← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း။ ၉၃

သူသည် လက်တစ်ဖက်ဖြင့် နှလုံးစားမြက်ကို ဆုပ်ကိုင်ထားပြီး စိတ်ထဲမှနေ၍ အဝါရောင် အစွန်းရောက်အသက်ရှူကျင့်စဉ် နောက်ကွယ်ရှိ အပေါင်းလက္ခဏာကို နှိပ်လိုက်သည်။

ထိုအခါ နှလုံးစားမြက်သည် အရည်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ လက်ဖဝါးအတွင်းသို့ စီးဝင်သွားတော့သည်။ အသက်ရှူကျင့်စဉ်၏ အခြေအနေမှာလည်း ချက်ချင်းပင် ပြောင်းလဲသွား၏။

[အဝါရောင် အစွန်းရောက်အသက်ရှူကျင့်စဉ် (အဆင့် ၁, အခြေခံ ၀/၆၀ + နှလုံးစားမြက် ၁ ပင်]

[အဝါရောင် အစွန်းရောက်အသက်ရှူကျင့်စဉ် (အဆင့် ၁, ကျွမ်းကျင် ၀/၈၀ + နှလုံးစားမြက် ၃ ပင်)]

တစ်ပြိုင်နက်တည်းမှာပင် သူ၏ ဦးနှောက်အတွင်း၌ အမှတ်ရစရာ ဗဟုသုတအသစ်များ စတင်ပုံဖော်လာသည်။

ထိုအာရုံထဲတွင် လုံယီနှင့် အလွန်ဆင်တူသော လူငယ်တစ်ဦးသည် ထူးဆန်းသော အချိန်နှင့် နေရာတစ်ခု၌ အသက်ရှူကျင့်စဉ်ကို လေ့ကျင့်နေ၏။ သူသည် အသက်ရှူခြင်းနှင့် လက်သီးချက်များကို ပေါင်းစပ်ရာတွင် ကနဦးအောင်မြင်မှုများ ရရှိထားပြီး ဖြစ်သည်။

သို့သော် ရန်သူ့တပ်များက မိမိ၏ နယ်မြေကို အချိန်မရွေး ကျူးကျော်လာနိုင်သဖြင့် ထိုလူငယ်သည် သူ၏ လက်ရှိ ကျင့်ကြံမှုနှုန်းမှာ မလုံလောက်သေးဟု ခံစားနေရသည်။

“ငါ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် သန်မာလာမှဖြစ်မယ်”

ထို့ကြောင့် သူသည် မျိုးနွယ်စုခေါင်းဆောင်ထံသို့ သွားရောက်ကာ အဖြေရှာသည်။ ခေါင်းဆောင်ကြီးသည် ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုပြီးနောက် လျှို့ဝှက်ဆေးနည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

၎င်းမှာ လျှို့ဝှက်ဆေးရည်ကို တစ်ကိုယ်လုံး လိမ်းကျံပြီး ပူပြင်းလှသော နေရောင်အောက်တွင် ကျင့်ကြံရခြင်း ဖြစ်သည်။ ၎င်းက ထူးခြားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။

သို့သော် ဤနည်းလမ်းမှာ အလွန်ပင် အန္တရာယ်များလှသည်။

ထိုဆေးရည်ကို မီးမြီးကင်းမြီးကောက်၊ ရွှေကွင်းမြွေနှင့် မိစ္ဆာပင့်ကူတို့၏ အဆိပ်များဖြင့် ဖော်စပ်ထားခြင်းဖြစ်ရာ ၎င်းကို လိမ်းလိုက်လျှင် အပ်ပေါင်း သောင်းခြောက်ထောင်ဖြင့် ထိုးဆွခံရသကဲ့သို့ နာကျင်သည်။

ဤကဲ့သို့ နှိပ်စက်ခံရသည့် ဒဏ်ကြားမှ အသက်ရှူကျင့်စဉ်ကို လေ့ကျင့်ရာတွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိသွားပါက ကြွက်သားများ တွန့်လိမ်သွားခြင်း သို့မဟုတ် စိတ်ဖောက်ပြန်သွားခြင်းတို့ ဖြစ်သွားနိုင်သည်။

သို့သော် ထိုလူငယ်၏ အကြည့်များမှာ ပြတ်သားလွန်းလှပြီး သူ၏ ဆုံးဖြတ်ချက်ကို မည်သူမျှ တားဆီး၍ မရနိုင်ချေ။ ခေါင်းဆောင်ကြီးသည်လည်း သူ၏ဆန္ဒအတိုင်း တောနက်ထဲမှ စုန်းကဝေအိုကြီးတစ်ဦးထံမှ ဆေးရည်များကို ဝယ်ယူပေးကာ ကူညီပေးခဲ့ရသည်။

ဆေးရည်ကို တစ်ကိုယ်လုံး လိမ်းလိုက်သောအခါ တစ်ကိုယ်လုံးတွင် အပ်တစ်ထောင်ဖြင့် အထိုးခံရသကဲ့သို့ ခံစားရသည်။ အစပိုင်းတွင် ထိုလူငယ်မှာ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ လက်သည်းများဖြင့် လက်ဖဝါးကို ဆုပ်ထားမိကာ နှုတ်ခမ်းများမှာလည်း သွေးထွက်သည်အထိ အကိုက်ခံထားရသည်။ သူ၏ စိတ်အာရုံများမှာလည်း ဝေဝါးနေ၏။

သို့သော် ထိုလူငယ်က အရှုံးမပေးခဲ့ပေ။ နေ့စဉ်နေ့တိုင်း မနားတမ်း လေ့ကျင့်ခြင်းအားဖြင့် သူသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်း ထိုလျှို့ဝှက်ဆေးရည်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သာမန်မျက်စိဖြင့် မမြင်နိုင်သော အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့လေတော့သည်။

အသက်ရှူကျင့်စဉ်ကို လေ့ကျင့်နေစဉ်အတွင်း သူ၏လက်သီးများ လှုပ်ရှားလာပြီး အတွင်းကလီစာများမှာလည်း စည်းချက်ကျကျ တုန်ခါလာသည်။ ဖြစ်ပေါ်လာသော အပူရှိန်မှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာပြီး သူ၏ ချီစွမ်းအင်ကြီးထွားမှုနှုန်းကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးလိုက်သည်။

လက်တွေ့ကမ္ဘာတွင်လည်း ကောင်းကင်နှင့် မြေကြီး၏ မူလချီစွမ်းအင်များမှာ လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာပြီး သူ၏ အသားမျှင်များကို လျင်မြန်စွာ အသွင်ပြောင်းလဲပေးလိုက်သည်။ ၎င်းမှာ အာရုံထဲမှ လူငယ်လေး လျှို့ဝှက်ဆေးရည်ကို အသုံးပြု၍ နှစ်ပေါင်းများစွာ လေ့ကျင့်မှ ရရှိမည့် အကျိုးကျေးဇူးကို ချက်ချင်း ရရှိလိုက်ခြင်းပင် ဖြစ်သည်။

လုံယီသည် အဝါရောင် အစွန်းရောက်အသက်ရှူကျင့်စဉ်ကို စတင်အသက်သွင်းလိုက်သည်။

ပထမဦးစွာ သူ၏ အသက်ရှူခြင်းမှာ ယခင်ကထက် ပိုမိုရှည်လျားလာသည်ကို ခံစားရသည်။ ထို့နောက် ယခင်ကထက် ပိုမိုတုတ်ခိုင်အားကောင်းသော အပူရှိန်တစ်ခုမှာ ဘယ်ဘက်ခြေဖဝါးမှတစ်ဆင့် အထက်သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။

၎င်းသည် အထက်သို့ စီးဆင်းသွားစဉ်အတွင်း အရှိန်အဟုန်သေးသေးလေးများစွာ ကွဲထွက်သွားပြီး လုံယီ၏ ကြွက်သားများ၊ သွေးကြောများနှင့် တစ်ရှူးများကို ပိုမိုကြံ့ခိုင်လာအောင် ထုနှက်ပုံသွင်းပေးသည်။

ထိုစွမ်းအင်မှာ ရင်ဘတ်တွင် ပြန်လည်ဆုံစည်းပြီးနောက် အောက်ဘက်သို့ ပြန်လည်ခွဲထွက်ကာ ညာဘက်ခြေဖဝါးတွင် ခေတ္တရပ်တန့်သွားသည်။

နေလို့ကောင်းလိုက်တာ... တကယ်ကို နေလို့ကောင်းတာပဲ။

လက်ကလေးပေါင်း သောင်းခြောက်ထောင်က သူ့ကို နှိပ်နယ်ပေးနေသကဲ့သို့ ခံစားရပြီး လုံယီသည် အသက်ရှူကျင့်စဉ်ကို သက်သောင့်သက်သာပင် လှည့်ပတ်နေတော့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သွေးကြောများ တင်းကျပ်လာသည်ကို ခံစားရမှသာ သူ ရပ်တန့်လိုက်သည်။

သူ၏ စွမ်းရည်ပြမျက်နှာပြင်ရှိ အဆင့်ကို ကြည့်လိုက်ရာ…

[သိုင်းပညာရှင်လောင်း (၆၄/၆၀၀) → သိုင်းပညာရှင်လောင်း (၇၀/၆၀၀)]

တစ်ရက်တည်းတွင် ဖွံ့ဖြိုးမှု ၆ မှတ်အထိ တိုးတက်လာခဲ့သည်။ ဤနှုန်းအတိုင်းဆိုလျှင် ၃ လခန့်အတွင်း သူသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ဤအရှိန်အဟုန်မှာ ထိပ်တန်းပါရမီရှင်များနှင့် ရင်ဘောင်တန်းနိုင်သည့် အရှိန်မျိုးပင်။

သူ၏ အသက်အရွယ်မှာ အနည်းငယ် ကြီးနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ သာမန်လူထက် များစွာ သန်မာနေပြီဖြစ်သည်။ အကယ်၍ သူသာ အသက် ၁၅၊ ၁၆ နှစ်လောက်တွင် ဤသို့လေ့ကျင့်ခွင့်ရခဲ့ပါက ပို၍ပင် မြန်ဆန်မည်မှာ သေချာသည်။

သို့သော် ဤထက် ပိုမြန်ရန် နည်းလမ်းမှာ ရိုးရှင်းသည်။ စွမ်းအင်မှတ် ၁၀၀ နှင့် နှလုံးစားမြက် ၃ ပင် စုဆောင်းရန်သာ လိုအပ်သည်။ လက်ရှိတွင် စွမ်းအင်များကို သင်္ချိုင်းများမှလည်းကောင်း ချင်းဖုန်းကျောင်း၏ နာရေးအခမ်းအနားများနောက်မှလည်းကောင်း စုဆောင်းနေသည်။ ယခင်အတွေ့အကြုံများအရ တစ်လ သို့မဟုတ် နှစ်လအတွင်း စုဆောင်းနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နှလုံးစားမြက်ကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သဖြင့် လုံယီသည် သိုင်းသင်တန်းကျောင်းသို့ ပြန်သွားပြီး ကျန်းဝေတကို ရှာဖွေကာ ဆေးပင်ဝယ်ရန် ကိစ္စကို ပြောပြလိုက်သည်။

“ငါတို့က ညီအစ်ကိုတွေပဲကွာ ဝယ်ဖို့ဘာဖို့ ပြောမနေပါနဲ့။ ပိုက်ဆံဆိုတာ အသေးအဖွဲပါ။ သစ္စာရှိဖို့ကမှ အဓိက”

ကျန်းဝေတက သူ၏ရင်ဘတ်ကို အားရပါးရ ပုတ်ကာ လုံယီအတွက် သေချာပေါက် ရှာပေးမည်ဟု ကတိပေးလိုက်လေသည်။

“ကောင်းပြီ မင်းရဲ့ အသက်ရှူကျင့်စဉ်ကို ငါကြည့်ပေးမယ်။”

“အတော်ပဲဗျာ ကျွန်တော်လည်း ဒီရက်ပိုင်း တချို့အချက်တွေကို သဘောပေါက်လာတာနဲ့ အန်ကယ်ဖန်းကလည်း အိမ်မှာမရှိတော့ တိုင်ပင်စရာလူ မရှိဖြစ်နေတာ”

ကျန်းဝေတက ဝမ်းသာအားရ ပြောလိုက်သည်။

ထိုင်မြို့ ကျန်းမိသားစုအိမ်တော်….

ကျန်းအိမ်တော်သည် ဧကထောင်ချီ ကျယ်ဝန်းပြီး လက်ရာမြောက်လှသော ကျောက်ဆောင်အတုများ၊ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးများနှင့် အနုပညာဆန်စွာ တည်ဆောက်ထားသော အနားယူဆောင်များဖြင့် ပြည့်နှက်နေသည်။

ကျန်းဝေတသည် အိမ်တော်၏ အရှေ့တံခါးမကြီးဆီသို့ လမ်းလျှောက်လာခဲ့သည်။ ယခုအခါ သူသည် ကျားသစ်ကွက်များပါသော တိမ်တိုက်ပိုးထည် ဝတ်ရုံကို ဆင်မြန်းထားပြီး လက်ထဲတွင် ဆင်စွယ်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားရာ မာန်တက်နေသော သခင်လေးတစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။

“ဒုတိယသခင်လေးကို ဂါရဝပြုပါတယ်ခင်ဗျာ”

“ဒုတိယသခင်လေး ကျန်းမာပါစေရှင်”

သူ လမ်းလျှောက်လာစဉ် အစေခံများနှင့် အိမ်ဖော်များအားလုံးမှာ ခေါင်းငုံ့ကာ အရိုအသေပေးကြပြီး သူ၏မျက်လုံးကို တည့်တည့်မကြည့်ရဲကြပေ။

“အိမ်တော်ထိန်းရွှီ ဘယ်မှာလဲ”

ကျန်းဝေတက ဘေးမှ အစေခံကို မေးလိုက်သည်။ ခေတ္တမျှအကြာတွင် ဝတ်ရုံနက်ဝတ် လူလတ်ပိုင်းအမျိုးသားတစ်ဦး အပြေးအလွှား ရောက်လာခဲ့၏။

“ဒုတိယသခင်လေး ဘာများ အမိန့်ရှိမလို့လဲ ခင်ဗျာ”

“အိမ်မှာ နှလုံးစားမြက် ကျန်သေးလား ငါ့ကို နောက်ထပ် ဆယ်ပင်လောက် ရှာပေးစမ်း”

“ကျေးဇူးရှင် ဒုတိယသခင်လေးရယ်... နှလုံးစားမြက်ဆိုတာ သာမန် ဂေါ်ဖီထုပ်မဟုတ်ဘူးဗျ” အိမ်တော်ထိန်းရွှီက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားရှာသည်။

“အဲဒါက အဖိုးအထိုက်ဆုံး ဆေးပင်မဟုတ်ပေမဲ့ တော်တော့်ကို ရှားပါးတာပါ။ ပြီးခဲ့တဲ့တစ်

ခေါက်က တစ်ပင်ရဖို့တောင် ဆိုင်တော်တော်များများမှာ လိုက်ရှာခဲ့ရတာပါ ခင်ဗျာ”

“ငါ့ကို လာပြီး ကလိန်ကကျစ် မလုပ်နဲ့။ ရမလား မရဘူးလား အဲဒါပဲ ပြောစမ်း”

ကျန်းဝေတက အေးစက်စွာ ပြောလိုက်သည်။

“မင်း ကျန်းဝေချုန်း အတွက်ကျတော့ အားအင်ဖြည့်ဆေးတွေ အများကြီး ရှာပေးနိုင်ပြီး ငါ့အတွက်ကျ ဆေးတစ်ပင်တောင် မရှာပေးချင်ဘူးပေါ့လေ”

“သူမှ သခင်လေးဖြစ်ပြီး ငါကကျ သခင်လေး မဟုတ်ဘူးလား”

“ကျွန်တော် ကြိုးစားကြည့်ပါ့မယ်... ကြိုးစားကြည့်ပါ့မယ် ခင်ဗျာ”

“ကြိုးစားရုံနဲ့ မရဘူး ရအောင် ရှာပေးရမယ်”

အိမ်တော်ထိန်းရွှီ၏ အပြေးအလွှား ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျန်းဝေတက ကျိန်ဆဲလိုက်မိသည်။

“တောက် အရင်က ငါ့အပေါ် လုပ်ခဲ့တဲ့ကိစ္စတွေကို မင်းတို့အားလုံးနဲ့ တစ်ယောက်ချင်း စာရင်းရှင်းဦးမယ်”

သို့သော် သူ လုံးဝ မမျှော်လင့်ထားသည့် အရာတစ်ခု ရှိနေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်... နှလုံးစားမြက် ရောက်မလာဘဲ သူအမုန်းဆုံးဖြစ်သော အစ်ကိုဖြစ်သူ ကျန်းဝေချုန်းရောက်ရှိလာခဲ့သည်။

ကျန်းဝေချုန်းသည် နဂါးရုပ်ပုံများပါသော ကြက်သွေးရောင်ဝတ်ရုံကို ဆင်မြန်းကာ ခေါင်းတွင် ရွှေသရဖူ ဆောင်းထားသည်။ သူ၏ မာန်မာနမှာ ကျန်းဝေတထက်ပင် ပိုမိုကြီးမားလှ၏။ အဓိကအချက်မှာ ကျန်းဝေချုန်းသည် ရုပ်ရည်အလွန်ချောမောသော်လည်း ကျန်းဝေတမှာမူ အနည်းငယ် ရုပ်ဆိုးလှသည်။ ဤမမျှတမှုကြောင့် ကျန်းဝေတသည် သူ့အစ်ကိုကို မြင်တိုင်း အမြဲတစေ စိတ်မသက်မသာ ဖြစ်ရသည်။

“ညီလေး... မင်း အိမ်တော်ထိန်းရွှီဆီမှာ နှလုံးစားမြက်တွေ တောင်းနေတယ်လို့ ကြားတယ်။ ဘာလုပ်ဖို့လဲ”

ကျန်းဝေချုန်းက သူ၏မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။

“ဒီမြက်က နှစ်တစ်ရာ သစ်မြစ်တွေလောက် အဖိုးမတန်ပေမဲ့ တော်တော်တော့ ရှားပါးတဲ့မြက်ကွ”

“မင်းနဲ့ မဆိုင်ပါဘူး”

ကျန်းဝေတက စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

“ငါနဲ့ ဆိုင်မဆိုင်ဆိုတာ ငါ့အပေါ်မှာ မမူတည်ဘူး ညီလေး”

ကျန်းဝေချုန်းက တည်ငြိမ်စွာ ပြန်ပြောရင်း ဘေးသို့ ပြုံးလျက် ဖယ်ပေးလိုက်သည်။

“ဖေဖေရဲ့ အပေါ်မှာပဲ မူတည်တာ”

သူ့နောက်ကွယ်မှနေ၍ ခမ်းနားသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ခြံဝင်းအတွင်းသို့ ဝင်လာခဲ့သည်။ သူ၏ ကိုယ်ဟန်မှာ မတ်မတ်ရှိပြီး မျက်နှာမှာ တင်းမာခက်ထန်လှ၏။ သူ၏ စူးရှသော မျက်လုံးများကို မည်သူမျှ တည့်တည့်မကြည့်ရဲကြပေ။

“ဖေဖေ... ဖေဖေ ဘာလို့ ဒီကို ရောက်နေတာလဲ”

ထိုသူကို မြင်လိုက်ရသောအခါ ကျန်းဝေတမှာ ကြောင်ရှေ့က ကြွက်ကလေးအလား တွန့်ဆုတ်သွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ရင်ထဲ၌ ဒေါသများလည်း ပြည့်နှက်သွားရ၏။ အိမ်တော်ထိန်းရွှီက သေချာပေါက် သွားတိုင်လိုက်ပြီဖြစ်ကြောင်း သူ သိလိုက်သည်။

“မင်းကို ငါမေးမယ် နှလုံးစားမြက်တွေကို ဘာလုပ်ဖို့ လိုတာလဲ ပြီးတော့ ဘာလို့ ဆယ်ပင်တောင် တောင်းရတာလဲ”

ကျန်းမိသားစု ခေါင်းဆောင်ကြီးက တင်းမာစွာ မေးခွန်းထုတ်သည်။

“သူငယ်ချင်းတစ်ယောက်အတွက်ပါ သူက... သိုင်းပညာရှင်အဆင့် တက်ဖို့ နီးစပ်နေလို့ပါ”

ကျန်းဝေတသည် လုံယီ ထိုမြက်ကို ဘာအတွက် အတိအကျ သုံးမည်ကို မသိသဖြင့် အကြောင်းပြချက်တစ်ခု လုပ်ကြံပြောလိုက်ရသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါတွေ့ခဲ့တဲ့ အသက် ၂၀ နီးပါး တောသားလေးကို ပြောတာလား”

ကျန်းဝေချုန်းက တမင်တကာ အသံကျယ်ကျယ်ဖြင့် ကြားဖြတ်မေးလိုက်သည်။ သူ၏ လေသံမှာ ရန်စလိုဟန် ပါနေသဖြင့် ကျန်းဝေတမှာ သူ့ကို ကန်ပစ်ချင်စိတ် ပေါက်သွားရသည်။

ကျန်းမိသားစု ခေါင်းဆောင်ကြီး၏ မျက်နှာမှာ ပို၍ပင် ပျက်သွားပြီး သူ၏ အသံမှာလည်း ခက်ထန်လာသည်။

“အနာဂတ်မရှိတဲ့ကောင် တောကလာတဲ့ ဘာမဟုတ်တဲ့လူတစ်ယောက်နဲ့ အချိန်ဖြုန်းနေပြီး သူ့ကို အရင်းအမြစ်တွေ ထောက်ပံ့ပေးနေတာက အလကားပဲ”

“အသက် ၂၀ နီးပါးမှ သိုင်းပညာရှင်ဖြစ်မယ့်လူက တစ်သက်လုံး ဒုတိယအဆင့်သွေးစွမ်းအားသိုင်းသမားအဆင့်မှာပဲ ရပ်နေမှာပဲ။ သူ့ကို ပေါင်းသင်းနေလို့ ဘာထူးမှာလဲ”

“မင်းအစ်ကိုကို ကြည့်စမ်း... သူက နေ့တိုင်း ဆူမိသားစုက သခင်လေးတွေ၊ ရွှီမိသားစုက သားတွေ၊ မြို့စားမင်းအိမ်တော်က အရာရှိတွေနဲ့ပဲ ပေါင်းသင်းနေတာ။ မင်းကိုကြည့်တော့... တကယ်ကို နံရံမှာ ကပ်လို့မရတဲ့ ရွှံ့ညွန်ပါပဲလား”

ခေါင်းဆောင်ကြီးက ပြောရင်းပြောရင်းနှင့် အသံမှာ ပိုမိုကျယ်လောင်လာသည်။ ဘေးပတ်ဝန်းကျင်မှ အစေခံများမှာ ကြောက်လန့်တကြား ရှောင်ဖယ်သွားကြသော်လည်း ကျန်းဝေချုန်း၏ မျက်နှာတွင်မူ အောင်နိုင်သူအပြုံးကြီးက ပိုမိုကျယ်ပြန့်လာတော့သည်။

ပုံမှန်ဆိုလျှင် ဆူပူကြိမ်းမောင်းခံရတိုင်း ကျန်းဝေတသည် ခေါင်းငုံ့ကာ ဘာမှပြန်မပြောတတ်ပေ။

“အဲဒီတောသားနဲ့ နောက်ထပ် မပတ်သက်ရဘူး”

“မရဘူး”

သို့သော် ယခုတစ်ကြိမ်တွင် ကျန်းဝေတသည် ထူးခြားစွာပင် ခေါင်းမော့ကာ ပြန်လည်အော်ဟစ်လိုက်သည်။

“ကျွန်တော် လူကြည့်မမှားပါဘူး။ သူက တခြားလူတွေနဲ့ မတူဘူး ကျွန်တော့်ကိစ္စကို ကျွန်တော်ဘာသာပဲ ဆုံးဖြတ်မယ်”

ပြောပြီးသည်နှင့် သူသည် နောက်လှည့်ကာ ထွက်ခွာသွားခဲ့ရာ ကျန်းမိသားစု ခေါင်းဆောင်ကြီးမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

“ပုန်ကန်နေပြီ တကယ့်ကို ပုန်ကန်နေပြီ သူ့ရဲ့ လစဉ်သုံးစွဲငွေကို ဖြတ်တောက်ပစ်လိုက်စမ်း”

အခန်း။ ၉၄

ကျန်းဝေတ တစ်ယောက် ဘာလို့ ဒီရက်ပိုင်း ပျောက်နေတာပါလိမ့်။

လုံယီခမျာ ကျန်းဝေတသည် သူ့အတွက် နှလုံးစားမြက် ရှာပေးရင်း မိသားစု၏ အကျယ်ချုပ်ချခြင်းကို ခံထားရသည်ဟု လုံးဝမသိရှာပေ။

နောက်ဆုံးတွင် လုံယီကိုယ်တိုင်သာ လိုက်ရှာရန် ဆုံးဖြတ်လိုက်ရသည်။ ချင်းဖုန်းကျောင်းမှ ရလာသော ငွေထောင်ချီ ရှိနေပြီဖြစ်ရာ သူသည် ငွေကို ယုံကြည်မှုအပြည့်ဖြင့် မြို့ထဲရှိ ဆေးဆိုင်တိုင်းကို လိုက်မေးတော့သည်။ သို့သော် တစ်ဝက်ခန့်ရှိသော ဆေးဆိုင်များမှာ ထိုမြက်မျိုး မရှိကြချေ။ နှလုံးစားမြက်က တကယ်ပင် ရှားပါးလှသည်။

ကြည့်ရတာ မှောင်ခိုစျေးထဲမှာပဲ သွားရှာရတော့မယ် ထင်တယ်။

သူသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ထိုင်မြို့၏ အနောက်ဘက်ဆင်ခြေဖုံးရှိ မှောင်ခိုစျေးတည်ရှိရာ အိမ်ရာဝင်းကြီးဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ အနက်ရောင် တိုကင်ပြားကို ပြသပြီးနောက် အစေခံမလေးတစ်ဦးက ကျောက်ဆောင်အတုများကြားရှိ လမ်းကျဉ်းလေးမှတစ်ဆင့် မြေအောက်ခန်းသို့ ခေါ်ဆောင်သွားလေသည်။

မှောင်ခိုစျေး၏ မြေအောက်ခန်းမကြီးမှာ နှစ်ပိုင်းကွဲနေ၏။

ပထမတစ်ဝက်တွင် လှည့်လည်ရောင်းချသူများ၏ ဆိုင်ခန်းများဖြင့် ပြည့်နှက်နေပြီး မည်သည့်နေရာမှ ရမှန်းမသိသော လက်နက်များ၊ ဆန်းပြားသော ဆေးပင်များ၊ ဘေးထွက်ဆိုးကျိုးရှိနိုင်သည့် ကျင့်စဉ်အစုတ်များနှင့် အစစ်အမှန်ဖြစ်ကြောင်း အာမမခံနိုင်သော မြေပုံများ ခင်းကျင်းထားသည်။ ဒုတိယတစ်ဝက်ရှိ သီးသန့်ခန်းကုန်သည်များနှင့် ယှဉ်လျှင် ဤနေရာ၏ အားသာချက်မှာ ပစ္စည်းများကို မျက်မြင်ကြည့်နိုင်ပြီး ဈေးနှုန်းမှာလည်း သက်သာခြင်းပင်။ အားနည်းချက်မှာ ပစ္စည်းအတု သို့မဟုတ် အညံ့စားများ ဝယ်မိပါက နောက်ပိုင်းတွင် တာဝန်ယူမည်မဟုတ်ပေ။

လုံယီ၏ အဓိကရည်ရွယ်ချက်မှာ နှလုံးစားမြက် ဝယ်ရန်ဖြစ်သော်လည်း သူသည် ဗဟုသုတတိုးရန် ဆိုင်ခန်းများကို အသာအယာ လျှောက်ကြည့်နေမိသည်။

“ဟေး... ညီလေး ငါတို့ ပြန်ဆုံကြပြန်ပြီပဲ။ ဒီတစ်ခေါက်ရော ဘာမှ မဝယ်ဘူးလား”

ဆိုင်ရှင်တစ်ဦး၏ လှမ်းခေါ်သံကြောင့် သူ ရပ်လိုက်မိသည်။

လုံယီ လှည့်ကြည့်လိုက်ရာ နှာခေါင်းမရှိသော လူငယ်တစ်ဦးနှင့် သူ၏ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသော မျက်မမြင် အမျိုးသမီးလေးတစ်ဦးကို တွေ့လိုက်ရသည်။ ဤတွဲဖက်ကို သူ မေ့ရန် ခက်ခဲလှသည်။

“ဘာပစ္စည်းတွေ ရှိလဲ”

လုံယီ၏ မေးခွန်းကို ကြားသောအခါ မျက်မမြင်မလေးသည်လည်း လုံယီရှိရာဘက်သို့ ခေါင်းလေးလှည့်လာပြီး နှုတ်ခမ်းလေးကို အသာစေ့ထားသော်လည်း ဘာမှတော့ မပြောပေ။

“လာကြည့်စမ်းပါ အကုန်လုံး အကောင်းစားတွေချည်းပဲ”

ဆိုင်ရှင်လူငယ်မှာ အတော်လေး တက်ကြွနေသည်။

လုံယီ ရှေ့သို့ တိုးသွားပြီး ခင်းထားသော ပစ္စည်းများကို တစ်ချက် ဝေ့ကြည့်လိုက်ရာ အဓိက ပစ္စည်းများမှာ ဆေးပင်များပင်။

နတ်သမီးလေး ကနေသကဲ့သို့ ခက်လက်များ ဖြာထွက်နေသော တစ်ပေခန့်မြင့်သည့် အပင်တစ်ပင်၊ တရုတ်နံနံနှင့် တူသော်လည်း တစ်ပင်လုံး သွေးကဲ့သို့ နီရဲနေသော အပင်တစ်ပင်၊ ထို့ပြင် အဝါရောင် အစင်းကြောင်းများပါသည့် ပိုးကောင်နှင့်တူသော အသီးများ သီးနေသော အပင်အချို့...

ဆေးပင်များအပြင် အခြားသော ပစ္စည်းအစုံအလင်လည်း ရှိနေသေးသည်။

လှပစွာ သွန်းလုပ်ထားသော ငွေဓားတစ်လက်၊ ရှေးဟောင်းပုံစံ ခရမ်းရောင် ရေနွေးအိုးတစ်လုံးနှင့် မည်သည့်သားရဲမှန်း မသိရသော လိမ္မော်နီရောင် သားရေစအပြည့်တစ်ထည်...

ဒီဆိုင်ရှင်ကတော့ တကယ့်ကို ဈေးဗန်းခင်းတာ ကျွမ်းကျင်တဲ့လူပဲ။

“ဒီဆေးပင်တွေက သားရဲတစ်ရာတောအုပ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ငါကိုယ်တိုင် သွားခူးလာတာ။ သာမန်ဆေးဆိုင်တွေမှာ ငွေပုံပေးရင်တောင် ဝယ်လို့မရဘူး”

“ဒီ သွေးဂျင်ဆင်း ကို ကြည့်စမ်း သက်တမ်း ၂၀ ကျော်နေပြီ။ ဒါကို စားလိုက်ရင် ချီစွမ်အား ဘယ်လောက်တောင် တိုးလာမလဲဆိုတာ မင်း စဉ်းစားသာကြည့်တော့”

“ဒီပိုးနွယ်မြက်ကတော့ သိုင်းပညာရှင်တွေရဲ့ လျှို့ဝှက်သွေး အရှိန်အဝါကို အာရုံခံနိုင်တယ်။ ကျင့်ကြံမှု ဘယ်လောက်တိုးလဲဆိုတာ ဒါနဲ့ တိုင်းတာလို့ရတယ်။ လျှို့ဝှက်သွေးက ပိုအားကောင်းလေလေ အသီးက ပိုပြီး ခုန်ပေါက်လေလေပဲ”

ဆိုင်ရှင်သည် အာပေါင်အာရင်းသန်သန်ဖြင့် ရှင်းပြနေပြီး လုံယီ့လက်ထဲသို့ပင် အတင်းထည့်ပေးကာ စမ်းသပ်ခိုင်းနေတော့သည်။ သူ၏ ရောင်းလိုအားထက်သန်မှုမှာ အံ့မခန်းပင်။

“မင်းဆီမှာ ငါလိုချင်တာ မရှိဘူး”

လုံယီက ခေတ္တကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

“ဒီမှာကြည့် ညီလေး... ငါတို့ ဒီနေ့ ဆုံရတာ ကံတရားပဲ။ ဒီသွေးဂျင်ဆင်းကို မင်းအတွက် ငွေ ၃၀ နဲ့ပဲ ရောင်းပေးမယ်”

ဆိုင်ရှင်က လုံယီ့အင်္ကျီလက်ကို ဆွဲထားပြီး ဘေးမှ မျက်မမြင်မလေးကို သံယောဇဉ်ကြီးစွာ ကြည့်လိုက်ရင်း “ငါ့ညီမလေးရဲ့ ရောဂါကုဖို့ ငွေလိုနေလို့သာ ဒီဈေးနဲ့ ရောင်းတာပါကွာ”

“မလိုပါဘူး”

လုံယီက လှည့်ထွက်လာခဲ့သည်။ ညီမဖြစ်သူ ရောဂါကုဖို့ဆိုတဲ့ ဇာတ်လမ်းကို သူ တစ်စက်ကလေးမျှ မယုံပေ။ မှောင်ခိုဈေးမှာ ဆိုင်ခန်းဖွင့်နိုင်တဲ့လူဟာ သာမန်လူတော့ မဟုတ်နိုင်တာ သေချာသည်။ ဤနေရာသည် မည်သူမဆို လာရောက်ရောင်းချနိုင်သည့် နေရာမျိုး မဟုတ်ပေ။

ဆိုင်ခန်းများတွင် ရှာမတွေ့သဖြင့် လုံယီသည် နောက်ဘက်ရှိ သီးသန့်အခန်းများဆီသို့ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်မေးရာ နောက်ဆုံးတွင် နှလုံးစားမြက် တစ်ပင်သာ ဝယ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ သူလိုအပ်သည့် ပမာဏပြည့်ရန် နှစ်ပင် လိုနေသေး၏။

ထို့ပြင် သူသည် အခွင့်အရေးကို အသုံးချကာ သူ၏ လက်နက်ကိုလည်း အဆင့်မြှင့်လိုက်သည်။ ယခင်က သုံးခဲ့သော ထင်းခုတ်ပုဆိန်ကို အပ်နှံလိုက်ပြီး ငွေရောင်တဖျပ်ဖျပ်တောက်နေသော နက်နဲသောသံပုဆိန် တစ်လက်ကို လဲလှယ်ဝယ်ယူလိုက်သည်။

ဤကမ္ဘာတွင် လက်နက်လုပ်သည့် သံများကို သာမန်သံ၊ သံမဏိ နှင့် အဆင့်မြင့်သံမဏိဟူ၍ ခွဲခြားထားရာ တစ်ဆင့်ချင်းစီတွင် ဈေးနှုန်းမှာ အဆမတန် ကွာခြားလှသည်။ ထိုအဆင့်များထက် သာလွန်သည်မှာ နက်နဲသောသံဖြစ်ပြီး ၎င်းမှာ အဆင့်မြင့်သံမဏိထက်ပင် မာကျောမှုတွင် များစွာသာလွန်သည်။ သာမန်မိသားစုတစ်ခုအနေဖြင့် ဤသို့သော လက်နက်တစ်လက်ကို ဝယ်ယူရန်မှာ အလွန်ခက်ခဲလှပေသည်။ လုံယီသည် ထိုပုဆိန်အတွက် ငွေ ၅၀၀ တိတိ ပေးချေခဲ့ရသည်။

ထိုအဆင့်ထက် ပိုမိုရှားပါးသည်မှာ သားရဲများ၏ အရိုးများဖြင့် ပြုလုပ်ထားသော ဆန်းပြားသော လက်နက်များဖြစ်သည်။ ၎င်းတို့သည် မာကျောမှုတွင် နက်နဲသောသံထက် မသာသော်လည်း ထူးခြားသော စွမ်းရည်အချို့ ရှိကြသည်။ သို့သော် ဈေးနှုန်းမှာ လုံယီ့လက်ရှိဘတ်ဂျက်ထက် များစွာကျော်လွန်နေပြီး ပုဆိန်ပုံစံ ဆန်းပြားလက်နက်မှာ မှောင်ခိုဈေးတစ်ခုလုံးတွင် တစ်လက်မျှ ရှာမရနိုင်လောက်အောင် ရှားပါးလှသည်။

မှောင်ခိုဈေးမှ ထွက်လာပြီး မိုင်အနည်းငယ် လျှောက်လာခဲ့ပြီးနောက်...

လုံယီသည် လူသူကင်းမဲ့ပြီး မြက်ပင်များ ထူထပ်သော တောင်ကုန်းလေးတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် လယ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦးမှာ မြေကြီးပေါ်တွင် လဲလျောင်းကာ အော်ဟစ်ငိုယိုနေသည်ကို တွေ့လိုက်ရ၏။ သူ၏ ထမ်းပိုးနှင့် ခြင်းတောင်းများမှာ မှောက်ခုံဖြစ်နေပြီး အာလူးများမှာလည်း မြေပြင်ပေါ်တွင် ပျံ့ကျဲနေသည်။

“အား... နာလိုက်တာဗျာ။ တကယ့်ကို ကံဆိုးတာပဲ...”

အနားသို့ လူတစ်ယောက် ချဉ်းကပ်လာသည်ကို သတိပြုမိသည်နှင့် ထိုလူက လှမ်းအော်လိုက်

သည်။

“ဟေး... ညီလေး ကျွန်တော့်ကို ကူညီပါဦးဗျာ”

“ခါးလိမ်သွားလို့ ထလို့မရတော့လို့ပါ”

“ဟင်”

လုံယီသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီးမှ ရပ်လိုက်သည်။ ထိုသူ၏ မျက်နှာတွင် နာကျင်နေဟန် ရှိသော်လည်း မျက်နှာရှိသွေးမှာ နီမြန်းစိုပြည်နေသည်ကို တွေ့ရသဖြင့် လုံယီ သံသယဝင်ကာ သတိထားလိုက်မိသည်။

ထိုလယ်သမားအတုမှာလည်း ပြတ်သားလှသည်။ လုံယီက အနားသို့မလာဘဲ တွန့်ဆုတ်နေသည်ကို မြင်သည်နှင့် လက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်တော့သည်။ လုံယီမှာလည်း အသင့်ရှိနေသဖြင့် ထိုလှုပ်ရှားမှုကို မြင်သည်နှင့် ချက်ချင်း ငုံ့ရှောင်လိုက်၏။

ဝူး...

ထူထပ်လှသော ထုံးမှုန့်များမှာ နှင်းပွင့်များအလား လုံယီ၏ ခေါင်းပေါ်မှ ဝဲပျံသွားပြီး ရှဲရှဲ မြည်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ငါ တကယ်ပဲ မှောင်ခိုလောကရဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ တိုးပြီပေါ့။

ဤအတွေးမှာ လုံယီ၏ ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာသည်။

ထိုစဉ် သူ၏ နောက်ဘက် မီတာဆယ်ဂဏန်းအကွာရှိ မြက်တောထဲမှ အခြားလူတစ်ဦးမှာ လွင်ပြင်မှ ကျားသစ်တစ်ကောင်အလား လျင်မြန်စွာ ပြေးထွက်လာသည်။

“သေစမ်း”

ထိုလူ၏ အရှိန်အဟုန်နှင့်အတူ အထက်သို့ မြှောက်ထားသော အနက်ရောင် လခြမ်းပုံဓားကြီးမှာလည်း ပါလာသည်။ ဓားချက်မှာ လေကိုခွဲကာ ဝီ ခနဲ အသံမြည်လျက် လုံယီ၏ ဂုတ်ပိုးကို ပိုင်းဖြတ်ရန် ကျဆင်းလာတော့သည်။

ဂလန်….

လုံယီသည် ကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး အသစ်ဝယ်ထားသော နက်နဲသောသံပုဆိန်ကို မြှောက်၍ ခုခံလိုက်ရာ မီးပွင့်များပင် လွင့်စင်သွားရသည်။ ထိုသူ၏ မျက်နှာတွင် အံ့သြရိပ်များ ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားတော့သည်။

ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်ဆုတ်လိုက်ရပြီးမှ ရပ်တန့်နိုင်တော့သည်။ ခြေလှမ်းတိုင်းတွင် မြေပြင်၌ ချိုင့်ခွက်များ ထင်ကျန်ရစ်ခဲ့၏။ ဓားကိုင်ထားသော သူ၏ ညာဘက်လက်မှ အင်္ကျီလက်မှာ ထိုပြင်းထန်သော ထိပ်တိုက်တွေ့မှုကြောင့် ဖရိုဖရဲ စုတ်ပြတ်သွားပြီး ရဲရဲနီနေသော အသားအရေမှာ ပေါ်ထွက်လာသည်။ ထိုသူ၏ ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်သွေး များမှာ အလွန်ပြင်းထန်စွာ လှည့်ပတ်နေသဖြင့် အသားအရေမှ အခိုးအငွေ့ဖြူများပင် ထွက်ပေါ်နေလေသည်။

လုံယီ၏ ခန္ဓာကိုယ်မှာမူ အနည်းငယ်မျှသာ ယိုင်နဲ့သွားခဲ့သည်။ ထိုသို့ လုံယီ၏ လှုပ်ရှားမှု ခေတ္တရပ်တန့်သွားသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လယ်သမားအတုမှာ သူ၏ လက်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။

ရှူး... ရှူး... ရှူး

အနက်ရောင် စိန်ပုံသဏ္ဌာန် လက်နက်ပုန်းများစွာမှာ လုံယီရှိရာ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံပျံသန်းလာတော့သည်။ မည်သည့်ဘက်သို့ ရှောင်သည်ဖြစ်စေ ထိမှန်ရန် သေချာသလောက် ရှိနေပြီး အနည်းနှင့်အများသာ ကွာခြားပေလိမ့်မည်။

အခြေအနေက တကယ်ပင် ထိုအတိုင်းဖြစ်ခဲ့သည်။

လုံယီသည် ညာဘက်သို့ အစွမ်းကုန် ခုန်ရှောင်လိုက်သဖြင့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို ဦးတည်လာသော လက်နက်ပုန်းများကို ရှောင်ရှားနိုင်ခဲ့သည်။ သို့သော် သူ၏ ဘယ်ဘက်ခြေသလုံးကိုမူ မထိမှန်အောင် မရှောင်နိုင်ခဲ့ပေ။

“အောင်မြင်ပြီ”

ဒဏ်ရာရဟန် ဆောင်နေသော လယ်သမား၏ မျက်ဝန်းတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။ သူ၏အဖော်နှင့် ပူးပေါင်းလုပ်ဆောင်သော ဤကွင်းဆက်တိုက်ကွက်သည် ယခင်ကလည်း အကြိမ်ကြိမ် အောင်မြင်ခဲ့ဖူးသည်။

ပထမဆုံး ထုံးမှုန့်ဖြင့် အလစ်အငိုက်တိုက်ခိုက်မည်ဖြစ်ကာ အကယ်၍ လွဲချော်သွားပါက အဖော်ဖြစ်သူက ဒုတိယအချီ တိုက်ခိုက်မည်။ ထိုအဆင့်ပါ ကျရှုံးသွားပါက သူ၏ လက်နက်

ပုန်းများက နောက်ဆုံးလက်နက်အဖြစ် ရှိနေသေးသည်။

ဤလက်နက်ပုန်းများသည် အဆင့်မြင့်သံမဏိဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ ၎င်း၏စွမ်းအားကို ပြောနေရန်ပင် မလိုပေ။ ထို့ပြင် လက်နက်ပုန်းထိပ်ဖျားများကို ခြေလှမ်းငါးလှမ်းမြွေ၏ အလွန်ပြင်းထန်သော အဆိပ်များဖြင့် လိမ်းကျံထားသေးသည်။

ရန်သူ၏ အရေပြားကို အနည်းငယ်မျှ ပွတ်တိုက်မိရုံနှင့်ပင် ခေတ္တအတွင်းမှာပင် ခုခံနိုင်စွမ်း ကင်းမဲ့သွားစေမည်ဖြစ်သည်။ ဤသို့တွေးမိရင်း လယ်သမားမှာ ကျေနပ်ပီတိ ဖြစ်နေတော့သည်။

သို့သော် မမျှော်လင့်ထားသည့်အရာ ဖြစ်ပျက်ခဲ့သည်။

နောက်တစ်ခိုက်တွင် ဂလန်... ဂလန် ဆိုသည့် ပြတ်သားသော အသံများ ထွက်ပေါ်လာသည်။ လုံယီ၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်သွားသော လက်နက်ပုန်းများမှာ ပိုမိုမာကျောသော အရာတစ်ခုနှင့် ထိမိသကဲ့သို့ အပြင်သို့ ပြန်ကန်ထွက်သွားကြ၏။

တောက်... ဒီကောင် တော်တော်သတိကြီးတာပဲ ခြေထောက်မှာပါ သံချပ်ကာ ဝတ်ထားတာလား။

လယ်သမား၏ မျက်လုံးများ ပြူးကျသွားပြီး ဤလုပ်ကြံမှု ကျရှုံးသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။

“ဆုတ်မယ်”

သူက သူ၏အဖော်ကို သတိပေးရင်း နောက်ဆုတ်ရန် ပြင်လိုက်သည်။

“ပြေးချင်တာလား”

လုံယီ၏ မျက်နှာမှာ ခက်ထန်သွားပြီး “ငါ့လက်ရာကို မြည်းကြည့်ဦး”

နက်နဲသောသံ ပုဆိန်ကြီးမှာ လုံယီ၏ လက်ထဲမှ ချက်ချင်းပင် လွတ်ထွက်သွားပြီး လေထဲတွင် ဝှစ်ခနဲ အသံမြည်ကာ လယ်သမား၏ ရင်ဘတ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ သို့သော် ထိုသူက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြလျက် တတိယအကြိမ်မြောက် လက်ကို မြှောက်လိုက်ပြန်သည်။

သူ၏ အင်္ကျီလက်ထဲမှ သေးငယ်သော ဓားမြှောင်တစ်လက် ထွက်ပေါ်လာပြီး ပျံသန်းလာသော ပုဆိန်ကြီးကို တည့်တည့်မတ်မတ် ထိမှန်သွားစေကာ ပုဆိန်၏ လမ်းကြောင်းကို လွှဲပစ်လိုက်ရာ ပုဆိန်ကြီးမှာ သူ၏ခန္ဓာကိုယ်ဘေးမှ သီသီလေး ကပ်လွဲသွား၏။

“ငါ့ကို သတ်ချင်တာလား မင်းက နုသေးတယ်ကွ”

လယ်သမားက လှောင်ပြောင်ရင်း ဆက်လက်ဆုတ်ခွာရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ သူ၏ဘေးမှ ကျော်လွန်သွားသော ပုဆိန်ကြီးမှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ရူပဗေဒနိယာမများကို ဆန့်ကျင်လျက် ယခင်ကထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် နောက်သို့ ပြန်လည်ပျံသန်းလာပြီး လယ်သမား၏ လည်ပင်းကို ပြင်းထန်စွာ ပိုင်းဖြတ်လိုက်တော့သည်။

ဖျောက်…

ထိုသူ၏ ခေါင်းမှာ ချက်ချင်းပင် ပြတ်ထွက်သွားတော့သည်။ လေထဲသို့ လွင့်စင်သွားသော ဦးခေါင်းထက်တွင်မူ လှောင်ပြုံးမှာ ပျောက်ကွယ်မသွားသေးပေ။

[ဝဲကယက်: လူနှင့် ပုဆိန်ကြားတွင် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ဆက်သွယ်မှု ရှိသွားခြင်း ဖြစ်သည်။ ပုဆိန်ကို ပစ်လွှတ်လိုက်သည်နှင့် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း၊ သတ်မှတ်ထားသော အရှိန်ဖြင့် လက်ထဲသို့ ပြန်လည်ရောက်ရှိလာနိုင်သည်။ ပြန်အလာတွင် ၎င်း၏အရှိန်မှာ မူလအရှိန်၏ ၁၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်]

All Chapters