ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်စားရခြင်း
Vol. 174 Ch. 2481
ရှန်းယန်ရဟန်း၏ကိုယ်မှ ဗုဒ္ဓအလင်းများသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံနေသည်။ သူသည် လက်အုပ်ချီ၍ ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်လိုက်၏။ သူ မျက်လုံးမှိတ်လိုက်ပြီးနောက် သူ၏မျက်ခုံးနှစ်ခုကြားတွင် နတ်မျက်စိတစ်လုံးပေါ်လာလေသည်။
ရုတ်ခြည်းအတွင်းမှာပင် ဧရာမဗုဒ္ဓကြီး လွှမ်းခြုံခံထားရသော နေရာတစ်ခုလုံးအတွင်း၌ အခြားဗုဒ္ဓများပေါ်ပေါက်လာ၏။ ကောင်းကင်ထက်တွင် ရှေးဟောင်းဗုဒ္ဓသောင်းချီများ ပြည့်နှက်သွားသည်။ သူတို့သည် ဟန်ပန်တစ်ခုတည်း ရှိကြပြီး ဗုဒ္ဓအလင်းမှ ဖြစ်ပေါ်လာသည့် ရွှေရောင်နတ်ဓားများကို ဆွဲကိုင်ထားကြ၏။ သူတို့သည် အစောက ရီဖူရှင်းနှင့်တိုက်ခိုက်ခဲ့သော ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအသုံးပြုခဲ့သည့် ကျူးရှဲ့ဓားများကို ကိုင်ထားခြင်းဖြစ်သည်။
သူတို့ဂိုဏ်းမှလူများသည် ယခင်က ချုပ်နှောင်ခြင်းအတတ်နှင့် ကျူးရှဲ့ဓားကိုသုံး၍ ရီဖူရှင်းကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ရီဖူရှင်းသည် ဝရဇိန်မန္တန်နှင့် မဟာဝေရောစန၏လက်ဖဝါးကိုအသုံးပြု၍ ထိုတိုက်ခိုက်မှုများကို ခုခံခဲ့သည်။ ယခုတွင် ရှန်းယန်ရဟန်းသည် ထိုအတတ်နှစ်ခုကို ထုတ်သုံးခဲ့ပြန်ပြီဖြစ်သည်။ သူ၏အတတ်သည် ယခင်လူများထက် ပို၍စွမ်းအားကြီးကြောင်း ထင်ရှား၏။
သူသည် အာကာသတိုက်ပွဲဝင်ပုံစံကို အသုံးပြု၍ ချုပ်နှောင်ခြင်းအတတ်၏အစွမ်းကို တိုးမြှင့်ခဲ့ပြီး ဗုဒ္ဓများ၏အစွမ်းကိုမှီခို၍ ကျူးရှဲ့ဓားများ၏အစွမ်းကို ထုတ်သုံးခဲ့သည်။ ဗုဒ္ဓတစ်ပါးချင်းစီသည် အထူးဗုဒ္ဓတံဆိပ်တော်များ ရှိကြ၏။ သူတို့၏ထက်ရှသောဓားများသည် ရီဖူရှင်းကို ညွှန်ထားကြသည်။ သူတို့ထံမှ သတ်ဖြတ်လိုသောအငွေ့အသက် ခပ်ဖျော့ဖျော့တစ်ခု ထွက်ပေါ်နေ၏။
ရှန်းယန်ဗုဒ္ဓ၏လက်အောက်မှ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် ဗုဒ္ဓလောကတွင် တည်ငြိမ်အေးချမ်းမှုကို ဦးစားပေး၍ ထိန်းသိမ်းနေသူများဖြစ်ကြသည်။ သူတို့သည် အပြစ်ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရသည့်သူများဖြစ်သည်။ သူတို့၏ကျူးရှဲ့ဓားများသည် အပေါ်ယံမြင်ရသည်ထက် များစွာပို၍အစွမ်းထက်ပုံရ၏။
ဗုဒ္ဓများသည် ဗုဒ္ဓဓမ္မဖြင့် အစွမ်းမြှင့်တင်ထားသော သူတို့၏ကျူးရှဲ့ဓားများကို ကိုင်၍ ရှေ့သို့ပျံထွက်လာကြသည်။ လေထုတစ်ခုလုံးတုန်ခါသွားပြီး ဆုတ်ပြဲသွားတော့မလိုပင် ထင်လိုက်ရသည်။
“သူက အာကာပြင်ကို ပျက်ပြားသွားအောင်လုပ်နေတာပဲ”
တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။
ကျူးရှဲ့ဓားများ၏အစွမ်းကို မြင်လိုက်ရသောအခါ ဗုဒ္ဓများသည် မျက်နှာတည်သွားကြ၏။ တစ်စုံတစ်ယောက်သည် ဗုဒ္ဓဓမ္မကို အမြင်ဆုံးအဆင့်ထိကျင့်ကြံပြီးပါက သူတို့ကိုယ်သူတို့ နေရာနှင့်အချိန်အပါအဝင် အရာအားလုံးမှ ခွဲထွက်နိုင်သည်ဟု ကောလာဟလများရှိပေသည်။
ရှန်းယန်ရဟန်းသည် အာကာသတိုက်ပွဲဝင်ပုံစံကို ကျင့်ကြံသည်ဖြစ်ရာ ဤအာကာပြင်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ပေသည်။ ယခုတွင် သူသည် ကျူးရှဲ့ဓားများကိုအသုံးပြု၍ အာကာပြင်ကို ပျက်ပြားအောင်လုပ်ရန် ကြိုးပမ်းနေ၏။ ထိုသို့သာဆက်သွားနေလျှင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် ပျက်စီးပျောက်ကွယ်သွားမည်ဖြစ်သည်။
ထိုအတတ်သည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။ ရှန်းယန်ရဟန်းသည် တိုက်ခိုက်လိုက်၊ ခုခံလိုက်ဖြင့် သူ၏ဗုဒ္ဓတန်ခိုးလေးမျိုးကို ထုတ်သုံးနေသည်။ သူ၏စွမ်းရည်သည် အမှန်ပင် ကြီးမား၏။
ကျူးရှဲ့ဓားများသည် လေထုကိုဖြတ်ကာ ရီဖူရှင်း၏မဟာဝေရောစနတိုက်ပွဲဝင်ပုံစံထံသို့ တိုက်ရိုက်ဦးတည်သွားနေသည်။
မဟာဝေရောစနတိုက်ပွဲဝင်ပုံစံမှနေ၍ ဗုဒ္ဓအလင်းများ ဖြာထွက်လာသည်။ ရီဖူရှင်းသည် ချုပ်နှောင်ခံထားရသော်လည်း တိုက်ပွဲဝင်ပုံစံ၏အစွမ်းသည် တည်ရှိနေဆဲပင်။ ဗုဒ္ဓအသံတော်သည် တိုက်ပွဲဝင်ပုံစံကို လှည့်ပတ်နေသည်။ ရီဖူရှင်းသည် ဝရဇိန်မန္တန်ကိုရွတ်လိုက်သောအခါ မရေမတွက်နိုင်အောင်များပြားသော သင်္ကေတများသည် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်လာကြ၏။ ၎င်းသင်္ကေတများသည် မဟာဝေရောစနတိုက်ပွဲဝင်ပုံစံကို ဖျက်ဆီး၍မရနိုင်လောက်သည်အထိ အစွမ်းမြှင့်ပေးနေသကဲ့သို့ပင်။
ဝှစ်...
ကျူးရှဲ့ဓားများသည် မဟာဝေရောစနတိုက်ပွဲဝင်ပုံစံကို ထိမှန်သွားကြသည်။ ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုသည် တိုက်ပွဲဝင်ပုံစံတွင် အက်ကြောင်းများပေါ်သွားစေသည်။ တိုက်ပွဲဝင်ပုံစံသည် ကွဲအက်ပျက်စီးသွားတော့မည်ဟု ထင်ရ၏။
ဗုဒ္ဓများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားကြသည်။ ရီဖူရှင်းသည် သန်မာသော်လည်း သူ့ကဲ့သို့ပင် စွမ်းအားကြီးသောတိုက်ပွဲဝင်ပုံစံကို ကျင့်ကြံခဲ့သည့် ရှန်းယန်ရဟန်း၏အစွမ်းကိုမူ ယှဉ်နိုင်ပုံ မရပေ။ သူတို့၏ကျင့်ကြံခြင်းအဆင့်သည်လည်း ကွာခြားသည် မဟုတ်ပေလော။ ရီဖူရှင်းရှုံးသွားလျှင်ပင် အံ့ဩစရာမရှိချေ။
ထို့ပြင် ရီဖူရှင်းသည် ဗုဒ္ဓဓမ္မကို စတင်ကျင့်ကြံခဲ့သည်မှာ လအနည်းငယ်သာရှိပေသေးသည်။ အကယ်၍ ရီဖူရှင်းသာ ဤတိုက်ပွဲတွင် သူ၏မူလစွမ်းရည်များကို အသုံးပြုနိုင်ပါက သူသည် ပို၍စွမ်းအားကြီးမည်ဖြစ်သည်။
ဗုဒ္ဓဓမ္မနှင့်ယှဉ်မည်ဆိုလျှင် ရီဖူရှင်းသည် လွန်စွာပါရမီကောင်းသော်လည်း ရှန်းယန်ရဟန်းကို အနိုင်ယူရန် ခက်ခဲနေဆဲဖြစ်သည်။
တိုက်ပွဲသည် မကြာမီ ပြီးဆုံးပေတော့မည်။
ရှန်းယန်ရဟန်း၏တိုက်ခိုက်မှုသည် လွန်စွာအန္တရာယ်များလေသည်။ အကယ်၍ မတော်တဆ ရီဖူရှင်းသည်သာ ခံနိုင်ရည် မရှိခဲ့ပါလျှင် သူသည် အပြင်းအထန်ဒဏ်ရာရသွားခြင်း သို့မဟုတ် သူ၏ခန္ဓာကိုယ်သည် ဒုက္ခိတဖြစ်သွားခြင်းတို့ ဖြစ်သွားနိုင်ပေသည်။
ရှန်းယန်ရဟန်းသည် ရီဖူရှင်းကို မုန်းတီးနေကြောင်း ထင်ရှား၏။ သူသည် ညှာတာထောက်ထားမည့်ပုံစံ အလျဉ်းမရှိချေ။
ရီဖူရှင်း၏တိုက်ပွဲဝင်ပုံစံတွင် အက်ကြောင်းများ တဖြည်းဖြည်းပိုများလာသည်။ ဗုဒ္ဓများသည် သူတို့၏ကျူးရှဲ့ထားများကို တစ်ပြိုင်တည်းလွှတ်လိုက်ကြ၏။ ထိုကဲ့သို့တိုက်ခိုက်မှုကို ရွှေရောင်မဟာဝေရောစနတိုက်ပွဲဝင်ပုံစံပင် ခုခံနိုင်ရန် ခက်ခဲပေသည်။ ၎င်းသည် စတင်ကွဲအက်ကာ ပျက်စီးသွားတော့သည်။ ရှန်းယန်ရဟန်း၏မျက်လုံးများသည် တင်းတင်းမှိတ်နေပြီး လက်အုပ်ချီလျှက် သူ၏ဗုဒ္ဓတန်ခိုးများကို ထုတ်လွှတ်နေ၏။ သူသည် ရီဖူရှင်းကိုကြည့်မနေသော်လည်း ဖြစ်ပျက်နေသောအရာအားလုံးကို အာရုံခံနိုင်ပေသည်။ သူ၏နှုတ်ခမ်းစွန်းနှစ်ဖက်သည် ကွေးတက်ကာ ပြုံးသွား၏။ ထိုအပြုံးသည် အေးစက်ကာ အန္တရာယ်အငွေ့အသက်များ ထင်ဟပ်နေသည်။
သို့သော် ရီဖူရှင်းသည် မတုန်မလှုပ်ဆက်ရပ်နေသည်။ သူသည်လက်အုပ်ချီနေ၍ မန္တန်ကိုဆက်ရွတ်နေဆဲဖြစ်သည်။ သူ့ပတ်ပတ်လည်တွင် ဗုဒ္ဓအသံတော်လှည့်ပတ်နေ၏။ ကျူးရှဲ့ဓားများကျဆင်းလာသောအခါ ဧရာမမဟာဝေရောစနတိုက်ပွဲဝင်ပုံစံသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေတော့သည်။ ၎င်းသည် ကျူးရှဲ့ဓားများ၏တိုက်ခိုက်မှုအောက်တွင် ပျက်စီးပျောက်ကွယ်သွားပေပြီ။
ထိုဖျက်အားကောင်းသည့် တိုက်ခိုက်မှုသည် ရီဖူရှင်းကို ထိခိုက်ပေတော့မည်။ ဗုဒ္ဓများသည် သူရှိနေရာသို့ လှမ်းကြည့်နေကြသည်။ ရီဖူရှင်းသည်လည်း သေဆုံးပျက်စီးသွားမည်လော။
ဗုဒ္ဓများ၏အကြည့်များအောက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဗုဒ္ဓအလင်းများက လွှမ်းခြုံထားသည်။ နောက်ထပ် တိုက်ပွဲဝင်ပုံစံတစ်ခု ပေါ်လာသကဲ့သို့ပင်။ ကျူးရှဲ့ဓားများ သူ့ကိုထိမှန်သွားသောအခါ ရီဖူရှင်း၏ခန္ဓာကိုယ်သည် နတ်ခန္ဓာအဖြစ်ပြောင်းသွားသကဲ့သို့ထင်ရလေသည်။ ထိုတိုက်ခိုက်မှုကျရောက်လာသောအခါ အာကာပြင်တွင် အက်ကြောင်းများပေါ်လာသည်။
သို့သော် ရီဖူရှင်းသည် ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ သူသည် ကျူးရှဲ့ဓားများ၏ အဖျက်စွမ်းအားများရှိသော အာကာပြင်တွင် တည်ရှိနေပုံမပေါ်ဘဲ အပြိုင်အာကာပြင်တစ်ခုတွင် တည်ရှိနေသကဲ့သို့ပင်။
“ဟာ...”
ထိုထူးဆန်းသောမြင်ကွင်းကြောင့် ဗုဒ္ဓများသည် မျက်နှာပျက်သွားကြသည်။ ကျူးရှဲ့ဓားများ ကျဆင်းသွားသော်လည်း ရီဖူရှင်း၏ခန္ဓာကိုယ်ကို မထိနိုင်ခဲ့ပေ။ ထို့ပြင် ဓားများသည် ရုတ်ခြည်းကျိုးပဲ့ပျက်စီးသွားကြ၏။
ရီဖူရှင်းသည် အဘယ်သို့ပြုလုပ်လိုက်သနည်း။
“အဲ့ဒါက အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံပဲ”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
ဗုဒ္ဓတစ်ပါးက ပြောလိုက်၏။
“သူက တိုက်ပွဲဝင်ပုံစံ သုံးမျိုးတောင် ကျင့်ကြံနိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”
ရီဖူရှင်းကျင့်ကြံနိုင်ခဲ့သော တိုက်ပွဲဝင်ပုံစံသုံးမျိုးမှာ မတုန်မလှုပ်မယိမ်းယိုင်သော တိုက်ပွဲဝင်ပုံစံ၊ မဟာဝေရောစနတိုက်ပွဲဝင်ပုံစံနှင့် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံတို့ ဖြစ်ကြသည်။
အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံသည် အာကာသတိုက်ပွဲဝင်ပုံစံ၏ အခြားအမည်တစ်ခုဖြစ်သည်။ အမှန်တွင်မူ ၎င်းတို့သည် ဗုဒ္ဓအတတ်ပညာမူကွဲများ ဖြစ်ကြသည်။
ရှန်းယန်ရဟန်းသည် ရီဖူရှင်းကို ရင်ဆိုင်ရန် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံကို အသုံးပြုခဲ့သည်။ ရီဖူရှင်းသည်လည်း တူညီသောတိုက်ပွဲဝင်ပုံစံကိုအသုံးပြု၍ ရှောင်ရှားခဲ့သည်။ သို့သော် သူတို့နှစ်ဦးသည် တိုက်ပွဲဝင်ပုံစံ၏ကွဲပြားသောစွမ်းရည်များကို ထုတ်သုံးခဲ့ကြခြင်းပင်။
ထိုအာကာသတိုက်ပွဲဝင်ပုံစံသည် ဗုဒ္ဓဂိုဏ်းများမှ အာကာသမဟာလမ်းစဉ်၏စွမ်းအားကို ထုတ်သုံးနိုင်သော စွမ်းအားကြီးပုံစံဖြစ်သည်။ ရီဖူရှင်းသည် အာကာသလမ်းစဉ်ကို ကျွမ်းကျင်ပြီး လောကအသေးကိုပင်ထုတ်နိုင်အောင် ကျင့်ကြံခဲ့၏။ ထို့ကြောင့် သူသည် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံကို ကျင့်ကြံနိုင်ခဲ့ခြင်းပင်။
ဗုဒ္ဓတစ်ပါးက ရေရွတ်လိုက်သည်။
“အရင်က အရှင်ဒွန်ဟောင်နဲ့ယှဉ်ရင် ရီဖူရှင်းက ဗုဒ္ဓဓမ္မကို ကျင့်ကြံတာ သိပ်မကြာသေးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဗုဒ္ဓဓမ္မအမျိုးမျိုးကို ကျွမ်းကျင်နေပြီ။ အဲ့တိုက်ပွဲဝင်ပုံစံသုံးမျိုးက ကျင့်ကြံရခက်တဲ့ ပုံစံတွေပဲ... သူက အဲ့ဒါတွေကိုတောင် ကျွမ်းကျင်အောင် ကျင့်ကြံနိုင်တယ်။ သူ့ကိုသာ အချိန်ပိုပေးလိုက်ရင် အတိတ်က အရှင်ဒွန်ဟောင်လောက် အထင်ကြီးစရာကောင်းလာမှာပဲ။ ဗုဒ္ဓဓမ္မအမျိုးမျိုးကိုလည်း ကျွမ်းကျင်အောင် ကျင့်ကြံနိုင်မှာပဲ...”
သူ မှတ်ချက်ပြုနေစဉ်တွင် တိုက်ပွဲနေရာတွင် ဗုဒ္ဓပုံရိပ်များ ထွက်ပေါ်လာ၏။ ဗုဒ္ဓတစ်ပါးချင်းစီတိုင်းသည် ရီဖူရှင်းနှင့်အတူ ဖြစ်ပေါ်လာပြီး အစစ်ကဲ့သို့ထင်ရပေသည်။ ၎င်းသည် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံ၏ နောက်ထပ်စွမ်းရည်တစ်ခုဖြစ်၏။
အစောကပင် ရှန်းယန်ရဟန်းသည် ကျူးရှဲ့ဓားများကို တစ်ပြိုင်တည်းထုတ်လွှတ်ရန် ထိုစွမ်းရည်ကိုပင် သုံးခဲ့ရာ နတ်ဓားများသည် တစ်ပြိုင်တည်းပျံထွက်သွားခဲ့ပေသည်။
ရီဖူရှင်းသည် ရှန်းယန်ရဟန်း၏တိုက်ကွက်နှင့် တန်ခိုးကို အတုခိုးနေပုံရသည်။ ထို့ပြင် ရီဖူရှင်းသည် အာကာပြင်ထဲတွင် ချုပ်နှောင်ထားခြင်း ခံမနေရတော့ပေ။
ဗုဒ္ဓများသည် သူတို့၏ပါးစပ်များကို တစ်ချိန်တည်းဖွင့်လိုက်ကြသည်။ ရုတ်တရက် ဒေါသတကြီးအော်ဟစ်သံကြီးများသည် ကောင်းကင်တွင် ပြည့်နှက်သွားသည်။ ကောင်းကင်ထက်တွင် နဂါးများနှင့် ဆင်များကို ခပ်ရေးရေးမြင်နေကြသည်။ ဗုဒ္ဓအားလုံးက တစ်ပြိုင်တည်းအော်လိုက်သောအခါ သူတို့၏အသံများသည် အာကာပြင်တွင် ပဲ့တင်ထပ်သွားသည်။ ကျယ်ပြောသော အာကာပြင်သည် လှိုင်းတံပိုးထန်နေသည့် ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ နဂါးများနှင့် ဆင်များသည် ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေနေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုဖျက်စီးသွားသကဲ့သို့ ကြောက်မက်ဖွယ်ပုံရိပ်ယောင်များ ဖြစ်ပေါ်နေကြ၏။ ထိုပုံရိပ်ယောင်များအကြားတွင် ရှန်းယန်ရဟန်းသည် လွန်စွာသေးငယ်ပုံပေါ်သည်။
ဗုဒ္ဓများသည် ဒေါသထွက်သွားကြသဖြင့် အမျက်ချောင်းချောင်းဖြင် အော်လိုက်သောအသံဖြစ်သည်။
ရှန်းယန်ရဟန်းဆင့်ခေါ်ထားသော ဗုဒ္ဓများသည် ထိုပုံရိပ်ယောင်ပင်လယ်အတွင်းတွင် ပေါက်ကွဲသွားကြပြီး ချက်ချင်း အမှုန်များအဖြစ် ပြောင်းလဲသွားကြသည်။ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမဗုဒ္ဓပုံရိပ်ယောင်ကြီးသည်ပင် အပြင်းအထန်တုန်ခါသွား၏။ ၎င်းသည် ပြိုကွဲလုနီးပါးဖြစ်နေသည်။ ရှန်ယန်ရဟန်း၏စိတ်ဝိညာဉ်လှုပ်ရှားသွားရာ တိုက်ပွဲဝင်ပုံစံသည်လည်း မတည်မငြိမ်ဖြစ်လာလေသည်။
သူသည် ရီဖူရှင်းတစ်ယောက် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံကို ကျင့်ကြံနိုင်ခဲ့ခြင်းအား အံ့အားသင့်နေစဉ်မှာပင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓဂီတတိုက်ခိုက်မှုအတတ်တစ်ခု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်း၏တိုက်ခိုက်မှုသည်လည်း ရပ်တန့်သွားမည့်ပုံမပေါ်ပါ။ ကောင်းကင်ထက်ရှိ ဗုဒ္ဓများသည် ဗုဒ္ဓတံဆိပ်တော်များကို ဖန်တီးနေကြသည်။ ဗုဒ္ဓ၏ ထည်ဝါကျယ်ပြောသော စွမ်းအားသည် အာကာပြင်ကို ဖိနှိပ်လာသည်။ ယခုတွင် ရှန်းယန်ရဟန်းသည် လွန်စွာအားကောင်းသောအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရလေတော့သည်။