← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း။ ၁၁၁

“ဟုတ်ကဲ့”

လူ့အရေခွံမျက်နှာဖုံး စွပ်ထားသော လုံယီက ပြန်ဖြေလိုက်သည်။

“မင်း ဘယ်လို သက်သေပြမလဲ”

“ဒါဆိုရင် လုံလောက်ပြီလား”

လုံယီက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် ဖြူဖွေးသော ဝိညာဉ်ပုလဲလေးကို တွေ့လိုက်ရသည်။

“တကယ်လို့ မယုံသေးဘူးဆိုရင်လည်း မန်ကျေးရွာကို လူလွှတ်ပြီး စစ်ဆေးကြည့်လို့ ရပါတယ်”

“ယုံတာပေါ့... မောင်လေးရဲ့ မယုံစရာ အကြောင်းမှ မရှိတာ”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ချက်ချင်းပင် အပြုံးမျက်နှာသို့ ပြောင်းလဲသွားပြီး လက်ညှိုးလေးဖြင့် ဆွဲဆောင်မှုရှိစွာ လှမ်းခေါ်လိုက်သည်။

“သခင်လေး... မင်းရဲ့ ခါးချိတ်တံဆိပ်လေး ပေးပါဦး”

ခဏအကြာတွင် မူလက သစ်သားဖြင့်ပြုလုပ်ထားသော တံဆိပ်နှင့် လုံးဝမတူသည့် ငွေရောင်သံတံဆိပ်တစ်ခု လုံယီ၏လက်ထဲသို့ ရောက်ရှိလာသည်။ ၎င်း၏ ဘေးပတ်ပတ်လည်တွင် လှိုင်းတွန့်ပုံစံများကို အနုစိတ်ထွင်းထုထားပြီး အလယ်တွင် သားရဲလိုက်လံရေးအစောင့်ဟူသော စာလုံးများကို နက်မှောင်၍ပြတ်သားသော လက်ရေးဖြင့် ထွင်းထုထားသည်။

“ဒီနေ့ကစပြီး မင်းက တရားဝင် သားရဲလိုက်လံရေးအစောင့်တစ်ယောက် ဖြစ်သွားပြီ”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက တဟီးဟီး ရယ်မောရင်း “အစ်မ ကိုယ့်ကိုယ်ကိုယ် မိတ်

ဆက်ပါရစေဦး။ ငါ့နာမည်က ဟုန်လျန်ပါ၊ ငါ့အဖွဲ့နာမည်က ကြယ်ကလေးလျန်တဲ့။ သားရဲလိုက်လံရေးဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့ပဲ”

“တကယ်လို့ မင်း သားရဲအမဲလိုက်တဲ့အဖွဲ့ထဲ ဝင်ချင်တယ်ဆိုရင် အစ်မဆီ လာခဲ့နော်...”

“နောက်တစ်ခါကျရင်တော့ သေချာပေါက် လာခဲ့ပါ့မယ်”

လုံယီက ခေါင်းညိတ်ပြပြီးနောက် “လဲလှယ်ရေးစာအုပ်ကို တစ်ချက်လောက် ကြည့်ချင်ပါတယ်” ဟု မေးလိုက်သည်။

တစ်ဖက်လူ ကမ်းပေးသော ထူထဲသည့် မှတ်တမ်းစာအုပ်ကို ယူလိုက်ရာ မျက်နှာဖုံးပေါ်တွင် အဆင့်နိမ့် လဲလှယ်ရေးစာအုပ်ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ ၎င်းကို မြင်လိုက်ရသည့်အခါ လုံယီ၏ စိတ်ထဲတွင် လှုပ်ရှားသွားမိ၏။ အဆင့်နိမ့်စာအုပ် ရှိနေသည်ဆိုပါက အဆင့်မြင့်စာအုပ်လည်း ရှိနေမည်မှာ အသေအချာပင်။ ၎င်းမှာ ပိုမိုတင်းကျပ်သော သတ်မှတ်ချက်များ ရှိနေနိုင်သည်။

လုံယီသည် စာအုပ်ကိုဖွင့်ကာ တိတ်ဆိတ်စွာ လှန်လှောကြည့်ရှုနေသည်။

လဲလှယ်ရေးစာအုပ်၏ အဓိက ကဏ္ဍ ၄ ခုမှာ အရည်အသွေးမြင့် သိုင်းလက်နက်မျိုးစုံ၊ အခြေခံမှသည် အဆင့်မြင့်ကျင့်စဉ်များ၊ ဒဏ်ရာပျောက်ဆေးနှင့် စွမ်းအားမြှင့်ဆေးများနှင့် ရှားပါးသော ဆေးမြစ်များနှင့် မြေထွက်ပစ္စည်းများပင်။

ပစ္စည်းတစ်ခုကို လဲလှယ်ရန်အတွက် ဂုဏ်ပြုမှတ်များသာမက ငွေအချို့ပါ ပေးဆောင်ရလေ့ရှိသည်။ သို့သော်လည်း စျေးနှုန်းမှာ ပြင်ပစျေးကွက်ထက် သိသိသာသာ ပို၍ သက်သာလှသည်။

ဥပမာအားဖြင့် အဆင့်မြင့် သံမဏိဓားတစ်လက်သည် ပြင်ပစျေးကွက်တွင် အနည်းဆုံး ငွေ ၂၀ ခန့် ပေးရသော်လည်း သားရဲလိုက်လံရေးဌာနတွင်မူ ဂုဏ်ပြုမှတ် အနည်းငယ်နှင့် ငွေ ၁၄ ယွမ်သာ ကျသင့်သည်။

လုံယီ၏လက်ထဲရှိ အနက်ရောင်သံမဏိပုဆိန် မှာ မူလက ငွေ ၅၀၀ အထိ ပေးခဲ့ရသော်လည်း ဤနေရာတွင် လဲလှယ်ပါက ငွေ ၃၀၀ ကျော်နှင့် ဂုဏ်ပြုမှတ် ၂ မှတ်သာ လိုအပ်မည်ဖြစ်သည်။ ပစ္စည်းတစ်ခုသည် ပို၍ရှားပါးလေလေ ဂုဏ်ပြုမှတ် ပို၍လိုအပ်လေလေပင်။ ထို့ပြင် ဤနေရာရှိ ပစ္စည်းအများစုမှာ ပြင်ပစျေးကွက်တွင် ဝယ်ယူ၍မရနိုင်သဖြင့် ငွေကြေးနှင့်ပင် တန်ဖိုးဖြတ်ရန် မဖြစ်နိုင်ပေ။

လုံယီသည် သူ၏ပါရမီအဆင့်မြှင့်တင်ရန် လိုအပ်သော ကျောက်တုံးဝိညာဉ်ကို စစ်ဆေးကြည့်ရာ ငွေ ၆၀ နှင့် ဂုဏ်ပြုမှတ် ၂ မှတ် ဖြစ်နေသည်။ ဖီးနစ်သွေးကျောက်မှာမူ ငွေ ၁၈၀ ဖြစ်သဖြင့် သိပ်မကြီးသော်လည်း ဂုဏ်ပြုမှတ် ၇ မှတ်အထိ လိုအပ်ရာ သာမန်လက်နက်များနှင့် ဆေးလုံးများထက် များစွာ ပိုမိုမြင့်မားနေသည်။

သူသည် တာဝန်တစ်ခုကို ခုလေးတင် ပြီးမြောက်ထားပြီး စွမ်းအင် ၁၂ မှတ် ရရှိထားသည်။ ထို့ကြောင့် ငွေက္ကူအချို့ကို ထုတ်ယူကာ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို ပြောလိုက်သည်။

“အစ်မဟုန်လျန်... ကျွန်တော် ဖီးနစ်သွေးကျောက် တစ်တုံး လဲချင်ပါတယ်”

“မောင်လေး... ဒီဂုဏ်ပြုမှတ်တွေဆိုတာ စုရတာ မလွယ်ဘူးနော်။ သေသေချာချာ ချွေတာသုံးဦး”

ဟုန်လျန်က တိုးတိုးလေး ရယ်မောရင်း ပြောဆိုကာ ဂိုဒေါင်ရှိရာသို့ ထင်ရသော နောက်ဖေးတံခါးဘက်သို့ ကိုယ်လေးနွဲ့ကာ ထွက်သွားတော့သည်။

မကြာမီမှာပင် သူမသည် လက်ဖဝါးခန့်ရှိသော သွေးကဲ့သို့ နီရဲနေသည့် ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်၍ ပြန်လာသည်။ လုံယီသည် ဖီးနစ်သွေးကျောက်ကို သူ၏ရင်ဘတ်အိတ်ထဲသို့ ထည့်လိုက်ကာ စိတ်ကျေနပ်သွားတော့သည်။

ယခုဆိုလျှင် ကျောက်တုံးဝိညာဉ် နှင့် ဖီးနစ်သွေးကျောက် နှစ်မျိုးလုံး စုံလင်သွားပြီဖြစ်ရာ စွမ်းအင်များများကိုသာ စုဆောင်းနိုင်ပါက သူ၏ ကျောက်ဖြစ်ခြင်းပါရမီမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

သူ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဟုန်လျန်က ရုတ်တရက် မေးလိုက်သည်။

“ဒါနဲ့... မင်း လျူဟုန်နဲ့ တွေ့ခဲ့သေးလား”

“လျူဟုန် အဲဒါ ဘယ်သူလဲဗျ”

“ဟိုတစ်ခါက မင်းကို သူ့ရဲ့ နဂါးဝိညာဉ်အဖွဲ့ ထဲဝင်ဖို့ ခေါ်နေတဲ့သူလေ”

ဟုန်လျန်က သူမ၏ လှပသော မျက်ဝန်းများဖြင့် လုံယီကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြောလိုက်သည်။

“မတွေ့မိပါဘူး သူ ပြန်မလာသေးဘူးလား”

လုံယီက မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ပြလိုက်၏။

“ဟားဟား... သခင်လေးရယ် သိပ်လည်း စိတ်မလှုပ်ရှားပါနဲ့။ အစ်မက အပျင်းပြေ မေးကြည့်တာပါ”

ဟုန်လျန်က တစ်ကိုယ်လုံး လှုပ်ခါသွားအောင် ရယ်မောလိုက်ရာ သူမ၏ ရင်သားများမှာ သိသိသာသာ တုန်ခါသွားပြီး ကြည့်မိသူအဖို့ ရင်ခုန်စရာပင်။

“စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲဗျာ ကျွန်တော်က သူ့ကို သိတောင် မသိတာကို”

လုံယီက နားမလည်နိုင်သလိုမျိုး တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သူသည် ခြေလှမ်းမှန်မှန်ဖြင့်ပင် တည်တည်ငြိမ်ငြိမ် လှည့်ထွက်လာခဲ့တော့သည်။

လျူဟုန်နှင့် သူနှင့်အတူ အသတ်ခံလိုက်ရသော အနက်ရောင်ဝတ်စုံဝတ် အဖိုးကြီးတို့၏ အလောင်းများကို လုံယီသည် မြစ်ထဲသို့ ပစ်ချခဲ့ပြီးဖြစ်သည်။ ထိုအလောင်းများကို မြစ်ထဲရှိ မိကျောင်းများ သို့မဟုတ် အသားစားငါးများက နာရီပိုင်းအတွင်း အစအနမကျန် ဝါးမျိုပစ်ကြမည်မှာ သေချာသလောက်ပင်။

သို့သော်လည်း လုံးဝဖုံးကွယ်ထားနိုင်မည်ဟုတော့ အာမမခံနိုင်ပေ။ လက်ရှိ သူ၏ အင်အားနှင့် ထိုင်မြို့၏ နံပါတ်တစ် မိသားစုဖြစ်သော ရွှီမိသားစုကို ရင်ဆိုင်ရပါက အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။ သေကြေပျက်စီးသွားနိုင်သည့် ရန်သူတော်ကြီး လေးလံသောဓားဂိုဏ်းကလည်း ရှိနေသေးသည်။

“ငါ့ရဲ့ အင်အားကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်နေပြီ”

လုံယီ၏ စိတ်ထဲတွင် အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်ပေါ်လာပြီး သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်

[အမည် - လုံယီ]

[အသက် - (၁၉/၆၀ နှစ်)]

[ကျင့်စဉ်အဆင့်- ပထမချီစွမ်းအားအဆင့် စစ်သည်တော် (၃၄/၆၀၀)]

[ကျင့်စဉ်များ - အဝါရောင်အစွန်းရောက် အသက်ရှူခြင်း (အဆင့် ၁၊ ကျွမ်းကျင်မှု ၀/၁၀၀)၊ ဟူမိသားစု အသက်ရှူခြင်း (အခြေခံပင် မရှိသေး ၀/၁၀)]

[သိုင်းကွက်များ - လုံမိသားစု ပုဆိန်အတတ် (ကျွမ်းကျင်မှု ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ကျောက်ခဲပစ်အတတ် (ကျွမ်းကျင်မှု ၀/၃၀)၊ ကိုယ်ဖော့အတတ် (ကျွမ်းကျင်မှု ၀/၆၀)၊ အခြေခံလှံအတတ် (အစပျိုး ၀/၆)၊ လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းခြင်း (အပိုင်းအစ ၁)၊ ချီဓာတ်ပိတ်ဆို့ခြင်း (အစပျိုး ၀/၃)]

[ပါရမီ - ကျောက်ဖြစ်ခြင်း (ကျွမ်းကျင် ၀/၆၀ + ကျောက်တုံးဝိညာဉ် ၃ ခု + ဖီးနစ်သွေးကျောက် ၁ ခု)]

[စွမ်းအင် - ၁၇ မှတ်]

လက်ရှိ အခြေအနေအရ အင်အားကို အမြန်ဆုံး မြှင့်တင်နိုင်မည့် နည်းလမ်းမှာ ပုဆိန်အတတ်

နှင့် ပါရမီကို အဆင့်မြှင့်တင်ခြင်းပင်။

ပုဆိန်အတတ်မှာ လုံယီအတွက် အရေးပါဆုံး တိုက်ခိုက်ရေးသိုင်းဖြစ်ပြီး ယခုအထိ အဆင့်

မြင့်သိုင်းကွက်၊ တောင်ဖြိုလက်သီး၊ တောင်ဖြိုကွက်ကို ထုတ်ဖော်ပေးနိုင်သည့် တစ်ခုတည်းသော သိုင်းဖြစ်သည်။ ဤသိုင်းကြောင့်ပင် သူသည် ရန်သူများစွာကို နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ပါရမီကို အဆင့်မြှင့်တင်ခြင်းက သူ၏ ခံစစ်စွမ်းအားကို မြှင့်တင်ပေးမည်ဖြစ်ပြီး အန္တရာယ်ကြားတွင် အသက်ရှင်သန်နိုင်ခြေကို ပိုမိုမြင့်မားစေမည်။

ဤနှစ်ခုထဲမှ တစ်ခုခုကို အဆင့်မြှင့်တင်လိုက်ရုံနှင့် သူ၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် အသက်ရှူခြင်းကျင့်စဉ်ကို အဆင့်မြှင့်တင်ခြင်းက တိုက်ခိုက်ရေးစွမ်းရည်အပေါ် ချက်ချင်း လက်ငင်း သက်ရောက်မှု မရှိနိုင်ပေ။ သို့သော်လည်း အသက်ရှူခြင်းကျင့်စဉ်မှာ အခြေခံအုတ်မြစ်ဖြစ်သဖြင့် အမြဲတမ်း ဦးစားပေး အဆင့်တွင် ထားရှိရမည်သာ။

အစွန်းရောက်လက်သီးဂိုဏ်း သိုင်းလေ့ကျင့်ရေးကွင်းအတွင်း...

ဘုန်း ဘုန်း ဘုန်း…

ပြင်းထန်လှသော လက်သီး၊ ခြေသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် လူရိပ်နှစ်ခုမှာ လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားကြသည်။

“ဟူး... ဟား... ဟူး...”

ကျန်းဝေတ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကို ပြင်းပြင်းရှူနေရသည်။ သူက ပုခုံးကို ပွတ်သပ်ရင်း မျက်နှာတွင်မူ ဝမ်းသာရိပ်များဖြင့် “အသက်ရှူခြင်းကျင့်စဉ်နဲ့ လက်သီးကွက်တွေကို ပေါင်းစပ်ရတာ ပိုပြီးတော့ ချောမွေ့လာသလိုပဲ။ ချီစွမ်းအင်တွေလည်း တိုးတက်လာတာ မြန်တယ်။ နောက်နှစ်လလောက် စောင့်ကြည့်ဦး။ အဆင့်တက်ဖို့ ကြိုးစားလို့ ရနိုင်ပြီ”

“မဆိုးဘူးပဲ”

လုံယီက ဘေးမှနေ၍ ချီးကျူးလိုက်သည်။

“မင်းရဲ့ အရှိန်အဟုန်က တခြားပါရမီရှင်တွေထက် မနိမ့်ပါဘူး”

“မင်းကလည်း နောက်နေပြန်ပြီ... ငါ အခုမှ အလင်းရောင်စမြင်တာပါ။ ဒါနဲ့... မင်းက ငါ့ထက်တောင် အသက်ရှူခြင်းကျင့်စဉ်ကို စောစောနားလည်ခဲ့တာပဲ။ ဘာလို့ အခုထိ ဘာသံမှ မကြားရသေးတာလဲ”

ကျန်းဝေတက ဇဝေဇဝါဖြင့် မေးလိုက်၏။

“ငါက အသက်ကြီးသွားပြီလေ။ အရိုးတွေကလည်း မာနေပြီဆိုတော့ အဆင့်တက်ဖို့က မလွယ်တော့ဘူး”

လုံယီက ဆင်ခြေပေးလိုက်ရာ ကျန်းဝေတကလည်း လက်ခံသွားသည်။

“ငါ မင်းအတွက် ချီဆေးလုံးတွေ ရှာပေးမယ်လေ။ အရိုးတွေ မာနေတာ ဘာပူစရာရှိလဲ။ နောက်မှ ပြန်ဖြည့်လို့ ရတာပဲ မဟုတ်လား”

ကျန်းဝေတက ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည်။

“ရပါတယ်... အခု အခြေခံကို ခိုင်အောင် အရင်လုပ်ထားတာက နောက်ပိုင်းအတွက် ပိုကောင်းပါတယ်။ ချီဆေးလုံးတွေက အာနိသင်နုတယ်ဆိုပေမဲ့ ဆက်တိုက်သောက်ဖို့တော့ မသင့်တော်ဘူး။ မဟုတ်ရင် နောက်ပိုင်း အဆင့်မြင့်သိုင်းပညာရှင်ဖြစ်ဖို့ ပိုခက်သွားလိမ့်မယ်”

လုံယီက အသာအယာ ငြင်းပယ်လိုက်သည်။

ထိုစဉ် လုံယီသည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပခုံးချင်းယှဉ်လျက် ရင်းနှီးသော အမူအရာများဖြင့် လျှောက်လာကြသည်။

အမျိုးသားမှာ ဆံပင်ကတုံးနှင့် မျက်ခုံးထူထူ၊ မျက်လုံးကြီးကာ ကြွက်သားအမြောင်းမြောင်းနှင့် သန်မာသော ကိုယ်လုံးရှိပြီး အမျိုးသမီးမှာမူ အလွန်လှပကာ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လူအများ၏ အာရုံကို ဖမ်းစားထားသည်။ သူတို့မှာ ကျိုးယန်နှင့် ကျားဟုန်တို့ပင် ဖြစ်သည်။

“ကျားဟုန်က သိုင်းပညာရှင်အဖြစ် အဆင့်တက်ဖို့ နီးစပ်နေပြီပဲ။ ရက်ပိုင်းအတွင်း ဖြစ်လာတော့မယ်”

လုံယီသည် သူမထံမှ ထွက်ပေါ်နေသော မတည်ငြိမ်သည့် အငွေ့အသက်များကို အထင်အသား အာရုံခံမိနေသည်။ ၎င်းမှာ အဆင့်မတက်မီ ချီစွမ်းအင်များ ပြည့်လျှံနေသည့် လက္ခဏာပင်။

“ဟဲဟဲ... ဟိုငတုံးကျိုးယန်က သူ့မှာရှိသမျှ အရင်းအမြစ်တွေအကုန်လုံးကို သူမလက်ထဲ ထည့်ပေးနေတာပဲ။ သူမက မမြန်ဘဲ နေပါ့မလား”

ကျန်းဝေတက မနာလိုသံဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

“လှလို့ပဲလား... မိန်းကလေးဖြစ်နေလို့ပဲလား...”

လုံယီ၏ အထင်သေးသော အကြည့်ကို မြင်သောအခါ သူက ရှက်ကိုးရှက်ကန်းဖြင့် စကားဖြတ်လိုက်သည်။

“အရင်းအမြစ်ရှိရုံနဲ့တော့ ဒီလောက် မမြန်နိုင်ဘူး။ သူမရဲ့ ပါရမီကလည်း တကယ့်ကို ထူးချွန်လို့ ဖြစ်ရမယ်”

လုံယီက တရားမျှတစွာ မှတ်ချက်ပေးလိုက်သည်။ သို့သော်လည်း ဤအရာများက သူနှင့် မသက်ဆိုင်ပေ။

လက်ရှိတွင် သူ၏ တစ်ခုတည်းသော အာရုံစိုက်မှုမှာ စွမ်းအင်စုဆောင်းရန်သာ ဖြစ်သည်။

လက်သီးကျင့်စဉ် လေ့ကျင့်ပြီးနောက် လုံယီသည် အကြီးအကဲကျန်းထံသို့ သွား၍ နယ်ဘက်ရှိ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် အကြောင်းပြကာ ခွင့်ရှည် တောင်းခံလိုက်သည်။ တကယ်တော့ သူ၏ စစ်မှန်သော ရည်မှန်းချက်မှာ သားရဲလိုက်လံရေးသမားများ၏ စစ်တလင်းဖြစ်သော သားရဲတစ်ရာတောင်တန်းပင်။

မိစ္ဆာသားရဲများကို များများသတ်နိုင်လေ စွမ်းအင်၊ ဂုဏ်ပြုမှတ်များနှင့် ပါရမီအသစ်များကိုပါ ပိုမိုရရှိနိုင်လေ ဖြစ်သည်။ ဤသည်မှာ မြားတစ်စင်းတည်းဖြင့် ငှက်များစွာကို ပစ်ခတ်ခြင်းပင်။

အခန်း။ ၁၁၂

ဝေနိုင်ငံ၏ အရှေ့တောင်ဘက်စွန်းတွင် တည်ရှိသော ဝမ့်ကျန်းခရိုင်သည် အဆုံးမရှိသော တောင်တန်းကြီးများဖြင့် ဝန်းရံထားသောကြောင့် အလယ်ပိုင်းဒေသများနှင့် ဆက်သွယ်ရေး အလွန်ခက်ခဲလှသည်။

ဤတောင်တန်းကြီးမှာ မိုင်ပေါင်းရာချီ ရှည်လျားပြီး သစ်ပင်တောအုပ်များ ထူထပ်ကာ ရှုပ်ထွေးသော ဂေဟစနစ်တစ်ခု ရှိနေသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲတိရစ္ဆာန်များနှင့် ငှက်ရဲများဖြင့် ပြည့်နှက်နေ၏။ ဤနေရာရှိ မိစ္ဆာသတ္တဝါ အရေအတွက်မှာ ဝမ့်ကျန်းခရိုင်ရှိ အခြားနေရာအားလုံးပေါင်းထက်ပင် ပိုမိုများပြားသောကြောင့် ၎င်းကို သားရဲတစ်ရာတောင်တန်းဟု လူသိများကြသည်။

အမျိုးမျိုးသော သားရဲများနှင့် မိစ္ဆာများရှိနေခြင်းက အလယ်ပိုင်းဒေသနှင့် ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းကြောင်းများကို အနှောင့်အယှက်ဖြစ်စေပြီး ဒေသခံများကိုပါ တိုက်ခိုက်လေ့ရှိရာ ခရိုင်အတွင်း အကြီးမားဆုံးသော မတည်ငြိမ်မှု၏ အရင်းအမြစ်ဖြစ်နေသည်။ ထို့ကြောင့်ပင် ထိုင်မြို့၊ ကျန်းမြို့၊ စူးမြို့နှင့် ယန်မြို့ အစရှိသည့် ဝမ့်ကျန်းခရိုင်ရှိ မြို့များတွင် အထူးပြု သားရဲလိုက်လံရေးဌာနများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ ရည်ရွယ်ချက်မှာ မြို့များနှင့် နီးကပ်နေသော မိစ္ဆာများကို ရှင်းလင်းရန်နှင့် ၎င်းတို့ ကြီးထွားလာပြီး ပိုမိုပြင်းထန်သော ဘေးအန္တရာယ်များ မဖြစ်ပေါ်လာစေရန် တားဆီးရန်ဖြစ်သည်။

လုံယီသည် မျက်နှာဖုံးကို စွပ်ကာ လျိုရှုအဖြစ် အသွင်ပြောင်းလိုက်သည်။ အရုဏ်မတက်မီမှာပင် သူသည် ထိုင်မြို့၏ တောင်ဘက်တံခါးမှ မြင်းစီး၍ ထွက်ခွာခဲ့ပြီး တစ်လမ်းလုံး အရှိန်အဟုန်ဖြင့် နှင်လာခဲ့သည်။ နေဝင်ရီတရော အချိန်ရောက်မှသာ ထိုင်မြို့နှင့် အနီးဆုံးဖြစ်သော အပြင်ဘက် တောင်တန်းခြေရင်းသို့ ရောက်ရှိလာတော့သည်။

တောင်ခြေတွင် အတော်ပင်ကြီးမားသော စခန်းတစ်ခု ရှိနေသည်။ လှည့်ပတ်ကြည့်လိုက်ရာ အိမ်တစ်လုံးခန့် ကြီးမားသော အနက်ရောင်နှင့် အနီရောင် တဲကြီးများမှာ အစီအစဉ်တကျ ရှိနေပြီး သစ်သားတဲငယ်လေးများစွာနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ လူများ အမြဲတစေ ဝင်ထွက်သွားလာနေကြပြီး စခန်း၏ အရွယ်အစားမှာ သာမန်မြို့ငယ်လေးတစ်မြို့နှင့် မခြားနားပေ။

ဤစခန်းမှာ ထိုင်မြို့အတွက် သီးသန့်ထားသော သားရဲလိုက်လံရေးစခန်းဖြစ်ကြောင်း လုံယီ ကြိုတင်သိရှိထားပြီးဖြစ်သည်။ ဤနေရာတွင် သားရဲလိုက်လံရေးသမားများ နားခိုကြကာ အနားယူကြပြီး သတင်းအချက်အလက်များ ဖလှယ်ကြသလို ထောက်ပံ့ရေးပစ္စည်းများလည်းဝယ်ယူကြသည်။

လုံယီ စခန်းသို့ ချဉ်းကပ်လိုက်သည်နှင့် အရပ်မျက်နှာအသီးသီးမှ ဆူညံသံများက သူ့ကို လွှမ်းခြုံသွားတော့သည်။

“မြေပုံတွေ လာပြီ... သားရဲတစ်ရာတောင်တန်းရဲ့ နောက်ဆုံးပေါ် မြေပုံတွေ ဂူးတောင်၊ သေးငယ်သောလုံလီတောင်၊ တောနီတောင်ထိပ်၊ ကောင်းကင်ပြာတောင်ထိပ်... အကုန်ပါဝင်ပါတယ်”

“မိစ္ဆာသတ္တဝါ လမ်းညွှန်စာအုပ်... အပြည့်စုံဆုံး မိစ္ဆာစာအုပ်ကြီးပါ။ သိချင်တာမှန်သမျှ ငွေ ၁၀ တည်းနဲ့ ရနိုင်ပါပြီ”

“အသက်ကယ်ဆေးလုံးတွေ လာပြီ... တစ်ယောက်ကို သုံးလုံးပဲ ကန့်သတ်ပြီး ရောင်းပါမယ် သောက်လိုက်တာနဲ့ ချီစွမ်းအင်တွေ ချက်ချင်းပြန်ပြည့်လာမယ်။ မိစ္ဆာတွေနဲ့ သုံးရက်သုံးည တိုက်ခိုက်ရင်တောင် နည်းနည်းမှ မပင်ပန်းစေရဘူး”

စခန်း၏ အပြင်ဘက်ဆုံး တဲများတွင် ကုန်သည်မျိုးစုံက မိစ္ဆာများနှင့် သက်ဆိုင်သော ထူးဆန်းသည့် ပစ္စည်းအမျိုးမျိုးကို ရောင်းချနေကြသည်။ စခန်းအတွင်းသို့ ရောက်လာသူတိုင်းမှာလည်း ချီစွမ်းအင်များ ပြည့်ဝနေကြပြီး မျက်လုံးများက တောက်ပကာ ခိုင်မာပြတ်သားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေကြသည်။ လျှို့ဝှက်သွေးစွမ်းအင်များကို အပြန်အလှန် အာရုံခံကြည့်ခြင်းအားဖြင့်...

လုံယီသည် စခန်းအတွင်းရှိ လူများ၏ ကျင့်စဉ်အဆင့်အတန်းကို အကြမ်းဖျင်း ခွဲခြားသိမြင်

နိုင်ခဲ့သည်။ သိုင်းပညာရှင်အဆင့်အောက်ရောက်သူဟူ၍ လုံးဝမရှိသလောက်ဖြစ်ပြီး ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်အထက် ရောက်နေသူများမှာလည်း မနည်းလှပေ။

သူသည် လူအဝင်အထွက် အလွန်များပြားနေသော တဲကြီးတစ်လုံး၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ တဲပိုင်ရှင်မှာ အသက် ၄၀၊ ၅၀ ခန့်ရှိပြီး အရပ်ပုပုဝဝနှင့် မီးခိုးရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ ကျင့်စဉ်မှာ သိုင်းပညာရှင်အဆင့်ထက် မြင့်မားပြီး ကြင်နာတတ်သော အမူအရာရှိ၏။

“သခင်လေး... ဘာများဝယ်ချင်လို့လဲဗျာ”

“မြေပုံတွေက စျေးဘယ်လောက်ရှိလဲ”

လုံယီက မေးလိုက်သည်။

“မင်း စိတ်ဝင်စားတဲ့ ဒေသအပေါ်မှာ မူတည်တာပေါ့။ အရှေ့ဘက် ဂူးတောင်တစ်ဝိုက်ဆိုရင်တော့ စျေးသက်သာတယ်။ အနောက်ဘက် သေးငယ်သောလုံလီတောင်ဘက်ဆိုရင်တော့ စျေးပိုကြီးမယ်”

“ကောင်းပြီ... အရင်ကြည့်ပါရစေဦး”

လုံယီသည် တဲအတွင်းသို့ ဝင်လိုက်သည်။ ရိုးရှင်းသော ဝါးစင်လေးများပေါ်တွင် မြေပုံများနှင့် စာအုပ်များစွာ စီရရီရှိနေပြီး အခြားဝိညာဉ်ပစ္စည်းများ၊ မိစ္ဆာအသားခြောက်များနှင့် ဆေးလုံးများကိုလည်း တွေ့ရသည်။ မြေပုံများနှင့် စာအုပ်များကိုမူ ဝယ်သူများ အလွယ်တကူ လှန်လှောမကြည့်နိုင်စေရန်နှင့် အရေးကြီးသတင်းအချက်အလက်များ မပေါက်ကြားစေရန် အနက်ရောင်အဝတ်စများဖြင့် စည်းထားသည်။ စျေးနှုန်းများမှာလည်း စာအုပ်တစ်အုပ်လျှင် ငွေပေါင်းများစွာ ကျသင့်ပြီး မြေပုံများမှာမူ အကန့်အသတ်မရှိ စျေးကြီးလှသည်။ သို့သော် ဝယ်သူများမှာ သိုင်းပညာရှင်များဖြစ်သဖြင့် ရောင်းမထွက်မှာကို စိုးရိမ်စရာမလိုပေ။

လုံယီသည် ငွေ ၁၀ ကျော် အကုန်အကျခံကာ အခြေခံ မိစ္ဆာလမ်းညွှန်နှင့် သားရဲတစ်ရာတောင်တန်းတွင် အသက်ရှင်သန်ရေး လိုအပ်ချက်များ ဟူသော စာအုပ်နှစ်အုပ်ကို ဝယ်ယူလိုက်သည်။

သူသည် လမ်းညွှန်စာအုပ်ကို ဖွင့်ကြည့်လိုက်၏။ မိစ္ဆာများကို အမည်းရောင်နှင့် အဖြူရောင် မှင်ပန်းချီများဖြင့် သရုပ်ဖော်ထားပြီး စာသားအနည်းငယ်စီ ပါဝင်သည်။ ပန်းချီစတိုင်မှာ ခပ်ကြမ်းကြမ်းဖြစ်ပြီး အဓိက ထူးခြားချက်များမှလွဲ၍ အစစ်အမှန်နှင့် မည်မျှတူညီမည်ဆိုသည်မှာ သံယသဖြစ်ဖွယ်ပင်။

ယခုမှပင် လုံယီသည် ဝိညာဉ်သားရဲနှင့် မိစ္ဆာတို့၏ ကွာခြားချက်ကို ပထမဆုံးအကြိမ် သိရှိခွင့်ရတော့သည်။

သားရဲများသည် ဉာဏ်ရည်ပွင့်လာသောအခါ ဝိညာဉ်သားရဲ ဖြစ်လာသည်။ ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာသော်လည်း ရုပ်သွင်မှာ မူလသားရဲဘဝနှင့် များစွာကွာခြားခြင်းမရှိပေ။ ဥပမာ လုံယီသတ်ခဲ့သော ကျားနှင့် ကျောက်မျောက်ဝံတို့ကဲ့သို့ပင်။

မိစ္ဆာသားရဲအနည်းငယ်မှာ လူသားနှင့် ရင်ပေါင်တန်းနိုင်သော ဉာဏ်ရည်ရှိလာပြီး ခန္ဓာကိုယ်

တွင်လည်း ထူးဆန်းသော ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။ ဥပမာ တတိယမျက်လုံး ပေါ်လာခြင်း သို့မဟုတ် အမြီးပိုထွက်လာခြင်းတို့ကဲ့သို့ မူလပုံစံနှင့် လုံးဝကွဲပြားသွားခြင်းမျိုးဖြစ်သည်။

မိစ္ဆာများသည် ဝိညာဉ်သားရဲများထက် များစွာ ပိုမိုအန္တရာယ်ရှိသည်။ သာမန်သိုင်းပညာရှင်များမှာ ၎င်းတို့နှင့်တွေ့လျှင် ထွက်ပြေးရန်သာ ရှိပြီး ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိသူများသာလျှင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်။ ကံကောင်းသည်မှာ မိစ္ဆာများမှာ အလွန်ရှားပါးလှခြင်းပင်။

မိစ္ဆာလမ်းညွှန်ကို ဖတ်ပြီးနောက် လုံယီသည် အသက်ရှင်သန်ရေး စာအုပ်ကို ဖွင့်လိုက်ရာ ပထမဆုံးစာမျက်နှာတွင် နီရဲသော စာလုံးကြီးများဖြင့် ဤသို့ ရေးသားထားသည်

“စခန်းအတွင်း တိုက်ခိုက်ခြင်းကို တင်းကြပ်စွာ တားမြစ်သည်။ ချိုးဖောက်သူအား သားရဲလိုက်လံရေးဌာနမှ ထုတ်ပယ်မည်ဖြစ်ပြီး မည်သူမဆို ထိုသူကို သတ်ပိုင်ခွင့်ရှိစေရမည်”

ဒုတိယစာမျက်နှာတွင် နောက်ထပ်ရှင်းလင်းချက်များ ပါဝင်ပြီး စခန်းအတွင်း သင့်တော်သော စနစ်တကျရှိမှုနှင့် စစ်ဆေးမှုများကို ဆောင်ရွက်ရန် သားရဲလိုက်လံရေးဌာနမှ ဒုတိယအသင်းခေါင်းဆောင်များကို တာဝန်ချထားကြောင်း ဖော်ပြထားသည်။

နောက်ဆက်တွဲ စာမျက်နှာများမှာမူ အဓိကအားဖြင့် အသက်ရှင်သန်ရေး အသိပညာများကို မိတ်ဆက်ပေးထားသည်။ အဆိပ်ရှိသော ပိုးမွှားများကို မည်သို့ကာကွယ်မည်၊ ရေအရင်းအမြစ် ရှာဖွေနည်း၊ မိစ္ဆာအလောင်းများကို ကိုင်တွယ်ပုံနှင့် တောင်တန်းအတွင်း ကာလရှည်ကြာ တည်ရှိနေသော အပိတ်ခံနယ်မြေများနှင့် သေမင်းတမန်နယ်မြေများကို မည်သို့ရှောင်ရှားရမည် စသည်တို့ ပါဝင်သည်။ အချို့သော အပိတ်ခံနယ်မြေများမှာ အလွန်အန္တရာယ်များလှသဖြင့် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိ သိုင်းပညာရှင်များပင် အသက်ရှင်လျက် ပြန်လာရန် ခဲယဉ်းလှသည်။

လုံယီသည် စာအုပ်ကို အကြမ်းဖျင်း လှန်လှောကြည့်ရာ မိစ္ဆာအလောင်းများကို ကိုင်တွယ်သည့် အပိုင်းတွင် သူ၏အကြည့်မှာ ခဏမျှ ရပ်တန့်သွားသည်။ မိစ္ဆာများ၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားလေ့ရှိပြီး အသား၏ အစိတ်အပိုင်း အနည်းငယ်သာလျှင် သိုင်းပညာရှင်များအတွက် အကျိုးရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ပြုပြင်ထုတ်လုပ်ရန်မှာ အလွန်ခက်ခဲလှ၏။

အန္တရာယ်အကင်းဆုံးနည်းလမ်းမှာ တစ်ကောင်လုံးကို မြို့ထဲသို့ ပြန်လည်သယ်ယူခြင်းဖြစ်သော်လည်း အလွန်တန်ဖိုးကြီးသော သားရဲဖြစ်ခြင်း သို့မဟုတ် အထူးလိုအပ်ချက်ရှိခြင်းမှလွဲ၍ ကုန်ကျစရိတ်မှာ အလွန်မြင့်မားလွန်းသဖြင့် အသုံးနည်းသည်။ သို့မဟုတ်ပါက အတွေ့အကြုံရှိသော သားရဲပြုပြင်သူတစ်ဦးကို ငှားရမ်းကာ နေရာမှာတင် အသားများကို ခွဲခြားစေပြီး သိုင်းပညာရှင်များအတွက် အကျိုးရှိစေမည့် ဝိညာဉ်အသားအနည်းငယ်ကိုသာ ရွေးထုတ်ကာ အခွင့်သာချိန်တွင် မြို့ထဲသို့ သယ်ယူရမည်ဖြစ်သည်။ ခိုင်မာသော နောက်ခံမရှိသည့် အဖွဲ့ငယ်များမှာမူ သားရဲပြုပြင်သူတစ်ဦးကို ငှားရမ်းရန်ပင် မတတ်နိုင်ကြပေ။

“ငါလည်း အဖွဲ့တစ်ခုခုထဲ ဝင်ဖို့ လိုအပ်နေပြီထင်တယ်”

လုံယီ တွေးလိုက်သည်။ အဖွဲ့ထဲဝင်ခြင်း၏ အကြီးမားဆုံး အားနည်းချက်မှာ ဂုဏ်ပြုမှတ်များကို တစ်ဦးတည်း မပိုင်ဆိုင်နိုင်ဘဲ အဖွဲ့သားများအကြား ခွဲဝေယူရခြင်းပင်။ သို့သော်လည်း လုံယီ၏ အဓိကရည်မှန်းချက်မှာ မိစ္ဆာများ သေဆုံးပြီးနောက် ထွက်ပေါ်လာမည့် စွမ်းအင်နှင့် သူရရှိနိုင်

မည့် ပါရမီများသာ ဖြစ်သဖြင့် ဂုဏ်ပြုမှတ်များမှာ သူ့အတွက် သိပ်အရေးမကြီးလှပေ။

အစီအစဉ်ချမှတ်ပြီးနောက် လုံယီသည် သူ၏တဲအတွင်း ရှာဖွေကြည့်ရာ သားရဲလိုက်လံရေးအဖွဲ့များ မိတ်ဆက်ဟူသော စာစောင်အချို့ကို တွေ့ရှိခဲ့သည်။ ၎င်းမှာ အလွန်ပါးလွှာသော်လည်း စျေးနှုန်းမှာ ငွေ ၁၀၀ အထိ ပေးရသဖြင့် အတော်ပင် ကြီးမြင့်လှသည်။ လုံယီသည် မျက်နှာဖုံးကို ကြည့်လိုက်ရာ အချက်အလက်များမှာ ပြီးခဲ့သည့်လကမှ အသစ်ပြင်ဆင်ထားခြင်းဖြစ်သဖြင့် အံကြိတ်ကာ ဝယ်ယူလိုက်တော့သည်။

စာစောင်ကို လှန်ကြည့်လိုက်သည့်အခါ အချက်အလက်များမှာ အလွန်တိုတောင်းလှသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းသေးသည်။

ချန်ဖုန်းအဖွဲ့ - အသင်းခေါင်းဆောင် ဝမ်ချန်ဖုန်း။ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် သိုင်းပညာရှင်ဖြစ်ပြီး လှံရှည်အတတ်တွင် ကျွမ်းကျင်သည်။ လက်ရှိ အဖွဲ့ဝင် ၁၅ ဦးကျော်ရှိကာ အင်အားတောင့်တင်းပြီး ထိပ်တန်းအဆင့်တွင် ရှိသည်။

နဂါးဝိညာဉ်အဖွဲ့ - အသင်းခေါင်းဆောင် ရွှီရှန်းကျန့်။ စွမ်းအင်စက်ဝန်းပြည့်အဆင့်ရှိပြီး ဓားသိုင်းတွင် ပြောင်မြောက်သည်။ ရွှီမိသားစု ဘိုးဘေးများ၏ စစ်မှန်သော အမွေအနှစ်ကို ဆက်ခံထားသည်ဟု ကောလာဟလများ ရှိပြီး တစ်ချိန်က အဆင့်တူ ပြိုင်ဘက်တစ်ဦးကို ဆယ်ကွက်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်။ အဖွဲ့ဝင် ၂၀ ကျော်ရှိကာ အင်အားအရှိဆုံးအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။

ဧရာမအဖွဲ့ - အသင်းခေါင်းဆောင် ကောင်းချန်။ အရပ် ၁၀ ပေနီးပါးရှိပြီး စိတ်တိုတတ်သည်။ တစ်ခါက နွားမိစ္ဆာတစ်ကောင်ကို လက်သီးဖြင့် ထိုးသတ်ခဲ့ဖူးသည်။

ပိုကျွင်းအဖွဲ့ - အသင်းခေါင်းဆောင်မှာ အလွန်လျှို့ဝှက်ပြီး တိုက်ခိုက်လေ့မရှိပေ။ အဖွဲ့ဝင် ၅ ဦးထက် မပိုသော်လည်း သူတို့အနက် တစ်ဦးမှာ ပေရာပေါင်းများစွာ အကွာအဝေးမှ ပစ်ခတ်

နိုင်သော နတ်မြားရှင်တစ်ဦး ဖြစ်သည်။

ဆိုင်အတွင်းမှ ထွက်လာပြီးနောက် လုံယီသည် စခန်း၏ အတွင်းပိုင်းသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ တဲများအကြား အကွာအဝေးမှာ ပိုမိုကျယ်ဝန်းလာပြီး လူအုပ်စုမှာလည်း ကျဲပါးသွားသော်လည်း သူတွေ့မြင်ရသော သိုင်းပညာရှင်များ၏ အရည်အသွေးမှာမူ သိသိသာသာ မြင့်မားလာတော့သည်။

လုံယီသည် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ဟု ယူဆရသော သိုင်းပညာရှင်အချို့ကိုပင် တွေ့ခဲ့ရသည်။ ထိုသူမျိုးများသည် မြို့မခရိုင်ထဲတွင်ဆိုလျှင် ဂိုဏ်းအသီးသီး၏ အကြီးအကဲအဆင့်များပင် ဖြစ်ကြပေလိမ့်မည်။

သူသည် တဲတစ်ခုရှေ့သို့ ရောက်သောအခါ လေထဲတွင် လွင့်ပျံနေသော အဖြူရောင်ပိတ်စ အလံတစ်ခုကို တွေ့လိုက်ရသည်။ ထိုအလံပေါ်တွင် ချန်ဖုန်းဟုသော နက်မှောင်ပြတ်သားသည့် စာလုံးကြီးနှစ်လုံး ရေးထိုးထား၏။

လုံယီသည် သူ့အနေဖြင့် သားရဲလိုက်လံရေးအဖွဲ့များ အခြေစိုက်ရာ နယ်မြေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်သည်။

“ချန်ဖုန်းအဖွဲ့က အတော်လေး အင်အားတောင့်တင်းပုံရတယ်”

လုံယီသည် တဲအနားသို့ ချဉ်းကပ်ကာ “ဘယ်သူရှိလဲဗျို့” ဟု အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။

တင်းကြပ်စွာ ပိတ်ထားသော တဲအဝမှာ အနည်းငယ် ပွင့်လာပြီး အိပ်ချင်မူးတူးဖြစ်နေသော လူတစ်ယောက် ခေါင်းပြူထွက်လာကာ “ဘာကိစ္စလဲ” ဟု မေးသည်။

“အားနာပါတယ်ဗျာ ခင်ဗျားတို့အဖွဲ့ လူသစ်ထပ်ခေါ်နေသေးလား သိချင်လို့ပါ”

ထိုလူက မျက်လုံးကို အသာဖွင့်ပြီး လုံယီကို တစ်ချက်ကြည့်လိုက်ကာ “မင်းရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ” ဟု မေး၏။

“ကျွန်တော် သိုင်းပညာရှင်အဆင့်ကို အခုမှ ချိုးဖျက်နိုင်ခဲ့တာပါ...”

လုံယီ စကားပင် မဆုံးသေးမီ ထိုလူ၏ခေါင်းမှာ တဲထဲသို့ ပြန်ဝင်သွားပြီး တဲအဝမှာလည်း ပြန်လည် ပိတ်ဆို့သွားကာ ထပ်မံ၍ ပွင့်မလာတော့ပေ။

သူသည် စိတ်မပျက်ဘဲ ဆက်လက်လျှောက်လှမ်းရင်း နောက်ထပ် တဲအချို့တွင်လည်း စုံစမ်းကြည့်သေးသည်။ သို့သော် သူသည် သိုင်းပညာရှင်အဆင့်သို့ အခုမှ ရောက်ရှိခဲ့သူဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် လူတိုင်းက စိတ်မဝင်စားတော့ဘဲ အစွမ်းပြခွင့်ပင် မပေးကြချေ။

လုံယီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်သူမျိုး ရှိနိုင်တာကို သူတို့ ဘာကြောင့် မယုံကြည်ကြတာလဲ။

ထို့နောက် သူသည် ဗိုက်ဆာနေသောကျားအဖွဲ့၏ တဲရှေ့သို့ ရောက်လာသည်။ လက်ပြတ်အဖြူရောင် ရှပ်အင်္ကျီတိုများကို ဝတ်ဆင်ထားသော သန်သန်မာမာ လူနှစ်ဦးမှာ တဲအဝင်တွင် ရပ်နေကြသည်။ သူတို့၏ ကြွက်သားများမှာ ဖောင်းကြွနေပြီး အမူအရာမှာလည်း ကြမ်းတမ်းလှ၏။

“ထွက်သွားစမ်း”

တဲအဝင်တွင် ရပ်နေသူက လုံယီ စကားပင် မစရသေးမီ ပိတ်ပင်လိုက်သည်။

“ဘယ်က လူမိုက်လေးလဲ။ သွေးစွမ်းအင်ကလည်း နည်းနည်းလေးနဲ့ ငါတို့အဖွဲ့ထဲ ဝင်ဖို့ စဉ်းစားနေတာလား။ အိမ်ပြန်ပြီး နို့ပဲ ပြန်သောက်လိုက်ပါဦး”

ကျန်တစ်ယောက်က လှောင်ပြုံးဖြင့် စော်ကားလိုက်သည်။

လုံယီသည် ထိုနှစ်ဦးကို အမူအရာကင်းမဲ့စွာ တစ်ချက်ကြည့်လိုက်ပြီး အတွင်းဘက်သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

သူ၏ ယခုခံစားချက်မှာ သူ၏ယခင်ဘဝက အလုပ်လျှောက်နေရသလိုမျိုးပင်။ နာမည်ကြီး ကုမ္ပဏီအချို့သည် သတ်မှတ်ချက်ကို အလွန်မြင့်မားစွာ ထားရှိသဖြင့် သာမန်တက္ကသိုလ်

ကျောင်းသားများကို ဖယ်ထုတ်ထားသကဲ့သို့ပင်။ သင့်တွင် အရည်အချင်း အစစ်အမှန် ရှိနေပါစေဦးတော့ သူတို့က အခွင့်အရေးပင် ပေးမည်မဟုတ်ပေ။

တကယ်ကို ကူကယ်ရာမဲ့စရာပင်...

လုံယီသည် လျှောက်လာရင်း စိတ်လှုပ်ရှားနေသော အသံတစ်ခု ရှေ့ဘက်မှ ထွက်ပေါ်လာသည်။

“အစ်ကိုလျို”

ထိုသို့ ခေါ်လိုက်သူမှာ ချောမောသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ၏ အသားအရေမှာ သာမန်အမျိုးသမီးများထက်ပင် ပိုမိုဖြူဝင်းနေပြီး ခရမ်းနုရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းတွင် အပြာရောင် ပုဝါစတုရန်းကွက်ကို ပတ်ထားသည်။

“ညီလေးရှီ”

All Chapters