အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း။ ၁၂၉
မည်မျှကြာသွားသည်မသိပေ။
ရှီချိုင်ဖုန်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး နီရဲနေသော မျက်နှာဖြင့် လုံယီကို ကြည့်ကာ မေးလိုက်သည်။
"ဒါ ဘယ်လိုမျိုး မာကျောခြင်းပညာလဲ။ သွေးစွမ်းအင်တွေ ပိတ်ဆို့ခံထားရတာတောင် မင်း ဘယ်လိုလုပ် သုံးနိုင်နေတာလဲ"
"ဒါ မိသားစုမျိုးရိုးလိုက်တဲ့ ကျင့်စဉ်ပဲ။ ငါတို့ မြန်မြန်လုပ်မှဖြစ်မယ်"
လုံယီက ပြန်ဖြေလိုက်သည်။ အဘိုးအိုရှီသည် အချိန်မရွေး ပြန်လာနိုင်သဖြင့် ဤအချိန်အတွင်း သူ လွတ်အောင်ပြေးရန် လိုအပ်သည်။
"ကျောက်ဖြစ်ခြင်း"
လုံယီ၏ ညာဘက်လက်ဝါးမှာ ကျောက်စိမ်းဖြူရောင်သို့ လုံးဝပြောင်းလဲသွားပြီး မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်လာသည်။ ထို့နောက် ရှီချိုင်ဖုန်း၏ အံ့ဩနေသော မျက်လုံးများရှေ့တွင်ပင် သူ၏ လက်ချောင်းငါးချောင်းမှာ မာကျောလှသော သံမဏိကျောက်တုံးထဲသို့ ဒိန်ခဲကို ထိုးသွင်းလိုက်သကဲ့သို့ နစ်ဝင်သွားပြီး ကျောက်တုံးများကို ချက်ချင်းပင် ဆွဲထုတ်လိုက်တော့သည်။
"မင်းက ဒဏ္ဍာရီထဲက လူယောင်ဆောင်ထားတဲ့ ဝိညာဉ်သားရဲများလား"
ရှီချိုင်ဖုန်း တအံ့တဩ ရေရွတ်လိုက်မိသည်။
သူမသည် လုံယီကို အနီးကပ်ကြည့်ရန် တိုးကပ်လာခဲ့သည်။ သူမ၏ အင်္ကျီရင်ဘတ်ဟဟမှတစ်ဆင့် အသားစိုင်များ ပေါ်လွင်နေသော်လည်း သူမကမူ လုံးဝ ဂရုမစိုက်ပေ။ ဤအချိန်တွင် လုံယီသည်လည်း သူမကို အခွင့်ကောင်းယူရန် စိတ်မဝင်စားဘဲ ရှီချိုင်ဖုန်းကို စိတ်မရှည်စွာဖြင့် ဘေးသို့တွန်းဖယ်ကာ သူ၏ နံရံတူးဖော်ရေး လုပ်ငန်းကြီးကိုသာ အားစိုက်လုပ်ဆောင်နေတော့သည်။
ပု... ချိ
ပု... ချိ
ပု... ချိ
နို့နှစ်ရောင် ကျောက်တုံးများမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး နံရံရှိ အပေါက်မှာလည်း တဖြည်းဖြည်း နက်ရှိုင်းလာကာ နောက်ဆုံးတွင် လူတစ်ယောက် တိုးဝင်နိုင်လောက်အောင် ကျယ်ဝန်းသွားတော့သည်။
အိမ်အတွင်း၌မူ အဖိုးအိုရှီသည် ကျေနပ်အားရသော မျက်နှာပေးဖြင့် အမည်မသိ သီချင်းတစ်ပုဒ်ကို တညည်းညည်း သီဆိုနေသည်။
ဒီအသုံးမကျတဲ့ ချင်းတဆိုတဲ့ကောင်က တကယ်ပဲ ထူးချွန်တဲ့ လူငယ်တစ်ယောက်ကို ရှာပေးနိုင်ခဲ့တာပဲ။ မွေးရာပါ ခွန်အားကြီးတဲ့သူတဲ့လား... ဝမ်ကျန်းခရိုင်ရဲ့ ဒီလိုထောင့်လေးမှာ ဒီလောက် အရည်အချင်းရှိတဲ့သူနဲ့ တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။
ခုတော့ ဆန်က ထမင်းဖြစ်နေလောက်ပြီ။ သူတို့ကို အတင်းအကျပ် လက်ထပ်ခိုင်းရရင်တောင် ငါလုပ်မှာပဲ။ ငါ့ရှီမိသားစုရဲ့ သမီးကို ဒီအတိုင်း အလကား အခွင့်ကောင်းယူလို့ ရမယ်ထင်နေလား။
အဖိုးအိုရှီသည် တွေးလေ ပျော်လေ ဖြစ်နေတော့သည်။ မူလက သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စမှာ သူ့ကို အကြီးအကျယ် စိတ်သောက ရောက်စေခဲ့သည်။
ရှီမိသားစုသခင် ရှီဆန်းထုံသည် သူ၏မျှော်လင့်ချက်ထက်သာလွန်ကာ စိတ်တိုင်းကျလောက်သည့် သမက်လောင်းတစ်ဦးကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့ပြီဟု အခိုင်အမာ ယုံကြည်နေမိသည်။
လုံယီဘက်မှ သူ့သမီးအား လက်ထပ်ရန် ငြင်းဆိုလိမ့်မည်ဟူသော ဖြစ်နိုင်ခြေကိုမူ သူသည် စက္ကန့်ပိုင်းမျှပင် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ ထိုက်မြို့တစ်မြို့လုံးတွင် လက်ချိုးရေ၍ရသော သိုင်းဆရာသခင်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဤမျှသောကိစ္စကို မဖြေရှင်းနိုင်စရာ အကြောင်းမရှိဘူးဟု သူက ယူဆထားခြင်းဖြစ်သည်။
“သုံးလေးနာရီခန့် ကြာမြင့်ခဲ့ပြီဆိုတော့ အချိန်တန်လောက်ပြီ။ သွားရောက်ကြည့်ရှုဦးမှပဲ”
ရှီဆန်းထုံက သ့ဘာသာ ရေရွတ်လိုက်သည်။
ထို့နောက် သူ၏ပုံရိပ်သည် အိမ်တွင်းမှ ဝူးခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားပြီး ခဏချင်းမှာပင် သမီးဖြစ်သူကို ပိတ်လှောင်ထားသည့် မြေအောက်ခန်းအထက်သို့ ရောက်ရှိလာတော့သည်။
“ကောင်လေး... ဒီတစ်ကြိမ်မှာတော့ ငါ့သမီးက မင်းအတွက် အမြတ်ထွက်သွားစေခဲ့တာပဲ။ မင်း ဘာများပြောချင်သေးလဲ”
ရှီဆန်းထုံက လည်ချောင်းတစ်ချက်ဟန့်၍ တည်ကြည်စွာ ပြောလိုက်သည်။
သို့သော် မြေအောက်ခန်းအတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ ပြန်လည်ထွက်ပေါ်မလာပေ။ ရှီဆန်းထုံက ဂရုမပြုဘဲ ဆက်လက်၍ “ငါ့သမီးက အပျိုစင်စစ်စစ်လေးပဲနော်။ ယောက်ျားတစ်
ယောက်အနေနဲ့ မင်း သူ့အပေါ်မှာ တာဝန်ယူသင့်တယ် မဟုတ်လား” ဟု ပြောပြန်သည်။
မြေအောက်ခန်းအတွင်း၌ တိတ်ဆိတ်မှုကသာ ကြီးစိုးနေဆဲ ဖြစ်သည်။
“မင်းက အခွင့်ကောင်းယူပြီး တာဝန်မယူဘဲ ထွက်ပြေးဖို့ ကြံစည်နေတာတော့ မဟုတ်ဘူးမလား”
ရှီဆန်းထုံ မျက်မှောင်ကြုတ်သွားပြီး “ရှီဆန်းထုံဆိုတာ ဘယ်လိုလူလဲဆိုတာ သိုင်းလောကမှာ စုံစမ်းကြည့်လိုက်ဦး။ ငရဲမင်းတောင် ငါ့ဆီမှာ အစားအသောက် လာစားရင် ငွေချေရတာကွ” ဟု ကြိမ်းဝါးလိုက်သည်။
အောက်ဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို တွေ့ရှိရသောအခါမှ ရှီဆန်းထုံသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူသည် မြေအောက်ခန်းတံခါးကို ဖွင့်လှစ်၍ အတွင်းသို့ ခုန်ဆင်းကြည့်လိုက်ရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မျက်နှာအသွေးအယောင် ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
သူ၏ရှေ့တွင် တစ်ပေကျော်ခန့် ကျယ်ဝန်းသော အပေါက်ကြီးတစ်ခုက ထင်ရှားစွာ ရှိနေသည်။ အပေါက်၏ဘေးတွင်လည်း နို့နှစ်ရောင် ကျောက်တုံးအပိုင်းအစများ ပုံလျက်သား ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဟေ့ကောင်လေး... မင်းမှာ ပညာအစွမ်းတွေ အတော်ရှိသားပဲ”
ရှီဆန်းထုံသည် ဒေါသတကြီးဖြင့် ရယ်မောလိုက်ပြီး မြေအောက်ခန်းအတွင်းမှ ရိပ်ခနဲ ပြန်လည်ထွက်ခွာလာခဲ့သည်။ သူသည် သူ့၏ ကိုယ်ဖော့သိုင်းပညာကို အသုံးပြု၍ နေအိမ်ပတ်ဝန်းကျင် တစ်ဝိုက်လုံးကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သော်လည်း လုံယီနှင့် ရှီချိုင်ဖုန်းတို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိရတော့ပေ။
“အင်း... အရမ်းကို အရသာရှိတာပဲ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါတော့ ရူးတော့မလို့ပဲ”
ဆိတ်ငြိမ်သော အိမ်တစ်လုံးအတွင်း၌ ရှီချိုင်ဖုန်းသည် လက်တစ်ဖက်တွင် ကြက်ပေါင်းတစ်ဖက် အခြားလက်တစ်ဖက်တွင် အရက်အိုးကို ကိုင်ဆောင်ကာ အားရပါးရ စားသောက်နေတော့သည်။ သူမ၏ နှုတ်ခမ်းတစ်ဝိုက်တွင် ဆီများ ပေကျံနေပြီး အမျိုးသမီးတစ်ဦး၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာဟူ၍ အစအနမျှပင် မရှိတော့ပေ။
“မမ... ဖြည်းဖြည်းစားပါ စားစရာတွေ အများကြီး ရှိပါသေးတယ်”
ရှီချင်းတက သူမ၏ဘေးတွင် ရပ်ရင်း အားမလိုအားမရ ပြောရှာသည်။
“သွေးစွမ်းအင်တွေကို ပြန်ပွင့်စေမယ့်ဆေးတွေ အဆင်သင့်ဖြစ်ပြီလား”
ရှီချိုင်ဖုန်းက ပါးစပ်တွင် အစာများပလုတ်ပလောင်းဖြင့် မေးမြန်းလိုက်သည်။
“အစ်ကိုကျန်း စီစဉ်နေပါတယ်”
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ကျန်းချန်းယွီ အပြေးအလွှား ပြန်လည်ရောက်ရှိလာသည်။ သူသည် အိတ်ကပ်အတွင်းမှ ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူကာ လှုပ်ခါလိုက်ပြီး အဖြူရောင်ဆေးလုံးတစ်လုံးစီကို လုံယီနှင့် ရှီချိုင်ဖုန်းတို့ထံ ကမ်းပေးလိုက်သည်။
“ရော့... ဒါက အပိတ်အဆို့ဖြေဆေးတွေပဲ။ ဒါကိုသောက်လိုက်ရင် ဦးလေးရှီ ပိတ်ထားတဲ့ သွေးစွမ်းအင်တွေ ပြန်ပွင့်သွားလိမ့်မယ်”
ကျန်းချန်းယွီသည် စကားအဆုံးတွင် လုံယီအား ဒေါသတကြီး စိုက်ကြည့်လိုက်သဖြင့် လုံယီမှာ အံ့အားသင့်သွားရသည်။
“ကျွန်တော့်အတွက် မလိုပါဘူး”
လုံယီက ခေါင်းခါယမ်းကာ ငြင်းပြောလိုက်သည်။
စွမ်းအင်သာ လုံလောက်ပါက စွမ်းရည်ပြမျက်နှာပြင်သည် မည်သည့်ဆိုးကျိုးကိုမဆို ဖယ်ရှားပေးနိုင်သည်ဖြစ်ရာ သိုင်းဆရာသခင်များ၏ စွမ်းအင်ပိတ်ဆို့မှုသည်လည်း အပါအဝင်ပင်။
အခြားတစ်ဖက်တွင်မူ ရှီချိုင်ဖုန်းသည် ဆေးလုံးကို ဆတ်ခနဲလှမ်းယူ၍ ပါးစပ်အတွင်းသို့ အလျင်အမြန် ထည့်လိုက်တော့သည်။ ခဏချင်းမှာပင် သူမ၏ သွေးစွမ်းအင်များ ပြန်လည်နိုးထလာပြီး အသားအရေများ နီမြန်းလာကာ ခန္ဓာကိုယ်မှ အဖြူရောင် အခိုးအငွေ့များ သိသိသာသာ ထွက်ပေါ်လာသည်။
ဝူး... ဝူး
အနီးကပ် နားထောင်ကြည့်ပါက သူမ၏ သွေးစွမ်းအင်များ စီးဆင်းနေသံမှာ ရေစီးသံကဲ့သို့ပင် ကြားနေရသည်။
“ငါ အဆင့်တက်တော့မယ် ထင်တယ်”
ရှီချိုင်ဖုန်း၏ မျက်လုံးများ တောက်ပလာပြီး “အဘိုးကြီးရဲ့ နှင်းခဲခွန်အား က ငါ့ရဲ့ လျှို့ဝှက်သွေးတွေနဲ့ သွားပြီး ဟန်ချက်ညီနေသလိုပဲ” ဟု ပြောလိုက်သည်။
“တကယ်လား ဒါဆိုရင်တော့ အတော်ပဲ”
ရှီချင်းတက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး “ကျွန်တော့်မှာ အဆင့်မြင့် သွေးစွမ်းအင်မြှင့်ဆေးတွေ ရှိတယ်”
“ပြီးခဲ့တဲ့အကြိမ်က ရထားတဲ့ ထိပ်နီငှက်ဝိညာဉ် ရဲ့ အမောက်အပိုင်းအစလည်း ငါ့ဆီမှာ ပါသေးတယ်”
ကျန်းချန်းယွီကလည်း အလျင်အမြန် ဖြည့်စွက်ပြောလိုက်သည်။
ရှီချိုင်ဖုန်းသည် မူလကပင် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူဖြစ်ရာ ယခုတစ်ကြိမ်တွင် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ပါက သူမသည် ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ မည်သည့်ဂိုဏ်းတွင်မဆို ဤအဆင့်မှာ အမာခံပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။
လုံယီသည်လည်း ခေါင်းညိတ်၍ ထောက်ခံလိုက်မိသည်။ ရှီချိုင်ဖုန်းအနေဖြင့် ယခုကဲ့သို့ ဘေးဒုက္ခနှင့် ကြုံတွေ့ရပြီးမှ အဆင့်တက်ရန် အခွင့်အရေးရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူမသည် မူလကပင် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ဖြင့် ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်ရှိသူများကို ယှဉ်ပြိုင်နိုင်သည့် ပါရမီရှင်တစ်ဦးဖြစ်သည်။ ယခုတစ်ကြိမ် အဆင့်တက်သွားပါက သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သူ့ထက် များစွာလျော့နည်းလိမ့်မည် မဟုတ်တော့ပေ။
သူတို့တစ်ဖွဲ့လုံး အခန်းအတွင်းမှ ထွက်ခွာ၍ တံခါးကို ပိတ်လိုက်ကြပြီး အပြင်ဘက်မှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ အခန်းတွင်းရှိ အပူချိန်မှာ မီးဖိုကြီးတစ်ခုအလား တဖြည်းဖြည်း မြင့်တက်လာနေသည်ကို လုံယီ အာရုံခံမိနေတော့သည်။
တစ်ချိန်တွင် အခန်းအတွင်းမှ မီးဟုန်းဟုန်းတောက်နေသည့် အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး အိမ်ခေါင်မိုးကိုပင် ဖောက်ထွက်တော့မည့်အလားပင်။ သို့သော် ခဏချင်းမှာပင် ထိုအရှိန်အဝါမှာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ရုတ်တရက် ငြိမ်သက်သွားတော့သည်။
ကျွီ...
ရှီချိုင်ဖုန်းသည် တံခါးကို တွန်းဖွင့်၍ ထွက်လာရာ သူမ၏မျက်နှာတွင် တောက်ပသော အပြုံးများ ပြည့်နှက်နေသည်။
“ငါ အောင်မြင်သွားပြီ ဟားဟားဟား”
“ဂုဏ်ယူပါတယ် မမ”
အားလုံးက ဝမ်းသာအားရ ဝိုင်းဝန်းဂုဏ်ပြုကြသည်။
သို့သော် ပြဿနာတစ်ခုက နောက်ဆက်တွဲ ပါလာသည်။
သူမသည် အိမ်သို့ ပြန်၍မရတော့သဖြင့် ယခု ဘယ်မှာ နေထိုင်ရမလဲ။ ရှီချိုင်ဖုန်း၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်ပြီးနောက် လုံယီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ငါ့မှာ နေစရာမရှိတော့ဘူး မင်း ငါ့ကို ခေါ်ထားမလား”
ဤစကားကြောင့် ရှီချင်းတ၏ အကြည့်များမှာ ထူးဆန်းသွားပြီး ကျန်းချန်းယွီ၏ မျက်နှာမှာမူ လုံးဝ တောင့်တင်းသွားတော့သည်။
“ကျွန်တော့်ဆီမှာ အားတဲ့အခန်း မရှိဘူး”
လုံယီက ပြတ်သားစွာ ငြင်းပြောလိုက်သည်။
နောက်ပြောင်သည်ဖြစ်စေ အတည်ဖြစ်စေ အဖိုးအိုရှီကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေသရွေ့ ရှီချိုင်ဖုန်းကို ခေါ်ထားခြင်းမှာ ခေါင်းခဲစရာ ကိစ္စပင်။ ထို့ပြင် ၎င်းမှာ သူ၏ အစွန်းရောက်လက်သီးဂိုဏ်းတပည့်ဖြစ်သည့် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ပေါ်ပေါက်သွားစေနိုင်သည်။
သားရဲရှာဖွေရေးအဖွဲ့ဝင်များမှာ ယုံကြည်စိတ်ချရသူများ ဖြစ်ကြသော်လည်း လုံယီသည် သူ၏ အထောက်အထားကို စောစီးစွာ မဖော်ပြလိုသေးပေ။ လက်ရှိတွင် သူ၏ ခွန်အားမှာ လိုအပ်ချက်ရှိနေသေးပြီး ရန်သူများကလည်း များပြားလှသည်။ ထို့ကြောင့် သူသည် အစွန်းရောက်လက်သီးဂိုဏ်းတွင် လျိုယီ အဖြစ်လည်းကောင်း သားရဲရှာဖွေသူများကြားတွင် လျိုရှူး အဖြစ်လည်းကောင်း အမည်နှစ်မျိုးဖြင့် လှုပ်ရှားနေခြင်း ဖြစ်သည်။ ထိုက်မြို့တစ်မြို့လုံးတွင် ထျန်းစူးရှီနှင့် သူမ၏အစေခံ ရှောင်ချန်းတို့သာ သူ၏ အထောက်အထားအစစ်အမှန်ကို သိရှိကြသည်။
“ကောင်းပြီလေ ငါလည်း ဂရုမစိုက်ပါဘူး”
ရှီချိုင်ဖုန်းက ခပ်အေးအေးပင် ပြောလိုက်သည်။
“နောက်ရက်အနည်းငယ်နေရင် ငါလည်း စခန်းကို ပြန်သွားတော့မှာပဲ”
“ကျွန်တော်ကတော့ အချိန်နည်းနည်း လိုသေးတယ်”
လုံယီက ပြောလိုက်သည်။
ရှီချိုင်ဖုန်း၏ အမှတ်စုဆောင်းမှုများမှာ သားရဲရှာဖွေရေးဌာန၏ အဆင့်မြင့်လဲလှယ်ရေးမှတ်တမ်းကို ကြည့်ရှုရန် မလုံလောက်ကြောင်း သူ အတည်ပြုပြီးဖြစ်သည်။ ထို့ကြောင့် အရိုးဖောက်သစ်ခွနှင့် အသက်ရှူနည်းစနစ် မြှင့်တင်ရန် လိုအပ်သော ရတနာများကို အခြားတစ်နေရာတွင်သာ ရှာဖွေရပေတော့မည်။
သူတို့တစ်ဖွဲ့လုံး အပြင်သို့ထွက်လာကြပြီး လမ်းခွဲရန် ပြင်လိုက်ကြသည်။ ယခုအခါ ညဉ့်နက်နေပြီဖြစ်ရာ လမင်းမှာ အထက်ကောင်းကင်၌ မြင့်မားစွာ တည်ရှိနေပြီး အိမ်တိုင်းစေ့တွင် ဆီမီးများ ငြိမ်းသတ်ထားကြပြီ ဖြစ်သည်။
ရှူး... ရှူး
ရှေ့ဘက်လမ်းမပေါ်တွင် မှောင်ရိပ်အချို့ ဖြတ်သန်းသွားကြသည်။ သူတို့အားလုံးမှာ မီးခိုးရောင် ဝတ်စုံများကို ဆင်မြန်းထားကြပြီး ဦးတည်ချက်တစ်ခုတည်းသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြသည်။ သူတို့၏ အရှိန်အဝါကို အာရုံခံကြည့်ခြင်းဖြင့် သူတို့အားလုံးမှာ သိုင်းပညာရှင် အဆင့်ရှိသူများဖြစ်ကြောင်း လုံယီ သိလိုက်ရသည်။
“ရှုမိသားစုက လူတွေပဲ”
ရှီချိုင်ဖုန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒီလို ညဉ့်နက်သန်းခေါင်မှာ စုရုံးနေကြတာ တစ်ခုခုတော့ မဟုတ်တာ လုပ်ဖို့ပဲ”
“သွားကြည့်ကြမလား”
သူမက ရှီချင်းတနှင့် ကျန်းချန်းယွီတို့ကို လျစ်လျူရှုကာ လုံယီကိုသာ စိတ်အားထက်သန်စွာ ကြည့်၍ မေးလိုက်သည်။
“ကောင်းပြီလေ”
လုံယီသည် ရှုမိသားစုနှင့် သူ၏ ရန်ငြိုးကို ပြန်လည်သတိရသွားပြီး စူးစမ်းလိုစိတ်များ မြင့်တက်လာတော့သည်။
အခန်း။ ၁၃၀
သတ္တိနှင့် အရည်အချင်း ပြည့်ဝသည့် ထိုလူနှစ်ဦးသည် မှောင်ရိပ်များကို နောက်ယောင်ခံကာ လိုက်ပါခဲ့ကြသည်။ ကျင့်စဉ်အဆင့် ကွာခြားချက်ကြောင့် ရှေ့မှ သွားနေသည့် မီးခိုးရောင်
ဝတ်ဆင်ထားသူမှာ သူ့နောက်တွင် လူပါလာသည်ကို လုံးဝ သတိမပြုမိပေ။
ခဏအကြာတွင် ထိုသူသည် မြို့ပြင်သို့ ရောက်ရှိသွားသည်။ မလှမ်းမကမ်းတွင် ခန့်ညားထည်ဝါလှသော စံအိမ်ကြီးတစ်လုံး တည်ရှိနေ၏။ အပြာရောင် အုတ်နံရံမြင့်ကြီးများပေါ်တွင် ရေညှိများနှင့် နွယ်ပင်များ ဖုံးလွှမ်းနေသည်။ အနီရောင် တံခါးမကြီး အထက်ရှိ ဆိုင်းဘုတ်
တွင်မူ ရှေးဟောင်းစာလုံးများဖြင့် စိမ်းလန်းသော တိမ်တိုက်စံအိမ်ဟု ထွင်းထုထားပြီး ခါးတွင် ဓားကိုယ်စီ ချိတ်ဆွဲထားသည့် အစောင့်အကြပ်များစွာက ပတ်ဝန်းကျင်ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေကြသည်။
စံအိမ်အတွင်း၌ ရှေးဟောင်း ထင်းရှူးပင်များနှင့် စိမ်းလန်းသော ဝါးပင်များ ဝေဆာနေကာ ကျောက်တောင်တုများနှင့် ရေစီးကြောင်းလေးများမှာလည်း ဟိုတစ်စ သည်တစ်စ ရှိနေကြသည်။ ကွေ့ကောက်သော လမ်းကလေးအတိုင်း အတွင်းသို့ တိုးဝင်သွားချိန်တွင် ပြင်းထန်သော စကားများ ရန်ဖြစ်သံကို သဲ့သဲ့ကြားလိုက်ရသည်။
“ရှုဟောက်ရင်... ငါ့လူကို အခုချက်ချင်း လွှတ်ပေးစမ်း”
“ဟွန်း... သူက ငါတို့ ရှုမိသားစုက ပင်ပင်ပန်းပန်း ဖမ်းဆီးထားတဲ့ သမင်နက်ဝိညာဉ်ကို ခိုးဖို့ ကြိုးစားတာပဲ။ ငါတို့က သူ့ကို မသတ်ဘူးဆိုရင် နောင်မှာ ဘယ်သူမဆို ငါတို့ဆီက ခိုးလို့ရတယ်လို့ ထင်သွားကြမှာပေါ့။ အဲဒီလိုဆိုရင် ငါတို့ ရှုမိသားစုက ထိုက်မြို့မှာ ဘယ်လိုလုပ် မျက်နှာသာ ရတော့မှာလဲ”
“သမင်နက်ဝိညာဉ်ကို ငါတို့ စူးမိသားစုက အရင်တွေ့ခဲ့တာ။ ငါတို့က သတင်းမျှဝေပေးခဲ့ပြီး မိသားစုအတော်များများ စုပေါင်းဖမ်းဆီးဖို့ အားလုံး ဝေစုရဖို့ သဘောတူခဲ့ကြတာ။ ဒါပေမဲ့ မင်းတို့ ရှုမိသားစုက သဘောတူညီချက်ကို ချိုးဖောက်ပြီး အပိုင်သိမ်းဖို့ ကြိုးစားနေတာပဲ...”
လုံယီနှင့် ရှီချိုင်ဖုန်းတို့သည် သစ်ပင်မြင့်ကြီးတစ်ပင်ပေါ်သို့ တက်ကာ သစ်ကိုင်းသစ်ရွက်များကြားတွင် ကိုယ်ယောင်ဖျောက်လျက် ဝင်းခြံအတွင်း ဖြစ်ပျက်နေသည်များကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
တစ်ဖက်အုပ်စုမှာ အင်အားတောင့်တင်းပြီး လူအင်အားလည်း များပြားလှသည်။ ခေါင်းဆောင်မှာ အပြာရောင် တိမ်တိုက်ပုံစံ ပိုးထည်ဝတ်စုံကို ဆင်မြန်းထားသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏နောက်တွင် အမျိုးမျိုးသော လက်နက်များကို ကိုင်ဆောင်ထားသည့် နောက်လိုက်များစွာ ပါရှိသည်။ သူတို့၏ အရှိန်အဝါအရ အားနည်းဆုံးသူပင်လျှင် သိုင်းသမားအဆင့်တွင် ရှိနေကြသည်။
အထင်ရှားဆုံး ပုဂ္ဂိုလ်မှာမူ ဆံပင်ကို စည်းနှောင်ထားပြီး အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အလတ်တန်းစား အမျိုးသားတစ်ဦးပင်။ သူသည် သွေးရောင်တောက်နေသော ရတနာဓားတစ်စင်းကို ကိုင်ဆောင်ထားပြီး မာန်ဝံ့သော အမူအရာရှိကာ သွေးစွမ်းအင်မှာလည်း လုံယီ ယခင်က သတ်ခဲ့သည့် ရှားဟူ ထက်ပင် သာလွန်နေသည်။ သူသည် အတွေ့အကြုံ ရင့်ကျက်လှသော ချီစွမ်းအင်ပတ်လမ်းကြီး အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ ထိုအပြာရောင်ဝတ်စုံနှင့် လူငယ်မှာ လူတစ်ယောက်ကို ခြေထောက်ဖြင့် ဖိနင်းထားပြီး နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေသည်။ သူ၏ ဘေးတွင်မူ အမွေးအမှင်များ ပြောင်လက်နေပြီး ဉာဏ်ရည်ထက်မြက်ပုံရသော သမင်နက်လေးတစ်ကောင်မှာ ဒူးထောက်လျက်သား ရှိနေသည်။
အခြားတစ်ဖက်အုပ်စုမှာမူ အတော်ပင် ဖရိုဖရဲ ဖြစ်နေပုံရသည်။ အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးငယ်တစ်ဦးက ဦးဆောင်နေပြီး သူမ၏ ပတ်ဝန်းကျင်တွင် သိုင်းပညာရှင် ၆ ဦး၊ ၇ ဦးခန့်က ဝိုင်းရံကာကွယ်ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် သွေးစွန်းရာများစွာ ရှိနေ၏။ သူတို့ထဲတွင် အသန်မာဆုံးမှာ အရုပ်ဆိုးပြီး ထွားကြိုင်းသော အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ သံချပ်ကာ ဝတ်ဆင်ထားပြီး ပခုံးများ ကျယ်ကာ နောက်ကျောမှာလည်း တောင့်တင်းလှသည်။ သူမ၏ မျက်နှာတွင် အမာရွတ်များစွာ ရှိနေပြီး ပြားချပ်နေသော လည်စိနှင့် အနည်းငယ် ထွက်နေသော ရင်ဘတ်ကသာ အမျိုးသမီးဖြစ်ကြောင်း သက်သေပြနေတော့သည်။
သို့သော် သူမ၏ အရှိန်အဝါမှာ တစ်ဖက်မှ အဝါရောင်ဝတ်စုံဝတ် အမျိုးသားနှင့် ယှဉ်လျှင် သိသိသာသာ အားနည်းနေပြီး သူမ၏ မျက်လုံးများမှာလည်း အလွန်အမင်း သတိကြီးစွာ ထားနေပုံရသည်။
သူမပဲ။
အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးကို မြင်လိုက်ရသောအခါ လုံယီ၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ တွေ့ဆုံချင်သော်လည်း အခွင့်
မသာခဲ့သော ထျန်းစူးရှီနှင့် ဤနေရာတွင် မမျှော်လင့်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ၏ဘေးတွင်ရှိသော ရှီချိုင်ဖုန်းမှာ အမျိုးသမီးတစ်ဦး၏ ထက်မြက်သော အာရုံဖြင့် လုံယီ၏ အမူအရာကို သတိပြုမိသွားသည်။ သူမသည် အသံမထွက်ဘဲ နှုတ်ခမ်းကို လှုပ်ရုံမျှဖြင့် မေးခွန်းထုတ်လိုက်ရာ လုံယီအနေဖြင့် သူမ ဘာပြောသည်ကို အလွယ်တကူပင် သိလိုက်ရသည်။
“မင်း သူနဲ့ သိတာလား မင်းရဲ့ ရည်းစားလား”
လုံယီမှာ စကားမဆိုနိုင်တော့ဘဲ ဤအတင်းအဖျင်း ပြောလိုသော အမျိုးသမီးကို အဖက်မလုပ်
ရန်သာ ဆုံးဖြတ်လိုက်သည်။
ဒီမိန်းမက အရမ်း ပေါက်တီးပေါက်ရှာ တွေးတတ်တာပဲ။
ဝင်းခြံအတွင်း၌မူ ပဋိပက္ခမှာ လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာသည်။
“ လေလိုက်ဓားကို အခုချက်ချင်း လွှတ်ပေးစမ်း”
ထျန်းစူးရှီသည် သိုင်းပညာ မတတ်သော်လည်း သူမ၏ ဟန်ပန်မှာ အားနည်းခြင်းမရှိဘဲ မျက်လုံးများမှာ ပြတ်သားနေသည်။
“မင်း ဘာလိုချင်တာလဲ ရှုဟောက်ရင် ငွေလား ဒါမှမဟုတ် ရတနာတွေလား”
ရှုဟောက်ရင်ဟု ခေါ်သော အပြာရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏ခြေထောက်အောက်မှ အသက်ရှိသည်မရှိသည် မသိရသော လူကို ဖိနင်းထားမြဲ ဖြစ်သည်။
“မိန်းကလေးစူး... အကူအညီတောင်းတာက ဒီလိုပုံစံမျိုး မဟုတ်ဘူးလေ”
ထိုလူငယ်၏ဘေးမှ မုတ်ဆိတ်ရှည်နှင့် မီးခိုးရောင်ဝတ် အဘိုးအိုတစ်ဦးက ကြားဖြတ်ပြောလိုက်သည်။
“ပြီးတော့ လေလိုက်ဓားက ရှုမိသားစုရဲ့ သမင်နက်ဝိညာဉ်ကို ခိုးဖို့ ကြိုးစားတာက သူ့ဘာသာသူ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ”
“ခွေးအိုကြီးချန်”
ထျန်းစူးရှီ၏ဘေးမှ လူများအားလုံး ထိုအဘိုးအိုကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
“မင်းသာ မရှိရင် ငါတို့ အစီအစဉ်က ဒီလို ပျက်စီးမှာ မဟုတ်ဘူး”
“သစ္စာဖောက် သစ္စာဖောက်ကောင်”
ဆဲဆိုသံများကို ကြားရသော်လည်း ထိုအဘိုးအိုမှာ အနည်းငယ်မျှ စိတ်မဆိုးသည့်အပြင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် “မင်းတို့ ငါ့ကို ကျေးဇူးတင်သင့်တာ။ ငါသာ အချိန်မီ မတားဆီးခဲ့ရင် ဒီထက်ပိုပြီး ကြီးမားတဲ့...”
“သေစမ်း”
သူ စကားပင် မဆုံးသေးမီ ထျန်းစူးရှီ၏ဘေးမှ ဓားကိုင်ထားသူတစ်ဦးမှာ စိတ်မထိန်းနိုင်ဘဲ ပြေးထွက်သွားတော့သည်။
ဖတ်…
အနီရောင်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ဓားကိုင်ထားသူမှာ မျက်လုံးအပြူးသားဖြင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“သခင်လေးရှေ့မှာ လာပြီး ရမ်းကားရဲတယ် သေချင်လို့ပဲ”
ရှုဟောက်ရင်၏ ဘေးမှ ပိန်ပိန်ပါးပါး မီးခိုးရောင်ဝတ် အမျိုးသားတစ်ဦးသည် လျင်မြန်စွာ တိုက်ခိုက်လိုက်ပြီး ပြိုင်ဘက်ကို ကျွမ်းကျင်စွာ သုတ်သင်လိုက်ခြင်း ဖြစ်သည်။ သူသည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အေးစက်စွာ ကြည့်နေသည်။ သူ၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် ထိုနေရာတွင် ရှိနေသူ အနည်းငယ်သာ မြင်လိုက်ရသည်။
သူ၏ ကျင့်စဉ်အဆင့်အရ သူသည် ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ရှိ သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။
“ရှောင်မုန့်ရဲ့ ဓားချက်က အရင်အတိုင်း မြန်နေတုန်းပဲ”
ရှုဟောက်ရင်သည် သတိလစ်နေသူပေါ်မှ ခြေထောက်ကို ဖယ်လိုက်ပြီး ထျန်းစူးရှီထံသို့ လျှောက်သွားလိုက်သည်။
“ငွေလား... ငါက ရှုမိသားစုရဲ့ သားကြီးပဲ။ ငါ့မှာ ငွေတွေ လိုအပ်မယ် ထင်လို့လား”
“ရတနာလား... ငါ မမြင်ဖူးတဲ့ ရတနာကော ရှိလို့လား”
“ဒီလေလိုက်ဓား ဆိုတဲ့ကောင်ကို လွှတ်ပေးစေချင်ရင် ငါလိုချင်တာကို မင်းပေးရမယ်။ မင်းသာ ဒီည ငါ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင်ပေါ့...”
ရှုဟောက်ရင်သည် ထျန်းစူးရှီထံသို့ အရှိန်အဝါအပြည့်ဖြင့် လျှောက်လှမ်းသွားသည်။ ကျောက်စိမ်းထက်ပင် ပိုမိုဖြူစင်နူးညံ့သော သူမ၏အသားအရေကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ရမ္မက်ဇောနှင့် လောဘရိပ်များ တောက်ပလာကာ သူမ၏မျက်နှာကို ထိတွေ့ရန် လက်ကို ဆန့်ထုတ်လိုက်တော့သည်။
ထျန်းစူးရှီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး နောက်သို့ အလန့်တကြား ဆုတ်လိုက်မိသည်။
“ရပ်စမ်း”
သံချပ်ကာဝတ် အမျိုးသမီးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သံတုတ်ကြီးကို ဝှေ့ယမ်းကာ ရှုဟောက်ရင်ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဂလောင်... ဂလောင်
မီးခိုးရောင်ဝတ် ပိန်ပိန်ပါးပါး အမျိုးသားနှင့် သံချပ်ကာဝတ် အမျိုးသမီးတို့သည် အပြန်အလှန် လုံးထွေးတိုက်ခိုက်ကြရာ သူတို့၏ပုံရိပ်များမှာ တစ်သားတည်းဖြစ်နေသယောင်ပင်။ ထို့နောက် အရှိန်ဖြင့် ပြန်လည်ခွာလိုက်ကြသည်။
ဖတ်…
မီးခိုးရောင်ဝတ် အမျိုးသားမှာ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက် ကျသွားပြီး ဓားကို အားပြုကာ ထိန်းထားရသည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး “သံမဏိသခင်မဆိုတဲ့ ဂုဏ်သတင်းက တကယ်ကို မမှားဘူးပဲ” ဟု ပြောလိုက်သည်။
“ဟမ်”
ရှုဟောက်ရင်က မျက်မှောင်ကြုတ်လိုက်သည်။
ရွှမ်း….
သူ့ဘက်မှ အသန်မာဆုံးဖြစ်သော အဝါရောင်ဝတ် အမျိုးသားသည် နောက်ဆုံးတွင် သူ၏ ရတနာဓားကို ထုတ်ယူလိုက်တော့သည်။ သူသည် သံချပ်ကာဝတ် အမျိုးသမီးနှင့် ရင်ဆိုင်ရာတွင် အပြန်အလှန် တိုက်ကွက်အနည်းငယ်အတွင်းမှာပင် ပြင်းထန်သော ဓားချက်တစ်ချက်ဖြင့် သူမကို လွင့်ထွက်သွားစေခဲ့သည်။
သံချပ်ကာဝတ် အမျိုးသမီး၏ ချပ်ဝတ်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ခန္ဓာကိုယ်ပေါ်တွင် အရိုးအထိ မြင်ရသော နက်ရှိုင်းသည့် ဒဏ်ရာများစွာ ရရှိသွားကာ သွေးများအန်ထုတ်လျက် အားအင်ကုန်ခမ်းသွားတော့သည်။
“ရှုမိသားစုရဲ့ ကျော်ကြားတဲ့ ဓားသမားလေးဦးထဲက တစ်ယောက်ဖြစ်တဲ့ သွေးဓားပဲ”
ရှီချိုင်ဖုန်းက လုံယီအား ထိုသူ၏ အထောက်အထားကို အသံမထွက်ဘဲ ပြောပြလိုက်သည်။
ကျော်ကြားတဲ့ ဓားသမားလေးဦး လုံယီ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ သူသည် ကျန်းဝေတပြောပြဖူးသဖြင့် ဤအကြောင်းကို ကြားဖူးနားဝ ရှိသည်။
ရှုမိသားစုအား ထိုက်မြို့၏ နံပါတ်တစ် မိသားစုဟု ခေါ်ဝေါ်ကြခြင်းမှာ ဝိညာဉ်ဖျက်ဓား အဘိုးအိုရှု ရှိနေခြင်းကြောင့်သာမက သူ၏လက်အောက်တွင် ဓားဆရာသခင် လေးဦးက အမြဲတမ်း နောက်ကွယ်မှ အညစ်အကြေးအလုပ်များကို လုပ်ဆောင်ပေးနေသောကြောင့်လည်း ဖြစ်သည်။ သူတို့မှာ နတ်ဘုရားဓား၊ အရှင်သခင်ဓား၊ အရိပ်ဓားနှင့် သွေးဓားတို့ ဖြစ်ကြသည်။
ယခု သွေးဓားမှာ ချီစွမ်းအင်ပတ်လမ်းကြီး အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အဆင့်တူများကြားတွင်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ ရှားဟူနှင့် ရင်ပေါင်တန်းနိုင်သူ ဖြစ်သည်။
“ရှုဟောက်ရင်... မင်း အရမ်းလွန်မလာနဲ့”
ထျန်းစူးရှီ၏ဘေးမှ လူတစ်ဦးက အံကြိတ်ကာ အော်ဟစ်လိုက်သည်။
“ဒီလို နေရာမျိုးမှာ ဒီလို တိရစ္ဆာန်ဆန်တဲ့ အပြုအမူမျိုး မလုပ်နဲ့”
“တိရစ္ဆာန်ဆန်တယ် ဟားဟား ငါ အခုလုပ်နေတာကို ဘယ်သူက တားနိုင်မှာလဲ”
ရှုဟောက်ရင်သည် ပိုမို၍ မာန်တက်လာကာ ထျန်းစူးရှီထံသို့ မာန်ပါပါ လျှောက်လှမ်းသွားပြီး သူမကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။ သူမ၏ဘေးမှ လူများက ရှေ့သို့တိုး၍ ကာကွယ်ရန် ကြိုးစားသော်လည်း သွေးဓား၏ ဓားချက်များအောက်တွင် တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြတော့သည်။
“မင်း ဘာလုပ်ချင်တာလဲ”
ထျန်းစူးရှီမှာ အတော်ပင် ထိတ်လန့်သွားရသည်။ တစ်ဖက်လူက ဤမျှအထိ အရှက်မဲ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ ာ
“မင်း ငါ့ကို တစ်ခုခုလုပ်ရင် စူးမိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
“ဪ... ဒါဆိုရင်လည်း မင်းကို ငါ့ရဲ့ မယားငယ်အဖြစ် တစ်ခါတည်း သိမ်းပိုက်လိုက်ရုံပေါ့။ မင်းတို့ မိသားစုထဲက လူအတော်များများကလည်း အဲဒီလို ဖြစ်တာကိုပဲ မြင်ချင်နေကြတာ မဟုတ်လား ဟားဟား”
ရှုဟောက်ရင်၏ မျက်နှာတွင် ရူးသွပ်ပြီး ရမ္မက်ထန်သော အပြုံးတစ်ခု ပေါ်လွင်နေသည်။ သူ၏အမြင်တွင် ထျန်းစူးရှီမှာ သတ်ဖြတ်ရန် ပြင်ထားသော သိုးငယ်တစ်ကောင်အလား ဖြစ်နေတော့သည်။
ထျန်းစူးရှီက ခုခံလေလေ ရှုဟောက်ရင်မှာ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။
ရန်သူက တဖြည်းဖြည်း နီးကပ်လာပြီး သူမမှာလည်း မတတ်သာသည့်အဆုံး ထျန်းစူးရှီ၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် ရင်ဘတ်တွင် ဝှက်ထားသော မြှားမြှောင်ကို ထုတ်ယူလိုက်၏။ ဤလူယုတ်မာ၏ လက်ထဲတွင် အရှက်ရမည့်အစား သေခြင်းတရားကိုသာ သူမ ရွေးချယ်လိုက်တော့မည်။
ထိုစဉ်မှာပင်...
ဘုန်း
လူတစ်ဦးသည် ကောင်းကင်ယံမှ ခုန်ဆင်းလာကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် နင်းချလိုက်သည်။ ခြေထောက်နှစ်ဖက်လုံး မြေပေါ်ကျသည်ဟု မဆိုနိုင်ပေ။ ခြေတစ်ဖက်မှာ မြေပြင်ကို နင်းထားသော်လည်း အခြားခြေတစ်ဖက်မှာမူ ခုနက အစွမ်းပြနေသည့် မီးခိုးရောင်ဝတ် ပိန်ပိန်ပါးပါး အမျိုးသား၏ ဦးခေါင်းကို တည့်တည့်မတ်မတ် နင်းခြေထားခြင်း ဖြစ်သည်။
ထိုသူ၏ ဦးခေါင်းမှာ လုံးဝ ကြေမွသွားပြီး ခန္ဓာကိုယ်မှာ ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်အလား တဆတ်ဆတ်တုန်ကာ အသက်ပျောက်သွားတော့သည်။
“ဪ... ဒီမှာ သမင်နက်ဝိညာဉ် တောင် ရှိနေတာပဲ။ ငါပဲ ယူလိုက်တော့မယ်”
လုံယီက ရုပ်ဖျက်ထားသော မျက်နှာဖြင့် ခပ်ရင့်ရင့် ရယ်မောရင်း ပြောလိုက်သည်။
“မင်းက ဘယ်သူလဲ”
သွေးဓားသည် လူသားအရေပြားမျက်နှာဖုံး တပ်ဆင်ထားသည့် လုံယီ၏ သာမန်မျက်နှာကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ သူ၏ဓားမှာ အိမ်ထဲမှ ထွက်နေပြီဖြစ်ပြီး ရှုဟောက်ရင်ကို အနောက်တွင်ထားကာ သတိကြီးစွာ ကာကွယ်ထားသည်။
“လမ်းကြုံလို့ ဝင်လာတာ မင်းတို့ရဲ့ သမင်လေးကို သဘောကျလို့”
လုံယီက ပြန်ဖြေသည်။
သွေးဓား၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူသည် လုံယီ၏ အဆင့်အစစ်အမှန်ကို ခန့်မှန်း၍မရနိုင် ဖြစ်နေ၏။ ပြိုင်ဘက် တိုက်ခိုက်လိုက်သည့်အချိန်တွင် ထွက်ပေါ်လာသော သွေးစွမ်းအင်မှာ ပထမချီစွမ်းအားအဆင့်မျှသာ ရှိသည်။ သို့သော် သာမန်သွေးသိုင်းသမားတစ်ဦးက ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို မျက်စိတစ်မှိတ်အတွင်း ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ၎င်းမှာ သူကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
“ခွေးသူတောင်းစား”
ရှုမိသားစုမှ နောက်လိုက်တစ်ဦးမှာ မနေနိုင်ဘဲ လုံယီ၏အနောက်မှနေ၍ လည်ပင်းကို ဓားဖြင့် ခုတ်ရန် ပြေးဝင်လာသည်။
ဖတ်…
လုံယီသည် ခေါင်းပင်လှည့်မကြည့်ဘဲ ခါးကို အနည်းငယ် လိမ်လိုက်ကာ သူ၏ပုဆိန်ဖြင့် နောက်သို့ ပေါ့ပေါ့ပါးပါးပင် ခုတ်ချလိုက်သည်။ ရန်သူမှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပြီး အတွင်းအင်္ဂါများနှင့် သွေးများ နေရာအနှံ့ ဖိတ်စင်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှုဟောက်ရင်၏ မျက်နှာမှာလည်း အလွန်အမင်း တည်ကြည်သွားရသည်။ ရှေ့မှ သွေးဓား၏ အမူအရာမှာမူ ပို၍ပင် လေးနက်လာတော့သည်။
ရှုဟောက်ရင်နှင့် သွေးဓားတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အခြေအနေကို အကဲခတ်လိုက်ကြသည်။ ဤပုဂ္ဂိုလ်၏ အစွမ်းကို အတိအကျ မသိရသဖြင့် စွန့်စားရန်မသင့်ကြောင်း ဆုံးဖြတ်လိုက်ပြီး ရှုဟောက်ရင်က မကျေမနပ်ဖြင့် “ကောင်းပြီ... ဒီသမင်ကို မင်းယူသွားနိုင်တယ်” ဟု ပြောလိုက်သည်။
ရှုဟောက်ရင်သည် ပညာရှိသူဖြစ်ရာ အခြေအနေမဟန်လျှင် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏ရင်ထဲတွင်မူ ဤအရှက်ရမှုကို အဆပေါင်းရာချီ၍ ပြန်လည်ပေးဆပ်ရန် ကျိန်ဆိုနေတော့သည်။
ထိုအချိန်တွင် လုံယီက ထပ်မံ၍ “စဉ်းစားဖို့ ဒီလောက်တောင် အချိန်ယူနေရသလား။ ငါ့လို ဂုဏ်ယူဖွယ် ကောင်းကင်မင်းသားကို မင်းတို့က အထင်သေးနေတာလား” ဟု မေးလိုက်သည်။
ဂုဏ်ယူဖွယ် ကောင်းကင်မင်းသားဟူသော ကြွားဝါလွန်းသည့် အမည်ပြောင်ကို ကြားလိုက်ရသောအခါ ရှုဟောက်ရင်၊ သွေးဓားနှင့် အခြားသူများမှာ မျက်နှာကြွက်သားများပင် တဆတ်ဆတ်တုန်သွားကြသည်။
သွေးဓားက လက်သီးဆုပ်၍ ယဉ်ကျေးစွာဖြင့် “ကျွန်တော်တို့ အထင်မသေးရဲပါဘူး...” ဟု ပြန်ပြောရန် ပြင်လိုက်သော်လည်း ဒေါသထွက်နေသည့်ဟန်ဖြင့် လုံယီက ကြားဖြတ်နှောင့်ယှက်လိုက်သည်။
“မင်းတို့ အားလုံးကို သတ်လိုက်မှပဲ တခြားသူတွေက သင်ခန်းစာရပြီး ငါ ဂုဏ်ယူဖွယ် ကောင်းကင်မင်းသားရဲ့ ဘုန်းတန်ခိုးကို သိကြတော့မယ် ထင်တယ်”
ထိုနေရာရှိ လူအားလုံးမှာ ဆွံ့အသွားကြတော့သည်။