အခန်း (၂၄၃)
Vol. 25 Ch. 243
ကျန်းဟိုင်အခြေစိုက်စခန်းမှ စေလွှတ်လိုက်သော ဟယ်လီကော်ပတာ အုပ်စုသည် ကျန်းနန်မြို့ခရိုင်ဆီသို့ လျင်မြန်စွာ ဦးတည်ပျံသန်းနေသည်။
ထိုအချိန်တွင် ခြံဝင်းအတွင်း၌ ကျိရုရွှယ်သည် စားပွဲတွင်ထိုင်ကာ နေ့လယ်စာ စားနေသည်။
အာလူးနှင့် အမဲသားနှပ်မှာ အဆင့် ၂ ဆင့်ကဲပြောင်းလဲထားသော ဧရာမနွားကြီး၏ အသားဖြစ်သဖြင့် စွမ်းအင်များ ကြွယ်ဝစွာ ပါဝင်နေပြီး ကျိရုရွှယ်၏ နေ့စဉ်ကျင့်ကြံမှုအတွက် အလွန်ပင် အထောက်အကူပြုလှသည်။
ထိုအချိန်တွင် ဟင်းချက်ပြီးစီးသွားသော လုချွမ်းသည် စားပွဲအနားသို့ လျှောက်လာပြီး အစိမ်းရောင်ရင့်ရင့် သန်းနေသော အပ်ချည်ထိုးအပ်ကလေးများ ထည့်ထားသည့် ဘူးတစ်ဘူးကို ကျိရုရွှယ်ရှေ့သို့ ဖြည်းညှင်းစွာ တွန်းပေးလိုက်သည်။
“ဖေဖေ... ဒါက ဘာလဲဟင်”
ကျိရုရွှယ်မှာ မှင်သက်သွားပြီး ဘူးထဲရှိ ထူးဆန်းသောအသွင်ရှိသည့် အပ်ကလေးများကို ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
သူမ၏ စိတ်စွမ်းအားကို လေ့ကျင့်ရန်အတွက် ဖေဖေသည် ယခင်ကတည်းက အပ်များနှင့် သံမှိုအမြောက်အမြား စုဆောင်းပေးထားခဲ့သည်။ ထိုအရာများမှာ သူမ အချိန်အကြာကြီး သုံးရန် လုံလောက်နေပြီဖြစ်သည်။
အခု ဖေဖေက ဘာလို့ နောက်ထပ်တစ်ဘူး ထပ်ပေးတာလဲ။
ထို့အပြင် ဤအပ်ကလေးများသည် ကြည့်ရုံနှင့်ပင် အလွန်အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းနေသည်။
လုချွမ်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီးနောက် ချီချီလေး၏ မေးခွန်းကို စာရွက်ပေါ်တွင် အမြန်ရေးသား၍ ဖြေကြားလိုက်သည်။
“ချီချီလေး... ဒါတွေက ဖေဖေ သမီးအတွက် ပြင်ဆင်ပေးထားတဲ့ အဆိပ်အပ်တွေပါ။ အဆင့် ၃ ဆင့်ကဲသားရဲတွေဆီက ရတဲ့ အလွန်အန္တရာယ်များတဲ့ အဆိပ်တွေကို အသုံးပြုထားတာ။
ဒါတွေကို သမီးယူထားပြီးရင် အထူးသတိထားရမယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မထိခိုက်စေနဲ့။ တကယ် အရေးကြီးတဲ့ အချိန်ကျမှပဲ ထုတ်သုံးရမယ် နားလည်လား”
ဤအပ်ကလေးများကို ယခင်က သတ်ဖြတ်ခဲ့သော အဆင့် ၃ ဧရာမ မြွေဟောက်ကြီး၏ အဆိပ်အိတ်အတွင်း၌ ပြင်းထန်သော အဆိပ်များမှာ အပ်၏ အတွင်းပိုင်းအထိ အပြည့်အဝ စိမ့်ဝင်သွားသည်အထိ အထပ်ထပ်အခါခါ နှစ်စိမ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤအပ်ကလေးများသည် ကြည့်ရသည်မှာ သေးငယ်သော်လည်း တစ်ကယ်လို့သာ ချီချီလေးက သူမ၏ စိတ်စွမ်းအားကို သုံးပြီး ထိုအပ်အားလုံးကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်မည်ဆိုလျှင်...
ထိုအချိန်တွင် ဤအပ်ဖျားလေးများသည် သေမင်းတမန်သဖွယ် အလွန်ပင် အန္တရာယ်ကြီးမားလိမ့်မည်။
အဆိပ်အပ်တွေလား။
ပြီးတော့ အဆင့် ၃ ဆင့်ကဲသားရဲတွေရဲ့ အဆိပ်တွေလား။
ဖေဖေ၏ စကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
ဒါက တကယ့်ကို ကောင်းမွန်တဲ့ အရာပဲ။ သာမန် အပ်ချည်ထိုးအပ်တွေနဲ့ သံမှိုတွေက အသုံးဝင်တယ်ဆိုပေမဲ့ သာမန်ရန်သူအချို့ကိုပဲ ကိုင်တွယ်နိုင်တာ။
ခန္ဓာကိုယ်ထွားကြိုင်းပြီး သန်မာတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ့အတွက် ကိုင်တွယ်ရခက်ခဲနိုင်တယ်။
ဒါပေမဲ့ အခုလို အဆိပ်စိမ်ထားတဲ့ အပ်ကလေးတွေနဲ့ဆိုရင်တော့ အရာအားလုံးက ပြောင်းလဲသွားပြီ။ အဆိပ်ကသာ လုံလောက်အောင် ပြင်းမယ်ဆိုရင် ရန်သူရဲ့ ခံစစ်ကို ဖောက်ထွက်နိုင်တာနဲ့ တပြိုင်နက် ရန်သူရဲ့ အခြေအနေကို ချက်ချင်း ထိခိုက်စေနိုင်မှာပဲ။
အဆင့် ၃ ဆင့်ကဲသားရဲတွေဆီက ရတဲ့ အဆိပ်စိမ်အပ်တွေနဲ့ဆိုရင် အဆင့် ၃ ရှိတဲ့ ရန်သူတွေကို တစ်ချက်တည်းနဲ့ အသက်ပျောက်အောင် လုပ်နိုင်မှာအသေအချာပဲ။ အကယ်၍ အဆင့် ၄ ရန်သူဆိုရင်တောင် အသက်မသေနိုင်ရင်တောင်မှ အဲဒီရန်သူကို အတော်လေး ဒုက္ခပေးနိုင်မှာ…..
“ကျေးဇူးတင်ပါတယ် ဖေဖေ သမီး သေချာ ဂရုစိုက်ပါ့မယ်”
ကျိရုရွှယ်က ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် အပ်ဘူးလေးကို သေချာပိတ်ကာ တန်ဖိုးထားစွာ ကိုင်ဆောင်ထားလိုက်သည်။
လုချွမ်းက ခေါင်းညိတ်ပြလိုက်သည်။
ချီချီလေးမှာ စိတ်စွမ်းအားရှိနေပြီဆိုသော်ငြားလည်း အချိန်တိုတောင်းလှသေးသဖြင့် သူမ၏ စွမ်းအားမှာ ရင့်ကျက်မှု မရှိသေးဘဲ အားနည်းနေသေးသည်။ အထူးသဖြင့် တိုက်ခိုက်ရေးစွမ်းအားပိုင်းတွင်ပင်။ အကယ်၍ အင်အားကြီးမားသော ရန်သူများနှင့် တွေ့ဆုံပါက ချီချီလေး၏ နည်းလမ်းများက ခြိမ်းခြောက်မှုဖြစ်စေရန် ခက်ခဲလိမ့်မည်။
သို့သော် ဤအဆိပ်အပ်များ ရှိနေခြင်းက ချီချီလေးအနေဖြင့် သူမ၏ စိတ်စွမ်းအားကို အသုံးချကာ အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်သည့် အခွင့်အရေးကို ဖန်တီးပေးနိုင်မည်ပင်။
လုချွမ်းသည် ချီချီလေး ပေါ့ဆသွားမည်ကို စိုးရိမ်သဖြင့် သူမကိုယ်သူမ ပြန်လည်မထိခိုက်မိစေရန် အထပ်ထပ်အခါခါ သတိပေးနှိုးဆော်နေသည်။ ကျိရုရွှယ်ကလည်း လိမ္မာယဉ်ကျေးစွာဖြင့် ခေါင်းကိုသာ တတွတ်တွတ် ညိတ်ပြနေတော့သည်။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညမှောင်ရီ ပျိုးလာခဲ့သည်။
ကစားကွင်းအတွင်းရှိ လျှောစီးစင်အောက်တွင် ကျောက်လင်းသည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားသည်။ သူမသည် စိတ်အာရုံကို စုစည်းပြီး ကိုးပါးသောဓာတ် သွေးကြောသန့်စင်ခြင်း ကျင့်စဉ်ကို အားသွန်ခွန်စိုက် လည်ပတ်စေကာ အရပ်မျက်နှာအနှံ့မှ စွမ်းအင်များကို သူမ၏ သွေးကြောထဲသို့ စုပ်ယူနေသည်။
ထိုလှိုင်းလုံးကြီးများအလား တိုးဝင်လာသော စွမ်းအင်များသည် ကျင့်စဉ်၏ လမ်းညွှန်မှုအောက်တွင် သွေးကြောများအတွင်း စီးဆင်းကာ သွေးကြောများကို ပိုမိုကျယ်ပြန့်၍ ခိုင်မာလာစေရန် ပျိုးထောင်ပေးနေသည်။ ခန္ဓာကိုယ်အတွင်းပိုင်းမှ အပြင်ဘက်အထိ စူးစူးရှရှ ခံစားချက်ကို ရရှိနေသဖြင့် ကျောက်လင်းသည် မျက်မှောင်ကြုတ်သွားသော်လည်း မျက်လုံးကိုမူ ဖွင့်မလာဘဲ ကျင့်စဉ်ကိုသာ ဆက်လက်လည်ပတ်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ ကျောက်လင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာနေသည်။
တစ်ချိန်တည်းမှာပင် ကျိရုရွှယ်သည်လည်း သူမ၏ အခန်းထဲ၌ ကျင့်ကြံနေသည်။ ညဥ့်နက်သန်းခေါင် အနှောင့်အယှက်ကင်းသော အချိန်သည် အာရုံစူးစိုက် ကျင့်ကြံရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ သူမသည် ပတ်ဝန်းကျင်မှ စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနေရင်း လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေ၏။
သို့သော်လည်း ရုတ်တရက် အမှောင်ထုအတွင်းမှ လွင့်ပျံ့လာသော အားနည်းသည့် ဆူညံသံတစ်ခုက ကျိရုရွှယ်၏ အာရုံကို ဖမ်းစားလိုက်သည်။
သူမ၏ မျက်လုံးများ ဖျက်ခနဲ ပွင့်လာကာ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားပြီး မျက်မှောင်များ ကြုတ်သွား၏။
ဤအသံ... သူမအတွက် အလွန် ရင်းနှီးနေသော အသံပင်။
“ဒုက္ခပဲ”
ကျိရုရွှယ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ ပြတင်းပေါက်ကို ဝုန်းခနဲ ဖွင့်လိုက်သည်။
ဝေးကွာသော ကောင်းကင်ယံ၌ အနီရောင်အလင်းစက်များတန်းစီကာ ခြံဝင်းဆီသို့ ပျံသန်းလာနေသည်ကို သူမ မြင်လိုက်ရသည်။
ဝူးဝူးဝူး...
ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်နှင့် ဤအရာများသည် လူသားတို့၏ ဟယ်လီကော်ပတာများဖြစ်ကြောင်း သူမ ချက်ချင်းသိလိုက်သည်။ တစ်စီးတည်းမဟုတ်ဘဲ အနည်းဆုံး သုံးစီးထက်မနည်း ရှိနေသည်။
ခန့်မှန်းနေစရာပင် မလိုတော့ပေ။ ဤသည်မှာ လူသားအခြေစိုက်စခန်းမှ ကလဲ့စားချေရန် ရောက်ရှိလာခြင်းပင်။ ပြီးခဲ့သည့်အကြိမ်က ခြံဝင်းအတွင်း၌ လူသားတို့၏ လက်ရွေးစင်တပ်ဖွဲ့ သုံးဖွဲ့ကို ချေမှုန်းခဲ့ပြီးနောက် သူတို့ လက်လျှော့မသွားဘဲ ပိုမိုအင်အားတောင့်တင်းစွာ ပြန်လာခဲ့ကြခြင်းပင်။
ကောင်းကင်ယံ၌ တိုက်ခိုက်ရေးဟယ်လီကော်ပတာ ငါးစီးသည် အံ့ဩဖွယ်အရှိန်ဖြင့် ချဉ်းကပ်လာနေသည်။ ဤမျှကြီးမားသော ဆူညံသံက ကစားကွင်းအတွင်း ကျင့်ကြံနေသော ကျောက်လင်းကိုလည်း နိုးကြားသွားစေသည်။
မနီးမဝေးရှိ ဟယ်လီကော်ပတာ ငါးစီးကို မြင်လိုက်ရသောအခါ ကျောက်လင်းမှာ ဆွံ့အသွားပြီး အိမ်ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။
"လုချွမ်း... ချီချီလေး... ဒုက္ခရောက်ပြီ အမြန်ထွက်လာကြဦး"
"ဟယ်လီကော်ပတာ ငါးစီးတောင်ပဲ ရန်သူတွေ တိုက်ခိုက်တော့မယ်။ အမြန်ပြင်ဆင်ကြ"
ဟယ်လီကော်ပတာ အမြောက်အမြား တပြိုင်နက် ရောက်ရှိလာခြင်းကြောင့် ယခုတစ်ကြိမ် စေလွှတ်လိုက်သော ဆင့်ကဲပြောင်းလဲသူများမှာ ပြီးခဲ့သည့်အကြိမ်ကထက် များစွာ ပိုမိုလိမ့်မည်ဖြစ်ကြောင်း ကျောက်လင်း ချက်ချင်း နားလည်လိုက်သည်။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ ချီချီလေးနှင့် ဇွန်ဘီဘုရင်ကို အချက်ပေးရန်နှင့် သူတို့ အငိုက်မိမသွားစေရန်ပင်။
"သိပြီ... အန်တီကျောက်လင်း အော်မနေနဲ့တော့။ အမြန်သွားပုန်းတော့ အဲဒီမှာ ဒီအတိုင်း ရပ်မနေနဲ့"
ကစားကွင်းထဲတွင် အော်ဟစ်နေသော ကျောက်လင်းကိုကြည့်ကာ ကျိရုရွှယ်မှာ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်သတိပေးလိုက်ရသည်။ ဤအမျိုးသမီးမှာ ဤမျှဆူညံနေသည့်ကြားတွင် ဒီအတိုင်းရပ်နေသည်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်မှတ်အဖြစ် အခမဲ့ ကြော်ငြာနေသလိုပင်။
ဟယ်လီကော်ပတာများ၏ အောက်တွင် ဒုံးကျည်သီးတောင့်များ တပ်ဆင်ထားသည်ကို ကျိရုရွှယ် မြင်ပြီးဖြစ်သည်။ ယခုအချိန်မှာ ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလမဟုတ်တော့ဘဲ နည်းပညာများ တိုးတက်နေပြီဖြစ်ရာ ကျောက်လင်း၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် ဒုံးကျည်အနည်းငယ် ထိရုံနှင့်တင် အပိုင်းပိုင်းပြတ်သွားနိုင်သည်ကို သူမ သိသည်။
ချီချီလေး၏ အော်သံကို ကြားမှ ကျောက်လင်းမှာ သူမ၏ အမှားကို သတိရကာ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲရင်း ပုန်းကွယ်ရန် နေရာကို အမြန်ရှာတော့သည်။
လုချွမ်း အိမ်အပြင်သို့ ထွက်လာချိန်တွင်မူ ဟယ်လီကော်ပတာ ငါးစီးမှာ ခြံဝင်း၏ ကောင်းကင်ယံသို့ တည့်တည့်ရောက်ရှိနေပြီဖြစ်သည်။ နားကွဲမတတ် ဆူညံသံများနှင့်အတူ ပြင်းထန်သော လေစီးကြောင်းများက ခြံဝင်းထဲသို့ တဝူးဝူး တဝုန်းဝုန်း တိုးဝင်လာတော့သည်။