အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း။ ၉၉
သိုင်းပညာရှင်ဟူသော နယ်ပယ်သည် ဤလောကရှိ လူတိုင်းတက်လှမ်းရန် ရည်မှန်းထားသည့် အဆင့်တစ်ခုဖြစ်ပြီး ယခုအခါ လုံယီသည် ထိုနယ်ပယ်အတွင်းသို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီဖြစ်သည်။
သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိသူတိုင်းကို လူတို့ကြားမှ နဂါးနှင့် ဖီးနစ်ကဲ့သို့ အလွန်ရှားပါးသော ပါရမီရှင်များဟု ခေါ်ဆိုနိုင်သည်။ မြို့ပြင်အရပ်ဒေသများတွင် ဤအချက်မှာ ပို၍ပင် ထင်ရှားလှ၏။ ဥပမာအားဖြင့် ရှင်ရှန်းတစ်နယ်လုံးတွင် လူသတ်သမားဟု လူသိများသည့် သိုင်းပညာရှင် တစ်ဦးတည်းသာ ရှိပေသည်။
မြို့မအတွင်း၌မူ သိုင်းပညာရှင် ဦးရေ ပိုမိုများပြားသော်လည်း သူတို့မှာ သိုင်းသင်တန်းကျောင်းများ၊ သူဌေးသူကြွယ် မိသားစုများနှင့် မြို့စားမင်းအိမ်တော်တို့တွင်သာ ရှိကြပြီး သာမန်အရပ်သားများမှာမူ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခွင့်ပင် မရရှိနိုင်ကြပေ။ ထို့ပြင် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခြင်းသည် လူမှုအဆင့်အတန်းကိုလည်း သိသိသာသာ ပြောင်းလဲသွားစေပြီး လူအများက ၎င်းတို့ကို တွေ့ဆုံသည့်အခါ သခင်ကြီးသို့မဟုတ် ဆရာကြီးဟု ရိုသေစွာ ခေါ်ဝေါ်ကြလေ့ရှိသည်။
မြို့စားမင်းအိမ်တော်၏ သားရဲလိုက်လံရေးဗျူရို၊ ဒေသန္တရ စစ်ဆေးရေးဗျူရို၊ အစောင့်အရှောက်လုပ်ငန်းများသို့ ဝင်ရောက်ခြင်းဖြစ်စေ၊ ကုန်သည်ကြီးများအသင်း သို့မဟုတ် မြေပိုင်ရှင်အိမ်တော်များတွင် အကြီးအကဲအဖြစ် တာဝန်ယူခြင်းဖြစ်စေ၊ မိမိဘာသာ လုပ်ငန်းထူထောင်၍ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းဖြစ်စေ အားလုံးမှာ အလွယ်တကူ လုပ်ဆောင်နိုင်သည့် ကိစ္စများပင်။
ယင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ ဤလောကကြီးသည် ဘေးကင်းလုံခြုံမှုမရှိဘဲ ကြမ်းတုတ်သော သားရဲများ၊ လုယက်တတ်သော ငှက်ဆိုးများနှင့် သရဲတစ္ဆေ ဒဏ္ဍာရီများ ပေါများနေခြင်းကြောင့် ဖြစ်သည်။ အစွမ်းထက်သော သိုင်းပညာစွမ်းအားသည်သာ အခိုင်မာဆုံးသော အာမခံချက်ပင်။
ကရက်…
လုံယီသည် သူ၏လက်သီးကို အသာအယာ ဆုပ်လိုက်ရုံမျှဖြင့် လေထုကွဲအက်သွားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဖြောင်း... ဖြောင်း... ဖြောင်း
သူသည် လက်သီးအချို့ကို ပေါ့ပေါ့ပါးပါး ထိုးကြည့်လိုက်ရာ တစ်ကိုယ်လုံးရှိ အဆစ်အမျက်များမှာ ချောဆီထည့်ထားသကဲ့သို့ မယုံနိုင်စရာကောင်းလောက်အောင် ပေါ့ပါးသွက်လက်နေသည်။ သူ၏ ခန္ဓာကိုယ် ဟန်ချက်ညီမှု၊ အချိတ်အဆက်မိမှုနှင့် တုံ့ပြန်မှုအရှိန်တို့မှာ များစွာတိုးတက်လာပြီး လက်သီးတစ်ချက်ချင်းစီတိုင်းမှာ ယမ်းပုလင်းပေါက်သံကဲ့သို့ အလွယ်တကူ မြည်ဟည်းနေတော့သည်။
ခွန်အားပိုင်းနှင့် ပတ်သက်၍မူ...
လုံယီသည် သံမဏိကျောရိုးပါသော ဓားတစ်လက်ကို ကောက်ယူကာ လက်ဖြင့် အသာအယာ လိမ်ချိုးလိုက်ရာ ကြိုးတစ်ချောင်းအလား ကျစ်ဆံမြီးပုံသဏ္ဌာန် ဖြစ်သွားတော့သည်။ သူသည် သူ၏ဘယ်ဘက်လက်ညှိုးကို မာကျောသော အုတ်နံရံပေါ်သို့ ဖိလိုက်ရာ သိသာထင်ရှားသော လက်ဗွေရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ပေါင်သုံးထောင်... မဟုတ်ဘူး အဲဒီထက်မကဘူး။ ပေါင်လေးထောင်လား ငါးထောင်လား။
လုံယီ၏ စိတ်အစဉ် လှုပ်ရှားသွားပြီး အသက်ရှူကျင့်စဉ်ကို လည်ပတ်လိုက်ရာ လျှို့ဝှက်သွေးများမှာ သူ၏လက်ညှိုးဆီသို့ တဟုန်ထိုး စီးဝင်သွားပြီး လက်ထိပ်လေးမှာ သွေးရောင်လွှမ်းကာ အလင်းမှိန်မှိန်လေးပင် ထွက်ပေါ်လာသကဲ့သို့ ရှိသည်။ သူသည် နံရံကို ထပ်မံဖိကြည့်လိုက်ရာ နံရံမှာ ရွှံ့စေးခဲကဲ့သို့ ချိုင့်ဝင်သွားတော့သည်။
လျှို့ဝှက်သွေးရဲ့ စွမ်းအားက တကယ်ကို အံ့သြစရာပဲ။
သိုင်းပညာရှင်များမှာ သာမန်လူများထက် အဆပေါင်းများစွာ သန်မာရခြင်းမှာ သိုင်းကျင့်စဉ်များကြောင့် ခန္ဓာကိုယ် တောင့်တင်းလာရုံသာမက ဤလျှို့ဝှက်သွေးကို အသုံးပြုနိုင်စွမ်းရှိခြင်းမှာ အဓိကသော့ချက်ပင်။
လျှို့ဝှက်သွေးကို လက်မောင်းဆီသို့ ပို့ဆောင်လိုက်ပါက လက်သီးချက်၏ အရှိန်အဝါကို မြှင့်
တင်ပေးနိုင်ပြီး ခြေထောက်ဆီသို့ ပို့ဆောင်လိုက်ပါက အပြေးနှုန်းကို ပိုမိုမြန်ဆန်စေသည်။
သိုင်းပညာရှင်အဖြစ်သို့ မတက်လှမ်းမီကပင် လုံယီ၏ ခွန်အားမှာ လျှို့ဝှက်သွေးကို အသုံးပြုသော ဒုတိယအဆင့်ချီစွမ်းအားရှိ သိုင်းပညာရှင်ထက်ပင် သာလွန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ လျှို့ဝှက်သွေးကိုပါ အသုံးချနိုင်ပြီဖြစ်ရာ သူ၏ ခွန်အားမှာ မည်မျှအထိ ရှိနေမည်ကို တိုင်းတာရန် ကိရိယာမရှိသဖြင့် အတိအကျ မပြောနိုင်သော်လည်း အဆင့်မတက်မီကထက် များစွာ ပိုမိုအားကောင်းလာသည်ကိုမူ သူသိရှိနေသည်။
ဥပမာအားဖြင့် နေဝင်တောင်တန်းမှ ရှုရှီးကဲ့သို့သော သူမျိုးဆိုလျှင်... ယခုအချိန်တွင် လုံယီအနေဖြင့် မည်သည့် ဝှက်ဖဲကိုမျှ သုံးစရာမလိုဘဲ ချီစွမ်းအင်ကိုပင် နှိုးဆွရန်မလိုအပ်ဘဲ လက်တစ်ဖက်တည်းနှင့် အသာအယာ သတ်ဖြတ်နိုင်ပြီဖြစ်သည်။ ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ရှိ ကျိုးယန် သို့မဟုတ် ချန်မူကျူတို့ကဲ့သို့သော သိုင်းပညာရှင်များကို ပြန်လည်အမှတ်ရကြည့်ရာတွင်လည်း ယခင်က ခံစားခဲ့ရဖူးသည့် ခြိမ်းခြောက်မှုမျိုး လုံးဝ မရှိတော့ပေ။
သို့သော် ပဉ္စမအဆင့်ချီစွမ်းအား အထက်ရှိ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် သိုင်းပညာရှင်များနှင့်မူ တစ်ခါမျှ မရင်ဆိုင်ဖူးသေးသဖြင့် လုံယီအနေဖြင့် ခန့်မှန်းရခက်နေဆဲပင်။
ထို့ပြင် သူသည် သိုင်းပညာရှင်အဖြစ် အခုမှ စတင်တက်လှမ်းခဲ့ခြင်းဖြစ်ရာ လျှို့ဝှက်သွေးများမှာ အမြဲမပြတ် တိုးပွါးဖွံ့ဖြိုးနေဆဲပင်။ သူ၏ ကိုယ်ကာယနှင့် ခွန်အားမှာလည်း အချိန်နှင့်အမျှ တိုးတက်နေသဖြင့် ပထမအဆင့်ချီစွမ်းအား အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိရန် များစွာ လိုအပ်နေသေးသည်။
၎င်းအပြင် လျှို့ဝှက်သွေး၏ အသုံးဝင်ပုံမှာ ဤမျှသာ မကသေးပေ။ လုံယီသည် လျှို့ဝှက်သွေးကို အသုံးချကာ ဖယောင်းတိုင်နဂါးအကြောမှတ်ကို နှိုးဆွလိုက်ရာ ရင်ဘတ်အတွင်း၌ စစ်ခနဲဖြစ်သွားကြောင်း ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် သူ၏ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ကိုယ်လုံးတွင် ရှေးဦးသားရဲကြီးတစ်ကောင် လောကထဲသို့ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါများ ဖုံးလွှမ်းသွားတော့သည်။
ဟုတ်ပြီ... ဒါက ကြွက်သားတွေကို အသုံးပြုပြီး တိုက်ခိုက်တာထက် အများကြီး ပိုမြန်တယ်။ မိုက်ခရိုကွန်ထရိုလာအဟောင်းကို အဆင့်မြင့် ချစ်ပ်ပြားသစ်နဲ့ လဲလိုက်သလိုပဲ။
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉ / ၆၀]
[အဆင့်: ပထမအဆင့်ချီစွမ်းအား သိုင်းပညာရှင် (၀ / ၆၀၀)]
[ကျင့်စဉ်များ: အဝါရောင်အစွန်းရောက် အသက်ရှူကျင့်စဉ် (ပထမအဆင့်၊ နှံ့စပ်မှု ၀/၁၀၀ + နှလုံးစားမြက် ၇ ပင် + အရိုးဖောက်သစ်ခွ ၁ ပင်)၊ ဟူမိသားစု အသက်ရှူကျင့်စဉ် (အခြေခံမရှိသေး ၀/၁၀)]
[ကျွမ်းကျင်မှုများ: လုံမိသားစု ပုဆိန်သိုင်း (နှံ့စပ်မှု ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင်မှု ၀/၃၀)၊ ကျောက်ခဲပစ်ပညာ (နှံ့စပ်မှု ၀/၃၀)၊ ကိုယ်ဖော့ပညာ (နှံ့စပ်မှု ၀/၆၀)၊ အခြေခံလှံသိုင်း (အခြေခံရှိ ၀/၆)၊ လျှို့ဝှက်ကျွမ်းကျင်မှု နဂါးဖောက်လှံသိုင်း (အပိုင်းအစ ၁)]
[ပါရမီ: ကျောက်ဖြစ်ခြင်း (ကျွမ်းကျင်မှု ၀/၆၀ + ကျောက်ဝိညာဉ် ၃ ခု + ဖီးနစ်သွေးကျောက် ၁ လုံး)]
[စွမ်းအင်: ၁]
ပထမဦးဆုံးအနေဖြင့် အသက်ကဏ္ဍတွင် ပြောင်းလဲသွားမှုကို မြင်လိုက်ရသောအခါ လုံယီ၏ အသက်ရှူသံမှာ ပြင်းထန်သွားရသည်။ သူ၏ အသက်သက်တမ်းမှာ လေးနှစ်ခန့် တိုးလာခြင်း ဖြစ်သည် သိုင်းပညာရှင်အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခြင်းသည် လူ၏ သက်တမ်းကို အမှန်တကယ်ပင် တိုးမြှင့်ပေးနိုင်ပေသည်။
အကယ်၍ သူသည် နောင်တွင် ချီစွမ်းအင်ပတ်လမ်းငယ်၊ ချီစွမ်းအင်ပတ်လမ်းကြီးနှင့် သိုင်းမဟာဆရာအဆင့်များသို့ ဆက်လက်တက်လှမ်းနိုင်ပါက သူ၏သက်တမ်းမှာ ထပ်မံတိုးလာဦးမည်မှာ အသေအချာပင်။
ဒုတိယမြောက် ပြောင်းလဲမှုမှာ ကျင့်ကြံမှုအဆင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။ လုံယီသည် ပထမအဆင့်ချီစွမ်းအား သိုင်းပညာရှင် အဖြစ် တရားဝင် ရောက်ရှိသွားပြီ ဖြစ်သည်။ အဆင့်တက်သွားပြီဖြစ်၍ ပထမအဆင့် အသက်ရှူကျင့်စဉ်မှာ သူ့အတွက် ခေတ်နောက်ကျသွားပြီ ဖြစ်သည်။ ယခင်က တစ်ရက်လျှင် ကျွမ်းကျင်မှု ၆ မှတ်နှုန်းဖြင့် တိုးတက်ခဲ့သော်လည်း၊ ယခု သိုင်းပညာရှင်အဆင့်တွင်မူ တစ်ရက်လျှင် ၁ မှတ်နှုန်းသာ တိုးတက်တော့သည်။
ကျင့်ကြံမှုအရှိန်ကို ပြန်လည်မြှင့်တင်ရန်အတွက် သိုင်းပညာရှင်အဆင့်နှင့် ကိုက်ညီသော ဒုတိယအဆင့် အသက်ရှူကျင့်စဉ်ကို အမြန်ဆုံး ရယူရပေလိမ့်မည်။ ထိုဒုတိယအဆင့် ကျင့်စဉ်မှာ သိုင်းပညာရှင်များ ဆက်လက်ကျင့်ကြံရန်အတွက် ပထမအဆင့်ထက် များစွာပို၍ အရေးကြီးလှသလို အတွင်းစည်းတပည့်များမှလွဲ၍ အခြားသူများကို သင်ကြားပြသခွင့် မရှိသော လျှို့ဝှက်ချက်လည်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသာ ထိုကျင့်စဉ်ကို သွားရောက်လဲလှယ်မည်ဆိုပါက သူ၏ တိုးတက်မှုနှုန်းကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။ အသက်ရှူကျင့်စဉ်ကို သုံးလမပြည့်မီ လေ့ကျင့်ပြီး သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိသွားခြင်းမှာ တကယ့်ကို ပါရမီထူးချွန်လွန်းသည့် ပါရမီရှင်တစ်ဦးပင် ဖြစ်နေလိမ့်မည်။
လုံယီသည် အကျိုးအကြောင်း စဉ်းစားကြည့်လိုက်သည်။ သူ၏ နောက်ခံသမိုင်းကြောင်းမှာ ရှုပ်ထွေးလှသလို အစိုးရအရာရှိများကို သတ်ဖြတ်ခဲ့ဖူးခြင်း၊ ချီပေါင်ကဲ့သို့ နောက်ခံတောင့်တင်းသော ရန်သူများရှိနေခြင်းနှင့် လေးလံသောဓားဂိုဏ်းကဲ့သို့သော အင်အားကြီးရန်သူများ ရှိနေခြင်းတို့ကြောင့် ဘေးကင်းစေရန်အတွက် အချိန်အနည်းငယ် ထပ်မံဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ခွန်အားမြှင့်တင်မှု အရှိန်အဟုန်ကိုတော့ ရပ်တန့်ထား၍ မဖြစ်ပေ။ ယခုအခါ သူသည် သိုင်းပညာရှင် ဖြစ်သွားပြီဖြစ်၍ ပုဆိန်သိုင်း၊ လက်သီးကျင့်စဉ်နှင့် ပါရမီများကို ပိုမိုအာရုံစိုက်ကာ ခွန်အားကို ထိရောက်စွာ မြှင့်တင်နိုင်ပြီ ဖြစ်သည်။ အသက်ရှူကျင့်စဉ်မှာ ခွန်အားကို ချက်ချင်းလက်ငင်း တိုးလာစေနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
လုံယီသည် ယခင်က ရရှိထားသော စွမ်းအင်ပိတ်ဆို့ခြင်း အတတ်ကျင့်စဉ်ကို ထုတ်ယူကာ စတင်လေ့လာတော့သည်။ ဤအတတ်မှာ မိမိ၏ လျှို့ဝှက်သွေးကို အောက်ဘက်ဒန်တျန်တွင် ထားရှိပြီး ဒန်တျန်စွမ်းအားဖြင့် ပိတ်ဆို့ထားခြင်းဖြင့် မိမိနှင့် အဆင့်တူ သိုင်းပညာရှင်များ မရိပ်မိအောင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။
သူသည် နာရီဝက်ခန့် စမ်းသပ်လေ့ကျင့်ပြီးနောက် စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
[စွမ်းအင်ပိတ်ဆို့ခြင်း အတတ်: (အခြေခံမရှိသေး ၀/၁)]
သူသည် ကျန်ရှိနေသော တစ်ခုတည်းသော စွမ်းအင်အမှတ်ကို အသုံးပြုကာ အဆင့်မြှင့်တင်
လိုက်သည်။
[စွမ်းအင်ပိတ်ဆို့ခြင်း အတတ်: (အခြေခံမရှိသေး ၀/၁) → (အခြေခံရှိ ၀/၃)]
၎င်းမှာ လျှို့ဝှက်သွေးကို ဖုံးကွယ်ထားသည့် အလွန်ရိုးရှင်းသော နည်းစနစ်တစ်ခုသာ ဖြစ်သည်။ သိသူဖော်မစား၊ မသိသူ ဖော်စားဆိုသကဲ့သို့ တတ်မြောက်ထားပါက အလွန်လွယ်ကူသော်လည်း မသိသူအဖို့မှာမူ မည်သို့မျှ ရိပ်မိနိုင်မည် မဟုတ်ပေ။ ၎င်း၏ ထိရောက်မှုကိုတော့ လက်တွေ့စမ်းသပ်ကြည့်ရန် လိုအပ်သေးသည်။
လုံယီသည် လူသားအရေပြား မျက်နှာဖုံးကို တပ်ဆင်ကာ စွမ်းအင်ပိတ်ဆို့ခြင်း အတတ်ကို အသုံးပြု၍ မှောင်ခိုဈေးနှင့် သိုင်းသင်တန်းကျောင်းအချို့၏ အပြင်ဘက်တွင် နှစ်ရက်ခန့် လှည့်လည်သွားလာခဲ့သည်။
သူ၏ ကောက်ချက်မှာ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိ သိုင်းပညာရှင်များပင် အနီးကပ်ရှိနေလျှင်တောင် သူ့အား ရိပ်မိရန် ခဲယဉ်းပေလိမ့်မည်။
ယခုမှသာ သူသည် အစွန်းရောက်လက်သီးဂိုဏ်းသို့ ယုံကြည်မှုအပြည့်ဖြင့် ဦးတည်သွားနိုင်တော့မည် ဖြစ်သည်။
“မင်း ဒီရက်ပိုင်း ဘယ်ပျောက်နေတာလဲ ဘာလို့လာမတွေ့တာလဲ”
လုံယီကို မြင်လိုက်ရသည်နှင့် ကျန်းဝေတ၏ မျက်ဝန်းများ ဝင်းပသွားပြီးနောက် အနီးကပ် သေချာကြည့်ကာ “နေဦး... မင်း တစ်မျိုးဖြစ်နေသလိုပဲ ဘာကွာသွားတာလဲ” ဟု မေးလိုက်သည်။
“တကယ်လား”
လုံယီ၏ စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး “ဘာတွေကွာသွားလို့လဲ” ဟု ပြန်မေးလိုက်သည်။
“အတိအကျတော့ မပြောတတ်ဘူး ဒါပေမဲ့ တစ်ကိုယ်လုံးက ပိုပြီးကြည်လင်ဝင်းပလာသလိုပဲ” ကျန်းဝေတက ခေါင်းကို ကုတ်လိုက်ရင်း ဖတ်ခနဲ ယပ်တောင်ကို ပိတ်ကာ အနားသို့ တိုး၍ တိုးတိုးလေး ပြောလိုက်သည်။
“မင်းမရှိတဲ့ အတောအတွင်း စိတ်ဝင်စားစရာတွေ ဖြစ်ပျက်ခဲ့တယ်ဟေ့”
“ကျားဟုန် ဆိုတဲ့ မိန်းကလေးလေ... အခုတော့ အကြီးအကဲကျိုးရဲ့ အတွင်းစည်းတပည့် ဖြစ်သွားပြီ”
ကျန်းဝေတက မေးငေါ့ပြလိုက်သည်။
သူပြသည့်ဘက်သို့ ကြည့်လိုက်ရာ လုံယီသည် ရင်းနှီးပြီးသားဖြစ်သော အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။ သို့သော် သူမ ဝတ်ဆင်လေ့ရှိသည့် အဝါရောင်ဝတ်စုံအစား အတွင်းစည်းတပည့်များသာ ဝတ်ဆင်ခွင့်ရှိသည့် ဆီးနှင်းပမာ ဖြူဖွေးသော ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အစွန်းရောက်ဟူသော စာလုံးကို ထင်ရှားစွာ ရေးထွင်းထားသည်။
“သူ အဆင့်မတက်သေးဘူး မဟုတ်လား”
လုံယီသည် သူမထံမှ လျှို့ဝှက်သွေး၏ အရှိန်အဝါကို မခံစားရပေ။
“အသက်ရှူကျင့်စဉ်ကို စတင်တတ်မြောက်သွားပြီဆိုရင် အသက်ကလည်း သိပ်မကြီးသေးဘူးဆိုရင် လိုအပ်တဲ့ ဆေးဝါးအရင်းအမြစ်တွေ ပံ့ပိုးပေးရုံနဲ့ အဆင့်တက်ဖို့ဆိုတာ အချိန်ပိုင်းကိစ္စပဲလေ။ ပြီးတော့ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ သူ့တပည့်ကို လပိုင်းလောက် စောပြီး အသိအမှတ်ပြုလိုက်တာက ပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး”
ကျန်းဝေတက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
“တကယ်လို့ အဲဒီအကြီးအကဲက ကျိုးယန်ရဲ့ ဦးလေးသာ မဟုတ်ရင် ဒီလို လုပ်ပေးမှာ မဟုတ်ဘူး”
အကြီးအကဲကျိုးသည် ကျိုးယန်၏ ဦးလေးဖြစ်ပြီး အကြီးအကဲချုပ် ကျိုးပုဖုန်းနှင့်လည်း ဆွေမျိုးတော်စပ်ကြောင်းမှာ အစွန်းရောက်လက်သီးဂိုဏ်းတွင် လူတိုင်းသိထားသည့် အချက်ဖြစ်သည်။
မနီးမဝေးတွင် ကျိုးယန်သည် ကျားဟုန်၏ ဘေးသို့ လျှောက်သွားကာ နှစ်ယောက်သား ရင်းရင်းနှီးနှီး ရယ်မောစကားပြောနေကြသည်မှာ ကောင်းကင်ဘုံမှ ဖူးစာဖက်များအလား ထင်မှတ်ရပေသည်။
“ဟွမ်လုံကန်းရော ဘာဖြစ်သွားလဲ”
လုံယီသည် ထိုလူအတွက် အနည်းငယ် သနားစိတ် ဝင်သွားမိသည်။
“ဟေး... သူ့ကို မတွေ့ရတာ ရက်တော်တော်ကြာပြီ။ အိမ်က တစ်နေရာရာမှာ ငိုနေမှာပေါ့”
ကျန်းဝေတ၏ စကားမဆုံးသေးမီမှာပင် သိုင်းကွင်းအတွင်း၌ လေးလံသော ခြေသံများ ဟိန်းထွက်လာတော့သည်။
ဒုတ်... ဒုတ်... ဒုတ်...
ဟွမ်လုံကန်းသည် ခေါင်းကိုမော့၊ ရင်ကိုမတ်ကာ တည်ကြည်သော အရှိန်အဝါများဖြင့် လျှောက်လှမ်းလာသည်။ အထူးခြားဆုံးမှာ သူ၏ လက်သီးနှစ်ဖက်ဖြစ်ပြီး အနီရောင်အလင်းတန်းများ တစ်လက်လက် တောက်ပနေသည်မှာ မီးချောင်းလေးများအလားပင်။
၎င်းကို မြင်လိုက်ရသူတိုင်း မျက်လုံးပြူးသွားကြသည်။
“သူ သိုင်းပညာရှင်အဆင့်ကို တက်သွားပြီ”
“ဘုရားရေ... ဒီလောက် မြန်မြန်ကြီးလား”
“ဒါက မိသားစုကြီးတွေရဲ့ အင်အားပေါ့လေ...”
ကျန်းဝေတအပါအဝင် လူအနည်းငယ်ကမူ ထိုမြင်ကွင်းကို အထင်သေးစွာ ကြည့်နေကြသည်။
“သူ သွေးတိုးဆေးတွေကို သုံးထားတာ သိသာလွန်းတယ်။ တစ်လုံးတည်းတောင် မကဘူး ထင်တယ်။ အခုတော့ သူ့ရဲ့ အလားအလာတွေ အကုန်ကုန်သွားပြီ နောက်ထပ် အဆင့်တက်ဖို့ဆိုတာ အတော်လေး ခက်ခဲသွားလိမ့်မယ်”
ကျန်းဝေတက နားမလည်နိုင်သလို ရေရွတ်လိုက်သည်။
“မိန်းကလေးတစ်ယောက်အတွက်နဲ့ ဒီလောက်အထိ ရင်းရတာ တန်ရဲ့လားကွာ”
အခန်း။ ၁၀၀
“သူတို့က တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်နေကြလို့ ဖြစ်မှာပေါ့”
လုံယီက ပြုံးလျက် ပြောလိုက်သည်။
“တကယ့်အချစ်... အပိုတွေပါကွာ တကယ့်အရူးလို့ ပြောရင် ပိုမှန်လိမ့်မယ်”
ကျန်းဝေတက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သိုင်းကွင်းပေါ်တွင်မူ လူအများ၏ အာရုံစိုက်မှုကို ခံနေရသော ဟွမ်လုံကန်းသည် ယုံကြည်မှုအပြည့်ဖြင့် ကျားဟုန်အနားသို့ ချဉ်းကပ်သွားသည်။
“ဟုန်မေ... ငါ သိုင်းပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ”
ဟွမ်လုံကန်းက ကျားဟုန်ကို မြတ်နိုးကြည်ညိုစွာ ကြည့်ရင်း “အခုဆိုရင် မင်း ငါ့အနားကို ပြန်လာမှာ မဟုတ်လား”
စကားအဆုံးတွင် သူသည် ကျားဟုန်၏ လက်ကလေးကို လှမ်းကိုင်ရန် ကြိုးစားသော်လည်း သူမက ပါးနပ်စွာ ရှောင်တိမ်းလိုက်သည်။
“အစ်ကိုကြီးဟွမ်... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစမ်းပါ”
ကျားဟုန်က အေးစက်စွာ ပြောဆိုပြီးနောက် သူ့ကို စကားတစ်ခွန်းမှ ထပ်မပြောလိုတော့သကဲ့သို့ အခြားတစ်ဖက်သို့ အမြန်လျှောက်သွားတော့သည်။
ဟွမ်လုံကန်းက နောက်က လိုက်ရန်ပြင်စဉ်မှာပင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက သူ့လမ်းကို ပိတ်ဆို့လိုက်သည်။ ကျိုးယန်က လှောင်ပြောင်လိုသော အမူအရာဖြင့် “ညီငယ်ဟွမ်... တချို့အရာတွေကို အတင်းအကျပ် လုပ်လို့မရဘူးကွ။ မင်း ဒီအတွက် ပေးဆပ်လိုက်ရတာ တကယ့်ကို များလွန်းပါတယ်”
ကျိုးယန်၏ ဆိုလိုရင်းကို နားလည်လိုက်သည်နှင့် ဟွမ်လုံကန်း၏ မျက်နှာမှာ ပိုမိုပျက်ယွင်းသွားသည်။
သူ သိုင်းပညာရှင် ဖြစ်လာတာတောင်မှ ဟုန်မေက သူ့ကို လှည့်မကြည့်သေးတာ ဘာဖြစ်လို့လဲ။
သူသည် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ကို ကြာမြင့်စွာကတည်းက ရောက်ရှိထားသူ ကျိုးယန်ကိုတော့ ဒေါသမထွက်ရဲပေ။ ထိုစဉ် ဘေး၌ ကျန်းဝေတက ခိုးပြီး ရယ်မောနေသည်ကို မြင်လိုက်ရသောအခါ အာဃာတဟောင်းနှင့် အသစ်ပေါင်းကာ ပေါက်ကွဲသွားတော့သည်။
“ဖားပြုပ်ကျန်း မင်းက ဘာကို ရယ်နေတာလဲ”
သူသည် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်ကာ မြေပြင်မှ ခုန်တက်လိုက်ပြီး လက်သီးကို အရှိန်ဖြင့် လွှဲလိုက်ရာ လက်မောင်းရိုးမှာ ချက်ချင်းပင် နီရဲလာပြီး ကျန်းဝေတထံသို့ ပြင်းထန်စွာ ထိုးနှက်
လိုက်တော့သည်။ ဆေးဝါးအကူအညီဖြင့် အဆင့်တက်ခဲ့သည်ဆိုစေဦးတော့ သူသည် သိုင်းပညာရှင်အဆင့် ရောက်နေပြီဖြစ်ရာ လက်သီးချက်၏ လေခွဲသံမှာ စူးရှလှပေသည်။
ကျန်းဝေတမှာ ထိတ်လန့်သွားပြီး အနောက်သို့ ဆုတ်ရင်း အော်ဟစ်တော့သည်။
“ဂိုဏ်းတူအချင်းချင်း တိုက်ခိုက်တာ တားမြစ်ထားတယ်လေ... ကျိုးယန် မင်း ဒါကို မတားဘူးလား”
ကျိုးယန်ကတော့ ရင်ဘတ်ပေါ် လက်ပိုက်လျက် ကျန်းဝေတ၏ ဘေးအန္တရာယ်ကို လုံးဝဂရုမစိုက်ဘဲ ပြက်ရယ်ပြုသော မျက်ဝန်းများဖြင့်သာ ကြည့်နေ၏။
ဖြောင်း…
အလွန်စိုးရိမ်ရသော အခြေအနေတွင် ဟွမ်လုံကန်း၏ လက်သီးကို လက်တစ်ဖက်က ဖမ်းချုပ်လိုက်သည်။ ဤမြင်ကွင်းမှာ ယခင်က ဖြစ်ပျက်ခဲ့ဖူးသည့်အတိုင်းပင်။
သူ့မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အစွမ်းကုန် အားစိုက်ထုတ်နေသော်လည်း သူ၏လက်မောင်းမှာ တဖြည်းဖြည်းနှင့် အနောက်ဘက်သို့ ပြန်လည်ကွေးညွတ်သွားခြင်းကို သူ မတားဆီးနိုင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ သူကိုယ်တိုင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရတော့သည်။
"အသုံးမကျတဲ့လူတွေပဲ ကိုယ်နဲ့မဆိုင်တဲ့လူပေါ် ဒေါသပုံချတတ်တာ"
ကြားဝင်တားဆီးလိုက်သူမှာ လုံယီပင်။ သူ၏စကားကြောင့် ဟွမ်လုံကန်း၏မျက်နှာမှာ ဖြူလျော့သွားရ၏။ သူ့ကို နှိမ်နင်းထားနိုင်သော်လည်း ဂိုဏ်းအတွင်း၌ ထပ်မံအပြစ်ပေးရန် မသင့်တော်သဖြင့် လုံယီသည် ကျန်းဝေတနှင့်အတူ ထွက်ခွာလာခဲ့သည်။
ကျန်ရှိနေသော တပည့်များမှာလည်း ဟွမ်လုံကန်း၏ ဒေါသနှင့် မပတ်သက်လိုသဖြင့် အလျင်အမြန်ပင် လူစုခွဲလိုက်ကြတော့သည်။ သူတို့ထွက်သွားရင်း လုံယီက ဟွမ်လုံကန်းကို အနိုင်ယူလိုက်သည့်ကိစ္စအား တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်
"သူက သိုင်းပညာရှင်အဆင့် ရောက်နေတာ မဟုတ်လား ဘယ်လိုဖြစ်လို့ သိုင်းပညာရှင်တောင် မဟုတ်သေးတဲ့လူကို ရှုံးသွားရတာလဲ"
"သူက အခုမှ အဆင့်တက်ထားတာဆိုတော့ အခြေအနေက မတည်ငြိမ်သေးလို့ နေမှာပါ"
"လုံယီက မွေးရာပါ ခွန်အားကြီးတဲ့သူ ထင်တယ်။ နှမြောစရာပဲ... အသက်ကြီးနေပြီဆိုတော့ ရှေ့ဆက်ဖို့ အလားအလာ မရှိတော့ဘူး..."
ကျယ်ပြောလှသော သိုင်းကွင်းကြီးထဲတွင် ဟွမ်လုံကန်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
"မင်းတို့အားလုံး... သေရမယ်..."
မြေပြင်ပေါ်တွင် ဒူးထောက်လျက် ဟွမ်လုံကန်း ရေရွတ်လိုက်သော အာဃာတစကားလုံးများက နားထောင်သူကို ကြက်သီးထစေသည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ မျက်ဝန်းများမှာ သွေးကဲ့သို့ နီရဲနေပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လုံယီ၏ စွမ်းဆောင်ရည်ကို မျက်မြင်တွေ့လိုက်ရသော ကျန်းဝေတမှာ အလွန်စိတ်လှုပ်ရှားနေသည်။
"ကြည့်ရတာ သာမန်အဆင့်သိုင်းသမားတွေက မင်းကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။ ဒုတိယအဆင့်ချီစွမ်းအား သိုင်းပညာရှင်တွေတောင် မင်းကို နိုင်ပါ့မလားမသိဘူး။ ငါတော့ မင်းရဲ့ ခြေထောက်ကိုပဲ တင်းတင်းဆွဲထားတော့မယ်ဟေ့"
"ပြောစမ်းပါဦး... မင်း ဘာလိုအပ်နေလဲ ငွေလား၊ သွေးအားတိုးဆေးလား၊ ဒါမှမဟုတ် မိန်းမလား မင်းအတွက်ဆိုရင် ငါ ဘာပဲဖြစ်ဖြစ် ရအောင် ရှာပေးမယ်"
လုံယီက သက်ပြင်းချရင်း "ဆေးဝါးနဲ့ အဆင့်တက်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်က စစ်မှန်တဲ့ သိုင်းပညာရှင်ကို မယှဉ်နိုင်ပါဘူး" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ သိုင်းပညာရှင်က သိုင်းပညာရှင်ပဲလေ သာမန်လူတွေထက်တော့ အများကြီး သာပါသေးတယ်"
ကျန်းဝေတက ဆက်ပြောသည်။
"ဒီလပိုင်းအတွင်း ဂိုဏ်းထဲမှာ အသစ်အဆင့်တက်တဲ့သူ လေးယောက်ရှိတယ်၊ အခု ဟွမ်လုံကန်းပါဆိုတော့ ငါးယောက်အပြည့်ပဲပေါ့"
"သူတို့အတွက် ဂိုဏ်းဝင်အသိအမှတ်ပြု အခမ်းအနားတစ်ခု ကျင်းပပေးလိမ့်မယ် ထင်တယ်"
ကျန်းဝေတ၏ ခန့်မှန်းချက်မှာ ကွက်တိပင်။ သုံးရက်အကြာတွင် အစွန်းရောက်လက်သီးဂိုဏ်းက တပည့်ငါးဦး သိုင်းပညာရှင်အဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့ကြောင်းနှင့် ဂိုဏ်းဝင်အသိအမှတ်ပြု အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။
ဂိုဏ်းသည် အပြင်ဘက်တွင် တစ်မိုင်ခန့်ရှည်လျားသော မိုးကာတဲများ ဆောက်လုပ်ကာ သာမန်အရပ်သားများကိုပါ စားသောက်ပွဲသို့ ဖိတ်ကြားခဲ့သည်။ ဤသတင်းမှာ ထိုင်မြို့တစ်မြို့လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျဆင်းနေခဲ့သော အစွန်းရောက်လက်သီးဂိုဏ်း၏ ဂုဏ်သတင်းမှာ အနည်းငယ် ပြန်လည်ဦးမော့လာခဲ့သည်။
သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိခြင်းမှာ လူအများအထက်သို့ ရောက်ရှိခြင်းပင်။ သာမန်မိသားစုတစ်ခုတွင်ဆိုလျှင် မျိုးရိုးမှတ်တမ်းတွင်ပင် ရေးထိုးထိုက်သည့် ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်၏။ ဒါဝေနိုင်ငံကဲ့သို့ သိုင်းပညာကို နိုင်ငံတော်၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားသော နိုင်ငံတွင် သိုင်းပညာရှင်တစ်ဦးအဖို့ အစိုးရဌာနများတွင် ရဲဘက်ဆိုင်ရာ အရာရှိချုပ်ကဲ့သို့သော အလုပ်မျိုးရရန် လုံးဝမခက်ခဲပေ။ သို့မဟုတ် ကုန်သည်ကြီးများအသင်းတွင် ရာထူးရယူခြင်း၊ မိသားစုကြီးတစ်ခု၏ ကျေးဇူးရှင်အဖြစ် ခိုလှုံခြင်း သို့မဟုတ် ကိုယ်ပိုင်စီးပွားရေး ထူထောင်ခြင်းတို့မှာလည်း အခက်အခဲ မရှိနိုင်ပေ။
ပွဲကျင်းပသည့်နေ့တွင် အစွန်းရောက်လက်သီးဂိုဏ်း၏ သိုင်းသင်တန်းကျောင်း အပြင်ဘက်၌ အလွန်ပင် စည်ကားနေတော့သည်။ ယာယီမိုးထားသော တဲများတွင် အနီရောင် ပိုးသားများဖြင့် အလှဆင်ထားပြီး အတွင်းရှိ သစ်သားစားပွဲများပေါ်တွင် အသားဆန်ပြုတ်၊ မုန့်လုံး၊ ကိတ်မုန့်နှင့် အခြားအစားအစာများ အပြည့်အစုံ ခင်းကျင်းထားသည်။ ၎င်းက လူအုပ်ကြီးကို ဆွဲဆောင်နေပြီး ပွဲတော်မှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေ၏။
သိုင်းသင်တန်းကျောင်းအတွင်းရှိ အကြီးဆုံးသော ဝတ်ပြုရာဆောင်၌...
စင်မြင့်ပေါ်တွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ တရားဝင်အဝတ်အစားများကို ဆင်မြန်းကာ သူငယ်ချင်းများ၊ ဧည့်သည်တော်များနှင့် ပြုံးရွှင်စွာ စကားပြောနေကြသည်။ အမျိုးသမီးတပည့်လေးများကလည်း နူးညံ့သိမ်မွေ့သော ကိုယ်ဟန်များဖြင့် လက်ဖက်ရည်နှင့် သစ်သီးဝလံများကို အဆက်မပြတ် တည်ခင်းပေးနေကြရာ လွန်စွာ ကြည်နူးဖွယ်ကောင်းသော အငွေ့အသက်များ လွှမ်းမိုးနေသည်။
စင်မြင့်အောက် ရှေ့ဆုံးတန်းတွင်မူ အသစ်စက်စက် အဆင့်တက်ထားသော လူသစ်ငါးဦး ထိုင်နေကြသည်။ သူတို့အားလုံးမှာ ဝတ်စုံသစ်အနီ၊ ဘောင်းဘီနီနှင့် ဖိနပ်နက်တို့ကို ဝတ်ဆင်ထားကြရာ မင်္ဂလာဦးသတို့သားများနှင့်ပင် တူနေတော့သည်။ သူတို့၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး ရင်ကိုအုပ်ကာ တက်ကြွလှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ သိုင်းပညာရှင် ဖြစ်လာခြင်းက သူတို့၏ ခွန်အားသာမက လူမှုရေးအဆင့်အတန်းကိုပါ သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
သို့သော် ထိုသူငါးဦးထဲတွင် တစ်ဦးမှာမူ မျက်နှာပျက်ပျက်နှင့် စိတ်မသက်မသာ ဖြစ်နေကာ ပတ်ဝန်းကျင်နှင့် လုံးဝအံမဝင် ဖြစ်နေသည်။ ထိုသူမှာ အချစ်ရေးတွင် ကံမကောင်းခဲ့သော ဟွမ်လုံကန်းပင်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေပြီး သူမြင်ချင်သောသူကို မတွေ့ရသောအခါ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
မင်္ဂလာရှိသော အချိန်အခါသို့ ရောက်ရှိလာသည်နှင့်အမျှ မောင်းသံ၊ ဗုံသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
အစွန်းရောက်လက်သီးဂိုဏ်း၏ ဂိုဏ်းချုပ်၊ ခပ်ပိန်ပိန် သက်ကြီးရွယ်အို ဝေယိုသောက်သည် သူ၏နေရာမှ ထရပ်ကာ ဧည့်သည်တော်များအားလုံးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ဂိုဏ်းရဲ့ တပည့်ငါးဦးဟာ အခုပဲ တစ်ပြိုင်နက်တည်း အဆင့်တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ဒါက ဆယ်စုနှစ်တစ်ခုအတွင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ ဝမ်းမြောက်စရာ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်သည်တော်အားလုံးကို ဂုဏ်ပြုပါတယ်။ ဒီနေ့ စားသောက်ပွဲမှာ စိတ်ကြိုက် သုံးဆောင်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်"
ထို့နောက် သူသည် စင်အောက်ရှိ တပည့်ငါးဦးကို ကြည့်ကာ ပြတ်သားစွာ မှာကြားလိုက်သည်။
"မင်းတို့ငါးယောက်ဟာ အဆင့်တက်သွားပြီဖြစ်လို့ ငါတို့ဂိုဏ်းရဲ့ စစ်မှန်သော အမွေအနှစ်ကျင့်စဉ်တွေကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီသွားပြီ။ ဒါပေမဲ့ ဂိုဏ်းတည်ထောင်သူရဲ့ စည်းမျဉ်းတွေကိုတော့ မမေ့ကြနဲ့ ဂိုဏ်းကို သစ္စာမဖောက်ရ၊ ဂိုဏ်းတူအချင်းချင်း မထိခိုက်စေရ၊ အားနည်းသူကို မနှိပ်စက်ရ..."
ဂိုဏ်းချုပ်၏ စကားမဆုံးမီမှာပင် အပြင်ဘက်မှ နံနက်ခင်း ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်လှသော ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာသည်
"ဝေယိုသောက်... ဒီလောက် ကောင်းတဲ့ပွဲမျိုးမှာ ငါတို့ကိုလည်း ဖိတ်ပြီး တစ်ခွက်တစ်ဖက် တိုက်သင့်တာပေါ့"
နောက်တစ်ခဏတွင် လူဆယ်ဦးထက်မကသော အုပ်စုတစ်စုသည် အခန်းထဲသို့ အတင်းအဓမ္မ တိုးဝင်လာကြသည်။ သူတို့အားလုံးမှာ ကျောပြင်တွင် သာမန်ဓားများထက် နှစ်ဆခန့် ပိုမိုကျယ်ပြန့်သော ဓားပြားကြီးများကို လွယ်ထားကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသည့် အကြီးအကဲနှစ်ဦးမှာ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော်လည်း ဝက်ဝံများကဲ့သို့ ထွားကျိုင်းသန်မာလှပြီး မျက်ဝန်းများမှာလည်း အလင်းထွက်နေသကဲ့သို့ တောက်ပနေ၏။
သူတို့၏ မျက်နှာများမှာ နီမြန်းစိုပြည်နေပြီး အရေးအကြောင်းပင် မရှိသလောက်ပင်။ သူတို့ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ချီစွမ်းအင်မှာ ပေအနည်းငယ်အကွာမှပင် ခံစားနေရပြီး လူသားမီးဖိုကြီးတစ်ခုဘေးတွင် ရပ်နေရသကဲ့သို့ ရှိသည်။ အံ့သြစရာ အကောင်းဆုံးမှာ သူတို့နှစ်ဦးမှာ ရုပ်ချင်း အလွန်တူနေကြပြီး ညီအစ်ကိုများ ဖြစ်ကြသည်မှာ သိသာလှသည်။
"မြောင်ညီအစ်ကိုတွေပါလား"
"လေးလံသောဓားဂိုဏ်းရဲ့ အကြီးအကဲတွေ၊ စက်ဝန်းပြည့်အဆင့် ပညာရှင်တွေပဲ"
"ဒါ လာလည်တာ မဟုတ်ဘူး ပြဿနာရှာဖို့ လာတာပဲ"
သူတို့ကို မြင်လိုက်ရသည်နှင့် ဧည့်သည်အချို့မှာ မျက်နှာပျက်သွားကြပြီး အစွန်းရောက်လက်သီးဂိုဏ်းချုပ်ကို အလျင်အမြန် တောင်းပန်ကာ ထွက်ခွာသွားကြတော့သည်။ ဂိုဏ်းနှစ်ခုကြားရှိ ပဋိပက္ခတွင် မပါဝင်လိုကြခြင်း ဖြစ်သည်။
"မြောင်ရှီယန်၊ မြောင်တုန်းယန်... မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
အစွန်းရောက်လက်သီးဂိုဏ်း၏ အကြီးအကဲချုပ် ကျိုးပုဖုန်းသည် မကျေနပ်သော မျက်နှာထားဖြင့် ထွက်လာခဲ့သည်။ သူသည်လည်း ကြွက်သားများ ထစ်ထစ်ထွက်နေအောင် ထွားကျိုင်းသူဖြစ်ပြီး ခေါင်းတွင် အနီရောင်ကြိုးကို စည်းနှောင်ထားကာ ပါးသိုင်းမွေး အနက်ရောင်များဖြင့် ခန့်ညားလှသည်။ သူ၏ အရှိန်အဝါမှာ တစ်ဖက်မှ လေးလံသောဓားဂိုဏ်း အကြီးအကဲနှစ်ဦးနှင့် ယှဉ်လျှင်ပင် မနိမ့်ကျလှပေ။
"ငါတို့က ဂုဏ်ပြုဖို့ လာတာပါ"
မြောင်အကြီးအကဲက ရယ်မောကာ ပြောလိုက်သည်။
"ဒါပေမဲ့ လူငယ်တွေ ဘာလုပ်ချင်လဲဆိုတာကတော့ ငါတို့ ထိန်းချုပ်လို့မရဘူးလေ။"
သူပြောပြီးသည်နှင့် သူ၏အနောက်မှ ချောမောသော လူငယ်တစ်ဦး ထွက်ပေါ်လာကာ ကျိုးပုဖုန်းကို ဦးညွှတ်လိုက်သည်။
"အစွန်းရောက်လက်သီးဂိုဏ်းမှာ ပါရမီရှင်တွေ ပေါများတယ်လို့ ကြားမိပါတယ်။ အခုဆိုရင် တပည့်ငါးယောက်တောင် တစ်ပြိုင်နက် အဆင့်တက်တယ်ဆိုပဲ။ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ဒီတပည့်ငယ် ချီပေါင်က ခင်ဗျားတို့ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေနဲ့ သိုင်းပညာ ဖလှယ်ကြည့်ချင်ပါတယ်။ ကျွန်တော့်ကို စိန်ခေါ်ဝံ့သူ ရှိပါသလား"
ထိုစကားများကြောင့် ပွဲတစ်ခုလုံးရှိ လေထုမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။
'ဒါက... ဂိုဏ်းကို လာပြီး စိန်ခေါ်တာပဲ'
လူတိုင်း၏ စိတ်ထဲတွင် အတွေးကိုယ်စီ ပေါ်လာကြသည်။
……