အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း။ ၉၇
"ဒါက ကိစ္စအသေးအမွှားလေးပါ"
လုံယီက ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်သည်။
"ဟားဟား... မင်းက တကယ့်ကို သစ္စာရှိတဲ့သူဆိုတာ ငါသိသားပဲ"
ကျန်းဝေတက ရယ်မောရင်း လုံယီ၏ ပုခုံးကို အားရပါးရ ပုတ်လိုက်သည်။
"ဒါနဲ့... အိမ်မှာ အကျယ်ချုပ် အပိတ်ခံလိုက်ရတာကလည်း အကျိုးမယုတ်ပါဘူးကွာ။ ငါ အသက်ရှူကျင့်စဉ်ကို ကောင်းကောင်းကြီး တတ်မြောက်သွားပြီဟေ့"
"မဆိုးဘူးပဲ... သိုင်းပညာရှင်တစ်ယောက်ဖြစ်ဖို့ လမ်းစက မင်းရှေ့မှာ ပွင့်သွားပြီပေါ့"
လုံယီက သူ၏သူငယ်ချင်းအတွက် တကယ်ပင် ဝမ်းသာမိသည်။
အစွန်းရောက်လက်သီးဂိုဏ်း၏ အသက်ရှူကျင့်စဉ်မှာ သိုင်းလောကတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ထားသော်လည်း လေ့ကျင့်ရန် ခက်ခဲလှသည်ဟု နာမည်ကြီးသည်။ သို့သော် အစပိုင်းအဆင့်ကို ကျော်ဖြတ်နိုင်သည်နှင့် သိုင်းပညာရှင်တစ်ဦးဖြစ်ရန် လမ်းကြောင်းမှာ ချောမွေ့သွားပြီဖြစ်သည်။ အထူးသဖြင့် ကျန်းဝေတကဲ့သို့ ငယ်စဉ်ကတည်းက အခြေခံကောင်းသူတစ်ဦးအတွက် ပို၍ပင် လွယ်ကူပေလိမ့်မည်။
"ဟေး... ငါမရှိတဲ့ ရက်ပိုင်းအတွင်းမှာ စိတ်ဝင်စားစရာတွေ တော်တော်ဖြစ်ပျက်ခဲ့ပုံပဲ"
ကျန်းဝေတက သိုင်းကွင်း၏ တစ်ဖက်ခြံသို့ ခေါင်းလှည့်ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးမှာ အရပ်ရှည်ပြီး ချောမောလှပသော ကျားဟုန်ဖြစ်ပြီး အမျိုးသားမှာမူ ဆံပင်တိုတိုနှင့် ဝက်ဝံတစ်ကောင်ကဲ့သို့ ထွားကျိုင်းသော အတွင်းစည်းတပည့် ကျိုးယန်ဖြစ်သည်။
လေ့ကျင့်နေစဉ်အတွင်း ကျိုးယန်သည် ကျားဟုန်အပေါ် အတော်ပင် ငဲ့ညှာမှုရှိပြီး သူမ ကျင့်စဉ်တတ်မြောက်စေရန် အကွက်များ လွှတ်ပေးနေသည်။ သူ၏ မျက်နှာအမူအရာမှာလည်း နူးညံ့နေပြီး သူတစ်ပါးအပေါ် ရက်စက်တတ်သော သူ၏ ပုံမှန်အမူအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
"ဟွမ်လုံကန်း တစ်ယောက် အဖြတ်ခံလိုက်ရပြီလား ဒါမှမဟုတ် အဖောက်ခံလိုက်ရတာလား" ကျန်းဝေတက နောက်ပြောင်သော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ဟွမ်လုံကန်းသည် ထိုနေရာသို့ ဒေါသတကြီး ရောက်ရှိလာခဲ့သည်။ ကျိုးယန်ကတော့ သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အသာအယာ ဆုတ်ခွာသွား၏။ သို့သော် ဟွမ်လုံကန်းမှာ ကျိုးယန်ကို တားဆီးရန် မဝံ့ရဲဘဲ ကျားဟုန်ကိုသာ မျက်နှာပျက်ပျက်ဖြင့် စကားပြောနေတော့သည်။ မကြာမီမှာပင် အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာပြီးနောက် ဟွမ်လုံကန်းမှာ ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့သည်။
"ဟင်း... စိတ်ဝင်စားစရာပဲ"
ကျန်းဝေတက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ငါသာ ကျားဟုန်နေရာမှာဆိုရင်လည်း ကျိုးယန်ကိုပဲ ရွေးမှာပဲ။ ဒီလောက်အသက်ငယ်ငယ်နဲ့ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ကို ချိုးဖျက်နိုင်တာ သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူးလေ။ ဟွမ်လုံကန်းကတော့ အဖေကောင်းတာကလွဲရင် ဘာမှသုံးစားမရဘူး။ သိုင်းပညာရော ကျင့်ကြံမှုမှာပါ အားနည်းနေတော့ ဟွမ်မိသားစုကို ဆက်ခံခွင့်ရဖို့တောင် မသေချာဘူး"
"မိသားစုကြီးတွေရဲ့ ခေါင်းဆောင်ဆိုတာ အနည်းဆုံးတော့ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိရတာ။ တချို့ဆိုရင် ချီစွမ်းအင်စက်ဝန်းပြည့်အဆင့်အထိ တတ်မြောက်ထားကြတာလေ"
အစွန်းရောက်လက်သီးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် လုံယီသည် သိုင်းပညာရှင်များ၏ အဆင့်အတန်းများကို နားလည်လာခဲ့သည်။ အဓိကအားဖြင့် ရရှိထားသော လျှို့ဝှက်သွေးပမာဏပေါ် မူတည်၍ လေးဆင့် ခွဲခြားထားသည်။ သာမန်သိုင်းပညာရှင်သည် ပထမအဆင့်ချီစွမ်းအားမှ ဒုတိယအဆင့်ချီစွမ်းအားဖြစ်ပြီး ချီစွမ်းအင်ပတ်လမ်းငယ်သည် ခန္ဓာကိုယ်အတွင်း လျှို့ဝှက်သွေး သုံးဆခန့် လှည့်ပတ်စီးဆင်းနေပြီး အရေပြားအောက်ရှိ တစ်ရှူးများမှာ မာကျောလာကာ ခံနိုင်
ရည် အဆမတန် မြင့်မားလာသည့်အဆင့်ပင်။
ပဉ္စမအဆင့်ချီစွမ်းအား သို့မဟုတ် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်တွင်မူ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်သွေးများသည် ဓာတ်ကြီးငါးပါးအလိုက် လည်ပတ်မှုကို တည်ဆောက်နိုင်ပြီ ဖြစ်သည်။ အရေပြားမှာ နူးညံ့ပျော့ပျောင်းလာသော်လည်း အရိုးများမှာ သိသိသာသာ သန်မာလာကာ ခွန်အားနှင့် ခံနိုင်ရည်မှာ အဆမတန် မြင့်တက်လာ၏။ ထိုအဆင့်ရှိသူများအတွက် ကြမ်းတုတ်သော သားရဲများနှင့် ဝိညာဉ်များကို လက်ဗလာဖြင့် ဆွဲဖြဲပစ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စပင်။
ပဉ္စမအဆင့်ချီစွမ်းအား အဆင့်ကို ကျော်လွန်သွားပါက လူ့ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝမှုအခြေအနေသို့ ရောက်ရှိသွားသဖြင့် လျှို့ဝှက်သွေးများ ထပ်မံတိုးပွားရန် အလွန်ခက်ခဲသွားတော့သည်။ ထူးကဲသော ပါရမီရှင်များသာ ဆက်လက်တိုးတက်နိုင်ပြီး သွေးခုနစ်ခါလဲသည် အမြင့်ဆုံးအတားအဆီးဖြစ်ကာ ၎င်းကို ချီစွမ်းအင်စက်ဝန်းပြည့်အဆင့်ဟု ခေါ်ပြောကြသည်။
စက်ဝန်းပြည့်အဆင့် သိုင်းပညာရှင်များသည် အရေပြား၊ အသားနှင့် အရိုးများမှာ သာမန်လူတို့ထက် ထူးခြားနေရုံသာမက အတွင်းကလီစာများမှာလည်း ပြီးပြည့်စုံနေပြီ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုတိုင်းတွင် ကြောက်မက်ဖွယ် ဖျက်အားများ ပါဝင်နေပြီး ကျောက်တုံးများကို ချေမွခြင်း၊ ရွှေနှင့်သံကို ဖျက်ဆီးခြင်းတို့ကို ထမင်းစားရေသောက်သကဲ့သို့ ပြုလုပ်နိုင်ကြသည်။
စက်ဝန်းပြည့်အဆင့်သည် သာမန်လူသားတစ်ဦး ရောက်ရှိနိုင်သည့် အမြင့်ဆုံး အကန့်အသတ်ပင်။ ထိုအဆင့်ကို ကျော်လွန်သွားပါက သိုင်းမဟာဆရာဟူသော နယ်ပယ်သစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော် သိုင်းမဟာဆရာများသည်ပင် စစ်မှန်သော ကိုယ်ကာယခွန်အားတွင် စက်ဝန်းပြည့်အဆင့်ထက် များစွာသာလွန်ခြင်း မရှိဟု ပြောကြသည်။
“ငါတို့ဂိုဏ်းမှာ စက်ဝန်းပြည့်အဆင့် ဘယ်နှစ်ယောက်ရှိလဲ”
လုံယီက မေးမြန်းလိုက်သည်။
“ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ် နှစ်ယောက်ပဲ ရှိတယ်ဗျ။ ဒါကြောင့်လည်း ငါတို့က လေးလံသောဓားဂိုဏ်းရဲ့ ဖိနှိပ်မှုကို အမြဲခံနေရတာ”
ကျန်းဝေတက စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“လေးလံသောဓားဂိုဏ်းမှာ စက်ဝန်းပြည့်အဆင့် ငါးယောက်တောင် ရှိတယ်။ ပြီးတော့ သူတို့ဂိုဏ်းချုပ်ကလည်း အားအင်အကောင်းဆုံးအရွယ်ဖြစ်သလို သိုင်းမဟာဆရာအဆင့်ကို တက်လှမ်းဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေတယ်လို့ သတင်းထွက်နေတယ်”
“သူတို့သာ သိုင်းမဟာဆရာအဆင့်ကို ရောက်သွားရင် လေးလံသောဓားဂိုဏ်းက ဆူမိသားစု နဲ့ ဖူလင်အစောင့်အရှောက်လုပ်ငန်း တို့လို မြို့တော်ရဲ့ ထိပ်တန်းအင်အားစုတွေထဲ ပါသွားတော့မှာ။ အဲဒီကျရင် ငါတို့ဂိုဏ်း ပြန်ဦးမော့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး...”
လက်ရှိ ထိုင်မြို့မြို့တော်၏ အခြေအနေတွင် မြို့စားမင်းအိမ်တော်က မည်သည့်အရေးတွင်မျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ သီးသန့်ရပ်တည်နေသည်။ ကျန်ရှိသော အင်အားစုများထဲတွင် ဆူမိသားစုက ဦးဆောင်နေသည်။
သူတို့တွင် နာမည်ကြီး ဓားသမားလေးဦးရှိပြီး အဖိုးအိုဆူ၏ ဝိညာဉ်ဖျက်ဓားမှာ ဒဏ္ဍာရီလာပင်။ သူ သက်ရှိထင်ရှားရှိနေသရွေ့ ဆူမိသားစုမှာ နံပါတ်တစ် အင်အားစု ဖြစ်နေပေလိမ့်မည်။
အဖိုးအိုဆူကဲ့သို့သော ဝါရင့်ပညာရှင်များအပြင် ဖူလင်အစောင့်အရှောက်လုပ်ငန်းမှ အကြီးအကဲလင်းလည်း ရှိသေးသည်။
သူ၏ ငွေလှံ ပညာမှာ ပြိုင်ဘက်ကင်းလှပြီး အတွေ့အကြုံရင့် သိုင်းမဟာဆရာတစ်ဦးဖြစ်ရာ သိုင်းလောကတွင် ဒုတိယအစွမ်းဆုံးဟု လူတိုင်းက အသိအမှတ်ပြုကြသည်။ ဆူမိသားစု၊ ဟွမ်မိသားစု၊ ကျန်းမိသားစု၊ အစွန်းရောက်လက်သီးဂိုဏ်းနှင့် လေးလံသောဓားဂိုဏ်းတို့မှာမူ လူသိရှင်ကြားရှိသော သိုင်းမဟာဆရာ မရှိကြသဖြင့် ဒုတိယတန်းစား အင်အားစုများအဖြစ်သာ သတ်မှတ်ခံရသည်။
“အဆောက်အအုံတွေကို ကျော်ဖြတ်တာ၊ ရေပေါ်မှာ ခြေရာမကျဘဲ လမ်းလျှောက်တာ... သူတို့ရဲ့ လျှို့ဝှက်သွေးတွေက ကြံ့ခိုင်သွေးအဖြစ် ပြောင်းလဲသွားတဲ့အခါ သူတို့ရဲ့ ကိုယ်ကာယဟာ သားရဲတစ်ရာတောအုပ်ထဲက အကြမ်းဆုံး သားရဲတွေနဲ့တောင် ယှဉ်နိုင်သွားပြီ။ အုတ်တွေ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေတောင် သူတို့ရှေ့မှာ စက္ကူလိုပဲ ပါးပါးလေး၊ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ ဒါက မြို့စားမင်းအိမ်တော်ကတောင် ရိုသေလေးစားစွာ ဆက်ဆံရတဲ့ သိုင်းမဟာဆရာ တွေရဲ့ စွမ်းအားပဲ”
ကျန်းဝေတက အားကျသော မျက်ဝန်းများဖြင့် ပြောရင်း “တစ်နေ့ကျရင် ငါသာ သိုင်းမဟာဆရာ ဖြစ်လာခဲ့ရင်... ငါ့ကို အထင်သေးတဲ့ မိသားစုထဲက လူတွေကို... ထားလိုက်ပါတော့လေ အိပ်မက်တွေ မက်မနေတော့ဘူး။ အရင်ဆုံး သိုင်းပညာရှင်အဆင့်ကို ရောက်အောင်ပဲ ကြိုးစားရမှာပဲ...”
“အိပ်မက်ဆိုတာ မက်ရမှာပေါ့ တကယ်ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”
လုံယီက ပြုံးလျက် ပြန်ပြောသည်။
“ဒါနဲ့... သိုင်းမဟာဆရာအဆင့်ရဲ့ အထက်မှာကော နောက်ထပ်အဆင့် ရှိသေးလား”
“အဲဒါကတော့ ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ ပါတဲ့ မြင့်မြတ်တဲ့နယ်ပယ်လို့ပဲ ပြောရမှာပေါ့” ကျန်းဝေတက ခေတ္တစဉ်းစားပြီးမှ ပြန်ဖြေသည်။
“အကယ်၍ တစ်ယောက်ယောက်က အဲဒီနယ်ပယ်ကို တက်လှမ်းနိုင်မယ်ဆိုရင် သူက ဝမ်ကျန်းခရိုင်ရဲ့ အကြီးမြတ်ဆုံး ပညာရှင် မုန့်ခုံဟွာပဲ ဖြစ်လိမ့်မယ်”
“မုန့်ခုံဟွာက မုန့်မိသားစုရဲတိုက်ရဲ့ အရှင်သခင်ပဲ။ သူက သိုင်းမဟာဆရာရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီလို့ သတင်းတွေထွက်နေတယ်။ အမြဲတမ်းလည်း နောက်ထပ်တစ်ဆင့်ကို ချိုးဖျက်နိုင်ဖို့ ကြိုးစားနေတာတဲ့...”
“အော်... အဲဒီလိုလား”
လုံယီက ခေါင်းငြိမ့်လိုက်ရင်း မုန့်ခုံဟွာ ဆိုသည့် အမည်ကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
သားရဲတစ်ရာတောင်တန်း၌ ရှစ်ပေခန့်မြင့်ပြီး အလျား ၁၆ ပေခန့်ရှိသော ဧရာမ သတ္တဝါကြီးတစ်ကောင်သည် ထူထပ်လှသော တောအုပ်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ၎င်း၏ ခြေလှမ်းတိုင်းတွင် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များမှာ တုန်ခါသွားရ၏။
တစ်ကိုယ်လုံး အညိုဖျော့ရောင်ရှိသော ထိုသတ္တဝါမှာ ရေကျွဲတစ်ကောင်နှင့် တူသော်လည်း ဘေးတစ်ဖက်တစ်ချက်ရှိ ဦးချိုများအပြင် ဦးခေါင်းထိပ်တည့်တည့်တွင် တတိယမြောက် အနက်ရောင်ဦးချိုတစ်ခု ပေါက်နေသဖြင့် အလွန်ပင် ထူးဆန်းလှသည်။
ထို့ပြင် ၎င်း၏ အရေပြားမှာ မညီမညာသော အသားမာလွှာများဖြင့် ဖုံးလွှမ်းနေပြီး သဘာဝအတိုင်း ရရှိထားသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ပင်။
အထူးသဖြင့် ဦးခေါင်း၊ ကျောပြင်နှင့် ခြေလက်များ၏ အပြင်ဘက်ပိုင်းများမှာ အလွန်မာကျောသော အကာအကွယ်များဖြင့် ဖုံးအုပ်ထားသဖြင့် ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းမှာ အံ့မခန်းဖြစ်ကြောင်း သိသာလှသည်။ ဧရာမမျက်လုံးကြီးများမှာ ပတ္တမြားနီနှစ်လုံးအလား နီရဲနေပြီး ဉာဏ်ရည်ရှိဟန်ဖြင့် တောက်ပနေ၏။
ရုတ်တရက်...
ဝူး... ဝူး... ဝူး...
မရေမတွက်နိုင်သော မြားများမှာ မိုးသီးမိုးပေါက်များအလား ထိုဧရာမကျွဲကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။
ပန်း... ပန်း... ဟူသော အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ မြားအများစုမှာ ကျွဲကြီး၏ မာကျောသော အရေပြားနှင့် ထိမှန်ကာ လွင့်စင်သွားကြပြီး အချို့မှာမူ အရေပြားထဲသို့ တစ်ဝက်ခန့်သာ နစ်ဝင်သွားကာ စစ်မှန်သော ထိခိုက်ဒဏ်ရာကို မပေးနိုင်ကြပေ။
“မူး...”
ကျွဲကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲလာပြီး မြားများလာရာ အရပ်သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ ၎င်း၏ ပြေးနှုန်းကြောင့် မြေပြင်မှာ တုတ်... တုတ်... ဟု တုန်ခါနေပြီး သစ်ရွက်ခြောက်များနှင့် ဖုန်မှုန့်များမှာ လေထဲတွင် လွင့်စင်နေ၏။
ကျွဲကြီးသည် ဒေါသတကြီး ရုန်းကန်လှုပ်ရှားနေစဉ် ၎င်း၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်သည့် နူးညံ့သောအောက်ပိုင်း ဗိုက်သားမှာ အခါအားလျော်စွာ ပေါ်ထွက်လာတတ်သည်။
ရွှီး...
ယခင်ကထက် များစွာပိုမိုမြန်ဆန်သော မြားတစ်စင်း၏ အသံကို ကြားလိုက်ရသည်။
နောက်တစ်ခဏတွင် မြားတစ်စင်းသည် အလွန်ပါးနပ်သော ထောင့်ချိုးမှနေ၍ ဧရာမကျွဲကြီး၏ အားနည်းချက်ဖြစ်သော ဗိုက်သားနူးညံ့ရာသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်သွားတော့သည်။
မြားတစ်စင်းလုံး နစ်ဝင်သွားရုံသာမက မြားအမြီးမှ အမွှေးများပင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ပြင်းထန်လှ၏။ ဧရာမကျွဲကြီးသည် ကမ္ဘာမြေတုန်ဟည်းသွားမတတ် အော်ဟစ်လိုက်ပြီး ကိုယ်ဟန်ချက်ပျက်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်။ သူ၏ ရုန်းကန်မှုကြောင့် လူနှစ်ဖက်စာခန့်ရှိသော သစ်ပင်ကြီး ဆယ်ပင်ကျော်မှာ လဲပြိုပျက်စီးသွားရသည်။
နောက်ဆုံးတွင်မူ ဧရာမကျွဲကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး စက်ယန္တရားကြီးတစ်ခု ဟောက်သံပေးနေသကဲ့သို့ အသက်ကို ပြင်းပြင်းရှူနေတော့သည်။
လူရိပ်အချို့ ထွက်ပေါ်လာပြီး သူတို့၏သားကောင်ကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်ကြသည်။
“အမြဲတမ်း အဘိုးကြီးရှန်ပဲ သူ့ရဲ့ မြားပစ်ပညာကတော့ လောကမှာ ပြိုင်ဘက်ကင်းပဲဗျာ”
“မဟုတ်ပါဘူးဗျာ ရှောင်ရှီးရဲ့ ကျေးဇူးက အများကြီးပါ။ သူဖော်စပ်ထားတဲ့ အစွမ်းထက် မေ့ဆေးသာ မပါရင် ငါ့မြားတွေ ဘယ်လောက်ကုန်ကုန် ဒီကောင်ကို လဲအောင်လုပ်နိုင်မှာ မဟုတ်ဘူး”
“အချင်းချင်း မြှောက်ပင့်မနေကြပါနဲ့တော့။ ဒီကျွဲဝိညာဉ်ကြီး အရှိန်ပြန်မရခင် အမြန်ဆုံး ရှင်းထုတ်ကြရအောင်။ မဟုတ်ရင် ဒုက္ခရောက်ကုန်မယ်”
“ဟုတ်ပ... ဒီလောက်ကြီးတဲ့ကျွဲဆိုရင် အသားကောင်းတွေ အများကြီးရမှာ။ ငွေတွေ အများကြီးနဲ့ ပြန်လဲရတော့မှာဟေ့”
လူအားလုံးသည် ကျွဲကြီးအနားသို့ ချဉ်းကပ်သွားပြီး သူတို့၏ ဓားများကို ဆွဲထုတ်ကာ ကျွဲ၏လည်ပင်းအောက်ရှိ နူးညံ့သောအသားကို ထိုးစိုက်ရန် ပြင်လိုက်ကြသည်။ ဧရာမကျွဲကြီးမှာ မျက်လုံးအစုံကို ပြူးကြည့်ကာ လူသားတစ်ဦးကဲ့သို့ အသနားခံနေသော်လည်း မုဆိုးများ၏ မျက်နှာမှာမူ အေးစက်နေပြီး လက်တွန့်ခြင်း အလျဉ်းမရှိပေ။
ဘုန်း... ဘုန်း... ဘုန်း...
ထိုစဉ် ဝေးကွာသော အရပ်မှ ပြင်းထန်သော မြေပြင်တုန်ခါသံကြီး ထွက်ပေါ်လာသည်။ ထိုအသံမှာ တစ်စတစ်စ ပိုမိုကျယ်လောင်လာပြီး မြင်းစစ်သည်တော် ထောင်သောင်းချီ၍ တဟုန်ထိုး ပြေးဝင်လာသည့်အလား ခံစားရ၏။ မြေပြင်မှာ သိသိသာသာ တုန်ခါနေပြီး သစ်ပင်များ ယိမ်းထိုးနေသဖြင့် သိုင်းပညာရှင်အဆင့်ရှိသော မုဆိုးများပင် ဟန်ချက်ပျက်ကာ အံ့အားသင့်သွားကြသည်။
“ဒါ... ဒါ ဘာကြီးလဲ”
မုဆိုးတစ်ဦးသည် သစ်ပင်အမြင့်ကြီးပေါ်သို့ လျင်မြန်စွာ တက်သွားပြီး အသံလာရာဘက်ကို လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
မနီးမဝေးတွင် ဧရာမ သတ္တဝါကြီးများစွာမှာ သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသည်။ ယခုပင် ဖမ်းမိထားသော ကျွဲဝိညာဉ်ထက် နှစ်ဆခန့် ပိုကြီးသော နွားမိစ္ဆာများ၊ သံမဏိအမွှေးအမျှင်များရှိပြီး မတ်တပ်ရပ် လမ်းလျှောက်နေသော ဧရာမမျောက်ဝံကြီးများ၊ သစ်ပင်ကြီးများခန့် တုတ်ခိုင်ပြီး သွေးရောင်အကြေးခွံများ ဖုံးလွှမ်းထားကာ ဝမ်းဗိုက်တွင် ခြေထောက်ငယ်လေးများ ပါရှိသည့် မြွေကြီးများ...
“ဒါ... ဒါ သားရဲလှိုင်းပဲ”
ထိုစကားကို ကြားလိုက်ရသည်နှင့် မည်သူမျှ မြေပြင်ပေါ်မှ ကျွဲကြီးကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် လှည့်၍ ထွက်ပြေးကြတော့သည်။
“အမြန်ပြေးကြ”
“သားရဲလှိုင်းဆိုတာ ဆယ်နှစ်မှာ တစ်ခါပဲ ဖြစ်တတ်တာ မဟုတ်လား။ သားရဲဘုရင်အသစ်တစ်ပါး ထွက်ပေါ်လာတာများလား”
“ဒါက သတင်းကြီးပဲ။ မြို့စားမင်းအိမ်တော်ရဲ့ သားရဲလိုက်လံရေးဗျူရိုကို အမြန်ဆုံး သတင်းပို့ရမယ်”
အခန်း။ ၉၈
ထိုင်မြို့၊ လေးလံသောဓားဂိုဏ်း…..သ
လေးလံသောဓားဂိုဏ်းသည် မြို့မအတွင်း၌ တည်ရှိသော်လည်း တောင်ကုန်းငယ်သုံးခုနှင့် အိုင်ကြီးနှစ်ခု ပါဝင်သည်အထိ အလွန်ကျယ်ဝန်းလှသည်။ သာမန်လူတစ်ဦးအဖို့ ဂိုဏ်း၏အစမှ အဆုံးထိရောက်ရန် တစ်နေကုန် လမ်းလျှောက်ရမည်ဖြစ်၏။
ဂိုဏ်း၏ အထက်တန်းစား အကြီးအကဲများ၏ နေအိမ်များကိုမူ အတွင်းဘက်အကျဆုံးနှင့် အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည်။ အုတ်နီခဲ၊ အုတ်ကြွပ်စိမ်းများဖြင့် ဆောက်လုပ်ထားသော အိမ်ရာဝင်းတစ်ခုချင်းစီ၌ လှပသော ပြာသာဒ်ဆောင်များ၊ ကျောက်ဆောင်အတုများနှင့် စီးဆင်းနေသော ရေတံခွန်ငယ်များပါဝင်ရာ ဂိုဏ်း၏ ကြွယ်ဝချမ်းသာမှုကို သိသိသာသာ ထင်ဟပ်နေတော့သည်။
တောင်ထိပ်တွင်မူ ဂိုဏ်းချုပ်နေထိုင်ရာ နေရာရှိပြီး ထိုနေရာကို အမြဲတမ်း ကျွမ်းကျင်သူအများအပြားက တစ်စုံတစ်ရာကို စိုးရိမ်နေသကဲ့သို့ တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။
ရုတ်တရက်ဆိုသလိုပင်... တောင်ထိပ်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာရာ အခြားအိမ်ရာဝင်းများရှိ အကြီးအကဲများအားလုံး မျက်လုံးများကို ပြိုင်တူဖွင့်လိုက်ကြတော့သည်။
“ဒါက... အရှိန်အဟုန်ရဲ့ ခံစားချက်မျိုးလား”
“ဂိုဏ်းချုပ်က အဆင့်တက်တော့မှာလား”
“သွားကြည့်ကြရအောင်”
သူတို့အားလုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် တောင်ထိပ်ရှိ ဂိုဏ်းချုပ်၏ ဝင်းဂေဟာသို့ ဦးတည်သွားကြသည်။ အကြီးအကဲအများစုမှာ ဆံပင်ဖြူတစ်ဝက်ပေါက်နေသည့် သက်ကြီးရွယ်အိုများ ဖြစ်ကြသော်လည်း သူတို့၏ မျက်နှာအသားအရေမှာမူ နီမြန်းစိုပြည်နေပြီး ချီစွမ်းအင်မှာလည်း တောက်လောင်နေသော မီးဖိုကြီးပမာ အားကောင်းလှသဖြင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကိုပင် မမြင်နိုင်တော့ပေ။
“စိုးရိမ်မနေကြပါနဲ့ ငါ စမ်းသပ်ကြည့်ရုံသက်သက်ပါ”
ဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်ရှိလာသည်ကို သတိပြုမိသဖြင့် လေးလံသောဓားဂိုဏ်းချုပ်၏ ခိုင်မာထည်ဝါသော အသံကြီး ထွက်ပေါ်လာသည်။ ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအိုများ၏ မျက်ဝန်းတွင် စိတ်ပျက်ရိပ်များ အလိုလို ဖြတ်သန်းသွားကြ၏။
သို့သော် မမျှော်လင့်ဘဲ ဂိုဏ်းချုပ်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ငါ အဆင့်မတက်သေးဘူးဆိုပေမဲ့ အောင်မြင်နိုင်ခြေက ၆၀ ရာခိုင်နှုန်းလောက် ရှိနေပြီ။ ဒါပေမဲ့ ပိုပြီးသေချာအောင်တော့ အချိန်အနည်းငယ် ထပ်ယူပြီး စွမ်းအားတွေ စုဆောင်းရဦးမယ်”
ထိုအခါမှသာ အကြီးအကဲများ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
“ဂိုဏ်းထဲမှာလည်း အရေးတကြီးကိစ္စ မရှိတာကြောင့် အလောတကြီး လုပ်စရာမလိုပါဘူး။ အေးအေးဆေးဆေးသာ လုပ်ပါ”
“အကောင်းဆုံးပဲ... ငါတို့ဂိုဏ်းမှာ သိုင်းမဟာဆရာတစ်ယောက် ပေါ်ထွက်လာတာနဲ့ အစွန်းရောက်လက်သီးဂိုဏ်းနဲ့ ဝိညာဉ်ဓားမျိုးနွယ်တွေနဲ့ အကြွေးဟောင်းတွေကို အပြတ်ရှင်းရတော့မယ်”
“သူတို့တွေ နောက်ကွယ်ကနေ နှောင့်ယှက်ပြီး ဂိုဏ်းချုပ်ရဲ့ အခွင့်အရေးကို ဖျက်ဆီးမှာကိုတော့ သတိထားရမယ်နော်”
အကြီးအကဲများသည် ဂိုဏ်းချုပ်အား ထပ်မံမနှောင့်ယှက်လိုသဖြင့် တောင်ထိပ်မှ ပြန်လည်ဆင်းလာကြပြီး အရေးကြီးကိစ္စများကို စတင်ဆွေးနွေးကြတော့သည်။
“ငါတို့ဘက်ကပဲ အရင်ဦးအောင်လှုပ်ရှားပြီး သူတို့ရဲ့ အာရုံကို လွှဲပစ်လိုက်ရင် မကောင်းဘူးလား”
"အစီအစဉ်ကောင်းပဲ နောက်လထဲမှာ အစွန်းရောက်လက်သီးဂိုဏ်းက..."
ထိုင်မြို့မြို့အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်ရာဝင်းတစ်ခုအတွင်း။
လုံယီသည် အိမ်ရာဝင်းထဲ၌ လက်သီးကျင့်စဉ်ကို ဖြည်းညှင်းစွာ ကျင့်ကြံနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ အားပါပြင်းထန်လှပြီး ရင်ဘတ်မှာလည်း စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ ပြင်းရှရှ အသက်ရှူသံမှာ ဖိုခနောက်မှ လေမှုတ်ထုတ်နေသည့်အလား ကျယ်လောင်နေတော့သည်။
သူ၏ လက်မောင်းနှင့် လည်ပင်းကဲ့သို့သော အသားအရေပေါ်တွင် နီမြန်းသော အသွေးအရောင်များ တစ်ဖျတ်ဖျတ် ပေါ်လာခြင်းမှာ ချီစွမ်းအင်များ အရှိန်အဟုန်ဖြင့် လည်ပတ်နေကြောင်း ပြသနေခြင်းပင်။ ခေတ္တအကြာတွင် သူ၏ အကြောအခြင်များအတွင်း၌ ဖောင်းကြွလာသော နာကျင်မှုကို ခံစားလိုက်ရသည်။
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ရှိ ကျင့်ကြံမှုအဆင့်ကို ကြည့်လိုက်သည်။
[ကျင့်ကြံမှုအဆင့်: သိုင်းပညာရှင်လောင်း (၂၆၄/၆၀၀) → သိုင်းပညာရှင်လောင်း (၂၇၀/၆၀၀)]
စွမ်းအင်ကဏ္ဍတွင်မူ တန်ဖိုးမှာ ၈၀ အထိ ရှိနေသည်။ ဤကာလအတွင်း သူသည် စွမ်းအင်များကို တိတ်တဆိတ် စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်များ ပုံမှန်ရရှိစေရန် ရက်အနည်းငယ်လျှင် တစ်ကြိမ် သင်္ချိုင်းသုံးခုသို့ သွားရောက်လေ့ရှိသည်။
ထို့ပြင် ချင်းဖုန်းကျောင်းမှ တာအိုဆရာများနှင့်အတူ နာရေးအခမ်းအနားများသို့ ရံဖန်ရံခါ လိုက်ပါသွားခြင်း၊ လျူယွမ်နှင့် လုယန်တို့ ပေးပို့သော သေဆုံးသူများရှိသည့် နေရာသတင်းများသို့ သွားရောက်ကာ စွမ်းအင်များကို လိုက်လံစုဆောင်းခဲ့သည်။ ယမန်နေ့ကမှ စွမ်းအင် ၈၀ ကျော်သွားခဲ့ရာ အသက်ရှူကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် လိုအပ်ချက်များထဲမှ တစ်ခုကို ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
ထိုစဉ်မှာပင် ရှောင်ချန်းက သူလိုအပ်နေသော နှလုံးစားမြက် နှစ်ပင်ကို လာရောက်ပေးပို့ခဲ့သည်။ သူမသည် ငွေတစ်ပြားမျှပင် တောင်းခံခြင်း မရှိခဲ့ပေ။ လက်ထဲတွင် နှလုံးစားမြက် သုံးပင် အသင့်ရှိနေပြီဖြစ်ရာ အသက်ရှူကျင့်စဉ်ကို အချိန်မရွေး အဆင့်မြှင့်တင်နိုင်ပြီဖြစ်သည်။
လုံယီသည် ဆိုင်းမတွတော့ဘဲ အသက်ရှူကျင့်စဉ်၏ နောက်ကွယ်မှ မှိန်ဖျော့ဖျော့ ပေါ်နေသော အပေါင်းလက္ခဏာပေါ်သို့ အာရုံစူးစိုက်လိုက်သည်။ လက်ထဲရှိ နှလုံးစားမြက်များမှာ ချက်ချင်းပင် အနက်ရောင်အရည်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ဖဝါးထဲသို့ စိမ့်ဝင်သွားတော့သည်။
[ အဝါရောင်အစွန်းရောက် အသက်ရှူကျင့်စဉ်: (ပထမအဆင့်၊ ကျွမ်းကျင်မှု ၀/၈၀ + နှလုံးစားမြက် ၃ ပင်) → (ပထမအဆင့်၊ နှံ့စပ်မှု ၀/၁၀၀ + နှလုံးစားမြက် ၇ ပင် + အရိုးဖောက်သစ်ခွ ၁ ပင်)]
သူ၏ စိတ်အစဉ်ထဲတွင် ယခင်အခြေခံအဆင့်ထက် ပိုမိုနက်ရှိုင်းသော မှတ်ဉာဏ်သစ်များ စီးဝင်လာသည်။
တစ်ခြားသူတို့၏ သံချပ်ကာမြင်းတပ်များက မည်သည့်အချိန်တွင်မဆို အမိမြေကို ကျူးကျော်လာနိုင်သည်။ ထိုလူငယ်သည် သူ၏သိုင်းပညာ တိုးတက်မှုအရှိန်ကို မြှင့်တင်နိုင်ရန်အတွက် မျိုးနွယ်စုခေါင်းဆောင်ထံမှ အထူးဖော်စပ်ထားသော လျှို့ဝှက်ဆေးကို တောင်းခံခဲ့သည်။ သူသည် ထိုဆေးကို တစ်ကိုယ်လုံး လိမ်းကျံကာ လူသားမခံမရပ်နိုင်သော နာကျင်မှုကို အံတုခဲ့ရသည်။
နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ သုံးနှစ်မပြည့်မီမှာပင် သူသည် မျိုးနွယ်စု၏ ထိပ်တန်းပညာရှင် ဖြစ်လာခဲ့ပြီး သူ၏လူမျိုးစုကို ဦးဆောင်ကာ တစ်ပါးအမျိုးသားတို့၏ ကျူးကျော်မှုကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့လေသည်...
သို့သော်လည်း တစ်ခြားသူတို့၏ အာရုံစိုက်မှုမှာ ဤကျေးရွာငယ်လေးအပေါ် ပိုမိုကျရောက်လာသည်နှင့်အမျှ လူငယ်လေးသည် မိမိကိုယ်ကိုယ် အားကိုးရာမဲ့သကဲ့သို့ ခံစားလာရတော့သည်။
သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိခြင်းမှာ သူ့အတွက် အရေးမကြီးလှသော်လည်း တစ်ချိန်က အတူတကွ ရယ်မောပျော်ပါးခဲ့ဖူးသည့် ရင်းနှီးသော ဆွေမျိုးသားချင်းများ တစ်ဦးပြီးတစ်ဦး သူ့မျက်စိရှေ့မှောက်၌ လဲပြိုသွားသည်ကို မြင်တွေ့ရခြင်းမှာမူ သူ့အတွက် ခံရခက်လှသော ဝေဒနာပင်။ ထို့ကြောင့် သူသည် မျိုးနွယ်စုခေါင်းဆောင်ကြီးထံသို့ တစ်ဖန်ပြန်သွားကာ ကျင့်ကြံမှုအရှိန်ကို ယခုထက် ပိုမိုမြန်ဆန်စေမည့် နည်းလမ်းကို ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
“မင်းရဲ့ တိုးတက်မှုအရှိန်က သာမန်လူတွေထက် အဆပေါင်းများစွာ မြန်နေပါပြီ။ နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် မင်းရဲ့အဖေတုန်းက အဆင့်ကိုတောင် ကျော်ဖြတ်နိုင်မှာပါ...”
ခေါင်းဆောင်ကြီးက အကြံပြုသည်။
“ကျွန်တော့်မှာ နှစ်အနည်းငယ်ဆိုတဲ့ အချိန် မရှိတော့ဘူး အဘိုး။ အခုချက်ချင်း နည်းလမ်းမရှာနိုင်ရင် ရွာထဲကို ရန်သူတွေ ဝင်လာလိမ့်မယ် အားလုံးလည်း သေကြရလိမ့်မယ်...”
လူငယ်က ပြတ်သားစွာ ပြောလိုက်သည်။
ခေါင်းဆောင်ကြီးမှာ မတတ်သာသည့်အဆုံး ရှေးဟောင်းကျမ်းစာများကို ရှာဖွေကြည့်ရာမှ ယခင်ကထက် ပိုမိုကြမ်းတမ်းပြီး အန္တရာယ်များလှသော နည်းလမ်းတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။ ၎င်းမှာ ဧရာမအိုးကြီးတစ်လုံးအတွင်း ရှားပါးလှသော လျှို့ဝှက်ဆေးမြစ်များစွာကို ထည့်သွင်းကာ လူကို ထိုအိုးထဲ၌ စိမ်ထားပြီး အောက်မှ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ချက်ရခြင်း ဖြစ်သည်။ အပူရှိန်ကို ထိန်းညှိရန် အလွန်ခက်ခဲလှပြီး အနည်းငယ်မျှ မှားယွင်းသွားပါက အိုးထဲ၌ပင် ပြုတ်၍ သေဆုံးသွားနိုင်ပေသည်။
သို့သော် ထိုလူငယ်မှာမူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ခေါင်းဆောင်ကြီးအား မီးထိုးပေးရန် တောင်းဆိုကာ ကြောက်မက်ဖွယ်ကောင်းလှသော လေ့ကျင့်မှုကို စတင်ခဲ့တော့သည်။ ထိုလျှို့ဝှက်ဆေးများမှာ မခံမရပ်နိုင်အောင် စပ်ရှားလှသည့်အပြင် ပွက်ပွက်ဆူနေသော ရေပူ၏ နာကျင်မှုမှာလည်း ယခင်ကထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမိုပြင်းထန်လှသည်။ သူ၏ အသားမျှင်များမှာ အမြဲတစေ ပျက်စီးလိုက် ပြန်လည်ဖြစ်ပေါ်လာလိုက်နှင့် သံသရာလည်နေတော့သည်။
လူငယ်သည် အံတင်းတင်းကြိတ်ကာ ထိုဝေဒနာကို အလွန်ခက်ခဲစွာ အောင့်အည်းသည်းခံခဲ့ရသည်။ နေ့ရက်များ ကုန်လွန်သွားပြီးနောက်တွင်မူ သူသည် အပင်ပန်းဆုံးသော အချိန်များကို နောက်ဆုံး၌ ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက်ဆေးများ၏ အတင်းအကျပ် ပြောင်းလဲပေးမှုကြောင့် သူ၏အသားစိုင်များမှာ ယခင်နှင့် လုံးဝမတူတော့ပေ။
သူ၏ အကြောအခြင်များမှာ သိသိသာသာ သန်မာလာပြီး၊ အသားထဲမှ အညစ်အကြေး အမြောက်အမြားကို ဖယ်ရှားပြီးဖြစ်ရာ ပိတ်ဆို့နေသော လမ်းကြောင်းများအားလုံး ပွင့်သွားတော့သည်။ ထို့ကြောင့် ချီစီးဆင်းမှုအရှိန်မှာလည်း အဆပေါင်းများစွာ မြန်ဆန်လာခဲ့သည်။
လက်တွေ့ဘဝတွင်လည်း ကောင်းကင်နှင့် မြေကြီး၏ မူလချီစွမ်းအင်ချီအမြောက်အမြားမှာ လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး သူ၏ အသားစိုင်နှင့် အကြောအခြင်များကို ရူးသွပ်မတတ် ပြောင်းလဲပစ်လိုက်သည်။ အခိုက်အတန့်တိုင်းတွင် သူ၏ ချွေးပေါက်များမှ မီးခိုးရောင် နောက်ကျိကျိအရည်များ စိမ့်ထွက်လာပြီး ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်နေ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ။ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ လုံယီမှာ မီးခိုးရောင် ရွှံ့ညွန်များ ဖုံးလွှမ်းနေသည့် တောတွင်းလူ တစ်ဦးကဲ့သို့ ဖြစ်နေတော့သည်။ သူသည် ရေကန်မှ ရေများကို ခပ်ယူကာ ရေနှစ်စည်ခန့် သုံးစွဲ၍ ကိုယ်လက်သန့်စင်လိုက်ရသည်။
သန့်စင်ပြီးနောက် သူ၏အသားအရေမှာ အပြစ်အနာအဆာကင်းစင်သော ကြေးနီရောင်
အသွင်သို့ ပြောင်းလဲသွားပြီး သူ၏ အရင်ဘဝက အလှအပဆိုင်ရာ ကုထုံးများဖြင့် အချိန်ကုန်ဆုံးခဲ့သည့် မော်ဒယ်များထက်ပင် ပိုမိုကျန်းမာစိုပြည်သော အလှမျိုးကို ပိုင်ဆိုင်သွားခဲ့သည်။
အဝါရောင်အစွန်းရောက် အသက်ရှူကျင့်စဉ်ကို လည်ပတ်လိုက်သောအခါ ချီများမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ ချောဆီထည့်ထားသကဲ့သို့ပင် မည်သည့် အဟန့်အတားမျှမရှိဘဲ ချောမွေ့စွာ စီးဆင်းနေတော့သည်။ သို့သော်လည်း ကျောပြင်နှင့် ဝမ်းဗိုက်ကို ဆက်သွယ်ထားသည့် အလယ်ဗဟိုနေရာသို့ ရောက်ရှိသွားတိုင်း သိသာထင်ရှားသော အတားအဆီးတစ်ခုကို ခံစားနေရဆဲ ဖြစ်ပြီး ဆက်လက်တိုးတက်၍ မရနိုင်သေးပေ။
ဒါက ရွှမ်တံခါးပဲ။
ရွှမ်တံခါးမှာ သဘာဝအတိုင်းပင် ချီစီးဆင်းမှုကို ပိတ်ဆို့ထားသည့် အတားအဆီးတစ်ခု ဖြစ်သည်။
ထိုရွှမ်တံခါးကို ဖွင့်လှစ်နိုင်ပါက သူ၏ ချီလှည့်ပတ်မှု အရှိန်အဟုန်မှာ ယခုထက် ပိုမိုမြင့်မားလာမည်ကို လုံယီ ကောင်းစွာသိရှိနေသည်။
သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ အသက်ရှူကျင့်စဉ်မှာ နှံ့စပ်မှုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် ကျင့်ကြံမှုအဆင့်မှာ တစ်ရက်လျှင် ၁၂ မှတ်နှုန်းဖြင့် တိုးတက်နေပြီဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် လုံယီသည် မကြာမီမှာပင် အဆင့်တက်ရန် လိုအပ်သော တိုးတက်မှုနှုန်းကို အပြည့်အဝ စုဆောင်းနိုင်တော့မည် ဖြစ်သည်။
နောက်ထပ် ရက်ပေါင်း ၂၀ ခန့် ကုန်လွန်သွားပြီးနောက်...
ယနေ့နံနက်တွင် လုံယီသည် လက်သီးကျင့်စဉ်ကို လေ့ကျင့်ပြီးစီးသွားသောအခါ ကျင့်ကြံမှုအဆင့်မှာ ပြောင်းလဲသွားသည်။
[ကျင့်ကြံမှုအဆင့်: သိုင်းပညာရှင်လောင်း (၅၈၈/၆၀၀) → သိုင်းပညာရှင်လောင်း (၆၀၀/၆၀၀)]
နောက်ဆုံးတော့ ရောက်လာပြီပဲ။
လုံယီသည် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ကုတင်ပေါ်တွင် ထိုင်၍ အဆင့်တက်လှမ်းရန် ပြင်ဆင်လိုက်တော့သည်။
ဘုန်း
သူသည် ကျင့်ကြံမှုအဆင့်၏ နောက်ကွယ်ရှိ အပေါင်းလက္ခဏာကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီများမှာ ဇက်ကြိုးပြတ်သွားသော မြင်းတစ်ကောင်အလား တဟုန်ထိုး ပြေးလွှားတော့သည်။ ချီစွမ်းအင်လှည့်ပတ်မှု အရှိန်မှာ အလွန်ပင် မြန်ဆန်လာရာ ဝူး... ဝူး... ဟူသော သွေးတိုးသံကိုပင် လုံယီ ရှင်းလင်းစွာ ကြားနေရသည်။
သူ၏ ခန္ဓာကိုယ်အပူချိန်မှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး အရေပြားတစ်ခုလုံးမှာ ပြုတ်ထားသော ပုစွန်တစ်ကောင်အလား လိမ္မော်နီရောင်သို့ ပြောင်းလဲသွားကာ ဦးခေါင်းမှလည်း အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။ ထိုမျှ မြန်ဆန်လှသော ချီလှည့်ပတ်မှုကြောင့် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သော ဝန်ထုပ်ဝန်ပိုးကို ခံစားနေရသဖြင့် မျက်နှာမှာ ရှုံ့မဲ့နေပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေ၏။ အကန့်အသတ်သို့ ရောက်ရှိသွားသောအခါ သူ၏ အရေပြားအပေါ်ယံမှာ အနည်းငယ် ပေါက်ပြဲသွားပြီး သွေးများပင် စိမ့်ထွက်လာတော့သည်။
ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်အတွင်းရှိ ချီအားလုံးမှာ ရွှမ်တံခါးရှိရာ အရပ်သို့ စုပြုံတိုးဝှေ့သွားကြတော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
ဒုန်း... ဒုန်း... ဒုန်း...
လုံယီ၏ ရွှမ်တံခါးမှာ သူ၏ ခါးနှင့် ဝမ်းဗိုက်ကြားတွင် တောင်ကြီးတစ်လုံးအလား ပိတ်ဆို့ထားပြီး ချီမြစ်ကို မစီးဆင်းနိုင်အောင် တားဆီးထားသည်။ သို့သော် ချီမြစ်၏ အရှိန်အဟုန်မှာ ပြတ်သားလှပြီး နဂါးတစ်ကောင်အလား ဟောက်သံပေးကာ အဆက်မပြတ် တိုက်စားရင်း နောက်ဆုံးတွင် ထိုတောင်ကြီးကို အပေါက်ဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။
အပေါက်ငယ်လေး စတင်ဖြစ်ပေါ်သွားသည်နှင့် ထိုအပေါက်ကြီးထွားလာမှုကို မည်သည့်အရာကမျှ မတားဆီးနိုင်တော့ပေ။ တောင်ကြီးမှာ စတင်ပြိုလဲပျက်စီးသွားပြီး မြစ်ရေထဲသို့ ပေါင်းစပ်သွားကာ မြစ်၏အင်အားကို ပိုမိုအားကောင်းစေတော့သည်။ ရွှမ်တံခါး ပျက်စီးသွားချိန်တွင် လုံယီမှာ ကွဲအက် သွားသော အသံတစ်ခုကို မှိန်ဖျော့စွာ ကြားလိုက်ရသည်။
ခြေလက်များ၊ အင်္ဂါအစိတ်အပိုင်းများ၊ ဦးခေါင်းနှင့် လည်ပင်းတို့မှ ချီအားလုံးမှာ နောက်ဆုံးတွင် မည်သည့် အဟန့်အတားမျှမရှိဘဲ ပေါင်းစည်းသွားကြတော့သည်။ ထိုအရေအတွက် တိုးပွားလာမှုမှတစ်ဆင့် အရည်အသွေး ပြောင်းလဲမှု ဖြစ်ပေါ်လာကာ စေးပျစ်ပြီး ထူးဆန်းသော လျှို့ဝှက်သွေးအစုအဝေးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုလျှို့ဝှက်သွေးစုမှာ အသက်ရှိနေသကဲ့သို့ပင် သူ၏ခန္ဓာကိုယ်အနှံ့သို့ မနားမနေ လှည့်လည်သွားလာနေတော့သည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အပူဓာတ်များ၊ ဆဲလ်အကြွင်းအကျန်များ၊ အစားအစာမှရသော စွမ်းအင်များနှင့် အကြောမှတ်များအတွင်းရှိ ငုပ်လျှိုးနေသော စွမ်းအားများကို စုပ်ယူကာ အမြဲမပြတ် ကြီးထွားလာ၏။ ၎င်းသည် သူ၏ အကြောအခြင်များကို မယုံနိုင်စရာအရှိန်ဖြင့် ပြုစုပျိုးထောင်ပေးပြီး အတွင်းကလီစာများကို သန်မာစေကာ သွေးများကိုလည်း သန့်စင်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင် အညစ်အကြေး အမြောက်အမြားမှာ ထိုလျှို့ဝှက်သွေး၏ ဖိအားကြောင့် ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ ထွက်ပေါ်လာပြီး အလွန်နံစော်သော အနံ့ဆိုးများကို ထုတ်လွှတ်နေတော့သည်။
ခေတ္တမျှအတွင်းမှာပင် လုံယီသည် သူ၏ခန္ဓာကိုယ်မှာ ပေါ့ပါးသွက်လက်လာကာ ပိုမိုခံနိုင်ရည်ရှိပြီး သန်မာလာကြောင်း ခံစားလိုက်ရသည်။ ပေါင်ချိန်သောင်းချီသော ဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်ရသကဲ့သို့ပင်။
ရွှမ်တံခါးကို ချိုးဖျက်ပြီး လျှို့ဝှက်သွေးကို ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်ရာ... ယနေ့တွင် လုံယီသည် နောက်ဆုံး၌ စစ်မှန်သော သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။