူ့အပေါ် အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်ကျန်ရစ်သည်ကိုမူ သူ သတိမထားမိခဲ့ပေ။
ချီးကျူးစကားများ ပြောကြားပြီးနောက် လေထုမှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားပြီး လူတိုင်း မိမိတို့၏ သိုင်းပညာကို ဆက်လက်လေ့ကျင့်ကြသည်။
ထိုစဉ် လုံယီ၏ နားနားသို့ သာယာသော အသံလေး တစ်ခု တိုးဝင်လာ၏။
“အစ်ကိုကြီးလျူက တကယ့်ကို ပါရမီရှင်ပဲနော်။ မကြာခင်မှာ အစ်ကိုကြီးက သိုင်းပညာရှင်တစ်ယောက်ဖြစ်လာပြီး အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အားကိုးရတဲ့ ဒေါက်တိုင်ကြီး ဖြစ်လာမှာ သေချာပါတယ်”
ကျားဟုန်သည် သိက္ခာရှိသော အမူအရာ၊ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ဖြင့် လုံယီ့အနားသို့ ချဉ်းကပ်လာသည်။
သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် လုံယီကို စေ့စေ့ကြည့်ကာ “ညီမလေးမှာ မေးစရာ မေးခွန်းတစ်ခု ရှိလို့ပါ။ အစ်ကိုကြီးလျူအနေနဲ့ လမ်းညွှန်ပေးလို့ ရမလားဟင်”
“ဘာမေးမလို့လဲ”
“ညီမလေး တတိယမြောက် တည့်ထိုးချက်ကို ထိုးတဲ့အခါ အသက်ရှူရတာ သိပ်မချောမွေ့သလို ခံစားရလို့ပါ။ အဲဒီပြဿနာ မဖြစ်အောင် အစ်ကိုကြီး ဘယ်လို လေ့ကျင့်သလဲဆိုတာ သိချင်ပါတယ်”
“ဒီလိုပဲလေ... ထိုးလိုက်၊ ရှူလိုက်ပေါ့”
လုံယီက အလွန်ပင် ရိုးရှင်းလှသည်ဟု ယူဆကာ လက်သီးနှစ်ချက် သုံးချက်မျှ လှုပ်ရှားပြလိုက်သည်။
“ဒါက တော်တော်လေး လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလား”
ကျားဟုန် : "..."
“အစ်ကိုကြီးလျူရဲ့ အမြင်က တကယ့်ကို ထူးခြားတာပဲ”
ကျားဟုန်သည် အနည်းငယ် ပြုံးပြလိုက်ပြီးနောက် လှပစွာပင် လှည့်ထွက်သွားတော့သည်။
ကျားဟုန်၏ ခြေလှမ်းများမှာမူ အနည်းငယ် တောင့်တင်းနေခဲ့သည်။
“ဟားဟားဟား”
ကျန်းဝေတက လုံယီ၏ နောက်ကွယ်မှနေ၍ ဝမ်းဗိုက်ကို နှိပ်ကာ အားရပါးရ ရယ်မောတော့သည်။
“ဒီမိန်းကလေးကတော့ လူတိုင်းကို ဟွမ်လုံကန်းလို အူကြောင်ကြောင် မှတ်နေပုံပဲ။ သူ့အကြိုက် လိုက်လုပ်ပေးမယ်လို့ ထင်နေတာလား”
“အဟမ်း... ဒါပေမဲ့ ငါလည်း အဲဒီကွက်မှာပဲ တစ်နေတာကွ”
ပြောပြီးသည်နှင့် သူက လုံယီကို မျက်လုံးအဝိုင်းသားဖြင့် မျှော်လင့်တကြီး ကြည့်လိုက်သည်။
“မင်းရဲ့အိမ်ကျမှ ငါသင်ပေးမယ်”
လုံယီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ညီလေးရာ... မင်းက တကယ့်ကို အားကိုးရတဲ့သူပဲ”
ကျန်းဝေတ ဝမ်းသာအားရ ဖြစ်သွားသည်။
“ငါ မင်းကို အလကား ခိုင်းမှာမဟုတ်ပါဘူး၊ ငါ့ဆီမှာ ဝိညာဉ်သားရဲ အသားခြောက်တွေ အများကြီးရှိတယ်”
သူ့အိမ်တွင် သိုင်းပညာရှင်များစွာ ရှိသော်လည်း အသက်ရှူကျင့်စဉ်ချင်း မတူကြသဖြင့် အချက်အချာကျသော လျှို့ဝှက်ချက်များကို မသိရှိကြပေ။ ထို့ကြောင့်လည်း ဟွမ်လုံကန်းကဲ့သို့ မြင့်မြတ်သော မိသားစုနောက်ခံရှိသူပင်လျှင် ဤကျင့်စဉ်ကို ချက်ချင်း မတတ်မြောက်နိုင်ခြင်း ဖြစ်သည်။
မိသားစုနောက်ခံက သိုင်းကျင့်ရာတွင် အထောက်အကူပြုသည်မှာ မှန်သော်လည်း ပို၍အရေးကြီးသည်မှာ တစ်ဦးချင်းစီ၏ နားလည်သဘောပေါက်မှုပင်။
“မင်းရဲ့ လက်သီးချက်တွေကို နှေးလိုက်လို့ရတယ်။ အသက်ရှူနှုန်းကတော့ လိုက်ပါနေရမယ်။ နှစ်ခုလုံးက တစ်ချိန်တည်းမှာ တထပ်တည်းကျနေဖို့တော့ မလိုဘူး...”
ကျယ်ဝန်းသော ခြံဝင်းတစ်ခုအတွင်း တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော ရုပ်ရည်သာမန်ဖြင့် အမျိုးသားတစ်ဦးသည် လက်သီးကွက်များကို ဖြည်းညှိးစွာ လေ့ကျင့်နေပြီး သူ၏ရင်ဘတ်မှာ အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ၏ အသက်ရှူသံမှာ ရှည်လျားလှပြီး သာမန်ထက် ဆယ်ဆခန့် ပိုမိုကျယ်လောင်နေ၏။
သူ့အနားတွင် အဝါရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုသူမှာ လူအုပ်ကြားထဲတွင် ထင်ရှားလှသည်မဟုတ်သော်လည်း ဝတ်ကောင်းစားလှဝတ်ထားသူ၏ ဘေးတွင် ရပ်နေချိန်၌မူ အတော်ပင် ခန့်ညားထည်ဝါနေပုံရသည်။
ခြံဝင်း၏ ထောင့်တစ်နေရာတွင်မူ...
ခရမ်းနုရောင် ဝတ်စုံရှည်ဝတ် ဆံပင်ကို နှစ်ဖက်ခွဲထုံးထားသော လှပသည့် အစေခံမလေးနှစ်ဦးက ရေဇလုံ၊ ရေနွေးနှင့် တာဝါများကို ကိုင်ဆောင်ကာ အသင့်စောင့်ဆိုင်းနေကြသည်။
“ဟူး... ခက်လိုက်တာ ခက်လိုက်တာ”
ကျန်းဝေတက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
“မင်း ဘယ်လိုများ ဒီလောက်မြန်မြန် တတ်သွားတာလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရဘူး။ လူချင်းယှဉ်လိုက်ရင် ငါကတော့ စိတ်ဓာတ်ကျစရာကြီးပဲ”
သူ စကားပြောပြီးသည်နှင့် တံခါးအပြင်ဘက်မှ ကျယ်လောင်သော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“မင်းက အသုံးမကျတဲ့လူတွေနဲ့ပဲ အချိန်ဖြုန်းနေရင် ဘယ်လိုလုပ် သိုင်းပညာကို ကောင်းကောင်း တတ်မြောက်နိုင်မှာလဲ”
ထိုစကားလုံးများမှာ ပြောင်လှောင်သရော်မှုများဖြင့် ပြည့်နှက်နေလေသည်။
ကျန်းဝေတသည် ဒေါသတကြီး လှည့်ကြည့်လိုက်ရာ သူ၏ ခြံဝင်းအတွင်းသို့ လူအုပ်စုတစ်စု စုရုံးဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် ၂၇၊ ၂၈ နှစ်ခန့်ရှိပြီး ရွှေဒင်္ဂါးပုံစံများ ထိုးထားသည့် အနီရင့်ရောင် ဝတ်ရုံကို ဆင်မြန်းထားသည်။
သူ၏ ခါးတွင် ရွှေရောင်တဖျပ်ဖျပ် တောက်နေသော ခါးပတ်အပြားကြီးကို ပတ်ထားပြီး ချွန်ချွန်ထက်ထက် ဖိနပ်အကောင်းစားများကို စီးထားရာ ကြည့်ရသည်မှာ အလွန်ပင် မောက်မာလွန်းလှသည်။
သူသည် လုံယီကို အထင်အမြင်သေးသော မျက်လုံးများဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး “ညီလေး... မင်း သိုင်းကျင့်ချင်တယ်ဆိုရင် ငါ့လက်အောက်မှာ သိုင်းပညာရှင်တွေ အများကြီးရှိတယ်။ ပြောလိုက်ရုံနဲ့ စိတ်ကြိုက်ခိုင်းလို့ရတယ်။ ဒီလို တောသားတစ်ယောက်နဲ့ ဘာလို့ အချိန်ဖြုန်းနေတာလဲ ငါတို့ ကျန်းမိသားစုရဲ့ သိက္ခာကျရုံပဲ ရှိမယ်”
အနီရောင်ဝတ်စုံနှင့် လူ၏နောက်ကွယ်တွင်မူ...
အနက်ရောင်ဝတ်စုံဝတ် သန်မာထွားကြိုင်းသော လူလတ်ပိုင်းတစ်ဦးက လိုက်လံရယ်မောကာ “ပထမ သခင်လေး ပြောတာ မှန်လိုက်တာဗျာ။ ဒုတိယသခင်လေးအနေနဲ့ ကျွန်တော်တို့ဆီမှာ အကူအညီတောင်းလို့ အမြဲရပါတယ်။ သိုင်းပညာရှင်အဆင့်တောင် မရှိတဲ့သူကို အားကိုးနေရင်တော့ လမ်းမှားရောက်သွားဖို့ပဲ ရှိလိမ့်မယ်”
သိုင်းပညာရှင်တစ်ဦးသည် ချီစွမ်းအင်ကို မွေးမြူနိုင်ပြီးပါက အချင်းချင်း၏ အရှိန်အဝါကို အာရုံခံနိုင်ကြသည်။ ထိုလူသည် လုံယီထံတွင် ချီစွမ်းအင် မရှိသေးသည်ကို အသေအချာ သိရှိထားသဖြင့် ဤမျှအထိ စော်ကားမော်ကား ပြုမူနေခြင်း ဖြစ်သည်။
“တောက်...”
ကျန်းဝေတမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းကြီးပင် ပွသွားတော့သည်။
သူ့ကို စောင့်ရှောက်ပေးသော ဦးလေးဖန်း အနားမှာ မရှိသည်ကို တစ်ဖက်လူက သိသိကြီးနှင့် လာရောက်ရန်စနေခြင်း ဖြစ်သည်။ သူ၏အစ်ကိုနောက်တွင် ပါလာသော သိုင်းပညာရှင်များကို ကြည့်ပြီး ကျန်းဝေတမှာ ပြန်လည်ဆဲဆိုရန် ဝေခွဲမရဖြစ်နေ၏။
ပညာရှိသည် လက်ရှိအရှုံးကို ရှောင်ရမည်ဟူသော အချက်ကို သူ ကောင်းစွာနားလည်သည်။ သူသည် သူကိုယ်တိုင် အရှက်ရမည်ကို မစိုးရိမ်သော်လည်း လုံယီပါ ကြားညှပ်သွားမည်ကို စိုးရိမ်နေမိသည်။
“မင်းရဲ့ အောက်ခြေအနေအထားက မခိုင်မာဘူး။ ခြေလှမ်းတွေကလည်း ပေါ့ပျက်ပျက်နဲ့... ဒါနဲ့များ သူများကို သင်ပေးဖို့အကြောင်း ပြောရဲသေးတယ်ပေါ့လေ”
လုံယီ၏ စူးရှသော ဝေဖန်သံက အားလုံး၏ အကြည့်များကို ဆွဲဆောင်သွားတော့သည်။
“ကောင်လေး... ဒါဆိုရင် ခိုင်မာတဲ့ အောက်ခြေ ဆိုတာ ဘာလဲဆိုတာ ငါ့ကို လာသင်ပေးစမ်းပါဦး”
အနက်ရောင်ဝတ်စုံနှင့် လူသည် မောက်မာဝင့်ကြွားစွာဖြင့် စိန်ခေါ်သည့် အပြုံးဖြင့် လက်ယပ်ခေါ်လိုက်သည်။
ဒုန်း... ဒုန်း... ဒုန်း...
လုံယီသည် သူ၏ရှေ့သို့ ခံ့ညားစွာ လမ်းလျှောက်သွားပြီးနောက် ထိုလူကို တည့်တည့်မတ်မတ် ဝင်တိုက်လိုက်တော့သည် ပေါင်ချိန်ထောင်နှင့်ချီသော ခွန်အားများမှာ ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဆိုသလို စီးဝင်သွား၏။
လုံယီ၏ တံတောင်ဆစ်မှာ တစ်ဖက်လူ၏ ခါးဆီသို့ တိကျစွာ ရိုက်ခတ်သွားပြီး သူ၏ ဘယ်ဘက်ခြေထောက်မှာမူ အသာအယာ တိုးဝင်သွားသည်။
“အား...”
နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ထိုလူ၏ ကိုယ်ဟန်မှာ မတ်တပ်အနေအထားမှ တစောင်းပုံစံသို့ ချက်ချင်း ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မြေပြင်နှင့် အနီးကပ် မိတ်ဆက်သွားရတော့လေသည်။