ထိခိုက်မှုမရှိနိုင်သည့် သစ်ပင်
Vol. 20 Ch. 276
အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့ ထွက်ခွာသည့်အခါတွင် မြို့တံခါး၌ ပုလဲလူမျိူးအများအပြားမှ လိုက်လံနှုတ်ဆက်ကြလေသည်။
ပေါ်လန်မြို့၏ အလှပဂေးတစ်ဦးဖြစ်သူ ချီချီသည်လည်း ထိုလူအုပ်ထဲ၌ ပါလေသည်။ သူမသည် လက်ဝှေ့ယမ်းကာဖြင့် ကျယ်လောင်စွာ နှုတ်ဆက်ခြင်းပြုသည်။ “ဆရာကြီးအန်လင်းရှင့် နောက်တစ်ခါ ပုလဲနိုင်ငံတော်ကို လာရောက်မယ်ဆိုရင် ကျွန်မက အခကြေးငွေမယူဘဲ လမ်းညွှန်လုပ်ပေးပါ့မယ်။”
အန်လင်းသည် အသိအမှတ်ပြုသည့် အပြုံးတစ်ခုပေးလိုက်ပြီးနောက် လက်ဝှေ့ယမ်းကာဖြင့် လူအုပ်အား နှုတ်ဆက်လိုက်သည်။ ထောင်သောင်းချီသည့် ပုလဲလူမျိူးများ၏ အကြည့်များအောက်တွင် တပိုင်၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက်တွင် သူတို့သည် ပင်လယ်ဆီသို့ ပျံသန်းသွားကြပြီး ပုလဲလူမျိုးတို့၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားကြလေသည်။
သူတို့ ပထမဆုံး ရပ်နားလိုက်သည့်နေရာမှာ အရှေ့ပင်လယ်၏ သစ်တောစိမ်းကျွန်း အနီးတွင်ဖြစ်သည်။ ထိုနေရာတွင် နှစ်တစ်ထောင်လမျိုသစ် ရှိလေသည်။
“သစ်တောစိမ်းကျွန်းရဲ့ အရှေ့ဘက် ၇ ကီလိုမီတာ အကွာက ပင်လယ်ကြမ်းပြင်မှာ လမျိုသစ်ပင် ရှိတယ်။ အဲဒီသစ်ပင်မှာ အသိဉာဏ်ရှိနေတဲ့အတွက် ရှန့်ယင်က သေဆုံးသွားအောင် မလုပ်နိုင်ခဲ့ဘူး။ သစ်ကိုင်းတစ်ကိုင်းကိုပဲ ဖြတ်ယူခဲ့တယ်။ ဟူးးး လမျိုသစ်ပင်က အဲဒီနေရာမှာပဲ ရှိနေပါစေလို့ ဆုတောင်းပါတယ်။” အန်လင်းသည် တည်ကြည်စွာဖြင့် ဆိုပြီးနောက် သူ၏လက်ထဲရှိ ရေကြောင်းပြမြေပုံအား ကြည့်လိုက်သည်။
“ကျွန်တော်တို့က အဲအပင်ကို နှစ်တစ်ထောင်လမျိုသစ်ပင်လို့ ခေါ်ပေမဲ့လည်း အဲဒီအချိန်တုန်းက သူ့ရဲ့သက်တမ်းက တကယ်တမ်း နှစ်ပေါင်း နှစ်ထောင် သုံးထောင်လောက် ရှိနေပြီ။ အခုဆိုရင် နှစ်တစ်သောင်းရှိတဲ့ သစ်ပင်ဝိညာဉ်ရှိနေလောက်ပြီ။ သစ်ပင်ဝိညာဉ်ဖြစ်ပေါ်လာပြီး ထွက်ပြေးသွားတာပဲ ဖြစ်ဖြစ် တခြားသူတစ်ယောက်ယောက်က လာယူသွားတာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ခရီးက အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး။ ဝုတ်” တပိုင် အနည်းငယ် စိုးရိမ်နေမိသည်။
“တခြားဖြစ်နိုင်ချေလည်း ရှိနေသေးတယ်။ အပင်အိုပြီး သေဆုံးသွားမယ်ဆိုရင် ပင်စည်ကလည်း ပျက်စီးသွားမှာပဲ။” ရှောင်ချိုး ထပ်ပေါင်းပြောလိုက်သည်။
အန်လင်း : “…”
သစ်တောစိမ်းကျွန်း။
ဤကျွန်းသည် ချီစွမ်းအင် ပေါကြွယ်ဝသလို အသက်ဓာတ်စွမ်းအင်လည်း ပေါများသည်။ လှပသည့် သစ်ရွက် သစ်ခတ်များသည် ပေါင်းမိုးသဖွယ် ဖြစ်တည်နေကြသည်။ အဝေးမှကြည့်မည်ဆိုလျှင် သမုဒ္ဒရာ မျက်နှာပြင်ထက်တွင် နစ်ဝင်နေသည့် အစိမ်းရောင်ကျောက်မျက်နှင့်ပင် တူလေသည်။ ထို့အတွက်ကြောင့် ဤကျွန်းအား သစ်တောစိမ်းကျွန်းဟု ခေါ်ဆိုကြခြင်းပင် ဖြစ်သည်။
အန်လင်းသည် မြေပုံပေါ်ရှိ အမှတ်အသားများအတိုင်း အရှေ့သို့ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ များမကြာမီတွင် သူ၏ မြင်ကွင်းထဲတွင် ကျွန်းတစ်ကျွန်း ပေါ်ပေါက်လာသည်။ သို့သော်လည်း အန်လင်းတို့သည် သစ်တောစိမ်းကျွန်းအား လှည့်ပတ်ကြည့်လိုစိတ် မရှိကြချေ။ ထို့အစား အရှေ့ဘက်သို့ ၇ ကီလိုမီသာ ပျံသန်းသွားကာဖြင့် ပင်လယ်ထဲသို့ ထိုးဆင်းသွားလေသည်။
“ရှောင်ချိုးရေ စလိုက်မီးတွေ ဖွင့်မယ်။”
ချပ်
ရှောင်ချိုးသည် သူ၏ ရွှေမျက်လုံး သို့တည်းမဟုတ် စူပါစလိုက်မီးတို့ကို ဖွင့်လိုက်သည်။
ထက်ရှနေသည့် ဓားတစ်လက်သဖွဘ် အမှောင်ထုအား စုတ်ဖြဲလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းသည် ပင်လယ်ကြမ်းပြင်သို့တိုင်အောင် အလင်းရောင် တောက်ပနေလေသည်။
ရှောင်ချိုးသည် ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်းအဆင့် အော်ရာအား ထုတ်ဖော်ထားလေသည်။ ထိုအော်ရာကြောင့် သူတို့အနီးသို့ ပင်လယ်နက်သတ္တဝါများ ရောက်မလာရဲကြချေ။
ထိုသို့ဖြင့် မီတာ ၂၀၀၀ ကျော် ဆင်းသက်ပြီးသည့်နောက်တွင် ပင်လယ်ကြမ်းပင်သို့ ရောက်ရှိလာခဲ့ကြသည်။
“လမျိုသစ်ပင်ရဲ့ဘေးမှာ အဇူရာအရောင်ကျောက်တုံးကြီး ရှိနေတာကို မှတ်ထားမိတယ်။” အန်လင်း ဆိုသည်။
“အဲဒီကျောက်တုံးကို တွေ့ပြီ။ ဒါပေမဲ့ သစ်ပင်ကတော့ မရှိတော့ဘူး။”
ရှောင်ချိုးသည် နေရာတစ်ခုသို့ ကြည့်လိုက်သည့်အခါ ရင်းနှီးပုံရသည့် ကျောက်တုံးကြီးအား မြင်တွေ့လိုက်ရသည်။ နှစ်ပေါင်း သောင်းချီတိုင်အောင် ကုန်ဆုံးခဲ့ပြီးသော်လည်း ထိုကျောက်တုံးကြီးမှာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏နံဘေးရှိ စိမ်းဝါရောင် လမျိုသစ်ပင်မှာမူ ရှိမနေတော့ချေ။
အန်လင်း၏ နှလုံးသား နာကျင်သွားသည်။ ကျောက်တုံးကြီးထံသို့ အလျင်အမြန် ပြေးသွားလိုက်ပြီး ထိုနေရာအား စေ့စေ့စပ်စပ် စူးစမ်းလိုက်သည်။ အင်မော်တယ်မန္တန်ကိုပင် အသုံးပြုကာ ပင်လယ်ကြမ်းပြင်၏ သုံးပေအနက်ထိတိုင်အောင် တူးဆွလိုက်သေးသည်။ သို့သော်လည်း သစ်ပင်မှာမူ လုံးဝ ပျောက်ကွယ်သွားလေပြီ။
“မဖြစ်နိုင်ဘူး။ အရမ်းကို အဖိုးတန်တာကြောင့် လမျိုသစ်ပင်က သေဆုံးသွားပြီးတဲ့နောက်မှာတောင် လွယ်လွယ်ကူကူ မဆွေးမြည့်နိုင်ဘူး။ ဘာလို့များ အစအနတောင် ရှာမတွေ့ရတော့တာလဲ။ သစ်ပင်ဝိညာဉ် ဖြစ်ပေါ်လာပြီး ထွက်ပြေးသွားတာများလား။ ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက် ရသွားတာလား။”
ပထမဆုံးသော ရှာဖွေခဲ့သည့်အရာအား ဤကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟု အန်လင်း တစ်ခါမျှပင် မျှော်လင့်မထားမိခဲ့ချေ။ အမှန်တရားအား လက်ခံနိုင်ရန် ခဲယဉ်းလွန်းလှသည်။
…
သစ်တောစိမ်းကျွန်းပေါ်တွင် လေပြင်းများ တိုက်ခတ်လျက်ရှိပြီး မိုးခြိမ်းသံများ လျှပ်စီးများ တလက်လက် တောက်ပနေလေသည်။
အဖြူရောင်ကျောက်တုံးကြီးတစ်ခုပေါ်တွင် သစ်ပင်ဝိညာဉ်နှင့် စိတ်ဝိညာဉ်သားရဲများစွာသည် တဆတ်ဆတ် တုန်ယင်ကာဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းလျက်ဖြင့် ရှိနေကြလေသည်။
“ငါ ရှေးဟောင်းလအင်ပါယာက ဒီနေ့မှာ အဇူရာအင်ပါယာကို သတ်ဖြတ်ခဲ့တယ်။ ကန့်ကွက်ချင်တဲ့သူ ရှိသလား။”
စိမ်းဝါရောင် သစ်ပင်လူသားသည် ကျောက်တုံးကြီး၏ အပေါ်တွင် ဝံ့ကြွားစွာဖြင့် မတ်တတ်ရပ်နေသည်။ ရွှေရောင်ဓားတစ်လက်အား ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထုတ်ဖော်ထားသည်။
ယင်း၏နံဘေးတွင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ အသက်မဲ့နေသော အဇူရာရောင်သစ်ပင်လူသားတစ်ဦး လဲလျောင်းလျက်ရှိသည်။
သစ်ပင်ဝိညာဉ်များနှင့် စိတ်ဝိညာဉ်သားရဲများ လျင်မြန်စွာ ခေါင်းခါယမ်းလိုက်ကြသည်။ သူတို့အားလုံးတို့မှာ ကန့်ကွက်စကား တစ်လုံးတစ်လေမျှပင် မဆိုရဲကြချေ။
အဇူရာအင်ပါယာသည် သစ်တောစိမ်းကျွန်းပေါ်တွင် အသန်မာဆုံးသော သက်ရှိဖြစ်သည်။ ယခုအခါတွင်မူ ရှေးဟောင်းလအင်ပါယာ၏ လက်အတွင်း သက်ဆင်းသွားခဲ့ရပြီ ဖြစ်ရာ မည်သူ ဆန့်ကျင်ရဲမည်နည်း။
သစ်တောစိမ်းကျွန်းပေါ်ရှိ စွမ်းအားကြီးသက်ရှိများအားလုံး ဝပ်စင်းခယနေကြသည့်အတွက် ရှေးဟောင်းလအင်ပါယာ အူလှိုက်သည်းလှိုက် ရယ်မောမိလိုက်သည်။ ယင်းသည် အကြောင်းမဲ့သက်သက် ဘုရင်တစ်ပါး၏ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ အလွန်အားရကျေနပ်ကာ ဂုဏ်ယူနေမိသည်။
“ငါ ရှေးဟောင်းလအင်ပါယာက နှစ်ပေါင်းသုံးထောင်ကြာအောင် ပင်လယ်အောက်ခြေမှာ တာအိုလမ်းစဉ်ကို ရှာဖွေနေခဲ့တယ်။ မိန်းမပျက်တစ်ယောက်က ငါ့ရဲ့ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ငါ့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်ကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့လည်း အဲဒါလောက်နဲ့ ငါမရပ်တံ့ခဲ့ဘူး။ ကောင်းကင်တာအိုက သနားကြင်နာခဲ့တယ်။ နှစ်ပေါင်း ၉၀၀၀ ကျော် ကြာပြီးတဲ့နောက်မှာ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ရရှိခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်ခြေချနိုင်ခဲ့တယ်။ အခုတော့ ဝိညာဉ်ရဲ့ ထိုးထွင်းသိမြင်မှုအားလုံးကိုလည်း ရရှိလာခဲ့ပြီ။”
“အခုကစပြီး ငါက သစ်တောစိမ်းကျွန်းရဲ့ အရှင်သခင်ပဲ။ ဒါကိုလက်ခံဖို့ ဘယ်သူ ငြင်းပယ်ချင်သေးလဲ။”
ယင်း၏အသံမှာ မိုးခြိမ်းသံတမျှ ကျယ်လောင်လှပြီး ကြမ်းတမ်းရက်စက်သည့် ပင်လယ်၏ ဖျက်ဆီးနိုင်စွမ်းအပြည့် ပါဝင်နေသော လှိုင်းလုံးများနှင့် တူလှသည်။ ယင်း၏ ကြောက်မက်ဖွယ်ရာ ခွန်အားကြောင့် ပေတစ်ထောင်ပတ်လည်ရှိ အပင်ငယ်လေးများ ကြောက်ရွံ့တုန်ယင်လာကြသည်။
ရှေးဟောင်းလအင်ပါယာသည် လွန်စွာပျော်ရွှင်နေလေသည်။ အကြောင်းမှာ ယနေ့သည် ယင်းအနေဖြင့် သစ်တောစိမ်းကျွန်းအား လက်လွှဲယူနိုင်ခဲ့သောနေ့ ဖြစ်သည်။ နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်ခဲ့ပြီးသည့်နောက်တွင် ဤနေ့မှာ ဂုဏ်ယူဖွယ်ရာအကောင်းဆုံးသော နေ့တစ်ရက် ဖြစ်လေသည်။
သစ်တောစိမ်းကျွန်းပေါ်ရှိ မည်သည့်သက်ရှိမဆို ယင်းအား ကန့်ကွက်စကား မဆိုရဲကြချေ။
“ငါကန့်ကွက်တယ်။”
ရုတ်တရက်ဆိုသလို ကောင်းကင်ထက်မှ အသံတစ်ခု ပျံ့နှံ့ရောက်ရှိလာသည်။
ထိုအသံသည် ရုတ်တရက်ပစ်ခတ်လိုက်သည့် မိုးကြိုးသဖွယ် တိတ်ဆိတ်မှုနှင့် မွန်းကြပ်မှုတို့အား ဖြိုခွင်းလိုက်သည်။
သစ်ပင်လူသားများနှင့် စိတ်ဝိညာဉ်သားရဲများအားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ရှေးဟောင်းလအင်ပါယာအား ကန့်ကွက်ကာ သေခြင်းတရားအား ရှာဖွေနေသည့် အရူးကောင်ကို မြင်တွေ့လိုမိကြသည်။
ရှေးဟောင်းလအင်ပါယာ၏ အမူအရာသည်လည်း ပြောင်းလဲသွားကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အင်ပါယာတစ်ဦး ဖြစ်လာမည့် အခိုက်အတံ့တွင် တစ်စုံတစ်ဦး ရောက်ရှိလာကာ ငြင်းဆန်ကန့်ကွက်ခြင်း ပြုလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ထိုအချိန်တွင် မလိုအပ်ဘဲ ရောက်ရှိလာခဲ့သည့် ဧည့်သည်တော်အား သတ်ဖြတ်ပစ်ရန် ရည်ရွယ်ထားပြီး ဖြစ်သည်။
ထို့နောက်တွင် သစ်တောစိမ်းကျွန်းပေါ်ရှိ သက်ရှိများအားလုံးသည် မျက်နှာစိမ်းတစ်ဦးအား မြင်တွေ့လိုက်ရသည်။ ယင်းမှာ မျောက်တစ်ကောင် ဖြစ်သည်။
ထိုမျောက်သည် ငွေတုတ်အား ကိုင်ဆောင်ထားကာ အနက်ရောင်မီးတောက်များ လွှမ်းခြုံထားသည်။ မဟူရာဖန်သံချပ်ကာအား ဝတ်ဆင်ထားပြီး ထိုမျောက်၏ သွင်ပြင်မှာ အထင်ကြီးလောက်ဟန်ရှိပြီး အထက်စီးဆန်လေသည်။ တစ်ခုတည်းသော ပစ်ချက်မှာ လွန်စွာအကျည်းတန်နေခြင်း ဖြစ်သည်။
ထိုမျောက်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်း အဆင့်တွင်သာ ရှိနေသေးကြောင့် ရှေးဟောင်းလအင်ပါယာ အာရုံခံလိုက်မိသည်။ ထို့အပြင် ယင်းနှင့်အတူပါလာသော ခွေးဖြူနှင့် လူသားကျင့်ကြံသူမှာလည်း စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်တွင်သာ ရှိနေသေးသည်။ “မင်းက ဘယ်သူလဲ။” အထင်သေးဟန်ဖြင့် ဆိုသည်။ “ဘာလို့ ငါ့ကို အရှင်သခင်အဖြစ် လက်ခံဖို့ ငြင်းဆန်ရတာလဲ။”
ထိုကန့်ကွက်သည့် မျောက်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေခြင်း မရှိသည်ကို သိလိုက်ရသည့်အခါ သစ်တောစိမ်းကျွန်းရှိ သက်ရှိများအားလုံး စိတ်ပျက်သွားမိကြသည်။ ထိုမျောက်မှာ အမှန်တကယ်ကို ရူးသွပ်နေဟန်ရှိသည်။
သစ်တောစိမ်းကျွန်း၏ အဇူရာအင်ပါယာသည် ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့်တွင် ရှိနေခဲ့သော အထွက်အထိပ်သက်ရှိ ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းလအင်ပါယာ၏ တစ်ခိုက်မှု တစ်ခုတည်းကြောင့် နှစ်ပိုင်း ဖြစ်သွားခဲ့ရသည်။ ယခုအခါတွင် ထိုမျောက်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ပင် ရောက်ရှိခြင်း မရှိသေးဘဲနှင့် ရှေးဟောင်းလအင်ပါယာအား ဆန့်ကျင်နေလေသည်။ ယင်းမှာ သေခြင်းတရားအား ရှာဖွေနေခြင်း မဟုတ်ပါလား။
“အဟမ်း ငါက ရွှေမျက်လုံးမျောက်မင်းပဲ။ မင်းကို ဘာလို့ ငြင်းဆန်ရသလဲဆိုတော့...”
“ဘာလို့လဲဆိုတော့ ငါက ငြင်းပယ်သင့်တယ်လို့ ခံစားရလို့လေ။”
ထိုမျောက်မှာ လွန်စွာ ဝံ့ကြွားလှပြီး စကားပြောရဲတွင်လည်း ရဲရင့်ကာ ယုံကြည်မှုအပြည့်နှင့် ဖြစ်သည်။
မှန်သည်။ ထိုမလိုအပ်ဘဲနှင့် ရောက်ရှိလာခဲ့ကြသည့် ဧည့်သည်တော်များမှာ ရှောင်ချိုး၊ တပိုင်နှင့် အန်လင်းတို့မှလွဲ အခြားမဟုတ်ပေ။
ရှောင်ချိုးထံမှ ထိုစကားများ ထွက်ပေါ်လာသည့်အခါ သစ်တောစိမ်းကျွန်းပေါ်ရှိ သက်ရှိများအားလုံး တုန်လှုပ်ခြောက်ချားသွားကြသည်။
ရှေးဟောင်းလအင်ပါယာသည်လည်း တွေဝေနေမိသည်။ အစွမ်းထက်ဟန်မရှိသည့် မျောက်တစ်ကောင်ထံမှ ဤကဲ့သို့ ပုန်ကန်လိုဟန်ကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
ထိုအချိန်မှာပင် တပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် အန်လင်းအား စိတ်ဖြင့်ဆက်သွယ်လိုက်သည်။ “အန်ကော ကြည့်ပါဦး။ မျက်နှာနဲ့ ခြေတွေ လက်တွေ ပါနေတာကလွဲ ဒီလမျိုသစ်ပင်က ပုံထဲမှာပါတာနဲ့ တစ်ထပ်တည်းပဲ။ တကယ်ကြီး သစ်ပင်ဝိညာဉ် ဖြစ်တည်လာပုံပဲ။ ကျွန်တော်ပြောသားပဲ ကျွန်းပေါ်မှာ ဗိုလ်လုပ်နေတာမျိုး ဖြစ်မှာပါလို့။ အခုလိုမျိုး တိုက်ဆိုင်သွားမယ်လို့ ဘယ်သူထင်မှာလဲ။”
အန်လင်းမှာ ကျေနပ်အားရနေမိသည်။ “အဆုံးမဲ့တောင်တန်းတွေနဲ့ မြစ်ပြင်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ လမ်းဆိုတာ ရှိစမြဲပဲ။ ရုတ်တရက်ဆိုသလို မိုးမခပင်ရဲ့အရိပ် လှပတဲ့ပန်းပွင့်တွေနဲ့ မြတ်နိုးဖွယ်ရာ ကျေးရွာလေးကို ကြုံတွေ့လိုက်ရတယ်။ အခုလိုမျိုး ဆူဆူညံညံ ဖြစ်မလာရင် ငါတို့က ဒီနေရာကို ရောက်ရှိလာမှာ မဟုတ်ဘူး။ ဒါတွေအားလုံးက ကံကြမ္မာပဲ....။” (တောင်ပိုင်းစုန့်မင်းဆက်ခေတ်က လုယိုရေးသားခဲ့တဲ့ ကဗျာတစ်ပိုဒ် ဖြစ်ပါတယ်။)
ရှောင်ချိုး၏ အထက်စီးဆန်မှုအား မြင်တွေ့ရသည့်အခါ ရှေးဟောင်းလအင်ပါယာသည် နောက်ထပ်တဖန် ကြက်ကိုသတ်လို့ မျောက်ကိုခြောက် ရမည်ဖြစ်ကြောင်း သိလိုက်သည်။ ပတောက်.. အခြားသူများကို သတိပေးရန်အတွက် ထိုမျောက်အား သတ်ရပေဦးရော့မည်။
“ငါ့ကို လက်ခံဖို့အတွက် ငြင်းပယ်တယ်ဆိုတော့လည်း သေလိုက်တော့ပေါ့။”
ရှေးဟောင်းလအင်ပါယာသည် အဓိပ္ပါယ်မဲ့သည့် စကားများအား ပြောဆိုရသည်ကို သဘောမကျသော သစ်ပင်ဖြစ်သည်။ ယင်း၏ နောက်ကျောဘက်တွင် လပြည့်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ပေတစ်ရာပတ်လည်အား အဖြူရောင်အလင်းများ ထွန်းလင်းပေးလျက်ရှိသည်။
“အဲဒါကြီး ထွက်လာပြီ။ ရှေးဟောင်းလအင်ပါယာရဲ့ လရောင်ဒိုင်းနယ်ပယ်ပဲ။ အဇူရာအင်ပါယာက အဲဒီနယ်ပယ်ကို ကျော်ဖြတ်ပြီးတာနဲ့ သေဆုံးသွားတော့တာပဲ။” တောက်ပနေသည့် လပြည့်ဝန်းအား မြင်တွေ့လိုက်သည့်အခါတွင် ဝပ်တွားနေကြသော သစ်ပင်လူသားမှ ရုတ်တရက်ဆိုသလို အံ့ဩတကြီး အော်ဟစ်လေသည်။
ရှေးဟောင်းလအင်ပါယာသည် အဇူရာအင်ပါယာအား တိုက်ခိုက်ရာတွင် ထိခိုက်ဒဏ်ရာမရှိ အနိုင်ယူနိုင်ခဲ့သည်ကြောင့် သစ်တောစိမ်းကျွန်းပေါ်ရှိ အစွမ်းထက်သက်ရှိများအားလုံး အလွန်တုန်လှုပ်သွားခဲ့ကြသည်။
ရှေးဟောင်းလအင်ပါယာ၏ ခံ့ညားထည်ဝါသည့် ခံစစ်သည် ယင်းအား ဖျက်ဆီးမရသည့်ဟန်သို့ ဖြစ်ပေါ်စေသည်။ ယင်းခံစစ်မှာ ဖျက်ဆီး၍ မရနိုင်ဘဲ ရန်သူများအား ခုခံကာကွယ်မှု မဲ့စေသည်။
ရှေးဟောင်းလအင်ပါယာ၏ မျက်နှာတွင် ယုံကြည်မှုရှိသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမိန်းမပျက်၏ ဖြတ်တောက်ခြင်း ခံရပြီးနောက်တွင် သူ၏ခန္ဓာကိုယ်အား ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းပါမည်ဟု ကျိန်ဆိုခဲ့သည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာမရနိုင်သည့် သစ်ပင်တစ်ပင် ဖြစ်လာခဲ့သည်။
ယင်းသည် လုံလဝီရိယရှိရှိနှင့် မဆုတ်မနစ် လေ့လာအားထုတ်မှုတို့ကြောင့် နောက်ဆုံးတွင် ဤလရောင်ဒိုင်းနယ်ပယ်အား နားလည်သဘောပေါက်နိုင်ခဲ့သည်။
ရှေ့လျှောက်တွင် သူ့အား နိုင်ထက်စီးနင့် ပြုကျင့်ခွင့် မပြုတော့ပေ။ သူသာလျှင် အခြားသူများအား နိုင်လိုမင်းထက် ပြုမည် ဖြစ်သည်။
“သောက်ရုပ်ဆိုးမျောက် သေစမ်း”
ရှေးဟောင်းလအင်ပါယာသည် မြေပြင်အား ဆောင့်နင်းလိုက်ပြီး ယင်း၏ အော်ရာများသည် ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားသည်။ ထို့နောက်တွင် ရွှေရောင်ဓားဖြင့် ရှောင်ချိုးအား အညှာအတာမဲ့ ထိုးသွင်းလိုက်တော့သည်။
***