အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း။ ၁၂၅
ထိုက်မြို့၏ အဓိကမြို့လယ်ဗဟိုရှိ သားရဲရှာဖွေရေးဌာနသို့ ရိုးရှင်းသော အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦး တစ်ကျော့ပြန် ရောက်ရှိလာပြန်သည်။
“ဝက်ဝံသုံးကောင်”
“ကျားနှစ်ကောင်”
“ကျားသစ် ခုနစ်ကောင်”
“ပြီးပြီ... ပြီးပြီဟေ့ သခင်လေး အောင်မြင်သွားပြီ ဟားဟားဟား”
လုံယီ အခန်းအတွင်းသို့ ဝင်လိုက်သောအခါ ရင်းနှီးနေကျ မြင်ကွင်းကိုသာ မြင်တွေ့ရသည်။ သို့သော် အခန်းထဲရှိ လူလေးဦးလုံးမှာ အသစ်များ ဖြစ်နေကြပြီး ယခင်က သူနှင့်ဆုံခဲ့သည့် အနီရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီး ဟုန်လွမ်ကိုမူ မတွေ့ရတော့ပေ။ လုံယီ ရောက်သွားချိန်မှာ ထိုလေးဦးမှာ ကျောက်ဖဲကစားပြီးစ အားလပ်နေချိန်ဖြစ်သဖြင့် သူ့ကို ချက်ချင်းပင် ဧည့်ခံနိုင်ကြသည်။
“အစ်ကို... ဘာများ ကူညီပေးရမလဲခင်ဗျာ”
ခပ်ဝဝအမျိုးသားတစ်ဦးက ယဉ်ကျေးစွာ မေးမြန်းသည်။
“ကျွန်တော့်ရဲ့ အမှတ်တွေကို စစ်ချင်လို့ပါ”
ထိုသို့ပြောကာ လုံယီက သားရဲရှာဖွေရေးတံဆိပ်ကို ကမ်းပေးလိုက်သည်။
“ခဏလေး စောင့်ပါဦး”
ထိုသူက ထူထဲသော မှတ်တမ်းစာအုပ်ကြီးများကို ထုတ်ယူကာ အမည်များကို လိုက်လံရှာဖွေကြည့်ရှုသည်။
“လျိုရှူး... အော် တွေ့ပြီ ဟင်...”
သူ၏ မျက်လုံးများမှာ အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာပြီး လုံယီကို တစ်ချက်
ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား သားရဲရှာဖွေရေးတပ်ဖွဲ့ထဲ ရောက်တာ တစ်လပဲ ရှိသေးတယ်။ ဒါပေမဲ့ အမှတ် ၅၀ တောင် စုမိနေပြီလား။ ပြီးတော့ ငွေစ ၈၀၀ ကျော်တောင် အပ်နှံထားတယ်နော်”
သူပြောလိုက်သည်နှင့် ကျန်ရှိနေသူများအားလုံး လုံယီကို ဝိုင်းအုံကြည့်လာကြတော့သည်။
ရှီချိုင်ဖုန်းက ငါ့အတွက် အရာအားလုံး စီစဉ်ပေးခဲ့တာပဲ။
သားရဲတောင်တန်းခြေရင်းရှိ စခန်းများတွင် သားရဲရှာဖွေသူများ ဖမ်းဆီးရမိသော သားရဲများကို လက်ခံရန်၊ အမှတ်များနှင့် ငွေကြေးများကို တွက်ချက်ရန် တာဝန်ခံများ သီးသန့်ရှိကြပြီး ၎င်းတို့ကတစ်ဆင့် မြို့မရှိ သားရဲရှာဖွေရေးဌာနသို့ သတင်းအချက်အလက်များကို ပေးပို့ရခြင်းဖြစ်သည်။ ယခုကဲ့သို့ အမှတ်များစွာ ရှိနေခြင်းမှာ ရှီချိုင်ဖုန်းက ယခင်က ကတိပေးခဲ့သည့်
အတိုင်း ဝေစုအများစုကို လုံယီ၏ အမည်ပေါက်ဖြင့် ထည့်သွင်းပေးခဲ့ခြင်းကြောင့်ပင်။
လုံယီကမူ တည်ငြိမ်စွာဖြင့်ပင် “ပစ္စည်းလဲလှယ်ရေး မှတ်တမ်းကို ကြည့်ချင်ပါတယ်” ဟု ပြောလိုက်သည်။
ခေတ္တအကြာတွင်...
အဆင့်နိမ့် ပစ္စည်းလဲလှယ်ရေးမှတ်တမ်းဟု စာလုံးကြီးများဖြင့် ရေးသားထားသော ထူထဲသည့် စာအုပ်ကြီးကို လုံယီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ လုံယီက အသေအချာ ဖတ်ရှုကြည့်ရာ ကျောက်ဝိညာဉ်၊ ဖီးနစ်သွေးကျောက်နှင့် နှလုံးစားမြက်တို့ကို တွေ့ရှိရသော်လည်း ပိုမိုရှားပါးသော မြေနဂါးအဆီအနှစ်အကြော၊ နှင်းဖြူကျောက်နှင့် အရိုးဖောက်သစ်ခွ တို့ကိုမူ မတွေ့ရပေ။
လဲလှယ်ရေးနှုန်းထားများမှာ ကျောက်ဝိညာဉ် တစ်ခုလျှင် ငွေစ ၆၀ နှင့် အမှတ် ၂ မှတ်၊ ဖီးနစ်သွေးကျောက် တစ်ခုလျှင် ငွေစ ၁၈၀ နှင့် အမှတ် ၇ မှတ်နှင့် နှလုံးစားမြက် တစ်ပင်လျှင် ငွေစ ၈၀ နှင့် အမှတ် ၂ မှတ်ပင်။
ဤနေရာရှိ ဈေးနှုန်းများမှာ ပြင်ပပေါက်ဈေးထက် များစွာသက်သာသော်လည်း အမှတ်များ ထပ်ဆောင်းပေးရန် လိုအပ်သည်။ လုံယီ လိုအပ်နေသော နှလုံးစားမြက် ၇ ပင်၊ ကျောက်ဝိညာဉ် ၁၀ ခု နှင့် ဖီးနစ်သွေးကျောက် ၃ ခု တို့အတွက် စုစုပေါင်း အမှတ် ၅၅ မှတ်နှင့် ငွေစ ၁၇၀၀ လိုအပ်နေသည်။
အမှတ်အနည်းငယ် လိုအပ်နေသေးသော်လည်း ငွေကြေးကိစ္စမှာ လုံယီအတွက် အခက်အခဲ မရှိပေ။ လိုအပ်ပါက ချင်းဖုန်းဘုရားကျောင်းထံမှ ရန်ပုံငွေ အချို့ကို ရယူနိုင်သည်။
"ဒါက အဆင့်နိမ့် ပစ္စည်းလဲလှယ်ရေး မှတ်တမ်းပဲရှိသေးတာ။ အလယ်အလတ် ဒါမှမဟုတ် အဆင့်မြင့် လဲလှယ်ရေး မှတ်တမ်းတွေကော ရှိသေးလား"
လုံယီက မေးမြန်းလိုက်သည်။
"အဆင့်မြင့် ပစ္စည်းလဲလှယ်ရေး မှတ်တမ်းကို ကြည့်ချင်ရင်တော့ စုစုပေါင်း အမှတ် ၁၀၀၀ ပြည့်ဖို့ လိုအပ်ပါတယ်"
ခပ်ဝဝ အမျိုးသားက ပြုံးလျက် ဖြေကြားသည်။
ထိုစကားကို ကြားရသောအခါ လုံယီ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ ဤသားရဲရှာဖွေရေးဌာန၏ စည်းကမ်းမှာ အနည်းငယ် ရယ်စရာကောင်းလှသည်။ အမှတ် ၁၀၀၀ ဆိုသည်မှာ စုဆောင်းရန် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး သာမန်လူတစ်ယောက်အတွက် တစ်သက်လုံး ကြိုးစားလျှင်ပင် ပြည့်ရန် ခဲယဉ်းလှသည်။ သို့သော် အခြားတစ်ဖက်မှ ကြည့်
လျှင်လည်း ထိုအဆင့်မြင့် မှတ်တမ်းထဲရှိ ပစ္စည်းများက အလွန်ထူးခြားဆန်းပြားမည်မှာ သေချာသည်။
"ဒါဆိုရင်တော့ နှလုံးစားမြက် ၇ ပင်၊ ဖီးနစ်သွေးကျောက် ၃ ခုနဲ့ ကျောက်ဝိညာဉ် ၇ ခုပဲ ယူမယ်"
လုံယီက ပြောကာ ငွေစ ၇၀၀ ကျော်ကို ထိုသူ့ထံ ကမ်းပေးလိုက်သည်။ ကျန်ရှိသော ကျောက်
ဝိညာဉ် ၃ ခုကိုမူ မှောင်ခိုဈေးကွက်တွင် အခွင့်သာလျှင် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
"ကျောက်ဝိညာဉ်နဲ့ ဖီးနစ်သွေးကျောက်တွေကတော့ အသင့်ရှိပါတယ်။ ဒါပေမဲ့ နှလုံးစားမြက်
ကတော့ သိုလှောင်ရ ခက်ခဲတဲ့အတွက်ရဖို့ တစ်ပတ်လောက် စောင့်ရပါလိမ့်မယ်"
"ကောင်းပြီလေ တစ်ပတ်နေရင် ပြန်လာယူမယ်"
လုံယီသည် ကျောက်ဝိညာဉ်နှင့် ဖီးနစ်သွေးကျောက်များကို လက်ခံယူကာ သူ၏ အိတ်နက်အတွင်းသို့ ထည့်လိုက်သည်။
သားရဲရှာဖွေရေးဌာန၏ အထွက်တံခါးဝသို့ ရောက်သောအခါ...
လုံယီ၏ ခြေလှမ်းများမှာ အနည်းငယ် တုံ့သွားပြီး ဘေးဘက်ရှိ နေရာတစ်ခုသို့ မသိမသာ ဝေ့ဝဲကြည့်လိုက်သည်။ သူသည် ဘာမှမဖြစ်သကဲ့သို့ ဆက်လျှောက်သွားသော်လည်း လူသူကင်းဝေးသော လမ်းကြားတစ်ခုအတွင်းသို့ ချိုးကွေ့ဝင်လိုက်သည်နှင့်….
ရှူး….
ငွေရောင်ဓားရှည် နှစ်လက်သည် ရှေ့နှင့် နောက်တစ်ပြိုင်နက်တည်း လေထုကို ဖြတ်သန်းကာ သူ့ထံသို့ ရက်စက်စွာ ပစ်ဝင်လာတော့သည်။ လေတိုးသံ ပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်သူများသည် အနည်းဆုံး ချီစွမ်းအင်ပတ်လမ်းငယ် အဆင့် သိုင်းပညာရှင်များ ဖြစ်ကြပေလိမ့်မည်။ ထူးခြားသည်မှာ ဓားသွားများသည် သူ၏ လက်မောင်းနှင့် ပုခုံးများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ရာ အသက်ကို ရန်ရှာလိုသည့် ဆန္ဒမရှိဘဲ ဖမ်းဆီးလိုခြင်းပင်။
လုံယီသည် လေထဲသို့ မြှောက်တက်လိုက်ပြီး ခြေထောက်ကို ဘေးတိုက် အားကုန် ကန်ထုတ်လိုက်သည်။
ဝုန်း…
လှုပ်ရှားမှုမှာ ရိုးရှင်းလှသော်လည်း သူ၏ ယခုလက်ရှိ ခွန်အားနှင့် အရှိန်မှာ သာမန် ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်သူမှာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ ကန်ချက်ကို အပြည့်အဝ ခံလိုက်ရကာ အနောက်သို့ လွင့်စဉ်သွားတော့သည်။
ထို့နောက် လုံယီသည် ဘေးဘက်သို့ လျင်မြန်စွာ တိုးဝင်သွားပြီး သူ၏ ညာလက်သီးကို အားကုန် ပစ်သွင်းလိုက်သည်။ လက်သီးချက်မှာ ထိုလူငယ်၏ ဝမ်းဗိုက်ကို ထိမှန်သွားရာ သူ၏ မျက်လုံးများ ပြူးထွက်သွားပြီး အတွင်းကလီစာများပင် ပြောင်းပြန်လှန်ကုန်သကဲ့သို့ ခံစားလိုက်ရသည်။ တစ်ခဏချင်းမှာပင် လုံယီသည် လက်သီးကို လက်သည်းအဖြစ် ပြောင်းလဲကာ လကို ဖမ်းဆွဲခြင်း ဟူသော သိုင်းကွက်ဖြင့် ထိုသူ၏ ပုခုံးကို ဆွဲကိုင်၍ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ရိုက်ချလိုက်တော့သည်။
ဘုန်း…..
တိုက်ခိုက်သူ၏ ဦးခေါင်းသည် အရှိန်ပြင်းစွာဖြင့် အုတ်နီခဲများကို ဆောင့်မိသွားရာ သွေးများ အလိမ်းလိမ်း ထွက်ကျလာပြီး သတိလစ်သွားတော့သည်။
ကျန်ရှိနေသော အလယ်အလတ်အရွယ် တိုက်ခိုက်သူမှာ လုံယီ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်တကြားဖြင့် နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
ရှူး... ရှူး... ရှူး
လုံယီသည် သူ၏ အနက်ရောင်သံမဏိပုဆိန်ကို လွှဲယမ်းကာ ပစ်ထုတ်လိုက်ရာ ၎င်းမှာ လေထုကို တိုးဝှေ့လျက် ထိုသူ၏နောက်သို့ ဝဲပျံကာ လိုက်လံတိုက်ခိုက်တော့သည်။ ပုဆိန်၏ အရှိန်မှာ သာမန်မြှားများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်ရာ ပုဆိန်မှာ လမ်းကြောင်းပြောင်းသွားပြီး ပြိုင်ဘက်၏ လည်ပင်းကို တိကျစွာ ပွတ်တိုက်၍ဖြတ်သန်းသွားတော့သည်။
ခဏချင်းအတွင်းမှာပင် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ရှိသော ချောင်းမြောင်းတိုက်ခိုက်သူ နှစ်ဦးအနက် တစ်ဦးမှာ သေဆုံးသွားပြီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရကာ ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။
“မင်းတို့ကို ဘယ်သူ ခိုင်းတာလဲ”
လုံယီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အသက်ရှင်ကျန်ရစ်သူ၏ ကျောကုန်းကို ခြေထောက်ဖြင့် ဖိနင်းလိုက်ရာ အရိုးများ ကျိုးအက်သံပင် ထွက်ပေါ်လာတော့သည်။
“တကယ်ပဲ... တကယ်ပဲ မင်းက လျိုဟုန်ကို သတ်ခဲ့တာကိုး...”
“ဟင် ရှုမိသားစုကလူတွေလား”
လုံယီ မျက်မှောင်ကြုတ်လိုက်သည်။
လျိုဟုန် ဆိုသော အမည်ကို ယခင်က အနီရောင်ဝတ်စုံနှင့် အမျိုးသမီးထံမှ သူ ကြားဖူးခဲ့သည်။ ထိုသူကား သူ့ကို လှည့်စားတတ်သောအိမ်သို့ ပို့ဆောင်ကာ ထောင်ချောက်ဆင်ခဲ့သည့် နှာခေါင်းပွပွနှင့် လူမှန်း သူ သိလိုက်ပြီဖြစ်သည်။
ရန်သူ၏ နောက်ခံကို သိရှိသွားပြီဖြစ်ရာ လုံယီ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် ညာခြေကို ထိုသူ၏ လည်ပင်းဆီသို့ ရွှေ့လိုက်ပြီး အားကုန် နင်းချလိုက်တော့သည်။
ဂျွတ်…
ထိုသူ၏ လည်ပင်းရိုးမှာ ကျိုးအက်သွားပြီး ခြေလက်များမှာ ဖားတစ်ကောင်အလား နှစ်ချက်၊ သုံးချက်မျှ တွန့်လိမ်သွားကာ ငြိမ်သက်သွားတော့သည်။
“ဒါကတော့ အတော်လေး ပြဿနာတက်တာပဲ”
လုံယီသည် ရှုမိသားစု၏ အရှိန်အဝါကို တွေးတောမိပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူသည် အေးဆေးစွာဖြင့် သိုင်းပညာကို လေ့လာကာ အသက်ရှည်ရှည်နေလိုရုံသာ ဖြစ်သော်လည်း အဘယ်ကြောင့် လူမိုက်များက သူ့ကို လာပြီးရန်စနေကြတာလဲ။
သူ၏ အစွမ်းကို ယခုထက်မက ပိုမိုမြှင့်တင်ရန် လိုအပ်နေပြီဖြစ်သည်။ အကယ်၍ သူသာ သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိသွားပါက ရှုမိသားစုကဲ့သို့သော အဖွဲ့အစည်းမျိုးကို ကြောက်နေရန် မလိုတော့ပေ။
ထိုက်မြို့၏ ထိပ်တန်းမိသားစု ရှုမိသားစု၏ ခမ်းနားထည်ဝါလှသော ပန်းခြံကြီးအတွင်း၌ ရောင်စုံပန်းများမှာ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာနေကြသည်။ မီးခိုးရောင်ဝတ်စုံဝတ် အစေခံများမှာလည်း သစ်ကိုင်းများကို အာရုံစိုက်ကာ ဂရုတစိုက် ညှိယူနေကြသည်။
သန့်ရှင်းနေသော လမ်းကလေးပေါ်တွင် ခန့်ညားသော ဝတ်စုံများကို ဆင်မြန်းထားသည့် အမျိုးသား သုံးဦးမှာ စကားတပြောပြောနှင့် ရယ်မောလျက် လမ်းလျှောက်လာကြသည်။
သဋတို့မှာ ကျန်းမိသားစု၏ သားကြီးဖြစ်သူ ကျန်းဝေချုံး၊ ရှုမိသားစု၏ သခင်လေး ရှုဖုန်းနှင့် အလယ်ပိုင်းဒေသမှ သခင်လေးလုံတို့ပင်။
“နန်းမြို့တော်တောင်ကုန်းပေါ်က နတ်ဓားရှင် ကျူးယွမ်နဲ့ မီးလျှံဓားရှင် ချီရှန့် တို့ရဲ့ တိုက်ပွဲက သုံးရက်သုံးည ကြာမြင့်ခဲ့တယ်။ ကြည့်ရှုသူတွေကလည်း တောင်ထိပ်ကနေ တောင်ခြေအထိ တောင်တန်းကြီးတွေလို တိုးမပေါက်အောင် များပြားလှတာပေါ့...”
“ငါတို့ဒေသမှာတော့ ထိပ်တန်းမိသားစုတိုင်း ဝိညာဉ်သားရဲတွေကို မွေးမြူကြတာ ဂုဏ်ယူစရာတစ်ခုပဲ။ အန္တရာယ်ရှိလားလို့လား။ သူတို့ကို ငယ်ငယ်ကတည်းက ယဉ်ပါးအောင် သင်ကြားထားတာဆိုတော့ ဘယ်လိုလုပ် အန္တရာယ်ရှိမှာလဲ”
“အလယ်ပိုင်းဒေသဟာ တကယ့်ကို ကျယ်ပြန့်ပြီး သယံဇာတတွေ ပေါများသလို ထူးချွန်တဲ့လူတွေလည်း အများကြီးပဲ။ အခုချက်ချင်း မသွားနိုင်သေးတာကိုပဲ နောင်တရမိတယ်”
“ဟေ့... ဘာတွေ လောနေတာလဲ ညီအစ်ကိုကျန်းရဲ့။ ငါတို့မိသားစုတွေ မဟာမိတ်ဖွဲ့ပြီးသွားရင် မင်း အလယ်ပိုင်းဒေသကို စိတ်ကြိုက်သွားလို့ရပြီပဲ မဟုတ်လား”
“ညီအစ်ကိုလုံ ပြောတာ မှန်တယ် ဟားဟား”
စကားတပြောပြောဖြင့် လျှောက်လာကြသော အမျိုးသား သုံးဦးအနက် တစ်ဦးမှာ ကျန်းဝေတ၏အစ်ကို ကျန်းဝေချုံးဖြစ်ပြီး အနီရင့်ရောင် ဝတ်စုံကို ဆင်မြန်းကာ ရွှေရောင်သရဖူ ဆောင်းထားသည်။ သူသည် အဖြူရောင် တောင်ပံယပ်တောင်ကို ကိုင်ဆောင်ထားပြီး အနည်းငယ် ဝင့်ကြွားသော ပုံစံရှိသည်။
ကျန်နှစ်ဦးမှာလည်း ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားကြသော်လည်း သူတို့၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လှသည်။ တစ်ဦးမှာ ရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဖူးမြင့်ကာ ဦးခေါင်းကြီးသော်လည်း မေးစေ့မှာ ချွန်ထွက်နေသည်။ ၎င်းမှာ ကြည့်ရဆိုးသည်ဟု ဆိုနိုင်သော်လည်း ထူးခြားသော ရုပ်ရည်ဟုလည်း သတ်မှတ်နိုင်သည်။
ကျန်တစ်ဦးမှာမူ အပြာရောင် တိမ်တိုက်ပုံစံ ပိုးအင်္ကျီကို ဝတ်ဆင်ထားပြီး အသားဖြူကာ ရုပ်ရည်ချောမွေ့သည်။ သူ၏ မျက်လုံးများတွင် မာနအရိပ်အယောင်များ ရှိနေပြီး သူဌေးသား သခင်လေးတစ်ဦးဖြစ်ကြောင်း သိသာလှသည်။
“သခင်လေး... သခင်လေး”
ထိုစဉ် အစေခံတစ်ဦးက ထိတ်လန့်တကြား ပြေးလာရာ အပြာရောင်ဝတ်စုံနှင့် သခင်လေးမှာ မကျေနပ်သော အမူအရာ ဖြစ်သွားသည်။
“ဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ”
အစေခံမှာ တောင်းပန်စကား ပြောရင်း သခင်လေး၏ နားနားသို့ ကပ်၍ စကားအနည်းငယ် ပြောလိုက်သည်။
“ဘာ သူတို့အားလုံး အသတ်ခံလိုက်ရတယ် ဟုတ်လား”
အပြာရောင်ဝတ်စုံနှင့် သခင်လေးမှာ အံ့ဩဒေါသထွက်သွားကာ “စုံစမ်းစမ်း... သေသေချာချာ စုံစမ်းစမ်း”
“ဘာကိစ္စလဲ ညီအစ်ကိုရှု”
ကျန်းဝေချုံးက စပ်စုလိုက်သည်။
“လူတစ်ယောက်ကို စုံစမ်းဖို့ ငါ့အိမ်က အစေခံတွေကို လွှတ်လိုက်တာ အကုန်အသတ်ခံလိုက်ရတယ်တဲ့။ ဒီလူယုတ်မာက တကယ့်ကို ရက်စက်တာပဲ။ ငါတို့ ရှုမိသားစုဝင် အတော်များများကို သတ်ခဲ့ပြီးပြီ”
အပြာရောင်ဝတ်စုံနှင့် ရှုဟောင်ရင်၏ မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားသည်။
“ရှုမိသားစုဝင်တွေကို သတ်ရဲရအောင် ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ”
ကျန်းဝေချုံးက ဒေါသတကြီး ရေရွတ်လိုက်သည်။
“သူ့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို အလွယ်တကူ သုတ်သင်နိုင်တဲ့ ဝိညာဉ်ဖျက်ဓားရဲ့ အစွမ်းကို သူ မသိဘူးထင်တယ်”
“ဒီလိုကိစ္စလေးအတွက်တော့ အဖိုးကြီးကို သွားမနှောင့်ယှက်ပါနဲ့။ မိသားစုထဲက နာမည်ကြီး ဓားသမား လေးယောက်ထဲက တစ်ယောက်လောက် လွှတ်လိုက်ရင်ပဲ သူ့ကို သတ်လို့ရပါပြီ”
ရှုဟောင်ရင်က ရယ်မောလိုက်ပြီး “သူခိုးလေး တစ်ယောက်ပါပဲ။ ငါ ရှုဟောင်ရင်က သူ့ကို အလွယ်တကူ နှိမ်နင်းပြပါ့မယ်။ ထားလိုက်ပါတော့... သခင်လေးလုံရဲ့ စိတ်ကို အနှောင့်အယှက် မဖြစ်စေချင်ဘူး”
သခင်လေးလုံဟု ခေါ်ဆိုခံရသူမှာ ဘာမှမပြောဘဲ ပြုံး၍သာ နေသည်။ သို့သော် ကျန်းဝေချုံး၏ မျက်လုံးထဲတွင်မူ ထိုသူမှာ ပိုမိုနက်နဲပြီး လျှို့ဝှက်ချက်များစွာ ရှိနေသူအဖြစ် မြင်နေရတော့သည်။
ထိုက်မြို့၏ အနောက်ဘက်ဆင်ခြေဖုံး မှောင်ခိုဈေးကွက်၌ ရိုးရှင်းသော အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦး ထွက်လာပြီး သူ၏မျက်နှာတွင် အားမလိုအားမရဖြစ်နေသော ပုံစံ ရှိနေသည်။
ဒီအရိုးဖောက်သစ်ခွက တကယ့်ကို ရှားပါးတာပဲ။ မှောင်ခိုဈေးမှာတောင် မရှိဘူး။
အရိုးဖောက်သစ်ခွ မှာ အသက်ရှူနည်းစနစ် ကျွမ်းကျင်မှုကို မြှင့်တင်ရန် အလွန်အရေးကြီးသော ပစ္စည်းဖြစ်ရာ လုံယီအတွက် ယခုအချိန်တွင် နံပါတ်တစ် ဦးစားပေး ရှာဖွေရမည့် ရတနာဖြစ်သည်။
ထို့ကြောင့် ၎င်းကိစ္စကို ထျန်းစူးထံတွင် စုံစမ်းကြည့်ခြင်းက ပို၍ကောင်းပေလိမ့်မည်။ လွန်ခဲ့သည့်အကြိမ်က သူမ သူ့ကို ရှာနေသေးသဖြင့် တစ်ခါတည်း သွားတွေ့ကာ သူမဘက်မှ အကူအညီလိုသည်များကိုလည်း ကူညီပေးနိုင်ပေမည်။
လုံယီ၏ လက်ရှိခွန်အားမှာ သာမန် ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်ရှိသူများကိုပင် ကျော်လွန်နေပြီဖြစ်ရာ ထိုက်မြို့အတွင်း၌ ထိပ်တန်းအဆင့်တွင် ရှိနေသည်။ သိုင်းဆရာသခင်အဆင့်ရှိသည့် အဘိုးအိုများ ထွက်မလာသရွေ့ သူသည် အရေးနိမ့်စရာ မရှိပေ။
အခန်း။ ၁၂၆
လုံယီသည် မြို့အနောက်ဘက်ရှိ ရှန့်လုံလက်ဖက်ရည်ဆိုင်သို့ ချက်ချင်းပင် သွားရောက်ခဲ့သည်။ သူသည် ဆိုင်ရှင်နှင့် တွေ့ဆုံကာ ယခင်အတိုင်းပင် သီးသန့်အခန်းတစ်ခုသို့ ဖိတ်ကြားခံရပြီး အလယ်အလတ်တန်းစား လက်ဖက်ရည်ကို သောက်သုံးရင်း နံရံရှိ ပန်းချီကားများကို အေးဆေးစွာ ကြည့်ရှုနေလိုက်သည်။
တစ်ချိန်တည်းမှာပင် လျင်မြန်သော မြင်းတစ်စီးသည် စူးမိသားစုထံသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားတော့သည်။
စုစံအိမ်တော်….
အဖြူရောင်ဝတ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦးသည် ထွင်းထုမွမ်းမံထားသော သစ်သားခုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေသည်။ သူမ၏ သွယ်လျသော လက်ချောင်းလေးများက ဥတစ်လုံးစာခန့် ထူထဲသော စာအုပ်ကို ကိုင်စွဲကာ တိတ်ဆိတ်စွာ ဖတ်ရှုနေ၏။
သူမ၏ ဘေးနားတွင်မူ ပန်းထိုးထားသော စောင်၊ ငှက်နှင့် ပန်းပုံစံများပါသည့် ကာရံထားသော လိုက်ကာများ၊ နီညိုရောင်သစ်သားဖြင့် ပြုလုပ်ထားသော မှန်တင်ခုံတို့ ရှိနေသည်။ မှန်တင်ခုံပေါ်တွင်မူ ကြေးမှန်၊ နှုတ်ခမ်းနီဗူး၊ ကျောက်စိမ်းဆံထိုးနှင့် ရွှေလက်ကောက်တို့မှာ အနုစိတ်စွာ ခင်းကျင်းထားသည်။
ဒုန်း... ဒုန်း... ဒုန်း
အလျင်အမြန် ပြေးလာသော ခြေသံများကြောင့် အိပ်ဆောင်အတွင်းရှိ တိတ်ဆိတ်မှုမှာ ပျက်ပြားသွားရသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ခေါင်းမော့ကြည့်လိုက်ပြီး အနှောင့်အယှက်ပေးသူကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ဝင်လာသူမှာ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုံယီနှင့် အကြိမ်အနည်းငယ် ဆုံဖူးသည့် ရှောင်ချန်းပင်။
"သခင်မလေး..."
ရှောင်ချန်းက ပြုံးစိစိဖြင့် ပြောသည်။
"အားလုံး အဆင်သင့်ဖြစ်နေပါပြီ ဘယ်အချိန်မဆို စတင်လှုပ်ရှားလို့ ရပါတယ်"
"ဒီတစ်ခါတော့ အဲဒီအရာကိုသာ ဖမ်းမိရင် ငါ့အဖေရဲ့ ဒဏ်ရာဟောင်းကို ကုသဖို့ နည်းလမ်း ရှာတွေ့နိုင်လိမ့်မယ်။ အဲဒီကျရင် မိသားစုထဲမှာ အာဏာမက်နေတဲ့သူတွေလည်း ငြိမ်သွားကြလိမ့်
မယ်"
ထျန်းစူးရှီက စာအုပ်ကို ချလိုက်ပြီး သူမ၏ ဖြူဝင်းသော မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အဲဒီလူတွေက တကယ့်ကို ကိုယ်ကျိုးရှာပြီး စိတ်နှလုံး မရှိကြဘူး။ မိသားစုသခင်ရဲ့ ဒဏ်ရာ ပျောက်ကင်းသွားတာနဲ့ သူတို့ကို တစ်ခုခု လုပ်ရမယ်"
ရှောင်ချန်းက ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "ဪ... ဒါနဲ့ လုံယီ ရောက်နေတယ် သခင်မလေး။ သူက သခင်မလေးနဲ့ တွေ့ချင်တယ်တဲ့။ တွေ့လိုက်ရမလား"
"လုံယီ ဟုတ်လား"
ထျန်းစူးရှီ ခဏမျှ ကြောင်သွားပြီး ခိုင်မာသော ဆုံးဖြတ်ချက်ရှိသည့် လူငယ်လေး၏ မျက်နှာကို မြင်ယောင်သွားသည်။
"မင်းကော ဘယ်လိုထင်လဲ"
"ပြီးခဲ့တဲ့အကြိမ်က ကျွန်မတို့ သူ့ကို အကူအညီတောင်းတုန်းက သူ ငြင်းခဲ့တာလေ။ အခု အားလုံးကလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့ သူ့ကို အတင်းထည့်လိုက်ရင် အဆင်မပြေမှာ စိုးရတယ်။ ပြီးတော့ သူက အရင်က အဆင့်မတက်သေးတဲ့သူပဲလေ။ အခု အနည်းငယ် သန်မာလာတယ်ဆိုဦးတော့ လေပြေဓားရှင်၊ သံမဏိသခင်မတို့လို လူတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"
ရှောင်ချန်းက ဝေဖန်လိုက်သည်။
ထိုစကားကို ကြားသောအခါ လုံယီက ယခင်က သူမကို ငြင်းပယ်ခဲ့ပုံကို ထျန်းစူးရှီ ပြန်လည်အမှတ်ရသွားပြီး သူမ၏ ရင်ထဲတွင် အလိုလို ဒေါသများ မြင့်တက်လာတော့သည်။
"ကောင်းပြီလေ... ဒီတစ်ခါတော့ သူ့ကို တွေ့မနေတော့ဘူး"
"ဟွန်း... ဟုတ်တယ် သူ့ဘာသာသူ ပြန်ပြီး စဉ်းစားခန်းဖွင့်ပါစေဦး"
ရှောင်ချန်းက ကြက်ပေါက်လေး အစာဆိတ်သလို ခေါင်းကို တဆတ်ဆတ် ငြိတ်ပြလိုက်သည်။
အခြားတစ်ဖက်တွင်မူ လုံယီသည် ရှန့်လုံလက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ကြမ်းကို တစ်နာရီကြာအောင် ထိုင်သောက်နေခဲ့သည်။ လက်ဖက်ရည်စိမ်း၊ လက်ဖက်ရည်ဖြူမှသည် လက်ဖက်ရည်နက်အထိ အမျိုးမျိုးကို မြည်းစမ်းနေခဲ့ရာ သူ၏ ဆီးအိမ်ပင် တင်းလာတော့သည်။
ရုတ်တရက် ဆိုင်ရှင်ဖြစ်သူ ရောက်လာပြီး "သခင်မလေးက မအားသေးလို့ပါ" ဟု အကြောင်းကြားလိုက်သောအခါ လုံယီမှာ ဆွံ့အသွားရတော့သည်။
ပြီးခဲ့တဲ့အကြိမ်က ငါမလာခဲ့လို့ အခုထိ စိတ်ကောက်နေတုန်းလား။
လုံယီသည် အကြောင်းရင်းကို ချက်ချင်းရိပ်မိသွားပြီး လက်ဖက်ရည်ဆိုင်မှ ထွက်လာရင်း ခါးသက်သက် ပြုံးလိုက်မိသည်။
ကြည့်ရသည်မှာ အရိုးဖောက်သစ်ခွကို လောလောဆယ် ရရှိနိုင်ဦးမည် မဟုတ်ပေ။ သို့သော် သူ၏ စွမ်းအင်များကိုလည်း ဒီအတိုင်း အလဟဿ ပစ်မထားနိုင်ပေ။
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ပြန်လည်ကြည့်ရှုလိုက်သည်။
[အမည် - လုံယီ]
[အသက် - ၁၉/၆၂]
[နယ်ပယ် - ပထမချီစွမ်းအားသိုင်းပညာရှင် (၈၄/၆၀၀)]
[ကျင့်စဉ် - အဝါရောင် အထွက်အထိပ် အသက်ရှူနည်းစနစ် (ဒုတိယအဆင့်၊ ကျွမ်းကျင် ၀/၁၀၀ + နှလုံးစားမြက် ၇ ပင် + အရိုးဖောက်သစ်ခွ ၁ ပင်)၊ ဟူမျိုးနွယ် အသက်ရှူနည်းစနစ် (မကျင့်ရသေး ၀/၁၀)]
[ကျွမ်းကျင်မှုများ - လုံမျိုးနွယ် ပုဆိန်အတတ် (ပါရဂူ ၀/၁၀၀)၊ အစွန်းရောက်လက်သီး (ကျွမ်းကျင် ၀/၃၀)၊ ခဲပစ်အတတ် (ပါရဂူ ၀/၃၀)၊ ကိုယ်ဖော့သိုင်း (ပါရဂူ ၀/၆၀)၊ အခြေခံလှံအတတ် (အခြေခံ ၀/၆)၊ လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းနည်းစနစ် အပိုင်းအစ (၁)၊ စွမ်းအင်ပိတ်ဆို့နည်းစနစ် (အခြေခံ ၀/၃)]
[ပါရမီ - ကျောက်ဖြစ်ခြင်း (ပါရဂူ ၀/၂၀၀ + ကျောက်ဝိညာဉ် ၁၀ ခု + ဖီးနစ်သွေးကျောက် ၃ ခု + နှင်းဖြူကျောက် ၁ ခု)၊ လျင်မြန်ခြင်း (အခြေခံ ၀/၂၀ + မြေနဂါးအဆီအနှစ်အကြော ၁ ခု)]
[စွမ်းအင် - ၁၂၀]
လက်ရှိတွင် သူ၌ စွမ်းအင်အသုံးချရမည့် ကျင့်စဉ်နှင့် ကျွမ်းကျင်မှုများစွာ ရှိနေသဖြင့် ဦးစားပေးအစီအစဉ်ကို စနစ်တကျ ချမှတ်ရန် လိုအပ်လာသည်။
အသက်ရှူနည်းစနစ်မှာ နံပါတ်တစ် ဦးစားပေးဖြစ်သော်လည်း နယ်ပယ်သည်သာ အခြေခံအုတ်မြစ်ဖြစ်၏။ နယ်ပယ်မမြင့်မားပါက မည်မျှပင် အစွမ်းထက်သော သိုင်းကွက်ရှိပါစေ ဓားကြီးကို ကိုင်ထားသည့် ကလေးတစ်ယောက်ကဲ့သို့သာ ဖြစ်ပြီး ကန့်သတ်ချက်များစွာ ရှိနေပေလိမ့်မည်။
သက်တမ်းတိုးမြှင့်ခြင်းမှာ အရေးအကြီးဆုံးအချက်ဖြစ်သည်။ လုံယီသည် သူ သိုင်းကျင့်ရခြင်း၏ အဓိကရည်မှန်းချက်မှာ အသက်ရှည်ရန် ဖြစ်သည်ကို တစ်ခါမျှ မေ့လျော့ခြင်း မရှိပေ။ သို့သော် ဝမ်းနည်းစရာမှာ အရိုးဖောက်သစ်ခွ မရှိသေးသဖြင့် အသက်ရှူနည်းစနစ်ကို မြှင့်တင်ရန် ခေတ္တဆိုင်းငံ့ထားရပေဦးမည်။
ဒုတိယဦးစားပေးမှာ သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ချက်ချင်းမြင့်တက်စေမည့် ကျွမ်းကျင်မှု သို့မဟုတ် ပါရမီများဖြစ်သည်။ ရှိနှင့်ပြီးသား ပါရမီနှစ်ခုစလုံးမှာ လိုအပ်သော ရတနာများ မရှိသေးသဖြင့် လောလောဆယ် စဉ်းစား၍ မရသေးပေ။
ထို့ကြောင့် ကျွမ်းကျင်မှုများအနက် ပုဆိန်အတတ်နှင့် လက်သီးသိုင်းတို့ကို အဆင့်မြှင့်တင်ရန်မှာ သူ၏ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာတော့သည်။
ပုဆိန်အတတ်သည် ပါရဂူအဆင့်တွင် ရှိနေပြီး လက်သီးသိုင်းမှာမူ ကျွမ်းကျင်အဆင့်သာ ရှိသေးသဖြင့် ပုဆိန်အတတ်ကို ဦးစွာ မြှင့်တင်ရန် လုံယီ ဆုံးဖြတ်လိုက်သည်။
သူသည် အိမ်သို့ပြန်ရောက်သောအခါ ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်၍ စိတ်ကို စုစည်းလိုက်သည်။ ထို့နောက် လုံမျိုးနွယ် ပုဆိန်အတတ် ဘေးရှိ အပေါင်းလက္ခဏာကို အာရုံစူးစိုက်ကာ ဖိနှိပ်လိုက်သည်။
[စွမ်းအင် - ၁၀၀]
ထိုခဏချင်းမှာပင် လုံမျိုးနွယ် ပုဆိန်အတတ်၏ အခြေအနေမှာ (ပါရဂူ ၀/၁၀၀) မှ (အဆင့်
မြင့်အောင်မြင်မှု ၀/၅၀၀) သို့ ပြောင်းလဲသွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ စိတ်အာရုံထဲသို့ ထူးဆန်းသော မှတ်ဉာဏ်တစ်ခု စီးဝင်လာခဲ့သည်။
မိုင်ထောင်ချီ ကျယ်ပြန့်ပြီး သစ်တောများ ထူထပ်ကာ မြစ်ချောင်းများ အဆက်မပြတ် စီးဆင်းနေသည့် မဟာတောရိုင်းမြေကြီးအတွင်း၌ လူသားမျိုးနွယ်စု ရာနှင့်ချီ၍ နေထိုင်ကြသည်။ ထိုမျိုးနွယ်စုများသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးများ၏ ရန်ကို စုပေါင်း၍ ခုခံခဲ့ကြရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပုဆိန်ဘုရင် အာဟေးတာသည် နတ်ဆိုးဘုရင်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီးနောက် လူသားမျိုးနွယ်စုများသည် အေးချမ်းသာယာစွာဖြင့် အင်အားတောင့်တင်းလာခဲ့ကြသည်။ အာဟေးတာသည် အသက်အရွယ်ကြီးရင့်လာသောအခါ သူ၏ ရာထူးကို အရည်အချင်းရှိသူ အာကျုံးကန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
သို့သော် ထိုသာယာမှုမှာ ကြာရှည်မခံခဲ့ပေ။ နတ်ဆိုးမျိုးနွယ်စုထဲမှ ဘုရင်သစ်တစ်ပါး ထပ်မံပေါ်ပေါက်လာပြန်သည်။ ထိုနတ်ဆိုးဘုရင်သည် အရပ် ၇ ပေကျော် မြင့်မားရုံသာမက သူ၏ ခန္ဓာကိုယ်မှာလည်း သံမဏိကဲ့သို့ မာကျောလှသဖြင့် ဓား၊ လှံ၊ လက်နက်များဖြင့် ထိုးခုတ်၍ မရနိုင်ဘဲ လူသားမျိုးနွယ်စုများမှာ အထိနာကာ ဆုတ်ခွာခဲ့ကြရသည်။
“ငါတို့ ပုဆိန်ဘုရင်ကြီးကို ပြန်ပင့်မှ ဖြစ်တော့မယ်”
“သူက အခုဆို အသက်ကြီးနေပြီလေ ပြီးတော့ စိတ်လည်း သိပ်မှန်ပုံမရဘူး။ သူက ဘာမှမရှိတဲ့ လေထုကိုပဲ ပုဆိန်နဲ့ အမြဲခုတ်နေတာ ငါတွေ့တယ်”
“ဒါမှမဟုတ် ပုဆိန်ဘုရင်ကြီးက တစ်ခုခု နက်နဲတဲ့ သိုင်းကျင့်စဉ်ကို ကျင့်နေတာများလား”
အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး မျိုးနွယ်စုခေါင်းဆောင်များသည် အာကျုံးကန်၏ ဦးဆောင်မှုဖြင့် အနားယူနေသော အာဟေးတာကို သွားရောက်ပင့်ဖိတ်ကြတော့သည်။ သူတို့ ရောက်ရှိသွားချိန်တွင် ဆံပင်ဖြူဖွေးနေသော ပုဆိန်ဘုရင်ကြီးမှာ ငေးကြောင်သော မျက်လုံးများဖြင့် လေထုကိုသာ ပုဆိန်ဖြင့် ထပ်ကာတလဲလဲ ခုတ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ ခြေရင်းတွင်မူ လက်သီးဆုပ်ခန့်ရှိသော သစ်ကြားသီးပုံကြီး တစ်ပုံရှိနေသည်။
ဒါက ဘာတွေလဲ ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့၏ ဆုံးဖြတ်ချက်အပေါ် သံသယဝင်လာကြသည်။ သို့သော် အာဟေးတာသည် သူတို့ လာရင်းကိစ္စကို သိလိုက်ရသည်နှင့် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပကြည်လင်လာပြီး တိုက်ပွဲဝင်ရန် ဝမ်းမြောက်စွာ သဘောတူလိုက်သည်။
တစ်ရက်အကြာတွင်မူ တောရိုင်းမြေတစ်ခွင်၌ ဝမ်းမြောက်စရာ သတင်းကောင်းတစ်ခု ပျံ့နှံ့သွားတော့သည်။
ပုဆိန်ဘုရင်သည် နတ်ဆိုးဘုရင်သစ်ကို ပုဆိန်ချက် သုံးချက်တည်းဖြင့် အပြတ်အသတ် သုတ်သင်နိုင်ခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ပြင်ပတွင် မည်သည့်ဒဏ်ရာအနာတရမျှ မတွေ့ရခြင်းပင်။ လူမျိုးနွယ်စုခေါင်းဆောင်တစ်ဦးသည် တစ်စုံတစ်ခုကို သတိရသွားပြီး ပုဆိန်ဘုရင် လေ့ကျင့်စဉ်က အသုံးပြုခဲ့သော သစ်ကြားသီးများကို ကောက်ယူကြည့်လိုက်သည်။ သစ်ကြားသီးကို ခွဲကြည့်လိုက်သောအခါ အထဲရှိ အနှစ်သားမှာ အမှုန့်ဘဝသို့ ပြောင်းလဲနေသည်ကို တွေ့လိုက်ရတော့သည်။
...
မှတ်ဉာဏ်များ ရုတ်တရက်ရပ်တန့်သွားပြီး လုံယီသည် လက်ရှိကမ္ဘာတွင် မျက်လုံးများ ပြန်လည်ပွင့်လာခဲ့သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး ရုပ်ပိုင်းဆိုင်ရာကို အဆက်မပြတ် ပြောင်းလဲစေတော့သည်။ ၎င်းမှာ သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် လုံယီ၏ ပထမဆုံးသော သိုင်းပညာအဆင့် တိုးတက်မှုပင်။
ယခင်က ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါးဖြစ်နေသော ခန္ဓာကိုယ်ခွန်အားမှာ သိသိသာသာ ပြန်လည်မြင့်တက်လာသည်။ အပြောင်းအလဲများ ပြီးဆုံးသွားချိန်တွင် လုံယီ စမ်းသပ်ကြည့်ရာ ခွန်အားမှာ ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း တွေ့ရသည်။ အကယ်၍ သူ၏ခွန်အားမှာ ယခင်က ပေါင် ၅,၀၀၀ သို့မဟုတ် ၆,၀၀၀ ခန့်ရှိလျှင် ယခုအခါ ပေါင် ၆,၀၀၀ မှ ၇,၀၀၀ ဝန်းကျင်အထိ ရှိနေပြီဖြစ်သည်။
စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်တစ်ဦး၏ အမှတ်အသားမှာ ပေါင် ၁၀,၀၀၀ ခွန်အားရှိခြင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကို ကြည့်လျှင် သူသည် စွမ်းအင်စက်ဝန်းပြည့်အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။
သူသည် အနက်ရောင်သံမဏိပုဆိန်ကို ထုတ်ယူကြည့်ရာ ထိုပုဆိန်မှာ လက်နက်တစ်ခုထက်ပို၍ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ လက်နက်
အတတ်ပညာ သက်သက်ဖြင့်ဆိုလျှင် ထိုက်မြို့အတွင်း မည်သူမျှ သူ့ကို ဖိနှိပ်နိုင်တော့မည်
မဟုတ်ဘူးဟု လုံယီ ယုံကြည်ချက်ရှိသွားပြီဖြစ်သည်။ သူ၏ ပုဆိန်အတတ်မှာ လောကတွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
စွမ်းရည်ပြမျက်နှာပြင် ကို ပြန်ကြည့်လိုက်သောအခါ လုံမျိုးနွယ် ပုဆိန်အတတ်၏ ညာဘက်အောက်ခြေတွင် ထူးခြားသော သင်္ကေတတစ်ခု ပေါ်လာသည်။ သူ၏ စိတ်အာရုံဖြင့် ထိုသင်္ကေတကို နှိပ်လိုက်သောအခါ စာသားအချို့ ပေါ်ထွက်လာသည်။
[လုံမျိုးနွယ် ပုဆိန်အတတ်သည် အဆင့်မြင့်အောင်မြင်မှုသို့ ရောက်ရှိသွားပြီဖြစ်၍ အဆင့်
မြင့်ကျွမ်းကျင်မှု ချပ်ဝတ်ဖောက်ထွင်းခြင်းကို ရရှိပါသည်]
[ချပ်ဝတ်ဖောက်ထွင်းခြင်းသည် ပြင်ပကာကွယ်ရေးများကို လျစ်လျူရှု၍ ရန်သူ၏ အတွင်းကလီစာများကို တိုက်ရိုက် တိုက်ခိုက်နိုင်သည်။ ထိခိုက်မှုပမာဏမှာ အသုံးပြုသူ၏ ခွန်အားနှင့် စိတ်ဆန္ဒအပေါ် မူတည်သည်။ ဤသိုင်းကွက်သည် တုံ့ပြန်မှုဒဏ်ရှိသဖြင့် အချိန်တိုအတွင်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်]
ဒီသိုင်းကွက်ကတော့...
မှတ်ဉာဏ်ထဲမှ မြင်ကွင်းကို ပြန်လည်ပုံဖော်ရင်း လုံယီသည် စားပွဲပေါ်ရှိ ကြက်ဥစိမ်း တစ်ဒါဇင်ခန့်ကို ကြည့်လိုက်သည်။ ကြက်ဥတစ်လုံးကို မြေပြင်ပေါ်တွင် တင်လိုက်ပြီး ပုဆိန်ကို ကိုင်ကာ တစ်လှမ်းအကွာမှ အသာအယာ ခုတ်ချလိုက်သည်။
“ချပ်ဝတ်ဖောက်ထွင်းခြင်း”
ပြင်းထန်သော စွမ်းအင်တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကြက်ဥအတွင်းပိုင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပုံပင်။
ခရက်….
ကြက်ဥစိမ်းမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး မြေပြင်ပေါ်တွင် ရွှေရောင်အရည်များ ဖိတ်စင်သွားတော့သည်။ အခွံမှာမူ အပိုင်းအစများအဖြစ်သာ ကျန်ရစ်ခဲ့သည်။