အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း။ ၁၂၃
ဒုတိယအဆင့် အသက်ရှူနည်းစနစ်ကို ကျွမ်းကျင်အောင်လေ့ကျင့်ခြင်းသည် ပါရမီနှင့် သိုင်းပညာရပ်များကို မြှင့်တင်သကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ကို ချက်ချင်း တိုးတက်စေမည်မဟုတ်သော်လည်း ရေရှည်တွင်မူ အလွန်အရေးပါလှသည်။ အခြေခံနယ်ပယ်အဆင့်သည်သာ အဓိကဖြစ်ပြီး မြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်မှသာ အသက်ရှည်ရှည်နေနိုင်မည် ဖြစ်သည်။ သူသိုင်းကျင့်ရခြင်း၏ ရည်မှန်းချက်မှာ ဘာအတွက်ဟူသည်ကို လုံယီ တစ်ခါမျှ မေ့လျော့ခြင်းမရှိပေ။
"ညီအစ်ကို လျို... မင်းမိသားစုက ဘာလုပ်တာလဲဆိုတာ ငါ့ကို တစ်ခါမှ မပြောဖူးဘူးနော်"
ရှီချင်းတက လက်ဖြင့် ယပ်ခတ်ရင်း လုံယီကို ဇွတ်အတင်း မေးမြန်းနေသည်။
"ငါ့မိသားစုက မြို့ပြင်မှာ လယ်စိုက်တာပါ"
လုံယီက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ဟွန်း... ငါက ယုံမယ်မှတ်လို့လား"
ရှီချင်းတက နှာခေါင်းရှုံ့ရင်း "ထားလိုက်ပါတော့။ မပြောချင်လည်း ရပါတယ်။ ငါ ရှီချင်းတဆိုတာ သူငယ်ချင်းတွေကို သူတို့နောက်ခံနဲ့ တိုင်းတာတဲ့လူစားမျိုး မဟုတ်ဘူး"
"ဒါနဲ့... မင်းကို ရှာချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ"
သူက ထပ်မံမေးမြန်းပြန်သည်။
၎င်းမှာ စဉ်းစားစရာ ပြဿနာတစ်ခု ဖြစ်လာသည်။ လုံယီသည် သူ့ကိုယ်သူ အစွန်းရောက်
လက်သီးဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်း လောလောဆယ် ထုတ်ဖော်မပြောလိုသေးပေ။ ထို့ကြောင့်...
"ကျီဟိုင်မျှော်စင်ရဲ့ တစ်ဖက်ခြမ်း၊ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ တတိယမြောက်လမ်းကြားထဲက ခုနစ်ပင်မြောက်သစ်ပင်မှာ အရေးပေါ်ကိစ္စရှိရင် သစ်ခေါက်ပေါ်မှာ အမှတ်အသားလုပ်ထားလိုက်လေ..."
"ဟားဟား... ညီအစ်ကိုလျို မင်းက ဒါတွေကို ဒီလောက်နှံ့စပ်နေတာ မြို့သားစစ်စစ်ပဲ ဖြစ်ရမယ်"
ရှီချင်းတက ဂုဏ်ယူစွာ ပြောလိုက်သည်။ သို့သော် သူလှည့်ကြည့်လိုက်သည့်အခါ လုံယီမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။
အစွန်းရောက်လက်သီးဂိုဏ်း သိုင်းလေ့ကျင့်ရေးကွင်း
"ဟမ့်... ဟာ... ဟေး"
"ဂျူနီယာညီမလေး... မင်းရဲ့ ကိုယ်နေဟန်ထား မှားနေတယ်။ ခြေထောက်တွေကို ပိုပြီး တင်းထားရမယ်"
"အသက်ကို ပြင်းပြင်းရှူ၊ စည်းချက်မပျက်စေနဲ့၊ လက်သီးထိုးတဲ့အခါ အသက်ရှူတာ မရုတ်ခြည်းဖြစ်ပါစေနဲ့၊ ရင်ဘတ်ကို အားနဲ့ကော့ထားစမ်း"
လုံယီသည် သိုင်းသင်တန်းကျောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။ လူပေါင်း ဒါဇင်နှင့်ချီ၍ သိုင်းပညာကို ကြိုးစားပမ်းစား လေ့ကျင့်နေကြပြီး ကွင်းလယ်ရှိ သဲပြင်ပေါ်တွင်လည်း အပြန်အလှန် လေ့ကျင့်တိုက်ခိုက်နေကြသူများ ရှိသည်။
သူသည် ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေစဉ် မျက်လုံးများမှာ တစ်နေရာ၌ ရပ်တန့်သွားသည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ရွှေရောင်ခါးပတ် ပတ်ထားကာ လက်ထဲတွင် ယပ်တောင်ဖြူတစ်ချောင်း ကိုင်ထားသည့် အသွင်အပြင် ခန့်ညားလှသော လူငယ်တစ်ဦးသည် ဖြူစင်အေးဆေးသော ပုံစံရှိသည့် မိန်းကလေးတစ်ဦးကို သိုင်းပညာ သင်ကြားပေးနေသည်။ သို့သော် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်မှာ အလွန်နီးကပ်လွန်းနေပြီး သင်ကြားပေးပုံမှာ အနည်းငယ် ကာမရာဂဘက်သို့ နွယ်နေသကဲ့သို့ပင်။
ဒုန်း….
လုံယီသည် သူတို့အနားသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားပြီးနောက် ခြေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ထုတ်လိုက်သည်။
"ဘယ်သူလဲ"
ကျန်းဝေတမှာ ယိမ်းထိုးသွားပြီး ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ သို့သော် လုံယီကို မြင်လိုက်ရသည်နှင့် သူ၏မျက်နှာမှာ အံ့ဩဝမ်းသာသော အမူအရာသို့ ချက်ချင်း ပြောင်းလဲသွား၏။
"လုံယီ မင်းပါလား ကောင်လေးရာ... နောက်ဆုံးတော့ ပြန်လာဖို့ စိတ်ကူးရပြီပေါ့။ မင်း သေပြီတောင် ထင်နေတာ"
သူသည် ဘေးနားရှိ ဂျူနီယာညီမလေးကိုပင် ဂရုမစိုက်တော့ဘဲ ရှေ့သို့ တိုးလာကာ လုံယီကို ရင်းနှီးစွာပင် လက်သီးဖြင့် အချက်အနည်းငယ် ထိုးလိုက်သည်။
"မိသားစုကိစ္စလေးတွေ ရှိနေလို့ပါ"
လုံယီက ပြန်ဖြေသည်။ ယခုအခါ သူသည် လူသားအရေပြား မျက်နှာဖုံးကို ချွတ်ထားပြီဖြစ်ရာ သူ၏ မူလရုပ်သွင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
ရင်းနှီးကျွမ်းဝင်ပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်သို့ ပြန်ရောက်လာသည့်အခါ သူ၏စိတ်မှာ များစွာ လျော့ပါးသက်သာရာ ရသွားသည်။ အန္တရာယ်များပြီး ကြမ်းတမ်းလှသော သားရဲတစ်ရာတောင်တန်းနှင့် နှိုင်းယှဉ်လျှင် ဤသိုင်းသင်တန်းကျောင်းမှာ သူ၏အတွက် နိဗ္ဗာန်ဘုံအလားပင်။
"ငါတို့က ညီအစ်ကိုတွေပဲ။ အကူအညီလိုရင် အားမနာဘဲ ပြောစမ်းပါ။ ဒါနဲ့... ငါ့မှာ ဘာတွေ ထူးခြားသွားလဲဆိုတာ မင်းသတိထားမိလား"
"ဟင်... မင်း အဆင့်တက်သွားတာလား"
လုံယီက စိတ်ထဲမှ ရယ်မောလိုက်သည်။
သူ မသိဘဲ နေပါ့မလား။
သို့သော် သူ၏မျက်နှာတွင်မူ အံ့အားသင့်သွားသည့် အမူအရာကို လုပ်ပြလိုက်သည်။
"ဟားဟား... ငါ အဆင့်တက်သွားပြီကွ။ သိုင်းပညာရှင်တစ်ယောက် ဖြစ်ရတာ မခက်ပါဘူးကွာ" ကျန်းဝေတက ကြွားဝါလိုက်သည်။ ဘေးနားရှိ ဖြူစင်သော ဂျူနီယာညီမလေးမှာလည်း သူ့ကို အထင်ကြီးအားကျသော အကြည့်ဖြင့် ကြည့်နေတော့သည်။
ကျန်းဝေတသည် အသက်ရှူနည်းစနစ်ကို စတင်လေ့လာချိန်မှ သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းရန် ၅ လကျော်သာ ကြာမြင့်ခဲ့သည်။ ၎င်းမှာ အလားအလာကောင်းသော ပါရမီရှင်လေးတစ်ဦးဟု အမှန်တကယ်ပင် ခေါ်ဆိုနိုင်သည်။
"နေဦး... ငါတောင် အဆင့်တက်နေပြီဆိုမှတော့ အသက်ရှူနည်းစနစ်ကို ငါ့ထက်အရင် နားလည်ခဲ့တဲ့ မင်းကရော တစ်ခုခု တိုးတက်မနေသင့်ဘူးလား"
ကျန်းဝေတက တစ်စုံတစ်ခုကို သတိရသွားပြီး လုံယီကို ကြည့်ကာ မေးလိုက်သည်။
ထိုခဏ၌ လုံယီသည် သူအသုံးပြုထားသော စွမ်းအင်ပိတ်ဆို့နည်းစနစ်ကို ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်သွေးများမှာ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး သိုင်းပညာရှင်တစ်ဦး၏ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
"မင်းလည်း အဆင့်တက်သွားတာပဲ"
ကျန်းဝေတက ဝမ်းသာအားရ ရယ်မောကာ "ဒီလိုသတင်းကောင်းကို အကြီးအကဲကျန်းဆီ ချက်ချင်း သွားသတင်းပို့ရမယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ အဆင့်တက်တဲ့သူတွေအတွက် ဂုဏ်ပြုအခမ်းအနား သေးသေးလေးတစ်ခု ကျင်းပမှာ"
အကြီးအကဲကျန်းမှာ လုံယီကို စတင်လူတွေ့စစ်ဆေးခဲ့စဉ်က ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆံပင်ဖြူအဖိုးအိုပင်။
"ကောင်းတယ်... ကောင်းတယ်"
အကြီးအကဲကျန်းက သူ၏မုတ်ဆိတ်ကို သပ်ရင်း ကျေနပ်အားရစွာ ပြောသည်။
"မကြာသေးမီက ငါတို့တပည့်တွေဟာ သိုင်းပညာရှင်အဆင့်ကို တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းနေကြပြီ။ ငါတို့ဂိုဏ်း ကြီးပွားတိုးတက်မယ့်နေ့ဟာ မဝေးတော့ဘူး။ ဒီသတင်းကို ဂိုဏ်းချုပ်ဆီ ငါ အမြန်သွားပြောရမယ်"
မကြာမီမှာပင် လုံယီ အဆင့်တက်သွားသည့် သတင်းမှာ ပျံ့နှံ့သွားတော့သည်။
"ဂုဏ်ယူပါတယ် ညီအစ်ကိုလုံ"
အဖြူရောင်ဝတ်စုံနှင့် သွယ်လျလှပသော အမျိုးသမီးတစ်ဦးက ကျော့ရှင်းစွာ ချဉ်းကပ်လာသည်။
သူမ၏ ရုပ်ရည်မှာ လှပတင့်တယ်ပြီး ဆွဲဆောင်မှုရှိသော မျက်လုံးအစုံမှာ အမြဲတမ်း ပြုံးယောင်သန်းနေသကဲ့သို့ ရှိရာ မြင်ရသူအပေါင်းကို စိတ်ချမ်းမြေ့စေသည်။ သူမကား အစွန်းရောက်လက်သီးဂိုဏ်း၏ နံပါတ်တစ်အလှမယ် ကျားဟုန်ပင်။
"မင်းအတွက်လည်း ဂုဏ်ယူပါတယ်"
လုံယီက ပြန်လည်နှုတ်ဆက်လိုက်သည်။
"ညီအစ်ကိုလုံ... အခု မင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်သွားပြီဆိုတော့ လမ်းပြပေးမယ့် ဆရာတစ်ယောက် ရှာရတော့မယ်"
"ကျွန်မနဲ့အတူ အကြီးအကဲကျိုးရဲ့ လက်အောက်ကို ဝင်ဖို့ စိတ်ဝင်စားလား"
ကျားဟုန်က ဖိတ်ခေါ်စကား ပြောလိုက်သည်။
သူမ၏ အသံမှာ ကျောက်စိမ်းပြားပေါ်သို့ ပုလဲလုံးလေးများ ကြွေကျသံကဲ့သို့ပင် ကြည်လင်သာယာလှသည်။ သူမ ပြောဆိုသော အကြီးအကဲကျိုးမှာ ကျိုးယန်၏ အထက်လူကြီးဖြစ်ပြီး အမြဲတမ်း မျက်နှာသေနှင့် နေတတ်သူဖြစ်သည်။
"ကျွန်တော် အကြီးအကဲကျန်းရဲ့ တပည့်အဖြစ် ခံယူဖို့ ဆုံးဖြတ်ပြီးသားပါ"
လုံယီက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
အစွန်းရောက်လက်သီးဂိုဏ်းအတွင်း၌ ဂိုဏ်းခွဲနှစ်ခု ကွဲပြားနေကြောင်း ကျန်းဝေတထံမှ သူ သိရှိထားပြီးဖြစ်သည်။ တစ်ဖက်မှာ ဂိုဏ်းချုပ်ဦးဆောင်သော အစုအဖွဲ့ဖြစ်ပြီး အခြားတစ်ဖက်မှာ ဂိုဏ်းအကြီးအကဲချုပ် ဦးဆောင်သော အစုအဖွဲ့ဖြစ်သည်။
အကြီးအကဲကျန်း၊ လီယာဂွီနှင့် ချန်မူကျုတို့မှာ ဂိုဏ်းချုပ်ဘက်တော်သားများ ဖြစ်ကြပြီး စည်းကမ်းသေဝပ်ကာ အေးဆေးတည်ငြိမ်ကြသည်။ ကျိုးယန်နှင့် အကြီးအကဲကျိုးတို့မှာမူ ဂိုဏ်းအကြီးအကဲချုပ်ဘက်မှ ဖြစ်ပြီး အနိုင်ကျင့်လိုစိတ်ရှိကာ ရန်လိုတတ်ကြသည်။ လုံယီအနေဖြင့် ကျိုးယန်ကဲ့သို့သော လူမျိုးနှင့် ပတ်သက်လိုစိတ် မရှိပေ။ ထို့ပြင် အကြီးအကဲကျန်းမှာ သူ့အပေါ် ကျေးဇူးရှိဖူးသူလည်း ဖြစ်သည်။
"နှမြောစရာပဲရှင်"
ကျားဟုန်က အနည်းငယ်မျှ စိတ်ဆိုးခြင်းမရှိဘဲ ပြုံး၍ပင် ကျော့ရှင်းစွာ ထွက်ခွာသွားတော့သည်။
"တောက်... ဒီမိန်းမကတော့ ဟန်ဆောင်ကောင်းလွန်းတယ်"
ကျန်းဝေတမှာ ကျားဟုန်ကို အမြဲတမ်းပင် ကြည့်မရဖြစ်နေသူဖြစ်သည်။
"ဒါနဲ့... သူမရဲ့ ချစ်သူ ကျိုးယန်ကော ဘယ်ရောက်နေလဲ။ တစ်ခါမှ မတွေ့မိပါလား"
လုံယီက ရုတ်တရက် မေးလိုက်သည်။
သူတို့နှစ်ဦးကြားတွင် အငြိုးအတေးရှိခဲ့ဖူးရာ အကယ်၍ အခွင့်အရေးရပါက လုံယီအနေဖြင့် ကျိုးယန်ကို သိုင်းကွင်းထဲတွင် သင်ခန်းစာ ကောင်းကောင်းပေးရန် စဉ်းစားထားသည်။ ယခုအခါ သူ၌ ခွန်အားလုံလောက်နေပြီဖြစ်ရာ ကလဲ့စားချေရန် အချိန်တန်ပြီဖြစ်သည်။
"အဲဒီကောင် ခြေထောက်ကျိုးပြီး အိမ်မှာ လဲနေတုန်းပဲ"
ကျန်းဝေတက ဝမ်းသာအားရ ပြောသည်။
"ကြားတာတော့ ကျားဟုန်က အစပိုင်းမှာပဲ သွားကြည့်တာတဲ့။ အခုဆိုရင်တော့ သူတို့ လမ်းခွဲလိုက်ကြပြီ ထင်တယ်"
"ဘာဖြစ်လို့လဲ"
လုံယီ တစ်ခုခု ထူးခြားနေသည်ကို သတိထားမိလိုက်သည်။
"လေးလံသောဓားဂိုဏ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ သူတို့ရဲ့ ပါရမီရှင် ချီပေါင် သေသွားတော့ သူတို့တွေ ရူးသွပ်ပြီး ငါတို့ဂိုဏ်းက တပည့်တွေကို ချောင်းမြောင်း တိုက်ခိုက်နေကြတာ။ ကျိုးယန်
တင်မကဘူး စီနီယာအစ်ကို ချန်နဲ့ လီတို့တောင် ဒဏ်ရာရခဲ့ကြတယ်"
ကျန်းဝေတက ခေါင်းခါရင်း ဆက်ပြောသည်။
"တခြားသူတွေကတော့ ဒဏ်ရာအနည်းငယ်ပဲ ရတာပါ။ ဒါပေမဲ့ ကျိုးယန်ကတော့ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားတယ်။ ခန္ဓာကိုယ် ထိခိုက်သွားတော့ သူ့ရဲ့ သိုင်းပညာ အလားအလာလည်း အများကြီး လျော့နည်းသွားပြီ။ အမြဲတမ်း မာနထောင်လွှားနေတဲ့သူဆိုတော့ ဒါက သူ့အတွက် ဝဋ်လည်တာပဲ"
တကယ်ပဲ လေးလံသောဓားဂိုဏ်းရဲ့ လက်ချက်လား။
လုံယီ၏ စိတ်ထဲတွင် ဟွမ်လုံကန်း၏ ရူးသွပ်နေသော မျက်နှာမှာ ရုတ်တရက် ပေါ်လာတော့သည်။
အဆုံးတွင် ဂိုဏ်းဝင်အခမ်းအနားကို သုံးရက်အကြာတွင် ကျင်းပရန် သတ်မှတ်လိုက်ကြသည်။ ထိုအခမ်းအနားတွင် လုံယီ၊ ကျန်းဝေတ၊ ကျားဟုန်နှင့် အခြားနှစ်ဦးတို့ ပါဝင်မည်ဖြစ်သည်။ သို့သော် လေးလံသောဓားဂိုဏ်း၏ စိန်ခေါ်မှုမှ သင်ခန်းစာရရှိခဲ့သော အစွန်းရောက်လက်သီးဂိုဏ်းမှာ ယခုတစ်ကြိမ်တွင် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် မကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
လုံယီကမူ ထိုအရာများကို ဂရုမစိုက်ပေ။ သူသည် သိုင်းသင်တန်းကျောင်းမှ ထွက်လာကာ လျိုယွမ်နှင့် လုယန်တို့ နေထိုင်ရာ အငှားအိမ်လေးဆီသို့ သူတို့၏ အခြေအနေများကို သွားရောက်ကြည့်ရှုရန် ထွက်ခွာခဲ့တော့သည်။
လုံယီသည် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို လာရောက်တားဆီးလိုက်သည်။
"ညီအစ်ကိုလျို... ခဏလောက်"
ထိုသူသည် အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး မြင်ဖူးသလိုလိုရှိသော်လည်း အနည်းငယ်စိမ်းနေသည်။ သူ၏မျက်နှာမှာ ဖြူဝင်းကာ ကိုယ်လုံးမှာ အနည်းငယ် ဝဖြိုးပြီး အနက်ရောင် သားမွေးဝတ်စုံကို ဆင်မြန်းထားရာ ချမ်းသာကြွယ်ဝသော ဘဝကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိသာလှသည်။ သို့သော် ယခုအချိန်တွင်မူ သူသည် အလွန်တရာ ဖော်ရွေပျူငှာသော အပြုံးမျိုးကို ပြသနေ၏။
"ခင်ဗျားက ဘယ်သူလဲမသိဘူး"
လုံယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ကျွန်တော်က ယွီတာ့လဲ့ပါ"
လုံယီ၏ မျက်နှာတွင် နားမလည်သေးသည့် အမူအရာကို မြင်သောအခါ သူက ဆက်လက်ပြုံးပြရင်း "လက်ရှိ ဂိုဏ်းထဲမှာ စီမံခန့်ခွဲသူတစ်ယောက်အဖြစ် တာဝန်ယူထားပါတယ်"
"ဪ... မန်နေဂျာယွီ ကိုး"
လုံယီ မှတ်မိသွားပြီဖြစ်သည်။
ထိုစဉ်က ထျန်းစူးရှီသည် သူ့ကို ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် ယွီတာ့လဲ့နှင့် ဆက်
သွယ်ခိုင်းခဲ့ဖူးသည်။ မန်နေဂျာယွီသည် သူ့ထံမှ ဘာလိုချင်နေတာလဲဟု လုံယီက သံသယဖြင့် စိုက်ကြည့်နေမိသည်။
မန်နေဂျာယွီက အသံကိုနှိမ့်ကာ "အရင်က ကျွန်တော် အလုပ်တွေ အရမ်းများနေလို့ ညီအစ်ကိုလျိုကို ဂရုမစိုက်မိသလို ဖြစ်သွားတယ်။ ဒီညနေကျရင် ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျီဟိုင်မျှော်စင်မှာ သီးသန့်အခန်းလေး တစ်ခန်း ကြိုတင်မှာထားပါတယ်..." ဟု ပြောလိုက်သည်။
ဂရုမစိုက်မိဘူး ဟုတ်လား။
လုံယီ ခဏမျှ စဉ်းစားလိုက်သောအခါ တစ်ဖက်လူ ဘာကို စိုးရိမ်နေသည်ကို နားလည်သွားသည်။ သူ့ကို ဝေးလံသီခေါင်သော ဝင်းခြံထဲသို့ ပို့ထားခဲ့သည့်အတွက် လုံယီက အငြိုးအတေးထားမည်ကို စိုးရိမ်နေခြင်း ဖြစ်ရမည်။
ငါက တကယ်ပဲ အဲဒီလောက်အထိ စိတ်ပုပ်တဲ့လူမျိုးလား
လုံယီသည် မရည်ရွယ်ဘဲ ရယ်မောလိုက်ပြီး "မန်နေဂျာယွီ... ခင်ဗျား ကျွန်တော့်ကို ဂရုမစိုက်တာမျိုး တစ်ခါမှ မရှိပါဘူး ကျွန်တော် အဲဒါတွေကို မှတ်တောင် မမှတ်မိတော့ဘူး" ဟု ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ မန်နေဂျာယွီ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး အဝတ်အိတ်လေး တစ်အိတ်ကို လုံယီ၏ လက်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
"ညီအစ်ကိုလျို... ဒါက ကျွန်တော့်ရဲ့ လေးစားမှုကို ပြတဲ့ လက်ဆောင်လေးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
ယခုတစ်ကြိမ်တွင်မူ လုံယီ မငြင်းတော့ဘဲ လက်ခံလိုက်သည်။ ၎င်းကို မြင်သောအခါ မန်နေဂျာယွီသည် စိတ်သက်သာရာရသွားသော အပြုံးမျိုးကို ပြသနိုင်တော့သည်။
မန်နေဂျာယွီနှင့် လမ်းခွဲခဲ့ပြီးနောက် လုံယီ ရှေ့သို့ ဆက်လျှောက်လာစဉ် ရင်းနှီးသော မျက်နှာအချို့နှင့် ထပ်မံဆုံတွေ့ပြန်သည်။ နွီဖုန်း၊ ကျင်းဖုန်း၊ ဟဲယွီ၊ ကျဲ့ပိုင်... သူတို့အားလုံးမှာ လုံယီနှင့် အတူတူ အချိန်အနည်းငယ်သာ နေခဲ့ဖူးသော အဆောင်ဖော်ဟောင်းများ ဖြစ်ကြသည်။
ကျင်းဖုန်းမှာ အတွင်းတပည့်အဖြစ် ရောက်ရှိနေပြီဖြစ်ကာ လုံယီနှင့် ပို၍ ရင်းနှီးသည်။ သို့သော် သိုင်းပညာရှင်အဆင့်သို့ ရောက်ရန်မှာမူ ဝေးကွာနေဆဲဖြစ်ပြီး ဤဘဝတွင် ဖြစ်နိုင်ပါ့မလားပင် မသိနိုင်ပေ။
ကျင်းဖုန်းသည် ရှေ့သို့ တိုးလာပြီး လေသံတိုးတိုးဖြင့် "အာယီ... မင်း သိုင်းပညာရှင်အဆင့်ကို တက်သွားပြီလို့ ငါကြားတယ်။ အဲဒါက တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပဲ။ ငါတို့တွေက အဆောင်တစ်ခုတည်းမှာ အတူနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေပဲလေ။ စကားပုံတစ်ခုရှိတယ်မဟုတ်လား... မြစ်တစ်ခုတည်းကို အတူဖြတ်ဖို့ ဆယ်နှစ်၊ အိပ်ရာတစ်ခုတည်းမှာ အတူအိပ်ဖို့ နှစ်တစ်ရာ ကုသိုလ်ပြုခဲ့ရတယ် ဆိုတာလေ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသော်လည်း သူ ဆက်လက်နားထောင်နေမိသည်။ ဤသို့သော စကားလုံးမျိုးမှာ ရိုးသားသော ကျင်းဖုန်း၏ ပါးစပ်မှ ထွက်လာနိုင်စရာ မရှိပေ။ တစ်စုံတစ်ယောက်က သူ့ကို သင်ပေးထားခြင်းသာ ဖြစ်ရမည်။
ကျင်းဖုန်းက ဆက်ပြောသည်။
"မင်းအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မုန်တိုင်းမျှော်စင်မှာ ငါတို့ ထမင်းတစ်နပ်လောက် ကျွေးချင်လို့ပါ"
ထိုသို့ ပြောပြီးနောက် လူစုမှာ လုံယီကို စိုးရိမ်တကြီးနှင့် မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်နေကြတော့သည်။
အခန်း။ ၁၂၄
ရုတ်တရက်ဆိုသလိုပင် လုံယီသည် သိုင်းပညာရှင်တစ်ဦး၏ အဆင့်အတန်းနှင့် သြဇာတိက္ကမကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားတော့သည်။
"ကောင်းပြီလေ"
သူက ခေါင်းညိတ်ပြလိုက်သည်။
သူသည် ဤအဆောင်ဖော်ဟောင်းများအပေါ်တွင် မည်သည့် အငြိုးအတေးမျှ မရှိပေ။ ယခင်က သူတို့၏ ခပ်စိမ်းစိမ်း ဆက်ဆံမှုမှာ သာမန်လူတန်းစားတို့၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုသော သဘာဝမျှသာ ဖြစ်သည်။ ယခုကဲ့သို့ လုံယီကို ဧည့်ခံရန် ဖိတ်ကြားခြင်းမှာလည်း အရှိန်အဝါကို ကပ်မြှပ်လို၍မဟုတ်ဘဲ သူတို့အပေါ် အငြိုးမထားစေရန် ရိုးရိုးသားသား ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်သည်။
"ကောင်းလိုက်တာ... မင်း ဘယ်တော့ အားမလဲ"
နွီဖုန်းက စိတ်လှုပ်ရှားစွာ မေးလိုက်ပြီး သူ၏ မျက်လုံးအစုံမှာလည်း တောက်ပနေတော့သည်။
"အခုပဲ သွားကြတာပေါ့"
လုံယီက ဆက်ပြောသည်။
"ငါ ကျန်းဝေတကိုပါ ခေါ်လိုက်မယ် အဆင်ပြေရဲ့လား"
"ပြေပါတယ်... ပြေပါတယ်"
လုံယီ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူတို့အားလုံးက အလျင်အမြန်ပင် သဘောတူလိုက်ကြသည်။
မုန်တိုင်းမျှော်စင်၏ ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်း၌...
"အာယီ... မင်း သိုင်းပညာရှင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ငါ မင်းကို ဒီတစ်ခွက်နဲ့ ဂုဏ်ပြုပါတယ်"
များသောအားဖြင့် စကားနည်းတတ်သော ကျင်းဖုန်းမှာ ယခုအခါ မူးနေပြီဖြစ်ရာ မျက်နှာမှာ နီရဲလျက် သောက်ဖလားကြီးကို မြှောက်၍ ပြောလိုက်သည်။
"ဟေ့... မင်းခွက်ထဲမှာ အရက်က အပြည့်တောင် မပါဘူးပဲ။ ဒါ ဂုဏ်ပြုတဲ့ပုံစံ မဟုတ်သေးဘူးနော်"
ကျန်းဝေတက ဘေးမှနေ၍ ထပ်ဖြည့်ပေးလိုက်သည်။ သူသည် ထိုနေရာ၌ ထိုင်ရင်း လုံယီနှင့် အဆောင်ဖော်ဟောင်းများကို အရက်အပြိုင်အဆိုင် သောက်ရန် တိုက်တွန်းနေတော့သည်။
အရက်ဝိုင်းပြီးဆုံးသွားသောအခါ...
လုံယီနှင့် ကျန်းဝေတမှလွဲ၍ ကျန်ရှိသူများမှာ စားပွဲပေါ်တွင် မှောက်ကာ သတိလစ်မူးယစ်နေကြပြီ ဖြစ်သည်။ သူတို့နှစ်ဦးမှာမူ သိုင်းပညာရှင်များ ဖြစ်ကြသည့်အလျောက် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူများထက် သာလွန်သဖြင့် မူးရန်မှာ ခဲယဉ်းလှသည်။
"ဟေး... မင်းသူငယ်ချင်းတွေက တကယ့် လူထူးလူဆန်းတွေပဲ"
ကျန်းဝေတက မှတ်ချက်ချလိုက်သည်။
လူထူးလူဆန်း ဟုတ်လား။
လုံယီက ပြုံးကာ ခေါင်းခါလိုက်သည်။ မျိုးရိုးမြင့် မိသားစုမှ ဆင်းသက်လာသော ကျန်းဝေတအနေဖြင့် သာမန်လူတန်းစားတို့၏ ရုန်းကန်ရမှုနှင့် အတွေးအခေါ်များကို နားလည်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
လုံယီ အငှားအိမ်သို့ ပြန်ရောက်သည့်အခါ လုယန်နှင့် လျိုယွမ်တို့မှာ အိမ်တွင် ရှိနေကြပြီး သူ့ကို ဝမ်းသာအားရ ဆီးကြိုနှုတ်ဆက်ကြသည်။
"သခင်လေး ပြန်လာပြီပဲ"
"အစ်ကိုကြီးယီ"
"ဒီတစ်လော ဘယ်လိုလဲ အဆင်ပြေကြရဲ့လား"
လုံယီက ပြုံးရွှင်စွာ မေးလိုက်သည်။
"လုယန်ကတော့ မြစ်ဝါဂိုဏ်းရဲ့ အလံကိုင်အရာရှိ ဖြစ်နေပြီဗျ။ နောက်ထပ် နည်းနည်းလောက် ကြိုးစားရင် ခန်းမသခင်တောင် ဖြစ်လာနိုင်တယ်"
လျိုယွမ်က ဂုဏ်ယူစွာ ပြောပြလိုက်သည်။
လျိုယွမ်၏ လေသံအရ သူကိုယ်တိုင်လည်း များစွာ အားထုတ်ကူညီပေးခဲ့ကြောင်း သိသာလှသည်။
လုယန်က ရိုးသားစွာ ပြုံးလျက် "ဒါတွေအားလုံးဟာ သခင်လေး ချန်ထားရစ်ခဲ့တဲ့ ငွေစတွေကြောင့်ပါ" ဟု ပြောလိုက်သည်။
"ငါပေးခဲ့တဲ့ ငွေတွေကို မင်းတို့ အဆင်ပြေသလိုသာ အသုံးချကြပါ"
လုံယီက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"လုယန်က သင်္ချိုင်းဟောင်းတစ်ခုကို ရှာတွေ့ထားတယ်။ သခင်လေး အဲဒီနေရာက သူတို့နဲ့ ရန်ဘက်ဖြစ်တဲ့ လင်းဂိုဏ်းက လူသတ်ပြီး အလောင်းဖျောက်လေ့ရှိတဲ့နေရာပဲ"
လျိုယွမ်က ရုတ်တရက် အသံကိုနှိမ့်၍ ပြောလိုက်သည်။
"ဪ..."
လုံယီက စိတ်ဝင်စားဟန်ဖြင့် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ...
အရက်နံ့ တထောင်ထောင်ဖြင့် အိမ်သို့ အပြေးအလွှား ပြန်လာသော ကျန်းဝေတသည် သူ၏ ဝင်းခြံငယ်အတွင်းသို့ ဝင်လိုက်သည်နှင့် တုံ့ခနဲ ရပ်သွားတော့သည်။ ကျန်းမိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ သူ၏ဖခင်မှာ မကျေနပ်သော မျက်နှာထားဖြင့် တံခါးဝတွင် ရပ်နေသည်။
သူ၏အစ်ကိုဖြစ်သူ ကျန်းဝေချုံးကမူ ခန့်ညားထည်ဝါသော ဝတ်စုံကို ဆင်မြန်းကာ ခေါင်းတွင် ရွှေရောင်ဆံထိုးကို တပ်ဆင်ထားပြီး အလွန်အမင်း မာနထောင်လွှားနေပုံရသည်။ သူသည် ဝမ်းသာအားရ ပြုံးစိစိဖြင့် ကြည့်နေ၏။
"မင်း ဘယ်မှာ သွားပြီး လေလွင့်နေပြန်တာလဲ"
ကျန်းမိသားစုသခင်က အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"သူငယ်ချင်းပါ... သူငယ်ချင်းတစ်ယောက် သိုင်းပညာရှင်အဆင့် တက်သွားလို့ သွားပြီး ဂုဏ်ပြုပေးနေတာပါ"
ကျန်းဝေတက ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလိုက်သည်။
ထိုစကားကို ကြားရသောအခါ ဖခင်ဖြစ်သူ၏ တင်းမာနေသော မျက်နှာမှာ အနည်းငယ် လျော့ကျသွားသည်။
"မင်းပြောတဲ့ သူငယ်ချင်းဆိုတာ အသက် ၂၀ ကျော်မှ အဆင့်တက်တဲ့ အဲဒီ တောသားလေး မဟုတ်လား"
ကျန်းဝေချုံးက ရုတ်တရက် ကြားဖြတ်၍ စူးစူးဝါးဝါး အော်ပြောလိုက်သည်။
"အဲဒီအရွယ်မှ အဆင့်တက်တယ်ဆိုတာ နောင်ကျရင် ဒုတိယချီစွမ်းအားအဆင့်ထက် ပိုမရောက်
နိုင်တော့ပါဘူး"
"မင်းက ကျန်းမိသားစုဝင် တစ်ယောက်ပဲ။ အသုံးမကျတဲ့လူတွေအတွက် အချိန်မဖြုန်းစမ်းနဲ့" သားကြီးဖြစ်သူ၏ စကားကြောင့် ဖခင်ဖြစ်သူ၏ ဒေါသမီးမှာ ချက်ချင်း ပြန်လည်တောက်
လောင်လာတော့သည်။
"အလားအလာမရှိတဲ့ အဲဒီလို သိုင်းသမားမျိုးတွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံလိုက်ရင် မပြီးဘူးလား"
"မင်းအစ်ကိုကို ကြည့်စမ်း... သူက မကြာသေးခင်ကမှ ရွှီမိသားစုရဲ့ သခင်လေး၊ ပြီးတော့ အလယ်ပိုင်းဒေသက လုံမိသားစုရဲ့ သခင်လေးတို့နဲ့ အဆက်အသွယ် ရထားတယ်။ နောင်ကျရင် ငါတို့မိသားစုရဲ့ ဆေးဆိုင်လုပ်ငန်း အလယ်ပိုင်းဒေသအထိ ချဲ့ထွင်ဖို့ဆိုတာ မခဲယဉ်းတော့ဘူး။ မင်းကိုကျတော့ ကြည့်စမ်း... အမြဲတမ်း အဓိပ္ပာယ်မရှိတာတွေပဲ လုပ်နေတယ်"
ကျန်းမိသားစုသခင်မှာ ပြောရင်းပြောရင်းနှင့် ပို၍ စိတ်ပျက်လာပုံရသည်။
ကျန်းဝေချုံးက အေးဆေးစွာဖြင့်ပင် "အလယ်ပိုင်းဒေသက လုံမိသားစုဆိုတာ ရှေးဟောင်းရတနာတွေနဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို ရောင်းဝယ်တဲ့ ရှေးဟောင်းမျိုးနွယ်စုကြီးပါ။ ကျွန်တော်က သူတို့နဲ့ အရမ်းကြီး ရင်းနှီးတာတော့ မဟုတ်ပါဘူး။ သခင်လေးလုံဆီကနေ အသက် ၅၀ သက်တမ်းရှိတဲ့ ဆေးနွယ်မြက်အနည်းငယ်ကို ငွေစ တစ်ထောင်ကျော်နဲ့ ဝယ်ခဲ့ရုံတင်ပါ။ အဲဒါက ဈေးကွက်ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်းလောက် သက်သာတယ်လေ" ဟု ထပ်လောင်း၍ ပြောလိုက်သည်။
သူ့အစ်ကို၏ ဝင့်ကြွားနေသော မျက်နှာကို ကြည့်ကာ ကျန်းဝေတမှာ ဒေါသထွက်လွန်း၍ မျက်နှာကို ကန်ပစ်ချင်စိတ် ပေါက်နေသော်လည်း ဖခင်ဖြစ်သူ စိတ်တိုနေသည့်အတွက် ဘာမှမပြောရဲဘဲ ခေါင်းငုံ့ကာ ငြိမ်ခံနေရတော့သည်။
အစွန်းရောက်လက်သီးဂိုဏ်း၏ အကြီးဆုံးသော ခန်းမအတွင်း၌
စင်မြင့်ပေါ်ရှိ မြင့်မားသော နေရာတွင် ဂိုဏ်းချုပ်က ထိုင်နေပြီး သူ၏ အောက်ဘက် အနည်းငယ်တွင် ဂိုဏ်းအကြီးအကဲချုပ်၊ အကြီးအကဲကျန်း၊ အကြီးအကဲကျိုးနှင့် အခြားအကြီးအကဲများ အသီးသီး ထိုင်နေကြသည်။
စင်အောက်တွင်မူ လုံယီ၊ ကျားဟုန်၊ ကျန်းဝေတနှင့် အခြားသော တပည့်တစ်ဦးတို့က တန်းစီ၍ ထိုင်နေကြသည်။
သူတို့လေးဦးလုံးသည် တောက်ပသစ်လွင်သော အနီရောင်ဝတ်စုံ၊ အနီရောင်ဘောင်းဘီနှင့် အနက်ရောင်ဖိနပ်များကို ဆင်မြန်းထားကြရာ အင်အားသစ်များ ပြည့်ဝနေသည့်အလား ထင်မှတ်ရသည်။
ဂိုဏ်းချုပ်ဖြစ်သူ အဘိုးအိုက အက်ရှရှအသံဖြင့် အားနည်းစွာ ပြောကြားသည်မှာ “မင်းတို့လေးယောက်က အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီဖြစ်လို့ ငါတို့ဂိုဏ်းရဲ့ စစ်မှန်တဲ့ အမွေအနှစ်တွေကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီသွားပြီ။ ဒါပေမဲ့ ဂိုဏ်းရဲ့ စည်းကမ်းတွေကိုတော့ အမြဲမှတ်သားထားရမယ်။ ဆရာနဲ့ ဂိုဏ်းကို သစ္စာမဖောက်ရဘူး၊ ဂိုဏ်းသားချင်း မထိခိုက်စေရဘူး၊ ကိုယ့်အစွမ်းကို အသုံးချပြီး အားနည်းသူတွေကို မနှိပ်စက်ရဘူး...”
ရင်းနှီးပြီးသားဖြစ်သော ဂိုဏ်းစည်းကမ်း ထုတ်ပြန်ချက်များအပြီးတွင် လုံယီနှင့် အခြားသူများသည် ကန်တော့ပန်းများကို ဆက်သကာ တရားဝင် တပည့်အဖြစ် သစ္စာဆိုခဲ့ကြသည်။ လုံယီနှင့် ကျန်းဝေတတို့မှာ အကြီးအကဲကျန်း၏ တပည့်များ ဖြစ်လာကြပြီး ကျားဟုန်နှင့် အမည်မသိတပည့်မှာမူ အကြီးအကဲကျိုး၏ တပည့်များ ဖြစ်လာခဲ့ကြသည်။
ဂိုဏ်းဝင်အခမ်းအနား ပြီးဆုံးသောအခါ...
အကြီးအကဲကျန်းသည် လုံယီနှင့် ကျန်းဝေတကို သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး သာယာစွာ ပြုံးလျက် “ငါ့မှာ မင်းတို့ကို ပေးစရာ ဘာလက်ဆောင်မှ မရှိဘူး။ အကြံပေးချင်တာကတော့ သိုင်းပညာရှင်တစ်ယောက်ရဲ့ လမ်းခရီးဟာ အခက်အခဲတွေနဲ့ ပြည့်နှက်နေပေမဲ့ မျှော်လင့်ချက် အလင်းတန်းလေး ရှိနေသရွေ့တော့ အရှုံးမပေးလိုက်ကြနဲ့။ လမ်းဆိုတာ လျှောက်မှ ပေါ်လာတာမျိုးပါ၊ ဘယ်ကို ရောက်မလဲဆိုတာ ကိုယ်တိုင် မကြိုးစားကြည့်ဘဲ ဘယ်သူမှ မသိနိုင်ဘူး” ဟု ပြောလိုက်သည်။
ဒီအဘိုးကြီးက တကယ့်ကို ဆင်းရဲတာပဲ။ လက်ဆောင်လေးတောင် မပေးဘူး။
ကျန်းဝေတက စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း လုံယီမှာမူ စိတ်လှုပ်ရှားသွားရသည်။ ထိုစကားများသည် သူ့ကို ရည်ညွှန်းနေသကဲ့သို့ ခံစားရပြီး အလွယ်တကူ အရှုံးမပေးရန် အားပေးနေသည့်အလားပင်။ သူသည် အကြီးအကဲကျန်းကို မော့ကြည့်လိုက်ရာ အကြီးအကဲကလည်း သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အကြီးအကဲကျန်းသည် အချိန်ဆွဲမနေဘဲ သိုင်းပညာရှင်အဆင့်အတွက် အသက်ရှူနည်းစနစ်ကို စတင်သင်ကြားပေးတော့သည်။
“ငါတို့ဂိုဏ်းရဲ့ အဝါရောင် အထွက်အထိပ် အသက်ရှူနည်းစနစ်ကို အဆင့်နှစ်ဆင့် ခွဲထားတယ်။ ပထမအဆင့်က အဆင့်မတက်ခင် ကျင့်ကြံဖို့ဖြစ်ပြီး အဆင့်တက်ပြီးမှ ကျင့်ရင်တော့ ထိရောက်မှု အလွန်နှေးသွားလိမ့်မယ်။ ဒုတိယအဆင့်ကတော့ သိုင်းပညာရှင် ဖြစ်ပြီးမှ ကျင့်ကြံဖို့အတွက် ပိုပြီး သင့်တော်တယ်”
“ကဲ... ငါနဲ့အတူ လေ့လာကြ”
အကြီးအကဲကျန်းသည် ဝတ်စုံကို ရုတ်တရက် ချွတ်လိုက်ရာ တောင်ကုန်းများအလား ဖုထွက်နေသော ကြွက်သားများ ပေါ်ထွက်လာသည်။ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်နှင့်ပင် မတူတော့ပေ။ သူ၏ ညာဘက်ရင်အုံအောက်တွင် နီရဲသော အစက်အပြောက်တစ်ခု ချက်ချင်းပေါ်လာပြီး သွေးကဲ့သို့ တဖြည်းဖြည်း ထင်ရှားလာသည်။
၎င်းမှာ သိုင်းပညာရှင်များသာ ပိုင်ဆိုင်သော လျှို့ဝှက်သွေးဖြစ်ကြောင်း လုံယီတို့နှစ်ဦးလုံး သိကြသည်။ ထို့နောက် ထိုသွေးနီရောင် အစက်အပြောက်သည် ညာဘက်မှ ဘယ်ဘက်ရင်အုံ၊ ထိုမှတစ်ဆင့် ချက်နေရာနှင့် ခြေလက်များဆီသို့ လှည့်ပတ်စီးဆင်းသွားတော့သည်။ သူ၏ ရင်ဘတ်မှာလည်း လှိုင်းလုံးများအလား နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်လာပြီး လက်သီးနှင့် ခြေထောက် လှုပ်ရှားမှုများမှာလည်း စည်းချက်ညီညီ ရှိသည်။
အသက်ရှူခြင်း၊ လက်သီးသိုင်းနှင့် လျှို့ဝှက်သွေး လှည့်ပတ်ခြင်းတို့သည် တစ်သားတည်း ဖြစ်နေတော့သည်။
နည်းလမ်းသုံးသွယ်ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရခြင်းမှာ ပထမအဆင့်ထက် နှစ်ဆမက ပိုမိုရှုပ်ထွေးလှသည်။ ကျန်းဝေတမှာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားသော မျက်နှာထား ဖြစ်သွားတော့သည်။ သူသည် ဘေးရှိ လုံယီကို လှည့်ကြည့်လိုက်ရာ လုံယီမှာမူ ဗဟုသုတများကို အသည်းအသန် စုပ်ယူနေရုံသာမက သူ၏ ခြေလက်များမှာပါ စတင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ လုံယီသည် အကုန်လုံးကို တတ်မြောက်သွားပြီး လက်တွေ့စမ်းသပ်ရန် အသင့်ဖြစ်နေသည့်အလားပင်။
ဒါက လူချင်းတူပေမဲ့ ကွာခြားချက်ဆိုတာလား။
ကျန်းဝေတ တစ်ယောက်တည်း တွေးနေမိသည်။
"ဘယ်လိုလဲ... မှတ်မိရဲ့လား"
အကြီးအကဲကျန်းက ပြုံး၍ မေးလိုက်သည်။
"တပည့် အကုန်နီးပါး မှတ်မိပါတယ် ဒါပေမဲ့ အချို့နေရာတွေမှာတော့ သဲသဲကွဲကွဲ မရှိသေးဘူးဖြစ်နေတယ်"
လုံယီက ပြန်ဖြေသည်။
"ဥပမာ... ခုနက ဆရာပြသသွားတဲ့ တစ်လက်မလက်သီးရဲ့ လှုပ်ရှားမှုမျိုးပေါ့..."
ကျန်းဝေတကတော့ ဘေးမှ ငြိမ်သက်စွာ နားထောင်နေရင်း လုံယီသာ မြန်မြန်တတ်သွားလျှင် သူ့ကို ပြန်သင်ပေးနိုင်မည်ဟု တွေးကာ အားကိုးတကြီး ဖြစ်နေတော့သည်။
"ကောင်းတယ်... မင်းက သင်ပြရတာ တကယ်တန်တဲ့သူပဲ"
လုံယီ၏ နားလည်နိုင်စွမ်းကို အကြီးအကဲကျန်းက အလွန်သဘောကျသွားသည်။ သူက အဓိပ္ပာယ်ပါပါဖြင့် ဆက်ပြောသည်။
"သေချာလေ့ကျင့်ပါ ဒီအဘိုးကြီးထက် သာလွန်အောင် ကြိုးစားစမ်း။ အဲဒီနေ့ကျရင် မင်းအရင်က အကြီးအကျယ် စိုးရိမ်ခဲ့ရတဲ့ ကိစ္စတွေ၊ ကြောက်ရွံ့ခဲ့ရတဲ့ အရာတွေအားလုံးက တကယ်တော့ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေပဲဆိုတာ မင်းသိလာလိမ့်မယ်"
ထိုစကားကို ကြားရသောအခါ လုံယီသည် အတွေးနက်သွားတော့သည်။
လျှို့ဝှက်အခန်းထဲမှ ထွက်လာပြီးနောက် လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်
[အမည် - လုံယီ]
[အသက် - ၁၉/၆၂]
[နယ်ပယ် - ပထမချီစွမ်းအားသိုင်းပညာရှင် (၇၄/၆၀၀)]
[ကျင့်စဉ် - အဝါရောင် အထွက်အထိပ် အသက်ရှူနည်းစနစ် (ဒုတိယအဆင့်၊ ကျွမ်းကျင် ၀/၁၀၀ + နှလုံးစားမြက် ၇ ပင် + အရိုးဖောက်သစ်ခွ ၁ ပင်)၊ ဟူမျိုးနွယ် အသက်ရှူနည်းစနစ် (မကျင့်ရသေး ၀/၁၀)]
[ကျွမ်းကျင်မှုများ - လုံမျိုးနွယ် ပုဆိန်အတတ် (ပါရဂူ ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ခဲပစ်အတတ် (ပါရဂူ ၀/၃၀)၊ ကိုယ်ဖော့သိုင်း (ပါရဂူ ၀/၆၀)၊ အခြေခံလှံအတတ် (အခြေခံ ၀/၆)၊ လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းနည်းစနစ် အပိုင်းအစ (၁)၊ စွမ်းအင်ပိတ်ဆို့နည်းစနစ် (အခြေခံ ၀/၃)]
[ပါရမီ - ကျောက်ဖြစ်ခြင်း (ပါရဂူ ၀/၂၀၀ + ကျောက်ဝိညာဉ် ၁၀ ခု + ဖီးနစ်သွေးကျောက် ၃ ခု + နှင်းဖြူကျောက် ၁ ခု)၊ လျင်မြန်ခြင်း (အခြေခံ ၀/၂၀ + မြေနဂါးအဆီအနှစ်အကြော ၁ ခု)]
[စွမ်းအင် - ၁၁၅]
မူလက တတ်မြောက်ထားသော ပထမအဆင့် အသက်ရှူနည်းစနစ်သည် ဒုတိယအဆင့် ကျွမ်းကျင်မှုအဖြစ်သို့ အောင်မြင်စွာ ကူးပြောင်းသွားပြီဖြစ်ရာ အစမှ ပြန်လည်ကျင့်ကြံရန် မလိုတော့ပေ။ ကျင့်စဉ်၏ အခြေအနေအရ တစ်နေ့လျှင် ကျွမ်းကျင်မှု ၅ မှတ်နှုန်း တိုးတက်နေသဖြင့် နောက်ထပ် နှစ်လမပြည့်မီအချိန်အတွင်းမှာပင် သူသည် ဒုတိယချီစွမ်းအား သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဤသို့သော အရှိန်အဟုန်မျိုးမှာ ထိပ်တန်းပါရမီရှင်တစ်ဦး၏ အဆင့်အတန်းမျိုးပင်။ အကယ်၍ ဒုတိယအဆင့် အသက်ရှူနည်းစနစ်ကို ပါရဂူ အဆင့်အထိ မြှင့်တင်နိုင်ပါက ယခုထက်ပင် ပိုမိုမြန်ဆန်လာဦးမည်။ စွမ်းအင်မှာ လုံလောက်နေပြီဖြစ်သော်လည်း နှလုံးစားမြက်နှင့် အရိုးဖောက်သစ်ခွ ဟူသော ဆေးဖက်ဝင် ပစ္စည်းနှစ်မျိုး လိုအပ်နေသေးသည်။
သားရဲရှာဖွေရေးဌာနကို တစ်ခေါက်လောက် သွားကြည့်ဖို့ လိုမယ်ထင်တယ်။
လုံယီက တွေးလိုက်မိသည်။