ရန်ကျောက်ကဲ၏နာမည်ဂုဏ်ပုဒ်
Vol. 29 Ch. 400
အခန်း (၄၀၀) ရန်ကျောက်ကဲ၏နာမည်ဂုဏ်ပုဒ်
မီးတောက်မိစ္ဆာများအတွက် မြေပြင်အားသာချက် ဆုံးရှုံးသွားသည်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများက တန်ပြန်တိုက်စစ်ဆင်လာကြသည်။ ထို့ကြောင့် မီးတောက်မိစ္ဆာများ တဖြည်းဖြည်းဆုတ်ခွာသွားကြရ၏။
နောက်ဆုံးမှာတော့ တိုက်ပွဲ အဆုံးအဖြတ်ပေးသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။
မီးတောက်မိစ္ဆာများစစ်ရှုံးကာဆုတ်ခွာသွားချိန်တွင် ကျင်းကျုန်းနှင့် အခြားသောမီးတောက်မိစ္ဆာဘုရင်များက စွမ်းအားဖြင့်ပြည့်ဝလျှက် အားအင်ကုန်ခမ်းသွားခြင်း မရှိသေးသော်လည်း ယွမ်ကျန်းဖုန်းနှင့် အခြားသိုင်းသူတော်စင်များမှာတော့ ပြင်းထန်သော မီးပင်လယ်တိုက်ပွဲကြောင့် စွမ်းအားများအလွန်အမင်း ကုန်ခမ်းလျှက် ရှိကြသည်။
သို့သော် လူသားသိုင်းကျင့်ကြံသူများက အံတင်းတင်းကြိတ်ကာ မီးတာက်မိစ္ဆာများနောက်ဆုတ်သွားစေရန် ဖိအားပေးခဲ့ကြပြီး တိုက်ပွဲအနိုင်ရရန် ကြိုးစားခဲ့ကြသည်။ ထို့ကြောင့်ပင် မီးတာက်မိစ္ဆာများကို အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လုံးလုံးလျားလျား မောင်းထုတ်နိုင်ခဲ့ကြ၏။
ရန်ကျောက်ကဲကတော့ မီးတောက်မိစ္ဆာများကို လိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ သွေးနီရောင်စေတီထိပ်တွင်သာမတ်တတ်ရပ်လျှက် ရှိသည်။
“မီးတောက်မိစ္ဆာတွေက ဘာအဖိုးတန်ပစ္စည်းကိုမှ ပြုလုပ်လေ့မရှိကြဘူး ၊ ဒီစေတီက သူတို့ကိုယ်ပိုင်ပစ္စည်းမဟုတ်တာ သေချာတယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
အတန်ကြာစဉ်းစားကြည့်သည့်တိုင် စေတီငယ်နှင့်ပတ်သက်သည့် သဲလွန်စတစ်ခုတစ်လေပင် ရရှိခြင်းမရှိပေ။
သို့သော် ဤသွေးနီရောင်စေတီငယ်က မီးတောက်မိစ္ဆာများ ကိုယ်တိုင်ပြုလုပ်ထားခြင်းမဟုတ်သည်မှာ သေချာသည်။ မီးတောက်မိစ္ဆာများ၏ပစ္စည်းမဟုတ်သည့်အပြင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ရတနာပစ္စည်းတစ်ခု ဖြစ်နိုင်ခြေရှိသည်။
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒါဆို... မီးတောက်မိစ္ဆာတွေက ဒီစေတီငယ်ကို မထင်မှတ်ဘဲရရှိခဲ့တာလား ၊ တစ်ယောက်ယောက်က သူတို့ကို ပေးခဲ့တာလား”
အတွေးပေါင်းများစွာက ရန်ကျောက်ကဲစိတ်ထဲ လျှပ်စီးလက်သလို ဖြတ်သန်းသွားပြီး အတွေးရေယဉ်ကြောထဲ နစ်မျောသွားသည်။
သူက စိတ်အာရုံဖြင့် သွေးနီရောင်စေတီငယ်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ထိုအရာက ကျောက်တုံးတစ်တုံးပမာ တိတ်ဆိတ်နေပြီး နက်ရှိုင်းစွာငြိမ်သက်နေကာ ပြင်ပမှဆက်သွယ်မှုကို လုံးဝ မတုံ့ပြန်ခဲ့ပေ။
ရန်ကျောက်ကဲက သူ၏ အစစ်အမှန်ကြယ်တာရာချီစွမ်းအားကို စေတီငယ်အတွင်း ပေါင်းစပ်ထည့်သွင်းလိုက်သည်။ စေတီငယ်က အနည်းငယ်တုန်ခါသွားပြီး စေတီမျက်နှာပြင်ထက်ရှိ အပြာရောင်နဂါးအမှတ်အသားက အလင်းရောင်များ တောက်ပလာသည်။
ချက်ချင်းပင် အအေးဓာတ်နှင့် အပူဓာတ်များ ရောယှက်နေသည့် ချီစွမ်းအားစီးကြောင်းတစ်ခုက ရန်ကျောက်ကဲခန္ဓာကိုယ်တွင်းသို့ စီးဆင်းဝင်ရောက်လာသည်။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထဲတွင် သန့်စင်ရန်ကျန်ရှိနေသည့် များပြားလှစွာသောချီစွမ်းအားမျာကို သိမ်းဆည်းသိုလှောင်ထားလေရာ ထိုချီစွမ်းအားစီးကြောင်းကို ထပ်မံစုပ်ယူရန် မဝံ့ရဲတော့ပေ။
သို့သော် ထိုချီစွမ်းအားများနှင့်အတူ ရန်ကျောက်ကဲမျက်ဝန်းထဲတွင် မြင်ကွင်းတစ်ခု ထင်မြင်လာသည်။
အရင်ဆုံးတွေ့မြင်ရသည်က ကြမ်းတမ်းသောမီးတောက်များဖြင့် ပြည့်နေသည့် သွေးနီရောင်ကမ္ဘာတစ်ခု ဖြစ်သည်။ မီးတောက်များက စီးဆင်းနေသည့်ရေပမာပင်။
သို့သော် ထိုသွေးနီရောင်မီးတောက်ကမ္ဘာထဲတွင် များပြားလှစွာသော အပြာရောင်ရေခဲတိမ်တိုက်များက ပျံ့ကျဲလျှက် ရှိသည်။ သာမန်ရေခဲများကဲ့သို့ ခိုင်ခံ့မာကျောနေခြင်းမရှိဘဲ လိုက်လျောညီထွေ စီးဆင်းလှုပ်ရှားလျှက် ရှိ၏။
မီးနှင့်ရေတို့ အတူတကွတည်ရှိနေခြင်းက ပုံမှန်မဟုတ်သော်လည်း ထူးဆန်းစွာ သဟဇာတဖြစ်နေခဲ့သည်။ ထို့ကြောင့် ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ခံစားရစေသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် မူမမှန်သော ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းသည်။
သွေးနီရောင်ကမ္ဘာအတွင်းမှ နက်နဲသောအဓိပ္ပါယ်က လေးနက်သည်ထက် လေးနက်လာသည်။
ထိုမြင်ကွင်းကိုတွေ့တော့ ရန်ကျောက်ကဲစိတ်ထဲတွင် ဝိညာဉ်အလင်းများ ပေါက်ကွဲထွက်မတတ် ပွင့်လင်းသွားသည်။
“အိုး... ဒီလျှို့ဝှက်ဆန်းကျယ်တဲ့မြင်ကွင်းက ငါ့ရဲ့ကျင့်ကြံခြင်းအတွက် အကျိုးရှိတာပဲ”
ထို့နောက် ရန်ကျောက်ကဲက သွေးနီရောင်စေတီငယ်ကို အရိပ်ကျုံ့အိတ်တွင်း ထည့်သွင်းသိမ်းဆည်းလိုက်၏။
စေတီငယ်က နဂါးရုပ်အလောင်းထည့်သွင်းထးသည့် ရေခဲတိုင်လုံးကြီးကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြင့် ဆန့်ကျင်ခြင်းမပြုဘဲ အရိပ်ကျုံ့အိတ်လေးအတွင်းသို့ တည်ငြိမ်စွာဝင်ရောက်သွားသည်။
သွေးနီရောင်စေတီငယ်ကို သိမ်းဆည်းပြီးနောက် ရန်ကျောက်ကဲက ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်သည်။
ဤနေရာတွင် ရှိနေသူများအားလုံးက စိတ်ရှုတ်ထွေးသည့် မျက်နှာအမူအရာများဖြင့် သူ့ကို အာရုံစူးစိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရ၏။
ထိုသူများက ဒဏ်ရာအပြင်းအထန်ရထားသဖြင့် မီးတောက်မိစ္ဆာများကို လိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ အနားယူနေကြသူများ ဖြစ်ကြသည်။
သို့သော်ရန်ကျောက်ကဲ အကဲခတ်ကြည့်လိုက်သည့်အခါ ဒဏ်ရာမရသူများလည်း ရှိနေကြောင်း တွေ့ရသည်။
ဒဏ်ရာမရသူများထဲမှတစ်ယောက်မှာ မျက်နှာလေးထောင့်စပ်ပ်နှင့် ပါးစပ်ပြဲပြဲ အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူ့ပုံစံက သြဇာလွှမ်းမိုးဟန်ရှိပြီး သူ့မျက်ဝန်းများက ရန်ကျောက်ကဲကို အသဲအသန် စူးစိုက်ကြည့်နေသည်။
ထိုသူကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်း ဖြစ်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်၏။ ပန်းချီကားများထဲတွင် ထိုသူ၏ရုပ်သွင်ကို တွေ့မြင်ဖူးသည်မှာ ကြာပေပြီ။
ထိုသူက နေဘုရင် (၇)ပါးတွင်ပါဝင်သည့် ‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ ဖြစ်ပြီး အရှေ့ပင်လယ်တွင် ရုံးစိုက်ရန် နေသူတော်စင်ဂိုဏ်းမှ စေလွှတ်ထားသော အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ၏ရာထူးအဆင့်အတန်းက ဝါဒတောင်မှ အရှေ့ပင်လယ်အကြီးအကဲ’ဖူအန်းစု’ နှင့် အတူတူပင် ဖြစ်၏။
မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်းမှ ဒဏ်ရာရသူများနှင့် ကျဆုံးသူများရှိခဲ့သော်လည်း ‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ ကတော့ ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။ သူက ဤနေရာတွင် တမင်တကာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် သူက မီးတောက်မိစ္ဆာများကို လိုက်လံတိုက်ခိုက်နေသည့် ဟွမ်ကွမ်လီနှင့်အတူ ရှိနေသင့်ပေသည်။
မီးတောက်မိစ္ဆာများက စစ်မျက်နှာအားလုံးတွင် ရှုံးနိမ့်ခဲ့ပြီဖြစ်လေရာ ‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ လိုက်လံတိုက်ခိုက်ခြင်း မရှိလျှင်လည်း ပြဿနာတော့ မရှိလှပေ။
ထိုပုဂ္ဂိုလ် အဘယ့်ကြောင့် ဤနေရာတွင်ရှိနေရသည်ကို တွေးစရာပင်မလိုဘဲ ရန်ကျောက်ကဲ သိလိုက်သည်။
ဘာပဲဖြစ်ဖြစ် သွေးနီရောင်စေတီငယ်က ယခု သူပိုင်ဆိုင်သောပစ္စည်း ဖြစ်နေပေပြီ။
စေတီငယ်ကိုအသုံးပြုပြီး မီးတောက်မိစ္ဆာများက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မြေပြင်သွေးကြောစီးဆင်းမှုများကို အချိန်တိုအတွင်း ကြီးမားစွာပြောင်းလဲနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဤရတနာပစ္စည်း၏အစွမ်းကို လျှော့တွက်၍မရပေ။
တောင်ပိုင်းမြေအောက်နန်းတော်ပျက်ဆီးသွားခဲ့ပြီးနောက် ထိုနေရာမှအခြေအနေများကို ပြန်လည်ပြုပြင်ရန်အတွက် နေသူတော်စင်ဂိုဏ်းက ဤစေတီငယ်ကို မျက်စိကျသည်မှာ သဘာဝကျပေသည်။
အခြားတစ်ယောက်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် ကူညီပေးနိုင်သော်လည်း သူတို့၏အမုန်းဆုံးရန်သူ ‘နေသူတော်စင်ဂိုဏ်း’ ဖြစ်နေသည့်အတွက် အကူအညီပေးရန် စကားတစ်ခွန်းပင် ဟ မည် မဟုတ်ပေ။
ထို့ပြင် နေသူတော်စင်ဂိုဏ်း၏ တောင်ပိုင်းမြေအောက်နန်းတော်ကို ပျက်ဆီးသွားရခြင်းမှာ ရန်ကျောက်ကဲ၏လက်ချက်ပင် မဟုတ်ပါလား။
ကျားတစ်ကောင်က သားကောင်ကိုကြည့်သည့်အလား ‘ကောင်းကင်လက်ရိုက်လက်ဝါးအရှင်’ က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။ သို့သော် ရန်ကျောက်ကဲက သူ့ကို အရေးမစိုက်ပေ။
ဖူအန်းစုက ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် အခြေအနေများကို သတိမထားမိပေ။ သို့သော် ဒဏ်ရာသိပ်မပြင်းထန်သည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲတစ်ယောက်ကတော့ ထိုအခြေအနေကို သတိပြုမိသွားသည်။
အမုန်းဆုံးရန်သူများ ဖြစ်ကြသည့်အလျောက် ကျောက်စိမ်းပင်လယ်မြို့တော်က ‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ ကို အမြဲတမ်းသတိပြုကြည့်နေခဲ့သည်။ နေသူတော်စင်ဂိုဏ်းက ဘာကိုလိုချင်မှန်း မသိရှိသော်လည်း ‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ ၏ မူမမှန်သောအပြုအမူများကို သတိထားမိပြီး ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲက အသင့်အနေအထား ပြင်ဆင်လိုက်သည်။
‘ကောင်းကင်ရိုက်ခတ်လက်ဝါးအရှင်’ ၏အကြည့်က ရန်ကျောက်ကဲနှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲကြားတွင် ရွေ့လျားသွားသည်။ သူက စကားတစ်ခွန်းမှမဆိုသော်လည်း မျက်ဝန်းများ ဂနာမငြိမ်ဖြစ်သွားသည်။
ထိုအချိန် အခြားသူများသည်လည်း သူတို့ (၃)ယောက်ကြားမှ မူမမှန်သည့်အငွေ့အသက်များကို တဖြည်းဖြည်း အာရုံစိုက်မိလာကြသည်။
‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ မှာ ရန်ကျောက်ကဲထံမှ သွေးနီရောင်စေတီကို လုယူရန်မဖြစ်နိုင်တော့ကြောင်း သဘောပေါက်သွားပြီး ရန်ကျောက်ကဲထံမှ အကြည့်များကိုရုတ်သိမ်းကာ လှည့်ထွက်သွားတော့၏။
ဤသို့ဖြင့် သိုင်းဆရာသခင်များ အုပ်စုသည်လည်း လူစုခွဲလိုက်ကြသည်။
တိုက်ပွဲက ပြီးဆုံးခြင်း မရှိသေးပေ။ ဒဏ်ရာရထားသည့် သိုင်းဆရာသခင်များကတော့ ရှေ့တန်းသို့မသွားနိုင်ကြတော့ပေ။
ဤမျှကြီးမားပြင်းထန်သောတိုက်ပွဲကြီး ဖြစ်ပွားခဲ့သဖြင့် အရှေ့ပင်လယ်၏ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုက ပျက်ဆီးလုနီးပါးဖြစ်နေပြီး သက်ရှိသတ္တဝါများစွာလည်း အသက်ဆုံးရှုံးခဲ့ကြရသည်။ အရှေ့ပင်လယ်ဒေသသည် မြေကမ္ဘာနယ်မြေအလား ငရဲပမာ ဖြစ်နေလေပြီ။
အရှေ့ပင်လယ် ၊ တောင်ပင်လယ် ၊ မြောက်ပင်လယ်များက ဝေးလံသော သမုဒ္ဒရာများနှင့် ချိတ်ဆက်ထားသော်လည်း ပျက်ဆီးသွားသည့်နယ်မြေများ နဂိုအတိုင်း ပြန်လည်ကောင်းမွန်ရန်ကတော့ အလွန်ရှည်လျားသော အချိန်ကာလတစ်ခု လိုပ်မည် ဖြစ်သည်။
မီးတောက်မိစ္ဆာကမ္ဘာသို့ ဦးတည်နေသော ဝင်ပေါက်အက်ကွဲကြောင်းက ဤနေရာတွင် အစဉ်အမြဲတည်ရှိနေမည်ဖြစ်ရာ အရှေ့ပင်လယ်ဒေသသည် ထာဝရငြိမ်းချမ်းသည့် ဒေသတစ်ခုတော့ ဖြစ်လာမည် မဟုတ်ပေ။
ရန်ကျောက်ကဲက နောက်တန်းတွင် ကျန်ရစ်ခဲ့ပြီး ရှေ့တန်းမှသတင်းများကို မရပ်မနား နားစွင့်နေသည်။
ယွမ်ကျန်းဖုန်းနှင့် အခြားသောသိုင်းသူတော်စင်များက မီးတောက်မိစ္ဆာများကို တောက်လျှောက်တိုက်ခိုက်ခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှ လုံးလုံးလျားလျား နှင်ထုတ်ခဲ့သည်။
အဆုံးသတ်တွင် မီးတောက်မိစ္ဆာများ ဆုတ်ခွာသွားကြသော်လည်း မီးတောက်မိစ္ဆာဘုရင်’ချန်ဟွမ်’ နှင့် အခြားမီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထာဝရမြှုပ်နှံခြင်း ခံလိုက်ရ၏။
လူသားမျိုးနွယ်ဘက်မှ သိုင်းသူတော်စင်များကတော့ လှိုင်းနက်ဂေဟာမှ ‘အန်းချင်လင်’ ၊ ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင်’စုန့်ဝူလျန်’ နှင့် ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ တို့ အားလုံး ဒဏ်ရာရခဲ့ကြသည်။
သို့သော် သူတို့အားလုံး အသက်ဆက်လက် ရှင်သန်နိုင်ခဲ့ကြ၏။
စစ်ပွဲကြီးအပြီးတွင် လုပ်ဆောင်ရမည့် နောက်ဆက်တွဲကိစ္စရပ်များစွာ ရှိနေသေးသော်လည်း ထိုအရာများက ကြီးကြီးမားမား အရေးမပါတော့ပေ။
‘စိမ်းလန်းဆေးလုံးကျွန်း’ သို့ မပြန်မီ ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ က စကားတစ်ခွန်းဆိုခဲ့သည်။
ထိုစကားက လူတိုင်းကို မတူညီသည့် အတွေးများနှင့် စိတ်ခံစားချက်များ ဖြစ်ပေါ်စေခဲ့သည်။
အဘိုးအိုး’မော့’ ပြောသွားသည့်စကားမှာ -
“နဂါးစီးနှင်သိုင်းသူရဲကောင်း ၊ လက်တစ်ဖက်တည်းနဲ့ မိုးပြိုမှာကိုတားဆီးနိုင်တဲ့ ဝါဒတောင်ကရန်ကျောက်ကဲ ၊ မင်းဟာ အနာဂတ်မှာ အဆုံးမဲ့ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်”
ထိုစကားကြောင့် လူတိုင်း၏စိတ်ထဲတွင် အမျိုးမျိုးသော အတွေးအမြင်များ ၊ ခံစားချက်များ ဖြစ်ပေါ်ခဲ့ကြပြီး သက်ပြင်းချရင်းဖြင့်သာ အဆုံးသွားခဲ့ကြသည်။
ယခုအချိန်မှစတင်ပြီး...
“နဂါးစီးနှင်သိုင်းသူရဲကောင်း” ဆိုသောအမည်က ရန်ကျောက်ကဲ၏ဂုဏ်ပုဒ်အမည်နာမအဖြစ် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သမိုင်းတစ်လျှောက် ထာဝရထင်ကျန်နေပေလိမ့်မည်။