အခန်း (၂၄၄)
Vol. 25 Ch. 244
“ဟယ်လီကော်ပတာတွေပဲ”
“လူသားတွေ နောက်တစ်ကြိမ် ပြန်လာကြပြန်ပြီပေါ့။ လူသားအခြေစိုက်စခန်းက ငါတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ လက်မလျှော့သေးဘူးပဲ”
ပျံသန်းဝင်ရောက်လာသော ဟယ်လီကော်ပတာ ငါးစီးကို ကြည့်ရင်း လုချွမ်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူ၏ ရင်ထဲတွင် လေးလံမှုကို ခံစားရသလို တစ်ချိန်တည်းမှာပင် ထိန်းမနိုင်သိမ်းမရ ဒေါသလှိုင်းများလည်း ပေါက်ကွဲထွက်ပေါ်လာသည်။
ဒီလူသားဆင့်ကဲပြောင်းလဲသူတွေက တကယ်ပဲ သေရမှာကို မကြောက်ကြတာလား။
ပြီးခဲ့သည့်အကြိမ်က သူတို့အဖွဲ့ဝင် ဆယ်ဂဏန်းကျော်ကို သတ်ဖြတ်ပြခဲ့ပြီးပြီ။ အခုတော့ သေတွင်းထဲကို နောက်တစ်ခေါက် တိုးဝင်လာကြပြန်ပြီ။
သို့သော်လည်း လုချွမ်းသည် အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် စိတ်လိုက်မာန်ပါ စတင်တိုက်ခိုက်ခြင်း မပြုသေးပေ။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် ဟယ်လီကော်ပတာ ငါးစီးဖြင့် လာရောက်ခြင်းဖြစ်ရာ အတွင်း၌ ပါဝင်လာသည့် ဆင့်ကဲပြောင်းလဲသူများ၏ အရေအတွက်နှင့် အစွမ်းကို သူ မခန့်မှန်းနိုင်သေးသောကြောင့်ပင်။
အဆင့် ၄ ဆင့်ကဲပြောင်းလဲသူများ ပါဝင်လာနိုင်သည့် အခွင့်အရေးလည်း ရှိနေသည်။
လုချွမ်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး လျှပ်စီး ၁ ကို ချီချီလေးရှိရာသို့ အပြေးလွှတ်လိုက်သည်။ သူမကို အချိန်မရွေး ဘေးကင်းရာသို့ ဆွဲခေါ်သွားနိုင်ရန် အသင့်အနေအထား ပြင်ဆင်ခိုင်းထားလိုက်ခြင်းပင်။ လျှပ်စီး ၁ ၏ လက်ရှိအရှိန်နှင့်ဆိုလျှင် ကျည်ဆန်များကိုပင် အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ နောက်ထပ် ဘယ်လိုအန္တရာယ်မျိုးနှင့်ပဲ ကြုံရပါစေ လျှပ်စီး ၁ က ချီချီလေးကို ဒဏ်ရာတစ်ချက်မရစေဘဲ ချက်ချင်း ခေါ်ထုတ်သွားနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် မြေလျှိုး ၁ သည်လည်း လုချွမ်း၏ ဘေးနားသို့ ရောက်ရှိလာပြီး မည်သည့်အမှားအယွင်းမျှ မရှိစေရန် စောင့်ကြပ်နေသည်။ အကယ်၍ တိုက်ပွဲမှာ အခြေအနေမဟန်တော့ဟု ယူဆပါက သူသည် မိုက်မဲစွာ တောင့်ခံနေမည်မဟုတ်ဘဲ ယာယီဆုတ်ခွာရန်အတွက်ပါ ကြိုတင်ပြင်ဆင်ထားသည်။
ထို့နောက် လုချွမ်းသည် အိမ်ဘက်သို့ ပြေးဝင်လာသော ကျောက်လင်းကို မြင်လိုက်ရသော်လည်း သူမအတွက် ဝင်ရောက်ကူညီရန် အစီအစဉ်မရှိပေ။
သူ့ဘာသာသူပဲ ဂရုစိုက်ပါစေတော့။
အကယ်၍ လုချွမ်းတို့ဘက်က ဤတိုက်ပွဲတွင် အနိုင်ရရှိပြီး ကျောက်လင်းသာ တိုက်ပွဲကြားထဲ မညပ်ခဲ့လျှင် သူမ သေဘေးမှ လွတ်မြောက်နိုင်မည်ပင်။
သို့သော် လူသားဘက်မှ အင်အားအလွန်သာလွန်နေပါက လုချွမ်းအနေဖြင့် ကျောက်လင်းကို စွန့်ပစ်ခဲ့ပြီး ချီချီလေးနှင့်အတူ အမြန်ဆုံး ထွက်ပြေးရုံသာ ရှိတော့သည်။ မည်သို့ပင်ဆိုစေ ကျောက်လင်းသည် လူသားတစ်ဦးဖြစ်သဖြင့် လူသားများဖမ်းဆီးမိသွားလျှင်ပင် သူမကို ဇွန်ဘီဘုရင်က ဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း ခိုင်ခိုင်မာမာ ငြင်းဆိုနိုင်ပါက အသက်အန္တရာယ် မစိုးရိမ်ရပေ။ ထို့အပြင် သူမသည် အကြိမ်ကြိမ် ပြန်လည်အသက်ရှင်နိုင်သူ ဖြစ်သဖြင့် သေဆုံးခြင်းမှာ သူမအတွက် ကြီးမားသော ပြဿနာမဟုတ်ပေ။
ဝူး ဝူး ဝူး...
ကောင်းကင်ယံ၌ ဟယ်လီကော်ပတာ တပ်ဖွဲ့သည် ရှေ့တိုးလာနေပြီး ကောင်းကင်ယံအထူးတပ်ဖွဲ့ အဖွဲ့ဝင်များမှာ တိုက်ခိုက်ရေး ဟယ်လီကော်ပတာများ၏ ရှေ့ဆုံးတွင် ရှိနေသည်။
ကပ္ပတိန်လင်းသည် ညကြည့်မှန်ပြောင်းကို တပ်ဆင်ကာ အောက်ခြေရှိ ခြံဝင်းကို အကဲခတ်ကြည့်လိုက်သည်။ သူ့မျက်စိထဲသို့ ပထမဆုံး ဝင်လာသည်မှာ ခြံဝင်းအတွင်း လှည့်ကင်းပတ်နေကြသော အဆင့် ၁ နှင့် အဆင့် ၂ ဆင့်ကဲဇွန်ဘီ အမြောက်အမြားပင်။
"ဆင့်ကဲဇွန်ဘီတွေ ဒီလောက်တောင် များတာလား ကျန်းနန်အခြေစိုက်စခန်းက ဆင့်ကဲဇွန်ဘီတွေ အကုန်လုံး ဘာကြောင့် လျှို့ဝှက်ချက်မရှိ ပျောက်ကွယ်သွားရတာလဲဆိုတာ အခုမှပဲ ရှင်းတော့တယ်။ ဒီဆင့်ကဲပြောင်းလဲသူက သူတို့ကို အကုန်စုစည်းထားတာကိုး"
ဤမျှများပြားသော ဆင့်ကဲဇွန်ဘီများကို ကရုဏာမဲ့စွာ သတ်ဖြတ်ခြင်းမရှိဘဲ စနစ်တကျ စုစည်းထားနိုင်ခြင်းမှာ ၎င်းတို့ကို ထိန်းချုပ်နိုင်သည့် အရာတစ်ခုခု ရှိနေသည်မှာ ထင်ရှားလှသည်။
အကယ်၍ ကျန်းဟိုင်အခြေစိုက်စခန်းမှ သတင်းအချက်အလက်များသာ မှန်ကန်ပြီး ဇွန်ဘီများက ကားမောင်းခြင်း၊ ပစ္စည်းသယ်ယူခြင်းများ ပြုလုပ်နေသည်ဆိုပါက ယင်းအနောက်ကွယ်မှ ကြိုးကိုင်သူ မိန်းကလေးငယ်မှာ ဆင့်ကဲပြောင်းလဲသူဖြစ်ရန် အလားအလာ ပိုများသည်။ ထို့အပြင် သူမ တစ်ဦးတည်းမဟုတ်ဘဲ အခြားသော ဆင့်ကဲပြောင်းလဲသူများလည်း ရှိနေနိုင်သေးသည်။ အကြောင်းမှာ မိန်းကလေးငယ်တစ်ဦးတည်းက ကားမောင်းနေမည် မဟုတ်သောကြောင့်ပင်။
ဤသို့ တွေးတောရင်း အခြေအနေမှာ သူထင်ထားသည်ထက် ပိုမိုနက်နဲနေကြောင်း ကပ္ပတိန်လင်း ခံစားလိုက်ရသည်။ သို့သော်လည်း ကျန်းဟိုင်စခန်းမှ အချက်အလက်များသာ မှားယွင်းနေခဲ့လျှင် ဤအရာအားလုံးမှာ ဇွန်ဘီဘုရင်၏ လက်ချက်ဖြစ်ရန် ပို၍ပင် သေချာသွားပေလိမ့်မည်။
ထို့နောက်တွင် ကပ္ပတိန်လင်း မြင်လိုက်ရသော မြင်ကွင်းတစ်ခုက သူ၏ရင်ထဲတွင် အဖြေတစ်ခုကို ချက်ချင်း ထွက်ပေါ်လာစေခဲ့သည်။
ဟင်းသီးဟင်းရွက်စိုက်ခင်းလား
သူ့မျက်လုံးသူပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ စိမ်းစိုဝေဆာနေသော ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာ သူ့ရှေ့တွင် ကွက်တိကွက်ကြား ပေါ်ထွက်လာသည်။
ဤစိုက်ခင်းများသည် သပ်ရပ်စွာ စီစဉ်ထားပြီး ဟင်းသီးဟင်းရွက်များမှာလည်း အလွန်သန်စွမ်းနေကြသည်။ ပေါင်းပင်တစ်ပင်မျှပင် မရှိခြင်းမှာ ဤစိုက်ခင်းကို ပုံမှန်ပြုစုစောင့်ရှောက်နေကြောင်း ထင်ရှားလှပြီး ပစ်ထားသည့်စိုက်ခင်း မဟုတ်သည်မှာ သေချာသည်။
ဒီအနောက်ကွယ်က အရာက တကယ့်ကို လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ ဖြစ်ရမယ်။
မထင်မှတ်ထားဘဲ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့ ထူးခြားတဲ့စွမ်းရည်မျိုး တကယ်ရှိနေတာပဲ။ ကပ္ပတိန်လင်း၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝင်းခနဲ လက်သွားသည်။
ထိုမိန်းကလေးငယ်မှာ ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ကြောင်း အတည်ပြုပြီးနောက် အဖွဲ့၏ နောက်ထပ်တာဝန်မှာ သူမကို အရှင်ဖမ်းဆီးရန်ပင်။ ဤကဲ့သို့ ထူးခြားသော ပါရမီရှင်များသည် အသက်ရှင်နေမှသာ အသုံးဝင်မည်ပင်။ သေသွားလျှင်တော့ အသုံးမဝင်သည့် အလောင်းတစ်ခုမျှသာ။
ဤသို့တွေးတောရင်း ကပ္ပတိန်လင်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားပြီး မိန်းကလေးကို အောင်မြင်စွာ ဖမ်းဆီးနိုင်မည့် ပုံရိပ်ကို စိတ်ကူးယဉ်နေမိသည်။
"ကပ္ပတိန်... ဟိုဇွန်ဘီကို ကြည့်လိုက်ဦး"
"အဲဒီဆင့်ကဲဇွန်ဘီက သေချာပေါက် အဆင့် ၄ ကို ရောက်နေပြီ။ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က..."
ထိုစဉ် ဘေးနားရှိ ကတုံးဆံပင်နှင့် လူငယ်က အောက်ခြေရှိ နေရာတစ်ခုကို ညွှန်ပြရင်း အာမေဍိတ်သံဖြင့် အော်ပြောလိုက်သည်။ သူမြင်လိုက်ရသည်မှာ သံတုတ်ကြီးကို ကိုင်
ဆောင်ထားသော အားဖန်းပင်။ မှောင်မိုက်နေသော ညဉ့်နက်ပိုင်းတွင် အားဖန်း၏ ပုံစံမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင် ညဘက်တွင် ပုန်းအောင်းနေသည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။
ကပ္ပတိန်လင်းသည် သူ၏ အတွေးကမ္ဘာမှ နိုးထလာပြီး ညွှန်ပြရာဘက်သို့ ကြည့်လိုက်
သောအခါ သု၏ မျက်နှာပေးမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။
အဆင့် ၄... သေချာပေါက် အဆင့် ၄ ပဲ
အဆင့် ၄ ရှိသော ဆင့်ကဲဇွန်ဘီများနှင့် ရင်ဆိုင်ရလျှင် သာမန်အဆင့် ၃ ဆင့်ကဲပြောင်းလဲသူများက အစာဟင်းလျာမျှသာ။
ကံကောင်းထောက်မစွာဖြင့် ယခုအကြိမ်တွင် ကောင်းကင်ယံအထူးတပ်ဖွဲ့ အဖွဲ့ ပါဝင်လာခဲ့သည်။ ပျံသန်းနိုင်စွမ်းမရှိဘဲနှင့် အဆင့် ၄ ဇွန်ဘီများကို ရင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ယခင်က အဆင့် ၄ ဆင့်ကဲဇွန်ဘီ ရှိသည်ဟူသော အစီရင်ခံစာများကို သူ သံသယရှိခဲ့သော်လည်း ယခုတော့ အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ပြီဖြစ်သည်။ ဤဆင့်ကဲပြောင်းလဲသူသည် အဆင့် ၄ ဇွန်ဘီများကိုပင် ထိန်းချုပ်နိုင်သည်အထိ အစွမ်းထက်နေပြီဖြစ်သည်။
ကပ္ပတိန်လင်းသည် မျက်လုံးကို အနည်းငယ်မှေးစမ်းလျက် ရှေ့လာမည့် ဖမ်းဆီးရေးစစ်ဆင်ရေးအတွက် စိုးရိမ်စိတ်အချို့ ဝင်လာမိသည်။ မထွက်ခွာမီ ဗိုလ်ချုပ်ကြီး ထပ်တလဲလဲ သတိပေးခဲ့သည်များကိုလည်း မမှတ်မိဘဲ မနေနိုင်တော့ပေ...
ဤသူကို အရှင်ဖမ်းဖို့ဆိုသည်မှာ ထင်သလောက် လွယ်ကူမည်မဟုတ်။
ထို့နောက် အိမ်ဘက်သို့ ပြေးဝင်သွားသော ကျောက်လင်းကို ကပ္ပတိန်လင်း မြင်လိုက်ရသော်လည်း အံ့ဩခြင်းမရှိပေ။ အစီရင်ခံစာများတွင် ခြံဝင်းအတွင်း၌ အမျိုးသမီးတစ်ဦး ရှိကြောင်း ဖော်ပြထားပြီးဖြစ်သည်။ ဤခြံဝင်းသည် လူသားဆင့်ကဲပြောင်းလဲသူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် အခြားလူသားများ ရှိနေခြင်းမှာ ဆန်းကြယ်သောအရာ မဟုတ်ပေ။
"ကပ္ပတိန်... နောက်ထပ် ဘာလုပ်ကြမလဲ အောက်ကို အမြန်ဆင်းပြီး တစ်ပွဲလောက် နွှဲလိုက်ကြမလား"
သွေးဆာနေသည့် နတ်ဆိုးနွယ်ပင်တံတိုင်းများကို ကျော်ဖြတ်ပြီးနောက် ကတုံးဆံပင်နှင့် လူငယ်က စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
"မိန်းကလေးက ထွက်မလာသေးဘူး။ အရင်ဆုံး ပတ်ဝန်းကျင်က ဆင့်ကဲဇွန်ဘီတွေကို အရင်ရှင်းပစ်"
ကပ္ပတိန်လင်းက အောက်ခြေရှိ အုပ်စုလိုက်ရှိနေသော ဇွန်ဘီများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် အမိန့်ပေးလိုက်သည်။ ဤဇွန်ဘီအများစုမှာ အဆင့် ၁ နှင့် ၂ များသာ ဖြစ်သော်လည်း အရေအတွက် များပြားလွန်းသဖြင့် ဖမ်းဆီးရေးတာဝန်ကို အနှောင့်အယှက် ပေးနိုင်သောကြောင့်ပင်။
"ကောင်းပါပြီ"
နောက်တစ်ခဏတွင် တိုက်ခိုက်ရေးဟယ်လီကော်ပတာ ငါးစီးသည် တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။ အလင်းတန်းများနှင့် ဒုံးကျည်များမှာ အောက်ရှိ ဇွန်ဘီအုပ်ကြီးဆီသို့ တရစပ် ကျရောက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဟယ်လီကော်ပတာပေါ်ရှိ စစ်ဘက်သုံး လက်ပစ်ဗုံးသေတ္တာများကို ဖွင့်လိုက်ပြီး လက်ပစ်ဗုံးများကို မိုးရွာသကဲ့သို့ ကျဲချလိုက်ကြသည်။
ဒိုင်း... ဒိုင်း... ဝုန်း...
ချက်ချင်းပင် ပေါက်ကွဲသံများ ကောင်းကင်သို့ ဟိန်းထွက်သွားပြီး ပြင်းထန်သော တုန်ခါမှုက ခြံဝင်းတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ဒုံးကျည်များနှင့် လက်ပစ်ဗုံးများသည် ဇွန်ဘီအုပ်ကြီးအတွင်း၌ ဧရာမ မီးလုံးကြီးများအလား ပေါက်ကွဲထွက်ကုန်သည်။
အလယ်ဗဟိုရှိ အဆင့် ၁ နှင့် ၂ ဇွန်ဘီများမှာ အစအနပင် ရှာမရအောင် လွင့်စင်သွားကြပြီး ဘေးပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာလည်း ပေါက်ကွဲအားကြောင့် ကိုယ်လက်အင်္ဂါများ ပြတ်တောက်ကာ ဟိုဒီ လွင့်စင်ကုန်ကြတော့သည်။