အခန််း (၂၄၅)
Vol. 25 Ch. 245
နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး တစ်ကမ္ဘာလုံး ရုတ်တရက် တိတ်ဆိတ်သွားသယောင် ခံစားလိုက်ရသည်။ ကောင်းကင်ယံမှ ဟယ်လီကော်ပတာ အုပ်စု၏ အင်ဂျင်သံ တဝူးဝူးမြည်ဟည်းသံသာ ပတ်ဝန်းကျင်၌ ကျန်ရစ်တော့သည်။
ဗုံးကျဲတိုက်ခိုက်မှုအပြီးတွင် ခြံဝင်းတစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်သွားခဲ့ပြီ။ မီးလောင်ကျွမ်းနေသော မြေပြင်ပေါ်တွင် မည်းမှောင်နေသည့် အလောင်းစများနှင့် အပိုင်းအစများ ဖုံးလွှမ်းနေပြီး ငရဲခန်းတစ်ခုအလားပင်။
ကမ္ဘာပျက်ကပ်ကာလအတွင်း အလွန်အမင်း တန်ဖိုးရှိလှသော ဟင်းသီးဟင်းရွက် စိုက်ခင်းများမှာ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဟင်းသီးဟင်းရွက်များမှာ လွင့်စင်ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် မီးခိုးတလူလူ ထွက်နေသော ဗုံးကျင်းကြီးများသာ ကျန်ရစ်တော့သည်။
အိမ်နောက်ဘက်ရှိ သစ်သီးခြံမှာလည်း ဒုံးကျည်များ၏ ဒဏ်ကို မရှောင်လွှဲနိုင်ခဲ့ပေ။ သစ်သီးပင်တစ်ပင်မှ မပျက်မစီးဘဲ မကျန်တော့ဘဲ အပင်များစွာမှာ ကျိုးပဲ့ကာ မီးတောက်များဖြင့် လောင်ကျွမ်းနေတော့သည်။
သို့သော်လည်း ကောင်းကင်ယံအထူးတပ်ဖွဲ့ ၏ ရည်ရွယ်ချက်မှာ ကျိရုရွှယ်ကို အရှင်ဖမ်းရန်ဖြစ်သဖြင့် အလယ်ဗဟိုရှိ လူနေအိမ်ဧရိယာကိုမူ ဗုံးကျဲတိုက်ခိုက်ခြင်း မပြုခဲ့ပေ။
အပြင်ဘက်တွင် ကင်းလှည့်နေသော အဆင့် ၁ နှင့် ၂ ဆင့်ကဲဇွန်ဘီများသာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ပြီး ခဏချင်းမှာပင် ထက်ဝက်ကျော် သေဆုံးသွားခဲ့သည်။ အဆင့် ၃ ဇွန်ဘီရုပ်သေးအချို့ ထိခိုက်မှုရှိသော်လည်း အခြေအနေမှာ မပြင်းထန်ဘဲ အနာတရအနည်းငယ်သာ ရရှိခဲ့ကြသည်။
အဆင့် ၄ ဇွန်ဘီများဖြစ်သည့် အာဖန်းနှင့် အခြားရုပ်သေးများမှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ သူတို့သည် အစောပိုင်း ဗုံးကျဲမှုအတွင်း၌ ရှိနေခဲ့သော်လည်း ထူးကဲသော ခန္ဓာကိုယ် ခုခံကာကွယ်မှုစွမ်းအားရှိသဖြင့် လက်ပစ်ဗုံးနှင့် ဒုံးပစ်လောင်ချာများ၏ ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ကြသည်။
တစ်ဖက်တွင်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းသည့် မီးလျှံ ၁ ကဲ့သို့သော ဇွန်ဘီရုပ်သေးများသည် လူနေအိမ်ဧရိယာအတွင်း၌ ရှိနေပြီး တင့်ကားအမျိုးအစားဇွန်ဘီများ၏ အကာအကွယ်ကို ရယူထားသဖြင့် ဘာမှမဖြစ်ခဲ့ပေ။
“တောက် ငါ့ရဲ့ ခြံဝင်းကြီးတော့….”
အိမ်ထဲတွင် ရှိနေသော လုချွမ်းမှာ ပျက်စီးသွားသော ခြံဝင်းကိုကြည့်ကာ အလွန်အမင်း ဒေါသထွက်နေပြီး အပြင်သို့ ပြေးထွက်ကာ ထိုတိုက်ခိုက်သူများကို ဆဲဆိုပစ်ချင်စိတ်များ ပေါက်ကွဲနေသည်။
သူ အပင်ပန်းခံ ပြုစုပျိုးထောင်ထားရသော ခြံဝင်းကြီးမှာ ဤလူယုတ်မာများကြောင့် ပျက်စီးသွားခဲ့သည်။ ကမ္ဘာပျက်ကပ်အတွင်း အဖိုးမဖြတ်နိုင်သော ဟင်းသီးဟင်းရွက်များမှာလည်း လွင့်စင်သွားခဲ့ပြီဖြစ်သည်။
လုချွမ်း၏ ရင်ထဲတွင် နှမြောတသမှုများဖြင့် နာကျင်ခံစားနေရတော့သည်။
ဘေးအခန်းရှိ အိပ်ခန်းထဲတွင် ကျိရုရွှယ်သည်လည်း အလားတူပင် ဒေါသထွက်နေပြီး သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားသည်။
ဤခြံဝင်းသည် သူမနှင့် သူမဖခင်အတွက် ခိုနားရာ နိဗ္ဗာန်ဘုံလေး ဖြစ်သော်လည်း ယခုမူ ရန်သူများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သူမနှင့် ဖခင်ဖြစ်သူက ထိုသောက်သုံးမကျသည့် လူသားများကို သတ်ပစ်နိုင်ခဲ့လျှင်ပင် ဤခြံဝင်းကြီးကို မူလအခြေအနေအတိုင်း ပြန်လည်ပြုပြင်နိုင်ပါ့မလားဆိုသည်မှာ မသေချာတော့ပေ။
အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် သစ်သီးခြံများမှာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။ ဖျက်ဆီးဖို့က လွယ်သော်လည်း ပြန်လည်တည်ဆောက်ဖို့မှာမူ အလွန်ပင် ခက်ခဲလှသည်။ ရှေ့လာမည့်ရက်များတွင် သူမနှင့် ကျောက်လင်းတို့မှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက် တစ်လုပ်စားရဖို့ပင် ခက်ခဲသွားပေတော့မည်။
“ငါတို့ခြံကို ဖျက်ဆီးရဲတယ်ပေါ့... မင်းတို့ ငါ့ကို တကယ့်ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ”
ကျိရုရွှယ်သည် ကောင်းကင်ယံမှ ရဲတင်းလှသော ဟယ်လီကော်ပတာ အုပ်စုကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာကာ အေးစက်လှသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။ ခြံဝင်းကို ဖျက်ဆီးရဲမှတော့ သူတို့၏ အသက်များဖြင့် ပြန်လည်ပေးဆပ်ရပေလိမ့်မည်။
ဟယ်လီကော်ပတာ အုပ်စုသည် ခြံဝင်းအပေါ်တွင် အတော်ကြာအောင် ဝဲပျံနေပြီး သူတို့၏ ဆူညံလှသော အင်ဂျင်သံများမှာ လူသားအခြေစိုက်စခန်းမှ ခြံဝင်းကို လှောင်ပြောင်နေသကဲ့သို့ပင်။
ဟယ်လီကော်ပတာ အတွင်း၌မူ...
အောက်ခြေရှိ မီးလောင်ကျွမ်းနေသော မြေပြင်ကို ကြည့်ရင်း လူတိုင်းမှာ အလွန်ပင် ကျေနပ်အားရနေကြသည်။
"ကပ္ပတိန်... ဗုံးကျဲတိုက်ခိုက်မှုက တော်တော်ထိရောက်ပါတယ်။ ဇွန်ဘီဒီရေလှိုင်းကတော့ အခြေခံအားဖြင့် ပျက်စီးသွားပြီဆိုတော့ ကျုပ်တို့ရဲ့ နောက်ထပ် လှုပ်ရှားမှုတွေအတွက် အနှောင့်အယှက် မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ အဆင့်မြင့် ဆင့်ကဲဇွန်ဘီတွေအပေါ်မှာတော့ ခုနက တိုက်ခိုက်မှုတွေက သိပ်ပြီး အရာမထင်ဘူး ဖြစ်နေတယ်"
ကတုံးဆံပင်နှင့် လူငယ်က အောက်ခြေမြင်ကွင်းကို အကဲခတ်ရင်း အစီရင်ခံလိုက်သည်။
အောက်ခြေရှိ အဆင့် ၃ နှင့် အဆင့် ၄ ဆင့်ကဲဇွန်ဘီများမှာ ဒဏ်ရာမရဘဲ တက်ကြွနေဆဲဖြစ်သည်ကို မြင်ရသောအခါ ကပ္ပတိန်လင်း၏ မျက်ဝန်းထဲတွင် လေးနက်မှုများ အစားထိုးဝင်ရောက်လာသည်။
သူကိုယ်တိုင် ဗုံးကျဲမှုကို ကြည့်ရှုခဲ့ခြင်းပင်။ ဤဇွန်ဘီများ၏ ခုခံနိုင်စွမ်းမှာ မယုံနိုင်
လောက်အောင်ပင် ကောင်းမွန်လှသည်။ သာမန် အကြီးစားလက်နက်များသည် အဆင့်နိမ့် ဇွန်ဘီများအတွက်သာ ထိရောက်ပြီး အဆင့် ၃ နှင့် ၄ ဇွန်ဘီများမှာမူ ထိုလက်နက်များကို သိသိသာသာ ခံနိုင်ရည်ရှိလာကြပြီဖြစ်သည်။
သို့သော်လည်း သူ ဗုံးကျဲခိုင်းစဉ်ကတည်းက ပြဿနာအားလုံး တစ်ပြိုင်နက် ပြေလည်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျန်ရှိနေသော အဆင့် ၃ နှင့် ၄ ဇွန်ဘီအနည်းငယ်ကိုမူ သူတို့၏ ဆင့်ကဲပြောင်းလဲသူတပ်ဖွဲ့ ဟက ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်နှိမ်နင်းရပေလိမ့်မည်။
ထို့အပြင် ထိုမိန်းကလေးကို အရှင်ဖမ်းဆီးနိုင်ရန်အတွက် သူမ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အဆင့် ၃ နှင့် ၄ ဇွန်ဘီရုပ်သေး အားလုံးကို အရင်ဆုံး အပြတ်ရှင်းရမည်ပင်။
"ကောင်းပြီ... မင်းတို့ရဲ့ ပစ္စည်းကိရိယာတွေကို ချက်ချင်းစစ်ဆေးပြီး စစ်ဆင်ရေးအတွက် ပြင်ကြတော့"
"သတိထားရမှာက... သူတို့ကို အရှင်ဖမ်းဖို့ ကြိုးစားကြပါ"
အချိန်ကျပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကပ္ပတိန်လင်းက အတွင်းဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်ထုတ်ပြန်လိုက်သည်။
ကပ္ပတိန်လင်းသည် သူတို့ကို အရှင်ဖမ်းဆီးလိုသည်မှာ သေချာသော်လည်း စစ်မြေပြင်ဆိုသည်မှာ ခန့်မှန်းရခက်ခဲလှသည်။ အကယ်၍ အရှင်ဖမ်းရန် မဖြစ်နိုင်တော့ပါက အလောင်းကိုသာ ပြန်ယူသွားရတော့မည်ဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်ထားသည်။
"ဟုတ်ကဲ့ပါ"
အားလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
နောက်တစ်ခဏ၌ တိုက်ခိုက်ရေးဟယ်လီကော်ပတာ အသီးသီးပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများသည် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် သူတို့၏ ကိရိယာများကို စတင်စစ်ဆေးကြတော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ ဝဲပျံနေသော ဟယ်လီကော်ပတာအုပ်စုသည် အောက်သို့ စတင်နိမ့်ဆင်းလာခဲ့သည်။
ကောင်းကင်ယံအထူးတပ်ဖွဲ့ လိုက်ပါလာသည့် ဟယ်လီကော်ပတာနောက်သို့ ကျန်သည့်ဟယ်လီကော်ပတာလေးစီးက ထပ်ချပ်မကွာ လိုက်ပါလျက် အရှိန်အဟုန်ဖြင့် ဆင်းသက်လာကြသည်။ ဟယ်လီကော်ပတာ ပန်ကာများမှ တိုက်ခတ်လာသော ပြင်းထန်လှသော လေပြင်းများသည် ခြံဝင်းအတွင်းသို့ ဝုန်းဒိုင်းကြဲ တိုးဝင်လာပြီး ဆူညံသံများကလည်း တဆက်တည်း ထွက်ပေါ်လာတော့သည်။
လေထုမှာ အလွန်ပင် တင်းမာနေပြီး ပြင်းထန်သော တိုက်ပွဲကြီးမှာ မလွဲမသွေ ဖြစ်ပွားတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ခဏတာ ဒေါသထွက်ပြီးနောက် လုချွမ်းသည် စိတ်ကို လျင်မြန်စွာ ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် အရှိန်အဟုန်ဖြင့် ဆင်းသက်လာသော ဟယ်လီကော်ပတာအုပ်စုကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။
ယခုအချိန်သည် တိုက်ပွဲဝင်ရမည့်အချိန်ဖြစ်ရာ ဒေါသကြောင့် ဆုံးဖြတ်ချက်များ ဝေဝါးသွားရန် မဖြစ်ပေ။ ရန်သူများက ရောက်ရောက်ချင်း အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ထိုမျှသာဖြစ်သည်။ သူ၏လက်ထဲတွင် အဆင့် ၄ ဇွန်ဘီရုပ်သေးများ ရှိနေသရွေ့ ဤလူသားများက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်။
ထို့အပြင် ခြံဝင်းမှာ ပျက်စီးသွားသော်လည်း ပြန်လည်တည်ဆောက်၍ ရသည်။ အချိန်ပေးရမည်ဖြစ်သော်လည်း ဇွန်ဘီရုပ်သေးများရှိနေသဖြင့် ပြန်လည်ကောင်းမွန်လာရန် သူ မစိုးရိမ်ပေ။ သူ့အမြင်တွင် လက်ရှိအရေးကြီးဆုံးမှာ ချီချီလေးနှင့် သူ၏လုံခြုံရေးပင်။ သူတို့နှစ်ဦး အသက်ရှင်နေသရွေ့ ခြံဝင်းမှာ အကြိမ်တစ်ရာ ပျက်စီးပါစေ အရေးမကြီးပေ။
သို့သော်လည်း သူ အပင်ပန်းခံ တည်ဆောက်ထားသည့် ခြံဝင်းကို ဖျက်ဆီးခဲ့သူများကိုမူ လုချွမ်း လွယ်လွယ်နှင့် လွှတ်ပေးရန် အစီအစဉ်မရှိပေ။ သူ၏ခြံဝင်းကို ဖျက်ဆီးရဲမှတော့ ထိုက်တန်သော တန်ဖိုးကို ပြန်လည်ပေးဆပ်ခိုင်းရမည်ပင်။
လုချွမ်း၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် စိတ်အာရုံကို စုစည်းကာ အဆင့် ၄ ဇွန်ဘီရုပ်သေးများကို လူနေအိမ်ဧရိယာတွင် စုရုံးကာ တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
ရန်သူများသည် သူတို့ကို အရှင်လိုချင်သဖြင့် လူနေအိမ်ကို ဗုံးမကျဲခဲ့ခြင်းမှာ ထင်ရှားလှသည်။
“ကောင်းပြီလေ... ဒီနေ့တော့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်မသွားစေရဘူး”