အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း။ ၁၂၇
ကျန်ရှိနေသော ကြက်ဥများကို လုံယီက စမ်းသပ်မှုများအတွက် အကုန်အသုံးပြုလိုက်သည်။
သူ၏ စမ်းသပ်ချက်များအရ ချပ်ဝတ်ဖောက်ထွင်းခြင်းကို နာရီဝက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ကြောင်း သိရှိရသည်။ ၎င်းအချက်ကပင် ဤသိုင်းကွက်သည် ပုံမှန်အသုံးပြုရန်
မဟုတ်ဘဲ အရေးကြီးမှ ထုတ်သုံးရမည့် ဝှက်ဖဲတစ်ခုသာ ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်သည်။
နောက်ထပ် စမ်းသပ်မှုတစ်ခုအရ ပစ်မှတ်နှင့် အကွာအဝေးမှာ နှစ်လှမ်းထက် ကျော်လွန်သွားပါက ကြက်ဥခွံမှာ အက်ကြောင်းအနည်းငယ်သာ ပေါ်တော့သည်ကို တွေ့ရသည်။ အကွာအဝေး ဝေးကွာလာသည်နှင့်အမျှ ဤအဆင့်မြင့်သိုင်းကွက်၏ ဖျက်အားမှာလည်း ဂျီသြမေတြီကိန်းဂဏန်းများအတိုင်း သိသိသာသာ လျော့နည်းသွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ရန်သူကို အပြင်းထန်ဆုံး ဒဏ်ရာရစေရန်အတွက် ပစ်မှတ်နှင့် ထိစပ်နေသည့် သုညအကွာအဝေးမှ တိုက်ခိုက်ရန် လိုအပ်သည်။
ယုံကြည်ချက် သက်ရောက်မှုကိုလည်း လုံယီက ကိန်းသေထိန်းချုပ်နည်းဖြင့် စမ်းသပ်ခဲ့သည်။
ပထမအကြိမ်၌ စိတ်ကို ဗလာဖြစ်အောင်ထားပြီး ဘာမှမတွေးဘဲ ခုတ်လိုက်ရာ ကြက်ဥခွံပေါ်တွင် သာမန်အက်ကြောင်းလေးသာ ပေါ်သည်။
ဒုတိယအကြိမ်တွင် ထိုကြက်ဥကို သူ၏ ရန်သူတော်ကြီးအလား သဘောထားကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေချင်သော ပြင်းပြသည့် ဆန္ဒဖြင့် ခုတ်လိုက်သည်။
ခရက်…
ကြက်ဥမှာ အမှန်တကယ်ပင် ကွဲကြေသွားတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် လုံယီသည် နှစ်ညဆက်တိုက် အိပ်ရေးပျက်ထားသကဲ့သို့ ခေါင်းထဲတွင် မူးဝေနောက်ကျိသွားသည်ကို ခံစားလိုက်ရသည်။
ဒါက တုံ့ပြန်မှုဒဏ်ကိုး...
သို့သော် လုံယီမှာ သူ့ကိုယ်သူ ထိခိုက်မိမည်ကို စိုးရိမ်ခြင်းမရှိပေ။ သူ၌ စွမ်းအင်လုံလောက်နေသရွေ့ စွမ်းရည်ပြမျက်နှာပြင်က သူ့ကို ချက်ချင်း ကုသပေးနိုင်သည်။
ဆက်လက်၍ လုံယီသည် သုညအကွာအဝေး ထိတွေ့မှု၌ အမြင့်ဆုံးဖျက်အားကို စမ်းသပ်ရန်အတွက် ဈေးမှ သက်ရှိကြက်များနှင့် သိုးများကို ဝယ်ယူခဲ့ပြီး လျိုယွမ်ကိုပါ နွားအိုတစ်ကောင် ရှာခိုင်းလိုက်သည်။
ထိစပ်တိုက်ခိုက်မှုတွင် ကြက်နှင့် သိုးများမှာ ချက်ချင်းပင် သေဆုံးသွားကြပြီး ရင်ခွဲစစ်ဆေးကြည့်သောအခါ သူတို့၏ အတွင်းအင်္ဂါများမှာ အနှစ်များအဖြစ် ကြေမွနေသည်ကို တွေ့ရသည်။ နွားအိုကြီးမှာမူ တတိယအကြိမ်မြောက် အသုံးပြုမှသာ သေဆုံးသွားခဲ့သည်။ နွားတစ်ကောင်၏ နှလုံးခွန်အားမှာ သာမန်လူတစ်ယောက်ထက် ငါးဆမက သန်မာခြင်းကြောင့် ဖြစ်သည်။
မြင့်မားသော အဆင့်ရှိသည့် သိုင်းပညာရှင်တစ်ဦး၏ နှလုံးမှာလည်း နွားတစ်ကောင်ထက် ပိုမိုကြံ့ခိုင်ပေလိမ့်မည်။ သို့သော် ချက်ချင်းသေအောင် မစွမ်းဆောင်နိုင်သည့်တိုင် ရန်သူကို ပြင်းထန်သော အတွင်းဒဏ်ရာရစေပြီး လှုပ်ရှားမှု ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခြင်းကပင် တိုက်ပွဲအလှည့်အပြောင်းကို ဖန်တီးနိုင်သည်။
ထို့ပြင် လုံယီ၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ ချပ်ဝတ်ဖောက်ထွင်းခြင်း၏ စွမ်းအားမှာလည်း လိုက်ပါ မြင့်တက်လာမည်ဖြစ်သည်။ ပုဆိန်အတတ်မှာ အဆင့်မြင့်အောင်မြင်မှုသို့ ရောက်ရှိပြီး အဆင့်မြင့်ကျွမ်းကျင်မှု ၃ ခုလုံးကို ရရှိသွားပြီဖြစ်ရာ ကျွမ်းကျင်မှုပိုင်း မြှင့်တင်ခြင်းကို ဤနေရာတွင် ခေတ္တရပ်နားထားလိုက်သည်။
နောင်တွင်မူ ပါရမီများနှင့် အသက်ရှူနည်းစနစ်များကိုသာ အလုံးစုံ အာရုံစိုက်ရန် လုံယီ ဆုံးဖြတ်လိုက်တော့သည်။
တစ်ပတ်အကြာတွင်...
သားရဲရှာဖွေရေးဌာနမှ နှလုံးစားမြက်များကို သွားရောက်ထုတ်ယူရမည့် နေ့ရက်သို့ ဆိုက်ရောက်လာခဲ့ပြီ။
လုံယီသည် မြို့မခရိုင်အတွင်းသို့ ခြေချလိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"နောက်တစ်ခါ ထပ်လာပြန်ပြီလား"
သားရဲရှာဖွေရေးဌာန အနီးတစ်ဝိုက်ရှိ လူနေအိမ်အချို့၏ အမိုးများပေါ်တွင် လူရိပ်အချို့ တိတ်ဆိတ်စွာ ဝပ်နေကြသည်။ သူတို့သည် အပြာရောင်ဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် အပြာရောင်အမိုးပြားများနှင့် တစ်သားတည်းဖြစ်နေရာ သေသေချာချာ အာရုံစိုက်မကြည့်လျှင် သတိပြုမိရန် ခဲယဉ်းလှသည်။ သူတို့၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ယခင်က လုံယီကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် နှစ်ဦးနှင့် အလွန်တူညီနေသည်။
"ရှုမိသားစုက တကယ့်ကို ဇွဲကောင်းတာပဲ"
လုံယီသည် သူ၏ လောက်လေးခွကို ထုတ်ယူကာ ပုံစံရှစ်မျိုး လွှဲယမ်းလိုက်ပြီး ကျောက်ခဲကို ပစ်လွှတ်လိုက်သည်။ ကျောက်ခဲသည် လေထုကို ဖြတ်သန်းကာ သာမန်မြှားတစ်စင်းထက်ပင် ပိုမိုမြန်ဆန်စွာ ပျံသန်းသွားတော့သည်။
ရှူး….
၎င်းသည် နိမ့်နိမ့်လေး ပျံသန်းနေသော ငှက်တစ်ကောင်ကို ထိမှန်သွား၏။ ထိုငှက်မှာ လေထဲမှ အရှိန်ဖြင့် ပြုတ်ကျသွားပြီး အမိုးပေါ်တွင် ပုန်းနေသူတစ်ဦးအပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
"တောက်... ဘာလဲဟ"
ထိုသူမှာ ထိတ်လန့်တကြား ရေရွတ်ရင်း အမိုးပေါ်မှ ပြုတ်ကျလုနီးပါးပင်။ အခြားသော ချောင်းမြောင်းနေသူများလည်း ဘာဖြစ်သလဲဆိုသည်ကို ကြည့်ရန် ထိုနေရာသို့ စုပြုံသွားကြတော့သည်။
ထိုအခွင့်အရေးကို အသုံးချကာ လုံယီသည် ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး သားရဲရှာဖွေရေးဌာနအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သားရဲရှာဖွေရေးဌာနသည် မြို့စားမင်းအိမ်တော်၏ လက်အောက်တွင်ရှိပြီး အစိုးရ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။ ရှုမိသားစုမှာ မည်မျှပင် အာဏာရှိစေကာမူ ဤနေရာအတွင်း၌တော့ ရမ်းကား၍ မရပေ။
ယခုတစ်ကြိမ်တွင် အစောင့်မှာ မျက်နှာထား တည်တင်းသော လူငယ်တစ်ဦးနှင့် လဲလှယ်ထားသည်။ သူ၏ ပါးညာဘက်တွင် မှဲ့သုံးလုံး ထင်ရှားစွာရှိပြီး ပညာရှိဝတ်စုံအဖြူကို ဆင်မြန်းထားကာ ထိုနေရာတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။
"ဘာများ ကူညီပေးရမလဲခင်ဗျာ"
ထိုပညာရှိလေးမှာ အတော်ပင် ယဉ်ကျေးပျူငှာလှသည်။
"နှလုံးစားမြက် ၇ ပင် လာထုတ်တာပါ"
လုံယီက သူ၏ တံဆိပ်ကို ကမ်းပေးလိုက်သည်။
"ဪ... ခင်ဗျားက လျိုရှူးကိုး"
ထိုသူက အတည်ပြုရန် မော့ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ခဏလောက် စောင့်ပါဦး ကျွန်တော် သွားယူပေးပါ့မယ်"
အတန်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိသဖြင့် လုံယီ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူသည် ကောင်တာပေါ်မှ ခုန်ကျော်ကာ အတွင်းခန်းသို့ တိုက်ရိုက်ဝင်သွားတော့သည်။
ထိုနေရာတွင် ဆေးဆိုင်များကဲ့သို့ပင် နံရံတွင် ကပ်လျက်ရှိသော အံဆွဲများစွာပါသည့် အနက်ရောင် သစ်သားဗီဒိုကြီးများကို တွေ့ရသည်။ သို့သော် အတွင်းသို့ ဝင်သွားသော ပညာရှိမှာ ပျောက်ကွယ်နေပြီး အတွင်းခန်း၏ နောက်ဖက်တံခါးမှာ ဟင်းလင်းပွင့်နေသည်။
လုံယီသည် တွေဝေမနေဘဲ ထိုတံခါးဆီသို့ ပြေးသွားကာ ကွေ့ကောက်နေသော လမ်းကြိုလမ်းကြားများကို လျင်မြန်စွာ ဖြတ်သန်းပြီး သားရဲရှာဖွေရေးဌာန၏ အခြားတံခါးတစ်ခုမှ ထွက်လာခဲ့သည်။
ဝူး….
သူ၏ ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ဝေးလံသော လမ်းမပေါ်ရှိ လူအုပ်ကြီးအတွင်းသို့ တစ္ဆေတစ်ကောင်အလား တိုးဝင်ပျောက်ကွယ်သွားတော့သည်။ လုံယီသည် အရှေ့ဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
တိုက်ခိုက်ရေးအရှိန်အဝါ ပြင်းထန်သော လူအချို့သည် ထိုဘက်မှနေ၍ အလျင်အမြန် ချဉ်းကပ်လာနေကြပြီး တစ်ယောက်ချင်းစီ၏ ကျင့်စဉ်အဆင့်မှာ ချီစွမ်းအင်ပတ်လမ်းငယ် ထက်ပင် သာလွန်နေကြသည်။
သားရဲရှာဖွေရေးဌာနက နောင်ကျရင် သွားရလာရ လွယ်ကူမှာမဟုတ်တော့ဘူး။
လုံယီ တွေးလိုက်မိသည်။
ရှုမိသားစုသည် ဌာနအတွင်း၌ တိုက်ရိုက်အရေးယူရန် မဝံ့ရဲသော်လည်း သတင်းပေးသူများကို ထည့်သွင်းထားရန်မှာမူ သူတို့အတွက် အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။ သားရဲရှာဖွေရေးဌာန၏ အစောင့်အကြပ်များမှာ အစိုးရဝန်ထမ်း မဟုတ်ကြဘဲ အမှတ်ရရှိရန် လုပ်ဆောင်နေကြသည့် သာမန်သားရဲရှာဖွေသူများသာ။
ပါးပေါ်တွင် မှဲ့သုံးလုံးနှင့် အဖြူရောင်ဝတ်စုံဝတ် ပညာရှိလူငယ်ကို တွေးမိသောအခါ လုံယီ၏ ရင်ထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ တိုးဝင်လာသည်။ သူ့ကို မနှောင့်ယှက်လျှင် သူကလည်း ဘာမှလုပ်မည်မဟုတ်သော်လည်း တစ်စုံတစ်ယောက်က လာရောက်ရန်စပါက အခွင့်အရေးရသည်နှင့် အသေအချာ ပြန်လည်ပေးဆပ်မည့်သူ ဖြစ်သည်။
လုံယီသည် ထိုနေရာမှ ထွက်ခွာလာပြီး မြို့တောင်ဘက်သို့ ပြန်လာခဲ့သည်။ ရင်းနှီးနေကျ လမ်းကြားတစ်ခုကို ဖြတ်သန်းစဉ် သူ ရုတ်တရက် ရပ်တန့်လိုက်မိသည်။
ထိုလမ်းကြားရှိ ခုနစ်ပင်မြောက် သစ်ပင်၏ ရင်ဘတ်ခန့်အမြင့်တွင် ပါးလွှာသော သင်္ကေတတစ်ခုကို ထွင်းထုထားသည်။ ၎င်းမှာ ရှီချင်းတနှင့် သူတို့ကြားတွင် အကူအညီလိုအပ်ပါက အချင်းချင်း အကြောင်းကြားရန် သဘောတူထားသော အမှတ်အသားပင်။
ငါလည်း ရှီချင်းတကို ရှာပြီး နှလုံးစားမြက်တွေ ကူထုတ်ခိုင်းဖို့ စဉ်းစားနေတာ။ ရှီချိုင်ဖုန်းကိုလည်း ငါတို့ရှာလို့မရတဲ့ ရှားပါးရတနာတွေအကြောင်း မေးကြည့်လို့ရတယ်။ သူမဆိုရင် အဆင့်မြင့်လဲလှယ်ရေးမှတ်တမ်းကို ကြည့်နိုင်တဲ့ အခွင့်အရေး ရှိနိုင်တယ်။
လုံယီ တွေးလိုက်သည်။
လုံယီသည် တွေဝေမနေဘဲ ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး မကြာမီမှာပင် ရှီမိသားစု အပေါင်ဆိုင် ရှေ့သို့ ရောက်ရှိလာသည်။ အတွင်းသို့ ဝင်ရန် ပြင်နေစဉ် အနောက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။
"လျိုရှူး... ဒီဘက်ကို"
လုံယီ လှည့်ကြည့်လိုက်ရာ လမ်းကြားတစ်ခု၏ အဝင်ဝတွင် ရှီချင်းတက သူ့ကို ခိုးကြောင်ခိုးဝှက် လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ အနားသို့ သွားကြည့်သောအခါ ကျန်းချန်းယွီ၊ ယန်ကျဲ့ နှင့် အခြားရင်းနှီးသော အဖွဲ့ဝင်များကို တွေ့ရသည်။ သို့သော် သူတို့အားလုံး၏ အခြေအနေမှာ မဟန်လှပေ။ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ညိုမဲစွဲနေကြသည်။
"ဘာဖြစ်ကြတာလဲ"
လုံယီက မေးလိုက်သည်။
"ဪ... မပြောပါနဲ့တော့ဗျာ"
ရှီချင်းတက စိတ်ပျက်လက်ပျက်ဖြင့် "ကျွန်တော့်အစ်မ အိမ်ထဲက ထွက်လို့မရတော့ဘူး။ ချိုင်ဖုန်းအဖွဲ့လည်း လူစုကွဲတော့မယ့် အခြေအနေ ရောက်နေပြီ"
ဇာတ်ကြောင်းကို နားထောင်ပြီးနောက် လုံယီ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ အကြောင်းရင်းမှာ ထာဝရအကြောင်းအရာဖြစ်သည့် အိမ်ထောင်ပြုခြင်း ကိစ္စကြောင့် ဖြစ်နေသည်။
ရှီချိုင်ဖုန်းသည် အမျိုးသမီးချင်း စိတ်ဝင်စားသူဖြစ်ကြောင်း လုံယီ သိထားပြီးဖြစ်သလို သူမ၏ မိသားစုကလည်း ပို၍ပင် သိထားကြသည်။ သို့သော် သူမမှာ အသက် ၂၀ ကျော်နေပြီဖြစ်ရာ ဤကမ္ဘာ၏ စံနှုန်းအရ အပျိုကြီးအရွယ်သို့ ရောက်နေပြီဖြစ်သည်။ ယခင်က သူမသည် အိမ်တွင် အနေနည်းသဖြင့် မိသားစုက ဘာမှမတတ်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ဖခင်က အခွင့်အရေးယူ၍ အိမ်တွင်းပုန်းအဖြစ် ပိတ်လှောင်ထားလိုက်ခြင်း ဖြစ်သည်။
အကယ်၍ အိမ်ထောင်မပြုလျှင် တစ်သက်လုံး အပြင်ထွက်ခွင့်မပေးဟုလည်း ပြင်းထန်စွာ ခြိမ်းခြောက်ထားသည်။ ရှီချင်းတနှင့် အဖွဲ့သားများမှာ သူမကို သွားရောက်ကယ်တင်ရန် ကြိုးစားခဲ့ကြသော်လည်း အရိုက်ခံရပြီး အပြင်သို့ ပြန်လည်နှင်ထုတ်ခြင်း ခံခဲ့ရသည်။
"လျိုရှူး... ဒီတစ်ခါတော့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်"
ရှီချင်းတက လုံယီကို သနားစဖွယ် ကြည့်ကာ ပြောလိုက်သည်။ အခြားအဖွဲ့ဝင်များကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်နေကြတော့သည်။
"ငါ့ကို ဘာလုပ်စေချင်တာလဲ။ အိမ်ထဲကို အတင်းဝင်စီးပြီး မင်းအစ်မကို ပြန်ပေးဆွဲခိုင်းမလို့လား"
"အတိအကျပဲဗျာ ကျွန်တော့်အဖေက အကူအညီခေါ်ချင်ခေါ်လို့ ပြောထားတယ်"
ရှီချင်းတက စိတ်လှုပ်ရှားစွာ ပြောသည်။
"အဲဒီအချိန်ကျရင် ခင်ဗျားက ကျွန်တော့်အဖေကို တခြားအာရုံမရအောင် လုပ်ထားပေးရုံပဲ။ ကျန်တာကိုတော့ ကျွန်တော်တို့က အစ်မကို သွားကယ်မယ် ဟုတ်ပြီလား"
"မင်းအဖေရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ"
"စွမ်းအင်စက်ဝန်းပြည့်အဆင့်ပါပဲ..."
ရှီချင်းတက ရှက်ကိုးရှက်ကန်းဖြင့် ဖြေသည်။
"စွမ်းအင်စက်ဝန်းပြည့် ဟုတ်လား မင်း ငါ့ကို အထင်ကြီးလွန်းနေပြီ"
လုံယီ ဆွံ့အသွားရသည်။
ပိတ်မိနေသူမှာ ရှီချိုင်ဖုန်းသာ မဟုတ်ပါက သူ ချက်ချင်းပင် နောက်လှည့်ပြန်သွားမိမည် ဖြစ်သည်။ သူ၏ လက်ရှိအစွမ်းမှာ ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်နှင့် ယှဉ်နိုင်သော်လည်း ထိပ်တန်းအဆင့်ဖြစ်သော စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်နှင့်မူ ကွာခြားချက် ရှိနေသေးသည်။ စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်များသည် ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားကြပြီး တစ်ဦးချင်းစီတွင် ပေါင် ၁၀,၀၀၀ ခွန်အား ရှိကြသည်။ သူတို့သည် သိုင်းဆရာသခင်အဆင့်သို့ တက်လှမ်းလျှင်ပင် ခွန်အားမှာ သိသိသာသာ တိုးတက်လာမည် မဟုတ်တော့ပေ။
ထို့ပြင် လုံယီ၏ သိုင်းကွက်အများစုမှာ သေစေနိုင်သော တိုက်ကွက်များသာ ဖြစ်သည်။ ရှီချင်းတ၏ အဖေနှင့် ရင်ဆိုင်ရပါက သူသည် လက်တွန့်နေမည်ဖြစ်ရာ ပုံမှန်ထက်ပင် စွမ်းဆောင်ရည် လျော့နည်းသွားပေလိမ့်မည်။
"စိတ်မပူပါနဲ့ ကျွန်တော့်မှာ အကြံကောင်းရှိတယ်"
ရှီချင်းတက လျှို့ဝှက်စွာ ပြောလိုက်သည်။
"ကျွန်တော့်အဖေက အရက်အရမ်းကြိုက်တာ။ အခု သူ့အရက်ထဲမှာ မွန်ဂိုလီးယား မူးယစ်ဆေးမှုန့် ခပ်ထားပြီးပြီ။ သူ သံသယမဝင်ဘဲ မကြာခင် အိပ်ပျော်သွားမှာပဲ။ ခင်ဗျား ဘာမှတောင် လုပ်စရာ မလိုဘူး"
လုံယီမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ မိမိအဖေအရင်းကို ဆေးခပ်ရဲသည့် ရှီချင်းတမှာ တကယ့်ကို လူထူးလူဆန်းပင်။
"တကယ် အလုပ်ဖြစ်ပါ့မလား"
ရှီချင်းတက သနားစဖွယ် ကြည့်နေသလို အခြားအဖွဲ့သားများကလည်း လုံယီအပေါ် ဖိအားပေးသည့်အလား ဝိုင်းကြည့်နေကြသည်။
"စမ်းကြည့်တာပေါ့လေ"
လုံယီ အတန်ကြာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ မည်သို့ပင်ဖြစ်စေ အန္တရာယ်မရှိနိုင်သဖြင့် သူတို့၏ ကလေးကလား အစီအစဉ်တွင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် စွမ်းအင်စက်ဝန်းပြည့် အဆင့်၏ အစွမ်းကိုလည်း အကဲခတ်လိုခြင်းပင်။
ရှီမိသားစု အပေါင်ဆိုင်၏ အတွင်းဝင်းထဲ၌ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးသည် ဝါးကုတင်ပေါ်တွင် မသပ်မရပ် လဲလျောင်းနေသည်။ သူ၏ နားထင်တွင် ဆံပင်အနည်းငယ် ဖြူနေသော်လည်း မျက်နှာတွင်မူ အရေးအကြောင်းများ လုံးဝမရှိသလောက်ပင်။ သူသည် အင်္ကျီကို ရင်ဘတ်ဟဟဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်တွင် ခြေထောက်ချကာ အရက်ဘူးကြီးကို မော့သောက်နေသည်။ အရက်များမှာ သူ၏ ရင်ဘတ်ပေါ်သို့ ဖိတ်စင်နေသော်လည်း သူ ဂရုမစိုက်ပေ။
"ဟူး... စိတ်ညစ်စရာပဲ"
ခြေဗလာနှင့် အဘိုးအိုသည် သူ့သမီး ဖြစ်သူ၏ အနာဂတ်အတွက် စိတ်ပူနေပုံရသည်။ သူသည် ဆက်သောက်နေရင်းဖြင့် တဖြည်းဖြည်း အိပ်ငိုက်လာသည်။
ဂလောက်….
အရက်ဘူးကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ဝင်းခြံဘေးရှိ အခန်းတစ်ခုအတွင်းမှ လူအချို့မှာ တံခါးကြားမှနေ၍ အခြေအနေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့အားလုံး ဝမ်းသာသွားကြသည်။
"လျိုရှူး... သွားပြီး စမ်းကြည့်လိုက်ဦး။ ကျွန်တော့်အစ်မရဲ့ ပျော်ရွှင်မှုက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်နော်"
ရှီချင်းတက လုံယီ၏လက်ထဲသို့ သော့တစ်ချောင်း ထည့်ပေးလိုက်သည်။
လုံယီမှာ စကားမဆိုနိုင်သော်လည်း အနားသို့ လျှောက်သွားကြည့်ရာ အဘိုးအိုမှာ အမှန်တကယ်ပင် မတုံ့ပြန်တော့ဘဲ ဟောက်သံပင် ထွက်ပေါ်လာနေပြီ ဖြစ်သည်။ သူ၏ အနောက်ဘက် မြေပြင်ပေါ်တွင် တံခါးချပ်ခန့်ရှိသော ကျောက်ဖြူပြားကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ ရှီချိုင်ဖုန်းကို ပိတ်လှောင်ထားသည့် မြေအောက်ခန်း၏ အဝင်ဝပင်။
လုံယီသည် သော့ကိုထုတ်ကာ ရှေ့သို့တိုး၍ တံခါးဖွင့်ရန် ပြင်လိုက်စဉ်မှာပင်
"မင်းက ဘယ်သူလဲ" ဟူသော အသံတစ်သံမှာ သူ၏နားစည်အနီးတွင် ရုတ်တရက် ဟိန်းထွက်လာတော့သည်။
အခန်း။ ၁၂၈
လုံယီသည် ပြာယာခတ်မသွားဘဲ ခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
"ဦးလေး... ကျွန်တော်က ရှီချိုင်ဖုန်းရဲ့ သူငယ်ချင်းတစ်ယောက်ပါ"
ထိုခြေဗလာနှင့် အဘိုးအိုမှာ အမှန်တကယ်ပင် ရှီမိသားစုသခင် အဖိုးအိုရှီပင်။ လုံယီ ခန့်မှန်းထားသည့်အတိုင်း သူသည် အိပ်ချင်ဟန်ဆောင်နေခြင်းသာ ဖြစ်၏။ အကယ်၍ မူးယစ်ဆေး အနည်းငယ်က စွမ်းအင်စက်ဝန်းပြည့် အဆင့် သိုင်းပညာရှင်တစ်ဦးကို အလွယ်တကူ သတိလစ်သွားစေနိုင်လျှင် သိုင်းပညာကို နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံနေစရာ အကြောင်းမရှိတော့ပေ။
"မင်းက ငါ့သမီးကို သဘောကျလို့လား"
အဖိုးအိုရှီက လုံယီကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရင်း မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို တစိသတ်သတ် စုပ်လိုက်သည်။
"ရုပ်ရည်ကလည်း သာမန်ပဲ ကျင့်စဉ်အဆင့်ကလည်း ကြည့်ရတာ ပြောပလောက်စရာ မရှိဘူး။"
လုံယီသည် လူသားအရေပြားမျက်နှာဖုံးကို တပ်ဆင်ထားသဖြင့် ရုပ်ရည်မှာ အလွန်ပင် ရိုးရှင်းနေသောကြောင့် အဖိုးအိုရှီ၏ မျက်စိထဲ၌ မတင်မကျ ဖြစ်နေခြင်းဖြစ်သည်။ သူ ထုတ်ဖော်ပြသထားသော အရှိန်အဝါမှာလည်း အခြေခံအဆင့်မျှသာ ဖြစ်သည်။
"ငါ့ရဲ့ စည်းကမ်းတွေကို ချင်းတက မင်းကို ပြောပြထားလား"
"အနည်းအကျဉ်းတော့ သိပါတယ်..."
လုံယီ စကားပင် မဆုံးသေးမီမှာပင် လေပြင်းတစ်ချက်နှင့်အတူ လက်သီးတစ်ချက်သည် သူ၏ရှေ့သို့ ရောက်ရှိလာတော့သည်။ အဖိုးအိုရှီသည် သိုင်းသမားတို့၏ ကျင့်ဝတ်များကို ဂရုမစိုက်ဘဲ ဦးစွာ စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဘုန်း….
သူတို့နှစ်ဦး၏ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံသွားရာ နှစ်ဦးလုံး နောက်သို့ တစ်လှမ်းစီ ဆုတ်သွားကြရသည်။
"မွေးရာပါ ခွန်အားကြီးတဲ့သူလား"
အဖိုးအိုရှီ၏ မျက်လုံးများမှာ တောက်ပလာပြီး နောက်ထပ် လက်သီးတစ်ချက်ကို ချက်ချင်းပင် လွှဲယမ်းလိုက်ပြန်သည်။
ရှူး….
လေထုကို ဖြတ်သန်းသွားသော အသံမှာ ဝိညာဉ်ဆိုးတစ်ကောင် အော်ဟစ်လိုက်သကဲ့သို့ စူးရှလှသည်။
သေစမ်း….
လုံယီသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ၏အစွမ်းကို ထိမ်ချန်မထားရဲတော့ပေ။ ခန္ဓာကိုယ်ကို လေးတစ်စင်းအလား အနေအထားပြင်ကာ ခါးကို လေးကြိုးကဲ့သို့ အသုံးချလျက် လက်မောင်းကို မြှားတစ်စင်းအသွင်ဖြင့် အစွန်းရောက်လက်သီးကို အားကုန် ပစ်သွင်းလိုက်တော့သည်။
ဘုန်း…
ခဏချင်းမှာပင် လုံယီ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ပြိုင်ဘက်၏ အင်အားမှာ တောင်ပြိုသကဲ့သို့ ပြင်းထန်လှပြီး နောက်တစ်စက္ကန့်တွင် သူ့ကို ဝါးမြိုသွားတော့မည့်အလား ခံစားလိုက်ရသည်။
“နဂါးဖောက်ထွင်းနည်းစနစ်”
သူ၏ လျှို့ဝှက်သွေးများမှာ ငါးကလေးများအလား ရင်ဘတ်ဆီသို့ ကူးခတ်သွားကာ နဂါးထိချက်ကို ထိမှန်လိုက်ရာ ရင်ဘတ်တစ်ခုလုံး ထုံကျင်သွားတော့သည်။ သွေးစွမ်းအင်များ ပြန်လည်ပေါက်ကွဲထွက်လာပြီး ကြွက်သားများမှာ ဖုထွက်လာကာ ရေစီးကြောင်းအလား ညာဘက်လက်မောင်းဆီသို့ စုပြုံစီးဝင်သွားကြသည်။
ပထမအရှိန်အဟုန် မကုန်ဆုံးသေးမီမှာပင် ဒုတိယအင်အားလှိုင်းသစ်တစ်ခု ထပ်မံပေါ်ပေါက်လာပြီး အင်အားနှစ်ရပ်မှာ တစ်ခုပေါ်တစ်ခု ထပ်ဆင့်၍ ပေါက်ကွဲထွက်သွားတော့သည်။
ဝုန်း….
သူတို့နှစ်ဦး၏ ခြေထောက်များသည် မြေပြင်အတွင်းသို့ တစ်ပြိုင်နက်တည်း ကျွံဝင်သွားကြပြီး ဖုန်မှုန့်များမှာ ရေလှိုင်းများအလား ပတ်ဝန်းကျင်သို့ ဝိုင်းအုံကာ လွင့်စင်သွားတော့သည်။
လေတိုးသံပြင်းပြင်းက ရှီချင်းတတို့ ပုန်းအောင်းနေသည့် အခန်းထဲအထိ တိုးဝင်သွားသဖြင့် သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းသွားကြသည်။
"ကောင်းတယ်... အားကောင်းတယ်ဟေ့။ နောက်တစ်ခါ ထပ်စမ်းရအောင်"
အဖိုးအိုရှီက ဝမ်းသာအားရ ရယ်မောရင်း တတိယမြောက် လက်သီးချက်ကို ထိုးနှက်လိုက်ပြန်သည်။
ရှူး….
ယခုတစ်ကြိမ် အသံမှာ ယခင်လက်သီးချက်များထက် များစွာ ပိုမိုပြင်းထန်လှသည်။
ငါတော့ သေတော့မှာပဲ။
လုံယီသည် နှစ်ခါပြန်မစဉ်းစားတော့ဘဲ နောက်လှည့်၍ ထွက်ပြေးတော့သည်။ ခုနက တိုက်ကွက်တွင် သူ၏ အစွမ်းကုန်နီးပါးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပေါင်းစပ်လိုက်သော အင်အားမှာ ပေါင် ၁၀,၀၀၀ ခန့် ရှိသင့်သည်။ သို့သော်လည်း အဖိုးအိုရှီမှာ အသာလေး တောင့်ခံနိုင်ရုံသာမက သူ၏ ခန္ဓာကိုယ်မှာပင် အနည်းငယ် တောင့်တင်းနေခဲ့သည်။
ဒီလိုဆိုရင် ဘယ်လိုလုပ် ဆက်တိုက်နိုင်တော့မှာလဲ။
"ကောင်လေး... ဘယ်ကို ပြေးမလို့လဲ"
အဖိုးအိုရှီက အကျယ်ကြီး ရယ်မောလိုက်ပြီး ခြေထောက်နှစ်ဖက်လုံး မြေပြင်မှ ကြွတက်သွားကာ လေထဲတွင် ဝူး... ဝူး ဟု အသံမြည်အောင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဝတ်စုံစများ တဖျတ်ဖျတ်လွင့်လျက် လုံယီ၏ ဘေးနားသို့ ရောက်ရှိလာတော့သည်။
ကိုယ်ဖော့သိုင်းလား။
လုံယီ၏ ရင်ထဲတွင် အေးစိမ့်သွားသည်။ သူသည် ခုခံရန် ပြင်လိုက်သော်လည်း ပြိုင်ဘက်၏ ဘယ်လက်က သူ၏ ရင်ဘတ်ကို တိုက်ရိုက် ထိပုတ်လိုက်သည်။ ထူးဆန်းပြီး အေးစက်သော စွမ်းအင်စီးကြောင်းတစ်ခု ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ့ကို ထိုနေရာမှာပင် ကျောက်ရုပ်သဖွယ် အေးခဲသွားစေတော့သည်။
ထို့နောက် အဖိုးအိုရှီသည် သူ့ကို မချီလိုက်ပြီး သူ၏ ပစ္စည်းများကို အကုန်ဖယ်ရှားကာ အနောက်ဘက်သို့ ပစ်ထုတ်လိုက်သည်။ မြေအောက်ခန်း တံခါးမှာ ချက်ချင်းပင် ပွင့်သွားပြီး ဂျိန်းဟူသော အသံနှင့်အတူ ပြန်ပိတ်သွားတော့သည်။
"ကောင်းတယ် ငါ့သား... မင်း ငါ့ကို စိတ်မပျက်စေဘူး။ မင်းခေါ်လာတဲ့ ဒီအကူက မဆိုးဘူး။ မင်းအစ်မရဲ့ ခင်ပွန်းလောင်းဖြစ်ဖို့ တော်တော်လေး သင့်တော်တယ်"
အဖိုးအိုရှီက တစ်ဖက်ရှိ အဆောက်အဦးကို လှမ်းကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
အတွင်း၌ ပုန်းနေသော ရှီချင်းတ၊ ကျန်းချန်းယွီနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ဒါ ဘာတွေလဲဟ"
ရှီချင်းတမှာ ခေါင်းခဲသွားပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ခပ်ရေးရေး ခံစားလိုက်ရသည်။
"မင်းအဖေက သမက်ရွေးဖို့အတွက် မင်းကို တမင်တကာ လူတွေ အမြဲခေါ်ခိုင်းနေတာ ဖြစ်ရမယ်"
ကျန်းချန်းယွီက မျက်နှာပျက်ပျက်ဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"အမယ်လေး... လူအိုကြီးက တကယ့်ကို ဉာဏ်နီဉာဏ်နက် များတာပဲ"
ယန်ကျဲ့က သက်ပြင်းချရင်း "မင်းခေါ်လာတဲ့သူက မင်းအစ်မရဲ့ သူငယ်ချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်နေရမယ့် အချိန်တွေကိုပါ ချွေတာပြီးသား ဖြစ်သွားတာပေါ့"
"ဘုရားရေ... ငါ တကယ် ရည်ရွယ်ခဲ့တာ မဟုတ်ဘူး အစ်ကိုလျို... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ဗျာ"
ရှီချင်းတသည် အခြေအနေကို ရုတ်တရက် သဘောပေါက်သွားပြီး စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေတော့သည်။
မြေအောက်ခန်းအတွင်း၌ လုံယီသည် နို့နှစ်ရောင် ကျောက်နံရံများနှင့် ထိုနံရံများတွင် မြှုပ်နှံထားသည့် နူးညံ့သောအလင်းရောင်ပေးနေသော မီးကျောက်များကို မော့ကြည့်လိုက်သည်။ သူသည် အားယူ၍ ထထိုင်လိုက်သော်လည်း မျက်မှောင်ကြုတ်သွားရသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော်လည်း ခိုင်မာလွန်းသော အေးစက်စက် လေစီးကြောင်းမှာ သူ၏ သွေးစွမ်းအင်အားလုံးကို ပိတ်ဆို့ထားသဖြင့် ပေါက်ကွဲထွက်ရန် ခဲယဉ်းနေသည်။
"မင်း ဘယ်လိုဖြစ်ပြီး ဒီထဲရောက်လာတာလဲ"
အံ့ဩတုန်လှုပ်နေသော အမျိုးသမီးအသံတစ်ခု သူ့ဘေးနားမှ ထွက်ပေါ်လာသည်။
လုံယီ ခေါင်းလှည့်ကြည့်လိုက်သည်။ ပါးလွှာသော အဖြူရောင်ညဝတ်အင်္ကျီကို ဆင်မြန်းထားသည့် ရှီချိုင်ဖုန်းကို တွေ့လိုက်ရသည်။ သူမသည် သံမဏိကျောက်ခုတင်တစ်ခုပေါ်တွင် ခြေဗလာဖြင့် တင်ပလ္လင်ခွေ ထိုင်နေ၏။
တရားမျှတစွာ ပြောရလျှင် ရှီချိုင်ဖုန်း၏ ရုပ်ရည်မှာ အပြစ်ပြောစရာ မရှိပေ။ ဘဲဥပုံမျက်နှာ၊ စင်းလုံးချောသော နှာတံ၊ ထင်ရှားသော မျက်နှာသွင်ပြင်နှင့် အရပ်ရှည်ရှည် ခန္ဓာကိုယ်။ သူမ၏ ဘယ်ဘက်ပါးပေါ်ရှိ အမာရွတ်လေးမှာ အလှအပကို ထိခိုက်စေခြင်း မရှိဘဲ ပို၍ပင် ရဲရင့်သော အလှမျိုးကို ဖြည့်စွက်ပေးထားသည်။ တစ်ခုတည်းသော အားနည်းချက်မှာ သူမ၏ ရင်သားမှာ အနည်းငယ် သေးငယ်လွန်းနေခြင်းပင်။ သို့သော် သူမ၏ အရပ်အမောင်းနှင့် ရုပ်ရည်အရ ယခင်ဘဝကသာဆိုလျှင် ထိပ်တန်း စူပါမော်ဒယ်တစ်ဦး ဖြစ်နေမှာ သေချာသည်။
"မင်းမောင်ကြောင့်ပေါ့"
ထိုအကြောင်းကို တွေးမိသည်နှင့် လုံယီ ဒေါသထွက်လာသည်။
ရှင်းရှင်းလင်းလင်းပဲ စွမ်းအင်စက်ဝန်းပြည့် အဆင့်လို့ ပြောထားပြီးမှ အခုကျတော့ ဘယ်လိုဖြစ်ပြီး သိုင်းဆရာသခင်အဆင့် ဖြစ်နေရတာလဲ။
ထိုက်မြို့တစ်မြို့လုံးမှာ မြို့စားမင်းအိမ်တော်ကို ဖယ်လိုက်ရင် သိုင်းဆရာသခင်အဆင့်ရှိသူကို လက်ချိုးရေလို့ရသည်။
အခုတော့ ငါက ကံဆိုးပြီး တစ်ယောက်နဲ့ တည့်တည့်တိုးနေပြီ။
"ငါ့အဖေက မြေခွေးအိုကြီးလေ။ ဘယ်သူက သူ့ကို ဉာဏ်ချင်း ယှဉ်နိုင်မှာလဲ။ သူ ဘယ်တုန်းက သိုင်းဆရာသခင်အဆင့်ကို တက်သွားသလဲဆိုတာ ငါတောင် မသိလိုက်ဘူး"
ရှီချိုင်ဖုန်းက ပျင်းရိစွာ သမ်းဝေရင်း ပြောသည်။
"မင်းက ငါ့အတွက်နဲ့ ဒီထဲရောက်လာတာဆိုတော့ ဒီခုတင်မှာပဲ အိပ်လိုက်ပါ။ ငါ့မှာ သစ္စာမရှိဘူးလို့ မင်း မပြောရအောင်လို့လေ"
"အိပ်ဖို့က အဓိကမဟုတ်ဘူး"
လုံယီမှာ စကားမဆိုနိုင်တော့ဘဲ "ငါတို့ လွတ်အောင်ပြေးဖို့ နည်းလမ်းရှာရမယ်"
"ဘယ်လိုပြေးမှာလဲ ငါ့အဖေရဲ့ နှင်းခဲခွန်အားက သွေးစွမ်းအင်တွေကို ပိတ်ဆို့တဲ့နေရာမှာ နာမည်ကြီးပဲ။ အနည်းဆုံး နောက်ထပ် ရက်အနည်းငယ်အထိ မင်း လွတ်မှာမဟုတ်ဘူး။ မင်း ရောက်လာတာလည်း အတော်ပဲ။ ငါလည်း ဒီရက်ပိုင်း ပျင်းလွန်းလို့ သေတော့မလို့"
"သွေးစွမ်းအင်ကို ပိတ်ဆို့တာလား..."
လုံယီက ခပ်ဖွဖွ ပြုံးလိုက်သည်။ အခြားသူသာဆိုလျှင် အခက်တွေ့နိုင်သော်လည်း သူ၌ မည်
သည့် ဆိုးကျိုးသက်ရောက်မှုကိုမဆို ဖယ်ရှားပေးနိုင်သော စွမ်းရည်ပြမျက်နှာပြင်ရှိနေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ် အပေါ်ဘက်မှ အဘိုးအို၏ အသံ ဟိန်းထွက်လာပြန်သည်။
"ကောင်လေး... မင်း ငါ့သမီးနဲ့ အိပ်ပြီးသွားတဲ့နေ့ကျမှ မင်းတို့နှစ်ယောက်လုံးကို ငါ အပြင်ထုတ်ပေးမယ်"
ထိုစကားကို ကြားရသောအခါ လုံယီမှာ ဆွံ့အသွားရသည်။
ဒါ တကယ်ပဲ သူမရဲ့ အဖေလား။
ရှီချိုင်ဖုန်း၏ မျက်နှာမှာလည်း ပြောင်းလဲသွားပြီး ဒေါသတကြီး ဆဲဆိုတော့သည်။
"ရူးနေတဲ့ အဘိုးကြီး အဖေ စိတ်ဖောက်ပြန်နေတာလား။ အမေသာ အခုလို သိရင် အဖေ့ကို လာပြီး ကလဲ့စားချေလိမ့်မယ်"
"ဟွန်း မင်းက မိန်းကလေးအချင်းချင်း သဘောကျပြီး ယောက်ျားယူဖို့ ငြင်းနေတာကို မင်းအမေသာ သိရင် ငါ့ကို မဟုတ်ဘူး။ မင်းကိုပဲ လာရှာမှာ"
အဘိုးအိုက အေးစက်စက် လှောင်ပြောင်လိုက်သည်။
ရှီချိုင်ဖုန်းက အကြိမ်အနည်းငယ် ထပ်မံဆဲဆိုသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရတော့သဖြင့် လက်လျှော့လိုက်ရသည်။ လုံယီသည် ပတ်ဝန်းကျင်ရှိ ကျောက်နံရံများကို အသေအချာ လိုက်လံစစ်ဆေးနေသည်ကို မြင်သောအခါ သူမက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ကြည့်မနေနဲ့တော့ တခြားထွက်ပေါက် မရှိဘူး"
"ငါတို့ဘာသာ ငါတို့ ထွက်ပေါက်တစ်ခု တူးရင်ရော"
"ဒီမြေအောက်ခန်း တစ်ခုလုံးကို သံမဏိကျောက်တွေနဲ့ လုပ်ထားတာ။ အထူက အနည်းဆုံး ပေတစ်ဆယ်ကျော် ရှိတယ်။ ငါတို့ရဲ့ သွေးစွမ်းအင်တွေ ပိတ်မခံထားရဘဲ အစွမ်းအပြည့် ရှိနေရင်တောင် လက်နက်မပါဘဲနဲ့တော့ လမ်းပွင့်အောင် တူးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
သံမဏိကျောက်ဆိုသည်မှာ သာမန်ကျောက်တုံးများထက် အဆပေါင်းများစွာ ပိုမိုမာကျောပြီး သံအစစ်နီးပါး ခိုင်ခံ့လှသည်။ ရှီချိုင်ဖုန်း မျှော်လင့်ချက်မဲ့နေခြင်းမှာ မဆန်းပေ။
"မျှော်လင့်ချက် မပျက်ပါနဲ့ဦး..."
လုံယီ စကားပင် မဆုံးသေးမီ သူ၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
ရှူး... ရှူး
အပေါ်ဘက် ကျောက်ပြားများကြားရှိ အပေါက်ငယ်များမှတစ်ဆင့် ပန်းရောင် အခိုးအငွေ့များစွာသည် မြေအောက်ခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။ ထိုအငွေ့ကို တစ်ချက်မျှ ရှူလိုက်မိရုံဖြင့် လုံယီသည် တစ်ကိုယ်လုံး ပူထူလာပြီး လည်ချောင်းများ ခြောက်ကပ်လာသလို ခံစားလိုက်ရသည်။
သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ချက်ချင်းကြည့်လိုက်ရာ အမည်၏ နောက်တွင် အပေါင်းလက္ခဏာလေးတစ်ခု မှိန်ဖျော့ဖျော့ ပေါ်လာသည်ကို တွေ့ရသည်။ လုံယီက ထိုအပေါင်းကို နှိပ်လိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော ဝေဒနာများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"အင်း... ဟင်း..."
ရုတ်တရက် သူ၏ ဘေးနားမှ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာသည်။ ရှီချိုင်ဖုန်း၏ တစ်ကိုယ်လုံးမှာ နီရဲနေပြီး သူမ၏ မျက်လုံးများမှာလည်း ရီဝေနေတော့သည်။ သူမသည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်အလား လုံယီကို ပြင်းထန်စွာ ခုန်အုပ်လိုက်တော့သည်
"ငါ့ကို အာခံချင်သေးလား ကောင်လေး မင်းကို ငါ မကိုင်တွယ်သေးလို့ပါ"
မြေပြင်အပေါ်ဘက်တွင် အဘိုးအိုက တဟားဟား ရယ်မောနေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင်းခြံငယ်အတွင်းမှ ယုံကြည်ချက်အပြည့်ဖြင့် ထွက်ခွာသွားတော့သည်။
"ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်းပါ"
လုံယီသည် သူ၏ ကိုယ်ဖော့သိုင်းကို အသုံးပြုကာ အဆက်မပြတ် ရှောင်တိမ်းနေရသည်။ သူသည် သူတော်စင်တစ်ယောက် မဟုတ်သော်လည်း အမျိုးသမီးတစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကိုတော့ ခံရန် ဆန္ဒမရှိပေ။ ထိုထက်ပိုသည်မှာ ဤအမျိုးသမီး၏ စိတ်ဝင်စားမှုမှာ ပုံမှန်မဟုတ်ခြင်းပင်။
"ဟီးဟီး... ငါ လိုချင်တယ်"
"မင်းက မိန်းကလေးအချင်းချင်းပဲ ကြိုက်တာ မဟုတ်ဘူးလား"
"ဒါပေမဲ့ ယောက်ျားတွေကလည်း ကိစ္စမရှိပါဘူး။ ငါ တစ်ခါမှ မစမ်းကြည့်ရသေးဘူး..."
အမေရေ ဒီမိန်းမကဘာကြီးလဲ။
ကျဉ်းမြောင်းသော မြေအောက်ခန်းအတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လုံးထွေးနေကြသည်။
ဒုန်း…
လုံယီက သူမ၏ လည်ပင်းကို လက်ဝါးဖြင့် ခုတ်ချလိုက်သည်။ ရှီချိုင်ဖုန်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း ခဏချင်းမှာပင် ပြန်လည် သတိရလာကာ လုံယီထံသို့ တရွေ့ရွေ့ ပြန်လည် တိုးကပ်လာပြန်သည်။
လုံယီသည် သူမကို တင်းတင်းကျပ်ကျပ် ဖိထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ မီးတောင်တစ်ခုအလား အလွန်အမင်း ပူလောင်နေသည်ကို ခံစားလိုက်ရသည်။ သူမ၏ ပါးစပ်မှလည်း တံတွေးများ အဆက်မပြတ် စီးကျနေပြီး သတိလက်လွတ် ဖြစ်နေပြီဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက သူမ၏ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနိုင်သည်။
"ဟူး... ငါ့ဆရာရဲ့ စံနမူနာကိုပဲ ယူရတော့မှာပဲ"
"မြတ်စွာဘုရား မိန့်ကြားခဲ့ဖူးတယ်။ ငါ ငရဲထဲမဆင်းရင် ဘယ်သူဆင်းမှာလဲတဲ့"
လုံယီ၏ မျက်နှာမှာ ကရုဏာတရားများ ပြည့်နှက်သွားပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ လယ်သူကြွယ်နှင့် လက်ခလယ် နှစ်ချောင်းမှာ ချက်ချင်းပင် မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားတော့သည်။