အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း။ ၈၇
“မင်း... ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ”
ကျန်းဝေတ၏ အစ်ကိုနောက်မှ အခြားသော သိုင်းပညာရှင်တစ်ဦးသည် မြားတစ်စင်စာအရှိန်ဖြင့် လုံယီထံသို့ ဒေါသတကြီး ပြေးဝင်လာတော့သည်။ သူ၏ အရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် ခြံဝင်းဘေးရှိ ပန်းခင်းမှ ပန်းပင်များနှင့် မြက်ပင်များမှာပင် လွင့်ခါသွားရ၏။
သူသည် လက်သီးကို အရှိန်အဟုန်ဖြင့် မြှောက်ကာ လုံယီ၏ ဦးခေါင်းကို ပစ်မှတ်ထား၍ ပြင်းထန်စွာ ထိုးချလိုက်သည်။
ထိုလက်သီးပေါ်တွင် ချီစွမ်းအင်များ စီးဆင်းနေပြီး ပြုတ်ထားသော ပုစွန်ထုပ်ကြီးအလား နီရဲနေသည်။
လက်သီးထိုးချလိုက်သောအခါ လေထုကို ခွင်းသွားသည့် ဝူးဟူသော အသံကြီး ထွက်ပေါ်လာရာ ထိုလက်သီးချက်သာ ထိမှန်သွားပါက မည်မျှအထိ အန္တရာယ်ရှိမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
“ရပ်လိုက်စမ်း”
ကျန်းဝေတ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး လုံယီ့ထံသို့ ပြေးဝင်ကာ ကူညီရန် ကြိုးစားသော်လည်း တစ်စုံတစ်ယောက်က သူ့ရှေ့မှ ပိတ်ရပ်ထားလိုက်သည်။
“ညီလေး... အစွမ်းအစမရှိတဲ့ လူညံ့တစ်ယောက်က ငါတို့ကျန်းမိသားစုကို အလုပ်အကျွေးပြုဖို့ မထိုက်တန်ဘူးကွ”
အနီရောင်ဝတ်စုံနှင့် လူက လှောင်ပြောင်သော မျက်လုံးများဖြင့် အေးအေးဆေးဆေး ရယ်မောနေ၏။
“ဖယ်စမ်း အဲဒါ ငါ့သူငယ်ချင်းကွ”
ကျန်းဝေတသည် အနီရောင်ဝတ်စုံနှင့်လူကို လက်သီးဖြင့် ထိုးလိုက်သော်လည်း ထိုလူက အလွယ်တကူပင် ဖမ်းချုပ်ထားလိုက်သည်။
ထိုစဉ် ပြင်းထန်သော ဘုန်းဟူသော အသံကြီး ထွက်ပေါ်လာရာ နှစ်ဦးသားလုံး အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
အဝေးရှိ နံရံပေါ်တွင် လူတစ်ဦးသည် လူပုံစံအတိုင်း ကပ်လျက်ရှိနေပြီးနောက် သွေးစွန်းတန်းကြီးတစ်ခု ချန်ထားခဲ့ကာ မြေပြင်သို့ ဖြည်းညှိးစွာ လျောကျသွားတော့သည်။
အခြားတစ်ဖက်တွင်မူ လုံယီသည် မြှောက်ထားသော ခြေထောက်ကို ပြန်ချလိုက်ပြီး အနီရောင်ဝတ်စုံနှင့် လူကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
“မင်းက ဝေတရဲ့ အစ်ကို မဟုတ်လား”
လုံယီ၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားပြီး “ငါလည်း မင်းကို အကြံပေးပါရစေ။ ဘာပဲလုပ်လုပ် မျက်စိကို ဖွင့်ထားပါ။ ဒီလို အဆင့်မရှိတဲ့လူတွေကို ဘေးမှာ အမြဲမထားနဲ့။ မင်းတို့ ကျန်းမိသားစုက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီလို အရှုံးမျိုးတွေကိုတော့ တာရှည် ခံနိုင်မှာမဟုတ်ဘူး”
“ဟွန်း...”
အနီရောင်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
သူ၏ မျက်နှာတွင် ဒေါသအမူအရာ မပြသော်လည်း တုန်ရင်နေသော လက်မောင်းများက သူ မည်မျှအထိ ဒေါသထွက်နေကြောင်း သက်သေပြနေသည်။
သူသည် လက်သီးကို ဆုပ်လိုက်၊ လွှတ်လိုက် လုပ်နေသော်လည်း လုံယီကို ရင်ဆိုင်ရန် အပြည့်အဝ ယုံကြည်ချက်မရှိသဖြင့် မြေပြင်ပေါ်ရှိ သူ၏ လက်အောက်ငယ်သား နှစ်ဦးကိုပင် ပြန်မကြည့်တော့ဘဲ လှောင်ပြုံးတစ်ခုနှင့်အတူ လှည့်ထွက်သွားတော့သည်။
“အစ်ကိုကြီး... ဂရုစိုက်သွားဦးနော်။ အားရင်လည်း လာလည်ဦး….”
ကျန်းဝေတက လှမ်းအော်လိုက်ရာ အနီရောင်ဝတ်စုံနှင့်လူမှာ ဒေါသကြောင့် လမ်းလျှောက်ရင်းပင် ယိုင်တိယိုင်တိုင် ဖြစ်သွားရသည်။
“ဟားဟား... တကယ်ကို ကျေနပ်ဖို့ကောင်းလိုက်တာ။ ဒီကောင်လည်း ဒီလိုနေ့မျိုးနဲ့ ကြုံရတာပဲ”
ကျန်းဝေတက အားရပါးရ ရယ်မောလိုက်သည်။
“လာ... ငါတို့ရဲ့ အောင်မြင်မှုအတွက် သောက်ကြရအောင်”
ကျန်းဝေတသည် အစေခံမလေးနှစ်ဦးအား ခြံဝင်းအတွင်းသို့ စားပွဲနှင့် ကုလားထိုင်များ ယူဆောင်လာစေပြီး မြေပဲ၊ အမဲသားဟင်းနှင့် အခြားအမြည်းများကို ပြင်ဆင်စေကာ လုံယီကို ဆွဲခေါ်၍ သောက်စားကြလေသည်။
“ငယ်ငယ်ကတည်းက ကောင်းတာမှန်သမျှ သူချည်းပဲ ရခဲ့တာကွ...”
“သစ်သားမြင်းရုပ်ကလည်း သူ့ဟာ စွန်မျိုးစုံကလည်း သူ့ဟာပဲ။ အကောင်းဆုံး ဆရာတွေကိုလည်း သူ့အတွက်ပဲ ငှားပေးခဲ့ကြတာ။ မိသားစုရဲ့ သိုင်းပညာကိုတောင် သူတစ်ယောက်တည်းပဲ သင်ခွင့်ရခဲ့တာပါ...”
“ငါကရော ဘာလဲ မယားငယ်သားတစ်ယောက်ပဲလား...”
“တစ်သက်လုံး သူ့ခြေဖဝါးအောက်မှာပဲ အနင်းခံနေရမှာလား။ ငါ အဲဒီလို အဖြစ်မခံနိုင်ဘူး”
ကျန်းဝေတသည် ပြောရင်းဆိုရင်း ပို၍သောက်လာပြီး နှစ်ရှည်လများ ခံစားခဲ့ရသော မကျေနပ်ချက်များကို အကုန်အစင် ရင်ဖွင့်နေတော့သည်။
“နောင်တစ်ချိန်မှာ မင်း သူ့ထက် သာသွားမှာပါ”
လုံယီက ရုတ်တရက် ပြောလိုက်သည်။
“တကယ်လား”
ကျန်းဝေတသည် မျက်ရည်ဝဲနေသော မျက်ဝန်းများ၊ သာမန်ရုပ်ရည်ရှိသော မျက်နှာဖြင့် သံသယဖြစ်စွာ မေးလိုက်၏။
“ငါပြောရင် ဖြစ်မှာပါ”
လုံယီက သူ၏ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။
ထို့နောက် လုံယီသည် မတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်တွင် ဟောက်၍ အိပ်ပျော်နေပြီဖြစ်သော သူငယ်ချင်းဖြစ်သူကို ကြည့်ကာ အစေခံမလေးနှစ်ဦးအား “မင်းတို့ သခင်လေးကို ကောင်းကောင်း ဂရုစိုက်လိုက်ကြဦး” ဟု မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေးလျူ ကောင်းကောင်းသွားပါရှင်”
အစေခံမလေးများက ရိုသေစွာ ပြန်လည်ဖြေကြားကြသည်။
“လူတိုင်းကတော့ ရှင်သန်ဖို့အတွက် ရုန်းကန်နေကြရတာပါပဲလား...”
လုံယီသည် ခြံဝင်းအတွင်းမှ ထွက်လာပြီး အသက်ကို ပြင်းပြင်းရှူကာ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉/၅၆]
[နယ်ပယ်: သိုင်းပညာရှင်အကြို (၄/၆၀၀)]
[ကျင့်စဉ်: အဝါရောင် အစွန်းရောက် အသက်ရှူကျင့်စဉ် (ပထမအဆင့်၊ အခြေခံ ၀/၆၀ + နှလုံးသားစားမြက် တစ်ပင်)၊ ဟူမိသားစု အသက်ရှူကျင့်စဉ် (မစတင်ရသေး ၀/၁၀)]
[ကျွမ်းကျင်မှုများ: လုံမိသားစု ပုဆိန်သိုင်း (နှံ့စပ် ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ကျောက်ခဲပစ် (နှံ့စပ် ၀/၃၀)၊ ကိုယ်ဖော့ပညာ (နှံ့စပ် ၀/၆၀)၊ အခြေခံလှံသိုင်း (အခြေခံ ၀/၆)၊ လျှို့ဝှက်ကျွမ်းကျင်မှု နဂါးထိုးဖောက်ခြင်းနည်းစနစ် အပိုင်းအစ (၁)]
[ပါရမီ: ကျောက်သားအဖြစ် ပြောင်းလဲခြင်း (ကျွမ်းကျင် ၀/၆၀ + ၃ ကျောက်တုံးဝိညာဉ် + ၁ ဖီးနစ်သွေးကျောက်)]
[စွမ်းအင်: ၃]
လက်ရှိတွင် အသက်ရှူကျင့်စဉ်မှာ အခြေခံအဆင့်တွင်သာ ရှိသေးသည်။ တစ်နေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ပါက နယ်ပယ်ကျွမ်းကျင်မှု ၂ မှတ် တိုးလာမည်ဖြစ်သော်လည်း ထိုထက်ပို၍ လေ့ကျင့်ပါက ထိရောက်မှု သိပ်မရှိတော့ပေ။
ယခုနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက အသက်ရှူကျင့်စဉ်တွင် အဆင့်ကျော်ဖြတ်နိုင်ခြင်း မရှိလျှင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် ခြောက်လကျော် အချိန်ယူရပေဦးမည်။
လက်ရှိတွင် နှလုံးသားစားမြက်ကို ရရှိထားပြီး ဖြစ်သော်လည်း အသက်ရှူကျင့်စဉ်ကို မြှင့်တင်ရန် လိုအပ်သည့် စွမ်းအင်မှာမူ အလွန်အမင်း လိုအပ်လျက်ရှိသည်။ လုံယီသည် မြို့ထဲရှိ သင်္ချိုင်းသုံးခုသို့ နေ့စဉ် အသွားအပြန် လုပ်နေသော်လည်း ကံကောင်းသည့်နေ့တွင် စွမ်းအင်
နှစ်မှတ်သာ ရရှိပြီး ကံမကောင်းပါက နှစ်ရက်နေမှ တစ်မှတ်ပင် မရသည့် အကြိမ်များလည်း ရှိသည်။
အသက်ရှူကျင့်စဉ်အပြင် အခြားသော လိုအပ်ချက်များမှာလည်း ရှိနေသေးကာ အစွန်းရောက်လက်သီးကို မြှင့်တင်ရန် စွမ်းအင် ၃၀ မှတ်၊ ကျောက်သားအဖြစ် ပြောင်းလဲခြင်း ပါရမီကို မြှင့်တင်ရန် စွမ်းအင် ၆၀ မှတ်၊ ကိုယ်ဖော့ပညာနှင့် ကျောက်ခဲပစ်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုများမှာမူ ဒုတိယဦးစားပေးများသာ ဖြစ်သဖြင့် ထည့်သွင်းစဉ်းစားရန်ပင် မလိုသေးပေ။
စွမ်းအင်... စွမ်းအင်တွေ တကယ်ကို လိုအပ်နေတာပဲ။
လုံယီသည် ယခင်က သားရဲအမဲလိုက်အစောင့်တပ်ထဲသို့ ဝင်ရောက်ရန် စဉ်းစားခဲ့ဖူးသော်လည်း ၎င်းမှာ သိုင်းပညာရှင်အဆင့် ရောက်မှသာ လျှောက်ထား၍ ရနိုင်မည် ဖြစ်သည်။
တကယ်ပဲ ခြောက်လကျော်ကြာအောင် ပုံမှန်အတိုင်းပဲ တဖြည်းဖြည်းချင်း ကျင့်ကြံနေရတော့မည်လား လုံယီမှာ မကျေမနပ် ဖြစ်မိသော်လည်း “ဆန်မရှိဘဲ ထမင်းချက်၍ မရ” ဆိုသည့်အတိုင်း လက်တွေ့အခြေအနေကို လက်ခံရမည် ဖြစ်သည်။
သူသည် ကျန်းဝေတ ပေးထားသော ဝက်သားခြောက်တစ်ဖတ်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ လိမ္မော်နီရောင်ရှိပြီး အမဲသားကြောထက် ဆယ်ဆခန့် ပိုမိုမာကျောလှသော်လည်း အာဟာရတန်ဖိုးမှာ အလွန်မြင့်မားလှသည်။
အနည်းငယ် စားရုံဖြင့် ဗိုက်ပြည့်သလို ခံစားရသဖြင့် ငှက်ပစ်ထွက်နေရသည့် အချိန်ကို သက်သာစေသည်။
နေအိမ်သို့ အပြန်လမ်းတွင် လုံယီသည် ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို ထပ်မံတွေ့လိုက်ရပြန်သည်။
ဟွမ်လုံကန်းမှာ တိမ်ဖြူရောင် ဝတ်ရုံကောင်းကို ဆင်မြန်းကာ ခါးတွင် ကျောက်စိမ်းဆွဲပြား ချိတ်ဆွဲလျက် နူးညံ့သော ဖိနပ်ကို စီးကာ ခန့်ညားစွာ လမ်းလျှောက်လာနေသည်။ သူ၏ နူးညံ့သော မျက်နှာပေးနှင့်ဆိုလျှင် အတော်ပင် ကြည့်ကောင်းလှသည်။
သူ့ဘေးတွင်မူ ကျားဟုန်သည် သိုင်းသင်တန်းကျောင်းတွင် အမြဲဝတ်ဆင်လေ့ရှိသော အပြာရောင်ဝတ်စုံကို ချွတ်ကာ ပန်းရောင်ဝတ်စုံရှည်ကို လဲလှယ်ဝတ်ဆင်ထားသည်။
သူမ၏ နက်မှောင်သော ဆံကေသာကို လှပစွာ ထုံးဖွဲ့ထားပြီး ပါးပြင်ပေါ်တွင် ခြယ်သထားသော ပါးနီလေးများကြောင့် လူသားတို့ကမ္ဘာသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးအလား လှပလွန်းနေသည်။ လမ်းသွားလမ်းလာ အမျိုးသားများမှာ သူမကို ငေးမောကြည့်ရင်း မှင်သက်နေကြရသည်။
“ဟုန်မေ... မင်း တကယ်ကို လှတာပဲ”
ဟွမ်လုံကန်းမှာ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။ ကျားဟုန်က သူ့အတွက် အထူးတလည် ပြင်ဆင်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အချစ်ရေးတွင် အတွေ့အကြုံရှိသူဖြစ်သော်လည်း ဤမျှလှပသော အမျိုးသမီးနှင့် နီးစပ်ခွင့်ရတော့မည်ဟု တွေးမိသောအခါ သူ၏ ရင်ခုန်သံများ မြန်လာခဲ့သည်။
“အစ်ကိုကြီးကန်း... ဒီရက်ပိုင်းအတွင်း ပေးခဲ့တဲ့ စိတ်တည်ငြိမ် အမွှေးတိုင် တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဖေဖေက သူများအကြွေး မတင်စေနဲ့လို့ အမြဲသင်ထားလို့ပါ။ ဒီမှာ အစ်ကိုကြီးအတွက် ငွေစက္ကူတွေပါ...”
ကျားဟုန်က ခပ်တိုးတိုး ဆိုရင်း ငွေစက္ကူတစ်ရွက်ကို ကမ်းပေးလိုက်သည်။
အစ်ကိုကြီးကန်းဟု ခေါ်လိုက်ချိန်တွင် သူမ၏ မျက်ခုံးတန်းလေးများမှာ အနည်းငယ် တွန့်ချိုးသွားသည်။ တစ်စုံတစ်ခုကို စိတ်ထဲ၌ ခက်ခဲစွာ ဆုံးဖြတ်လိုက်ရသည့် အမူအရာမျိုးပင်။
သို့သော် ဟွမ်လုံကန်းမှာမူ ထိုအသေးစိတ်အချက်အလက်များကို သတိမထားမိတော့ချေ။ အစ်ကိုကြီးကန်း ဟူသော ခေါ်သံကို ကြားလိုက်ရသည်နှင့် သူသည် မိန်းမောတွေဝေသွားခဲ့ပြီ ဖြစ်သည်။
“မလုပ်ပါနဲ့ ညီမလေးရယ် ဒီငွေတွေကို ပြန်သိမ်းထားလိုက်ပါ။ ငါတို့တွေရဲ့ သံယောဇဉ်ကို ငွေနဲ့ တိုင်းတာလို့ ရပါ့မလား”
ဟွမ်လုံကန်းက အမှန်တရားဘက်တော်သားကြီးအလား ငွေစက္ကူများကို အတင်းပြန်တွန်းပို့လိုက်ပြီး “စိတ်မပူပါနဲ့ ဟုန်မေ ကိုယ် သိုင်းပညာရှင်အဆင့်ကို မရောက်မချင်း မင်းအတွက် စိတ်တည်ငြိမ် အမွှေးတိုင် တွေကို အမြဲထောက်ပံ့ပေးသွားမှာပါ”
ကျားဟုန်က သူ့ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့်အနေဖြင့် ညို့ဓာတ်ပြင်းသော အကြည့်တစ်ချက်ဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။
“အသက်ရှူကျင့်စဉ်ထဲမှာ ညီမလေး နားမလည်သေးတဲ့ အခက်အခဲလေးတွေ ရှိနေသေးတယ်။ အစ်ကိုကြီး အားတဲ့အခါ အိမ်ကလူတွေကို မေးမြန်းပြီး ကူညီပေးပါဦးနော်”
ကျားဟုန်က လေသံအေးလေးဖြင့် ဆက်ပြောသည်။
“လုံယီကတော့ အဲဒါတွေကို သိပုံရပေမဲ့ ညီမလေးကို သင်မပေးချင်ဘူးလေ...”
“ဟွန်း... လုံယီ ဟုတ်လား”
ထိုအမည်ကို ကြားလိုက်ရသည်နှင့် ဟွမ်လုံကန်း၏ မျက်နှာတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာကာ “သူက အသက် ၂၀ နား နီးနေပြီပဲ။ အဆင့်တက်သွားတော့ရော ဘာထူးမှာမို့လို့လဲ ငါ့ဖေဖေသာ အရေးကြီးကိစ္စတွေနဲ့ မအားလို့ အိမ်က သိုင်းဆရာတွေကို တခြားဆီ လွှတ်မထားရရင် အဲဒီကောင်ကို ငါ အသေသေအောင် ပညာပေးလိုက်မှာ”
ပြောရင်းနှင့်ပင် ဟွမ်လုံကန်း၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ မပြောဘဲ ချန်ထားခဲ့သော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ထိုလုံယီဆိုသောကောင်မှာ မျောက်တစ်ကောင်ကဲ့သို့ အလွန်ပါးနပ်လွန်းသည်။
အပြင်ထွက်သည့်အခါတိုင်း အမြဲတမ်း လူရိပ်ပြောက်သွားတတ်သည်။ သူ တစ်ကြိမ် လူလွှတ်၍ နောက်ယောင်ခံလိုက်ခိုင်းဖူးသော်လည်း မအောင်မြင်ခဲ့သဖြင့် နောက်ပိုင်းတွင် လက်လျှော့ထားခဲ့ခြင်းပင်။
သူတို့နှစ်ဦး စကားဖောင်ဖွဲ့နေစဉ်မှာပင် ထူးဆန်းသော ရုပ်ရည်ရှိသည့် လူငယ်နှစ်ဦး အနားသို့ ချဉ်းကပ်လာသည်။ တစ်ဦးက ဝတုတ်တုတ်ဖြစ်ပြီး ကျန်တစ်ဦးက ပိန်လှီလှီဖြစ်သည်။
သူတို့နှစ်ဦးလုံးမှာ အနီရောင် ဝတ်ရုံများကို ဆင်မြန်းထားပြီး သားရေဖိနပ်များကို စီးထားကြသည်။ သူတို့၏ ကျောတွင်မူ သာမန်ဓားများထက် နှစ်ဆခန့် ပိုမိုကျယ်ပြန့်သော ဓားပြားကြီး များကို လွယ်ထားကြလေသည်။
ပန်းရောင်ဝတ်စုံနှင့် ကျားဟုန်ကို မြင်လိုက်ရသောအခါ ထိုနှစ်ဦးမှာ မှင်သက်သွားကြသည်။ ဝတုတ်တုတ် လူငယ်မှာမူ မျက်လုံးများ အရောင်တောက်လာပြီး ဝက်ကြီး တစ်ကောင်ကဲ့သို့ ရမ္မက်ဇောများဖြင့် ကြည့်နေတော့သည်။
“မမလေး... ကျွန်တော့်ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပါ။ ကျွန်တော်က လေးလံသောဓားဂိုဏ်းက ဖုန်ကျွမ်းပါ။ မမလေးရဲ့ နာမည်လေးကို သိခွင့်ရမလားခင်ဗျာ”
ဝတုတ်လေးမှာ မနေနိုင်ဘဲ စကားလှမ်းကမ်းလိုက်တော့သည်။
သူ၏ စိတ်ထဲရှိသူကို လူသိရှင်ကြား လာရောက်ပိုးပန်းနေသည်မှာ သူတို့ အစွန်းရောက်လက်သီးဂိုဏ်းနှင့် ရန်ဘက်ဖြစ်သော လေးလံသောဓားဂိုဏ်းမှ လူဖြစ်နေသည်ကို တွေ့သောအခါ ဟွမ်လုံကန်းမှာ ဒေါသထွက်သွားပြီး ကျားဟုန်၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“ထွက်သွားစမ်း”
“မင်း...”
ဝတုတ်လေး ဖုန်ကျွမ်းမှာ ဒေါသထွက်သွားသော်လည်း သူ၏ အဖော်ဖြစ်သူက သူ့ကို လှမ်းဆွဲလိုက်သဖြင့် ဒေါသကို မြိုသိပ်ကာ လှည့်ထွက်သွားကြသည်။ သို့သော် ခြေလှမ်း တစ်ဆယ်ကျော်မျှ လျှောက်ပြီးချိန်တွင်...
ဖြောင်း….
ကျောက်ခဲတစ်လုံးမှာ နောက်ဘက်မှ လွင့်လာပြီး ဝတုတ်လေး၏ ဦးခေါင်းနောက်စိကို တိကျစွာ မှန်သွားတော့သည်။
“အား...”
ဝတုတ်လေးမှာ သူ၏ခေါင်းကို ပွတ်ရင်း ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ကျေနပ်အားရနေသော ဟွမ်လုံကန်း၏ အကြည့်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသွားလေသည်။
“မင်း... မင်းရဲ့ ဒုတိယဦးလေးကိုပဲ သွားစော်ကားလိုက်စမ်း”
သူသည် မဆိုင်းမတွပင် သူ၏ကျောနောက်မှ ဓားပြားကြီးကို ဆွဲထုတ်လိုက်တော့သည်။
အခန်း။ ၈၈
ဝတုတ်တုတ်နှင့် ထိုလူငယ်သည် သူ၏ ကိုယ်ခန္ဓာနှင့် လားလားမျှမသက်ဆိုင်သော လျင်မြန်
ဖြတ်လတ်မှုကို ပိုင်ဆိုင်ထားလေသည်။ သူသည် တောဝက်တစ်ကောင်အလား ဝူးဟူသော အသံနှင့်အတူ ရှေ့သို့ ဒေါသတကြီး ပြေးဝင်လာတော့သည်။ ခြေလှမ်း တစ်ဆယ်ကျော်မျှသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်လိုက်၏။
ဖြောင်း... ဖြောင်း
ဟွမ်လုံကန်း တစ်ယောက် ဘာမှပင် မလုပ်ရသေးမီမှာပင် သူ၏ ပါးနှစ်ဖက်စလုံး ပြင်းထန်သော ရိုက်ချက်များကို ခံလိုက်ရသည်။
ဘုန်း….
ထို့နောက် နောက်ထပ် ကန်ချက်တစ်ချက်က ဟွမ်လုံကန်းကို အနီးရှိ သစ်သီးဆိုင်ပေါ်သို့ လွင့်စင်သွားစေပြီး ဆိုင်ပေါ်ရှိ ပန်းသီးများမှာ မြေပြင်အနှံ့ တလိမ့်ခေါက်ကွေး ပြန့်ကျဲသွားတော့သည်။
ဝတုတ်လေးသည် သတိတရား အနည်းငယ်ရှိသေးသဖြင့် လူစည်ကားသော လမ်းမပေါ်တွင် ဓားကို ဆွဲမထုတ်ဘဲ ဟွမ်လုံကန်းကို လက်သီး၊ လက်မောင်းများဖြင့်သာ အားရပါးရ ပညာပေးနေခြင်း ဖြစ်သည်။
သို့သော်လည်း သူချစ်မြတ်နိုးရသော အမျိုးသမီးရှေ့တွင် ဤသို့ အရှက်တကွဲ အကျိုးနည်း အရိုက်ခံရခြင်းမှာ ဟွမ်လုံကန်းအတွက် ခန္ဓာကိုယ်နာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပို၍ပင် ကြီးမားနေတော့သည်။ ဟွမ်လုံကန်း၏ မျက်နှာမှာ သိသိသာသာပင် ဖူးရောင်လာခဲ့သည်။
သူသည် မျက်လုံးများ နီရဲလျက် မြေပြင်ပေါ်မှ ပြန်ထလာပြီး “မင်းကို သတ်ပစ်မယ်” ဟု အဓိပ္ပာယ်မရှိ အော်ဟစ်ရင်း ရှေ့သို့ ပြေးဝင်သွားတော့သည်။
ထိုသို့ ပြေးဝင်နေစဉ်မှာပင် ဟွမ်လုံကန်းသည် သူ၏ ခြေလှမ်းများနှင့် ဟန်ချက်ကို စည်းချက်မပျက်စေရန် အစွမ်းကုန် ထိန်းထားသေးသည်။
ဝတုတ်လေးနှင့် နှစ်လှမ်းအကွာသို့ ရောက်ရှိချိန်တွင် သူသည် ရွှေကြက်ဖတစ်ကောင်အလား ခြေတစ်ဖက်ဖြင့် ဟန်ချက်ယူကာ အရှိန်ယူလိုက်ပြီး ခါးကို လိမ်လျက် ညာဘက်လက်မောင်းကို ပင့်ထိုးချက်အဖြစ် အားကုန်သုံး၍ တစ်ဖက်လူ၏ မျက်နှာဆီသို့ လွှဲထိုးလိုက်တော့သည်
ဖြောက်….
ယမ်းပေါက်ကွဲသံကဲ့သို့ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာသည်။ ဒေါသအလိပ်လိပ် ထွက်နေသော ဟွမ်လုံကန်းမှာ ယခုအချိန်တွင် သူ၏ အသက်ရှူကျင့်စဉ်နှင့် လက်သီးကွက်များကို အောင်မြင်စွာ ပေါင်းစပ်နိုင်သွားပြီး သူ၏ အင်အားအကောင်းဆုံး ထိုးချက်ကို ထုတ်ဖော်လိုက်နိုင်ခြင်း ဖြစ်သည်။
ဘုန်း….
မုန့်စိမ်းတုံးကဲ့သို့ ထူထပ်ပြီး မာကျောလှသော လက်သီးတစ်လုံးက သူ့ထံသို့ တုံ့ပြန်ဝင်ရောက်လာသည်။ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံချိန်တွင် ဟွမ်လုံကန်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရမှသာ ဟန်ချက်ကို ပြန်လည် ထိန်းနိုင်တော့သည်။
“သိုင်းပညာရှင်တစ်ယောက်လား”
“ဟွန်း အစွန်းရောက်လက်သီးဂိုဏ်းက အသုံးမကျတဲ့ ကြက်သူငယ်တွေပဲကိုး”
ဝတုတ်လေး ဖုန်ကျွမ်းက မပြတ်တမ်း လှောင်ပြောင်နေတော့သည်။
“မင်းတို့ အစွန်းရောက်လက်သီးဂိုဏ်းက သာမန်လူတွေရှေ့မှာပဲ ဆရာကြီးလုပ်လို့ရတာပါ။ ငါတို့ လေးလံသောဓားဂိုဏ်းနဲ့ တွေ့ရင်တော့ ဒူးထောက်ပြီး အဖိုးလို့ ခေါ်ရမှာကွ”
ပြောပြောဆိုဆိုဖြင့် သူသည် ရှေ့သို့ ထပ်မံတိုးဝင်ကာ ဟွမ်လုံကန်းကို ပါးရိုက်ချက် အချက်ပေါင်းများစွာ ထပ်မံကျွေးလိုက်ပြန်သည်။ တစ်ဖက်လူမှာ အမှန်တကယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် ဟွမ်လုံကန်း၏ ရင်ထဲ၌ ကြောက်စိတ်များ ဝင်လာကာ ပြန်လည်ခုခံရန် စိတ်ကူးပင် မရှိတော့ပေ။
သူသည် သူ့ကိုယ်သူ ဟွမ်မိသားစုဝင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်
“ရပ်လိုက်ကြစမ်း”
အစိုးရဝန်ထမ်းဝတ်စုံဝတ် လေးသမားအချို့မှာ မြို့လယ်အေးချမ်းမှုကို ထိန်းသိမ်းရန် အလျင်အမြန် ပြေးဝင်လာကြသည်။
“တောက် မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်”
ဝတုတ်လေးက မကျေမနပ်ဖြင့် မြေပြင်ပေါ်သို့ တံတွေးထွေးကာ သူ၏အဖော်ဖြစ်သူကို အချက်ပေး၍ ဆုတ်ခွာသွားတော့သည်။
ဟွမ်လုံကန်းမှာမူ တစ်ကိုယ်လုံး ဖူးယောင်ထုထောင်းခံထားရသည့် အခြေအနေဖြင့် မြေပြင်ပေါ်တွင် ပက်လက်လန်ကာ ကောင်းကင်ကြီးကို မျှော်လင့်ချက်မဲ့စွာ ငေးကြည့်ကျန်ရစ်ခဲ့သည်။
အထူးသဖြင့် ပတ်ဝန်းကျင်ရှိ လူများ၏ တိုးတိုးဖော်ဖော် ပြောဆိုသံများကို ကြားရသောအခါ သူသည် မြေမြှုပ်ပွဲတိုးချင်စိတ်ပင် ပေါက်သွားတော့၏။
“ဒီ အစွန်းရောက်လက်သီးဂိုဏ်းကတော့ မဟုတ်သေးဘူး။ လေးလံသောဓားဂိုဏ်းရဲ့ အရိုက်ခံနေရတာပဲ”
“ဟုတ်ပဗျာ ခေတ်တွေ ပြောင်းသွားပြီ။ နောက်ဆိုရင်တော့ ငါ့ကလေးတွေကို လေးလံသောဓားဂိုဏ်းထဲပဲ ထည့်ရတော့မယ်”
“လေးလံသောဓားဂိုဏ်းက ဒီနှစ်ပိုင်းမှာ တော်တော်လေး အခြေအနေကောင်းနေတာ။ ငါ့ဦးလေး အဲဒီမှာ အလုပ်လုပ်နေတာ ကြားရတာတော့... သူတို့ဆီမှာ ချီမျိုးရိုးနဲ့ ပါရမီရှင်တစ်ယောက် ရောက်နေတယ်တဲ့။ အသက် ၁၅ နှစ်နဲ့တင် သိုင်းပညာရှင် စံချိန်တွေကို ချိုးနေတာဆိုပဲ...”
“ဟူး... တကယ်ကြီးလား...”
ဟွမ်လုံကန်းနှင့် မလှမ်းမကမ်းရှိ လမ်းကြားတစ်ခုအတွင်း၌မူ... လုံယီသည် သူ၏အိတ်ကပ်ထဲသို့ ကျောက်ခဲအချို့ကို ပြန်ထည့်လိုက်ပြီး စဉ်းစားတွေးတောနေသော မျက်နှာပေးဖြင့် ရှိနေသည်။
“မြို့ပြင်က ပါရမီရှင်၊ မျိုးရိုးက ချီ၊ အသက်က ၁၅ နှစ်... ဒါဆိုရင် ချီမိသားစုရဲ့ တတိယမြောက် သားဖြစ်ရမယ်”
“အခွင့်အရေးရရင် သူ့ကိုပါ အမြစ်ဖြတ်ပစ်ရမယ်...”
လုံယီ၏ ပုံရိပ်သည် လမ်းကြားအတွင်းရှိ အမှောင်ရိပ်များကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဟွမ်လုံကန်း သို့မဟုတ် ကျိုးယန်တို့နှင့် ဖြစ်ပွားသော ပဋိပက္ခမှာ သာမန်ရန်စမှုမျှသာ ဖြစ်သော်လည်း ချီမိသားစုနှင့် ဖြစ်ပွားသော ရန်ငြိုးမှာမူ မည်သည့်နည်းနှင့်မျှ ပြေလည်နိုင်ခြင်းမရှိသော သွေးကြွေးပင်။
ဘေးအန္တရာယ်မှန်သမျှကို အမြစ်ပြတ်ရှင်းလင်းရမည်ဟူသော အခြေခံသဘောတရားကို လုံယီ ကောင်းစွာနားလည်ထား၏။
နန်းတော်သဖွယ် ခန့်ညားထည်ဝါသော အဆောက်အအုံ၏ အတွင်းခန်းမထဲတွင် ဖြစ်သည်။ တံခါးဝ၌ တည်ကြည်လေးနက်သော တပည့်ငါးဦး၊ ခြောက်ဦးခန့်က အစောင့်အကြပ်များအဖြစ် တာဝန်ယူထားပြီး လုံခြုံရေးမှာ အလွန်ပင် တင်းကျပ်လှသည်။
အခန်းအတွင်းမှ အနည်းငယ် ကျယ်လောင်သော အငြင်းပွားသံများကို ခပ်သဲ့သဲ့ ကြားနေရ၏။
“အကယ်၍ ငါတို့တွေသာ အဲဒီ နက်မှောင်သော သမင်ဝိညာဉ်ကို ဖမ်းမိခဲ့မယ်ဆိုရင် သူ့ရဲ့ သမင်သွေးကနေ အဆင့်မြင့် ချီစွမ်းအင်အားဖြည့်ဆေးတွေ ဘယ်လောက်တောင် ဖော်စပ်နိုင်မလဲဆိုတာ တွေးကြည့်စမ်းပါ။ အဲဒီအခါ ငါတို့ဂိုဏ်းမှာ ပညာရှင်တွေ ဘယ်နှယောက်တောင် ထပ်တိုးလာမလဲ”
“မြို့စားမင်းရဲ့ အိမ်တော်၊ ရှူးမိသားစု၊ စူးမိသားစုနဲ့ လေးလံသောဓားဂိုဏ်းက လူတွေပါ အဲဒီကို စေလွှတ်ထားကြတယ်ဆိုတာရော ခင်ဗျား ထည့်စဉ်းစားမိရဲ့လား။ အကယ်၍ ငါတို့တွေသာ ပါဝင်ပတ်သက်ခဲ့ရင် သူတို့နဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ဖို့ကတော့ ရှောင်လွှဲလို့မရဘူး။ အဲဒီမှာသာ ငါတို့ရဲ့ မဟာစက်ဝိုင်းအဆင့် သိုင်းပညာရှင်အချို့ ဆုံးရှုံးသွားခဲ့ရင် မြို့တွင်းပိုင်းမှာ ငါတို့ဂိုဏ်း မျက်နှာပန်းလှပါဦးမလား”
“ဒါလည်း ကြောက်၊ ဟိုဟာလည်း ကြောက်နဲ့... ဒီလောက်တောင် ကြောက်နေမှတော့ သိုင်းသင်နေတာတွေ၊ လက်သီးကျင့်နေတာတွေ ရပ်လိုက်ပြီး အိမ်ပြန်ပြီး လယ်ပဲ သွားထွန်တော့လေ”
နဂါးရုပ်ကြွများ ထွင်းထုထားသည့် နံ့သာနီရောင် ဝိုင်းစားပွဲကြီး၏ ဘေးတွင် ဆံပင်အနည်းငယ် ဖြူနေသော အဘိုးအိုနှစ်ဦးမှာ မတ်တပ်ရပ်လျက် အပြင်းအထန် ငြင်းခုံနေကြသည်။
သူတို့၏ မျက်နှာများမှာ နီမြန်းနေပြီး တံတွေးများပင် စင်နေကာ အချိန်မရွေး လက်ပါတော့မည့် အနေအထားတွင် ရှိနေကြသည်။
သူတို့၏ ဘေးတွင်မူ အသက် ၄၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီး ခြောက်ဦး၊ ခုနစ်ဦးခန့် ထိုင်နေကြသည်။ ထိုသူများထဲတွင် အတွင်းစည်းအကဲဖြတ်ပွဲကို တာဝန်ယူခဲ့သော အကြီးအကဲကျိုးနှင့် လုံယီတို့၏ နောက်ဆုံးအင်တာဗျူးကို စစ်ဆေးခဲ့သော ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲတို့လည်း ပါဝင်သည်။
စားပွဲကို ဝိုင်းရံလျက် လူငယ်တပည့် အတန်းလိုက် ရပ်နေကြရာ ရှေ့ဆုံးတန်းတွင် လီယာကွေ့က ထင်ရှားစွာ ရှိနေပြီး နောက်တန်းတွင်မူ ချန်မူကျူ၊ ကျိုးယန်နှင့် အခြားသူများက တည်ကြည်လေးနက်သော အမူအရာများဖြင့် စိုးရိမ်တကြီး ရပ်နေကြလေသည်။
“ကဲ... တော်ကြတော့ မငြင်းကြနဲ့တော့”
နံနက်ခင်း ခေါင်းလောင်းသံကဲ့သို့ ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာသောအခါ အဘိုးအိုနှစ်ဦးစလုံး ချက်ချင်းပင် နှုတ်ဆိတ်သွားကြသည်။
ထိုစကားကို ဆိုသူမှာ အလွန်ပင် သန်မာထွားကြိုင်းသော အမျိုးသားကြီးတစ်ဦး ဖြစ်သည်။ သူသည် အသက် ၃၀ ကျော်၊ ၄၀ ခန့်ရှိပုံရပြီး လက်ပြတ်ဝတ်စုံကို ဆင်မြန်းထားရာ လက်မောင်းပေါ်ရှိ ကြွက်သားကြီးများမှာ ကုလားအုပ်ကျောကုန်းအလားပင်။
သူ၏ ဦးခေါင်းထိပ်တွင် အနီရောင်ကြိုးတစ်မျှင်ကို စည်းနှောင်ထားပြီး ပါးပြင်နှစ်ဖက်တွင်မူ မုတ်ဆိတ်မွေးများ ဖုံးလွှမ်းလျက် ရှိ၏။
သူ စကားပြောရန် ပါးစပ်ဟလိုက်သောအခါ ဖြူလွလွ အငွေ့များ ထွက်ပေါ်လာသည်မှာ သူ၏ ချီစွမ်းအင်မည်မျှအထိ အားကောင်းကြောင်း ပြသနေခြင်းပင်။
ဤအမျိုးသားမှာ အခြားသူမဟုတ်ဘဲ အစွန်းရောက်လက်သီးဂိုဏ်း၏ နံပါတ်တစ်ပညာရှင်ဟု ကျော်ကြားသူ၊ အာဏာအရှိဆုံးဖြစ်သော အကြီးအကဲချုပ် ကျိုးပုဖုန်းပင်။
သို့သော် သူသည် ဝိုင်းစားပွဲ၏ ဒုတိယနေရာတွင်သာ ထိုင်နေပြီး တံခါးနှင့်အနီးဆုံး အဓိကနေရာတွင်မူ ပိန်ပိန်ပါးပါးနှင့် အိပ်ငိုက်နေသည့်သွားရည်များပင် ကျလုနီးပါးဖြစ်နေသော အဘိုးအိုတစ်ဦး ထိုင်နေလေသည်။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါသလဲ”
အကြီးအကဲချုပ် ကျိုးပုဖုန်းက အဓိကနေရာတွင် ထိုင်နေသော အဘိုးအိုအား မေးမြန်းလိုက်သည်။
“အင်...”
အဘိုးအိုမှာ အိပ်ရာမှ နိုးကာစ လူတစ်ယောက်ကဲ့သို့ မှုန်တေတေ မျက်လုံးများဖြင့် “ဘာကို ဘယ်လိုလုပ်ရမှာလဲ”
“သားရဲတစ်ထောင်တောင်တန်းမှာ နက်မှောင်သော သမင်ဝိညာဉ် ပေါ်လာတယ်။ ကျွန်တော်တို့ သွားဖမ်းသင့်သလားလို့ မေးတာပါ”
ကျိုးပုဖုန်းက ဒေါသကို မြိုသိပ်ရင်း ထပ်မံမေးလိုက်သည်။
“ဪ... မင်းကရော ဘယ်လိုထင်လဲ”
ဂိုဏ်းချုပ်က သမ်းဝေရင်း ပျင်းရိစွာ ပြန်ဖြေသည်။
“ဒါက အခွင့်အရေးကောင်းပဲ။ ဒီသမင်ရဲ့ အသားနဲ့ သွေးက သာမန်ဝိညာဉ်သားရဲတွေထက် အာဟာရတန်ဖိုး အဆပေါင်းများစွာ သာလွန်တယ်။ ကျွန်တော်တို့အတွက်တောင် အကျိုးရှိစေမှာပါ။ ဒါကြောင့် အင်အားအပြည့်နဲ့ သွားဖမ်းသင့်တယ်လို့ ကျွန်တော်ထင်တယ်”
“အကြီးအကဲချုပ်... ဒါတော့ မဟုတ်သေးဘူး။ အခုချိန်မှာ ကျွန်တော်တို့ အလိုအပ်ဆုံးက အေးအေးဆေးဆေး အင်အားပြန်ဖြည့်ဖို့ပဲ။ လူအင်အား ထပ်ပြီး မဆုံးရှုံးခံနိုင်ဘူး”
အစောပိုင်းက ကန့်ကွက်ခဲ့သော အကြီးအကဲက တစ်ဖန် ပြန်လည်ငြင်းပြောလိုက်သည်။
“ဘာ...”
ကျိုးပုဖုန်း၏ မျက်နှာမှာ တည်ကြည်သွားပြီး သူ၏မျက်လုံးများမှာ ကြေးခေါင်းလောင်းများအလား ဒေါသတကြီး ပြူးကျယ်လာရာ ကန့်ကွက်ခဲ့သော အကြီးအကဲမှာ မျက်နှာဖြူလျော့သွားတော့သည်။
“မင်းကတော့ အင်အားအပြည့် သုံးချင်တယ်။ သူကတော့ အသေအပျောက် မရှိစေချင်ဘူး...” အစွန်းရောက်လက်သီးဂိုဏ်းချုပ်က ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး “ငါ့အမြင်ပြောရရင်တော့ အပေးအယူလုပ်တဲ့အနေနဲ့ လူတစ်ယောက်တည်းပဲ လွှတ်လိုက်ရင်ရော ဘယ်လိုလဲ”
“အဲဒီလိုဆိုရင် ပါဝင်ပတ်သက်ရာလည်း ရောက်မယ်။ တကယ်လို့ အဲဒီလူ သေသွားရင်တောင် ငါတို့ဂိုဏ်းအတွက် သိသိသာသာ ထိခိုက်မှာမဟုတ်ဘူးလေ”
ဂိုဏ်းချုပ်၏ မှတ်ချက်ကို ကြားလိုက်ရသောအခါ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ ကျိုးပုဖုန်း၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူထိုင်နေသော ကုလားထိုင်မှာလည်း သူ၏ ဖိအားကြောင့် အဆက်မပြတ် မြည်ဟီးနေတော့သည်။
အကြီးအကဲများမှာလည်း အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်နေကြပြီး နောက်တန်းရှိ တပည့်များမှာလည်း ဝေခွဲမရဖြစ်နေကြ၏။
“ဒီကိစ္စကို နောက်မှ ထပ်ဆွေးနွေးကြတာပေါ့”
အကြီးအကဲချုပ် ကျိုးပုဖုန်းမှာ အံကြိတ်ရင်း ပြောလိုက်ရသည်။
“လက်ရှိ ဂိုဏ်းရဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေအနေ ဘယ်လိုရှိလဲ”
ယခင်ဆွေးနွေးချက် ပြီးဆုံးသွားသည်နှင့် ဂိုဏ်းချုပ်မှာ သူ၏ မူလ ပျင်းရိငြီးငွေ့ဖွယ် အခြေအနေသို့ ပြန်ရောက်သွားတော့သည်။
အခြားအကြီးအကဲတစ်ဦးက အစီရင်ခံစာ တင်ပြလာသည်။
“မြို့အနောက်ဘက်က ငှားရမ်းထားတဲ့ လယ်ကွင်းဧက တစ်ထောင်မှာ အထွက်နှုန်း ကောင်းပါတယ်။ မြို့အရှေ့ဘက်က ဧက လေးရာမှာတော့...”
ထိုအကြီးအကဲ၏ တင်ပြချက်အရ အစွန်းရောက်လက်သီးဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများမှာ တက်ရောက်လာသူများရှေ့တွင် တဖြည်းဖြည်း ပေါ်လွင်လာသည်။ လယ်ယာမြေများအပြင် သစ်သီးခြံများ၊ ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ စသည်ဖြင့် အမျိုးမျိုးရှိကြသည်။
သိုင်းပညာကျင့်ကြံရန် ငွေကြေးအမြောက်အမြား လိုအပ်သဖြင့် ဤစီးပွားရေးလုပ်ငန်းများမှ ရရှိသော ငွေကြေးကို သုံးစွဲရပြီး ထိုလုပ်ငန်းများကိုလည်း သိုင်းပညာဖြင့် ပြန်လည်ကာကွယ်ပေးရသည့် သံသရာစက်ဝန်းမှာ ပြည့်စုံလှပေသည်။
သို့သော် ဆေးဖက်ဝင်အပင်စိုက်ခင်းများအကြောင်း ဆွေးနွေးချိန်တွင် လူတိုင်း၏ မျက်နှာမှာ ညှိုးငယ်သွားကြသည်။
“တောင်ခြေက ဆေးခင်းကို လေးလံသောဓားဂိုဏ်းက အခုထိ ပြန်မပေးသေးဘူး”
အကြီးအကဲက ပြောလိုက်သည်။
“အဲဒီစိုက်ခင်းက ငါတို့ဘိုးဘွားတွေ စိုက်ခဲ့တာ။ ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေလည်း ငါတို့ဆီမှာ ရှိတာပဲ။ လေးလံသောဓားဂိုဏ်းက ဘာအကြောင်းပြချက်နဲ့ သိမ်းထားရတာလဲ”
ကျိုးပုဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူတို့ဘက်က အကြီးအကဲဟန်နဲ့ အကြီးအကဲဖေတို့ သေဆုံးသွားတာဟာ ငါတို့နဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။ ခိုင်လုံတဲ့ ဖြေရှင်းချက်မပေးမချင်း ပြန်မပေးဘူးလို့ ပြောနေပါတယ်”
ဖြေရှင်းချက်ဆိုသည်မှာ လျော်ကြေး ပေးရန် ဆိုလိုခြင်းဖြစ်ကြောင်း တက်ရောက်လာသူတိုင်း နားလည်ကြပြီး လေးလံသောဓားဂိုဏ်း၏ ဓားပြဆန်သော လုပ်ရပ်များအပေါ် အလွန်ပင် ဒေါသထွက်နေကြတော့သည်။