← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း။ ၉၅

ဓားကိုင်ထားသော နောက်တစ်ယောက်မှာမူ...

သူ၏အဖော် လယ်သမားမှာ နောက်သို့ပြန်ပျံလာသော ပုဆိန်ဖြင့် ထူးဆန်းစွာ အသတ်ခံလိုက်ရသည်ကို မြင်သောအခါ သွေးပျက်သွားတော့သည်။

ပြေးမှဖြစ်မယ်။

ယခုအချိန်တွင် သူ၏ခေါင်းထဲ၌ ဤအတွေးတစ်ခုသာ ရှိတော့သည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးခင်မှာပင် သူ၏နောက်ကျောဘက်မှ လေကိုခွဲလာသော ဝူးဆိုသည့် အသံကို ကြားလိုက်ရသည်။ ဓားသမားသည် တိုက်ခိုက်မှုကို ရှောင်ရှားရန် ဘေးသို့ ချက်ချင်း ခုန်ရှောင်လိုက်၏။ သို့သော် ရှောင်တိမ်းလိုက်ရသဖြင့် သူ၏ ထွက်ပြေးနှုန်းမှာ အနည်းငယ် နှေးကွေးသွားခဲ့ရသည်။

သူ့နောက်တွင်မူ လုံယီသည် လောက်လေးဂွကို အားရပါးရ လွှဲယမ်းနေသည်။ ယခုတစ်ကြိမ်တွင် လောက်လေးခွထဲ၌ ကျောက်ခဲနှစ်လုံး ပါရှိနေ၏။ နောက်တစ်ခဏ၌ သူသည် ကျောက်ခဲနှစ်လုံးကို ရှေ့သို့ အစီအရီ ပစ်လွှတ်လိုက်သည်။

ကျောက်ခဲနှစ်လုံးမှာ လည်ပတ်နေသော လမ်းကြောင်းအတိုင်း အပေါ်တစ်လုံး အောက်တစ်လုံး၊ ဘယ်တစ်လုံး ညာတစ်လုံး ပျံထွက်သွားပြီး ဓားသမား ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်သည်။ လုံယီ၏ ပေါင်ချိန်ထောင်ချီရှိသော လက်ရှိခွန်အားနှင့်ဆိုလျှင် ဤကျောက်ခဲများ၏ အရှိန်အဟုန်မှာ စနိုက်ပါရိုင်ဖယ် ကျည်ဆန်နှင့်ပင် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။

ဓားသမားသည် နောက်မှ အရှိန်အဟုန်ဖြင့် တိုးဝင်လာသော လေတိုးသံကို ကြားသည်နှင့် ဗီဇအရ မြေကြီးပေါ်တွင် မြည်းတစ်ကောင်အလား လူးလိမ့်ရှောင်တိမ်းလိုက်ရာ အတော်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။ သို့သော် ထိုအချိန်တွင် လုံယီမှာ အနားသို့ ရောက်ရှိလာပြီဖြစ်သည်။

လုံယီသည် သူ၏ ဘယ်ဘက်ခြေထောက်ကို မြှောက်ကာ ခွေးတစ်ကောင်ကို ကန်သကဲ့သို့ ထိုလူ၏ ခါးကို တည့်တည့်မတ်မတ် ကန်လိုက်တော့သည်။ ချက်ချင်းပင် ဓားသမား၏ ခန္ဓာကိုယ်မှာ ၉၀ ဒီဂရီအထိ ကွေးညွတ်သွားပြီး ခြေလှမ်း ၃၀ ခန့်အကွာရှိ သစ်ပင်ကြီးတစ်

ပင်ကို ပြင်းထန်စွာ သွားဆောင့်မိတော့သည်

ပြင်းထန်သော အရှိန်ကြောင့် သစ်ပင်မှ သစ်ရွက်များ ကြွေကျလာပြီး ထိုလူမှာမူ အရိုးအဆစ်များ ကြေမွလျက် သွေးအန်ကာ မြေပြင်ပေါ်တွင် ပုံကျသွားတော့သည်။ ကြည့်ရုံနှင့်ပင် သူသည် အသက်ရှင်ရန် အခွင့်အလမ်း မရှိတော့ကြောင်း သိသာလှ၏။

“မင်း... တော်တော်... ကောက်ကျစ်တာပဲ...”

သူ မသေဆုံးမီ စကားအနည်းငယ်ကို ရေရွတ်သွားရာ လုံယီမှာ အတော်ပင် နားမလည်နိုင် ဖြစ်သွားရသည်။

ငါက ကောက်ကျစ်တာလား။

လုံယီမှာ ပြောစရာပင် မရှိတော့ပေ။

အဆင့်သင့်ပြင်ဆင်ထားသော သိုင်းပညာရှင်နှစ်ယောက်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း သူသည် အစပိုင်းတွင် ဘာမှပင် သတိမထားမိခဲ့ချေ။ အကယ်၍ သူသာ ခွန်အားမရှိခဲ့ပါက ယနေ့တွင် သူ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။

သူတို့နှစ်ဦးစလုံးမှာ သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် တစ်ဦးလျှင် ၂ မှတ်စီဖြင့် စုစုပေါင်း စွမ်းအင် ၄ မှတ် ရရှိခဲ့သည်။ လုံယီသည် သူတို့၏ ခန္ဓာကိုယ်များကို ဂရုတစိုက် ရှာဖွေလိုက်ရာ ငွေစက္ကူ တစ်ထောင်ကျော်ကို ရရှိခဲ့၏။

ထို့ပြင် အဆင့်မြင့်သံမဏိထက် ပိုမိုမာကျောသော သံမဏိဖြင့် ပြုလုပ်ထားသည့် အနက်ရောင် ဓားကောက်ကြီးမှာလည်း အနည်းဆုံး ငွေဆယ်ဂဏန်းခန့် တန်ဖိုးရှိပေလိမ့်မည်။

လက်နက်ပုန်းမျိုးစုံဖြစ်သည့် စိန်ပုံသဏ္ဌာန် မြားတိုများ၊ ဓားမြှောင်ငယ်များနှင့် အပ်ငယ်လေးများထံမှ ချိုအီအီအနံ့တစ်ခု ထွက်ပေါ်နေသည်။ ၎င်းမှာ အဆိပ်လူးထားခြင်းဖြစ်ကြောင်း သိသာလှသဖြင့် လုံယီသည် မိမိကိုယ်ကို မတော်တဆ ထိခိုက်မှုမရှိစေရန် ထိုအရာအားလုံးကို လွှင့်ပစ်လိုက်သည်။

သို့သော် ထုံးမှုန့်များမှာမူ လူတစ်ဦးကို အလစ်အငိုက်ဖမ်းရန် အသုံးဝင်သောကြောင့် သိမ်းဆည်းထားလိုက်၏။

နောက်ဆုံးတွင် သူ၏လက်ထဲ၌ ကျန်ရှိနေသည်မှာ စာလုံးမည်းကြီး ၃ လုံးဖြင့် ချီပိတ်ဆို့ခြင်း အတတ်ဟု ရေးသားထားသော မီးခိုးရောင် စာအုပ်ငယ်လေးတစ်အုပ် ဖြစ်သည်။ ၎င်းမှာ လယ်သမား၏ ကိုယ်ပေါ်တွင် အမြတ်တနိုး သိမ်းဆည်းထားသော လျှို့ဝှက်ကျမ်းစာ ဖြစ်သည်။

လုံယီသည် ထိုစာအုပ်ကို အမြန်ဖတ်ကြည့်လိုက်ရာ ၎င်း၏ အသုံးဝင်ပုံကို သိရှိသွားပြီး အလွန်ဝမ်းသာသွားတော့သည်။ ၎င်းမှာ သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါနှင့် ခွန်အားကို အလွယ်တကူ ဖုံးကွယ်ထားနိုင်သည့် အလွန်ရှားပါးသော လျှို့ဝှက်သွေး နည်းစနစ်တစ်ခု ဖြစ်သည်။ ကြံစည်အားထုတ်သူများအတွက်တော့ အကောင်းဆုံးသော လက်နက်တစ်ခုပင်။ တစ်ခုတည်းသော ကန့်သတ်ချက်မှာ သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီးမှသာ လေ့ကျင့်နိုင်ခြင်းဖြစ်သော်လည်း ၎င်းမှာ လုံယီအတွက်တော့ ပြဿနာမဟုတ်ပေ။

လုံယီသည် သူ့ကိုယ်သူပြန်လည်သုံးသပ်မိသည် အံ့သြစရာမရှိတော့ပေ။

သူ၏ စူးရှသော အာရုံခံစားမှုများကပင် ထိုလယ်သမားကို သာမန်လူတစ်ဦးဟု အစပိုင်းတွင် အထင်မှားခဲ့ခြင်းမှာ ဤအတတ်ကြောင့်ပင်။ တစ်ချိန်တည်းမှာပင် ဓားသမားက သူ့ကို ဘာကြောင့် ကောက်ကျစ်လွန်းသည် ဟု သေခါနီး ပြောသွားခဲ့သည်ကိုလည်း နားလည်သွားသည်။ ထိုသူသည် လုံယီကိုလည်း လျှို့ဝှက်သွေးနည်းစနစ်တစ်ခုခုကို သုံးပြီး ခွန်အားဖုံးကွယ်ထားသည်ဟု ထင်သွားပုံရသည်။ သို့သော် အဆင့်မတက်သေးဘဲနှင့်ပင် ဒုတိယအဆင့်ချီစွမ်းအား သိုင်းသမားနှစ်ဦးကို အလွယ်တကူ သတ်နိုင်သည့် ရှားပါးပါရမီရှင်များ ရှိနိုင်သည်ကို ထိုသူ မသိရှာပေ။

အခု တိုးတက်မှုနှုန်းအရဆိုရင် နောက် ၃ လလောက်နေရင် ငါ သိုင်းပညာရှင် ဖြစ်လာတော့မယ်။ အဲဒီကျရင် လူတွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်။

အစွမ်းထက်လှသော ရန်သူ လေးလံသောဓားဂိုဏ်းက ရှိနေသဖြင့် အစောပိုင်းကာလများတွင် ငြိမ်ငြိမ်သက်သက် ဖွံ့ဖြိုးတိုးတက်ရန် လုံယီအတွက် အလွန်အရေးကြီးသည်။ ဤကျင့်စဉ်ရှိခြင်းက ပြဿနာများစွာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

ရလာသော ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လုံယီသည် သူ ဘယ်လိုလုပ် ချောင်းမြောင်းတိုက်ခိုက်ခံရသည်ကို စတင်စဉ်းစားတော့သည်။ အမှတ်မထင် ဆုံတွေ့သည်ဆိုသည်မှာ မဖြစ်

နိုင်ပေ။ လုံယီသည် ထိုသို့သော တိုက်ဆိုင်မှုမျိုးကို လုံးဝမယုံကြည်ချေ။ သူသည် သူ၏ အဝတ်အစားများကို စစ်ဆေးကြည့်လိုက်သည်။

ရုတ်တရက် သူ၏ နှာခေါင်းက လှုပ်ရှားသွားသည်။ သူ၏ အင်္ကျီလက်တွင် အပင်နံ့ ခပ်သင်းသင်းလေးတစ်ခု ရှိနေသည်။ ဂရုတစိုက် မနမ်းကြည့်ပါက လုံးဝသတိထားမိမည် မဟုတ်ပေ။

ဘယ်သူလုပ်တာလဲ။

ဖျတ်ခနဲဆိုသလိုပင် မှောင်ခိုဈေးတွင် ပစ္စည်းရောင်းရန် သူ၏ အင်္ကျီလက်ကို ဆွဲခဲ့သော နှာခေါင်းမရှိသည့် လူငယ်၏ ပုံရိပ်မှာ သူ၏ ခေါင်းထဲသို့ ကွက်ကွက်ကွင်းကွင်း ပေါ်လာတော့သည်။

ဒီပိုနွယ်မြက်က သိုင်းပညာရှင်တွေရဲ့ လျှို့ဝှက်သွေး အရှိန်အဝါကို အာရုံခံနိုင်တယ်...ဆိုတဲ့ စကား…..

ညဉ့်ဦးယံသို့ ရောက်ရှိလာပြီဖြစ်သည်။

မြေအောက်မှောင်ခိုဈေး၏ ထွက်ပေါက်မှနေ၍ ရင်းနှီးကျွမ်းဝင်ပုံရသော လူနှစ်ဦး ထွက်ပေါ်လာသည်။

“ငွေလေး နည်းနည်းလောက် ထပ်စုလိုက်ရင် ငါတို့နှစ်ယောက် အလယ်ပိုင်းလွင်ပြင်ကို အတူတူသွားဖို့ လုံလောက်ပြီ။ မြစ်နီချိုင့်ဝှမ်းက နတ်ဆေးဆရာကြီးဆိုရင် သေလူကိုတောင် ပြန်

ရှင်အောင်လုပ်နိုင်တယ်။ အရိုးတွေကိုတောင် ပြန်ဆက်ပေးနိုင်တယ်လို့ နာမည်ကြီးတာ။ မင်းရဲ့ မျက်လုံးတွေကို သူ သေချာပေါက် ကုပေးနိုင်မှာပါ ညီမလေးရာ”

“အဖိုးကြီးဝူတို့အဖွဲ့ ပြန်လာရင်တော့ ငါတို့အတွက် ငွေအမြောက်အမြား ဝင်လာတော့မှာ။ ငါတို့ရမယ့် ဝေစုကလည်း နည်းမှာမဟုတ်ဘူး။ အဲဒီလူက သိုင်းပညာရှင်အဆင့်တောင် မရောက်သေးဘဲ မှောင်ခိုဈေးကို လာရဲသေးတယ် ဟင်း... သေချာပေါက် အသားကောင်းတဲ့ သိုးတစ်ကောင်ပဲ...”

ထိုလူငယ်က ကျေနပ်စွာ ပြောလိုက်သည်။

“ဒါမျိုးတွေ ဆက်မလုပ်လို့ မရဘူးလား”

အမျိုးသမီးငယ်၏ အသံမှာ မပျော်မရွှင် ဖြစ်နေသည်။

“ငါတို့ အေးအေးချမ်းချမ်း မနေနိုင်ကြဘူးလား။ သူတစ်ပါးကို ဒုက္ခပေးနေရင် တစ်နေ့ကျရင် ငါတို့လည်း ပြဿနာတက်လိမ့်မယ်”

“အေးအေးချမ်းချမ်း ဟုတ်လား အဲဒီလိုဆိုရင် မင်းရဲ့ မျက်လုံးတွေက ဘယ်လိုလုပ်မလဲ”

ထိုလူငယ်မှာ အနည်းငယ် စိုးရိမ်စိတ်ကြောင့် အသံကျယ်သွားသည်။

“မင်း မျက်စိပြန်မြင်ရမယ်ဆိုရင် ဒီလောကထဲက လူအားလုံးကို သတ်ရမယ်ဆိုရင်တောင် ငါ ဂရုမစိုက်ဘူး”

သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့တွင် လူရိပ်တစ်ခုမှာ တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။ သာမန်မျက်နှာနှင့် ခံစားချက်ကင်းမဲ့သော မျက်ဝန်းများပင်။

“မင်း... မင်းက တကယ်ပဲ...”

နှာခေါင်းမရှိသော လူငယ်သည် ရုတ်တရက် ပေါ်လာသော လုံယီကို မြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ သိသိသာသာ ပျက်သွားတော့သည်။ သူသည် ခါးမှ ဓားကို ဆွဲထုတ်လိုက်ပြီး မျက်ဝန်းတွင်လည်း ရက်စက်သော အမူအရာများ ပေါ်လာတော့သည်။

“ညီမလေး... အမြန်ပြေး”

သူသည် သူ၏ညီမကို တွန်းထုတ်လိုက်ပြီး လုံယီထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကာ ဓားကို ဝှေ့ယမ်း၍ မဆိုင်းမတွ တိုက်ခိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအင်အရ သူသည် ပထမအဆင့်ချီစွမ်းအား သိုင်းသမားတစ်ဦးသာ ဖြစ်ကြောင်း သိသာလှသည်။

ယခင်က လုပ်ကြံသူနှစ်ဦး၏ သင်ခန်းစာကို ယူထားသောကြောင့် လုံယီသည် ယခုတစ်ကြိမ်တွင် အနည်းငယ်မျှ လျှော့ပေးရန် အစီအစဉ်မရှိပေ။ သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး ပြင်းထန်သော ကျားတစ်ကောင်အလား ရှေ့သို့ ပြေးဝင်သွားသည်။ မြေပြင်ကို နင်းလိုက်သော ခြေသံမှာ ဘန်း... ဘန်း ဟု မြည်ဟည်းနေပြီး သူ၏ အဝတ်အစားများမှာလည်း ပြင်းထန်သော လေတိုးသံကြောင့် နောက်ဘက်သို့ လွင့်ခါနေတော့သည်။

နှာခေါင်းမရှိသော လူငယ်နှင့် နီးကပ်လာသောအခါ လုံယီသည် သူ၏ နက်နဲသောသံပုဆိန်ကို အထက်သို့ မြှောက်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲပစ်တော့မည့်အလား ပိုင်းချလိုက်တော့သည်။

ဝူး...

သရဲတစ္ဆေတစ်ကောင်၏ အော်ဟစ်သံကဲ့သို့သော လေခွဲသံကြောင့် နှာခေါင်းမရှိသော လူငယ်၏ မျက်နှာမှာ စာရွက်တစ်ရွက်အလား ဖြူဖျော့သွားရသည်။ ဤတိုက်ခိုက်မှုကို သူ ဘယ်လိုလုပ်မျှ မတွန်းလှန်နိုင်ကြောင်း သူ သိလိုက်သည်။ သို့သော် သူ၏ ညီမလေးအတွက်ကြောင့် သူ၏ မျက်ဝန်းတွင် ပြတ်သားသော အမူအရာတစ်ခု ဝင်လာပြီး အသက်ကိုရင်း၍ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

သူ၏ ဓားကို မြှောက်လိုက်ရုံသာ ရှိသေးသည်။

မျက်မြင်မရသော စွမ်းအင်တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ ထိုစွမ်းအင်မှာ သူ၏ ဦးနှောက်အတွင်းသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ အတွေးစများကို ရပ်တန့်သွားစေသည်။ သူ ပြန်လည်သတိဝင်လာချိန်တွင်မူ သူ၏ လည်ပင်း၌ အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရတော့သည်။

“ကျွန်တော့်... ကျွန်တော့်ညီမလေးကိုတော့ ချမ်းသာပေးပါ...”

လည်ပင်းနှင့် ပါးစပ်တို့မှ သွေးများ အရှိန်အဟုန်ဖြင့် ပန်းထွက်နေသည့်တိုင် နှာခေါင်းမရှိသော လူငယ်မှာ သူ၏ညီမလေးအတွက် စိုးရိမ်ပူပန်နေဆဲပင်။

လုံယီသည် ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေ၏။ သဘောတူကြောင်းလည်း မပြောသလို ချက်ချင်းလည်း ဆက်လက်လှုပ်ရှားခြင်း မရှိပေ။ အခြားတစ်ဖက်တွင်မူ လှပသော မျက်မမြင်အမျိုးသမီးလေးမှာ ခြေလှမ်းအနည်းငယ်သာ ပြေးရသေးသော်လည်း သူမ၏ အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း အရိပ်အယောင်များကို ကြားသိလိုက်ရသဖြင့် ခါးသီးစွာ ပြုံးလိုက်တော့သည်။

ဖျောက်….

သူမသည် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ သူမ၏ နှလုံးသားတည့်တည့်သို့ မဆိုင်းမတွပင် ထိုးစိုက်လိုက်လေသည်။

အားလုံး ပြီးဆုံးသွားပြီ။

လုံယီသည် အေးစက်သော မျက်နှာထားဖြင့် သူတို့၏ အလောင်းများဆီသို့ လျှောက်သွားကာ ပုံမှန်အတိုင်း ပစ္စည်းများကို ရှာဖွေတော့သည်။ စွမ်းအင် ၃ မှတ် အပြင် နောက်ထပ် ငွေစက္ကူ တစ်ထောင်ခန့်နှင့်အတူ ပစ္စည်းအချို့ကို ရရှိခဲ့သည်။

ရှားပါးဆေးပင်အချို့၊ ငွေဓားမြှောင်တစ်လက်နှင့် ရှေးဟောင်း ခရမ်းရောင် ရေနွေးအိုးတစ်လုံး...

“အို...”

လုံယီသည် ဟွမ်လုံကန်း ကိုင်ဆောင်ထားသည့် ဓားနှင့် ထပ်တူကျသော ရွှေရောင်နဂါးရုပ်ပါ ဓားမြှောင်တစ်လက်ကိုလည်း တွေ့ရှိခဲ့သည်။

ဒါဆိုရင်... သူတို့နှစ်ယောက်ကလည်း ဟွမ်မိသားစုနဲ့ ပတ်သက်နေတာလား ဒါမှမဟုတ် ဟွမ်

မိသားစုက လူတစ်ယောက်ယောက်ကို သူတို့ လုယက်ခဲ့တာလား။

လုံယီသည် ခေတ္တစဉ်းစားပြီးနောက် ထိုရွှေဓားမြှောင်ကို သိမ်းဆည်းထားလိုက်သည်။

နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည်။

မှောင်ခိုဈေးကိုတော့ လောလောဆယ် သွားလို့မဖြစ်တော့ဘူး။

သေဆုံးသွားသော ဤလူလေးဦးတွင် မှောင်ခိုဈေးအတွင်း၌ သူ့ကို ကလဲ့စားချေမည့် ဆွေမျိုး သို့မဟုတ် သူငယ်ချင်းများ ရှိနေနိုင်သည်။ သိုင်းပညာရှင်အဆင့်သို့ မတက်လှမ်းနိုင်သေးမီတွင် ဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်ရန်သာ သူ အာရုံစိုက်သင့်သည်။ သို့မဟုတ်ပါက အသက်ဆုံးရှုံးသွားလျှင် အားလုံးမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ကျန်ရှိနေသော နှလုံးစားမြက် နှစ်ပင်အတွက်မူ ထျန်းစုရှီးကိုသာ သွားရှာရတော့မည်။ သူမတွင် အဖြေတစ်ခု ရှိနေနိုင်ပေသည်။

ရှန်းလုံ လက်ဖက်ရည်ဆိုင်၌ ဆိုင်ရှင်သည် လုံယီကို ယခင်တစ်ခေါက်ကကဲ့သို့ပင် သီးသန့်ခန်းအတွင်း၌ နေရာချပေးထားသည်။ လုံယီမှာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေ၏။ နာရီဝက်ခန့် ကြာပြီးနောက် ပန်းရောင်ဝတ်စုံနှင့် လူရိပ်တစ်ခုမှာ အခန်းထဲသို့ အပြေးအလွှား ဝင်လာသည်။

“ငါ့မှာ နှလုံးစားမြက် နှစ်ပင် လိုနေတယ်။ ငွေနဲ့ ပေးဝယ်မှာပါ။ အလကားတောင်းတာ မဟုတ်ဘူး”

လုံယီက သူ၏ လိုအင်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဘယ်သူက မင်းရဲ့ ငွေစုတ်တွေကို လိုချင်လို့လဲ”

ပန်းရောင်ဝတ်စုံနှင့် ရှောင်ချန်းက မျက်စောင်းထိုးရင်း ပြောလိုက်သည်။

“ဒီကိစ္စလေးအတွက်နဲ့တင် ငါ့ကို ဒီအထိ အပြေးအလွှား ခေါ်လိုက်တာလား”

သူမ၏ မျက်နှာမှာ နီမြန်းနေပြီး အသက်ရှူသံမှာလည်း အနည်းငယ် ပြင်းနေသည်။ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှာ သူမ ဤနေရာသို့ အတော်ပင် အပင်ပန်းခံ လာခဲ့ရကြောင်း သိသာလှ၏။

“သိုင်းကျင့်ဖို့ လိုအပ်နေလို့ပါ အားနာပါတယ်”

သူမ၏ အခြေအနေကို မြင်သောအခါ လုံယီမှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။

“ဒါဆိုရင် သခင်မလေးနဲ့ တိုက်ရိုက်ပဲ စကားပြောလိုက်ပါလား”

ရှောင်ချန်းက နောက်ပြောင်သော မျက်ဝန်းများဖြင့် မျက်တောင်ခတ်ပြလိုက်သည်။

“တိုက်ရိုက် ဟုတ်လား”

လုံယီမှာ အနည်းငယ် အံ့အားသင့်သွားတော့သည်။

အခန်း။ ၉၆

“ဟုတ်တယ်လေ သခင်မလေးက မင်းကိုတွေ့ချင်နေတာ”

ရှောင်ချန်းက တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။

လုံယီ၏ အာရုံအတွင်း၌မူ ကြည်လင်တောက်ပ၍ ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံ ပေါ်ထွက်လာသည်။ ဆောင်းဦးရာသီ၌ စီးဆင်းနေသော ရေပြင်ကဲ့သို့ပင် ကြည့်ရှုနေရင်းနှင့်ပင် နစ်မျောသွားချင်စရာ ကောင်းလှသည်။

“အခုချက်ချင်း တွေ့ရမှာလား”

“ဒါပေါ့”

“ဒီအတိုင်းသွားဖို့ကတော့ သိပ်မသင့်တော်ဘူး ထင်တယ်။ ငါ့ရဲ့ နောက်ခံအကြောင်းကိုလည်း မင်းသိတာပဲဟာ”

လုံယီ စကားမဆုံးမီမှာပင် ရှောင်ချန်းက သူမခါးတွင် ချိတ်ထားသော ပိုးအိတ်လေးကိုဖွင့်၍ သူနှင့် အတော်လေး ရင်းနှီးနေသည့် ပစ္စည်းတစ်ခုကို ထုတ်ပေးလိုက်သည်။ အသားရောင် ခပ်ပါးပါး၊ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ကြည်လင်ပြီး အစစ်အတိုင်း ထင်မှတ်ရသော အရေးအကြောင်းလေးများပင် ပါဝင်ပါသေးသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် နေရာများတွင် အပေါက်ငါးပေါက်ပါရှိပြီး ကြည့်ရှုရသည်မှာ တစ်မျိုးတစ်ဖုံ ခြောက်ခြားဖွယ် ကောင်းလှသည်။

ယင်းမှာ အမှန်တကယ်ပင် နောက်ထပ် လူသားအရေပြား မျက်နှာဖုံးတစ်ခုပင်။

“ဒါ ငါ့ကို လက်ဆောင်ပေးတာလား”

လုံယီက ဝမ်းသာအားရ မေးမြန်းလိုက်သည်။

“အိပ်မက်မက်မနေနဲ့”

ရှောင်ချန်းက သူ့ကို မျက်စောင်းထိုးလိုက်ကာ “ဒီလိုမျက်နှာဖုံးမျိုးက အရမ်းရှားတာ။ သခင်မလေးဆီမှာတောင် ဒါတစ်ခုတည်းရှိတာ။ သုံးပြီးရင် ပြန်ပေးရမှာနော်” ဟု ပြောလိုက်သည်။

လုံယီသည် မျက်နှာဖုံးကိုယူ၍ သူ၏ မျက်နှာပေါ်တွင် သေသေချာချာ တပ်ဆင်လိုက်သည်။ အထိအတွေ့မှာ အေးစက်စက်ရှိသော်လည်း ခေတ္တအကြာတွင် အသက်ရှိသောအရာတစ်ခုကဲ့သို့ သူ၏ အရေပြားအတွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။

“စူးအိမ်တော်မှာ စည်းကမ်းတွေ အများကြီးရှိတယ်။ အထဲရောက်ရင် ဟိုဟိုဒီဒီ လျှောက်မကြည့်နဲ့ အသံကျယ်ကျယ်လည်း စကားမပြောနဲ့...”

မျက်နှာဖုံးတပ်ဆင်ပြီးနောက် လုံယီ ခေါင်းမော့လိုက်သည်။ လုံယီအား စည်းကမ်းများ ရှင်းပြနေသော ရှောင်ချန်းတစ်ယောက် အံ့သြမှင်သက်သွားပြီး သူမ ပြောဆိုမည့် စကားလုံးများပင် ပျောက်ရှကုန်တော့သည်။

ယခုအချိန်တွင် လုံယီသည် နက်ရှိုင်းသောမျက်ဝန်း၊ မြင့်မားသောနှာတံနှင့် ဖြူစင်သောအသားအရေရှိသည့် အလွန်ချောမောသော လူငယ်တစ်ဦး ဖြစ်သွားခဲ့သည်။

“မင်းတို့သခင်မလေးက ငါ့ကို ဘာလို့တွေ့ချင်ရတာလဲ”

သူ၏ အသံမှာပင် နားထောင်၍ ကောင်းသွားသည်ဟု ရှောင်ချန်းက တွေးတောမိရင်း မျက်နှာလေး အနည်းငယ် နီမြန်းသွားရှာသည်။

ရှောင်ချန်းသည် သူမ၏စိတ်အာရုံထဲရှိ အတွေးစများကို ခါထုတ်ပစ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"သခင်မလေးက မကြာသေးခင်ကမှ အကြံပေးပညာရှင်အချို့ကို ငှားရမ်းထားတာ။ အဲဒါ မင်းတို့အားလုံးကို တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပေးချင်လို့ ဖြစ်မှာပါ"

"ဆူမိသားစုဆိုတာ ဒီမြို့မှာ ဩဇာအာဏာကြီးမားသလို ကျွမ်းကျင်သူတွေလည်း အမြောက်အမြားရှိတာပဲ။ ဘာဖြစ်လို့ အကြံပေးပညာရှင်တွေ ထပ်ပြီးငှားရမ်းနေရတာလဲ"

လုံယီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဟွန်း ဘာဖြစ်လို့လဲဆိုတော့ တချို့လူတွေက သခင်မလေးကို အမြဲတမ်း စောင့်ကြည့်ပြီး သတိထားနေကြလို့ပေါ့။ သူတို့က သခင်မလေးကို မိသားစုခေါင်းဆောင်နေရာ လုယူမှာစိုးရိမ်ပြီး နောက်ကွယ်ကနေ နည်းလမ်းအမျိုးမျိုးနဲ့ နှောင့်ယှက်နေကြတာ။ ဒါကြောင့် သခင်မလေးက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ကိုယ်ပိုင်လူယုံတွေကို စုဆောင်းနေရတာပဲ"

ရှောင်ချန်း၏ စကားအနည်းငယ်ကပင် ဆူမိသားစုအတွင်း ထျန်းစုရှီး၏ လက်ရှိအနေအထားမှာ သိပ်ပြီးမသာယာလှကြောင်း ဖော်ပြနေသည်။

အကြံပေးပညာရှင်တွေ စုဆောင်းနေတဲ့အပြင် ငါ့ကိုပါ လာခိုင်းနေတယ်ဆိုတော့ သူ တစ်ခုခု ကြံစည်နေတာ ဖြစ်ရမယ်။

လုံယီက စိတ်ထဲတွင် ချင့်ချိန်နေမိသည်။

ဒီလောက်အထိ အကွက်ချနေတာဆိုတော့ ကိစ္စက မရိုးရှင်းဘူး။ ငါကလည်း အခုမှ အဆင့်

တက်ဖို့ အရေးကြီးတဲ့အချိန် ရောက်နေတာဆိုတော့ သတိထားပြီး လှုပ်ရှားမှ ဖြစ်မယ်။

"ဘာလဲ... မင်းက မသွားချင်ဘူးလား အန္တရာယ်ရှိမှာ ကြောက်လို့လား"

လုံယီ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ရှောင်ချန်းက လှောင်ပြုံးပြုံးလိုက်သည်။ ရုတ်တရက်ဆိုသလို သူမ၏စိတ်ထဲတွင် လုံယီအပေါ် အထင်အမြင်သေးစိတ်လေး ဝင်လာမိပြီး မျက်နှာဖုံးတပ်ထားသဖြင့် ချောမောနေသော လုံယီ၏ ရုပ်ရည်ကတောင် သူမမျက်စိထဲတွင် ကြည့်မကောင်းတော့ပေ။

"အဲဒီကိစ္စက အရေးတကြီးလား"

လုံယီက မေးလိုက်သည်။

"ဟင်"

ရှောင်ချန်း ကြောင်အမ်းအမ်း ဖြစ်သွား၏။

"အကယ်၍ အရေးမကြီးဘူးဆိုရင် ငါ့ကို နှစ်လလောက် စောင့်ပေးပါ။ အဲဒီအချိန်ကျရင် မင်းတို့သခင်မလေးဆီကို ငါကိုယ်တိုင် လာတွေ့ပါ့မယ်"

လုံယီက ပြောလိုက်သည်။

ထိုင်မြို့ရှိ ဆူမိသားစုမှာ အစွန်းရောက်လက်သီးဂိုဏ်းထက်ပင် ပိုမိုအင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လက်ရှိ သူ၏ အခြေအနေမျိုးနှင့် ဇွတ်အတင်းဝင်ပါမိပါက မည်သို့သေဆုံးသွားမည်ကိုပင် သိလိုက်ရမည်မဟုတ်ပေ။ သို့သော် သူသာ သိုင်းပညာရှင်အဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ပါက ခွန်အားမှာ သိသိသာသာ ပြောင်းလဲသွားမည်ဖြစ်ရာ အဲဒီအချိန်ကျမှသာ ရင်ဆိုင်ရန် ပိုမိုသင့်တော်ပေလိမ့်မည်။ ဆူမိသားစုမှ သခင်မလေးသည်လည်း မိမိအား အတင်းအကျပ် လာခေါ်ခိုင်းနေခြင်းမဟုတ်ဘဲ စောင့်ဆိုင်းနေခြင်းဖြစ်သဖြင့် သူမ၏အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေဦးမည် မဟုတ်ကြောင်း လုံယီ ခန့်မှန်းလိုက်သည်။

ရှောင်ချန်းသည် လုံယီကို မယုံကြည်သလို ကြည့်နေမိသည်။ သူ တကယ်ပြောနေခြင်းလားဆိုသည်ကို သူမ မဝေခွဲနိုင်ပေ။

"အော်... နှလုံးစားမြက် ရအောင် ရှာပေးဖို့လည်း မမေ့နဲ့ဦးနော်"

ဤသို့ပြောပြီးသည်နှင့် လုံယီသည် အခန်းအတွင်းမှ ထွက်ခွာသွားခဲ့ရာ ရှောင်ချန်းမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။

ခေတ္တအကြာတွင် ရှောင်ချန်းသည် သူမနဖူးကို သူမ ပြန်လည်ရိုက်လိုက်ပြီး "သေစမ်း မျက်နှာဖုံး ပြန်တောင်းဖို့ မေ့သွားတယ်"

"တောက် ငါ့ကို အခွင့်ကောင်းယူသွားတာပဲ"

ရှောင်ချန်းမှာ ဒေါသတကြီးဖြင့် ကြိတ်မနိုင်ခဲမနိုင် ဖြစ်နေတော့သည်။

စူးအိမ်တော်အတွင်းရှိ ကြာကန်မှာ ဆယ်ဧကကျော် ကျယ်ဝန်းလှရာ ပြင်ပမှ အိုင်ငယ်တစ်ခု၏ အတိုင်းအတာနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။

ဝတ်ရုံဖြူရှည်ကို ဆင်မြန်းထားသော ထျန်းစုရှီးမှာ လေပြည်အဝေ့တွင် လှုပ်ရှားနေသည့် ရေပြင်ပမာ ကြော့ရှင်းလွန်းလှသဖြင့် လူသားတို့ကမ္ဘာမှမဟုတ်ဘဲ နတ်မိမယ်တစ်ပါးအလား ထင်မှတ်ရပေသည်။ ယခုအခါ သူမသည် ရှေ့မှ ကြည်လင်သော ရေကန်ကြီးကို ကြည့်ရှုရင်း ဝမ်းနည်းရိပ်သန်းနေသော သူမ၏မျက်ဝန်းအစုံတွင် စိုးရိမ်ပူပန်မှုများ အရိပ်ထင်နေ၏။

"သခင်မလေးစူး... ဟိုက အဖြူရောင်ကြာပန်းကို ကျွန်တော် သွားခူးပေးတာကို ကြည့်နေလိုက်ပါ"

လူငယ်တစ်ဦးက ထျန်းစုရှီးမှာ ရဲရဲနီနေသော ကြာပန်းများကြားတွင် တစ်ပွင့်တည်း ထူးခြားစွာ ပွင့်နေသည့် အဖြူရောင်ကြာပန်းကို သဘောကျနေသည်ဟု ထင်မှတ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ထိုကြာပန်းမှာ ကမ်းခြေမှ ငါးမီတာကျော်ခန့် ဝေးကွာသော နေရာတွင် ရှိနေသည်။

သူသည် ခြေဖြင့် နှစ်ချက်ခန့် ကန်လိုက်ရုံဖြင့် ကမ်းစပ်ရှိ ပျဉ်ပြားနှစ်ချပ်မှာ ရေထဲသို့ လွင့်စင်သွားပြီး သူနှင့် ကြာပန်းအကြားရှိ သင့်တော်သော နေရာများသို့ ရောက်ရှိသွားသည်။ ထို့နောက် သူသည် ခြေဖျားဖြင့် အသာအယာခုန်ကာ ပထမပျဉ်ပြားပေါ်သို့ ခန့်ညားစွာ နင်းလိုက်၏။ ပျဉ်ပြားမှာ ရေထဲသို့ လုံးဝ နစ်မြုပ်မသွားမီ ထိုအရှိန်ကို အသုံးချ၍ ဒုတိယပျဉ်ပြားပေါ်သို့ ထပ်မံခုန်ကူးလိုက်ရာ ယခုအခါ သူသည် ကြာပန်းနှင့် ငါးပေခန့်သာ ကွာဝေးတော့သည်။

ရွှီး ဟူသော အသံနှင့်အတူ ထိုလူငယ်သည် ဓားကို ဆွဲထုတ်ကာ ကြာရိုးကို ပိုင်းဖြတ်လိုက်ရာ ကြာပန်းမှာ သူ၏လက်ထဲသို့ အသာအယာ ကျရောက်လာတော့သည်။ သူသည် ပျဉ်ပြားနှစ်ချပ်ကို နင်း၍ပင် ကမ်းခြေသို့ ကျော့ရှင်းစွာ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် ရေစက်လက်ဖြင့် လတ်ဆတ်နေသော အဖြူရောင်ကြာပန်းကို လက်နှစ်ဖက်ဖြင့် ကမ်းဆက်လျက် "သခင်မလေးစူး... ဒါက သခင်မလေးအတွက်ပါ" ဟု ပြောလိုက်သည်။

"တကယ့်ကို ထူးချွန်တဲ့ ကိုယ်ဖော့ပညာပဲ လေနှင်ဓားဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်"

"သူရဲကောင်းငယ်ထန်က အသက်ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းဆောင်နိုင်တာ တကယ့်ကို ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ပဲ"

သူတို့၏ နောက်ကွယ်မှ ချီစွမ်းအင်ပြင်းထန်သော လူအချို့က ချီးကျူးစကား ပြောကြသည်။ ထိုသူတို့မှာ အဝတ်အစား ဆင်ယင်မှု မတူညီကြသော်လည်း ဓားနှင့် လှံများကို ကိုင်ဆောင်ထားကြသူများ ဖြစ်သည်။ ချီးကျူးမှုများကြောင့် လူငယ်၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာတော့သည်။ ထိုသူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ အားလုံးမှာ သိုင်းပညာရှင်အဆင့်ထက် သာလွန်သူများ ဖြစ်ကြောင်း သိသာလှသည်။

"ကျေးဇူးတင်ပါတယ်"

ထျန်းစုရှီးက ယဉ်ကျေးစွာ ပြုံး၍ တုံ့ပြန်လိုက်သော်လည်း လက်လှမ်း၍ ယူခြင်းမရှိပေ။ ၎င်းကို မြင်သောအခါ လူငယ်၏ မျက်ဝန်းတွင် စိတ်မကောင်းဖြစ်ရိပ် အနည်းငယ် ဖြတ်သန်းသွားသည်။

ထို့နောက် များမကြာမီမှာပင် သူ၏ဘေးမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"တကယ့်ကို ကျွမ်းကျင်တာပဲ ငါနဲ့ တိုက်ခိုက်ကြည့်စမ်း"

စကားပြောလိုက်သူမှာ အရပ်အမောင်း မြင့်မားထွားကျိုင်းပြီး ပခုံးကျယ်ကာ ကျောပြင်ထူသော အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ သူမ၏ မျက်နှာမှာ အသားပိုများရှိပြီး နှုတ်ခမ်းမှာလည်း ထူထဲလှပေသည်။

အကယ်၍ သူမ၏ ရင်ဘတ်မှာ အနည်းငယ် မို့မောက်နေခြင်းနှင့် လည်စိမရှိခြင်းကြောင့်သာ မဟုတ်ပါက မည်သူမဆို သူမကို အမျိုးသားတစ်ဦးဟုပင် ထင်မှတ်ကြပေလိမ့်မည်။

"သံမဏိသခင်မရယ်... အစ်မကြီးက ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ကို ကျော်ဖြတ်ပြီးသားသူပဲ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အစ်မကြီးကို ယှဉ်နိုင်ပါ့မလဲ"

လူငယ်က အနေခက်စွာ ရယ်မောရင်း ငြင်းဆန်လိုက်သည်။

"ကဲပါ... ငါ ငါ့ရဲ့ခွန်အား ၅၀ ရာခိုင်နှုန်းပဲ သုံးမယ်လေ ဘယ်လိုလဲ"

ထိုခက်ထန်သော အမျိုးသမီးက ဇွတ်အတင်း ပြောနေတော့သည်။ ထိုစကားကို ကြားသောအခါ လူငယ်၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ မကွယ်ဝှက်နိုင်ဘဲ ပေါ်လာရသည်။

"ကဲ... တော်ကြပါတော့"

မီးခိုးရောင်ဝတ်ရုံဆင်မြန်းထားသော ဆံပင်ဖြူတစ်ဝက်ပေါက်နေသည့် သက်ကြီးရွယ်အိုတစ်ဦးက ကြားဝင်စေ့စပ်ပေးလိုက်သည်။ ထို့နောက် သူက စကားလမ်းကြောင်းလွှဲကာ "သခင်မလေးစူး... နောက်ထပ် လူငယ်ပါရမီရှင်တစ်ယောက် လာဦးမယ်လို့ ပြောထားတယ်မဟုတ်လား။ သူ အခု ဘယ်မှာလဲ" ဟု မေးမြန်းလိုက်သည်။

ထျန်းစုရှီးက ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် မနီးမဝေးမှ ရှောင်ချန်းမှာ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

"လုံယီကော ဘယ်မှာလဲ"

လုံယီကို မတွေ့ရသဖြင့် ထျန်းစုရှီးမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။

"သူ... သူက နောက်နှစ်လနေမှ လာခဲ့မယ်လို့ ပြောပါတယ်"

ရှောင်ချန်းက တွန့်ဆုတ်စွာဖြင့် ဖြေကြားလိုက်ပြီး လုံယီပြောခဲ့သည့် စကားများကို ပြန်လည်ရှင်းပြလိုက်သည်။

"သူ ကြောက်သွားတာလား"

တစ်စုံတစ်ဦးက လှောင်ပြောင်လိုက်သည်။

"နှစ်လတို့ သုံးလတို့ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေပါ"

"အကျိုးရှိတာကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားတာက လူ့သဘာဝပါပဲ။ သခင်မလေးစူးရဲ့ လက်ရှိအခြေအနေမှာ ဒီကိုလာတာက အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်လေ"

တစ်ယောက်က တည်ငြိမ်စွာ ဝေဖန်သည်။

"ဓားမြန် ဝမ်ကျို ဘယ်လိုသေသွားလဲဆိုတာ မမေ့ကြပါနဲ့"

ဓားမြန် ဝမ်ကျို၏ အမည်ကို ကြားလိုက်ရသည်နှင့် လူအားလုံး၏ မျက်နှာများမှာ တင်းမာသွားကြသည်။

"ငါကတော့ သခင်မကြီးစူးရဲ့ ကျေးဇူးတွေကို အများကြီး ခံစားထားရသူပါ။ ဒါကြောင့် သခင်မလေးစူးကို အစွမ်းကုန် ကာကွယ်ပေးသွားမှာပါ"

မီးခိုးရောင်ဝတ်ရုံနှင့် လူကြီးက သူ၏ မုတ်ဆိတ်ရှည်ကို သပ်ရင်း ပြောလိုက်သည်။

"ကျွန်တော် ရှိနေသရွေ့တော့ သခင်မလေး ဘာအန္တရာယ်မှ မတွေ့စေရပါဘူး"

လေနှင်ဓားဟု လူသိများသော ဝတ်ရုံနက်နှင့်လူငယ်က ထျန်းစုရှီးကို မြတ်နိုးကြည်ညိုသော မျက်ဝန်းများဖြင့် ကြည့်ရင်း ကတိပေးလေသည်။

ထျန်းစုရှီးသည် ကြာကန်ဘက်သို့ မျက်နှာလှည့်လိုက်သည်။ သူမ၏ စိတ်အစဉ်မှာ အနည်းငယ် လှုပ်ခတ်သွားပြီး ရှားရှားပါးပါး ဒေါသတောင် ထွက်မိသွားသည်။ တစ်ချိန်တည်းမှာပင် သံသယများလည်း ရှိနေဆဲပင်။

လုံယီက တကယ်ပဲ သူမကိုလာတွေ့ဖို့တောင် ကြောက်ရွံ့နေတဲ့ လူစားမျိုးလား ဒါမှမဟုတ် သူတို့ရဲ့ ဆက်ဆံရေးက ဒီလောက်အန္တရာယ်ယူဖို့ မထိုက်တန်ဘူးလို့ သူက ထင်နေတာလား။

ထားလိုက်ပါတော့...

သူမ အခုဆိုရင် နာမည်ကြီး အကြံပေးပညာရှင် တော်တော်များများကို စုဆောင်းနိုင်ခဲ့ပြီဖြစ်လို့ ထိုကိစ္စအတွက် အောင်မြင်ဖို့ အခွင့်အလမ်းများစွာ ရှိနေပြီဖြစ်သည်။ လုံယီက သိုင်းသမားတစ်ယောက်ကို သတ်နိုင်စွမ်းရှိသည်ဆိုသော်လည်း စွမ်းအင်ပတ်လမ်း သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်လျှင်တော့ များစွာကွာခြားလှပေသည်။

အခြားတစ်ဖက်တွင်မူ လုံယီသည် အစွန်းရောက်လက်သီးဂိုဏ်းသို့ ပြန်ရောက်လာသောအခါ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ခေါင်းတွင် ကျောက်စိမ်းဖြူသရဖူ ဆောင်းထားပြီး ခါးတွင် ရွှေရောင်ခါးပတ် ပတ်ထားကာ ယပ်တောင်ကို အသာအယာ ခတ်နေသူမှာ ကျန်းဝေတမှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။

"မင်း ပြန်လာပြီလား"

"ဒီရက်ပိုင်းတွေမှာ ငါတော့ ပျင်းလို့ သေတော့မှာပဲ"

ကျန်းဝေတက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"ငါ့အဖေက ငါ့ရဲ့ လစဉ်သုံးစွဲငွေကို ဖြတ်တောက်ပစ်လိုက်ပြီကွ။ ဒါကြောင့် အခုကစပြီး ငါ မင်းကိုပဲ မှီခိုရတော့မယ် ထင်တယ် ညီလေးရာ"

All Chapters