အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း။ ၉၁
အစွန်းရောက်လက်သီးဂိုဏ်း သိုင်းလေ့ကျင့်ရေးကွင်း…..
“ညီမလေး... မင်းရဲ့ ကိုယ်ဟန်အနေအထားက မမှန်သေးဘူး။ အစ်ကိုကြီး သင်ပေးမယ်။ ဒီနေရာကို တင်းထား၊ ဒီဘက်ကိုတော့ မတ်မတ်ထားရမယ်...”
“အစ်ကိုကြီး... ကျွန်မ ခံစားမိပြီ ခံစားမိပြီ”
ဆံပင်ရှည်များကို ပုခုံးပေါ်သို့ ဝဲကျစေပြီး အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသည့် ကျားဟုန်၏ လှပသောမျက်နှာထက်တွင် ဝမ်းသာပီတိဖြစ်နေသော အမူအရာများ ပေါ်လွင်နေသည်။ အခြားတစ်ဖက်တွင်မူ အတွင်းစည်းတပည့် ကျိုးယန်သည် သူမ၏ အလှအပတွင် မိန်းမောတွေဝေနေပြီး ကျားဟုန်၏ ဖြူစင်ဝင်းပသော မျက်နှာကို မလွှဲမဖယ် စိုက်ကြည့်နေတော့သည်။
“နောက်နှစ်ရက်လောက်နေရင် ဂိုဏ်းရဲ့ အသက်ရှူကျင့်စဉ်ကို ကျွန်မ အကုန်လုံး တတ်မြောက်တော့မယ်လို့ ထင်တယ်”
ကျားဟုန်က ပျော်ရွှင်စွာ ပြောလိုက်သည်။
“အဲဒီကျရင်တော့ အစ်ကိုကြီးရဲ့ ဒီရက်ပိုင်း သင်ကြားပေးခဲ့တဲ့ ကျေးဇူးတွေကို ပြန်ဆပ်တဲ့အနေနဲ့ ကျိဟိုင် စားသောက်ဆိုင်မှာ ကျွန်မ ထမင်းဖိတ်ကျွေးပါရစေနော်”
အသက်ရှူကျင့်စဉ်ကို ပိုင်နိုင်သွားပြီဆိုသည်မှာ သိုင်းပညာရှင်ဖြစ်ရန် လမ်းတစ်ဝက် ရောက်သွားပြီဖြစ်ရာ သူမ အနေဖြင့် စိတ်လှုပ်ရှားမိသည်မှာ မဆန်းပေ။
အတွင်းစည်းတပည့် အတော်များများပင် တစ်နှစ်၊ နှစ်နှစ်ကြာသည်အထိ ဤကျင့်စဉ်ကို မတတ်မြောက်နိုင်ကြချေ။ အကယ်၍သာ ကြန့်ကြာသွားပါက သွေးကြောများမှာ လုံးဝတောင့်တင်းသွားပြီး သိုင်းပညာရှင်ဖြစ်ရန် လမ်းစ ပိတ်သွားနိုင်သောကြောင့်ပင်။
“ဒါက ကိစ္စမရှိပါဘူး”
ကျိုးယန်က ဂရုမစိုက်ဟန်ဖြင့် လက်ခါပြလိုက်ပြီး “အစ်ကိုကြီးတစ်ယောက်အနေနဲ့ ညီမလေးကို လမ်းပြပေးဖို့က ငါ့တာဝန်ပဲ မဟုတ်လား”
သူသည် ကျားဟုန်ကို စွဲလန်းသောအကြည့်ဖြင့် ကြည့်ကာ “ထမင်းကျွေးဖို့ မလိုပါဘူး။ ညီမလေးကို အလကား ငွေကုန်မခံစေချင်ဘူး။ ကြားတာတော့ ချင်းဖုန်းတောင်က လက်ဖက်ပန်းတွေ ဒီရက်ပိုင်း ပွင့်နေပြီဆိုပဲ။ အစ်ကိုကြီးနဲ့အတူ အဲဒီကို အပန်းဖြေခရီး လိုက်ခဲ့ဖို့ ညီမလေးကို ဖိတ်ခေါ်ချင်ပါတယ်”
ကျားဟုန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် တွန့်ဆုတ်သွားလေသည်။
“ဟမ်း... ဟမ်း”
ထိုစဉ် သူတို့နောက်ကွယ်မှ ချောင်းဟန့်သံတစ်ခု ထွက်ပေါ်လာပြီး ဟွမ်လုံကန်းသည် မျက်နှာပျက်ပျက်ဖြင့် အပြင်မှ လမ်းလျှောက်ဝင်လာသည်။
“ညီမလေး... ဒါဆို နောက်မှ ဆက်ပြောကြတာပေါ့”
ကျိုးယန်သည် ဟွမ်လုံကန်းကို နှုတ်ပင်မဆက်ဘဲ တစ်ချက်ကြည့်ကာ အခြားတစ်ဖက်သို့ ထွက်ခွာသွားတော့သည်။
“အခုမှ လာတာလား လုံကန်း”
ကျားဟုန်ကတော့ ဘာမှမဖြစ်သကဲ့သို့ပင် သူ့ကို ပြုံးပြလိုက်သည်။
“မင်း ကျိုးယန်အပေါ် စိတ်ရှိနေတာလား”
ဟွမ်လုံကန်းက အေးစက်စွာ ရယ်မောလိုက်ပြီး “ဟုတ်တာပေါ့လေ... သူက ချီလှည့်ပတ်မှု အဆင့် သိုင်းပညာရှင်ဖြစ်နေပြီပဲ။ ငါ့ထက်လည်း ပါရမီ အများကြီးသာတယ်။ ငါကတော့ အသုံးမကျတဲ့ လူတစ်ယောက်ပဲ မဟုတ်လား”
“လုံကန်းက ဘာလို့ ညီမလေးအပေါ် အဲဒီလောက်အထိ အထင်သေးရတာလဲ”
ကျားဟုန်က စိတ်ထိခိုက်သွားဟန်ဖြင့် “ဒီရက်ပိုင်း အသက်ရှူကျင့်စဉ်ကို နားမလည်နိုင်လို့ ညီမလေးမှာ အိပ်မပျော် စားမဝင် ဖြစ်နေခဲ့ရတာ။ အစ်ကို့ကို အကူအညီတောင်းတော့လည်း အစ်ကိုက မကူညီနိုင်ဘူးလေ။ အဲဒါကြောင့် အစ်ကိုကြီးကျိုးကို နှိမ့်ချပြီး တောင်းပန်ခဲ့ရတာပါ။ ညီမလေးက တကယ်ပဲ အဲဒီလို လုပ်ချင်တယ်လို့ ထင်နေတာလား...”
ဤစကားကို ကြားလိုက်ရသောအခါ ဟွမ်လုံကန်းမှာ အနည်းငယ် အနေရခက်သွားတော့သည်။
အမှန်စင်စစ် သူကိုယ်တိုင်ပင် အသက်ရှူကျင့်စဉ်ကို ပိုင်နိုင်စွာ မတတ်မြောက်သေးရာ ကျားဟုန်ကို ဘယ်လိုလုပ် သင်ကြားပေးနိုင်မှာလဲ။
ကျားဟုန်၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲနေသည်ကို မြင်လိုက်ရသောအခါ သူသည် ပျာပျာသလဲ ဖြစ်သွားပြီး သူမကို အလျင်အမြန်ပင် ချော့မော့ရတော့သည်။
“ဟုန်မေ... စိတ်မပူပါနဲ့တော့။ ကိုယ် ဖေဖေဆီကနေ စိတ်တည်ငြိမ် အမွှေးတိုင် တွေ အများကြီး ထပ်တောင်းထားတယ်။ အဲဒါတွေက မင်းကို အမြန်ဆုံး တတ်မြောက်အောင် ကူညီပေးနိုင်မှာပါ”
သူတို့နှင့် မလှမ်းမကမ်းတွင်ရှိသော လုံယီမှာမူ သူ၏ ထူးကဲသော အာရုံခံစားမှုကြောင့် ဤပြဇာတ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့နေရပြီး အသာအယာ ခေါင်းခါမိသည်။
ဟွမ်လုံကန်းက ကျားဟုန်ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေရှာပြီ။
သနားစရာကောင်းသည်မှာ သူသည် အသုံးတော်ခံနှင့် မျက်နှာလိုမျက်နှာရလုပ်သူ ဘဝမှ လွတ်မြောက်နိုင်ဦးမည် မဟုတ်ချေ။
လုံယီသည် ထိုနေရာမှာပင် အသက်ရှူကျင့်စဉ်ကို အသက်သွင်းကာ လက်သီးများဖြင့် လေ့ကျင့်နေတော့သည်။ သူ၏ ရင်ဘတ်မှာ စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှာ တေးဂီတတစ်ခု၏ နောက်ခံတီးလုံးအလား သူ၏ လှုပ်ရှားမှုများနှင့် ဟန်ချက်ညီနေ၏။
ထိုစဉ် သူ၏ ဘယ်ဘက်ခြေဖဝါးမှ နွေးထွေးသော အရှိန်တစ်ခု ထွက်ပေါ်လာပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်သို့ ဖြတ်သန်းကာ အထက်သို့ စီးဆင်းသွားသည်။ ထိုနွေးထွေးမှုမှာ ခေတ္တမျှ ဝဲလည်နေပြီးနောက် ညာဘက်ခြေဖဝါးဆီသို့ လျင်မြန်စွာ ထိုးဆင်းသွားပြန်သည်။
ထိုအရှိန်အဟုန် စီးဆင်းသွားလေရာ တစ်လျှောက်တွင် သူ၏ သွေးကြောများနှင့် ကြွက်သားများမှာ သံမဏိကို မီးဖုတ်၍ ပုံသွင်းနေသကဲ့သို့ နွေးထွေးလာပြီး ပိုမိုခိုင်မာတောင့်တင်းလာသည်ကို ခံစားရသည်။
အပတ်စဉ် တစ်ပတ်ပြည့်တိုင်း နောက်တစ်ပတ်တွင် ထိုစွမ်းအင်မှာ ပို၍ အားကောင်းလာသည်။ ၎င်းသည် လုံလောက်သော အရှိန်အဟုန်သို့ ရောက်ရှိလာပါက စွမ်းအင်မှာ အရည်အသွေးအဖြစ် ပြောင်းလဲသွားပြီး လျှို့ဝှက်သွေးအဖြစ် ပုံပေါ်လာမည်ဖြစ်သည်။ ထိုအချိန်ကျမှသာ လျှို့ဝှက်သွေးကို အသုံးပြု၍ ရွှမ်တံခါးကို ချိုးဖျက်ကာ သိုင်းပညာရှင်အစစ်အဖြစ် တက်လှမ်းနိုင်မည် ဖြစ်သည်။
နာရီဝက်ခန့် လေ့ကျင့်ပြီးနောက် သွေးကြောများ တင်းလာသည်ကို ခံစားရသဖြင့် ယနေ့အတွက် လေ့ကျင့်မှု လုံလောက်ပြီဖြစ်ကြောင်း လုံယီ သိလိုက်သည်။
စွမ်းရည်ပြမျက်နှာပြင်တွင် သိုင်းပညာရှင်လောင်း တိုးတက်မှုမှာ +၂ တိုးလာခဲ့သည်။ အသက်ရှူကျင့်စဉ် အခြေခံအဆင့်တွင် တစ်နေ့ နာရီဝက် လေ့ကျင့်ပါက +၂ မှတ်စီ တိုးလာခြင်းဖြစ်သည်။ ပိုမိုမြန်ဆန်စွာ အဆင့်တက်လိုပါက အသက်ရှူကျင့်စဉ်၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် လိုအပ်သည်။
လုံယီသည် သူ၏မျက်စိရှေ့တွင် မျက်မှောင်ကြုတ်ကာ သက်ပြင်းချရင်း လက်သီးကျင့်နေသော သူငယ်ချင်း ကျန်းဝေတကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ အခုထိ နားမလည်သေးဘူးလား”
“မင်းသင်ပေးတဲ့ နည်းလမ်းတွေရော ဦးလေးဖန်း သင်ပေးတဲ့ နည်းတွေရော အကုန်စမ်းကြည့်ပြီးပြီ။ ဘာမှမထူးဘူးကွာ ငါက အတာပဲလား မရရင်တော့ အတင်းအကျပ် အဆင့်တက်
နိုင်မယ့် ဆေးကိုပဲ သောက်လိုက်တော့မယ်”
ကျန်းဝေတက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
“ဘယ်လိုဆေးမျိုးမို့လို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ”
လုံယီ အံ့သြသွားရသည်။ ဤနယ်ပယ်မှာ သူ၏ ဗဟုသုတမရှိသော ကွက်လပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
“သွေးလှိုင်းဆေးလုံးကလွဲလို့ တခြားဘာရှိဦးမှာလဲ” ဟု ကျန်းဝေတက ဆိုကာ လုံယီကို ထိုဆေးနှင့်ပတ်သက်၍ ရှင်းပြလေသည်။
သွေးလှိုင်းဆေးလုံး ဆိုသည်မှာ အမည်အတိုင်းပင် သောက်သုံးလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်ကို သဘာဝအလျောက် ဆူပွက်စေပြီး ခန္ဓာကိုယ်ကို သန်မာလာစေကာ ထိုဖြစ်စဉ်မှတစ်ဆင့် အသက်ရှူကျင့်စဉ်ကို အတင်းအကျပ် နားလည်သဘောပေါက်သွားစေခြင်း ဖြစ်သည်။
၎င်းမှာ ရလဒ်ကို အရင်ယူပြီးမှ ဖြစ်စဉ်ကို နောက်ကြောင်းပြန် လိုက်ခြင်းမျိုးဖြစ်ရာ ဖြစ်စဉ်မှတစ်ဆင့် ရလဒ်ကို တွက်ထုတ်ရခြင်းထက် များစွာ ပိုမိုလွယ်ကူလှသည်။ သို့သော် ဘေးထွက်ဆိုးကျိုးများမှာလည်း သိသာလှ၏။
ပထမအချက်မှာ ဤဆေးကိုသုံး၍ သိုင်းပညာရှင် ဖြစ်လာသူသည် ထိုအဆင့်ရှိ အခြားသူများထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အနိမ့်ဆုံးသာ ရှိလိမ့်မည်။ ဒုတိယအချက်မှာ နောက်ထပ် အဆင့်တက်လိုတိုင်း ဆေးဝါးများကိုသာ ဆက်လက်မှီဝဲနေရမည်ဖြစ်ရာ တစ်သက်လုံး ဆေး၏ကျွန် ဖြစ်သွားရပေလိမ့်မည်။
“လောဘမကြီးပါနဲ့ဦး ငါ မင်းကို ကူညီပြီး စစ်ဆေးပေးပါဦးမယ်”
လုံယီသည် ကျန်းဝေတနှင့် သူငယ်ချင်းသံယောဇဉ်ကို တန်ဖိုးထားသဖြင့် သူ့ကို လမ်းမှားမရောက်စေချင်ပေ။
ပေအနည်းငယ်အကွာတွင်မူ ကျင်းဖုန်း တစ်ယောက် အားကျစိတ်ဖြင့် ငေးကြည့်နေသည်။ သူသည် ကျားဟုန်ကဲ့သို့ အလှအပနှင့် ဉာဏ်ရည်လည်း မရှိသလို ကျန်းဝေတ သို့မဟုတ် ဟွမ်လုံကန်းတို့ကဲ့သို့ ဂုဏ်သရေရှိ မိသားစုနောက်ခံလည်း မရှိပေ။ လုံယီကဲ့သို့သော ရင်းနှီးသည့် သူငယ်ချင်းမျိုးလည်း မရှိရှာပေ။
ဤသို့တွေးမိသောအခါ ကျင်းဖုန်း ရင်ထဲတွင် နောင်တအနည်းငယ် ဖြစ်မိသည်။ ယခင်က လုံယီကို ဟွမ်လုံကန်းက ရန်လုပ်နေစဉ်တုန်းက သူ အခွင့်အရေးသမားလို မပြုမူခဲ့သင့်ပေ။ ထိုလုပ်ရပ်ကြောင့် သူ သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရသည်။
ဟူး... ငါ့ဘာသာငါပဲ ကြိုးစားရတော့မှာပေါ့။
ဤအတွေးနှင့်အတူ ကျင်းဖုန်း၏ ညိုမည်းပြီး ရိုးသားသော မျက်နှာထက်တွင် ဝမ်းနည်းရိပ်များ ပေါ်လာတော့သည်။
ကျိဟိုင်စားသောက်ဆိုင်သည် ထိုင်မြို့ တောင်ဘက်ပိုင်း၏ အစည်ကားဆုံး လမ်းမပေါ်တွင် တည်ရှိသည်။ ငါးခေါင်းဟင်းချို၊ အမဲသားကြော် နှင့် ခြင်္သေ့ခေါင်းသားလုံးဟင်း ကဲ့သို့သော နာမည်ကြီး ဟင်းလျာများကြောင့် နာမည်ကျော်ကြားလှသည်။
ဆိုင်၏ တည်ဆောက်ပုံကို အလွှာနှစ်လွှာ ခွဲခြားထားသည်။
ပထမထပ်မှာ သာမန်လူထုအတွက်ဖြစ်ပြီး ကျယ်ဝန်းလင်းထိုင်ကာ အကန့်အသတ်မရှိပေ။ အတွင်း၌ စတုရန်းပုံ စားပွဲနှင့် ထိုင်ခုံရှည်ပေါင်း သုံးဆယ်မှ လေးဆယ်ခန့် ရှိပြီး ဧည့်သည်များမှာ တစ်ဦးနှင့်တစ်ဦး ငါးပေခန့်သာ ကွာဝေးကာ စကားပြောသံ၊ ရယ်မောသံများကို ရှင်းလင်းစွာ ကြားနေရသည်။
ဒုတိယထပ်တွင်မူ သီးသန့်ခန်းများရှိပြီး အတွင်း၌ ရှုခင်းပန်းချီကားများ ချိတ်ဆွဲကာ ထောင့်များတွင် သစ်ခွပန်းအိုးများကို လှပစွာ ပြင်ဆင်ထားလေသည်။
ပန်းပုလက်ရာများ ထွင်းထုထားသော ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်လျှင် လမ်းမပေါ်မှ မြင်ကွင်းတစ်ခုလုံးကို အတိုင်းသား မြင်တွေ့နိုင်လေသည်။
ယခုအခါ ထိုကဲ့သို့သော သီးသန့်ခန်းတစ်ခုအတွင်းရှိ စားပွဲပေါ်တွင် ခြင်္သေ့ခေါင်းသားလုံးဟင်း၊ အမဲသား၊ မြစ်ပုစွန် စသည့် နာမည်ကြီးဟင်းလျာများနှင့်အတူ အကောင်းစား အနီရောင်သမီးပျိုဝိုင်အိုးတစ်အိုးကို ပြင်ဆင်ထားသည်။
စတုရန်းပုံစားပွဲ၏ တစ်ဖက်တစ်ချက်တွင် အနီရောင်ဝတ်စုံဝတ် လူငယ်လေးဦး ထိုင်နေကြပြီး တက်ကြွစွာ စကားစမြည် ပြောဆိုနေကြ၏။ သူတို့ဘေးရှိ ခုံတန်းရှည်ပေါ်တွင်မူ သာမန်ဓားများထက် နှစ်ဆခန့် ပိုမိုကျယ်ပြန့်သော အနက်ရောင် ဓားပြားကြီးများကို တစ်လက်စီ တင်ထားကြသည်။
“ညီလေးချီ... ကျိဟိုင်ရဲ့ ခြင်္သေ့ခေါင်းသားလုံးဟင်းက တကယ်ကို ထူးခြားတာကွ။ အဆီပါပေမဲ့ မအီဘူး။ ဝါးလို့လည်း တအားကောင်းတယ်။ မင်း မြည်းကြည့်ပါဦး”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဟန် ကျွန်တော် မြည်းကြည့်ပါ့မယ်... အင်း တကယ်ကို အရသာရှိတာပဲ။ အရည်ကလည်း ချိုပြီး အသားကလည်း နူးညံ့နေတာပဲ... ကျွန်တော်က နယ်မြို့လေးက လာတာဆိုတော့ လူရာမဝင်တာလေးတွေကို ခွင့်လွှတ်ပေးပါဦးဗျာ”
“ဟာ... နယ်မြို့ဆိုတာ ဘာဆန်းလို့လဲ။ သူရဲကောင်းဆိုတာ ဇာတိကို မမေးရဘူးကွ ညီလေးချီက အသက် ၁၅ နှစ်နဲ့တင် ရွှမ်တံခါးကို ချိုးဖျက်နိုင်ခဲ့တာ။ နောင်တစ်ချိန်မှာ ငါတို့ကတောင် မင်းကို ပြန်အားကိုးရဦးမှာ”
“ဟုတ်ပဗျာ ညီလေးချီ သိုင်းပညာရှင်ဖြစ်လာရင် ငါတို့ကို ကူညီဖို့ မမေ့နဲ့ဦးနော်”
“အစ်ကိုကြီးတို့ကလည်း ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီဗျာ”
ညီလေးချီဟု ခေါ်ဝေါ်ခြင်းခံရသူမှာ အနီရောင်ဝတ်ရုံကို ဆင်မြန်းကာ ခါးတွင် ရွှေစပ်ထားသော အနက်ရောင်ခါးပတ်ကို ပတ်ထားပြီး သားရေဖိနပ်ကို စီးထားသည်။ သူသည် ဖြူစင်သော ရုပ်ရည်ရှိပြီး နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် ကြည့်ကောင်းလှသူ ဖြစ်သည်။ သို့သော် သူ၏မျက်ဝန်းများတွင်မူ ဖုံးကွယ်မရသော အုံ့မှိုင်းမှုတစ်ခု အမြဲကပ်ပါနေပြီး နောက်ခံသမိုင်းကြောင်း တစ်ခုခု ရှိနေသကဲ့သို့ပင်။
မိမိဇာတိမှ ရောက်လာသော စာကို သတိရမိတိုင်း ချီမျိုးရိုးလူငယ်မှာ ရင်ထဲတွင် တစ်ဆို့နေပြီး အမုန်းတရားများမှာလည်း ထိန်းမနိုင်သိမ်းမရ ကြီးထွားလာရသည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကို ထုံထိုင်းသွားစေရန် ဝိုင်ကိုသာ အဆက်မပြတ် သောက်နေမိတော့သည်။
သူ၏ ဝေဝါးနေသော အကြည့်များသည် လမ်းမပေါ်ရှိ လူအုပ်ကြီးဆီသို့ အမှတ်မထင် ရောက်ရှိသွားသည်။ လူအများမှာ သွားလာလှုပ်ရှားနေကြပြီး အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စုံလင်လှ၏။
ရုတ်တရက် ချီမျိုးရိုးလူငယ်၏ မျက်လုံးများမှာ တစ်နေရာသို့ စိုက်ကျသွားပြီး သူ၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့သွားတော့သည်
လူအုပ်ကြီးထဲတွင် အဝါရောင်ဝတ်စုံဝတ်ထားကာ အရပ် ၆ ပေကျော်မြင့်ပြီး ထူထဲသော မျက်ခုံးတန်းများနှင့်အတူ သူရဲကောင်းအရှိန်အဝါရှိသော လူငယ်တစ်ဦးကို သူ တွေ့လိုက်ရခြင်း ဖြစ်သည်။
ဒီမျက်နှာကို သူ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။
မကြာသေးမီက သူ၏ အိပ်မက်များထဲတွင် အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့သော မျက်နှာပင်။
“လုံယီ”
ချီမျိုးရိုးလူငယ်သည် အော်ဟစ်လိုက်ရင်း ဘာကိုမှ မစဉ်းစားတော့ဘဲ ပြတင်းပေါက်မှတစ်ဆင့် လမ်းမပေါ်သို့ ခုန်ချလိုက်တော့သည်။
“ဘာဖြစ်တာလဲ”
သူ၏ အဖော်များမှာလည်း အံ့အားသင့်သွားပြီး ညီငယ်ဖြစ်သူ၏ ဘေးအန္တရာယ်အတွက် စိုးရိမ်ကာ အောက်ထပ်သို့ အပြေးအလွှား ဆင်းကြည့်ကြတော့သည်။
ကျယ်ဝန်းစည်ကားလှသော လမ်းမပေါ်တွင် ချီမျိုးရိုးလူငယ်သည် ရူးသွပ်နေသူတစ်ဦးအလား ဟိုပြေးဒီပြေးဖြင့် ခုနက သူ၏ စိတ်ကို ခြောက်ခြားစေခဲ့သူကို ရှာဖွေနေတော့သည်။
“ဘယ်မှာလဲ... သူ ဘယ်ရောက်သွားတာလဲ”
ချီမျိုးရိုးလူငယ်သည် မကျေမနပ် အော်ဟစ်လိုက်သည်။
“ငါ မှားကြည့်မိတာလား”
သူသည် ခေါင်းငုံ့ကာ ရေရွတ်လိုက်မိသည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
သူသည် ရုတ်တရက် ခေါင်းကို ပြန်မော့လိုက်ရာ သူ၏မျက်လုံးများမှာ သွေးရဲရဲနီလျက် အမုန်းတရားများဖြင့် ပြည့်နှက်နေသဖြင့် မြင်ရသူတိုင်း ကျောစိမ့်သွားရသည်။
“သူပဲ သေချာပေါက် သူပဲ ငါ သူ့ကို ရှာတွေ့အောင် ရှာရမယ်”
အခန်း။ ၉၂
“ညီလေးချီ... ဘာဖြစ်တာလဲ”
“ညီလေး... ငါတို့ ကူညီပေးဖို့ လိုသလား”
ကျိဟိုင် စားသောက်ဆိုင် ဒုတိယထပ်မှ သူ၏ ဂိုဏ်းတူအစ်ကိုများမှာ ချီမျိုးရိုး လူငယ်လေးအတွက် စိုးရိမ်တကြီးဖြင့် အောက်သို့ အပြေးအလွှား ဆင်းလာကြသည်။
“ကျွန်တော့် မိသားစုတစ်စုလုံးကို သတ်ဖြတ်သွားတဲ့ ရန်သူကို ကျွန်တော် မြင်လိုက်ရတယ်”
ချီမျိုးရိုး လူငယ်လေးက အမုန်းတရားများဖြင့် ပြောလိုက်ရင်း သူ၏ နှုတ်ခမ်းကို သွေးထွက်သည်အထိ တင်းတင်းစေ့ထားလေသည်။
“ဘယ်မှာလဲ သူ ငါတို့ အတူတူသွားဖမ်းကြတာပေါ့”
တစ်ဦးက သူရဲကောင်းပီသစွာဖြင့် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးတို့ရဲ့ စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလူကိုတော့ ကျွန်တော့်လက်နဲ့ကိုယ်တိုင် သတ်မှဖြစ်မယ်။ တခြားသူရဲ့လက်ကို လုံးဝ အငှားမခံနိုင်ဘူး”
ချီမျိုးရိုး လူငယ်လေးက ပြတ်သားစွာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲမှ အမုန်းတရားမှာ မြစ်သုံးစင်း၊ သမုဒ္ဒရာငါးစင်းမှ ရေများနှင့် ဆေးကြောလျှင်ပင် ကုန်နိုင်မည်မဟုတ်ပေ။
သူတို့နှင့် ကိုက်အနည်းငယ်အကွာရှိ လမ်းကြားတစ်ခုအတွင်းတွင်မူ လုံယီသည် ခမောက်ကို ဆောင်းလျက် ငြိမ်သက်စွာ ရပ်နေသည်။ ပတ်ဝန်းကျင်မှာ ဆူညံနေသော်လည်း သူ၏ အာရုံငါးပါးမှာ သာမန်လူထက် သာလွန်လှသဖြင့် ခုနက သူ့ကို လိုက်ရှာနေသူများ၏ စကားလုံးတိုင်းကို အတိုင်းသား ကြားနေရသည်။
လေးလံသောဓားဂိုဏ်းရဲ့ ပါရမီရှင်ဆိုတာ တကယ်ပဲ ချီပေါင်ဖြစ်နေတာကိုး…
လုံယီက စိတ်ထဲမှ တွေးလိုက်သည်။
ချီပေါင်... မင်းက ငါ့ကို သတ်ချင်နေသလို ငါကလည်း မင်းကို သတ်ဖို့ စောင့်နေတာကွ...
ခုနက ချီပေါင် ပြေးဝင်လာသည့် အရှိန်ကို ကြည့်ခြင်းအားဖြင့် သူ၏ လက်ရှိခွန်အားမှာ သာမန်သိုင်းပညာရှင်များထက် သာသော်လည်း ချီလှည့်ပတ်မှု အဆင့်သို့ မရောက်သေးကြောင်း ခန့်မှန်းနိုင်သည်။ သူ့ကို သတ်ရန်မှာ မခက်ခဲသော်လည်း သင့်တော်သော အခွင့်အရေးကို ရှာဖွေရန်သာ လိုအပ်သည်။
လုံယီသည် ခမောက်ကို အနည်းငယ် ပြင်ဆင်ဆောင်းလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
သူ အိမ်သို့ ပြန်ရောက်သောအခါ လျူယွမ်နှင့် လုယန်တို့မှာ ခြံဝင်းအတွင်း၌ ကြက်ကင်ကြီးတစ်ကောင်နှင့်အတူ အရက်သောက်နေကြသည်ကို တွေ့ရသည်။
“အစ်ကိုကြီးလုံ... လာလေ တစ်ခွက်လောက် သောက်ရအောင်”
လျူယွမ်က မျက်နှာတွင် အရက်ရှိန်ဖြင့် နီမြန်းလျက် လှမ်းခေါ်လိုက်သည်။
လုံယီသည် သူတို့ဘေးတွင် ဝင်ထိုင်လိုက်ရာ လုယန်က ချက်ချင်းထ၍ ပန်းကန်လုံးအလွတ်တစ်ခု ယူကာ ဝိုင်ဝါများကို ငှဲ့ပေးသည်။
“ဒီရက်ပိုင်း အလုပ်တွေ ဘယ်လိုလဲ”
လုံယီက သူ၏ မူလအလုပ်ဖြစ်သော သားသတ်သမားအလုပ်သို့ ပြန်လည်ဝင်ရောက်ထားသည့် လုယန်ကို မေးမြန်းလိုက်သည်။
“အလုပ်ကတော့ သိပ်မကောင်းဘူးဗျ”
လုယန်က ခေါင်းခါပြသည်။
“ပြီးတော့ သူများလက်အောက်မှာ လုပ်ရတာကလည်း အတော်လေး နေရခက်တယ်ဗျာ”
“ကျွန်တော်လည်း သူ့ကို ပြောသားပဲ အစ်ကိုကြီးလုရဲ့ အရည်အချင်းနဲ့ဆို မြစ်ဂိုဏ်းထဲဝင်လိုက်ရင် အနည်းဆုံးတော့ ခေါင်းဆောင်ငယ်တစ်ယောက် ဖြစ်နိုင်တာပဲလို့။ ဒါဆိုရင် နောက်ပိုင်း သတင်းစကားပါးရတာလည်း ပိုလွယ်သွားတာပေါ့”
လျူယွမ်က ကြားဖြတ်ပြောသည်။
“အခက်အခဲ တစ်ခုခုရှိလို့လား”
လုယန်၏ မျက်နှာတွင် အနည်းငယ် အနေခက်နေသည်ကို မြင်လိုက်ရသဖြင့် လုံယီ ခန့်မှန်းမိသွားသည်။
“ဒီလိုရှိတယ် အစ်ကိုကြီးလုံ အခုချိန်မှာ မြစ်ဂိုဏ်းထဲဝင်ဖို့က သိပ်မလွယ်ဘူးဗျ။ ဒါပေမဲ့ ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ ခန်းမသခင် တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ထားတယ်။ အစ်ကိုကြီးလုကို အထဲရောက်အောင် ကျွန်တော် သေချာပေါက် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့...”
လျူယွမ်က သူ၏လက်ချောင်းများကို ပွတ်သပ်ပြလိုက်သည်။
“ငွေ ဘယ်လောက်လိုမလဲ”
“ငွေတစ်ရာလောက်ဆိုရင်တော့ အဆင်ပြေပြီဗျ”
“ငါပေးထားတဲ့ ငွေစက္ကူတွေထဲက သုံးလိုက်ရင် မလောက်ဘူးလား”
လုံယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဲဒါတွေက အစ်ကိုကြီးလုံရဲ့ ငွေတွေလေဗျာ သုံးမယ်ဆိုရင် အစ်ကိုကြီးဆီက ခွင့်ပြုချက်ရမှ ဖြစ်မှာပေါ့”
လျူယွမ်က ရယ်မောရင်း ပြန်ဖြေသည်။
“ငါပေးထားပြီးသားပဲ မင်း လိုသလိုသာ သုံးပါ”
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
လုယန်က ထိုစကားကို ကြားသောအခါ အားရပါးရ ကျေးဇူးတင်စကား ပြောတော့သည်။
“ကဲပါ... မင်းတို့ကို ဒီမြို့အထိ ငါခေါ်လာခဲ့တာဆိုတော့ သင့်တော်သလို စီစဉ်ပေးရမှာက ငါ့တာဝန်ပဲ”
လုံယီက ဂရုမစိုက်ဟန်ဖြင့် လက်ဝါးခါပြလိုက်သည်။
လုယန်ကဲ့သို့သောသူ မြစ်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးထဲသို့ ဝင်ရောက်နိုင်ခြင်းမှာ သူ့အတွက်လည်း အကျိုးကျေးဇူးများလှသည်။ မြစ်ဂိုဏ်း၏ သတင်းပေးများမှာ ထိုင်မြို့အနှံ့တွင် ရှိနေကြရာ မည်သည့်နေရာတွင် လူသေဆုံးမှုရှိသည်ကို သာမန်လူများထက် ပိုမိုသိရှိနိုင်သောကြောင့် ဖြစ်၏။
လုံယီသည် သူ၏ အခြေခံအုတ်မြစ်မှာ စွမ်းအင်ဖြစ်ပြီး ထိုစွမ်းအင်များမှာ သဘာဝအတိုင်းမဟုတ်ဘဲ သေဆုံးသူများထံမှ ရရှိသည်ကို အမြဲတစေ သတိရနေသူဖြစ်သည်။
“ဒီရက်ပိုင်း ကျွန်တော် ချင်းဖုန်းကျောင်းကို သွားခဲ့တယ်...”
လျူယွမ်က သူ စုံစမ်းရရှိထားသည်များကို လုံယီအား တင်ပြတော့သည်။ လုယန်ကမူ အလိုက်တသိဖြင့် သူ၏ အခန်းထဲသို့ ဝင်သွား၏။
လျူယွမ်သည် တကယ်ပင် စွမ်းဆောင်ရည်ရှိသူ ဖြစ်သည်။ ရက်ပိုင်းအတွင်းမှာပင် ချင်းဖုန်းကျောင်းမှ တာအိုဆရာငယ်တစ်ဦးနှင့် ရင်းနှီးအောင် လုပ်နိုင်ခဲ့ပြီး အတူတူ အနီရောင်အိမ်တော်သို့ပင် လည်ပတ်ခဲ့ကြရာ ညီအစ်ကိုအရင်းများသဖွယ် ဖြစ်နေကြပြီဖြစ်သည်။
“မနက်ဖြန် မြို့အရှေ့ဘက်က မြေပိုင်ရှင်ကြီးဝမ်ရဲ့ အိမ်မှာ နာရေးအခမ်းအနား သွားလုပ်ကြမယ်လို့ ကြားတယ်ဗျ”
လျူယွမ်က ထိုသတင်းကို ပေးလိုက်သည်။
“ကောင်းပြီ”
လုံယီ၏ မျက်လုံးများ အရောင်တောက်သွားပြီး လျူယွမ်၏ ပုခုံးကို အားပေးသည့်အနေဖြင့် ပုတ်လိုက်ကာ “ငွေလိုရင် ငါ့ကိုပြောနော်”
နောက်တစ်နေ့ လုံယီသည် နံနက်ပိုင်းကို အစွန်းရောက်လက်သီးဂိုဏ်းတွင် ကုန်ဆုံးစေခဲ့ပြီး မွန်းလွဲပိုင်းတွင် ဂိုဏ်းမှထွက်ကာ မြို့အရှေ့ဘက်သို့ ဦးတည်သွားခဲ့သည်။
မြေပိုင်ရှင်ကြီးဝမ်သည် ထိုင်မြို့၏ ဩဇာရှိသူတစ်ဦး ဖြစ်သည်။ သူ၏ အိမ်တော်မှာ အလွန်ပင် ခန့်ညားထည်ဝါပြီး လမ်းကြားတစ်ခု၏ တစ်ဝက်ခန့်ကို နေရာယူထားသည်။ နှစ်ကာလများစွာ ကြာမြင့်ပြီဖြစ်သော နံရံများပေါ်တွင် မှော်ပင်များ ဖုံးလွှမ်းနေသည်မှာ သူ၏ မျိုးရိုးစဉ်ဆက် ကြွယ်ဝမှုကို ပြသနေသကဲ့သို့ပင်။
သို့သော် ယခုအခါ အိမ်တော်တစ်ခုလုံး၏ လေထုမှာ တစ်မျိုးတစ်ဖုံ ထူးဆန်း၍ ခြောက်ခြားဖွယ် ကောင်းနေသည်။
ပုံမှန်ဆိုလျှင် အိမ်တော်တွင်းရှိ ဥယျာဉ်ထဲ၌ လမ်းလျှောက်တတ်ကြသော မယားငယ်များကို ယနေ့တွင် အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။ အစေခံများသည်လည်း ခေါင်းငုံ့ကာ အလျင်စလို သွားလာနေကြပြီး တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေကြသည့်နှယ် လေးလံသော ဝန်ထုပ်ဝန်ပိုးများ ရှိနေပုံရသည်။
အိမ်တော်၏ အစွန်အဖျားရှိ ခြံဝင်းတစ်ခုအတွင်း၌မူ ချင်းဖုန်းကျောင်းမှ တာအိုဆရာများသည် အမွှေးတိုင်အိုးများ၊ ဖယောင်းတိုင်ခုံများနှင့် ပူဇော်သက္ကာများကို ပြင်ဆင်ထားကြပြီ ဖြစ်သည်။ တာအိုဆရာငယ်လေးဦးမှာ ဘေးတစ်ဖက်တစ်ချက်စီတွင် တည်ကြည်စွာ ရပ်နေကြပြီး ကျမ်းစာများကို တိုးတိုးခိုင်ခိုင် ရွတ်ဖတ်နေကြ၏။ အလယ်တွင်မူ တာအိုဆရာကြီးတစ်ဦးက ညာဘက်လက်တွင် မက်မွန်သားဓားကို ကိုင်ကာ လေထဲသို့ ပိုင်းဖြတ်နေပြီး၊ ဘယ်ဘက်လက်မှ ကြေးခေါင်းလောင်းကို လှုပ်ခါလျက် ကြယ်ခုနစ်ပွင့် ခြေလှမ်းကျင်းပကာ ခြံဝင်းအတွင်း လှည့်လည်နေလေသည်။
ခြံဝင်းအပြင်ဘက်တွင်မူ အသက် ၅၀ ခန့်ရှိသော မြေပိုင်ရှင်ဦးထုပ်ကို ဆောင်းကာ အနီရောင်ဖျင်တိုင်ကပ် အင်္ကျီကို ဆင်မြန်းထားသည့် ကြွယ်ဝချမ်းသာပုံရသော အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်နှာမကောင်းဘဲ “နိမိတ်မကောင်းလိုက်တာ” ဟုသာ ထပ်ခါတလဲလဲ ရေရွတ်နေတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် တာအိုဆရာများ အခမ်းအနားကို အဆုံးသတ်လိုက်သောအခါ တစ်စုံတစ်ယောက်က သူတို့ကို ယဉ်ကျေးစွာ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထို့နောက် အခမ်းအနား ပြုလုပ်ခဲ့သော ခြံဝင်းကို သံသော့ခလောက်ကြီးဖြင့် တင်းကျပ်စွာ ခတ်လိုက်ပြီး မည်သူမျှ အဝင်အထွက် မလုပ်ရန် တားမြစ်လိုက်လေသည်။
သို့သော် ဤအရာမှာ လုံယီအတွက်တော့ အခက်အခဲ မဟုတ်ပေ။ သူသည် ဒူးကို အနည်းငယ် ညွတ်လိုက်ပြီး နံရံကို အလွယ်တကူ ကျော်ဖြတ်ကာ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားသည်။
ခြံဝင်းမှာ သိပ်မကျယ်လှဘဲ စတုရန်းမီတာ တစ်ရာခန့်သာ ရှိပေလိမ့်မည်။
လုံယီ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အရှေ့ဘက်နံရံအနီးရှိ မြေသားများမှာ အသစ်ပြန်ဖို့ထားသည်ကို သတိပြုမိလိုက်သည်။ သူသည် ကျောပိုးအိတ်ထဲမှ သံဂေါ်ပြားကို ထုတ်ယူကာ မြေကို စတင်တူးဆွတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ လုံယီ၏ မျက်နှာမှာ ပိုမိုခက်ထန်လာပြီး နှလုံးသားမှာလည်း အေးစက်လာတော့သည်။
အမျိုးသမီးငယ်တစ်ဦး၏ အလောင်း၊ နှစ်ဦး၊ သုံးဦး... နောက်ဆုံးတွင် စုစုပေါင်း အလောင်း ၅ လောင်းအထိ သူ တူးဖော်မိလိုက်သည်။
အချို့မှာ အဝတ်အစားများ ဖရိုဖရဲဖြစ်နေပြီး အချို့မှာမူ လုံးဝ ကိုယ်လုံးတီး ဖြစ်နေကြသည်။ သူတို့အားလုံးတွင် တူညီသော အချက်မှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဗရပွ၊ သွေးခြေဥမှုများနှင့် သေဆုံးခါနီးတွင် လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရကြောင်း ပြသနေသည့် တွန့်လိမ်နေသော မျက်နှာအမူအရာများပင်။
စွမ်းအင် ၅ မှတ်ရရှိခဲ့သော်လည်း လုံယီ၏ ရင်ထဲတွင် အနည်းငယ်မျှပင် ပျော်ရွှင်ခြင်း မရှိခဲ့ပေ။
“မင်းတို့လေးတွေ အနားယူကြတော့... အခွင့်အရေးသာခဲ့ရင် ငါ မင်းတို့အတွက် သေချာပေါက် ကလဲ့စားချေပေးပါ့မယ်”
လုံယီသည် ဝမ်အိမ်တော်၏ အခြားနေရာများမှ အဝတ်အထည်အချို့ကို ယူကာ ထိုအမျိုးသမီးများ၏ ရုပ်အလောင်းများကို ဖုံးအုပ်ပေးခဲ့ပြီးနောက် မြေပြန်ဖို့ပေးခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော မြေပိုင်ရှင်ဝမ်၏ မျက်နှာကို ရင်ထဲတွင် မှတ်သားထားလိုက်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့တော့သည်။
နောက်ပိုင်းရက်များတွင်မူ...
နေ့ဘက်တွင် လုံယီသည် အစွန်းရောက်လက်သီးဂိုဏ်းသို့ သွားကာ လက်သီးပညာကို လေ့ကျင့်သည်။ ညဘက်တွင်မူ သင်္ချိုင်းသုံးခုသို့ သွားရောက်ကာ ကံစမ်းလေ့ရှိသည်။
ထိုကြားထဲတွင် လျူယွမ်ပေးပို့သော သတင်းများကို စောင့်ဆိုင်းရင်း ချင်းဖုန်းကျောင်းမှ တာအိုဆရာများနောက်သို့ လိုက်ကာ စွမ်းအင်မှတ်အတော်များများကို သိမ်းပိုက်ရရှိခဲ့၏။
နှစ်ပတ်ကျော်အတွင်းမှာပင် သူသည် စွမ်းအင်မှတ် ၅၀ ကျော်အထိ စုဆောင်းမိခဲ့ရာ အသက်ရှူကျင့်စဉ်၏ အခြေခံအဆင့်ကို ကျော်ဖြတ်ရန် ရမှတ်အနည်းငယ်သာ လိုတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် အချို့သော ချမ်းသာကြွယ်ဝသည့် အိမ်တော်ကြီးများ၏ ရွံရှာဖွေကောင်းသော နောက်ကွယ်မှ အမှောင်ထုများကို မြင်တွေ့ခဲ့ရပြီး အချို့သော အိမ်ထောင်စုကြီးများမှာ အဘယ်ကြောင့် မျိုးပြုတ်သွားရသည်ကိုလည်း နားလည်လာခဲ့သည်။
ထို့ပြင် သူသည် ချီပေါင်၏ လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။
လုံယီသည် အမှောင်ထဲမှနေ၍ ချီပေါင် သွားလာတတ်သော လမ်းကြောင်းများနှင့် သူ နှစ်သက်သော စားသောက်ဆိုင်များကိုပါ ကျွမ်းကျင်စွာ မှတ်သားထားနိုင်ခဲ့၏။
ကံမကောင်းသည်မှာ ချီပေါင်သည် တစ်ယောက်တည်း သွားလာခြင်း အလွန်နည်းပါးသဖြင့် လုံယီအတွက် တိုက်ခိုက်ရန် အခွင့်အရေးရှာရန် ခက်ခဲနေခြင်းပင်။
သို့သော် လုံယီသည် ထိုကိစ္စအတွက် အချိန်အကြာကြီး စိတ်မပူနေဘဲ သူ၏ ခွန်အားကို မြှင့်တင်ရန်သာ အာရုံစိုက်လိုက်တော့သည်။ လက်ရှိတွင် ဂိုဏ်းအတွင်းရှိ ကျိုးယန်နှင့် ဟွမ်လုံကန်းတို့မှာ သူ့အပေါ် စေတနာမရှိကြပေ။
သူတို့ ဘယ်အချိန်တွင် ဘာလုပ်လာမည်ကို မသိနိုင်သဖြင့် အမြဲတစေ သတိနှင့် နေထိုင်ရန် လိုအပ်လှသည်။
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်
[အမည်: လုံယီ]
[အသက်: ၁၉/၅၆]
[အဆင့်: သိုင်းပညာရှင်လောင်း (၆၄/၆၀၀)]
[ကျင့်စဉ်: အဝါရောင် အစွန်းရောက်အသက်ရှူကျင့်စဉ် (အပိုင်း၁၊ အခြေခံ ၀/၆၀ + နှလုံးစားမြက် တစ်ပင်)၊ ဟူမိသားစု အသက်ရှူကျင့်စဉ် (မစတင်ရသေး ၀/၁၀)]
[ကျွမ်းကျင်မှု: လုံမိသားစု ပုဆိန်ပညာ (ကျွမ်းကျင် ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ကျောက်ခဲပစ် (ကျွမ်းကျင် ၀/၃၀)၊ ကိုယ်ဖော့ပညာ (ကျွမ်းကျင် ၀/၆၀)၊ အခြေခံလှံပညာ (အခြေခံ ၀/၆)၊ လျှို့ဝှက်ကျင့်စဉ်: နဂါးထိုးဖောက်ခြင်း အပိုင်းအစ (၁)]
[ပါရမီ: ကျောက်သားအဖြစ် ပြောင်းလဲခြင်း (ကျွမ်းကျင် ၀/၆၀ + ကျောက်ဝိညာဉ် ၃ ခု + ဖီးနစ်သွေးကျောက် ၁ ခု)]
[စွမ်းအင်: ၅၅]
ယခုအခါ စွမ်းအင်များမှာ အရင်ကထက် ပိုမိုပေါများနေပြီဖြစ်ရာ လက်သီးပညာ သို့မဟုတ် ကျောက်ခဲပစ်ပညာများကို မြှင့်တင်ရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် လူအတစ်ယောက်သာ ထိုသို့လုပ်ပေလိမ့်မည်။ အသက်ရှူကျင့်စဉ်သည် အရာအားလုံး၏ အခြေခံဖြစ်သလို လုံယီ၏ သက်တမ်းတိုးမြှင့်နိုင်ခြင်းနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်။ အထူးအခြေအနေမျိုးနှင့် မကြုံတွေ့ရသရွေ့ သူသည် စွမ်းအင်များကို အသက်ရှူကျင့်စဉ်အတွက်သာ ဦးစားပေး အသုံးပြုမည်ဖြစ်သည်။
နှစ်ရက်အကြာတွင် စွမ်းအင်မှတ်မှာ ၆၀ ကျော်သွားခဲ့ပြီဖြစ်သည်။ ကျန်းဝေတ ပေးထားသော နှလုံးစားမြက်မှာလည်း အသင့်ရှိနေပြီဖြစ်၏။
လုံယီသည် ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး အဆင့်တက်ရန်အတွက် အားလုံးကို အဆင်သင့် ပြင်ဆင်လိုက်တော့သည်။