လမ်းကြောင်းက ပိတ်သွားပြီ၊ ဘာဆက်လုပ်ကြမတုန်း
Vol. 20 Ch. 278
ဤနေရာမှာ ကျယ်ပြောလှသည့် ကျက်တီးမြေတစ်ခု ဖြစ်သည်။ အပေါ်တွင် ကောင်းကင်နှင့် ရေပြင်အား ပိုင်းခြားထားသည့် အတားအဆီးတစ်ခု ရှိနေသည်။ ထိုအကာအကွယ်သည် အလင်းဖျော့ဖျော့ ထုတ်လွှတ်နေပြီး နေဝင်ဆည်းဆာချိန်နှင့်ပင် တူလေသည်။
အချိန်နှင့်အမျှ လေဟာနယ် အပိုင်းအစများထံမှ အဖျက်အဆီးစွမ်းအားများ ပါဝင်သည့် လေပြင်းများ တိုက်ခတ်လာသည်။
ရံဖန်ရံခါတွင် မြေပြင်မှ သေဆုံးခြင်းနှင့် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာတတ်သည်။ ထို့အပြင် ပြန်လည်မွေးဖွားနိုင်ခြင်း မရှိတော့သော အငြိုးအတေးဝိညာဉ်နှင့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်တို့သည်လည်း ဤနေရာတွင် ရစ်ဝဲနေကြသည်။
ယင်းမှာ နဂါးမင်းပိုင်နက်၏ ရှေးဟောင်းစစ်မြေပြင်ဖြစ်ပြီး ကျယ်ပြောလှသော မြေလွတ်မြေရိုင်းတစ်ခုလည်း ဖြစ်လေသည်။
ကောင်းမွန်စွာဝတ်ဆင်ထားသော အမျိုးသားငါးဦးသည် ကျိုးပဲ့နေသည့် အဖြူရောင်တိုင်လုံးတစ်ခု၏ ဘေးတွင် မတ်တတ်ရပ်နေကြသည်။ သူတို့အားလုံးသည် စိုးရိမ်ပူပန်ကာ စိတ်ဆင်းရဲနေကြသည့် အမူအရာများနှင့် ဖြစ်သည်။
“မင်းသာ ချီဝူ ကျွန်တော်တို့က မင်းသမီး ယင်ယွီကို တကယ်ပဲ မကယ်တော့ဘူးလားဗျ။” သက်လတ်ပိုင်းအရွယ်လူမှ စိုးထိတ်စွာ မေးလေသည်။ (ချီဝူနဲ့ ယင်ယွီဆိုတာ ကျီးကန်းနီ_ကျီးနီ နဲ့ ငွေငါး လို့ ဆိုပါတယ်_)
ထိုလူငါးဦး၏အလယ်တွင် ရပ်နေသော အနီရောင်ဆံပင်နှင့် အမျိုးသားသည် မည်းမှောင်သည့် မျက်နှာအမူအရာနှင့် ရှိနေလေသည်။ သူ၏ အင်္ကျီလက်အား ခါယမ်းလိုက်ပြီးနောက် “ဟွန့် ငါ့ရဲ့ နံပါတ် ၁၃ ညီမလေးကို မကယ်ချင်ဘဲ နေပါ့မလား။ မင်းနားလည်ထားဖို့က သူမက အသင်္ချေသရဲနယ်မြေထဲကို ဝင်သွားခဲ့တာ။ အဲဒီနေရာကို ဝင်သွားတဲ့သူတိုင်း ဘယ်သူပြန်ထွက်လာဖူးသလဲ။ ဒီနေရာကနေ ဘယ်လိုပြန်ထွက်ရမလဲဆိုတာကိုပဲ စဉ်းစားပြီး ဒီအကြောင်းကို ခမည်းတော်ကို တင်ပြရမယ်။ ဒီပြဿနာကို ခမည်းတော်ပဲ ဖြေရှင်းပေးနိုင်မှာ။”
ထိုအမျိုးသား၏ အမည်မှာ ချီဝူဖြစ်ပြီး ထိုငါးဦးထဲတွင် အာဏာအမြင့်ဆုံး ဖြစ်လေသည်။ ချီဝူ ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့၏မျက်နှာတွင် ဝမ်းနည်းမှုများ ထင်ဟပ်နေလေသည်။
ထိုအဖြစ်အပျက်အား နဂါးမင်းထံသို့ တင်ပြပြီး ဖြေရှင်းပေးရန် စောင့်ဆိုင်းရမည်လား။ သူတို့ လွတ်မြောက်သွားပြီး ဤနေရာသို့ လူများ စေလွှတ်လိုက်မည့် အချိန်မှာပင် နံပါတ် ၁၃ မင်းသမီးလေး သေဆုံးသွားပြီး အသင်္ချေသရဲနယ်မြေ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပေလိမ့်မည်။
ချီဝူသည် အနက်ရောင်ရှေးဟောင်းပုတီးစေ့တစ်လုံးအား လက်တွင်ဆုပ်ကိုင်ထားသည်။ ထိုရှေးဟောင်းပစ္ဏည်းအား ဤနယ်မြေအတွင်းသို့ ဝင်ရောက်ပြီးပြီးချင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး လက်ဗလာနှင့် မပြန်ရတော့ပေ။
“ပြန်ကြစို့။”
“ချန်ယွမ်၊ ဟွမ်ယူဇီ မင်းတို့နှစ်ယောက်က အရိုးသရဲအဖွဲ့ကို မျှားခေါ်သွား။”
ချီဝူ၏ အမိန့်အား ကြားလိုက်သည့်အခါတွင် ချန်ယွမ်နှင့် ဟွမ်ယူဇီတို့ ခေါင်းညိတ်လိုက်ကြပြီး ဖျော့တော့စွာ ပြုံးလိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ အမျိုးမျိုးအဖုံဖုံ ဆဲရေးနေတော့သည်။
အရိုးသရဲများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။ ပို၍ဆိုးသည်မှာ ထိုထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ မြူခိုးနက်အရိုးနဂါးနှစ်ကောင် ပါရှိနေခြင်း ဖြစ်သည်။ မင်းသား ချီဝူ တစ်ဦးတည်းသာလျှင် ငါးစာချရန်အတွက် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် တိမ်တိုက်နဂါးများအား စေလွှတ်နိုင်ခြင်း ဖြစ်သည်။
ချန်ယွမ်နှင့် ဟွမ်ယူဇီတို့ ရှေ့သို့တက်လိုက်ကြသည်။ ဓားပျံများအား ထုတ်ယူကာဖြင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။ သူတို့၏ မျက်နှာထက်တွင် ကျိတ်မှိတ်သည်းခံနေရသည့် အမူအရာများနှင့် ကူကယ်ရာမဲ့မှုတို့ကို မြင်တွေ့နေရသည်။ သူတို့နှစ်ဦးစလုံးသည် လျှို့ဝှက်စွမ်းအားကို ထုတ်ဖော်လိုက်ကြသည်။ ဤနေရာတွင် သေဆုံးသွားခြင်း မရှိလျှင်ပင် သူတို့အနေဖြင့် မသေမရှင်ဘဝနှင့် ထွက်ခွာသွားနိုင်ကြပေလိမ့်မည်။
“သွားကြတော့ နဂါးမင်းပိုင်နက်ရဲ့ သူရဲကောင်းတို့...” ချီဝူသည် သူတို့နှစ်ဦးအား ဦးညွှတ်လိုက်သည်။
ချင်ယွမ်နှင့် ဟွမ်ယူဇီတို့ ရှုံ့မဲ့သွားကြလေသည်။ ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုပစ်လိုက်ချင်မိသည်။ သို့သော်လည်း ထိုစိတ်ဆန္ဒတို့အား စိတ်ထဲတွင် မျိုသိပ်လိုက်ကြရသည်။
ဤသည်မှာ တော်ဝင်သက်တော်စောင့်တို့၏ ကံကြမ္မာဖြစ်လေသည်။ တော်ဝင်မျိုးရိုးတို့၏ လုံခြုံရေးအတွက် သူတို့ထံတွင် အမိန့်များကို တုံ့ဆိုင်းခွင့်၊ ငြင်းပယ်ခွင့် မရှိကြချေ။ ဆိုလိုသည်မှာ သူတို့အသက်များကို စတေးကြရမည်ဟူ၍ ဖြစ်သည်။
သူတို့နှစ်ဦးသည် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ ပျံသန်းသွားကြသည်။
အရိုးသရဲအုပ်သည် သက်ရှိအနံ့အား ရရှိလိုက်သည်ကြောင့် ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။
“ဝါးးး ဝါးးးး ဝါးးးးး”
နယ်မြေတစ်ခုလုံးတွင် ငိုကြွေးသံနှင့် အူသံများ ပဲ့တင်ထပ်လာသည်။ များပြားလှသည့် အရိုးသရဲများသည် ချန်ယွမ်နှင့် ဟွမ်ယူဇီတို့ထံ ပြေးလာကြသည်။ အများစုသည် ကောင်းကင်သို့တက်ကာ ချန်ယွမ်နှင့် ဟွမ်ယူဇီတို့ထက် မြန်ဆန်စွာ သွားလာလျက်ရှိကြသည်။
ဝုန်း
ရဲရဲနီကာ နက်ရှိုင်းသည့် မျက်လုံးများနှင့် ဧရာမ အရိုးနဂါးကြီးနှစ်ကောင် စတင်လှုပ်ရှားလာလေသည်။ သူတို့သည် မြင့်မားသည့် အစွမ်းအစများကို ပိုင်ဆိုင်ထားပြီး ထိုပုံရိပ်နှစ်ခုမှာ ကောင်းကင်သို့တိုင် ထိုးတက်နေလေသည်။
ချန်ယွမ်နှင့် ဟွမ်ယူဇီတို့သည် ချက်ချင်းဆိုသလို လျှို့ဝှက်စွမ်းအားများ အသုံးပြုကာဖြင့် သူတို့၏ အနာဂတ်များအား စတေးပစ်လိုက်ကြသည်။ ငါးစာအဖြစ် ဆက်လက်ဆောင်ရွက်နေကြခြင်း ဖြစ်လေသည်။
“ငါတို့လည်း လှုပ်ရှားသင့်ပြီ။”
အဝေးသို့ ထွက်ခွာသွားသည့် အရိုးသရဲအုပ်အား မြင်လိုက်သည့်အခါတွင် ချီဝူသည် ဓားပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းကင်တွင် ပျံသန်းသွားလေသည်။
ကျန်ရှိသည့်လူနှစ်ဦးမှာလည်း ခေါင်းညိတ်ကာဖြင့် ချီဝူနောက်သို့ လိုက်ပါသွားကြသည်။ သူတို့သည် ကောင်းကင်တွင် အလင်းတန်းနှစ်ခုအသွင်ဖြင့် ဖြတ်သန်းသွားကြလေသည်။
…
အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့သည် အကာအကွယ်လမ်းကြောင်းအား ဖြတ်သန်းပြီးသွားကြလေပြီ။ ကနဦးတွင် သူတို့သည် လမ်းကြောင်းကို စူးစမ်းကြည့်ရန်အတွက် ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်အား အသုံးပြုလိုခဲ့ကြသည်။
မျှော်လင့်မထားသည်မှာ ထိုလမ်းကြောင်းအတွင်းသို့ ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ်နှစ်တို့ ထွက်ပေါ်လာသည့်အခါ ပြင်းထန်စွာ တုံ့ပြန်လေသည်။ ဂမ်ဒမ်များ လမ်းကြောင်းပေါ်သို့ ခြေချလိုက်သည့်အခါ အကာအကွယ်လမ်းကြောင်းသည် စတင်ကျုံ့လာသည်။
ထိုကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် သူတို့သည် ရှည်လျားသည် အကာအကွယ်လမ်းကြောင်းအား ပျံသန်းကာ ကျော်ဖြတ်ခဲ့ကြသည်။ အဆုံးတွင် သူတို့သည် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြလေသည်။
“ဖွီးးး သေတော့မလိုပဲ။ အဲဒီလမ်းကြောင်းက အခုလိုမျိုး ကျုံ့သွားမယ်လို့ ဘယ်သူထင်မှာလဲ။ တော်သေးတာပေါ့။” အန်လင်း၏ နှလုံးသားလေးမှာ ကြောက်ရွံ့မှုကြောင့် ပရမ်းပတာဖြစ်နေပြီး အပ်ပေါက်တစ်မျှ သေးငယ်သွားသည့် အဖြူရောင်လမ်းကြောင်းအား ကြည့်နေမိသည်။
“ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်တို့က ခရမ်းကြယ်စင်မျိုးနွယ်စုရဲ့ တီထွင်မှုတွေ ဖြစ်တာကြောင့် နဂါးမျိုးနွယ်စုရဲ့ အကာအကွယ်က ဝင်ခွင့်မပြုတာများလား။” တပိုင် တွေးတောမိသည်။
အန်လင်း ခေါင်းညိတ်လိုက်သည်။ ထိုအခြင်းအရာမှာ အဓိပ္ပါယ် ရှိလေသည်။
“လမ်းကြောင်းက ပိတ်သွားပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုပြန်ထွက်ကြမလဲ။” ရှောင်ချိုး စိုးရိမ်ပူပန်စွာ ပြောသည်။
“အဲဒါက အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူးကွာ၊ အဲဒီ တံတားကိုဖြတ်ပြီး ငါတို့ ဝင်လာခဲ့ကြပြီးပြီ။ ငါတို့လိုချင်တာကို ရှာဖွေပြီးမှ ပြန်ဆွေးနွေးကြတာပေါ့။” အန်လင်းမှာ အဆိုးမြင်တတ်သူ မဟုတ်ချေ။ သူ၏လေသံမှာ အားမာန်အပြည့်နှင့် ဖြစ်လေသည်။
ထိုအချိန်မှာပင် သန်မာအားကောင်းသည့် အော်ရာသုံးခု သူတို့ထံသို့ နီးကပ်လာလေသည်။
“ဂရုစိုက်ကြ။ စွမ်းအားကြီးတဲ့ ရန်သူတွေ လာနေတယ်။” ရှောင်ချိုးသည် ခက်ထန်သည့်အမူအရာဖြင့် အရှေ့သို့ ကြည့်လိုက်သည်။
အန်လင်းနှင့် တပိုင်တို့သည်လည်း သတိအနေအထားဖြင့် ရှိလိုက်ကြသည်။ ဤနယ်မြေအတွင်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ရန်သူများနှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။ မုန်းစရာကောင်များမှာ အလွန်မြန်ဆန်စွာ ရောက်လာကြလေသည်။
“နဂါးမျိုးနွယ်စုဝင်တွေလား။” ဦးဆောင်လာသူမှာ ခန့်ညားချောမောသည့် အမျိုးသားတစ်ဦး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ အန်လင်းသည် မသေချာဟန်ဖြင့် ဆိုလေသည်။ ထိုအမျိုးသားတွင် အနီရောင်ဆံပင်များရှိပြီး ဦးခေါင်းထက်တွင် နဂါးဦးချို တစ်စုံလည်း ပါရှိသည်။ ယင်းတို့မှာ နဂါးမျိုးနွယ်စု၏ ထူးခြားသည့် လက္ခဏာရပ် ဖြစ်လေသည်။
အန်လင်းတို့အား မြင်တွေ့လိုက်သည့်အခါ အနီရောင်ဆံပင်နှင့် အမျိုးသားသည်လည်း အနည်းငယ် မှင်သက်သွားမိသည်။
သို့သော်လည်း ချက်ချင်းဆိုသလို အသိပြန်ဝင်လာပြီး တင့်တယ်စွာ လက်သီးဆုပ်လိုက်သည်။ “ရောင်းရင်းတို့နဲ့ တွေ့ဆုံရတာ ဝမ်းမြောက်မိပါတယ်။ ရတနာတွေ ရှာဖွေတဲ့ ခရီးစဉ်မှာ ကံကောင်းကြဖို့အတွက် ဆန္ဒပြုလိုက်ပါတယ်။ ကျွန်ုပ်ကတော့ အရင်ဆုံး ထွက်ခွာသွားပါတော့မယ်။”
“အရမ်းကြီး စိတ်လှုပ်ရှားမသွားဖို့ အကြံပေးချင်ပါတယ်။” အန်လင်း အကြည့်လွှဲလိုက်သည်။
“ဟမ်..” အနီရောင်ဆံပင်နှင့် အမျိုးသားသည် ထိုတုံ့ပြန်မှုအား ကြားလိုက်သည့်အခါ ကြောင်အသွားလေသည်။
အဲဒါက ဘာစကားကြီးတုန်း။
ငါ့ကို အရမ်းစိတ်လှုပ်ရှားမသွားနဲ့လို့ ပြောနေတာလား။ တမင်ရန်လာစနေတာလား။ ငါလည်းသူ့ကို အပြစ်မပြုမိထားပါဘူးနော်။
“မင်းသားချီဝူ.. တံခါး... တံခါးက အပ်ပေါက်လောက် ကျုံ့ဝင်သွားပြီ။” အနီရောင်ဆံပင်နှင့် အမျိုးသားဘေးမှလူသည် အန်လင်းတို့နောက်ကျောဘက်ရှိ တံခါးပေါက်အား စိုက်ကြည့်ကာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ချီဝေသည် အန်လင်း၏အနောက်ဘက်သို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ နာကျင်လာမိသည်။ သူ၏ နှလုံးခုန်သံများလည်း ရပ်တံ့သွားသလိုပင်။
အန်လင်း၏ စကားကို နားလည်လိုက်ရလေပြီ။ လခွမ်းဟေ့ ငါ့ဖင်ကိုပဲ စိတ်လှုပ်ရှားနေလိုက်။ တံခါးပါ ပျောက်သွားပြီတဲ့လား။
“တံခါးပေါက် ကျုံ့သွားတာတောင် ရောင်းရင်းက ဘယ်လိုမျိုး ရောက်လာခဲ့တာလဲ။” ချီဝူသည် အမှန်တကယ်ကိုပင် အလွန်မြင့်မြတ်သည့် စရိုက်ရှိသည်။ သူ၏ ပျာယာခတ်မှုအား ထိန်းကာဖြင့် အန်လင်းတို့အား တည်ငြိမ်စွာ မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူးဗျ။” အန်လင်း ဖြူစင်ရိုးသားစွာ ပြန်ဖြေလိုက်သည်။ သူ၏မျက်နှာတွင် စိုးရိမ်သည့် အမူအရာဖြင့် “ကျွန်တော်တို့ဝင်ပြီးတော့ ကျုံ့သွားတာပဲ။ အပြင်ထွက်ဖို့ တော်တော်လေး ကြိုးစားလိုက်ရတယ်။”
ချီဝူ ရှုံ့မဲ့သွားမိသည်။ ငလူးးး အဲလောက်တောင် ကံဆိုးနေတယ်တဲ့လား။ သူဝင်ပြီးတော့ တံခါးက ကျုံ့ဝင်သွားတယ်တဲ့။
ထိုကျင့်ကြံသူအဖွဲ့မှာ မျက်နှာစိမ်းများဖြစ်ကြသည်။ ထိုသူတို့အနေဖြင့် သူ့အား လှည့်စားရန် အကြောင်းမရှိကြချေ။
ထိုကဲ့သို့ လှည့်စားလိုလျှင်ပင် ဤနေရာတွင် မဖြစ်နိုင်ချေ။
မည်သို့ပင်ဖြစ်စေ သူ၏ကံကောင်းမှု ကုန်ခမ်းသွားပုံပင်။
ဝုန်း
အဝေးမှ နားကွဲလုတမျှ တုန်ခါသံ ထွက်ပေါလာသည်။ သူတို့အပေါ်မှ စစ်တပ်ကြီးတစ်တပ် ဖိနှိပ်ထားသကဲ့သို့ ဖြစ်သည်။
“မင်းသားလေး.. အရိုးသရဲတွေပါ။ သူတို့တွေ ဒီကိုလာနေကြပြီ။”
အမျိုးသားတစ်ဦးသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့လာပြီး တုန်ယင်စွာဖြင့် ပြောလေသည်။
အရိုးသရဲတွေ ဟုတ်လား။
အန်လင်း အဝေးသို့ ကြည့်လိုက်သည့်အခါ အမှောင်ထုထဲတွင် လိမ်တွန့်နေသည့်အရာများအား မြင်တွေ့လိုက်ရသည်။
ထိုအရိုးသရဲ အများစုမှ အရိုးစုခန္ဓာကိုယ်များ ရှိကြပြီး မြူခိုးနက်များ ရစ်သိုင်းထားလေသည်။
ထိုအရိုးသရဲအုပ်ထဲတွင် အလွန်ကြီးမားသည့် အရိုးနဂါးကြီးနှစ်ကောင်လည်းရှိပြီး တစ်စုံတစ်ခုအား ဝါးနေလေသည်။ ယင်းတို့၏ နီရဲနေသော မျက်လုံးများတွင် အန္တရာယ်ရှိမှုနှင့် ရက်စက်မှုတို့ ထင်ဟပ်နေကြသည်။
ချီဝူသည် မီးလျှံဓားအား ဆွဲထုတ်လိုက်ပြီးနောက် ဝိညာဉ်ဖွဲ့စည်းခြင်းကနဦးအဆင့် အော်ရာအား ထုတ််ဖော်လိုက်သည်။ သူ၏ သွင်ပြင်မှာ လွမ်းမိုးခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။
“ရောင်းရင်းတို့ ဒီလျှို့ဝှက်နယ်မြေထဲမှာ အရိုးသရဲတွေက ပြဿနာကောင်တွေပဲ။” ချီဝူ ကျယ်လောင်စွာ ပြောသည်။ “အခု ထွက်ပေါက်ကလည်း ပိတ်သွားပြီဆိုတော့ သူတို့က ငါတို့ကို တိုက်ခိုက်လာကြတော့မယ်။ အတူတူပေါင်းပြီး သူတို့ကို ချေမှုန်းကြစို့။”
“ကောင်းပြီ” အန်လင်း ခေါင်းညိတ်လိုက်သည်။
“ငရဲမီးအမြွှာခုတ်ချက်” ချီဝူ၏ဓား သည် အဝိုင်းပြတ်နှစ်ခုအဖြစ် ခုတ်ပိုင်းလိုက်ပြီး မြူခိုးနက်အရိုးနဂါးထံ ဒေါသတကြီး ဝင်ရောက်သွားသည်။
“တောင်ခွင်းလျှပ်စီးလက်သီး”
“ကောင်းကင်ဝံပုလွေလက်သည်း”
“မဟူရာမီးတောက်လက်သီး”
အန်လင်းတို့သည်လည်း တိုက်ခိုက်မှုများ ဖော်ထုတ်လိုက်ကြသည်။
ချီဝူ၏နံဘေးရှိ လူနှစ်ဦးသည်လည်း မြူခိုးနက်အရိုးနဂါးအား တိုက်ခိုက်လိုက်လေသည်။
“ရေခဲမုန်တိုင်း”
“တိမ်ဖြူလျှပ်စီးဓား”
ဝုန်း ဝုန်း ဝုန်း
သေစေနိုင်လောက်သည့် အင်မော်တယ်မန္တန်များသည် အရိုးနဂါးနှင့် အရိုးသရဲများထံ တရှိန်ထိုး ရောက်ရှိသွားကြသည်။ ထိုမန္တန်များသည် အရိုးသရဲများစွာအား သတ်ဖြတ်ပစ်နိုင်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ အရိုးနဂါးနှစ်ကောင်အား နောက်သို့ဆုတ်သွားစေသည်။
“သေပေတော့”
ချီဝူနှင့် လူနှစ်ဦးသည် ဘေးချင်းယှဉ်ကာဖြင့် အရိုးနဂါးတစ်ကောင်အား ရင်ဆိုင်လျက်ရှိသည်။
ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ထိုလူနှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး အနောက်သို့ လွင့်စင်သွားလေသည်။
သူတို့၏ စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်များ ပေါ်ထွက်လာသည်။ ငါတို့ရဲ့ အနောက်ဘက်က ဘာလို့များ အရမ်းတိတ်ဆိတ်နေရတာလား။
အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် သူတို့၏ ခေါင်းဆောင်ဖြစ်သူ ချီဝူသည် ၂ ကီလိုမီတာအကွာသို့ပင် ရောက်ရှိနှင့်ပြီး ဖြစ်သည်။
ခွေးစီးလူသားနှင့် မျောက်သည်လည်း အခြားတစ်ဖက်သို့ ထွက်ပြေးသွားသည်ကြောင့် အစက်မျှပင် မြင်ရတော့သည်။
ထိုလူနှစ်ဦး၏ ကျောရိုးတစ်လျှောက် အေးစက်မှုများ စီးဆင်းလာပြီး ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်လိုက်မိကြသည်။
“မဟုတ်ဘူးးးးးးးး”
ထို့နောက်တွင် သွေးပျက်လောက်စရာ အော်သံနှင့်အတူ သူတို့အား ဆီးကြိုနေသည်မှာ မြူခိုးနက်အရိုးနဂါး၏ သွေးပျက်လုနီးနီးအစာအိမ်သာလျှင် ဖြစ်လေတော့သည်။
***