ဝံ့ကြွားပြီးနောက် ထွက်ပြေးခြင်း
Vol. 20 Ch. 277
ရှောင်ချိုးသည် အဇူရာတိုက်ပွဲဝင်အာဟတ်မျက်နှာဖုံးအား တပ်ဆင်လိုက်ပြီး ရုတ်တရက်ဆိုသလို သူ၏အော်ရာမှာ တဟုန်ထိုး မြင့်တက်သွားသည်။ ထို့နောက်တွင် သူ၏တုတ်အား မြှောက်ကာဖြင့် ရှေးဟောင်းလအင်ပါယာထံသို့ ပြေးဝင်သွားလေသည်။
ဝုန်း
ဓားနှင့် ငွေတုတ်တို့ ဝင်တိုက်မိသည့်အခါ စက်လုံးသဏ္ဌာန်လေဟာနယ် ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် ကျယ်လောင်စွာ ပေါက်ကွဲသွားလေသည်။
ထိုပေါက်ကွဲမှုသည် ကြင်းတမ်းသည့်လေပြင်းများ တိုက်ခတ်လာစေပြီး ကောင်းကင်နှင့် မြေပြင်အား တုန်ခါစေသည်။
ရှောင်ချိုးသည် ခြေလှမ်း ၁၀ လှမ်းခန့် နောက်ဆုတ်လိုက်ရပြီး ရှေးဟောင်းလအင်ပါယာသည်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။
ရှေးဟောင်းလအင်ပါယာသည် ထိုမျောက်၏ ခွန်အားကြောင့် အံ့အားသင့်သွားသည်။ ထိုမျောက်သည် ၎င်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“ထပ်လာခဲ့”
ယင်းသည် ကျယ်လောင်စွာ ဟိန်းဟောက်လျက် ရှောင်ချိုးထံသို့ ပြေးဝင်လာပြန်သည်။
ဝုန်း ဝုန်း ဝုန်း
ကောင်းကင်၌ ရှေးဟောင်းလအင်ပါယာနှင့် ရှောင်ချိုးတို့သည် တိုက်ပွဲဆန္ဒများအကြား ပိတ်မိနေလေသည်။ သူတို့၏ ပတ်လည်ရှိ ချီစွမ်းအင်များ ပြင်းထန်စွာလှည့်ပတ်နေပြီး တိုက်ခိုက်သံများကိုလည်း ၂ ကီလိုမီတာ အကျော်မှပင် ကြားနေရသည်။
သစ်တောစိမ်းကျွန်းပေါ်ရှိ အစွမ်းထက်သက်ရှိများသည် ကောင်းကင်ပေါ်ရှိ ပြင်းထန်သည့် တိုက်ပွဲအားကြည့်ကာ မှင်သက်နေမိကြသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ပင် ရောက်ရှိခြင်း မရှိသေးသော ထိုမျောက်သည် ရှေးဟောင်းလအင်ပါယာနှင့် လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
ဝုန်း
ရှောင်ချိုးသည် တိုက်ခိုက်ချိန် ကြာမြင့်လာသည်နှင့်အမျှ ကြောက်ရွံ့မှု ကင်းမဲ့လာလေသည်။ ဖျက်ဆီးနိုင်စွမ်းရှိသည့် တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်ပြီးနောက် ရှေးဟောင်းလအင်ပါယာအား မီတာပေါင်းများစွာ လွင့်ထွက်သွားစေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါတွင် သစ်တောစိမ်းကျွန်းပေါ်တွင် နေထိုင်ကြသူများ၏ အမူအရာများ ပြောင်းလဲသွားကြလေသည်။
“ဘုရားရေ... ဒီမျောက်မင်းက ရှေးဟောင်းလအင်ပါယာကို တကယ်ကြီး ဖိနှိပ်ထားနိုင်တယ်တဲ့လား။ ငါတို့ သစ်တောစိမ်းကျွန်းရဲ့ အရှင်သခင် ထပ်ပြောင်းဦးမယ်လို့ လာမပြောနဲ့နော်။”
“မဖြစ်နိုင်ဘူး” သစ်ပင်လူသားအိုကြီးတစ်ဦးမှ ခေါင်းယမ်းကာဖြင့် ဆိုသည်။ “အဲဒီမျောက်ရဲ့ တိုက်ခိုက်မှုတွေက ရှေးဟောင်းလအင်ပါယာရဲ့ လရောင်ဒိုင်းနယ်ပယ်ကို မဖျက်ဆီးနိုင်သေးဘူး။ အဲဒီအပြင် မျောက်က ပေါက်ကွဲစွမ်းအားကို တိုးစေတဲ့ နည်းစနစ်ကို အသုံးပြုနေတာ။ အဲဒီလိုမျိုး နည်းစနစ်တွေက အချိန်ကြာကြာ အသုံးမပြုနိုင်ဘူး။ သူ့ရဲ့သက်ရောက်မှု ပျောက်ကွယ်သွားတာနဲ့ မျောက် သေသွားလိမ့်မယ်။”
သစ်ပင်လူသားအိုကြီး ပြောနေစဉ်မှာပင် ရှောင်ချိုး၏ အဇူရာတိုက်ပွဲဝင်အာဟက်မျက်နှာဖုံး၏ သက်ရောက်မှုသည်လည်း ပျောက်ကွယ်လုနီးနီး ဖြစ်လာလေပြီ။
“နည်းနည်းလေး ဝေးနေသေးတယ်။” အန်လင်းသည် သိုလှောင်လက်စွပ်အတွင်းမှ မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။
ရှေးဟောင်းလအင်ပါယာနှင့် ရှောင်ချိုးတို့သည် ပြင်းထန်သည့်တိုက်ပွဲအတွင်း၌ ရှိနေကြဆဲ ဖြစ်သည်။ မည်သူကမျှ ထိုထူးဆန်းသည့် ကျင့်ကြံသူ၏ အပြုအမူများကို သတိမပြုမိကြချေ။
ထိုအခိုက်အတံ့မှာပင် ကောင်းကင်နှင့် မြေပြင်သည် ရုတ်တရက်ဆိုသလို မည်းမှောင်လာသည်။
ဒုတိယနည်းစနစ် _ ကျားအရိပ်။
အရာအားလုံး တိတ်ဆိတ်သွားသည်။ ရှေးဟောင်းလအင်ပါယာသည် ရုတ်တရက်ဆိုသလို တဆတ်ဆတ် တုန်ယင်လာပြီး ယင်း၏ ခန္ဓာကိုယ် တစ်ခုလုံးအား သေခြင်းတရားတို့ လွှမ်းခြုံလာသည်ဟု ခံစားမိလိုက်သည်။ ဤကဲ့သို့သော ခံစားမှုမျိုး တစ်ခါမျှ မခံစားဖူးခဲ့ချေ။
လရောင်ဒိုင်းနယ်ပယ်အား စွမ်းရည်အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ သူ၏ နောက်ကျောဘက်ရှိ လပြည့်ဝန်းမှာ အဆုံးမဲ့သည့် အဖြူရောင်အလင်းများ တောက်ပလာလေသည်။
သို့သော်လည်း အမှောင်ထုသည် ထက်မြိနေသည့် လက်သည်းများသဖွယ် အဖြူရောင်တောက်ပနေသည့် လပြည့်ဝန်းအား ဆုတ်ဖြဲလိုက်လေသည်။
“မဟုတ်ဘူးးးးးး” ရှေးဟောင်းလအင်ပါယာသည် ကြောက်ရွံ့လာပြီး ချက်ချင်းဆိုသလို သနားခွင့်တောင်းခံလေသည်။
ထိုအခိုက်အတံ့မှာပင် ယင်းသည် နဂါးမျိုးနွယ်စုမှ မိန်းမပျက်၏ အကြင်နာကင်းမဲ့သည့် ဓားချက်အား ပြန်ပြောင်းသတိရမိသည်။ ယခုအခါတွင် ထိုစဉ်က ကြောက်ရွံ့မှုမျိုးအား ပြန်ခံစားနေရသည်။
“မင်းရဲ့ လက်တစ်ဖက်ကို ခဏလောက်ပဲ ငှားမှာပါ။”
အဆုံးမဲ့အမှောင်ထုနှင့် တိတ်ဆိတ်ခြင်းတို့အလယ်တွင် ရုတ်တရက်ဆိုသလို ထူးမခြားနားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အန်လင်းသည် အမှောင်ထုအတွင်းမှ ထွဥ◌်ပေါ်လာပြီး ရှေးဟောင်းလအင်ပါယာအား ရက်စက်စွာ ခုတ်ပိုင်းလိုက်လေသည်။
ရုတ်တရက်ဆိုသလို ပေတစ်ထောင်ကျော် ရှည်လျားမည့် အနက်ရောက်ဓားခုတ်ချက်တစ်ခု ကျဆင်းလာသည်။ ရှေးဟောင်းလအင်ပါယာ၏ သနားစဖွယ် ငိုကြွေးသံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေလေသည်။
အလင်းရောင် ပြန်လည်ထွက်ပေါ်လာလေပြီ။ အမှောင်ထုသည့် လျင်မြန်စွာ ရောက်ရှိလာပြီး လျင်မြန်စွာ ဆုတ်ခွာသွားသည်။
သစ်တောစိမ်းကျွန်းပေါ်ရှိ သက်ရှိအားလုံး အမြင်အာရုံ ပြန်လည်ရရှိလာပြီးနောက် မြင်တွေ့လိုက်ရသည်မှာ ဧရာမခွေးဖြူကြီး တစ်ကောင်သည် စိမ်းဝါရောင်လက်မောင်းတစ်ဖက်အား ပါးစပ်တွင် ကိုက်ချီထားသည်။ ယင်းသည် မျောက်မင်းနှင့်အတူ အဝေးသို့ ထွက်ပြေးသွားလေသည်။
“ဟွန့်.. သောက်သုံးမကျတဲ့ သစ်တောစိမ်းကျွန်းရဲ့ အရှင်သခင်ပါလား။ ငါ့ရဲ့ တိုက်ခိုက်မှု တစ်ခုကိုတောင် မရှောင်နိုင်ဘူး။ ဓားအင်မော်တယ် အန်လင်းက မင်းရဲ့ အပြုအမူတွေကို ပြန်ဆင်ခြင်နိုင်အောင်လို့ အသက်ချမ်းသာပေးလိုက်တယ်မှတ်။”
ဓားခုတ်ချက်တစ်ခု ထုတ်ဖော်ပြီးသည့်နောက်တွင် ခန့်ညားချောမောသည့် အမျိုးသားသည် ထိုမှတ်ချက်စကားများ ပြုပြီးနောက် သစ်တောစိမ်းကျွန်းပေါ်မှ သက်ရှီများအား လှည့်ကြည့်လိုက်သည်။ ထူးဆန်းသည့် အုတ်ခဲနက်ပေါ်သို့ တက်လိုက်ပြီးနောက် ကောင်းကင်ထက်၌ ပျံသန်းကာ ထွက်ခွာသွားလေသည်။ မည်သူကမျှ မတားဆီးရဲကြချေ။
သူတို့၏ နှလုံးသားထဲ၌ တုန်လှုပ်ချောက်ခြားနေမိကြသည်။ ထိုစိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူသည် မည်သည်ကြောင့် ထိုမျှလောက် သန်မာအားကောင်းနေရသနည်း။
သို့သော်လည်း သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိရှိလိုက်ရသည့်အချက် ရှိသည်။ ယင်းမှာ ဓားအင်မော်တယ်အန်လင်းသည် ရှေးဟောင်းလအင်ပါယာအား တစ်ချက်တည်းနှင့် အနိုင်ယူလိုက်ခြင်းပင်။ သူ၏ အောင်မြင်မှုသည် သစ်တောစိမ်းကျွန်းတစ်ခုလုံးသာမက အရှေ့ပင်လယ်ထိတိုင်အောင် ပျံ့နှံ့ရောက်ရှိသွားပေလိမ့်မည်။
ရှေးဟောင်းလအင်ပါယာသည် ထိုအကြောင်းအား စိတ်ထဲမထားချေ။
ကြီးမားလှသည့် ကပ်ဘေးကြီးမှ ရှင်သန်ကျန်ရစ်ပြီးသည့်နောက်တွင် ရှေးဟောင်းလအင်ပါယာသည် ယင်း၏ လုံအောင်းထျန်းစိတ်ဓာတ်အား ဆုံးရှုံးလိုက်ရလေပြီ။ အနည်းငယ် တုန်ယင်ကာဖြင့် ကျောက်တုံးဖြူပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။ အန်လင်း အလျှော့မပေးခဲ့ဘူးဆိုလျှင် သူ့အနေဖြင့် ဆုံးရှုံးရမည်မှာ လက်တစ်ဖက်တည်း မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်း ကွဲသွားပေလိမ့်မည်။
ဟိုကြောက်ဖို့ကောင်းတဲ့ ဓားခုတ်ချက်နဲ့လူ ထွက်သွားပြီလား။ ဘာလို့များ တစ်ချက်ပဲ တိုက်ခိုက်ပြီး ထွက်သွားရတာလဲ မသိဘူး။
ရှေးဟောင်းလအင်ပါယာ စဉ်းစားမရနိုင်ဘဲ ရှိလေသည်။ သို့သော်လည်း ယင်း၏ လက်မောင်းတစ်ဖက်အား ပါးစပ်တွင် ကိုက်ချီထားသည့် ခွေးဖြူကြီးအား ပြန်ပြောင်းစဉ်းစားမိလိုက်သည့်အခါ တစ်ချို့တစ်လေအား နားလည်သွားပြီ ဖြစ်သည်။
ယခင်က နဂါးမျိုးနွယ်စုမှ မိန်းမပျက်သည်လည်း ထိုသို့ပြုမူခဲ့ဖူးသည် မဟုတ်ပါလား။
စိမ်းသက်မနေသည့် ထိုအဖြစ်အပျက်ကြောင့် သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုတို့လည်း တိုးလာကာ ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာသည်။
“ငါ့ကို စိန်ခေါ်ရဲတဲ့ သူတွေကို မောင်းထုတ်လိုက်ပြီ။”
“အခုကစပြီး ငါက သစ်တောစိမ်းကျွန်းရဲ့ အရှင်သခင်ပဲ။ ကန့်ကွက်ချင်တဲ့သူရှိလား။”
ရှေးဟောင်းလအင်ပါယာ၏ ခံ့ညားသည့်အသံ ထွက်ပေါ်လာသည်။
သစ်တောစိမ်းကျွန်းပေါ်ရှိ သက်ရှိအားလုံးသည် သူတို့၏ အသိစိတ်များအား ဖိနှိပ်ခံထားရသည်ဟု ခံစားနေမိသည်။ သို့သော်လည်း မည်သည့်စကားမျှ မဆိုရဲကြချေ။ ရှေးဟောင်းလအင်ပါယာသည် လက်မောင်းတစ်ဖက် ဆုံးရှုံးထားသော်ငြား သူ့အား အနိုင်ယူနိုင်မည့်သူ မရှိချေ။
“ကန့်ကွက်တဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတော့ ဒီနေ့ကစပြီး ငါက သစ်တောစိမ်းကျွန်းရဲ့ အရှင်သခင်ပဲ။”
ထိုသို့ပြောပြီးသည့်နောက်တွင် ရှေးဟောင်းလအင်ပါယာသည် သစ်တောစိမ်းကျွန်း၏ ပုလ္လင်ပါ်သို့ တက်လှမ်းလိုက်သည်။
“အရှင်သခင်ဖြစ်လာသည့်အတွက် ဂုဏ်ယူပါတယ်။ ရှေးဟောင်းလအင်ပါယာ၏ ခွန်အား အဓွန့်ရှည်ပါစေ။”
သစ်တောစိမ်းကျွန်းပေါ်ရှိ သစ်ပင်လူသားများနှင့် စိတ်ဝိညာဉ်သားရဲများသည် သူတို့၏ အရှင်သခင်အသစ် အား သံပြိုင်အရိုအသေပေးလိုက်ကြသည်။
…
သစ်တောစိမ်းကျွန်း၏ တစ်နေရာတွင် အမျိုးသားတစ်ဦးသည် လှိုင်းလုံးများထိပ်၌ ရပ်နေလေသည်။
“ကျွတ် ကျွတ် ကျွတ်.. ဒီကျွန်းပေါ်မှာ သစ်သားစွမ်းအင်တွေ ကြွယ်ဝလိုက်တာ။ ကျင့်ကြံဖို့အတွက် နေရာကောင်းပါလား။”
“ဟမ်.. ဟိုဘက်နားမှာ စုဝေးပွဲ ရှိပုံပဲ။ နွေဦးလူသား ဆိုတဲ့ ငါက အဲလို စိတ်ဝင်စားဖို့ ကောင်းတာလေးကို ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်ပါ့မလဲ။”
“သူတို့အားလုံး စုဝေးနေကြတယ် ဆိုရင်လည်း အဲဒါကို အခွင့်ကောင်းယူပြီး ကျွန်းပိုင်ရှင်ဖြစ်အောင် လုပ်ရမယ်။ ပြီးရင် ချမ်းသာကြွယ်ဝမှု၊ အာဏာ၊ ခွန်အား၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး စတာတွေနဲ့ ကျွန်းနိုင်ငံဖြစ်လာအောင် တည်ထောင်ရမယ်။ ဟိဟိဟိ”
…
ကောင်းကင်ထက်တွင် အန်လင်းသည် ရှေးဟောင်းလအင်ပါယာ၏ လက်မောင်းအား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။
ယင်းလက်မောင်းအား နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ်ဖြင့် စစ်ဆေးပြီးဖြစ်သ်ည။ ယင်းမှာ နှစ်တစ်ထောင်လမျိုသစ် ဖြစ်ပြီး အရည်အသွေးမှာလည်း မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေလေသည်။
အနည်းငယ် နောင်တရနေမိသည်။ ရှေးဟောင်းလအင်ပါယာအား သတ်ဖြတ်ပစ်ခဲ့လျှင် မည်မျှကောင်းမည်နည်း။ ထိုသို့ဆိုလျှင် ပိုလျှံနေသည့် အပိုင်းများအား ရောင်းချနိုင်သည်။ ထိုအရာများမှာ အဖိုးဖြတ်မရသည့်ပစ္စည်းများ မဟုတ်ပါလား။
ထို့နောက်တွင် ရှေးဟောင်းခရမ်းနွယ်နှင့် တောင်ပံနဂါး၏ သွေးစစ်စစ် တို့အား စုဆောင်းရပေမည်။ ထိုအရာနှစ်ခုအား အရှေ့ပင်လယ်၏ ရှေးဟောင်းစစ်မြေပြင်တွင် ရှာဖွေတွေ့ရှိနိုင်သည်။
ရှန့်ယင်ပြသခဲ့သည့် မြင်ကွင်းများမှတဆင့် ထိုရှေးဟောင်းစစ်မြေပြင်အား မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။
ယင်းမှာ ခရမ်းကြယ်စင်နယ်မြေ၏ တာအိုပေါင်းစည်းခြင်းအဆင့် စမ်းသပ်မှုအား ကျရှုံးခဲ့သော လမ်းစဉ်ခြောက်ခုနတ်ဘုရားသည် သရဲစစ်သည်တော် တစ်သိန်းအား ဦးဆောင်ကာဖြင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သို့ စစ်ချီခဲ့ရာ နေရာလည်းဖြစ်သည်။
မြေပြင်တုန်ခါလောက်အောင် ကြမ်းတမ်းရက်စက်သည့် ထိုတိုက်ပွဲတွင် အစွမ်းထက် သက်ရှိအများအပြား သေဆုံးခဲ့ကြရသည်။ စစ်အတွင်း သေကြေပျက်စီးသွားကြရသူများထဲတွင် ပျက်ပြယ်ခြင်းအဆင့်ရှိ တောင်ပံနဂါး ၅ ကောင်နှင့် ဗာမီလီယမ်ငှက်ဂိုဏ်းမှ ပြိုင်ဘက်ကင်းပါရမီရှင် တုန်ဖန်မင်တို့လည်း ပါဝင်သည်။
ယခုအခါတွင် ထိုစစ်မြေပြင်မှာ သေမင်းထောင်ချောက်တစ်ခု ဖြစ်လာလေသည်။ ထိုနယ်မြေတွင် လှိုင်းတံပိုးများ တဝုန်းဝုန်းရိုက်ခတ်နေကြသလို သရဲတစ္ဆေများလည်း လှည့်လည်သွားလာနေတတ် ကြသည်။ ပျက်ပြယ်ခြင်းအဆင့်ရှိ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများပင်လျှင် ထိုနေရာသို့ ခြေမချရဲကြချေ။ ထိုသို့ ဝင်ရေက်မည် ဆိုလျှင် ကောင်းကင်နှင့် မြေပြင်၏ ဖိနှိပ်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သို့တည်းမဟုတ် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်သာလျှင် ထိုနေရာသို့ ဝင်ရောက်ကာ အခွင့်အရေးကောင်းများကို ရှာဖွေရန် စွန့်စားကြလေသည်။
ထိုရှေးဟောင်းတိုက်ပွဲပြင်၏ နယ်မြေအချို့တွင် ရှန့်ယင်သည် ရှေးဟောင်းခရမ်းနွယ်နှင့် တောင်ပံနဂါး၏ သွေးစစ်စစ်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
“အရင် ဝင်ခဲ့ဖူးတဲ့ ကျင့်ကြံသူတွေ ရှာမတွေ့ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ။” အန်လင်း စိတ်မသက်သာစွာဖြင့် ပြောသည်။
ရှေးဟာင်းခရမ်းနွယ် ညှိုးနွမ်းသွားမည်နှင့် တောင်ပံနဂါး၏ သွေးစစ်စစ်တို့ ခမ်းခြောက်သွားမည်ကို စိုးရိမ်ခြင်း မရှိပေ။ ရှေးဟောင်းခရမ်းနွယ်သည် သေဆုံးခြင်းလေထုအတွင်း၌ပင် ရှင်သန်နိုင်သည်။ တောင်ပံနဂါး၏သွေးစစ်စစ်မှာမူ အင်မော်တယ်ဖြစ်ပြီး တောင်ပံနဂါးများ၏ အရိုးများအတွင်း၌ ရှိကြသည်။
“ရှေးဟောင်းခရမ်းနွယ်ကလည်း သစ်ပင်ဝိညာဉ်ဖြစ်လာပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။” ရုတ်တရက်ဆိုသလို တပိုင် စိုးရိမ်စွာဖြင့် မေးလေသည်။
အန်လင်း : “…”
ယခင်က ထိုအရာများသည် အချိန်ကြာမြင့်စွာ ကုန်လွန်သွားပြီးသည့်နောက်တွင် စိတ်ဝိညာဉ် ဖြစ်ပေါ်လာမည်ဟု မယုံကြည်ခဲ့ချေ။ သို့သော်လည်း လမျိုသစ်ပင်၏ အဖြစ်အပျက်သည် သူ့အား ဆွံ့အစေသည်။
အန်လင်းသည် တပိုင်၏ အမေးအား တုံ့ပြန်ခြင်းမရှိဘဲ တိတ်တိတ်နေဖို့သာ ဆုံးဖြတ်လိုက်သည်။
အချိန်အတော်ကြာပြီးသည့်နောက်..။
သစ်ပင်ချုံနွယ်များဖြင့် တောထနေသည့် ကျွန်းတစ်ကျွန်းအား မြင်လိုက်သည့်အခါတွင် သူတို့အားလုံး ရေထဲသို့ ထိုးဆင်းလိုက်ကြသည်။
ပင်လယ်နက်ကြမ်းပြင်တွင် ကီလိုမီတာ ထောင်ကျော် ရှည်လျားမည့် လှိုင်းသဏ္ဌာန် အဖြူရောင် အကာအကွယ်တစ်ခု ရှိသည်။
ဤနေရာသည် ရှေးယခင်က အသန်မာဆုံးသော ကာကွယ်ရေးမန္တန်အစီအရင်တစ်ခု ရှိခဲ့ပြီး နဂါးမင်းပိုင်နက်၏ စည်ပင်ကြွယ်ဝသော မြို့တစ်ခုလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ရုတ်တရက် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲသည် အရာအားလုံးကို ဖျက်ဆီးခဲ့လေသည်။ ယခုအခါတွင် ဤနေရာမှာ သေမင်းထောင်ချောက်တစ်ခုအဖြစ်သာ ရှိလေတော့သည်။
“အာ.. သိပြီ။ ဝင်ပေါက်က ဟိုနားမှာပဲ။”
သူ၏မှတ်ဉာဏ်များအရ ရှောင်ချိုးသည် အဖြူရောင်အကာအကွယ်ကို လှည့်လည်ကြည့်ရှုလိုက်ပြီး သူ၏ စလိုက်မီးများဖြင့် ကြီးမားသည့် အဖြူရောင်တံခါးတစ်ချပ်အား ရှာဖွေတွေ့ရှိလိုက်သည်။
သူတို့သည် ပျော်ရွှင်စွာဖြင့် အဖြူရောင်တံခါးကြီး ရှိရာသို့ သွားလိုက်ကြသည်။
ထိုအဖြူရောင်တံခါးအတွင်း၌ အလင်းလှိုင်းများ ရှိနေပြီး လျှို့ဝှက်ဆန်းကျယ်မှုနှင့် အန္တရာရှိသည့် ခံစားချက်တို့အား ပေးစွမ်းနေလေသည်။
အန်လင်း၏မျက်လုံးများ နှင်းကဲ့သို့ ဖြူလာပြီး တံခါးအတွင်းသို့ ကြည့်လိုက်သည်။
“ဒီအကာအကွယ်ကို ဖြတ်တဲ့လမ်းကြောင်းက ရှင်းလင်းနေပြီး အတားအဆီးမရှိသေးဘူး။ ပြီးတော့ အခုထိ တည်ငြိမ်နေသေးတယ်။ ငါတို့တော့ အကြီးကြီး ကောင်းချီးပေးခံလိုက်ရပြီပဲဟေ့။”
“ရှေးဟောင်းစစ်မြေပြင်ရေ... ငါလာပြီဟေ့။”
***