အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း။ ၈၉
“အဲ့တုန်းကဆိုရင် ရာစုနှစ်ချီသက်တမ်းရှိတဲ့ ဟိုရှိုဝူကို လိုချင်လို့ သူတို့ဘာသာသူတို့ အဖွဲ့ထဲဝင်ပြီး အမဲလိုက်ခဲ့ကြတာပဲ။ ဝေစုရဖို့ မျှော်လင့်ချက်နဲ့ လိုက်လာခဲ့ကြတာ မဟုတ်လား။ ဝက်ဝံနတ်ဆိုးနဲ့ တိုးတာကတော့ သူတို့ရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ အစွမ်းအစမရှိလို့ပဲ။ ဒါကို ငါတို့အပေါ် ဘယ်လိုလုပ် အပြစ်ပုံချလို့ ရမှာလဲ”
လူလတ်ပိုင်း အမျိုးသမီး အကြီးအကဲတစ်ဦးက မကျေမနပ် ပြောလိုက်သည်။
“အရှက်မရှိလိုက်တာ... တကယ်ကို အရှက်မရှိတာပဲ”
အခြားအကြီးအကဲတစ်ဦးမှာ ဒေါသထွက်လွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများကိုပင် ဆွဲနုတ်မိတော့မတတ် ဖြစ်နေသည်။
“ယုတ်မာလိုက်တာဗျာ”
နောက်တန်းတွင် ရပ်နေသော တပည့်များကြားတွင်လည်း တိုးတိုးတိတ်တိတ် ဝေဖန်သံများ ဆူညံသွားသည်။
“မြို့စားမင်းရဲ့ အိမ်တော်ကိုရော အကြောင်းကြားပြီးပြီလား”
ကျိုးပုဖုန်းက မေးမြန်းလိုက်သည်။
“အကြိမ်ကြိမ် တိုင်ကြားဖူးပါတယ်။ ပထမတစ်ခေါက်တုန်းကတော့ တစ်စုံတစ်ယောက်က လာရောက်စုံစမ်းမေးမြန်းပေးခဲ့ပေမဲ့ နောက်ဆုံးနှစ်ကြိမ်မှာတော့ လုံးဝ ဂရုမစိုက်တော့ဘဲ ငါတို့ဘာသာ ငါတို့ပဲ ဖြေရှင်းကြဖို့ ပြောလာပါတယ်”
စီးပွားရေးလုပ်ငန်းများကို တာဝန်ယူရသော အကြီးအကဲက စိတ်ပျက်လက်ပျက်ဖြင့် တင်ပြသည်။
မြို့စားမင်း အိမ်တော်အနေဖြင့် ဂိုဏ်းများအကြား ဖြစ်ပွားနေသော ဤရှုပ်ထွေးသည့် ကိစ္စများတွင် ကြားဝင်မပါဝင်လိုတော့သည်မှာ ထင်ရှားလှပေသည်။
“ဒါဆိုရင်လည်း ကိုယ့်ဟာကို ပြန်သွားသိမ်းကြတာပေါ့။ သူတို့ကို ဘာကြောက်နေမှာလဲ” အကြီးအကဲ ကျိုးယွမ်ရှင်းက စားပွဲကို ရိုက်ကာ အော်ဟစ်လိုက်သည်။
သူ၏စကားကြောင့် တစ်ခန်းလုံးရှိ လူများမှာ အနေရခက်သွားကြသည်။ အချို့အကြီးအကဲများမှာ စားပွဲကိုသာ စိုက်ကြည့်နေကြပြီး အချို့က လက်သည်းဆိတ်နေကြကာ အချို့မှာလည်း မုတ်ဆိတ်မွေးကိုသာ ပွတ်သပ်နေကြတော့သည်။ ဂိုဏ်းအတွင်း အာဏာအရှိဆုံးဖြစ်သော အကြီးအကဲချုပ် ကျိုးပုဖုန်းပင်လျှင် မျက်နှာပျက်သွားရ၏။
မျက်မှောက်ခေတ် အခြေအနေမှာ ယခင်နှင့် မတူတော့ပေ။ အစွန်းရောက်လက်သီးဂိုဏ်းနှင့် လေးလံသောဓားဂိုဏ်းတို့အကြား ခွန်အားကွာဟချက်မှာ ပိုမိုကြီးမားလာနေသည်။ ကျန်ရှိနေသော လုပ်ငန်းများကိုပင် မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်၏။
“ကဲ... အသစ်ဝင်လာတဲ့ တပည့်တွေအကြောင်း ဆက်ပြောကြရအောင်။ ထူးချွန်တဲ့သူတွေရော ပါသလား”
ကျိုးပုဖုန်းက စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဟွမ်မိသားစုနဲ့ ကျန်းမိသားစုက တပည့်တွေ ပို့ထားတယ်လို့ ငါမှတ်မိတယ်”
“သူတို့မိသားစုတွေက အရှိန်အဝါကြီးမားကြပေမဲ့ အသက်ရှူကျင့်စဉ်ပိုင်းမှာတော့ ငါတို့ဂိုဏ်းကို မမီပါဘူး”
လုံယီကို လူတွေ့စစ်ဆေးခဲ့သော ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက ပြန်လည်ဖြေကြားသည်။
“ဒါပေမဲ့ သူတို့ရဲ့ ပါရမီတွေကတော့ သာမန်ပါပဲ။ တကယ်ထူးချွန်တဲ့သူတွေကိုတော့ ငါတို့ဆီ ပို့မှာမဟုတ်ပါဘူး”
“ပါရမီထူးခြားတဲ့ ညီလေးတစ်ယောက်တော့ ပါပါတယ်”
ရှေ့ဆုံးတန်းတွင်ရပ်နေသော ဝဝတုတ်တုတ် လီယာကွေ့က ဦးညွှတ်ကာ ပြောကြားလိုက်သည်။
“သူက အသက်ရှူကျင့်စဉ်ကို ရက်ပိုင်းအတွင်းမှာတင် တတ်မြောက်သွားခဲ့တာပါ”
“ဪ... ဟုတ်လား”
“ဒါဆိုရင်တော့ တကယ်ကို အံ့သြစရာပဲ”
အကြီးအကဲများမှာ အံ့အားသင့်သွားကြပြီး အချို့က ထိုတပည့်အတွက် အထူးအရင်းအမြစ်များ ခွဲဝေပေးရန်ပင် အကြံပြုလာကြသည်။ အစွန်းရောက်လက်သီးဂိုဏ်း၏ အသက်ရှူကျင့်စဉ်မှာ နားလည်သဘောပေါက်ရန် အလွန်ခက်ခဲလှရာ ၎င်းကို ပိုင်နိုင်သွားပြီဆိုပါက သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်မှာ အလွန်ကြီးမားသွားပြီ ဖြစ်သောကြောင့်ပင်။
“သူ့ကို ကျွန်တော်သိပါတယ်။ နားလည်သဘောပေါက်မှုကတော့ တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ သူက အသက် ၂၀ နား နီးနေပြီလေ”
လီယာကွေ့၏နောက်တွင် ရပ်နေသော ကျိုးယန်က ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။
“ဒီလိုအသက်အရွယ်မျိုးဆိုရင် ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုက တန့်သွားပြီ။ ကံကောင်းလို့ အဆင့်
တက်သွားခဲ့ရင်တောင် သူ့ရဲ့ အလားအလာက အကန့်အသတ်ပဲ ရှိတော့မှာပါ”
အကြီးအကဲ ကျိုးယွမ်ရှင်းကလည်း ထောက်ခံ၍ ပြောလိုက်သည်။
“ခန္ဓာကိုယ် ကြံ့ခိုင်မှုမရှိရင် နားလည်သဘောပေါက်မှု ဘယ်လောက်ကောင်းကောင်း အချည်းနှီးပါပဲ”
အခြားသူတစ်ဦးကလည်း ခေါင်းညိတ်ပြသည်။
“နှမြောစရာပဲ...”
လုံယီ၏ အသက်အရွယ်ကို သိလိုက်ရသောအခါ ယခင်အတွေ့အကြုံများအရ ထိုသူမှာ အဆင့်မြင့်မြင့်သို့ တက်လှမ်းရန် ခက်ခဲမည်ဟု ယူဆကာ အကြီးအကဲများမှာ စိတ်ဝင်စားမှု လျော့နည်းသွားကြတော့သည်။
အစွန်းရောက်လက်သီးဂိုဏ်း၏ အတွင်းစည်းအစည်းအဝေးတွင် သူ့အကြောင်း ပြောဆိုခဲ့ကြသည်ကိုလည်းကောင်း အသက်အရွယ်ကြောင့် အကြီးအကဲများ၏ လျစ်လျူရှုခြင်း ခံလိုက်ရသည်ကိုလည်းကောင်း လုံယီ မသိရှိခဲ့ပေ။ သိခဲ့လျှင်ပင် သူ ဂရုစိုက်မည်မဟုတ်ပေ။
ယခုအခါ သူသည် လျူယွမ် ယူဆောင်လာသော သတင်းစကားအပေါ်တွင်သာ အာရုံအပြည့် ရောက်နေတော့သည်။
“ချင်းဖုန်း ဘုန်းတော်ကြီးကျောင်းက မြို့ထဲမှာ နာရေးနဲ့ တခြား ဘာသာရေးအခမ်းအနားတွေ အမျိုးမျိုး လုပ်ပေးတာဗျ။ မြို့ထဲမှာရှိတဲ့ တစ်ခုတည်းသော တာအိုကျောင်းပဲ”
လျူယွမ်က ပြောပြသည်။
“အခမ်းအနားတွေ လုပ်ပေးတာလား”
လုံယီ၏ မျက်လုံးများ အရောင်တောက်သွားသည်။
သာမန်အတိုင်း သေဆုံးသူများအတွက် ဘာသာရေးအခမ်းအနားများ ပြုလုပ်ရန် ငွေအမြောက်အမြား အသုံးခံပါ့မလား ရှိနိုင်သော်လည်း များပြားမည်မဟုတ်ပေ။
ဆိုလိုသည်မှာ ချင်းဖုန်းကျောင်း၏ အဓိကဖောက်သည်များကို စုံစမ်းနိုင်လျှင် မတော်တဆ သေဆုံးသူ သို့မဟုတ် သဘာဝအတိုင်း မဟုတ်ဘဲ သေဆုံးသူ များကို ရှာတွေ့နိုင်ခြေ များလှသည်။
စွမ်းအင် အလွန်အမင်း လိုအပ်နေသဖြင့် လုံယီသည် သတင်းအချက်အလက် စုဆောင်းရန် ချင်းဖုန်းကျောင်းသို့ သွားရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။
ချင်းဖုန်းကျောင်းသည် ထိုင်မြို့အတွင်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည်။
ထိုတောင်မှာ အလွန်မမြင့်လှဘဲ ပေတစ်ထောင်ခန့်သာ မြင့်သည်။ တောင်ကုန်းတစ်ခုလုံးတွင် လက်ဖက်ပန်းပင်များ စိုက်ပျိုးထားပြီး လက်ရှိတွင် ပွင့်နေကြသဖြင့် ဝါထိန်နေသော ပန်းခင်းကြီးအလား လှပနေ၏။ တောင်တက်လမ်းမှာလည်း မတ်စောက်ခြင်းမရှိဘဲ ခက်ခဲသောနေရာများတွင် ကျောက်လှေကားထစ်များကို စနစ်တကျ ပြုလုပ်ထားသည်။
ကျောင်းသို့သွားရာ လမ်းတစ်လျှောက်တွင် လူအများအပြားဖြင့် စည်ကားလျက် ရှိသည်။
သားနားလှပစွာ ဝတ်ဆင်ထားသော ကုန်သည်များ၊ ရိုးရှင်းသော အဝတ်အစားများဖြင့် သာမန်အရပ်သားများနှင့် တောင်ထိပ်ပေါ်သို့ မျှော်လင့်ချက်အပြည့်ဖြင့် ငေးကြည့်နေကြသော အမျိုးသမီးငယ်များစွာကို တွေ့ရသည်။
လုံယီသည် လူသားအရေပြားမျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး မည်သူမျှ သတိမပြုမိနိုင်သော သာမန်လူတစ်ဦးအသွင်သို့ ပြောင်းလဲကာ တောင်တက်လမ်းပေါ်ရှိ လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားသည်။ လေအဝေ့တွင် လူတို့၏ စကားပြောဆိုသံများမှာ လုံယီ၏ နားထဲသို့ တိုးဝင်လာ၏။
“ဒီနေ့ ကျောင်းထိုင်ဆရာကြီး ရှိမလားမသိဘူး။ ဆရာကြီးရဲ့ ဟောကိန်းတွေက တကယ်မှန်တာ။ တစ်ခါမှ မလွဲဖူးဘူးလို့ ပြောကြတယ်”
“ဒီတစ်ခေါက်မှ သားဆုမရရင်တော့ ငါ မယားငယ်ယူရတော့မယ်။ ငါ့ကို အပြစ်မတင်နဲ့တော့ မိန်းမရာ...”
“မနှစ်က ကံသိပ်မကောင်းဘူး။ အန္တရာယ်ကင်းဖို့အတွက် တာအိုဆရာလျူဆီမှာ အဆောင်တစ်ခုလောက် တောင်းရမယ်”
ထိုင်မြို့၏ တစ်ခုတည်းသော တာအိုကျောင်းဖြစ်သည့် ချင်းဖုန်းကျောင်းသည် နာရေးအခမ်းအနားများသာမက အချစ်ရေး၊ ကံကြမ္မာဟောစမ်းခြင်း၊ သားဆုပန်ခြင်းနှင့် ကောင်းချီးမင်္ဂလာတောင်းခံခြင်း ဝန်ဆောင်မှုများကိုပါ တစ်ပြိုင်နက် ပေးအပ်နေခြင်း ဖြစ်သည်။ တောင်ထိပ်သို့ ရောက်သောအခါ ခန့်ညားထည်ဝါလှသော တာအိုကျောင်းတော်ကြီးကို မြင်တွေ့လိုက်ရသည်။
မြင့်မားကျယ်ဝန်းသော အနက်ရောင်တံခါးကြီးများ၊ အနီရောင်နံရံများနှင့် နေရောင်အောက်တွင် တလက်လက်တောက်နေသော အပြာရောင်အုတ်ကြွပ်များ...
တံခါးဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးပေါ်မှ ရွှေရောင်စာလုံးကြီးများဖြင့် ရေးထိုးထားသည့် ချင်းဖုန်းကျောင်း ဟူသော စာသားမှာ လူအများ၏ အာရုံကို ဖမ်းစားထားလေသည်။
ကျောင်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပေခန့် နက်သော စက်ဝိုင်းပုံ ရေကန်တစ်ခုကို တွေ့ရ၏။ ရေကန်အောက်ခြေတွင် ကြေးဒင်္ဂါးပုံကြီးကို ရှင်းလင်းစွာ မြင်တွေ့ရပြီး လူအများကလည်း ဒင်္ဂါးများကို ဆက်လက် ပစ်ထည့်နေကြသည်။
ရေကန်ကို ကျော်ဖြတ်ပြီးနောက် ခန်းမဆောင်ကြီး သုံးခုကို တွေ့ရသည်။ နဂါးရုပ်များ ထွင်းထုထားသော ကျောက်တိုင်ကြီးများနှင့် ရွှေရောင်အမွှေးတိုင်အိုးများမှ ထွက်ပေါ်လာသော အမွှေးတိုင်နံ့များမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေ၏။
ဘယ်ဘက်ရှိ ဘိုယွမ်ခန်းမရှေ့တွင် ဗေဒင်နှင့် ကံကြမ္မာဟောစမ်းခြင်း ဟူသော အလံတစ်ခု စိုက်ထူထားပြီး တာအိုဆရာငယ်လေးတစ်ဦးက အမျိုးသမီးတစ်ဦး၏ လက်ဖဝါးကို သေချာစွာ စစ်ဆေးနေသည်။
ညာဘက်ရှိ ယန်ချင်းခန်းမတွင်မူ သားဆုပေးသည့် နတ်သမီးရုပ်တုရှေ့၌ အမျိုးသမီးတစ်တန်းကြီး ဒူးထောက်နေကြပြီး နတ်စင်ပေါ်တွင် ဆုတောင်းအိတ်ငယ်များ ပုံနေတော့သည်။
အလယ်ရှိ ရွှမ်ရှူးခန်းမ အတွင်းမှမူ တရားရွတ်ဖတ်သံများ ထွက်ပေါ်နေသည်။ ရှေ့ဘက်တွင် တာအိုဆရာတစ်ဦးသည် မက်မွန်သားဓား ကို ကိုင်ဆောင်ကာ စွမ်းအင်သင်္ကေတများပေါ်တွင် ခြေလှမ်းကျင်းပနေပြီး ဖယောင်းတိုင်အလင်းအောက်တွင် အဆောင်စက္ကူနီများမှာ ဝဲပျံနေကြသည်။
ဘေးဘက်ရှိ အခန်းငယ်နှစ်ခုမှာ သိပ်မကျယ်လှသဖြင့် တစ်ချက်ကြည့်ရုံနှင့် အဆုံးထိ မြင်နိုင်ပေသည်။
လုံယီသည် အလယ်ခန်းမသို့ ဝင်ရောက်ကာ ခေတ္တမျှ စောင့်ကြည့်လေ့လာရာ ဝတ်ပြုသူအများစုမှာ ကောင်းချီးတောင်းရန် လာကြသူများသာ ဖြစ်ပြီး နာရေးအခမ်းအနား ပြုလုပ်သူများကိုမူ မတွေ့ရပေ။
သူသည် အတွင်းခန်းမထဲသို့ ဝင်ရန် ကြိုးစားလိုက်စဉ်မှာပင် အဝါရောင် ကုသိုလ်မှတ်တမ်းစာအုပ်ကို ကိုင်ဆောင်ထားသော လူလတ်ပိုင်း တာအိုဆရာတစ်ဦးက ပြုံးရွှင်စွာဖြင့် သူ့ထံ ချဉ်းကပ်လာခဲ့သည်။
“ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ ကောင်းချီးတောင်းမလို့လား ဒါမှမဟုတ် နာရေးအခမ်းအနား ပြုလုပ်ချင်လို့လား”
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း လျှောက်ကြည့်နေတာပါ”
“ဒကာကြီးရဲ့ အသွင်အပြင်က ထူးခြားပြီး ကံကောင်းမယ့် လက္ခဏာတွေ ရှိနေတာပဲ။ ဒကာကြီးရဲ့ စည်းစိမ်ဥစ္စာနဲ့ ကံကြမ္မာတွေ ပိုပြီးတိုးတက်လာအောင် ကုသိုလ်ဒါနပြုဖို့ စိတ်ဝင်စားပါသလား”
လုံယီက ခေါင်းခါငြင်းဆိုလိုက်သော်လည်း တာအိုဆရာသည် စိတ်မဆိုးဘဲ အခြားလူများကို မေးမြန်းရန် ထွက်ခွာသွားသည်။ သို့သော် လုံယီက အတွင်းခန်းမထဲသို့ ဝင်ရန် ကြိုးစားသောအခါ အခြားတာအိုဆရာတစ်ဦးက ရှေ့မှပိတ်ရပ်ကာ တားဆီးလိုက်သည်။
“ထားလိုက်ပါတော့လေ”
လုံယီလည်း အတင်းမတိုးတော့ဘဲ ကျောင်းတံခါးဝမှ ထွက်ကာ အခြားနေရာများကို စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။
ရုတ်တရက် သူ၏မျက်လုံးများက ဘေးဘက်ရှိ ခန်းမဆောင်ငယ်လေးတစ်ခုအနားမှ မြက်ပင်များ ဖုံးလွှမ်းနေသော လမ်းကျဉ်းလေးတစ်ခုဆီသို့ ရောက်သွားသည်။
ထိုနေရာတွင် မီးခိုးရောင် ဦးထုပ်ဆောင်းကာ အပြာရောင်ဝတ်စုံဝတ်ထားသော ဝတုတ်တုတ်တစ်ဦးနှင့် ပိန်လှီလှီတစ်ဦးတို့သည် လူရိပ်လူခြေကို ကြည့်ရင်း ထိုလမ်းထဲသို့ တိုးဝင်သွားကြသည်ကို တွေ့လိုက်ရ၏။
လေးလံသောဓားဂိုဏ်းက လူတွေ ဒီကို ဘာလာလုပ်တာလဲ။
သူတို့ အဝတ်အစားတွေ လဲထားပြီး ထင်ရှားလှတဲ့ ဓားပြားကြီးတွေကို မလွယ်ထားကြပေမဲ့ လုံယီကတော့ သူတို့ကို မှတ်မိသည်။
အထူးသဖြင့် ဟွမ်လုံကန်းကို ရိုက်ခဲ့သည့် ဝတုတ်လေး၏ မျက်နှာကတော့ မေ့စရာမရှိပေ။
လုံယီသည် သင့်တော်သော အကွာအဝေးမှနေ၍ သူတို့နောက်သို့ တိတ်တဆိတ် လိုက်သွားလေသည်။ လမ်းကျဉ်းလေးအတိုင်း ဘယ်ညာကွေ့ပတ်လိုက်သွားပြီးနောက် တံခါးဝတစ်ခုတွင် စောင့်နေသော တာအိုဆရာတစ်ဦးကို တွေ့လိုက်ရ၏။ သို့သော် ၎င်းက လုံယီအတွက် အခက်အခဲ မဟုတ်ပေ။
သူသည် ရိပ်မိခြင်းမခံရမည့် အနီးဆုံးနေရာသို့ ကပ်သွားပြီး ကျောက်ခဲတစ်လုံးဖြင့် တာအိုဆရာ၏ ခေါင်းကို တိကျစွာ ပစ်လိုက်သည်။
“ဘယ်သူလဲကွ တောက်”
ဒေါသထွက်သွားသော တာအိုဆရာသည် သူ့ကို ဘယ်သူလာစသလဲဆိုသည်ကို ကြည့်ရန် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။ ထိုအခိုက်အတန့်တွင် လုံယီသည် ကိုယ်ဖော့ပညာကို အသုံးပြုကာ တာအိုဆရာ၏ နောက်ကျောမှနေ၍ တံခါးကို အသာအယာ ကျော်ဖြတ်သွားတော့သည်။
ယခုအခါ လုံယီ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်ရာ သူလှုပ်ရှားလိုက်လျှင် အနက်ရောင် အရိပ်တစ်ခုမျှသာ မြင်တွေ့နိုင်မည်ဖြစ်သည်။
တာအိုဆရာမှာ သူ၏မျက်လုံးကို ပွတ်ရင်း သူ မှားမြင်တာဖြစ်မည်ဟု တွေးကာ တံခါးဝသို့ ပြန်သွားခဲ့သည်။
တံခါးနောက်ဘက်တွင် ကျောက်ခင်းလမ်းတစ်ခု ရှိနေပြီး ထိုလမ်းအဆုံးတွင် တစ်ပေခွဲခန့် မြင့်သော နံရံများဖြင့် ကာရံထားသော ဥယျာဉ်တစ်ခု ရှိသည်။
ဝတုတ်လေးနှင့် ပိန်လှီလှီလူမှာ သူတို့နောက်တွင် လူပါမပါ နောက်လှည့်ကြည့်ပြီးနောက် နံရံကို အရှိန်ယူကာ ကျွမ်းကျင်စွာပင် ကျော်တက်သွားကြသည်။
ဥယျာဉ်အတွင်း၌မူ ပန်းများ ဝေေဝဆာဆာ ပွင့်နေပြီး မွှေးရနံ့များကလည်း ပျံ့လွင့်နေ၏။ မြင်းမျက်နှာနှင့်တူသော လူလတ်ပိုင်း တာအိုဆရာတစ်ဦးက ထိုလူနှစ်ဦးကို ကြိုပြောလိုက်သည်။ ထူးခြားသည်မှာ ထိုဆရာ၏ ဘေးတွင် အလွန်လှပသော တာအိုအမျိုးသမီးအချို့လည်း ပါဝင်နေခြင်းပင်။
အခန်း။ ၉၀
“အို... အထူးဧည့်သည်တော်ကြီးတွေပါလား။ မတွေ့ရတာ ကြာပြီနော်”
မြင်းမျက်နှာနှင့် တာအိုဆရာက ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
“ဟဲဟဲ... ဒီရက်ပိုင်း စာဖတ်တာနဲ့ပဲ အလုပ်ရှုပ်နေလို့ပါဗျာ”
ဝတုတ်လေးက ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်း ပြောသည်။
ဘေးမှ ပိန်လှီလှီလူကမူ ခေါင်းကို အသာအယာ ငြိမ့်ပြရုံသာ တုံ့ပြန်ရာ သူသည် စကားပြောဆို ဆက်ဆံရေးတွင် သိပ်မကျွမ်းကျင်ကြောင်း သိသာလှသည်။
သို့သော် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများမှာ တာအိုဆရာ၏ နောက်ကျောဘက်သို့ မကြာခဏ ရောက်ရှိနေပြီး ဖုံးကွယ်မရသော လောဘဇောများ ရိပ်ထွက်နေသည်။
သူတို့၏ အလျင်စလိုဖြစ်နေမှုကို သတိပြုမိသော တာအိုဆရာသည် နားလည်မှုရှိရှိ ရယ်မောလိုက်ပြီး သူတို့ကို နောက်ဘက်ရှိ အခန်းများဆီသို့ ခေါ်ဆောင်သွားတော့သည်။
ခေတ္တမျှ ကြာပြီးနောက်... လုံယီသည် အပြာရောင် ပန်းအုံကြီးတစ်ခု၏ နောက်ကွယ်မှ ထွက်ပေါ်လာပြီး သူ၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ရှိနေ၏။
သူတို့ ဒီကို ဘာလာလုပ်တာလဲ။
သူသည် ဥယျာဉ်ကို ကျော်ဖြတ်ကာ အပြာရောင် ကျောက်ပြားများ ခင်းထားသော လမ်းငယ်လေးအတိုင်း လိုက်သွားခဲ့သည်။
လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် သစ်သီးပင်များ စီတန်းလျက်ရှိပြီး ထိုအပင်များ၏ နောက်ကွယ်တွင်မူ အခန်းငယ်များစွာ ပါဝင်သော ခြံဝင်းလေးများကို တွေ့ရသည်။ ကြည့်ရသည်မှာ ရွာငယ်လေးတစ်ရွာနှင့်ပင် တူလှသည်။
သူ၏ နားများမှာ အစွမ်းကုန် နားစွင့်လျက် ရှိပြီး သစ်ပင်များကြားတွင် မျောက်တစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားရင်း ရှေ့မှ လူများ၏ ခြေသံအတိုင်း လိုက်လာခဲ့သည်။ နောက်ဆုံးတွင် သိသာထင်ရှားမှုမရှိသော ခြံဝင်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။
ဤနေရာတွင် ဝတုတ်လေး၊ ပိန်လှီလှီလူနှင့် မြင်းမျက်နှာ တာအိုဆရာတို့မှာ အသီးသီး လမ်းခွဲလိုက်ကြသည်။ တစ်ဦးချင်းစီသည် တာအိုအမျိုးသမီး တစ်ဦးစီကို ခေါ်ဆောင်ကာ အခန်းများအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားကြပြီး ဒုန်းခနဲ တံခါးများကို ပိတ်လိုက်ကြတော့သည်။
သူတို့ ဘာလုပ်ရန် ကြံစည်နေကြသည်မှာ သိသာလှသည်။
လုံယီသည် အခြားသော ခြံဝင်းတစ်ခုကို ရွေးချယ်လိုက်သည်။ သူ၏ သာမန်ထက် ထူးကဲသော အာရုံခံနိုင်စွမ်းကြောင့် အရပ်မျက်နှာ အနှံ့အပြားမှ ညည်းညူသံသဲ့သဲ့များကို ကြားနေရ၏။
သူသည် အခန်းတစ်ခန်းကို မတော်တဆ ရွေးချယ်ကာ ပြတင်းပေါက်စက္ကူကို အသာအယာ အပေါက်ဖောက်၍ ချောင်းကြည့်လိုက်ရာ အတွင်းမှ ကြည့်မကောင်းသော မြင်ကွင်းများကို တွေ့လိုက်ရလေသည်။
“ဒါ တကယ့် ကာမဘုံကြီးပဲလား”
လုံယီက စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သူ ဆက်လက်စုံစမ်းနေစဉ်မှာပင် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထိုနေရာရှိ အမျိုးသမီးတိုင်းမှာ မိမိဆန္ဒအလျောက် ရောက်နေကြခြင်း မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။
ရိုက်နှက်သံများ၊ ငိုရှိုက်သံများ၊ ရုန်းကန်သံများ၊ ကျိန်ဆဲသံများနှင့် အသနားခံသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။
ဤအချက်က အခြေအနေအားလုံးကို ပြောင်းလဲစေခဲ့သည်။
အကယ်၍ သူတို့သည် ပြည့်တန်ဆာများ မဟုတ်ကြပါက ချင်းဖုန်းကျောင်းသည် လူကုန်ကူးမှုနှင့် အဓမ္မစေခိုင်းမှုများကို လုပ်ဆောင်နေခြင်းဖြစ်ရာ ၎င်းမှာ အလွန်ပင် ယုတ်မာရက်စက်သော လုပ်ရပ်ဖြစ်သည်။
ဤသို့တွေးမိသည်နှင့် လုံယီ၏ ရင်ထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာတော့သည်။ သူသည် သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သတ်ဖြတ်လိုသည့် စိတ်အာရုံကို အတင်းအကျပ် နှိပ်ကွပ်လိုက်၏။
ထိုစဉ် လမ်းပြပေးခဲ့သော မြင်းမျက်နှာနှင့် တာအိုဆရာသည် ခြံဝင်းတစ်ခုအတွင်းမှ ကျေနပ်အားရသော အမူအရာဖြင့် ပြန်လည်ထွက်ခွာလာသည်ကို တွေ့လိုက်ရသည်။
သူသည် လက်ထဲမှ ငွေစက္ကူများကို အသာအယာ ခါယမ်းနေပြီး ၎င်းမှထွက်ပေါ်လာသော ရှဲရှဲ ဟူသော အသံကို သာယာစွာ နားထောင်နေ၏။
လုံယီသည် မြင်းမျက်နှာ တာအိုဆရာနောက်သို့ လိုက်ပါသွားရာ သူသည် အတွင်းဘက်ရှိ ခြံဝင်းတစ်ခုထဲသို့ ဝင်သွားသည်ကို တွေ့ရသည်။ ထိုခြံဝင်း၏ အပြင်ဘက်တွင်မူ ဓားလွယ်ထားသော အရပ်ရှည်ရှည် တာအိုဆရာ နှစ်ဦးက အစောင့်အကြပ်အဖြစ် ရပ်နေကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် လုံယီ၏ ခန္ဓာကိုယ်မှာ တင်းမာသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့မှာ ချီစွမ်းအင် မြှင့်တင်ထားသောသိုင်းပညာရှင်များ ဖြစ်နေသောကြောင့်ပင်။
ကလောက်…
သော့ခတ်သံ သဲ့သဲ့ကို သူ ကြားလိုက်ရသည်။ ခေတ္တမျှကြာသောအခါ မြင်းမျက်နှာ တာအိုဆရာသည် ထိုခြံဝင်းထဲမှ ပြန်လည်ထွက်ခွာလာခဲ့သည်။
အထဲမှာ အဖိုးတန်တဲ့အရာ တစ်ခုခု ရှိနေရမယ်။
လုံယီသည် သေချာပေါက် သိလိုက်သော်လည်း အလျင်မလိုဘဲ သစ်ပင်ထိပ်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ တာအိုဆရာတစ်ဦးတည်းကိုဆိုလျှင် သူ ချက်ချင်း သတ်ဖြတ်နိုင်သော်လည်း နှစ်ဦးဖြစ်နေပါက အခြေအနေမှာ ခက်ခဲသွားနိုင်သည်။ အကယ်၍ မအောင်မြင်ခဲ့ပါက ကျန်ရှိနေသောသူများကို သတိပေးသလို ဖြစ်သွားပေလိမ့်မည်။ ချင်းဖုန်းကျောင်းအတွင်း၌ မည်မျှအထိ အစွမ်းထက်သော ပညာရှင်များ သို့မဟုတ် ချီလည်ပတ်ခြင်းအဆင့် သိုင်းပညာရှင်များ ပုန်းအောင်းနေမည်ကို မသိနိုင်သဖြင့် အထူးပင် သတိထားရပေမည်။
နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ တာအိုဆရာတစ်ဦးမှာ မနေနိုင်တော့ဘဲ အပေါ့အပါးသွားရန် ထွက်သွားခဲ့ရာ အစောင့်တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
ဒါ ငါ့အတွက် အခွင့်အရေးပဲ။
လုံယီသည် အိတ်ကပ်ထဲမှ ကျောက်ခဲတစ်လုံးကို ထုတ်ယူလိုက်သည်။
ရှူး...
ကျောက်ခဲသည် အစောင့်၏ ဘေးနံရံကို ထိမှန်သွားပြီးနောက် သူ၏ ဦးခေါင်းနောက်စိသို့ ပြန်ကန်ထွက်သွားကာ မှန်သွားတော့သည်။
“အင်...”
အစောင့်သည် သူ၏ခေါင်းကို မထိဘဲမနေနိုင်ဖြစ်သွားပြီး သဘာဝအလျောက် သူ၏ ညာဘက်ပုခုံးပေါ်မှနေ၍ နောက်သို့ လှည့်ကြည့်လိုက်လေသည်။
အခွင့်အရေးကို လက်မလွတ်စတမ်း ဖမ်းဆုပ်လိုက်ပြီး လုံယီသည် ငှက်ကြီးတစ်ကောင်အလား သစ်ပင်ပေါ်မှ ဝဲဆင်းကာ အစောင့်ရှိရာနေရာသို့ အရှိန်ဖြင့် ထိုးဆင်းသွားတော့သည်။
ခေါင်းပေါ်တွင် အရိပ်တစ်ခု ကျလာသည်ကို အာရုံရလိုက်သဖြင့် အစောင့်သည် ဗီဇအရ အပေါ်သို့ မော့ကြည့်လိုက်မိ၏။ သို့သော် သူ ရှင်းရှင်းလင်းလင်း မမြင်ရမီမှာပင် မမြင်ရသော စွမ်းအင်တစ်ခုက သူ၏ဦးခေါင်းကို လွှမ်းခြုံသွားပြီး ဦးနှောက်မှာ ချက်ချင်းဆိုသလို ဗလာဖြစ်သွားကာ ခန္ဓာကိုယ်မှာလည်း တောင့်တင်း၍ ထိန်းချုပ်မရ ဖြစ်သွားတော့သည်။
ဖောက်….
ထို့နောက် လက်ဝါးစောင်းဖြင့် လည်ပင်းသွေးကြောမကြီးကို ပြတ်သားစွာ ရိုက်ချလိုက်သည်။ အစောင့်သည် မျက်စိရှေ့တွင် မှောင်အတိကျသွားကာ မည်သည့်အရာကိုမျှ သတိမပြုမိတော့ဘဲ ပျော့ခွေကျသွားလေတော့သည်။
လုံယီသည် ခြံဝင်းအတွင်းသို့ အသာအယာ ချဉ်းကပ်သွားရာ အနက်ရောင် သံတံခါးကြီးတစ်ချပ်ကို တွေ့လိုက်ရသည်။ တံခါးတွင် ကလေးလက်မောင်းခန့် တုတ်ခိုင်သော ကြေးသော့ခလောက်ကြီး တစ်ခုကို ချိတ်ဆွဲထား၏။
သိုင်းပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ချင်းဖုန်းကျောင်းအတွင်းရှိ ပညာရှင်များကို မသိအောင် ဤသော့ခလောက်ကို တစ်ချက်တည်းနှင့် ရိုက်ချိုးရန်မှာ မလွယ်ကူပေ။
သို့သော် ဤအရာမှာ လုံယီအတွက် အခက်အခဲ မဟုတ်ပေ။ သူ၏ ညာဘက်လက်ဖဝါးထဲတွင် တစ်လက်မခန့် ရှည်လျားပြီး အနည်းငယ် ကောက်နေသော ငွေအပ်တစ်ချောင်း ပေါ်လာသည်။ ထို့နောက် သူသည် ထိုအပ်ကို ကြေးသော့ခလောက်အတွင်းသို့ ထည့်ကာ ကျွမ်းကျင်စွာ လှည့်ပတ်ကလိလိုက်ရာ ကလောက်... ကလောက် ဟူသော အသံနှင့်အတူ သော့မှာ အလွယ်တကူ ပွင့်သွားတော့သည်။
ဤငွေအပ်မှာ ထောင်ဖောက်စဉ်တုန်းက လျူစီပေးခဲ့သော အပ်ဖြစ်ပြီး အကြိမ်ပေါင်းများစွာ အသုံးဝင်ခဲ့သည်။
လုံယီသည် သံတံခါးကို ဖွင့်လိုက်ရာ အတွင်း၌ ငွေရောင်တဖျပ်ဖျပ် တောက်နေသော သံဗီရိုကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ဗီရိုထဲတွင် အံဆွဲများစွာ ရှိနေပြီး အံဆွဲတစ်ခုချင်းစီကိုလည်း ကြေးသော့အသေးလေးများဖြင့် ခတ်ထားပြန်သည်။ သူသည် အံဆွဲတစ်ခုကို ရွေးချယ်ကာ သော့ဖွင့်လိုက်ပြီးနောက် သန့်ရှင်းစင်ကြယ်နေသော ငွေစက္ကူအထပ်လိုက်ကို ဆွဲထုတ်လိုက်၏။
ငွေစက္ကူတစ်ရွက်လျှင် ငွေ ၅၀ တန်ဖိုးရှိပြီး စုစုပေါင်းဆိုလျှင် ငွေ ၁,၀၀၀ ကျော်ခန့် ရှိပေလိမ့်မည်။
ကွက်တိပဲ။
ဒီရက်ပိုင်း ငါ ငွေလိုနေတာ။
လုံယီ ဝမ်းသာသွားသည်။
ကျောက်တုံးဝိညာဉ်၊ ဖီးနစ်သွေးကျောက်၊ ဝိညာဉ်သားရဲ အသားခြောက်နဲ့ လက်နက်တွေ ဝယ်ဖို့ဆိုတာ ငွေတွေ အများကြီး လိုအပ်တယ်။
သူသည် နောက်ထပ် အံဆွဲတစ်ခုကို ချက်ချင်းပင် ထပ်မံဖွင့်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ငွေစက္ကူများအစား အလားတူအထူရှိသော စာရင်းစာအုပ်အလွတ်တစ်အုပ်ကို တွေ့လိုက်ရ၏။
တော်တော်ပါးနပ်တဲ့လူပဲ ပစ္စည်းတွေကို ခွဲထားတာကိုး။
ပိုင်ရှင်ဖြစ်သူ၏ စေ့စပ်သေချာလွန်းသော အတွေးအခေါ်ကို လုံယီ သဘောကျမိရင်း ကျန်ရှိနေသော အံဆွဲများကို ဆက်လက်ဖွင့်လိုက်သည်။ အံဆွဲ ဆယ်ခုခန့်ကို ထပ်မံဖွင့်ပြီးနောက်တွင်မူ ငွေစက္ကူ နှစ်ထုပ် ထပ်မံရရှိခဲ့လေသည်။
ရုတ်တရက် လုံယီ၏ နားများ လှုပ်ခတ်သွားသည်။ ကျောက်ခဲပစ် ကျွမ်းကျင်မှုကြောင့် ရရှိထားသော သူ၏ ထက်မြက်လှသော အာရုံခံစားမှုက ခြံဝင်းအပြင်ဘက် မီတာတစ်ရာခန့်အကွာမှ အလျင်စလို လျှောက်လာနေသော ခြေသံများကို ဖမ်းယူရရှိလိုက်သည်။ ထိုခြေသံများသည် သူရှိရာနေရာသို့ တည့်တည့်မတ်မတ် ဦးတည်နေခြင်း ဖြစ်၏။
လုံယီသည် နှစ်ခါပြန်မစဉ်းစားတော့ဘဲ သူ၏ ကိုယ်ဖော့ပညာကို အသက်သွင်းလိုက်ရာ ချက်ချင်းပင် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နံရံ၏ အခြားတစ်ဖက်သို့ ခုန်ကျော်ထွက်ခွာသွားတော့သည်။
“တောက် ဒါ ဘယ်သူလုပ်တာလဲ ဖမ်းကြစမ်း”
ဒေါသတကြီး အော်ဟစ်သံတစ်ခုမှာ နောက်ကွယ်မှ သဲ့သဲ့ထွက်ပေါ်လာသည်။
ဒေါင်... ဒေါင်... ဒေါင်
တောင်ပေါ်ရှိ ခေါင်းလောင်းသံမှာ ရုတ်တရက် မြည်ဟီးလာပြီး ဓားလွယ်ထားသော တာအိုဆရာတစ်စုမှာ ခန်းမဆောင်အတွင်းမှ ပြေးထွက်လာကြသည်။
သို့သော် ချင်းဖုန်းကျောင်းသည် ပေတစ်ထောင်မြင့်သော တောင်ပေါ်တွင် တည်ရှိပြီး မြေမျက်နှာသွင်ပြင်မှာ ရှုပ်ထွေးလှကာ သစ်ပင်သစ်တောများလည်း ထူထပ်လှသည်။
ထို့ပြင် နေဝင်ရီတရောအချိန်လည်း ဖြစ်နေပြီဖြစ်ရာ ရှောင်တိမ်းပုန်းကွယ်မှုတွင် အတွေ့အကြုံရင့်ကျက်လှသော လုံယီကို သူတို့ ဘယ်လိုလုပ် ဖမ်းမိနိုင်မှာလဲ။
စိတ်ပျက်လက်ပျက်ဖြစ်နေသော တာအိုဆရာများ ကျောင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားချိန်တွင် လုံယီသည် သူ၏ အိမ်သို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် လျူယွမ်ကို ရှာဖွေကာ မှာကြားလိုက်သည်။
“ဒီနေ့ကစပြီး ချင်းဖုန်းကျောင်းကို ခဏခဏသွား အဲဒီက တာအိုဆရာတချို့နဲ့ မိတ်ဆွေဖွဲ့ထားလိုက်။ သူတို့ နာရေးအခမ်းအနားတစ်ခုခု လုပ်တော့မယ်ဆိုတာနဲ့ ငါ့ကို ချက်ချင်း လာပြောပါ”
လျူယွမ်က အနည်းငယ် စိုးရိမ်ပူပန်ဟန်ဖြင့် “မြစ်ဂိုဏ်းကလူတွေ ပြောတာတော့ အဲဒီက တာအိုဆရာတွေက လူကောင်းတွေမဟုတ်ဘူးတဲ့။ သူတို့က လောဘလည်း တအားကြီးကြတယ်ဗျ”
၎င်းမှာ ဤအလုပ်အတွက် ကုန်ကျစရိတ်များ လိုအပ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“ဒါတွေ ယူသွားလိုက်။ မလောက်ရင် ငါ့ဆီ ထပ်တောင်း”
လုံယီက ငွေစက္ကူ အထပ်လိုက်ကို ဆွဲထုတ်ကာ လျူယွမ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ငွေစက္ကူတစ်ရွက်လျှင် ငွေ ၅၀ တန်ဖိုးရှိသည်ကို မြင်လိုက်ရသောအခါ လျူယွမ်၏ ရင်မှာ ဒိန်းခနဲ ခုန်သွားတော့သည်။
“ဆရာကြီး... ဆရာကြီး တကယ်ကြီး ချမ်းသာသွားတာလားဗျ”
လျူယွမ်က အံ့သြတကြီး အော်ဟစ်လိုက်ပြီး လုံယီကို ဆရာကြီးဟုပင် မနေနိုင်ဘဲ ခေါ်လိုက်မိသည်။
“ကံကောင်းသွားရုံပါပဲ”
လုံယီက ပြုံးလိုက်ရင်း ချင်းဖုန်းကျောင်းအတွင်းရှိ ယုတ်မာသော ကိစ္စရပ်အချို့ကို အကျဉ်းချုံးပြောပြကာ ဂရုစိုက်ရန် မှာကြားလိုက်သည်။
လျူယွမ်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး သူ၏ရင်ဘတ်ကို အားရပါးရ ပုတ်ကာ ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။
“ဒီလောက် ယုတ်မာတဲ့ ကျောင်းမျိုးကိုတော့ အစ်ကိုကြီးလျူအတွက် ကျွန်တော် သေသေချာချာ စုံစမ်းပေးပါ့မယ်ဗျာ”