မန်မျိုးနွယ်စုအတွင်း ပုန်ကန်အုံကြွမှု
Vol. 92 Ch. 1275
စကားလုံးများ ကောင်လေး၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဧရာမမိုးမခသစ်ရွက်ကြီးများသည် မန်မျိုးနွယ်စုဆီ ထိုးဆင်းသွားသော အနက်ရောင်အတန်းများအသွင်ပြောင်းသွား၏။ သစ်ရွက်များအပေါ်ရှိ အနက်ဝတ်ကျင့်ကြံသူများက မျက်လုံးများ သွေးအေးစွာ တောက်ပနေလျက် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို အထွတ်အထိပ်အဆင့်သို့ မြှင့်တင်လိုက်ကြသည်။
အလင်းတန်းများသည် မြားများသဖွယ် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်ကို ထိုးခွင်းသွား၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား မန်မျိုးနွယ်ပင်မကုန်းမြေကို ဝန်းရံထားသော အကာအကွယ်ဒိုင်း၏အပြင်သို့ ရောက်လာကြလေပြီ။ ၎င်းတို့က တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဒိုင်းကို တိုက်ရိုက်ဝင်တိုက်လိုက်ကြသည်။
ဘန်းးးးးးးးးးးးးး
အသံကြီး ပဲ့တင်ရိုက်ခတ်နေစဉ် မန်မျိုးနွယ်စု၏ အကာအကွယ်သည် ပြိုကွဲတော့မည့်အလား တွန့်လိမ်ပုံပျက်လာ၏။ အက်ရာများ ၎င်း၏မျက်နှာပြင်တစ်လျှောက် ဖြာထွက်သွားသဖြင့် တချွတ်ချွတ်မြည်သံများ ကြားလာရသည်။
ဒိုင်းပြိုကွဲတော့မည်ကို မြင်လျှင် မန်မျိုးနွယ်စုခေါင်းဆောင်ကြီးငါးဦးက မာန်သွင်းဟိန်းဟောက်ရင်း မုဒြာလက်ကွက်များ ဖော်ကာ မန္တန်ဝင်္ကပါမှ အနီရောင်အလင်းရောင်ခြည်အား ဖြာထွက်သွားစေသည်။ ထိုအနီရောင်အလင်းက ယိုင်နဲ့နေသောဒိုင်းကို ပြန်လည်တည်ငြိမ်လာစေသည့်အပြင် တန်ပြန်တိုက်ခိုက်ခြင်းပင် ပြန်စတင်သွားစေသည်။
မရေမတွက်နိုင်သော သွေးနီရောင်အလင်းတန်းများက ကျူးကျော်လာသော ကျင့်ကြံသူများထံ ထိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် မန်မျိုးနွယ်ကျင့်ကြံသူများသည် ကံတရားကို လက်မြှောက်အရှုံးပေးမည့်အစား ခေါင်းဆောင်ကြီးငါးဦး၏ အမိန့်များကို လိုက်နာ၍ မန္တန်ဝင်္ကပါ၏စွမ်းအားကို ငှားယူကာ ရန်သူကျင့်ကြံသူထောင်ပေါင်းများစွာထံ ချီတက်၍ တိုက်ခိုက်ကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း စစ်မြေပြင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်မှုအဆင့်မှာ ကြောက်ခမန်းလိလိ ဆထက်တိုးလာသည်။ အကျအဆုံး များပြား၍ သွေးညှီနံ့များ လှိုင်လှိုင်ထလာသည်။ အစုလိုက်အပြုံလိုက်သတ်ပွဲကြီး စတင်သဖြင့် .... သွေးပျက်စွာအော်သံများကို ကြားလာရသည်။
ကျူးကျော်တိုက်ခိုက်နေသော ဂိုဏ်းတို့မှ ကျင့်ကြံသူများသည် ကျင့်ကြံအဆင့်မျိုးစုံဖြစ်သည့်အတွက် ရင်ဆိုင်ရန် သိပ်မခက်ခဲသလို၊ ယေဘုယျအားဖြင့် မန်မျိုးနွယ်စုထက် ပို၍အင်အားနည်းလေသည်။ သို့သော် ထိုဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် သတ္တမတောင်ပင်လယ်မှ အနက်ဝတ်ကျင့်ကြံသူများကတော့ ... ကြောက်မက်ဖွယ် အသတ်အဖြတ်အရှိန်အဝါများကို ပိုင်ဆိုင်ထားပြီး သူတို့၏ဇာတိမြေ၌ အထင်ကရပုဂ္ဂိုလ်ကျော်များဖြစ်ကြောင်း သိသာထင်ရှားသည်။ သူတို့တိုက်ခိုက်သောအခါ မန်မျိုးနွယ်စုမှာ မြက်ခြောက်များသဖွယ် ဖိနှိပ်ချေမှုန်းခံနေရပြီး မန်မျိုးနွယ်ကျင့်ကြံသူများသည်လည်း စစ်မြေပြင်ထက်တွင် နောက်သို့ ဆက်တိုက်တွန်းထုတ်ခံနေရ၏။
ကံကောင်းထောက်မစွာနှင့် ဒိုင်းအကာအကွယ်က ဒဏ်ရာရထားသော မန်မျိုးနွယ်များ တိုက်ပွဲမှ မြန်မြန်ဆန်ဆန် ဆုတ်ခွာနိုင်အောင် တောင့်ခံပေးထားသေးသည်။ မန်မျိုးနွယ်စုခံတပ်များလည်း ဆက်လက်ခုခံနေပြီး သူတို့ ကျားကုတ်ကျားခဲ တင်းခံနေသည့်အချိန်မှာပင် မန်မျိုးနွယ်စုပင်မကုန်းမြေနှင့် ချိတ်ဆက်နေသော အရန်ကုန်းမြေကိုးခုအတွင်း၌ တစ်စုံတစ်ခု ဖြစ်ပျက်လာသည်။ မန်ဟို အမြစ်ဖြုတ်ခဲ့သည့် ရွှီမျိုးနွယ်စုမှလွဲ၍ ကျန်ကုန်းမြေများအပေါ်ရှိ မျိုးနွယ်စုအခွဲလေးစုလုံး ပုန်ကန်အုံကြွတော့သည်။
စစချင်း မန်မျိုးနွယ်စုမှာ အနည်းငယ်သာ ကသောင်းကနင်းဖြစ်နေခဲ့သည်။ သို့သော် မျိုးနွယ်စုအခွဲများ ပုန်ကန်သည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို မန်မျိုးနွယ်စု၏ သတ္တမ၊ စတုတ္ထနှင့် တတိယသွေးဆက်မှ ရှေးဟောင်းနယ်ပယ်နှင့်အထက် ကျင့်ကြံသူအားလုံး ရုတ်တရက် တုန်ရီလာကြသည်။ ထို့နောက် သူတို့၏မျက်လုံးများက အနက်ရောင်တောက်လာကြပြီး သူတို့နှုတ်ခမ်းများက သွေးအေးအေးပြုံးလာကြ၏။ သူတို့သည် လှည့်၍ မျိုးနွယ်တူများအား စတင်တိုက်ခိုက်ကြလေသည်။
“မင်း.......”
“မင်းတို့ ဘာလုပ်နေတာလဲ”
“အသားထဲက လောက်ထွက်တဲ့ သစ္စာဖောက်တွေ”
မန်မျိုးနွယ်စုတစ်စုလုံး ဝရုန်းသုန်းကား ဖရိုဖရဲ ဖြစ်သွားတော့သည်။
မယုံကြည်နိုင်စွာ ဟိန်းဟောက်သံများနှင့်အတူ အော်သံနက်ကြီးများ အဆက်မပြတ် ဟိန်းထွက်နေသည်။ မန်မျိုးနွယ်စုမှာ တိုင်းတစ်ပါးသားတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းကိုသာမက ၊ ပုန်ကန်အုံကြွမှုကိုလည်း ရင်ဆိုင်နေကြလေပြီ။ မျိုးနွယ်စုတစ်စုလုံး မြေလှန်ခံရပေတော့မည်။
မန်ဟိုသည် ကြယ်တာရာကောင်းကင်ထက်ရှိ ရှေးဟောင်းနယ်ပယ်တံခါး၏အထဲက အဆုံးမဲ့အလင်းရောင်ထဲတွင် ရပ်နေဆဲဖြစ်၏။ သူကား တံခါးမှ ဖြာထွက်နေသော အလင်းရောင်အားလုံးကို တွင်းနက်ကြီးသဖွယ် စုပ်ယူနေလေသည်။
သူ စုပ်ယူခဲ့သော ရှေးဟောင်းအလင်းတန်းတစ်တန်းစီတိုင်းက သူ၏ကျင့်ကြံခြင်းအခြေခံကို မိုးမြေပြိုလဲတုန်ဟည်းစေမည့် ပြောင်းလဲမှုများ ကြုံတွေ့နေစေသည့်အချိန်တွင် သူ၏အင်မော်တယ်စွမ်းအားမှာလည်း ရှေးဟောင်းမန်နာအသွင်ပြောင်းနေသည်။
ရှေးဟောင်းမန်နာဆိုသည်မှာ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများအတွက် ပြိုင်ဘက်ကင်းသော စွမ်းအားအရင်းအမြစ်၊ ခန္ဓာကိုယ်အပြည့်နေရာယူ၍ အင်မော်တယ်နယ်ပယ်ထက် အဆများစွာ ကြီးမားသောအားဖြင့် ပေါက်ကွဲနိုင်သည့် အတွင်းအားတစ်မျိုး ဖြစ်ပေသည်။
“ရှေးဟောင်းပြစ်ဒဏ်က ပထမအဆင့်” မန်ဟိုက ခပ်တိုးတိုး ရေရွတ်သည်။ “အဲဒါပြီးရင် ရှေးဟောင်းနယ်ပယ်တံခါးရဲ့ အလင်းရောင်ကို စုပ်ယူပြီး ရှေးဟောင်းမန်နာအဖြစ် ပြောင်းလဲရမယ်... အဲဒါက ဒုတိယအဆင့်
“တတိယအဆင့်ကတော့ ဝိညာဉ်မီးအိမ်တွေကို မီးထွန်းတာပဲ။ အဲဒါတွေပြီးမှ ရှေးဟောင်းနယ်ပယ်အဆင့်အဖြစ် အမှန်တကယ် သတ်မှတ်နိုင်တယ်” ဤအခိုက်အတန့်တွင် သူသည် မန်မျိုးနွယ်စုကို အေးအေးဆေးဆေး ငုံ့ကြည့်လိုက်ပြီး ဖရိုဖရဲဖြစ်နေသော အခြေအနေနှင့် ကျူးကျော်တိုက်ခိုက်နေသော တိုင်းတစ်ပါးသားများကို မြင်လိုက်ရ၏။
အရိုးသားဆုံးပြောရလျှင် မန်မျိုးနွယ်စုတစ်စုလုံး သေသေရှင်ရှင် မန်ဟိုနှင့် သိပ်မပတ်သက်ပေ။ သူ ဂရုစိုက်သည်က သူ့အဘွားနှင့် သူ့အဘွား၏လူများကိုသာ ဖြစ်သည်။
သူ ငုံ့ကြည့်လိုက်သောအခိုက်အတန့်တွင် အောက်ရှိ အနက်ရောင်မိုးမခသစ်ရွက်အပေါ်က ကောင်လေးသည် ခေါင်းမော့လာကာ မန်ဟိုနှင့် အကြည့်ချင်းဆုံသွား၏။ ထိုအခါမှ သူတို့က သူ့နှလုံးသားထဲတွင် နောက်ကျိမှုများ ဖြစ်လာစေဖို့ ဤအခိုက်အတန့်တွင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မန်ဟို သဘောပေါက်လိုက်လေသည်။
ကောင်လေးသည် ထိုအချက်ကို ဖုံးကွယ်မနေသလို၊ သူ့မျက်ဝန်းထဲ၌ သွေးတိုးစမ်းနေသော အရိပ်အယောင်ကိုပင် မြင်ရနိုင်သည်။
မန်ဟိုက ခေါင်းခါလိုက်၏။ မန်မျိုးနွယ်စု၏အကာအကွယ်မန္တန်ဝင်္ကပါသည် အလွယ်တကူ မပျက်စီးမည်မဟုတ်ပေ။ သူ့အဘွားတို့ ၎င်း၏အကာအကွယ်နောက်တွင် လောလောဆယ် ဘေးကင်းနေသည်။
မန်ဟိုသည် ကောင်လေးကို လျစ်လျူရှုရင်း အကြည့်လွှဲလိုက်၏။ သူက လက်နှစ်ဖက်သို့ ဘေးတစ်ဖက်တစ်ချက်သို့ ဖြန့်ကားရင်း ခေါင်းနောက်လှန်ကာ ရှေးဟောင်းနယ်ပယ်မှ အလင်းရောင်ကို သူ့ကိုယ်ထဲ စီးဝင်လာစေပြီး သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ ပို၍ပင်လျင်မြန်စွာ ပျံ့နှံ့သွားစေသည်။
ထိုသို့ဖြစ်ပျက်သောအခါ သူ့ကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအားသည် ရှေးဟောင်းမန်နာ ဖြစ်လာ၏။ တစ်ဆက်တည်းမှာပင် နိဗ္ဗာနသစ်သီးလေးလုံးလည်း ... တာအိုသစ်သီးများပုံစံ ပြောင်းလဲလာကြသည်။
“ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတွေမှာ နောင်တစ်ချိန် တာအိုနယ်ပယ်ကို တက်လှမ်းဖို့အတွက် အခြေခံအုတ်အမြစ်အနေနဲ့ အလုပ်လုပ်ပေးတဲ့ တာအိုသစ်သီးတွေ ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ အနှစ်သာရဆိုတာ တာအိုသစ်သီးကနေ ပွင့်လန်းလာတာမလို့ပဲ” မန်ဟိုတစ်ယောက်တည်း ရေရွတ်နေသည့်အချိန်မှာပင် သူ၏အင်မော်တယ်စွမ်းအား သုံးဆယ်ရာခိုင်နှုန်းက ရှေးဟောင်းမန်နာအဖြစ် ပြောင်းလဲခံလိုက်ရသဖြင့် တဝုန်းဝုန်းမြည်သံများ ထွက်လာသည်။ တစ်ချိန်တည်းဆိုသလို သူ၏ပထမနိဗ္ဗာနသစ်သီးက တာအိုအခိုးအငွေ့များကို သူ့နဖူးမှ စတင်ထုတ်လွှတ်ပေးနေသည်။
တဖြေးဖြေး နိဗ္ဗာနသစ်သီး၏ပုံသဏ္ဌာန်သည် တာအိုသစ်သီးတစ်လုံးအသွင် ပြောင်းလဲနေပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပြည့်နှက်နေသည့်အလား တဖျပ်ဖျပ် လက်လာ၏။
တာအိုသစ်သီးပေါ်လာလျှင်ချင်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် ပို၍မြင့်မားလာပြီး အားကောင်းသော ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များကို ထုတ်လွှတ်နေသည်။
“နိဗ္ဗာနသစ်သီးလေးလုံးစလုံး တာအိုသစ်သီးအသွင်ပြောင်းသွားရင် ငါ ငါ့မီးအိမ်တွေကို မီးထွန်းနိုင်ပြီ” မန်ဟိုသည် ရုတ်တရက် ပါးစပ်ဟရင်း လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းကာ တံခါး၏အလင်းရောင်ခပ်သိမ်းကို စုပ်ယူနေသော တွင်းနက်ကြီးဖြစ်လာ၏။
အလင်း သူ၏ကိုယ်ထဲ စီးဝင်နေသည်နှင့်အမျှ ရှေးဟောင်းနယ်ပယ်၏တံခါးသည် မှိန်ကျလာကာ စောင့်ကြည့်နေသူအားလုံးအား တုန်လှုပ်သွားစေတော့သည်။
“သူရဲ့ ရှေးဟောင်းပြစ်ဒဏ်က တာအိုပြစ်ဒဏ်ထက်တောင် ခက်ခဲသေးတယ်” အနက်ရောင်မိုးမခသစ်ရွက်အပေါ်ရှိ ကောင်လေးက ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒါပေမဲ့ ဒီပြစ်ဒဏ်ကို အံ့ဖွယ်ကံကြမ္မာကောင်းလို့လည်း ပြောလို့ရတယ်။ ဒါကို ကျော်လွှားပြီးရင် ရလဒ်အနေနဲ့ အသွင်ပြောင်းစွမ်းအားတွေက သိပ်ကိုထူးခြားနေမှာ
“သူ့ကျင့်ကြံခြင်းအခြေခံကလည်း ဆန်းပြားတယ်။ သူ့ကိုယ်ထဲမှာ အင်မော်တယ်စွမ်းအားတွေ ဘယ်လောက်တောင်ရှိနေတာလဲ။ ပုံမှန်ဆို အင်မော်တယ်စွမ်းအားအကုန်လုံးကို ရှေးဟောင်းမန်နာအဖြစ် ပြောင်းလဲဖို့ အသက်ရှိုက်စာအနည်းငယ်ပဲ ကြာတာ...”
ကောင်လေး၏သူငယ်အိမ်များ ကျုံ့သွားသည်။ သူသည် အံ့ဩမှုအပြည့်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်ပင်လယ်တစ်စင်းအား သူ့ထံမှ လိမ့်ဖြာထွက်သွားစေ၏။ ၎င်း ကြီးမားသထက် ကြီးမားလာနေစဉ် ၎င်းထံမှ တရှီးရှီးမြည်သံများ ကြားနေရပြီး ဧရာမကင်းမြီးကောက်ကြီးတစ်ကောင် ထွက်လာသည်။
ကင်းမြီးကောက်က တရှီးရှီးအော်ြမည်ရင်း မန်မျိုးနွယ်စုနှင့် ၎င်း၏အကာအကွယ်ဒိုင်းထံ ဦးတည်လျက် အနက်ရောင်ပင်လယ်မျက်နှာပြင်တစ်လျှောက် လျှပ်ပြေးသွားသည်။ ၎င်း ဒိုင်းကို ဝင်တိုက်လိုက်သောအခါ တဝုန်းဝုန်းမြည်သံများ ဆူညံလာပြီး ဒိုင်းသည် သိမ့်သိမ့်တုန်သွား၏။ ထိုအချိန်အတွင်း မန်ဟိုကား သူ၏အင်မော်တယ်စွမ်းအား သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းကို ရှေးဟောင်းမန်နာအဖြစ် ပြောင်းခဲ့ပြီးလေပြီ။
ငါးဆယ်ရာခိုင်နှုန်းသို့ ရောက်သည့်အခါ သူ၏ဒုတိယနိဗ္ဗာနသစ်သီးသည် တာအိုသစ်သီးတစ်လုံး ဖြစ်လာခဲ့၏။ တာအိုသစ်သီးနှစ်လုံးဖြင့် မန်ဟို၏ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ မြင့်တက်သွားပြန်သည်။
သူသည် အတွင်းအပြင်ပြောင်းလဲမှုများကို ကြုံတွေ့နေရ၏။ ဤအဖြစ်အပျက်အား အင်မတန်ဆန်းကြယ်သော ကျင့်ကြံအဆင့်တက်မှုကို ဦးတည်စေသော ရင်သပ်ရှုမောဖွယ်ကံကောင်းမှု ဖြစ်ပေသည်။
သူကား အင်မော်တယ်အဖြစ်မှ ရှေးဟောင်းအဆင့်သို့ တက်လှမ်းနေချေပြီ။
မန်ဟို ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်စဉ် ပို၍များပြားသော အင်မော်တယ်စွမ်းအားတို့ ပြောင်းလဲခံလိုက်ရသည်။ ခြောက်ဆယ်ရာခိုင်နှုန်း၊ ခုနစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်း။
ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်သည့်အခါ သူ၏တတိယနိဗ္ဗာနသစ်သီးသည် တာအိုသစ်သီးအသွင် ပြောင်းသွားခဲ့၏။ မန်ဟို၏အရှိန်အဝါမှာ ပို၍ပင်ရှေးဆန်လာပြီး သူကား ရှေးကျသောအငွေ့အသက်ကို စတင်ထုတ်လွှတ်နေလေပြီ။ ဤအခိုက်အတန့်တွင် သူသည် သူ့သွေးဆက်ဗီဇအစစ်အမှန်ကို ခံစားလိုက်ရပြီး သူ့ဘိုးဘေးဘီဘင်များ၏ ခွန်အားကို ရရှိသွားခဲ့သယောင်ပင်။
မန်ဟို၏အပြင်အားကိုယ်ခွန်အားသည် ပို၍ပင်သန်မာလာသည့်အပြင် သူ့မျက်လုံးများက စူးရှတောက်ပနေ၏။ သူ့မှာ ယခုတွင် ပြင်းပြင်းထန်ထန် တုန်ရီနေသလို ပိုမိုပိန်ချုုံးလာသည်။ သို့သော် သူ၏လောကပါလတာအိုအင်မော်တယ်အရှိန်အဝါသည်လည်း ပို၍အားကောင်းလာနေသည်။
“ရှေးဟောင်းနယ်ပယ်မှာ” မန်ဟိုက ရေရွတ်သည်။ “လူတစ်ယောက်ဟာ ဘိုးဘေးတွေရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းရင်း သက်ရှိသတ္တဝါခပ်သိမ်းရဲ့ သဘောသဘာဝကို စမ်းတဝါးဝါး လိုက်ရှာရတယ်... အသက်အားလုံးရဲ့ အနှစ်သာရတွေ၊ တာအိုအဆင့်တက်လှမ်းဖို့ အရည်အချင်းတွေကို ...လိုက်ရှာရတယ်
“ငါက လောကပါလတာအိုအင်မော်တယ်တစ်ဦးဖြစ်တဲ့အတွက် သက်ရှိသတ္တဝါအားလုံးရဲ့ အနှစ်သာရတွေအပြင် ... ငါ့သွေးဆက်ရဲ့ အဓိပ္ပါယ်အစစ်အမှန်ကိုလည်း ရှာဖွေရမယ်” သူက အင်္ကျီလက်စကို ခါလိုက်ရာ တဂျိန်းဂျိန်းထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ ရှေးဟောင်းနယ်ပယ်တံခါးမှ အလင်းသိပ်များများစားစား လာမနေတော့ပေ။ တံခါးသည် ပျောက်ကွယ်တော့မည့်အလား လွန်စွာမှိန်ပျနေလေပြီ။ မန်ဟို နောက်ထပ်အသက်တစ်ရှိုက် ရှူသွင်းလိုက်လျှင် အလင်းရောင်သည် သူ့ထံ ဝေါခနဲ စီးဆင်းလာရင်း သူ့အရေပြားမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွား၏။
ဝုန်းးးးးးးးးးးးးးး
သူ့ကိုယ်ထဲရှိ အင်မော်တယ်စွမ်းအား၏ နောက်ဆုံးနှစ်ဆယ်ရာခိုင်နှုန်းသည် ရှေးဟောင်းမန်နာဖြစ်လာခဲ့သဖြင့် သူက ခေါင်းနောက်လှန်၍ ဟစ်ကြွေးလိုက်သည်။ ထိုအခိုက်တွင် သူ၏စတုတ္ထနိဗ္ဗာနသစ်သီးကား ... တာအိုသစ်သီးအသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားလေပြီ။
ရှေးဟောင်းမန်နာက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသဖြင့် သူ့ကိုယ်ထဲမှ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ သူ့နဖူးထဲရှိ တာအိုသစ်သီးလေးလုံးသည် စတင်ကျုံ့လာပြီးနောက် ပြန့်ကားသွား၏။ ဤသို့သေးလိုက်ကြီးလိုက်တစ်ခါဖြစ်တိုင်း သူ့ကိုယ်တွင်းရှိ ရှေးဟောင်းမန်နာလည်း ဝေါခနဲ ဝေါခနဲ လှုပ်ရှားသွားရာ မန်ဟို့အား ... သူမည်မျှအစွမ်းထက်လာခဲ့သလဲ ခံစားလိုက်ရစေသည်။
“ရှေးဟောင်းနယ်ပယ်....” သူက တိုးညင်းစွာ ရေရွတ်လိုက်၏။ ဤအခိုက်အတန့်တွင် ရှေးဟောင်းနယ်ပယ်တံခါးမှာ ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေသည်။ သို့သော် တံခါးအစအနများက ပျောက်ကွယ်သွားမည့်အစား မီးပင်လယ်တစ်စင်းဖြစ်လာ၏။
အပြစ်ဆေးကြောသန့်စင်ခြင်း မီးတောက်မီးလျှံများကဲ့သို့ ခုနစ်ရောင်ခြယ်မီးတောက်များက မန်ဟို့ကို ရစ်သိုင်းဝန်းရံလိုက်သည်။
ဝိညာဉ်မီးအိမ်များကို ထွန်းညှိဖို့ အချိန်ကား ... ကျရောက်လာခဲ့လေပြီ။
ဤအခိုက်အတန့်တွင် အောက်ရှိ ကောင်လေးက လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနော် သူ့လက်ချောင်းအား ကင်းမြီးကောက်ထံ ဝှေ့ယမ်းလိုက်သည်။ ကင်းမြီးကောက်သည် ဟိန်းဟောက်လိုက်ရင်း အင်အားကြီးမားလာသည်သာမက အရွယ်လည်း ကြီးမားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ကုန်းမြေထုတမျှ ကြီးမားလာခဲ့ပြီး ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေပြီဖြစ်သည်။
ထို့နောက် ၎င်းက အကာအကွယ်ကို လက်မနှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ၎င်း၏အမြီးကြီးဖြင့် စိုက်ချလိုက်သည်။
ဝုန်းးးးးးးးးးးးးးးးးးးး
မန်မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါမှာ ပြင်းပြင်းထန်ထန် ယိမ်းထိုးတုန်ခါသွားသည်။ အတွင်းရှိ ခေါင်းဆောင်ကြီးငါးဦးအပါအဝင် ကျန်မန်မျိုးနွယ်အားလုံး ထိတ်ထိတ်ပျာပျာဖြင့် ပြန်ခုခံဖို့ ကြိုးစားကြသည်။ သူတို့အပေါက်များကို ဖာဖို့ပြင်နေကြသည့်အချိန်မှာပင် မိုးမခသစ်ရွက်များအပေါ်ရှိ တပ်ဖွဲ့များနှင့်အတူ သစ္စာဖောက်ဂိုဏ်းများမှ ကျင့်ကြံသူအားလုံး ပူးပေါင်းတိုက်ခိုက်လိုက်ကြ၏။ မရေမတွက်နိုင်သောမှော်သိုင်းကွက်များ ထုတ်လွှတ်ခံလိုက်ရသဖြင့် နားကွဲလုအောင် ဆူညံလာသည်။
ထို့နောက် မန်မျိုးနွယ်စု၏အကာအကွယ်ဒိုင်းကား ... အုန်းခနဲ ပေါက်ကွဲသွားတော့၏။