← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း။ ၁၁၇

“တကယ်ပဲ ငါနင့်ကို မသတ်နိုင်ဘူးလို့ ထင်နေတာလား”

ရှားဟူ၏ မျက်နှာမှာ ရက်စက်ယုတ်ညံ့စွာ တွန့်လိမ်သွားသည်။

“ဒါမှမဟုတ် နင်က ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ကို စိန်ခေါ်နိုင်တယ်လို့ ထင်နေတာလား”

ရှားဟူ၏ တစ်ကိုယ်လုံးတွင် သွေးစွမ်းအင်များမှာ ဆူပွက်နေပြီး ပေါ်ထွက်နေသော အရေပြားပေါ်တွင် နီမြန်းသော အရောင်များ အဆက်မပြတ် ပေါ်လာသည်။ သူ၏ လျှို့ဝှက်သွေးများမှာ ခန္ဓာကိုယ်အတွင်း၌ အလင်းတန်းတစ်ခုအလား လှည့်ပတ်စီးဆင်းနေ၏။

သို့သော် ရှီချိုင်ဖုန်းမှာမူ အလျှော့မပေးပေ။ သူမ၏ အရှိန်အဝါမှာ ပြင်းထန်စွာ တိုးထွက်လာသော်လည်း ရှားဟူနှင့် ယှဉ်လျှင်မူ ကွာဟချက်မှာ ထင်ရှားလှသည်။

“စမ်းကြည့်ချင်ရင် ကြည့်လေ”

ရှီချိုင်ဖုန်းက မျက်ခုံးပင့်ကာ ရဲရဲဝံ့ဝံ့ ပြန်ပြောလိုက်သည်။

“ငါက နင့်ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ရင်တောင်... ငါ မသေခင်မှာ နင့်ရဲ့ ခြေထောက်တစ်ဖက် ဒါမှမဟုတ် ခြေဖဝါးတစ်ဖက်ကိုတော့ အပါခေါ်သွားနိုင်တာ သေချာတယ်”

ရှီချိုင်ဖုန်း၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ ရှားဟူ၏ ဒေါသမှာ ထူးဆန်းစွာပင် လျော့ကျသွားပြီး လှောင်ပြောင်လိုက်သည်။

“ရှီချိုင်ဖုန်း... နင် ဘယ်တော့မှ ဒဏ်ရာမရပါစေနဲ့လို့ ငါ ဆုတောင်းပေးပါတယ်”

သူ၏ ခက်ထန်သော မျက်လုံးများသည် အရပ်ရှည်ပြီး ရိုင်းစိုင်းသော အလှရှိသည့် ရှီချိုင်ဖုန်းနှင့် နူးညံ့ပြီး ခန္ဓာကိုယ်အလှ ပေါ်လွင်သော ဝမ်ယီဝမ်တို့အပေါ်သို့ ဝေ့ဝဲကြည့်လိုက်ရင်း “ဒါမှမဟုတ်ရင်... ငါက နင်တို့ ညီအစ်မနှစ်ယောက်လုံးကို တစ်ပြိုင်တည်း မြည်းစမ်းကြည့်ဖို့ အခွင့်အရေး ရသွားနိုင်တယ်လေ”

“ငါ့အမေကို လာစမ်းကြည့်လိုက်လေ”

ရှီချိုင်ဖုန်းက ဘာကိုမှ ဂရုမစိုက်ဘဲ ပြန်လည် ဆဲဆိုလိုက်သည်။

ထိုသို့ ထိပ်တိုက်ရင်ဆိုင်နေကြစဉ်အတွင်း ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“မင်း ဘာလုပ်နေတာလဲ”

ရှီချိုင်ဖုန်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဒေါသများ ချက်ချင်း ထွက်သွားတော့သည်။ လုံယီသည် မည်သို့မည်ပုံ ရောက်သွားသည်မသိ ဗိုက်ဆာနေသောကျား အဖွဲ့သားများ၏ အလယ်သို့ ရောက်နေပြီး ထိုမြေခွေးဝိညာဉ်၏ အမွှေးများကို အားပါတရ ပွတ်သပ်နေခြင်းဖြစ်သည်။ ကြည့်ရသည်မှာ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးသည့်အလား အထူးအဆန်းဖြစ်ကာ ချီးကျူးနေပုံရသည်။

“ဒီကို ပြန်လာခဲ့စမ်း”

ရှီချိုင်ဖုန်းက လှမ်းအော်လိုက်သည်။

လုံယီက လှည့်ကြည့်လိုက်၏။ တစ်စုံတစ်ယောက်က ရှားဟူ၏ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်ရာ ရှားဟူ၏ ခက်ထန်သော အကြည့်မှာ လုံယီဆီသို့ ချက်ချင်း ရောက်သွားတော့သည်။

“ကောင်လေး... ငါတို့ ဗိုက်ဆာနေသောကျား အဖွဲ့ထဲ မဝင်ချင်ဘူးဆိုတဲ့ တစ်ယောက်က မင်းလား”

“ဒီမှာ တစ်ယောက်ယောက်ကတော့ ပါးစပ်ကို ပိတ်ထားသင့်တယ်ဗျ။ ကျွန်တော်က အနံ့ဆိုးတွေနဲ့မတည့်ဘူး”

လုံယီက ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်သည်။

“နောက်မှ နောင်တမရစေနဲ့လို့ ငါ မျှော်လင့်ပါတယ်”

ရှားဟူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ အထင်အရှား ပေါက်ကွဲထွက်လာသည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အနောက်မှ လူများကို လက်ဝှေ့ယမ်းပြကာ “သွားကြမယ်” ဟု အမိန့်ပေးလိုက်သည်။

ရှားဟူ၏ မြင့်မားလှသော ကျောပြင်ကို ကြည့်ရင်း ချိုင်ဖုန်းအဖွဲ့ဝင်များ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေကြသည်။

“အဲဒီလူက တော်တော် သန်မာပုံပဲ”

လုံယီသည် ထိုသူ၏ သွေးစွမ်းအင်မှာ အလွန်ပင် ပေါများနေပြီး အစွန်းရောက်လက်သီးဂိုဏ်းရှိ အကြီးအကဲအချို့နှင့် ယှဉ်လျှင်ပင် အားမနည်းကြောင်း အာရုံခံမိလိုက်သည်။

“ရှားဟူက မာကျောတဲ့စွမ်းအင်နည်းစနစ်ကို ကျင့်ထားတာ။ သူ့ရဲ့ ခန္ဓာကိုယ်က မွေးရာပါ သန်မာတယ်။ သူ ဝတ်ထားတာက ရှားပါးတဲ့ အနက်ရောင်ရွှေချပ်ဝတ်ပဲ။ ဒါကြောင့် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့် သိုင်းပညာရှင်တွေတောင် သူ့ကို ကိုင်တွယ်ဖို့ ခက်တယ်”

ကျစ်ဆံမြီးနှင့် ယန်ဇီက သက်ပြင်းချရင်း ရှင်းပြသည်။

“ကံကောင်းတာက ငါတို့ အသင်းခေါင်းဆောင်ရဲ့ အသက်ရှူနည်းစနစ်က ထူးခြားပြီး သွေးစွမ်းအင်တွေကို ပြင်းထန်စွာ ထုတ်လွှတ်နိုင်လို့ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်စေတာ။ ဒါကြောင့် သူက သတိထားနေရတာပေါ့”

ရှီချိုင်ဖုန်းသည် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်၏ အထွက်အထိပ်သို့ ရောက်နေသူ ဖြစ်သောကြောင့် သားရဲတစ်ရာတောင်တန်းတွင် အခြေခိုင်ရန် ကိုယ်ပိုင်အရည်အချင်း ရှိထားသူပင်။

“မြန်မြန် သွားကြမယ်”

ရှီချိုင်ဖုန်းက အော်လိုက်သည်။ ရှားဟူနှင့် တွေ့ဆုံပြီးနောက် လူတိုင်းမှာ စိတ်များ တင်းမာနေကြပြီး မကောင်းသော ရည်ရွယ်ချက်ရှိသည့် လူများနှင့် ထပ်မံတွေ့ဆုံမိမည်ကို စိုးရိမ်နေကြတော့သည်။

သားရဲတစ်ရာတောင်တန်းတွင် သိုင်းပညာရှင်များသည် ဝိညာဉ်သားရဲများထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းတတ်ကြသည်။

လုံယီမှာမူ အတော်ပင် ပျော်ရွှင်နေ၏။ ထိုမြေခွေးဝိညာဉ်ကို ပွတ်သပ်လိုက်ရုံဖြင့် သူသည် စွမ်းအင် ၃ မှတ် ထပ်မံရရှိခဲ့သည်။ ယခင်ရရှိထားသည်များနှင့် ပေါင်းလိုက်ပါက တစ်ရက်တည်းတွင် စုစုပေါင်း ၁၁ မှတ် အထိ စုဆောင်းမိသွားပြီဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် သူ၏ ကျောက်ဖြစ်ခြင်းပါရမီကို မကြာမီ အဆင့်မြှင့်တင်နိုင်တော့မည် ဖြစ်သည်။

သို့သော် ဝိညာဉ်သားရဲ သုံးကောင်နှင့် တွေ့ဆုံခဲ့သော်လည်း ပါရမီအသစ်တစ်ခုမျှ ထပ်မံမရရှိခဲ့ပေ။

“ပြီးခဲ့တဲ့တစ်ခေါက်က ကံကောင်းလို့ပဲလား”

“ဒါမှမဟုတ် ထိတွေ့ရုံနဲ့ ပါရမီတစ်ခုရဖို့ဆိုတာက တကယ်ပဲ ဖြစ်ခဲတဲ့ကိစ္စမျိုးလား။ အခု ငါစမ်းသပ်ထားတဲ့ အရေအတွက်က နည်းလွန်းနေသေးတာလား”

ရှေ့ရှိ စိမ်းလန်းစိုပြည်သော တောအုပ်ကြီးကို ကြည့်ရင်း လုံယီ သိလိုက်သည်။ သူ့တွင် စမ်းသပ်ရန် အခွင့်အရေးများစွာ ရှိနေသေးသဖြင့် အလောတကြီး ဖြစ်နေစရာ မလိုပေ။

...

“ပေါက်စီ... လတ်လတ်ဆတ်ဆတ် ကျားသားပေါက်စီတွေ ရမယ်ဗျို့”

“အခုတင် ပေါင်းထားတဲ့ ပေါက်စီပူပူလေးတွေ”

လုံယီသည် တဲအတွင်း၌ အိပ်ပျော်နေစဉ် အပြင်ဘက်မှ ဈေးသည်များ၏ အော်ဟစ်သံကြောင့် မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ဘေးနားရှိ ကုတင်အနိမ့်ပေါ်တွင် အိပ်နေသော ကျစ်ဆံမြီးနှင့် ယန်ဇီနှင့် ဒုတိယအသင်းခေါင်းဆောင် ကျန်းချန်ယွီတို့လည်း ထိုင်လျက်သား ဖြစ်သွားကြသည်။

သို့သော် အကြောင်းရင်းတစ်ခုကြောင့် သူတို့၏ အကြည့်များမှာ လမ်းကြောင်းတစ်ခုတည်းသို့သာ စူးစိုက်နေကြ၏။ လုံယီလည်း သူတို့ဘေးရှိ လိုက်ကာဘက်သို့ လှည့်ကြည့်လိုက်သည်။ မီးခိုးရောင် ပိတ်စလိုက်ကာသည် အလင်းကို ကောင်းကောင်းမဖြတ်နိုင်သော်လည်း အတွင်းဘက်တွင် ဆီမီးခွက်တစ်ခု ထွန်းထားသဖြင့် အရိပ်များမှာ လိုက်ကာပေါ်တွင် ထင်ဟပ်နေသည်။

အရပ်ရှည်ရှည်တစ်ခုနှင့် ပုပုတစ်ခု၊ ကောက်ကြောင်းအလှများ ပေါ်လွင်နေသည့် အမျိုးသမီးပုံသဏ္ဌာန် အနက်ရောင်အရိပ်နှစ်ခုပင်။ အထူးသဖြင့် ပုသည့်ဘက်မှ အရိပ်မှာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှပကာ တစ်ခါတစ်ရံ တုန်ခါသွားတတ်သည့် အမူအရာက အမျိုးသားများအတွက် စိတ်ကူးယဉ်စရာ ဖြစ်နေစေသည်။

လုံယီသည် အကြည့်ကို ပြန်ရုပ်လိုက်ပြီး ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ဖျော်ဖြေရေးရှားပါးလှသော၊ ဝိညာဉ်သားရဲများ၊ သတ်ဖြတ်မှုများနှင့် ခြင်များသာ ဝိုင်းရံနေသော ဤစခန်းတွင် ယခုကဲ့သို့ အရိပ်တစ်ခုကပင် အာရုံစိုက်မှု အမြောက်အမြား ရနေသည်မှာ မဆန်းပေ။

“သနားစရာ ကောင်လေးတွေပဲ။ ငါ့ရဲ့အရင်ဘဝက ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတွေကို သူတို့ မြင်ဖူးပုံမရဘူး။ ဒီအရိပ်လေးကတော့ ယှဉ်လို့တောင် မရဘူး။ ဟိုဗီဒီယိုတွေက ဒီထက်တောင်ပိုမိုက်သေးတယ်”

ဝှစ်….

လိုက်ကာမှာ ရုတ်တရက် ဆွဲဖွင့်ခြင်း ခံလိုက်ရသည်။ ကျန်းချန်ယွီ၊ ယန်ဇီနှင့် အခြားသူများမှာမူ စောင်ပေါ်မှ ပန်းပုံစံများကို အသည်းအသန် လေ့လာနေကြသည့်အလား ခေါင်းကို ချက်ချင်း ငုံ့ချလိုက်ကြတော့သည်။

မွှေးရနံ့တစ်ခု လွင့်ပျံ့လာသည်။

ရှီချိုင်ဖုန်းသည် အနက်ရောင် ဝတ်စုံကျပ်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်ဖြင့် မတ်တပ်ရပ်နေ၏။ သူမသည် တဲအတွင်းရှိ ကော်ဇောပေါ်တွင် ခြေဗလာဖြင့် လျှောက်လာရင်း လုံယီနှင့် အခြားသူများကို စူးစမ်းကြည့်လိုက်သည်။

“ဘာလို့ မထကြသေးတာလဲ ခိုးကြည့်နေကြပြန်ပြီလား”

သူမက လုံယီကို တစ်ချက်ကြည့်ကာ “သူတို့လို မဖြစ်စေနဲ့ဦး။ နေ့တိုင်း အပျင်းထူနေကြတာ”

“ခင်ဗျားရဲ့ အင်္ကျီကြယ်သီး တစ်လုံးပြုတ်နေတယ်”

လုံယီက တစ်ဖက်လူ၏ ဝမ်းဗိုက်ပိုင်းကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် သူမ၏ ဗိုက်

ကြွက်သားအချို့ကို ခပ်ရေးရေး မြင်နေရ၏။

ဝှစ်…ဝှစ်….ဝှစ်…

ကျန်းချန်ယွီ၊ ယန်ဇီ၊ ကုယွီနှင့် ဝမ်လုံတို့အားလုံးမှာ ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။

ရှီချိုင်ဖုန်းက “အကြည့်ခံရရုံနဲ့တော့ အသားတစ်ဖဲ့ လျော့မသွားပါဘူး” ဟု အေးအေးဆေးဆေးပင် ပြောကာ တံခါးဝဆီသို့ ယုံကြည်မှုရှိရှိ လျှောက်သွားတော့သည်။

နှာဘူးကြီးများမှာမူ အကြည့်မလွှဲနိုင်ဘဲ ကျန်ရစ်ခဲ့ကြ၏။

သို့သော် မကြာမီမှာပင် သူတို့အတွက် ပစ်မှတ်အသစ်တစ်ခု ပေါ်လာပြန်သည်။ ပုပုပါးပါး ဝမ်ယီဝမ်သည် လိုက်ကာကို ရှက်ကိုးရှက်ကန်းဖြင့် မလိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ... မင်္ဂလာပါ”

အမျိုးသားအားလုံး၏ အကြည့်များမှာ သူမဆီသို့ ရောက်လာသည်ကို မြင်သောအခါ ဝမ်ယီဝမ်သည် သူမ၏ ရင်ဘတ်ကို လက်ဖြင့် အုပ်ထားလိုက်မိသည်။

“မင်္ဂလာနံနက်ခင်းပါ မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား”

လုံယီက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

သို့သော် ဝမ်ယီဝမ်မှာ လုံယီ၏ စကားကြောင့် မျက်နှာလေး နီမြန်းသွားပြီး လုံယီကို တစ်ချက်စောင်းကြည့်ကာ တံခါးဝသို့ ထွက်သွားတော့သည်။

“မဆိုးဘူးဟေ့ ကောင်လေး မမကြီးရဲ့ မိန်းမကိုတောင် စနောက်ရဲတယ်ပေါ့”

ကျစ်ဆံမြီးနှင့် ယန်ဇီက လုံယီကို အထင်ကြီးလေးစားစွာ ကြည့်လိုက်သည်။

“ကျွန်တော် ဘယ်မှာ စလိုက်လို့လဲ”

လုံယီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူ၏ နားအကြားအာရုံမှာ အလွန်ပင် စူးရှလှသော်လည်း ပြီးခဲ့သည့် ညအနည်းငယ်အတွင်း မည်သည့် ထူးဆန်းသော အသံမျိုးကိုမျှ မကြားခဲ့ရပေ။ ဆိုလိုသည်မှာ ရှီချိုင်ဖုန်းသည် စည်းစနစ်ရှိပြီး ညဘက်တွင် ဘာပြဿနာမျှ မရှာခဲ့ခြင်းပင်။

“ငါကြားတာတော့ သူတို့ အိပ်တဲ့အခါ ဘာမှဝတ်မထားဘူးဆိုပဲ...”

ဒုန်း…..

သစ်သားစတစ်ခုက ယန်ဇီ၏ ခေါင်းကို ထိမှန်သွားသည်။

“ထွက်လာပြီး ပေါက်စီတွေ လာယူကြစမ်း”

ရှီချိုင်ဖုန်းက ခက်ထန်စွာ အော်လိုက်သည်။

သားရဲလိုက်လံရေးစခန်းတွင် သိုင်းပညာရှင်များအပြင် ထိုသိုင်းပညာရှင်များ၏ မိသားစုဝင်အချို့လည်း ရှိကြသည်။ ထိုမိသားစုဝင်များသည် သားရဲတစ်ရာတောင်တန်းထဲသို့ မဝင်နိုင်ကြသလို စခန်းထဲတွင် အမြဲနေရသည်မှာလည်း ပျင်းရိစရာ ကောင်းသဖြင့် မုန့်ဟင်းခါး၊ ပေါက်စီ စသည့် မနက်စာရောင်းသည့် စီးပွားရေးလေးများကို လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ပေါက်စီရောင်းသူမှာ အသက် ၅၀၊ ၆၀ ခန့်ရှိသော အဘွားအိုတစ်ဦးဖြစ်ပြီး ဆံပင်မှာ ဖြူဝင်းနေကာ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူမသည် သိုင်းပညာ လုံးဝမကျင့်ဖူးသူ ဖြစ်ကြောင်း သိသာလှသည်။

သူမသည် ပေါင်းအိုး ၁၀ လုံးကျော် တင်ထားသော သစ်သားတွန်းလှည်းလေးကို တွန်းလာ၏။ အဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့လှသော အနံ့မှာ ထွက်ပေါ်လာပြီး လူတိုင်းကို ဗိုက်ဆာသွားစေသည်။ ဝိညာဉ်သားရဲ အသားခြောက်တွေကိုပဲ စားနေရတာ ကြာပြီဖြစ်ရာ တစ်ခါတစ်ရံ ဤကဲ့သို့ အရသာပြောင်းစားရသည်မှာ မဆိုးလှပေ။

ရှီချိုင်ဖုန်းသည် ပေါက်စီစုစုပေါင်း အလုံးရေ ၁၀၀ ကျော်ခန့်ကို တိုက်ရိုက် ဝယ်ယူလိုက်သည်။ စျေးနှုန်းမှာ မချိုလှပေ။ သူမက ငွေနှစ်ပြား ထုတ်ပေးလိုက်သည်ကို လုံယီ သတိပြုမိလိုက်၏။ ရောက်ရှိနေသူအားလုံးမှာ အစားကြီးသော သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် ဤမျှများပြားသော ပေါက်စီပမာဏမှာ သူတို့အတွက် အဆာပြေရုံမျှသာ ရှိသည်။

“ကျေးဇူးပဲ အန်တီရှဲ့။ အန်တီ့ပေါက်စီတွေက အကောင်းဆုံးပဲ”

ရှီချိုင်ဖုန်းသည် ပေါက်စီတစ်လုံးကို တစ်လုတ်တည်း မျိုချလိုက်ပြီး သူမ၏ နှုတ်ခမ်းနီနီလေးများကို လျှာဖြင့် သိမ်းလိုက်သည်။

“ဒီရက်ပိုင်း ရှဲ့ချန်ကို မတွေ့မိပါလား။ သူ တောင်ပေါ်ကို တစ်ယောက်တည်း ထပ်တက်သွားပြန်ပြီလား”

“ကျွန်မပြောတာတော့ ဘာလို့ အဲဒီလောက် အပင်ပန်းခံနေမှာလဲ။ အဖွဲ့တစ်ဖွဲ့ထဲ ဝင်လိုက်တာ ပိုမကောင်းဘူးလား။ သူက သားရဲပြုပြင်သူလည်းဖြစ် သိုင်းပညာလည်း တတ်တော့ ဘယ်သူကများ သူ့ကို အဖွဲ့ထဲ မခေါ်ဘဲ နေမှာလဲ”

အန်တီရှဲ့က ပြုံးရွှင်စွာဖြင့် “သူ့ကိစ္စတွေကတော့ ကျွန်မလည်း ဝင်မပြောသာပါဘူးကွယ်” ဟု ဆိုကာ ကုန်းကုန်းကုန်းကုန်းဖြင့် သူမ၏ တွန်းလှည်းလေးကို တွန်း၍ ထွက်ခွာသွားတော့သည်။

ရှီချိုင်ဖုန်းသည် လုံယီ့အနားသို့ လျှောက်လာပြီး သူ၏ စူးစမ်းလိုသော မျက်နှာထားကို မြင်သည့်အခါ ရှင်းပြသည်။

“သူ့သားကလည်း ချီစွမ်းအင်ပတ်လမ်းငယ်အဆင့်ပဲ။ သားရဲပြုပြင်သူလည်း ဖြစ်တော့ ဘယ်အဖွဲ့ထဲမဆို အလွယ်တကူ ဝင်လို့ရတယ်။ ဒါပေမဲ့ သူ့မိန်းမက အပေါက်ခုနစ်ပေါက် နှင်းကြာပန်းကို အမြဲစားနေမှ အသက်ရှင်နိုင်မယ့် ထူးဆန်းတဲ့ ရောဂါတစ်ခု ခံစားနေရတာ။ အဖွဲ့ထဲဝင်လို့ရတဲ့ ဝေစုက မလောက်ငတော့ သူက တစ်ယောက်တည်း အန္တရာယ်ကြားမှာ အလုပ်လုပ်နေရတာပေါ့။ သူ့အမေကလည်း စရိတ်စက ကူညီနိုင်ဖို့ စခန်းထဲမှာ ပေါက်စီလာရောင်းရရှာတာ။ တကယ့်ကို သနားစရာပဲ”

သားရဲလိုက်လံရေးစခန်းသည် သားရဲတစ်ရာတောင်တန်း၏ ခြေရင်းတွင် ရှိသဖြင့် နှစ်စဉ် သားရဲအုပ်စုကြီးငယ်များ၏ တိုက်ခိုက်မှုကို ခံရလေ့ရှိရာ သာမန်လူများမှာ ဤနေရာတွင် ကြာရှည်မနေရဲကြပေ။

“နှင်းကြာပန်းတစ်ပွင့်ကို ငွေတစ်ရာကျော် ပေးရတာလေ။ ဟင်း... သူကတော့ တကယ့်ကို အချစ်ကြီးတဲ့ ယောကျ်ားပဲ”

ရှီချိုင်ဖုန်းက တဆက်တည်း သက်ပြင်းချပြန်သည်။

ထိုစဉ် ဝမ်ယီဝမ်က ရုတ်တရက် မေးလိုက်သည်။

“တကယ်လို့ ကျွန်မသာ အဲဒီလို ထူးဆန်းတဲ့ရောဂါ ဖြစ်ခဲ့ရင် ရှင်ရော အဲဒီလို လုပ်ပေးမှာလား”

ရှီချိုင်ဖုန်း ခဏတာ ဆွံ့အသွားပြီးနောက် သူမ၏ ရင်ဘတ်ကို တဒုန်းဒုန်းထုကာ ကတိပေးတော့သည်။

“မြေကြီးသက်သေ ကောင်းကင်သက်သေပဲ။ မေးနေဖို့တောင် လိုသေးလား။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်စစ်က ရွှေစင်ရွှေသားထက်တောင် စစ်ပါသေးတယ်”

သူမသည် ရှေ့သို့ တိုးသွားပြီး ဝမ်ယီဝမ်၏ နူးညံ့သော ခါးလေးကို ဖက်လိုက်သည်။

“မကောင်းတာတွေ မပြောနဲ့ဦး လာ... ပေါက်စီစားရအောင် ပါးစပ်လေးဟ အား...”

အမျိုးသမီးနှစ်ဦးမှာ ဘေးလူကို ဂရုမစိုက်ဘဲ ချိုချိုသာသာဖြင့် ကြည်နူးနေကြသည်။

“အို... နင်တို့ ချစ်သူနှစ်ယောက်ကတော့ ငါ့ကို အချိုတွေနဲ့ သတ်နေကြတာပဲ”

အသက် ၃၀ ခန့်ရှိသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦး သူတို့ဆီသို့ လျှောက်လာသည်။ သူမသည် ကိုယ်လုံးပေါ်လွင်သော အနက်ရောင် ပါးပါးကြည်ကြည် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ဟိုက်ဟိုက်ကြောင့် လှပသော ညှပ်ရိုးနှင့် ဖြူဝင်းသောအသားအရေမှာ ပေါ်လွင်နေသည်။ နားတွင် ရတနာနားကပ်အနီကို ဆွဲထားပြီး ပြည့်ဖြိုးသော နှုတ်ခမ်းဘေးရှိ မှဲ့နက်လေးက သူမ၏ အပြုံးကို ပိုမို ညှို့ယူဖမ်းစားနိုင်စေသည်။

ရင်ကျက်လိုက်တာ တကယ့်ကို ရင့်ကျက်တဲ့ အလှပဲ။

အားလုံး၏ စိတ်ထဲတွင် အတွေးကိုယ်စီ ပေါ်လာကြပြီး သူမ၏ ယိမ်းနွဲ့နေသော ခါးလေးဆီသို့ အကြည့်များ ရောက်သွားကြသည်။ ကျစ်ဆံမြီးနှင့် ယန်ဇီမှာမူ မသိစိတ်ဖြင့် ခါးကိုပင် အသာကုန်းလိုက်မိ၏။

“မမယွဲ့... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”

ရှီချိုင်ဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး ဝမ်ယီဝမ်၏ ခါးကို ချက်ချင်းလွှတ်ကာ ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးဆီသို့ စိတ်အားထက်သန်စွာ တိုးသွားတော့သည်။ စိတ်ဆိုးသွားသော ဝမ်ယီဝမ်မှာမူ နောက်ကနေ မြေကြီးကို ဆောင့်ကန်ကာ ကျန်ရစ်ခဲ့သည်။

အခန်း။ ၁၁၈

“နင့်အဖွဲ့ထဲ လူသစ်တစ်ယောက် ရောက်နေတယ်ဆိုလို့ လာကြည့်တာပါအေ”

ထိုညို့ယူဖမ်းစားနိုင်သော အမျိုးသမီးက သူမ၏ လှပသောမျက်လုံးများဖြင့် ဝေ့ဝဲကြည့်

လိုက်ပြီးနောက် နောက်ဆုံးတွင် လုံယီထံ၌ အကြည့်ကို ရပ်တန့်လိုက်သည်။

“ဒီလူငယ်လေးလား။ တကယ့်ကို အရည်အချင်းရှိမယ့် ပုံစံလေးပဲ”

“ဟားဟား... ငါရွေးတဲ့လူကတော့ ဘယ်ညံ့ပါ့မလဲ”

ရှီချိုင်ဖုန်းက စိတ်အားထက်သန်စွာဖြင့် ထိုအမျိုးသမီးကို တဲအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

တဲထဲသို့ ရောက်သည်နှင့် ရှီချိုင်ဖုန်းမှာ မနေနိုင်ဘဲ ထိုအမျိုးသမီး၏ နူးညံ့သောခါးကို ဖက်ရန် လက်လှမ်းလိုက်သော်လည်း ကျွမ်းကျင်စွာ အရှောင်ခံလိုက်ရသည်။

“ဟိဟိ... ဖုန်းဖုန်းလေးကတော့ မရိုးသားပြန်ဘူးနော်”

ထိုအမျိုးသမီးက ငွေခေါင်းလောင်းလေးများ မြည်သံအလား တခိခိ ရယ်မောလိုက်သည်။

“မမယွဲ့ အခြေအနေတွေ ဘယ်လိုလဲဗျာ”

“ဟင်း... ဒီလိုပါပဲအေ။ သေလို့လည်းမရ ရှင်လို့လည်းမကောင်တဲ့ အခြေအနေပေါ့။ ငါ့အဖွဲ့ရဲ့ အင်အားကိုလည်း နင်သိသားပဲ။ တောင်ခြေနားမှာပဲ ဟိုဟိုဒီဒီ သွားနေရတာ။ တောင်နက်ထဲအထိတော့ မဝင်ရဲပါဘူး”

“အဖွဲ့ပြောင်းဖို့ရော မစဉ်းစားဘူးလား”

“ဟွန်း... ဘယ်အဖွဲ့က ကောင်းလို့လဲ။ အဲဒီယောကျ်ားတွေက ငါ့ကိုတွေ့ရင် ဝါးစားမတတ် ကြည့်နေကြတာ”

“ဟဲဟဲ... ကျွန်မဆီလာခဲ့ပါလား။ ဒီမှာက ပိုပြီးတော့ ဘေးကင်းပါတယ်”

ရှီချိုင်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။

“နင့်ဆီလား။ နင်ကလည်း သူတို့နဲ့ သိပ်ထူးတာမဟုတ်ပါဘူး”

မမယွဲ့က ရှီချိုင်ဖုန်းကို မျက်စောင်းလေး တစ်ချက်ထိုးကာ ငြင်းသလိုလိုနှင့် မြူဆွယ်လိုက်သေးသည်။

သူတို့နှစ်ဦး အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် ထိုအမျိုးသမီးမှာ ပြန်လည်ထွက်ခွာသွားတော့သည်။ ရှီချိုင်ဖုန်းမှာမူ ထွက်ခွာသွားသော အမျိုးသမီး၏ ယိမ်းနွဲ့နေသော တင်ပါးများကို ကြည့်ကာ တံတွေးပင် မျိုချမိတော့သည်။

တစ်ဖက်တွင်မူ ဝမ်ယီဝမ်မှာ ဒေါသထွက်လွန်းသဖြင့် ပါးလေးနှစ်ဖက်မှာ နီရဲနေပြီး တဲ၏ အတွင်းဆုံးဘက်တွင် တစ်ယောက်တည်း စိတ်ကောက်နေတော့သည်။

“သူကတော့ တကယ့်ကို ကစားသမားကြီးပဲ”

လုံယီမှာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားသည်။

ရှီချိုင်ဖုန်းကဲ့သို့ လူမျိုးမှာ သူ၏ ယခင်ဘဝမှာပင် တွေ့ရခဲသော လူစားမျိုးဖြစ်သည်။ သို့သော်လည်း ဤအရာမှာ သူနှင့် မသက်ဆိုင်ပေ။ လက်ရှိတွင် သူသည် သားရဲများကို အမဲလိုက်ရန်နှင့် စွမ်းအင်များကို စုဆောင်းရန်သာ အာရုံစိုက်လိုသည်။

နောက်ရက်များတွင် လုံယီသည် ချိုင်ဖုန်းအဖွဲ့ဝင်များနှင့်အတူ သားရဲများကို လိုက်လံနှိမ်နင်းခဲ့သည်။ မြို့ပြင်ကထက် များစွာကြီးမားသော ပိုးကောင်ကြီးများ၊ ပေ ၃၀ ကျော် ရှည်သော မြွေဟောက်နက်ကြီးများ စသည်တို့ကို အမဲလိုက်ခဲ့ကြသည်။

အနားယူသည့် အချိန်များတွင်လည်း သူသည် တောထဲသို့ တစ်ကိုယ်တော် ဝင်ရောက်ကာ သားရဲများ၏ သဲလွန်စကို ရှာဖွေလေ့ရှိသည်။ သို့သော်လည်း တစ်ယောက်တည်း ရှာဖွေရသည်မှာ ထိရောက်မှု နည်းပါးလှပြီး ယခုထက်ထိ တစ်ကောင်မျှ မတွေ့သေးပေ။

အခြားအဖွဲ့များမှ သယ်ယူလာသော ဝိညာဉ်သားရဲ အလောင်းများကို ကူညီစစ်ဆေးပေးသည့်အယောင်ဆောင်ကာ စွမ်းအင်အကြွင်းအကျန်များကို လိုက်လံစုဆောင်းခဲ့သည်မှာလည်း အချည်းနှီးမဖြစ်ခဲ့ပေ။

ငါးရက်အတွင်းမှာပင် သူ၏ စွမ်းအင်မှာ ၆၀ ကျော် သို့ ရောက်ရှိသွားပြီး ကျောက်ဖြစ်ခြင်းပါရမီကို အဆင့်မြှင့်တင်ရန် လိုအပ်ချက်နှင့် ကိုက်ညီသွားတော့သည်။

တိတ်ဆိတ်ပြီး ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေပြီးနောက် လုံယီသည် ကျောက်တုံးဝိညာဉ်သုံးခုနှင့် ဖီးနစ်သွေးကျောက်တစ်ခုကို ထုတ်ယူကာ လက်ဖဝါးပေါ်တွင် တင်လိုက်ပြီး မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်ကာ စိတ်ထဲမှနေ၍ အဆင့်မြှင့်တင်ရန် ညွှန်ကြားလိုက်၏။

သူ့လက်ထဲရှိ ကျောက်တုံးများသည် မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ အရည်ပျော်သွားပြီး လက်ဖဝါးမှတစ်ဆင့် စုပ်ယူခြင်း ခံလိုက်ရကာ မီးခိုးရောင် အမှုန်အမွှားအချို့သာ ကျန်ရစ်

တော့သည်။ ပါရမီကဏ္ဍတွင် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ကျောက်ဖြစ်ခြင်း အဆင့်မှာ ကျွမ်းကျင်အဆင့်မှ အမြင့်မြတ်ဆုံးအဆင့်သို့ တိုးတက်သွားပြီဖြစ်သည်။

သူ၏ စိတ်ထဲတွင်လည်း အမှတ်တရအသစ်တစ်ခု ပုံဖော်လာသည်.

ထိုရင်းနှီးနေသော မျောက်ဘုရင်ကြီးပင်. နေ့ဘက်တွင် အုပ်စုကို ဦးဆောင်ကာ အစာရှာဖွေပြီးညဘက်တွင်မူ ထိုချိုင့်ဝင်နေသော ကျောက်တုံးကြီးပေါ်၌ လဲလျောင်းကာ လရောင်အောက်တွင် လမင်း၏အဆီအနှစ်များကို စုပ်ယူနေခဲ့သည်။ ၎င်း၏ ခွန်အားမှာ နေ့ညမပြတ် တိုးတက်လာပြီး နောက်ဆုံးတွင် တောအုပ်၏ စစ်မှန်သော ဘုရင်ဖြစ်လာခဲ့သည်။

နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်... ၎င်း၏ ချစ်သူများနှင့် သားသမီးများမှာ အိုမင်းရင့်ရော်ကာ သေဆုံးကုန်ကြသော်လည်း မျောက်ဘုရင်မှာမူ နုပျိုမြဲ နုပျိုနေဆဲဖြစ်သည်။ သို့သော် ၎င်း၏ စိတ်နှလုံးမှာမူ အထီးကျန်မှုနှင့် ဝေဒနာများဖြင့် ပြည့်နှက်နေခဲ့၏။ တစ်နေ့တွင် အလွန်တရာ နွမ်းနယ်လာသဖြင့် အုပ်စုကို စွန့်ခွာကာ တစ်ယောက်တည်း တိတ်ဆိတ်စွာ သေဆုံးရန် ထွက်ခွာလာခဲ့သည်။

သို့သော် ၎င်းကိုယ်တိုင်ပင် မသိရှိခဲ့သည်မှာ နှစ်ပေါင်းတစ်ရာတိုင်တိုင် လရောင်၏ ဗာတံချိုးခြင်းကို ခံခဲ့ရသဖြင့် ၎င်း၏ ဆဲလ်များမှာ လရောင်ကို အလိုအလျောက် စုပ်ယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ကျောက်တုံးကြီးနှင့် ဝေးကွာသွားစေကာမူ ထိခိုက်မှုမရှိတော့ပေ။ နေ့ဘက်တွင်ပင် လရောင်ကို မမြင်ရသော်လည်း ထိုစွမ်းအင်ကို ရရှိနေဆဲဖြစ်သည်။

မျောက်ဘုရင်သည် သေခြင်းတရားကို အလိုရှိသော်လည်း ၎င်း၏ ဇီဝစွမ်းအားများမှာ ပိုမိုသန်မာလာကာ အမွှေးအမျှင်တိုင်းမှာ အလင်းများ ထွက်ပေါ်လာပြီး အရေပြားမှာလည်း ပိုမိုကြည်လင်လာတော့သည်။

လက်တွေ့ဘဝတွင်မူ လုံယီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဟင်းလင်းပြင်အတွင်းမှ ရုတ်တရက် စီးဝင်လာသော စွမ်းအင်များကို ကြိုဆိုလိုက်သည်။ ထိုစွမ်းအင်များသည် သူ၏ အတွင်းကလီစာများ၊ အရိုးများ၊ သွေးများ၊ ထူးခြားသော သွေးကြောမကြီး ရှစ်သွယ်နှင့် မရေတွက်နိုင်သော ဆဲလ်များကို လျင်မြန်စွာ တိုးတက်ကောင်းမွန်စေခဲ့သည်။

ကျောက်ဖြစ်ခြင်း ပါရမီ၏ ဖော်ပြချက်မှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း အစွမ်းမှာမူ ပိုမိုထက်မြက်လာသည်။ ၎င်းသည် အချိန်နှင့်အမျှ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုမှာ ဖြည်းဖြည်းချင်း တိုးတက်နေမည်။

ကျောက်ဖြစ်ခြင်းမှာ ခန္ဓာကိုယ် မျက်နှာပြင်၏ သတ်မှတ်ထားသော အစိတ်အပိုင်းတစ်ခုကို ခဏတာ ကျောက်ကဲ့သို့ မာကျောသွားစေရန် ရွေးချယ်နိုင်သည်။ ပါရမီအဆင့် မြင့်မားလာသည်နှင့်အမျှ ကြာချိန်နှင့် ဧရိယာမှာ ပိုမိုတိုးတက်လာမည်။

အခြေခံအဆင့်တွင် လက်ဖဝါးခန့်သာ ကျောက်ဖြစ်နိုင်ပြီး ကျွမ်းကျင်အဆင့်တွင် လက်မောင်းတစ်ခုလုံးစာ ဧရိယာအထိ ကျောက်ဖြစ်နိုင်သည်။

ဒါဆိုလျှင် မြင့်မြတ်သောအဆင့်မှာကော။

လုံယီသည် စိတ်ထဲမှနေ၍ ကျောက်ဖြစ်ခြင်းဟု ရွတ်ဆိုလိုက်သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အထက်ပိုင်း အများစုမှာ မီးခိုးဖြူရောင် အလွှာတစ်ခုဖြင့် ဖုံးအုပ်သွားတော့သည်။

ဆိုလိုသည်မှာ ဤပါရမီကို အသုံးပြုပြီးနောက် သူသည် သာမန်သားရေချပ်ဝတ်နှင့် ညီမျှသော ထပ်ဆောင်းကာကွယ်ရေးအလွှာတစ်ခုကို ရရှိမည်ဖြစ်သည်။ ထူးခြားသည်မှာ ထိုအလွှာသည် မည်သည့်အလေးချိန်မျှ တိုးမလာဘဲ သူ၏ဖျတ်လတ်မှုကိုလည်း လုံးဝထိခိုက်စေမည်မဟုတ်ပေ။

ကာကွယ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ရန် စမ်းသပ်လိုသောကြောင့်...

လုံယီ စိတ်ကူးလိုက်သည်နှင့် သူ၏ကိုယ်အထက်ပိုင်းရှိ မီးခိုးဖြူရောင်များမှာ ဒီရေအလား ဆုတ်ခွာသွားပြီး ပိုမိုခိုင်ခံ့သော ကြွေဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ဧရိယာမှာ လက်မောင်းတစ်ဖက်စာသာ ဖုံးအုပ်နိုင်တော့သည်။ ဤကြွေဖြူရောင် ကျောက်ဖြစ်ခြင်း၏ ကာကွယ်နိုင်စွမ်းမှာ သာမန်သံမဏိနှင့် ညီမျှကြောင်း သူ ယခင်က စမ်းသပ်ဖူးပြီးသားဖြစ်သည်။

လုံယီသည် ဤမျှနှင့် အားမရသေးဘဲ ကျောက်ဖြစ်စေမည့် ဧရိယာကို ထပ်မံလျှော့ချကာ စမ်းသပ်ကြည့်ပြန်သည်။

သူ့လက်မောင်းပေါ်ရှိ ကြွေဖြူရောင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကျောက်စိမ်းဖြူရောင်ရှိသော လက်သီးတစ်ဆုပ်စာသာ ကျန်ရစ်တော့သည်။ အရေပြားမျက်နှာပြင်မှာ စစ်မှန်သော ကျောက်စိမ်းဖြူကဲ့သို့ပင် တလက်လက် တောက်ပနေ၏။

သူသည် ဘယ်လက်ဖြင့် သံမဏိနှင့် ပြုလုပ်ထားသော ဓားကို ကိုင်ကာ ညာလက်သီးပေါ်သို့ အားကုန်ဖိ၍ ဆွဲလိုက်သည်။

ကျွီ...

နားမခံသာသော အသံတစ်ခု ထွက်ပေါ်လာသည်။ ရာကျော်သန့်စင်သံမဏိဓား၏ အသွားမှာ ချက်ချင်းပင် အစအနလေးများ ဖြစ်သွားတော့သည်။

ဤသည်မှာ ကျောက်စိမ်းဖြူရောင် အရေပြား၏ ကြံ့ခိုင်မှုသည် သံမဏိထက်ပင် သာလွန်သွားပြီဖြစ်ကြောင်း သက်သေပြနေသည်။ အနက်ရောင်သံမဏိပုဆိန်ကိုသုံး၍ ၇၀ ရာခိုင်နှုန်းသော အားဖြင့် ခုတ်ကြည့်သောအခါမှသာ မီးပွင့်များ ထွက်လာပြီး ကျောက်စိမ်းဖြူအရေပြားပေါ်တွင် ဒဏ်ရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

လုံယီ၏ ၇၀ ရာခိုင်နှုန်းသော အင်အားမှာ ပေါင်ထောင်ချီ၍ ရှိသည်။ ဆိုလိုသည်မှာ အနက်ရောင်သံမဏိ လက်နက်များကို ကိုင်ဆောင်ထားသော သာမန်သိုင်းပညာရှင်များသည်ပင် သူ၏ အကောင်းဆုံးအခြေအနေရှိသော အရေပြားကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။

ဒီပါရမီက အဆင့်မြင့်လာလေလေ နောက်ပိုင်းမှာ ပိုပြီးတော့ အစွမ်းစုံလာလေလေပဲ။

တကယ့်ကို နှံ့စပ်ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်လို့ တစ်ကိုယ်လုံးကို ဒီလို ဖုံးအုပ်ထားနိုင်

မယ့်နေ့ကို မျှော်လင့်မိသား။ အဲဒီအချိန်ကျရင် ရန်သူတွေအတွက်တော့ တကယ့်ကို မျှော်လင့်ချက်မဲ့စရာကြီး ဖြစ်မှာပဲ။

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။

[အမည် - လုံယီ]

[အသက် - ၁၉/၆၂]

[နယ်ပယ် - ပထမချီစွမ်းအားအဆင့် စစ်သည်တော် (၃၄/၆၀၀)]

[ကျင့်စဉ် - အဝါရောင် အထွက်အထိပ် အသက်ရှူနည်းစနစ် (အဆင့် ၁၊ ပါရဂူ ၀/၁၀၀ + နှလုံးစားမြက် ၇ ပင် + အရိုးဖောက်သစ်ခွ ၁ ပင်)၊ ဟူမျိုးနွယ် အသက်ရှူနည်းစနစ် (မကျင့်ရသေး ၀/၁၀)]

[ကျွမ်းကျင်မှုများ - လုံမျိုးနွယ် ပုဆိန်အတတ် (ပါရဂူ ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ခဲပစ်အတတ် (ပါရဂူ ၀/၃၀)၊ ကိုယ်ဖော့သိုင်း (ပါရဂူ ၀/၆၀)၊ အခြေခံလှံအတတ် (အခြေခံ ၀/၆)၊ လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းနည်းစနစ် အပိုင်းအစ (၁)၊ စွမ်းအင်ပိတ်ဆို့နည်းစနစ် (အခြေခံ ၀/၃)]

[ပါရမီ - ကျောက်ဖြစ်ခြင်း (ပါရဂူ ၀/၂၀၀ + ကျောက်တုံးဝိညာဉ် ၁၀ ခု + ဖီးနစ်သွေးကျောက် ၃ ခု + နှင်းဖြူကျောက် ၁ ခု)]

[စွမ်းအင် - ၃]

ပါရမီ တိုးတက်လာသည်နှင့်အမျှ သူ၏ သက်တမ်းမှာလည်း နှစ်နှစ်ထပ်တိုးလာပြီး ၆၂ နှစ်သို့ ရောက်ရှိသွားသည်။ သို့သော် သိသာထင်ရှားသော သက်တမ်းတိုးမြှင့်မှုမျိုး ရရှိရန်အတွက်မူ သိုင်းပညာရှင်အဆင့်တိုးတက်လာမှသာ ဖြစ်နိုင်မည်ဟု သူ နားလည်လိုက်သည်။

ထို့ပြင် နောက်တစ်ဆင့် ပါရမီအတွက် လိုအပ်ချက်မှာ ကြောက်ခမန်းလိလိပင်။ စွမ်းအင် အမှတ် ၂၀၀ အပြင် သူတစ်ခါမှ မကြားဖူးသော နှင်းဖြူကျောက်တစ်ခုလည်း လိုအပ်နေသေးသည်။

...

အဆင့်မြှင့်တင်မှု ပြီးဆုံးပြီးနောက် လုံယီသည် စခန်းသို့ ပြန်လာခဲ့သည်။ တဲအတွင်း၌

“ချင်းတယ်... မင်း နှင်းဖြူကျောက် အကြောင်း ကြားဖူးလား” ဟု လုံယီက မေးလိုက်သည်။

“နှင်းဖြူကျောက်လား... အဲဒါက အလွန်အမင်း အေးစက်တဲ့ ဒြပ်စင်တစ်ခုလေ။ ရေကိုတောင် ခဲသွားစေနိုင်တယ်”

ရှီချင်းတက ဖြည်းဖြည်းချင်း ရှင်းပြသည်။

“အဲဒါက တချို့သော ထူးခြားတဲ့ လက်နက်ဆန်းတွေ သွန်းလုပ်ရာမှာ သုံးတဲ့ ရှားပါးသတ္တုတစ်မျိုးပဲ ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖတ်ဖူးတာ”

ထိုလက်နက်ဆန်းဆိုသည်မှာ အနက်ရောင်သံမဏိ၊ သားရဲအရိုးများနှင့် အခြားပစ္စည်းများကို ပေါင်းစပ်ပြုလုပ်ထားသည့် ထူးခြားသော လက်နက်များဖြစ်သည်။ ၎င်းတို့မှာ သာမန် အနက်ရောင်သံမဏိလက်နက်များထက် ပိုမိုမာကျောရုံသာမက ဆန်းကြယ်သော ဂုဏ်သတ္တိအချို့လည်း ရှိကြသည်။ သို့သော် ဝမ်ကျန်းခရိုင်တစ်ခုလုံးတွင် ထိုကဲ့သို့ လက်နက်မျိုး သွန်းလုပ်နိုင်သူ အလွန်ရှားပါးသဖြင့် အလွန်ပင် တန်ဖိုးကြီးလှရာ လက်ရှိအဆင့်ရှိ သိုင်းပညာရှင်များအတွက် ပိုင်ဆိုင်ရန်မှာ ခဲယဉ်းလှသည်။

လုံယီသည် ၎င်းကို ချက်ချင်းရရန် မမျှော်လင့်ဘဲ အေးအေးဆေးဆေးသာ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

“ဘာလို့ အဲဒါကို ရှာနေတာလဲ။ နတ်ဘုရားလက်နက်တစ်ခု သွန်းလုပ်မလို့လား”

ရှီချင်းတက ဇဝေဇဝါဖြင့် မေးသည်။

“မဟုတ်ပါဘူး ဒီတိုင်း သိချင်လို့ မေးကြည့်တာပါ”

သူတို့နှစ်ဦး စကားပြောနေစဉ်...

“ဖုန်းဖုန်းလေးရေ...”

တဲအပြင်ဘက်မှ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဒုန်း ဒုန်း ဒုန်း…

ရှီချိုင်ဖုန်းသည် တဲအတွင်းဘက်မှနေ၍ ခြေဗလာဖြင့် ပြေးထွက်လာရာ သူမ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

“မမယွဲ့... ဒီနေ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”

ရောက်ရှိလာသူမှာ လွန်ခဲ့သော ရက်အနည်းငယ်က လုံယီတွေ့ခဲ့သည့် လျိုယွဲ့ပင် ဖြစ်သည်။ သူမသည် ကိုယ်လုံးပေါ်လွင်သော ခရမ်းရောင် ပါးပါးကြည်ကြည် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံအောက်မှ သူမ၏ ဖြူဝင်းသော အသားအရေမှာ ခပ်ရေးရေး ပေါ်လွင်နေသဖြင့် ရှီချိုင်ဖုန်း၏ အသက်ရှူသံမှာ သိသိသာသာ ပြင်းထန်လာတော့သည်။

“နင့်ကို အကူအညီတစ်ခု တောင်းစရာရှိလို့ပါအေ”

“ကျွန်မတို့ သိလာတာ ဒီလောက်ကြာပြီပဲ မမယွဲ့ရယ် အားနာနေဖို့ မလိုပါဘူး။ ဘာကိစ္စလဲ”

“မင်ရှားတောင်ပေါ်မှာ ငါတို့ ထိပ်နီငှက်တစ်ကောင်ကို တွေ့ထားတယ်။ လူတစ်ရပ်နီးပါး မြင့်တယ်။ အဲဒီကောင်က ဝိညာဉ်သားရဲ ဖြစ်နေလောက်ပြီ။ အဲဒီကောင်ကို ဖမ်းဖို့ ငါတို့နဲ့ ပူးပေါင်းမလားလို့”

“ထိပ်နီငှက် ဟုတ်လား”

ရှီချိုင်ဖုန်း၏ မျက်လုံးများမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် တောက်ပသွားတော့သည်။ သူမ၏ အာရုံမှာ လျိုယွဲ့ဆီမှ ထိုသတင်းဆီသို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

All Chapters