ပရိဒေဝမီးတောက်လောင်နေတဲ့ မိန်းမပျိုတွေကို ကယ်တင်ပေးတဲ့ သူရဲကောင်းဆိုတာ မရှိဘူး
Vol. 20 Ch. 280
“မြန်မြန်လေး လာကူကြစမ်းပါကွ။ ဒီအပင်ရဲ့ အမြစ်တွေက အရမ်းကို နက်နေတယ်။”
အန်လင်းသည် အားကုန်သုံးပြီး ဆွဲနှုတ်သော်လည်း ထိုအပင်မှာ တစ်စက်ကလေးမျှပင် ယိုင်နဲ့မလာခဲ့ချေ။ ထို့ကြောင့် အကူအညီတောင်းလိုက်ရသည်။
ယင်းအားကြားသည့်အခါ ရှောင်ချိုးနှင့် တပိုင်တို့ ပြေးသွားကြပြီး မီးနတ်သွေးသစ်ပင်အား ဆွဲနှုတ်ကြလေသည်။
“တစ် နှစ် သုံး အားးးး အိုးးးးး”
အန်လင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခွေးနှင့် မျောက်တို့လည်း ဆွဲလိုက်ကြသည်။
ဝုန်း
မြေပြင်တုန်ခါလာပြီး အမြစ်ကြောများမှာလည်း ရဲရဲနီနေသည့် မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာသည်။
ထို့နောက်တွင် မြေဆီလွှာများ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ နီရဲရဲအမြစ်များ ရောက်ရှိလာသည်။
အန်လင်းနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။ ထိုသစ်ပင်၏ အမြစ်သည် ပေထောင်ပေါင်းများစွာအား ဖုံးလွှမ်းထားလေသည်။ ထို့ကြောင့် ဆွဲနှုတ်ဖို့ရန် လွန်စွာခက်ခဲရခြင်းဖြစ်သည်။
အရေးကြီးသည့် အခိုက်အတံ့ ဖြစ်သည့်အတွက် အန်လင်းသည် ထိုအရာအား လေ့လာရန် အချိန်မရှိချေ။ မီးနတ်သွေးသစ်ပင်အား သိုလှောင်လက်စွပ်အတွင်းသို့ အလျင်စလို ထည့်သွင်းလိုက်ပြီးနောက် ဆုတ်ခွာတော့သည်။
ထိုအချိန်မှာပင် အပြာရောင်စက်ဝန်းအတွက်မှ အမျိုးသမီး၏အသံ ထွက်ပေါ်လာပြန်သည်။ “တောင်းပန်ပါတယ်။ ကယ်ပေးပါ။ ကျွန်မတို့မှာ ရှေးဟောင်းတိုက်ပွဲပြင်ရဲ့ ရတနာမြေပုံရှိပါတယ်။ ကျွန်မတို့ကို ကယ်ပေးမယ်ဆိုရင် ရတနာတွေက ရှင်တို့အတွက်ပါပဲ။”
အန်လင်း၏ခြေလှမ်းများ ရပ်တံ့သွားသည်။ အပြာရောင်စက်ဝန်းအား ကြည့်လိုက်သည့်အခါ စိတ်အားကယ်နေသည့် အမျိုးသမီးတစ်ဦးအား မြင်တွေ့လိုက်ရသည်။ သူမ၏ နူးညံ့သည့် မျက်နှာလေးမှာ မျက်ရည်ချောင်းစီးကာဖြင့် ရှိနေပြီး လက်ထဲတွင် ရှေးဟောင်းသိုးသားရေ မြေပုံတစ်ချပ်အား ကိုင်ဆောင်ထားသည်။
အန်လင်း၏ နှလုံးသားလေး နူးညံ့လာသည်။
“ကောင်းပြီလေ။ ဒီတစ်ကြိမ်တော့ ကယ်ပေးလိုက်မယ်၊”
“ဂမ်ဒမ် တစ် ဂမ်ဒမ် နှစ် မြေဆွဲအားစက်ကွင်းကို အသက်သွင်းမယ်။ အဲဒီ အမျိုးသမီး သုံးဦးကို မဟာမိတ်အဖြစ် သတ်မှတ်မယ်။”
ဝုန်း
ခရမ်းရောင်စက်ဝန်း ထွက်ပေါ်လာသည်။ ထိုစက်ဝန်းသည် အဖျက်အဆီးစွမ်းအားများ ပါဝင်သည့် ဖိအားကို ထုတ်ဖော်ထားပြီး အနီးပတ်ဝန်းကျင်တွင်ရှိသည့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များအား ချေမှုန်းပစ်လိုက်သည်။
“ပြေးးးးးးး” အန်လင်း ထိုအမျိုးသမီးသုံးဦးအား အော်ပြောလိုက်သည်။
ယင်ယွီ၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်လှသည်။ သူမသည် ချက်ချင်းပင် အပြာရောင်စက်ဝန်းအား ရုတ်သိမ်းလိုက်ပြီးနောက် သူမ၏ အစေခံနှစ်ဦးနှင့်အတူ အန်လင်းထံသို့ ပြေးလာသည်။
မြေဆွဲအားစက်ကွင်းကို အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်ပေ။ အန်လင်း၏နံဘေးသို့ ယင်ယွီရောက်ရှီလာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။
မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ၏ ပစ်မှတ်နှစ်ခုမှ တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားသည်။ အန်လင်းတို့ ရင်ဆိုင်နေရသည့် ဖိအားမှာလည်း ချက်ချင်းဆိုသလို တိုးလာလေသည်။
ကြမ်းတမ်းသည့် လှိုင်းလုံးကြီးများသဖွယ် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များသည် အန်လင်းထံသို့ ဦးတည်လျက်ရှိသည်။
သူတို့၏ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံမှာ ကောင်းကင်တွင် ပဲ့တင်ထပ်လာပြီး အစွယ်များနှင့် ထက်မြိနေသည့် လက်သည်းများအား ဖော်ထုတ်လာကြသည်။ ထိုမကောင်းဆိုးဝါး စိတ်ဝိညာဉ်များမှာ ကြမ်းတမ်းရက်စက်ကာ အကြင်နာကင်းမဲ့ကြသည်။ သူတို့၏ အမြန်နှုန်းသည် ထိုအမျိုးသမီးသုံးဦးထက် ပိုမိုမြန်ဆန်လှသည်။
ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ်တို့ အစောင့်အရှောက်သဖွယ်ဖြင့် ရှိနေကြပြီး မကောင်းဆိုးဝါး စိတ်ဝိညာဉ်များအား နောက်ဆုတ်သွားစေရန် အဆက်မပြတ် တိုက်ခိုက်လျက်ရှိကြသည်။ တစ်ချိန်တည်းမှာပင် အန်လင်း၊ ရှောင်ချိုးနှင့် တပိုင်တို့သည် လမ်းရှင်းနေကြလေသည်။ ပန်းအိုး သုံးလုံးမှာမူ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်တွင်သာ ရှိနေသေးပြီး အဖွဲ့၏ အလယ်တွင် ရှိကာဖြင့် တတ်နိုင်သမျှ အစွမ်းကုန် ပြေးနေကြလေသည်။
ယင်ယွီသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေသည့်အတွက် အတော်အတန် အစွမ်းထက်သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း ထူးကဲလျှပ်စီးအစီအရင်အား ထိန်းချုပ်ရာတွင် သူမ၏ ချီစွမ်းအင် များစွာ ကုန်ခမ်းခဲ့ရသည်။ ထို့ကြောင့် အဖွဲ့ထဲတွင် သူမသည် အနှေးဆုံးဖြစ်လာခဲ့သည်။
သူတို့သည် ခြိမ်းခြောက်ခံရသော်လည်း ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိဘဲနှင့် ရဲရဲနီကုန်းမြေမှ ထွက်လာနိုင်ခဲ့သည်။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်များသည် ရဲရဲနီကုန်းမြေ၏အစပ်တွင် လှည့်လည်သွားလာနေကြပြီး သူတို့နောက်သို့ ဆက်လိုက်လာခြင်း မရှိကြချေ။ ကွဲပြားသည့် ကုန်းမြေအရောင် နှစ်ခု၏ အစပ်သည် နယ်မြေပိုင်းခြားထားသော စည်းအဖြစ် ရှိနေလေသည်။
“ဖွီးးး ကြောက်ဖို့ကောင်းလိုက်တာ။ ဓားကို တစ်ချိန်လုံး ယမ်းနေရလို့ ငါ့ရဲ့လက်မောင်းတွေ တောင့်နေတာပဲ။” အန်လင်း အမောဆို့နေလေသည်။
အန်လင်းမှာ ချွေးများဖြင့် စိုရွှဲနေပြီး စကားပြောနေရင်းနှင့် သူ၏လက်မောင်းများအား နှိပ်နယ်နေလေသည်။
ဂမ်ဒမ်များမှာလည်း အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ထားရသည့်အတွက် စွမ်းအင်ကုန်ခမ်းလုနီးနီး အခြေအနေသို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် သိုလှောင်လက်စွပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး စွမ်းအင်ဖြည့်တင်းနေလေသည်။
“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ယင်ယွီနှင့် သူမ၏ အစေခံနှစ်ဦးသည် အန်လင်းထံသို့ လျှောက်လှမ်းလာကာ ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် ဦးညွှတ်လိုက်ကြသည်။
သူမ၏ မျက်နှာတွင် ချွေးသီးချွေးပေါက်များ စီးကျလျက်ရှိနေပြီး မျက်နှာလေးမှာလည်း နီမြန်းနေလေသည်။ အလွန်ချစ်စဖွယ်ကောင်းလှသည်။
“ရပါတယ်။” အန်လင်းသည် ဂုဏ်ယူဝံ့ကြွားမှုတို့ဖြင့် ဆိုလိုက်သည်။ ထို့နောက်တွင် သူမထံသို့ လက်ကမ်းပေးလိုက်သည်။
အန်လင်း၏ လက်ကမ်းလာသည်ကို မြင်သည့်အခါ ယင်ယွီ ရှုံ့မဲ့သွားတော့သည်။ ထိုအပြုအမူကြောင့် ထိုလူအပေါ် ထားရှိသည့် သူမ၏ ကောင်းမွန်သည့်အမြင်များအားလုံး ပျက်စီးသွားရပြီဖြစ်သည်။ အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီးနောက် အန်လင်းထံသို့ ရတနာမြေပုံ ကမ်းပေးလိုက်သည်။
အန်လင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ထိုမြေပုံအား ယူကာ ကြည့်ရှုလိုက်သည်။
“ရတနာတွေ ရှိနေတဲ့နေရာက ၁၂ ခုတောင်ပါလား။ ဒီမြေပုံက ယုံလို့ရရဲ့လား။”
ယင်ယွီ၏မျက်လုံးများ ဝေ့ကာဖြင့် အေးစက်သွာ ဆိုလေသည်။ “ဒီမြေပုံကို ကျွန်မတို့မျိုးနွယ်စုရဲ့ သူတော်စင်က ဆွဲထားတာရှင့်။ သူတော်စင်က ရှေးဟောင်းတိုက်ပွဲပြင်ရဲ့ မြေမျက်နှာသွင်ပြင်ကို သေသေချာချာ လေ့လာစမ်းစစ်ပြီးမှ ဒီမြေပုံကို ရေးဆွဲထားတာ။ လမ်းကြောင်းတွေ၊ စွမ်းအင်ဖြန့်ဝေပုံတွေနဲ့ သက်ရှိတွေပါ အကုန်ပါတယ်။ အရမ်းကို တိကျတယ်။”
တစ်စုံတစ်ခုအား တွေးမိပြီးသည့်အခါ သူမ၏ မျက်နှာလေး ရှက်သွေးဖြာလာသည်။ “အန္တရာယ်ကို ခန့်မှန်းတာတော့ နည်းနည်းမတိကျဘူး။ ပြောရမယ်ဆိုရင် အသင်္ချေသရဲနယ်မြေထဲ မတော်တဆ ပိတ်မိသွားခဲ့တာမျိုးပေါ့။”
အန်လင်းခေါင်းညိတ်ကာဖြင့် ဆက်မေးလိုက်သည်။ “အဲတော့ ခင်ဗားတို့က ရတနာ ဘယ်နှစ်ခုလောက် ရပြီးပြီလဲ။”
ထိုအမေးအား ကြားသည့်အခါ သူမ၏ နှလုံးသားကို ဓားဖြင့်ထိုးစိုက်နေသကဲ့သို့ ယင်ယွီခံစားလာရသည်။ “ချီဝူကောကောကတော့ အဖိုးတန်ပုတီးစေ့တစ်ခု ရထားတယ်။ အဲဒီသစ်ပင်က တကယ်တမ်း ကျွန်မရဲ့ဟာ။ ရှင်တို့က ယူသွားခဲ့တာ။” မျက်ရည်များ ဝေ့သီကာဖြင့် ပြောလေသည်။
အန်လင်းသည် ထိုစကားအား ကြားသည့်အခါ ပျော်ရွှင်လာလေသည်။ အသာရယ်မောလိုက်ပြီးနောက် “မဆိုးပါဘူး။ အဲဒီတော့ ရတနာ ၁၀ ခု ရှိနေသေးတာပေါ့။”
ယင်ယွီ၏ ရင်ဘတ်ထဲ တင်းကြပ်လာပြီး စိတ်ထဲမှ ကျိန်ဆဲမိလေသည်။ ၈ ငါက အတော်လေး သနားဖို့ ကောင်းနေပါပြီနော်။ ဒီကောင်က အမျိုးသမီးတွေကို ဘယ်လိုမျိုး သနားကြင်နာရမယ်ဆိုတာ နားမလည်ဘူးလား။
“ဟွန့် ချီဝူကောကောက အချိန်မီလာမကယ်ပေးနိုင်လို့ မဟုတ်ရင် အခုလိုမျိုး အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။” ယင်ယွီ ညည်းညူနေလေသည်။
သူမ၏ အသံမှာ အလွန်တိုးညှင်းသော်လည်း အန်လင်း ကြားနေရဆဲဖြစ်သည်။
“ချီဝူကောကော ဆိုတာ ဆံပင်အနီနဲ့လူလား။”
ထိုမေးခွန်းကြောင့် ယင်ယွီ အနည်းငယ် အံ့အားသင့်သွားလေသည်။ သို့သော်လည်း သူမ ခေါင်းညိတ်လိုက်သည်။
“အဲဒီလူနဲ့ ဝင်ပေါက်မှာ တွေ့ခဲ့တယ်။” အန်လင်း ရယ်လိုက်သည်။ “သူက ခင်ဗျားကို လာကယ်ဖို့ အစီအစဉ်ရှိပုံမရဘူး။ အဲဒီအပြင် ဒီနေရာကနေ ထွက်သွားဖို့ စီစဉ်နေပုံပဲ။”
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး တုန်ယင်လာသည်။ သူမ၏ စိတ်ထဲရှိ သံသယတစ်ချို့အား အတည်ပြုနိုင်ခဲ့လေပြီ။ သို့သော်လည်း သူမ ခေါင်းမာနေဆဲပင် ဖြစ်သည်။ “နင်ပြောတာကို မယုံဘူး။ နင်လိမ်နေတာ။ ငါ့ အစ်ကိုက ဘာလို့ ငါ့ကို စွန့်ပစ်ရမှာလဲ။”
အန်လင်း ပခုံးတွန့်လိုက်သည်။ “နင့်ကိုလိမ်လို့ ဘာရမှာလဲ။ နင့်အစ်ကိုနဲ့ မတွေ့ခဲ့ဘူးဆိုရင် သူ့ဆံပင်က အနီရောင်ဆိုတာ ငါက ဘယ်လိုသိမှာလဲ။ ကောင်မလေး နင်အဲလောက်တောင် ထုံရသလား။”
သူမသည် ရတနာများအား လက်လွှတ်ခဲ့ရသည်။ ထို့နောက်တွင် စွန့်ပစ်ခံခဲ့ရသည်။ ယခုအခါတွင် သူမ၏ အသိဉာဏ်အား မေးခွန်းထုတ်ခြင်းနှင့် ကြုံတွေ့နေရသည်။
ထိုအခြင်းအရာများအား ကြုံတွေ့ရပြီးနောက် မင်းသမီးယင်ယွီမှာ မျက်ရည်မဆည်နိုင်တော့ချေ။
“ဝါးးးး နင်တို့အားလုံး မကောင်းတဲ့သူတွေ။ ငါ့ကိုဝိုင်းပြီး အနိုင်ကျင့်နေကြတာ။ ဝါးးးးးးးးးး”
သူမ၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ တသွင်သွင်စီးကျလာသည်။
သူမ၏ အစေခံနှစ်ဦးမှာ အလျင်အမြန်ပင် နှစ်သိမ့်ပေးကြလေသည်။ သို့သော်လည်း သူမသည် ပိုမိုကာ ငိုရှိုက်လာလေသည်။
သူမသည် ပြင်ပကမ္ဘာနှင့် ထိတွေ့ဖူးခြင်း မရှိချေ။ ဤကဲ့သို့ အခက်အခဲများအား ကြုံတွေ့ခဲ့ဖူးခြင်းလည်း မရှိချေ။ မိသားစုမှ စွန့်ပစ်ခဲ့သည်၊ သေလုနီးနီး ဖြစ်ခဲ့သည်၊ ရတနာများအား မရရှိနိုင်တော့ချေ၊ သူမ၏ အသိဉာဏ်နှင့် ပတ်သက်၍လည်း မေးခွန်းထုတ်ခံခဲ့ရသည်။ ထိုအကြောင်းအရာများအား ပိုမိုစဉ်းစားမိသည်နှင့်အမျှ ငိုချင်မိလာလေ ဖြစ်သည်။
အန်လင်းသည် သူမအား သနားကြင်နာစိတ် မပြလိုချေ။ ငိုချင်သလောက်သာငိုနော် စာဖတ်လိုက်ဦးမယ်။
အန်လင်းသည် သိုးသားရေမြေပုံအား ကိုင်ဆောင်ကာဖြင့် ရတနာများရှိနိုင်မည့် နေရာများကို အမှတ်အသားပြုနေလေသည်။
ထိုနေရာများမှာ နဂါးမျိုးနွယ်စု၏ သူတော်စင်မှ မှန်းဆထားခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်ရှားပါးသည့် အပင်များနှင့် သတ္တုများ ရှိနေနိုင်သည်။ ထို့အပြင် အန္တရာယ်များစွာနှင့်လည်း ကြုံတွေ့နိုင်သည်။
သူရရှိထားသည့် အေးငြိမ်းမြက်မှာ အလွန်ထူးခြားသည့် အရည်အသွေးဖြစ်သည့်အတွက် ဤမြေပုံတွင် ပါရှိလိမ့်မည် မဟုတ်ချေ။ သူတော်စင်သည် ရတနာများအားလုံးကို အမှတ်အသားပြုနိုင်ခဲ့ခြင်း မရှိသည်မှာ ထင်ရှားလသည်။ နှစ်တစ်ထောင် ကြာမြင့်ပြီးတိုင်းတွင် နဂါးမျိုးနွယ်စုသည် ဤနေရာသို့ လူများစေလွှတ်ကာ ရတနာများအား ရှာဖွေစုဆောင်းတတ်သည်။ ယင်းမှာ လေ့ကျင့်နည်းတစ်မျိုး ဖြစ်သည်သာမက ရှားပါးသည့် အခွင့်အလမ်းများနှင့် ကြုံတွေ့နိုင်ချေလည်း ရှိသည်။
ထိုနှစ်တစ်ထောင် အခွင့်အရေးအား အန်လင်း လုယူနိုင်ခဲ့လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။ အန်လင်းသည် ထိုအကြောင်းအား တွေးမိသည့်အခါ အလွန်မြူးထူးလာလေသည်။
မင်းသားချီဝူမှာမူ ရတနာများ၏ တည်နေရာအား သိရှိလျှင်ပင် ရှာဖွေရဲမည် မဟုတ်ချေ။ ယင်း၏ သူရဲဘောကြောင်သည့် အကျင့်စရိုက်အရ အခြွေအရံများစွာ ခေါ်ဆောင်သွားပြီးမှသာလျှင် အန္တရာယ်ရှိသည့် နေရာများသို့ သွားရဲပေလိမ့်မည်။
ထို့ကြောင့် အန်လင်းသည် ချီဝူအား ကြောက်ရွံ့ခြင်းမရှိချေ။ အခြားရတနာများအား ရှာဖွေခြင်းမပြုခင် ရှေးဟောင်းခရမ်းနွယ်နှင့် တောင်ပံနဂါး၏ သွေးစစ်စစ်တို့ကို ဦးစွာရှာဖွေရန် ကြံစည်လိုက်သည်။
“သွားဖို့အချိန်ကျပြီ။” အန်လင်း မတ်တတ်ရပ်ကာဖြင့် ပြောလေသည်။
အချိန်အတော်ကြာ အနားယူပြီးသည့်နောက်တွင် ကုန်ဆုံးသွားသည့် စွမ်းအင်များအား ပြန်လည်ဖြည့်တင်းပြီး ဖြစ်သည်။
“အရင်ဆုံး ဘယ်ရတနာကို သွားရှာကြမှာလဲ။” ယင်ယွီ သိလိုစိတ်ဖြင့် မေးလိုက်သည်။
အန်လင်းသည် သူမအား စောင်းကြည့်လိုက်သည်။ ထွက်ပေါက်ပိတ်သွားသည့်အကြောင်း သိရှိပြီးသည့်နောက်တွင် ငိုရှိုက်နေသော ထိုမင်းသမီးလေးသည် သူတို့နှင့်အတူ လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။ အန်လင်းသည် သူမအား လုံခြုံစိတ်ချမှုကို ပေးသည့်အတွက်ကြောင့် လိုက်ပါလိုမှန်း သိသော်လည်း ထိုအမှိုက်ထုပ်အား ခေါ်ဆောင်သွားရန်မှာ အတော်လေး ကသီလေသည်။
“နင့်ရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်မယ်ဆိုရင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်လား။” အန်လင်းမေးလိုက်သည်။
ယင်ယွီ အနည်း၍ယ် ကြောင်အနေသည်။ ထို့နောက်တွင် သူမသည် စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေလေသည်။ “ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့်လောက်အထိတော့ ရောက်နိုင်ပါတယ်။”
ထို့နောက်တွင် သူမသည် အန်လင်း၏ အထင်သေးသည့်အကြည့်အား မြင်တွေ့လိုက်ရသည်။
သူမ၏ ရင်ဘတ်ထဲ၌ တင်းကြပ်လာလေသည်။ “စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူက ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်တယ်ဆိုတာ အတော်လေး အထင်ကြီးဖို့ကောင်းနေပြီဟဲ့ သိရဲ့လား။”
“သိတယ်လေ” အန်လင်း ခေါင်းညိတ်လိုက်သည်။ “ငါ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်မှာတုန်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာရှိတဲ့ သားရဲတွေကို သတ်နိုင်ခဲ့တယ်။ အခုငါက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုတော့ ငါ့ရဲ့ ဓားတစ်ချက်တည်းနဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့် သားရဲတွေကို သတ်နိုင်နေပြီ။”
ယင်ယွီ ကြောင်အနေမိသည်။
အန်လင်းအား မိန်းမောကာဖြင့် စိုက်ကြည့်နေမိသည်။ သူ၏ မျက်လုံးများမှာ အထင်သေးမှုများနှင့် ပြည့်နေပြီး အမူအရာမှာလည်း လေးနက်နေလေသည်။
သူမ နားလည်သွားပြီ ဖြစ်သည်။ သူမ၏ အသိဉာဏ်နှင့် ပတ်သက်၍ ပြဿနာရှိနေရုံသာမက သူမမှာ အားနည်းသူတစ်ဦးလည်း ဖြစ်နေသေးသည်။
အစေခံနှစ်ဦးသည် အန်လင်းမေးခွန်း၏နောက်တွင်ရှိသည့် အဓိပ္ပါယ်ကို နားလည်ကြသည်။ “တကယ်လို့ လိုအပ်လာမယ်ဆိုရင် ကျွန်မတို့က မင်းသမီးအတွက် အသက်စွန့်ပါ့မယ်။”
အန်လင်း ခေါင်းညိတ်လိုက်သည်။ ထိုစိတ်ဝိညာဉ်ပျိုးထောင်ခြင်းအလယ်အဆင့် အစေခံနှစ်ဦးသည်ပင်လျှင် သတိပြုမိလေသည်။
အကယ်၍ ယင်ယွီသည် ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်းအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်မည်ဆိုလျှင် သူမမှာ လူပိုမဟုတ်တော့ချေ။
ထိုသို့ဖြင့် ယင်ယွီအား ခေါ်ဆောင်သွားရန် သဘောတူလိုက်ကြသည်။
“သွားကြစို့။ ရှေးဟောင်းခရမ်းနွယ်နဲ့ တောင်ပံနဂါးရဲ့ သွေးစစ်စစ်တို့ကို အရင်ဆုံး ရှာကြမယ်။”
***