ဖိနှိပ်မှု
Vol. 174 Ch. 2482
ဝုန်း...
ရှန်းယန်ရဟန်းဆင့်ခေါ်ထားသော ဗုဒ္ဓများသည် ဗုဒ္ဓအမျက်ဒေါသအော်သံကို ရင်ဆိုင်လိုက်ရသောအခါ တစ်စစီဖြစ်သွားကာ ပျောက်ကွယ်သွားလေသည်။ ဧရာမဗုဒ္ဓပုံစံကြီးသည်လည်း တုန်ခါသွားပြီး အချိန်မရွေး အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားတော့မလိုဖြစ်နေသည်။ ရှန်းယန်ရဟန်း၏စိတ်ဝိညာဉ်သည်လည်း တုန်လှုပ်နေသည်။
ဒေါသအော်သံအပြင် ကောင်းကင်ထက်တွင်လည်း တောက်လောင်နေသော နေမင်းများပေါ်ထွက်လာသည်။ နေမင်းများသည် ပူပြင်းပြီး ယန်ဓာတ်များပြားကာ လောကအတွင်းရှိ အရာအားလုံးကို အရည်ဖျော်ပစ်နိုင်စွမ်းရှိပေသည်။ ထို့ပြင် ၎င်းတို့၏စွမ်းအားသည် လွန်စွာအစွမ်းကြီးလေသည်။
“အဲ့ဗုဒ္ဓတွေအကုန်လုံးက မဟာဝေရောစနပဲ”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် ရီဖူရှင်းဆင့်ခေါ်ခဲ့သော ဗုဒ္ဓများသည် မဟာဝေရောစနဗုဒ္ဓများအဖြစ် မည်သို့ပြောင်းလဲသွားကြောင်းကို မြင်လိုက်ကြရသည်။ သူတို့သည် အာကာပြင်၏ထိုအပိုင်းရှိ အရာအားလုံးကို ဖိနှိပ်ဖျက်စီးပစ်ရန် မဟာဝေရောစနလက်ဖဝါးကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။
၎င်းသည် ဒွိတိုက်ပွဲဝင်ပုံစံပင်။
ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် ရီဖူရှင်းရှိရာဘက်သို့ကြည့်၍ ရင်တုန်မှုကို ခံစားနေကြရ၏။ သူတို့အတွက် တည်တည်ငြိမ်ငြိမ်နေနိုင်ရန်ပင် ခက်ခဲနေပေသည်။
ထိုဒွိတိုက်ပွဲဝင်ပုံစံမှာ ရီဖူရှင်းသည် တိုက်ပွဲဝင်ပုံစံနှစ်မျိုးကို ကျင့်ကြံနေသည်ဟုမဆိုလိုဘဲ တိုက်ပွဲဝင်ပုံစံနှစ်မျိုးကို ပေါင်းစပ်ကာ တစ်ချိန်တည်းတွင် ထုတ်သုံးခြင်းကို ဆိုလိုပေသည်။
ရီဖူရှင်းသည် ရှေးဦးစွာ အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံကို ထုတ်သုံးခဲ့သည်။ ယခုတွင် သူသည် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံကို အသုံးပြု၍ ဗုဒ္ဓများကိုဆင့်ခေါ်ခဲ့သည်။ ထိုဗုဒ္ဓများသည် မဟာဝေရောစနများဖြစ်လာလေသည်။ ထိုတိုက်ပွဲဝင်ပုံစံနှစ်ခုသည် တစ်ခုနှင့်တစ်ခုပေါင်းစည်းနေပြီး အတူတကွတိုက်ခိုက်နိုင်ပေသည်။ ယင်းတိုက်ပွဲဝင်ပုံစံနှစ်ခု၏ပေါင်းစပ်အစွမ်းသည် အံ့အားသင့်ဖွယ်ကောင်း၏။ အထက်ကောင်းကင်တွင် မဟာဝေရောစနများသည် အာကာပြင်တွင် ခြေချုပ်မိမနေတော့ပေ။ မဟာဝေရောစန၏လက်ဖဝါးများသည် ရှန်းယန်ရဟန်းဆီသို့ တစ်ချိန်တည်း ကျဆင်းလာကြသည်။ ၎င်းတို့သည် အစွမ်းကြီးမားလှသည်။
ရှန်းယန်ရဟန်းသည် လက်အုပ်ချီလိုက်လျှင် သူ့ကိုယ်မှနေ၍ ဗုဒ္ဓအလင်းများတောက်ပလာ၏။ လိပ်ပြာတောင်ကုန်းတစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမရှေးဟောင်းဗုဒ္ဓပုံရိပ်ကြီးသည် ရုတ်ခြည်းပင် ရွှေရောင်အလင်းများတောက်ပလာသည်။ ၎င်းသည် ခန္ဓာတော်အစစ်ဖြစ်တည်လာသကဲ့သို့ပင်။ ရှေးဟောင်းဗုဒ္ဓအတွင်းရှိ အာကာပြင်သည် အစိုင်အခဲဖြစ်လာပုံပေါ်၏။ မဟာဝေရောစန၏လက်ဖဝါးများသည် ခုခံမှုနှင့်ကြုံတွေ့လိုက်ရသောအခ နှေးကွေးသွားသည်။
တစ်ချိန်တည်းမှာပင် ရှန်းယန်ရဟန်း၏နောက်ရှိ ရှေးဟောင်းဗုဒ္ဓမှနေ၍ လက်များစွာဆန့်ထွက်လာသည်။ လက်များသည် ဟင်းလင်းပြင်လက်ဖဝါးများကို အဆက်မပြတ်ထုတ်လွှတ်လိုက်ကြပြီး ဝင်ရောက်လာသည့် မဟာဝေရောစန၏လက်ဖဝါးများဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
အာကာပြင်ထဲတွင် ကြောက်မက်ဖွယ် ထိခတ်သံများ ပဲ့တင်ထပ်သွားသည်။
ဗုဒ္ဓအလင်းများ ဖြာထွက်သွား၏။ ဟင်းလင်းပြင်လက်ဖဝါးများသည် မဟာဝေရောစန၏လက်ဖဝါးနှင့် ရင်ဆိုင်လိုက်ရသောအခါ ကြေမွသွားသည်။ ဟင်းလင်းပြင်လက်ဖဝါးအားလုံးသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး မဟာဝေရောစန၏လက်ဖဝါးများသည် ရှန်းယန်ရဟန်းထံသို့ ဆက်ဝင်သွားကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကြောက်မက်ဖွယ်တိုက်ခိုက်မှုများသည် အာကာပြင်ကိုရှင်းလင်းကာ ရှန်းယန်ရဟန်းဆီသို့ သွားနေကြသည်။ သို့သော် ထိုအခိုက်တွင် ဗုဒ္ဓအလင်းတန်းများသည် အခြားနေရာများသို့ ပျံထွက်သွား၏။
ရှန်းယန်ရဟန်းရှိနေခဲ့သော နေရာသည် မဟာဝေရောစန၏လက်ဖဝါးများ၏တိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားသည်။ ရှန်းယန်ရဟန်း၏ခန္ဓာသည်လည်း ထိုတိုက်ခိုက်မှုကြောင်း ပျက်စီးသွားပြီဟု ထင်မှတ်ရ၏။ သို့သော် ထိုအခိုက်တွင် နေရာအနှံ့အပြား၌ ရှန်းယန်ရဟန်းများစွာ ပေါ်လာသည်။ သူတို့သည် ရှန်းယန်ရဟန်း၏ ကိုယ်ပွားများ ဖြစ်ပုံရ၏။
ရှန်းယန်ရဟန်းသည် ရီဖူရှင်း၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရမသွားကြောင်း ထင်ရှားပေသည်။
“အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံအချင်းချင်း ယှဉ်ကျတော့မှာပဲ”
ဗုဒ္ဓများက ရေရွတ်လိုက်ကြသည်။ သူတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အတန်ငယ်ရင်တုန်သွားကြသည်။ အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံကို သုံးနိုင်သူသည် နေရာတိုင်းတွင် ရှိနေသကဲ့သို့ပင်။ အစောက ရှန်းယန်ရဟန်းသည် ရီဖူရှင်းကို ထိခိုက်အောင် မတိုက်ခိုက်နိုင်ခဲ့ပေ။ ယခုတွင် ရီဖူရှင်း၏ မဟာဝေရောစနလက်ဖဝါးများသည်လည်း ရှန်းယန်ရဟန်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူတို့နှစ်ဦးသည် သရေအနေအထားသို့ ရောက်သွားပုံပင်။
ရှန်းယန်ရဟန်းသည် ရီဖူရှင်းရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များထက် ပို၍စွမ်းအားကြီးကြောင်း ထင်ရှားပေသည်။ ပြီးခဲ့သောတိုက်ပွဲများတွင် ရီဖူရှင်း၏ဗုဒ္ဓတန်ခိုးထွက်ပေါ်လာသည်နှင့် သူသည် သူ၏ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့သည်ချည်းသာဖြစ်သည်။ သို့သော် ဤအကြိမ်တွင် ဒွိတိုက်ပွဲဝင်ပုံစံကို ထုတ်သုံးခဲ့သည်ပင် သူသည် ရှန်းယန်ရဟန်းကို အနိုင်မယူနိုင်သေးပေ။
သူတို့နှစ်ဦးလုံးသည် ဗုဒ္ဓတန်ခိုးများကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ကြပြီး စွမ်းအားကြီးသော တိုက်ပွဲဝင်ပုံစံများ ရှိလေသည်။ ထို့ကြောင့် ထိုကဲ့သို့ အခြေအနေဖြစ်လာရခြင်းပင်။
သို့သော် ထိုတိုက်ပွဲသည် တိုတောင်းသော်လည်း ဗုဒ္ဓများသည် ရီဖူရှင်း၏ဗုဒ္ဓဓမ္မအပေါ်နားလည်မှုမှာ ရှန်းယန်ရဟန်းထက် မနိမ့်ကြောင်း ပြောနိုင်လေသည်။ သူ၏တိုက်ရည်ခိုက်ရည်သည်လည်း ရှန်းယန်ရဟန်းထက် မနိမ့်ကျပေ။ ရှန်းယန်ရဟန်း၏ကျင့်ကြံခြင်းအဆင့်သည် သူ့ထက်မြင့်သော်လည်း ရီဖူရှင်းသည် ယှဉ်နိုင်နေဆဲဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် မည်မျှထူးချွန်ကြောင်း ပေါ်လွင်ပေသည်။ သို့ဖြစ်ရာ သူတို့သာ ကျင့်ကြံခြင်းအဆင့်တူခဲ့ပါက ရှန်းယန်ရဟန်းသည် ရှုံးနိမ့်သွားမည်ဖြစ်သည်။
ရီဖူရှင်းသည် ထိုအကြောင်းကို အာရုံရသွားသောအခါ သူ၏နှလုံးသားသည် တည်ငြိမ်သွား၏။ သူသည် လက်အုပ်ချီထားပြီး ဗုဒ္ဓအသံတော်သည်လည်း သူ့ကိုလှည့်ပတ်နေသည်။ ဗုဒ္ဓအသံတော်သည် အာကာပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။ တဖြည်းဖြည်းဖြင့် ဧရာမဗုဒ္ဓတစ်ပါး ပေါ်လာလေသည်။ ထိုဗုဒ္ဓသည် ရှန်းယန်ရဟန်းဆင့်ခေါ်ထားသော ဧရာမဗုဒ္ဓထိန်းချုပ်နေသည့် အာကာပြင်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပုံရသည်။
ထို့ပြင် ရီဖူရှင်းဆင့်ခေါ်ထားသော ဧရာမဗုဒ္ဓသည် ဗုဒ္ဓအသံတော်နှင့် ယှဉ်တွဲနေ၏။ ဗုဒ္ဓအသံတော်တွင် ကြောက်မက်ဖွယ်ကောင်းကင်စွမ်းအားများ ပါဝင်ပြီး ရှန်းယန်ရဟန်း၏ တိုက်ပွဲဝင်ပုံစံများကို တုန်ခါနေစေလေသည်။
“ဒီကောင်လေး ဗုဒ္ဓဓမ္မတွေကို အဆက်မပြတ်ကျင့်ကြံနိုင်တာက သူ့ရဲ့ခန္ဓာကိုယ်က နဂိုကတည်းက မဟာလမ်းစဉ်ရဲ့ စွမ်းအားအမျိုးမျိုးဖြစ်တဲ့ မီးတောက်၊ အာကာသနဲ့ အသံ စတာတွေနဲ့ လိုက်လျောညီထွေရှိနေလို့ပဲ”
ဗုဒ္ဓတစ်ပါးက ရေရွတ်လိုက်သည်။ ကျန်ဗုဒ္ဓများသည်လည်း ခပ်ဆတ်ဆတ် ခေါင်းညိတ်လိုက်ကြသည်။
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“သူက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ။ သူက အတိတ်က အရှင်ဒွန်ဟောင်နဲ့တောင် ယှဉ်နိုင်တယ်”
ဝါကြီးသောဗုဒ္ဓတစ်ပါးက ငြင်းဆိုလိုက်သည်။
“သူ့ကို အရှင်ဒွန်ဟောင်နဲ့ နှိုင်းယှဉ်တာက တော်တော်လေးချီးကျူးလွန်းနေတာပဲ။ အရှင်ဒွန်ဟောင်က ပြိုင်ဘက်ကင်းတစ်ယောက်ပဲ... ပြီးတော့ သူက သူ့မျိုးဆက်ကလူတွေထက် ခေါင်းတစ်လုံးသာနေတာပဲ။ အင်ပါယာရီချင်ကလွဲရင် သူ့ကိုဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး။ ဗုဒ္ဓအားလုံးအရှင်ကလည်း သူ့ကိုချီးကျူးခဲ့တယ်... ပြီးတော့ မကြာခင်မှာပဲ သူက အင်ပါယာအဆင့်ကိုရောက်သွားတာပဲ။ သူက ကောင်းကင်ဒေသကို စည်းလုံးစေခဲ့ပြီး ရာစုနှစ်များစွာ ပြိုင်ဘက်ကင်းဖြစ်နေခဲ့တာပဲ။ ကိုယ်တော်တို့ အရှင်ဒွန်ဟောင်နဲ့ အဆင့်တူတဲ့သူကိုရွေးမယ်ဆိုရင် နတ်ဆိုးလောက,က နတ်ဆိုးအင်ပါယာကို ရွေးရမှာပဲ... သူရဲ့ဂုဏ်သတင်းက အရှင်ဒွန်ဟောင်နဲ့ သိပ်မကွာဘူး”
အခြားဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
“ကျုပ်ကတော့ ရီဖူရှင်းက အတိတ်က အရှင်ဒွန်ဟောင်ထက် အားမနည်းဘူးလို့ ထင်တယ်။ တကယ်လို့ အရှင်ဒွန်ဟောင်သာ ဒီမှာရှိရင်လည်း ရီဖူရှင်းထက် ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးက ထိပ်တန်းပါရမီရှင်တွေပဲ။ အတိတ်တုန်းက အရှင်ဒွန်ဟောင်ကလည်း လမ်းစဉ်စွမ်းအားအမျိုးမျိုးကို ကျွမ်းကျင်တာပဲ။ ပြီးတော့ သူက ဗုဒ္ဓဓမ္မတွေကိုလည်း အကျွမ်းတဝင်ရှိတယ်။ အဲ့အချက်ကိုထည့်စဉ်းစားမယ်ဆိုရင်တော့ အဲ့ နတ်ဆိုးလောက,က နတ်ဆိုးအင်ပါယာက အရှင်ဒွန်ဟောင်နဲ့ယှဉ်နိုင်မယ့် တစ်ဦးတည်းသောလူပဲ”
ထိုသူသည် အရှင်ဒွန်ဟောင်နှင့် နတ်ဆိုးအင်ပါယာကို တန်းတူကဲ့သို့ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ဆင်တူပေသည်။ သူတို့သည် လမ်းစဉ်စွမ်းအားအမျိုးမျိုးကို ကျွမ်းကျင်ပေသည်။ ယခင်တုန်းက နတ်ဆိုးအင်ပါယာသည် စွမ်းအားကြီးသော နတ်ဆိုးအတတ်အမျိုးမျိုးကို ဖန်တီးခဲ့သည်။ ထိုအတတ်တိုင်းသည် စွမ်းအားကြီးမားပေသည်။ သူသည် သူ့မျိုးဆက်အတွင်းရှိ လူတိုင်းကို အနိုင်ယူခဲ့ပြီး နတ်ဆိုးလောကတွင် ပရမ်းပတာခေတ်ကို အဆုံးသတ်ပေးခဲ့လေသည်။
“ရှန်းယန်ရဟန်းက ရှုံးဖို့များနေတယ်”
တစ်စုံတစ်ယောက်သည် တိုက်ပွဲနေရာကိုကြည့်၍ မှတ်ချက်ပြုလိုက်သည်။ ဧရာမတိုက်ပွဲဝင်ပုံစံနှစ်ခုသည် တိုက်ခိုက်နေကြသည်။ သို့သော် ရီဖူရှင်းသည် သူ၏တိုက်ပွဲဝင်ပုံစံကို ထုတ်လိုက်ပြီးနောက် ဗုဒ္ဓအမျက်အော်သံနှင့် နဂါးများနှင့် ဆင်များ၏မိစ္ဆာသုတ်သင်အော်သံများကိုလည်း ထုတ်လွှတ်ခဲ့သည်။ ထိုအတတ်နှစ်ခုသည် ရှေးဟောင်းဗုဒ္ဓတစ်ပါးက ငရဲပြည်တွင်ဖြစ်ပျက်နေသော ကသောင်းကနင်းအခြေအနေများကို ဖိနှိပ်ရာတွင် ဖန်တီးခဲ့သော ဗုဒ္ဓဓမ္မဖြစ်သည်ဟု ကောလာဟလများရှိကြသည်။ ထိုအတတ်နှစ်ခုကို အဆုံးအစွန်အဆင့်ထိ ကျင့်ကြံနိုင်လျှင် ကျင့်ကြံသူသည် ငရဲပြည်ကိုအုပ်စိုးနိုင်သည်ဟု ဆိုကြသည်။
ဝုန်း...
ကြောက်မက်ဖွယ်အသံကြီးများကို ကြားလိုက်ရသည်။ ဗုဒ္ဓများသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် ဧရာမဗုဒ္ဓပုံရိပ်ကြီးနှစ်ခု၏လွှမ်းခြုံမှုကို ခံထားရလေသည်။ ထိုဧရာဗုဒ္ဓပုံရိပ်နှစ်ခုသည် အာကာပြင်ကို ထိန်းချုပ်နိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်နေကြ၏။ ယခုတွင် ရီဖူရှင်းဆင့်ခေါ်ထားသော ဗုဒ္ဓပုံရိပ်သည် အသာစီးရနေပြီး ရှန်းယန်ရဟန်းဆင့်ခေါ်ထားသော ဗုဒ္ဓပုံရိပ်ကို ဝါးမျိုနေလေသည်။
တစ်ချိန်တည်းမှာပင် တိုက်ပွဲနေရာတွင် ရှန်းယန်ရဟန်း၏ကိုယ်ပွားများသည် အဆက်မပြတ် အပြင်းအထန်ပေါက်ကွဲနေသည်။
ရှန်းယန်ရဟန်း၏မျက်နှာထားသည် ပြောင်းလဲနေပေပြီ။ ပြင်းထန်သော တုန်ခါသံကြီးများကို ကြားနေရ၏။ သူ၏တိုက်ပွဲဝင်ပုံစံသည် ပျက်စီးသွားပြီဖြစ်သည်။ အထက်ကောင်းကင်တွင် မျက်စိစူးဖွယ် နေအလင်းရောင် ဖြာကျလာသည်။ ကောင်းကင်ထက်မှနေ၍ ဧရာမဗုဒ္ဓလက်ဖဝါးကြီး ကျဆင်းလာသည်။ ၎င်းသည် မဟာဝေရာစနအစစ်အမှန်၏လက်ဖဝါးဖြစ်ပုံပေါ်လေသည်။
ထိုဧရာမမဟာဝေရောစနလက်ဖဝါးကြီးသည် အရှန်အဟုန်ဖြင့် ကျဆင်းလာ၏။ ဤတွင် ရှန်းယန်ရဟန်း၏ကျန်ရှိနေသောကိုယ်ပွားများသည် အမှုန့်ဖြစ်သွားသည်။ ထို့နောက် ရှန်းယန်ရဟန်း၏ ခန္ဓာကိုယ်အစစ်အမှန် ပေါ်ထွက်လာသည်။ သူသည် သူ့အပေါ်သို့ ကျဆင်းလာသည့် မဟာဝေရောစနလက်ဖဝါးကြီးကို မော့ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာထား ရှုံ့မဲ့သွားသည်။ သူက လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်တွင် သူ့ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းများ တောက်ပလာသည်။ သူသည် ကောင်းကင်ကို ပင့်ထောက်ရန် ကြိုးစားခဲ့သော ရှေးဟောင်းဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်လာ၏။
ဝုန်း...
မဟာဝေရောစနလက်ဖဝါးကြီးသည် ပြင်းထန်စွာဖြင့် ကျဆင်းလာသည်တွင် ရှန်းယန်ရဟန်း၏ခန္ဓာကိုယ်ကို မြေပေါ်သို့ကျသွားစေသည်။ သူသည် မြေအောက်ထဲသို့ပင် တွန်းပို့ခံလိုက်ရသည်။ ကြောက်မက်ဖွယ်အရှိန်လှိုင်းများသည် လိပ်ပြာတောင်ကုန်းကို တုန်ခါသွားစေပြီး လေထဲတွင် ဖုန်တထောင်းထောင်း ထသွားစေသည်။
မြေမျက်နှာပြင်ပေါ်တွင် ဧရာလက်ဖဝါးရာကြီး ကျန်ခဲ့သည်။ ထိုလက်ဖဝါးရာကြီးအတွင်းရှိ မြေပြင်သည် ပူပြင်းနေသည်။ ရှန်းယန်ရဟန်းသည် မြေကြီးအတွင်းနက်နက်ရှိုင်းရှိုင်း နစ်ဝင်နေလေသည်။ သူသည် သွေးများအန်နေပြီး သူ့မျက်နှာသည်လည်း ဖြူဖျော့နေလေသည်။