ဝိညာဉ်မီးအိမ်များကို မီးထွန်းခြင်း
Vol. 92 Ch. 1276
ဧရာမကင်းမြီးကောက်ကြီး၏ လက်မကြီးနှစ်ဖက်က အကာအကွယ်ကို စိစိညက်ညက် ခြေမွပြီးနောက် မန်မျိုးနွယ်စုဘိုးဘေးစံအိမ်ကို ထိုးနှက်ချလိုက်၍ ချောက်နက်ကြီးများ ကွဲအက်ဖြစ်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် အရိုင်းကင်းမြီးကောက်ကြီး၏ ခေါင်းကြီးက မန်မျိုးနွယ်စုမှ လူအုပ်ကြီး၏အရှေ့တည့်တည့်ရောက်သည့်တိုင်အောင် ငုံ့ဆင်းလာသည်။ ထို့နောက် ၎င်းက တုန်ရီလာပြီးနောက် အနက်ရောင်ရေများကို အန်ထုတ်လိုက်သည်။
ကျူးကျော်တိုက်ခိုက်နေသော ကျင့်ကြံသူများလည်း ပြုံတိုးဝင်လာကြလေပြီ။ မန်မျိုးနွယ်ကျင့်ကြံသူများမှာ ဆူညံလုံးထွေးကုန်ကြတော့သည်။ သူတို့သည် သစ္စာဖောက်မျိုးနွယ်ဝင်များဖြင့် တိုက်ခိုက်နေရသည်သာမက ယခုတွင် ရန်သူကျင့်ကြံသူများက ထိုးဖောက်ဝင်ရောက်လာခဲ့ချေပြီ။
မချိတင်ကဲအော်ဟစ်သံများ ဆူညံနေပြီး မြေပြင်များ တသိမ့်သိမ့်တုန်ရီကာ အရောင်အဝါများသည် ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်နေ၏။ ထိုမျှသာမက အနက်ရောင်မိုးမခသစ်ရွက်များက အံ့မခန်းလိလိအမြန်နှုန်းဖြင့် ထိုးဆင်းလာနေသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။
သစ်ရွက်များ မြေကြီးအပေါ် သက်ဆင်းနေစဉ် အနက်ဝတ်လူများက တိုက်ပွဲထဲ တဟုန်ထိုး ဝင်ရောက်လာနေသော အနက်ရောင်အလင်းတန်းများ အသွင်ပြောင်းသွားကြသည်။
“သတ်ပစ်၊ တစ်ယောက်မှ အရှင်မထားနဲ့”
“ဒီနေ့ကစပြီး အဋ္ဌမတောင်ပင်လယ်မှာ မန်မျိုးနွယ်စု မရှိစေရဘူး”
ပေါက်ကွဲသံများ ပွက်လောရိုက်နေပြီး မန်မျိုးနွယ်ကျင့်ကြံသူများ၏ မျက်နှာအပေါ်တွင် ခိုကိုးရာမဲ့နေသောအမူအရာများ ပေါ်လာကြသည်။ ထို့နောက် သူတို့သည် ရူးသွပ်သွားကြသကဲ့သို့ သွေးရူးသွေးတန်း စတင်တိုက်ခိုက်ကြတော့၏။ သူတို့တစ်ယောက်တွင်မှ လက်နက်ချလိုသောဆန္ဒ မရှိခြင်းမဟုတ်ပေ။ အမှန်တွင် တချို့က ထိုသို့လုပ်လိုက်ရန်သာ ကြိုးစားခဲ့ကြသော်လည်း ရလဒ်အနေဖြင့် ... အသတ်ခံခဲ့ကြရသည်။ ရန်သူများက သုံ့ပန်းကို မလိုချင်။ တစ်မျိုးနွယ်စုလုံးကိုသာ မျိုးဖြုတ်ချင်နေ၏။
ကံကောင်းထောက်မစွာနှင့် ကျူးကျော်ကျင့်ကြံသူများ၏ ပစ်မှတ်က ပင်မကုန်းမြေဖြစ်ကြောင်း သိသာထင်ရှားသည်။ ပတ်ပတ်လည်ရှိ အသေးစားကုန်းမြေများတွင်မူ စစ်မီးတောက်များ ကူးစက်နေသော်လည်း သိပ်အင်အားမကြီးပေ။ ဘွားဘွားမန်တို့၏ ကုန်းမြေမှာလည်း ရွှီမျိုးနွယ်စုမျိုးပြုတ်သွားခဲ့ပြီဖြစ်သည့်အတွက် ကျူးကျော်ကျင့်ကြံသူများများစားစား ထိုနေရာသို့ မသွားကြပေ။
အဓိကတပ်ဖွဲ့က မန်မျိုးနွယ်စုဘိုးဘေးစံအိမ်ကို တိုက်ခိုက်နေလေသည်။
ဤကဲ့သို့ ရုန်းရင်းဆန်ခတ်တိုက်ပွဲထဲတွင် ဘွားဘွားမန်၊ ဘိုးဘိုးလေးနှစ်ယောက်နှင့် သူ၏အမျိုးအားလုံး ဝင်ရောက်တိုက်ခိုက်နေကြသည်။ သို့သော် သူတို့က သိပ်အာရုံအစိုက်မခံရပေ။
အာရုံစိုက်ရသူများကတော့ သတ္တမတောင်ပင်လယ်မှ အနက်ဝတ်တာအိုနယ်ပယ်ပညာရှင်ငါးဦးကို တိုက်ခိုက်နေသော မန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးငါးဦး ဖြစ်သည်။
အစွမ်းထက်ပညာရှင်ဆယ်ဦး၏ တိုက်ပွဲက မိုးနှင့်မြေကို တဝုန်းဝုန်း တုန်ခါနေစေပြီး ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတိုက်ပွဲထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။
“စိုးရိမ်နေပြီလား” စစ်မြေပြင်၏အထက်၊ လေလယ်တွင် ပျံဝဲနေသော ကောင်လေးက အေးစက်သောမျက်ဝန်းများဖြင့် ကြယ်တာရာကောင်းကင်ရှိ မန်ဟို့ကို မော့ကြည့်ကာ ပြောသည်။ ယခုလို တိုက်ခိုက်ခြင်းက သူ၏ရန်သူကို မဖြစ်မနေ ဝင်ပါစေလိမ့်မည်ဟု သူ မျှော်လင့်နေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် မန်ဟိုသာ ပြစ်ဒဏ်ကို ကျော်လွှားပြီးလျှင် အဖြစ်အပျက်များသည် မထင်မှတ်ထားသောအခြေအနေသို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း သူ၏မသိစိတ်က သူ့ကို အဆက်မပြတ်သတိပေးနေ၏။
အောက်ရှိ အဖြစ်အပျက်ကို ငုံ့ကြည့်လိုက်သည့်အခါ မန်ဟို၏မျက်ဝန်းများက အေးစက်စွာ တောက်ပသွားသည်။ ကံဆိုးစွာနှင့် သူသည် အတိမ်းစောင်းမခံသော အခိုက်အတန့်တွင် ဖြစ်၍ စိတ်အာရုံပျံ့လွင့်မခံနိုင်ပေ။ သူက မျက်လုံးများတောက်ပနေလျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးခွေးကြီးသည် အားမာန်အပြည့်ဖြင့် ဟောင်ရင်း ထွက်လာ၏။ ၎င်းက ရက်စက်ကြမ်းကြုတ်သော အမူအရာများရှိသည့် သစ်စေ့နက်မှင်စာများနှင့်အတူ ပျံထွက်သွားသည်။ ထို့နောက် သူသည် လက်ဝှေ့ယမ်းရင်း ကြယ်တာရာကောင်းကင်တွင် အကွဲကြောင်းတစ်ကြောင်း ဖွင့်လိုက်၏။ သွေးမိစ္ဆာကြီးက ခုန်ထွက်လာပြီး ၎င်းအနောက်သို့ မန်ဟို၏သွေးစိတ်ဝိညာဉ်က လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့အားလုံး တိုက်ပွဲထံ ထိုးဆင်းသွားကြလေပြီ။ (T/N : သွေးစိတ်ဝိညာဉ်ဆိုတာ သွေးကိုယ်ပွားကို အဆင့်မြှင့်ထားတဲ့အရာပါ)
စစချင်း ၎င်းတို့၏ရည်ရွယ်ချက်က ရန်သူများကို သုတ်သင်ရန်ဟု ထင်ရသော်လည်း မန်ဟို့အမိန့်က သူ့အဘွားနှင့်သွေးဆက်ကို ကာကွယ်ပေးရန် ဖြစ်သည်။
“ငါ့ကို အချိန်ဆွဲပေးထား...” သူက ရှေးဟောင်းနယ်ပယ်တံခါး၏ အကြွင်းအကျန်များမှ ဖြစ်ပေါ်လာသော မီးပင်လယ်ထဲတွင် ပျံဝဲနေလျက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဝိညာဉ်မီးအိမ်တွေ လင်းစမ်း”
ဝုန်း
မန်ဟို၏ ရှေးဟောင်းမန်နာအားလုံးက တိုက်ကွက်ကြီးပမာ ဝုန်းခနဲ ထွက်လာသည်။ ၎င်းသည် သူ့ငယ်ထိပ်မှ စီးမျောထွက်လာပြီး ထိုငယ်ထိပ်နေရာ၌တင် မီးစလေးတစ်စအား ထွန်းလင်းလာစေပြီး ပျံဝဲနေစေ၏။
မီးတောက်သည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တဟုန်းဟုန်းတောက်လာ၏။ မကြာခင် ၎င်းအောက်တွင် ပန်းကန်လုံးတစ်လုံးကဲ့သို့ ခွက်ပုံရိပ်တစ်ခု ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ဝိညာဉ်မီးအိမ်တစ်လုံးဖြစ်လာခဲ့လေပြီ....
မီးအိမ်ပေါ်လာလျှင်ချင်း မန်ဟိုသည် သူ၏ဝိညာဉ်အမျှင်တစ်မျှင်မှာ သူ့သွေးဆက်မှစွမ်းအားတချို့နှင့်အတူ ကွဲထွက်သွားရင်း ... မီးအိမ်နှင့်တစ်သားတည်း ဖြစ်လာသည်။
“မီးတောက်က ငါ့ဝိညာဉ်၊ ဆီမီးခွက်က ငါ့သွေးဆက်။ ဒီဝိညာဉ်မီးအိမ်က ကိုယ်ပွားလိုပါလား” ဤသည်မှာ မန်ဟို ရရှိလိုက်သည့် ပထမဆုံးခံစားချက်ဖြစ်သည်။ အမှန်တွင် မီးအိမ်သည် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် .... သူ့လုပ်ဆောင်နေသည့်အတိုင်း ပြုမူကာ ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေစွမ်းအင်များကို စတင်စုပ်ယူတော့သည်။
“ဒီလိုကိုး။ ဒီဝိညာဉ်မီးအိမ်တွေက တကယ်တမ်း ကိုယ်ပွားတွေပဲ။ မူလကိုယ်ကနေ ခွဲထုတ်ခံလိုက်ရပြီးတဲ့နောက် သူတို့က ကျင့်ကြံအဆင့်တက်နိုင်သေးတယ်။ ဒါ့အပြင် ဝိညာဉ်မီးအိမ်တစ်ခုစီ မီးငြိမ်းသွားတိုင်း အဲဒီကိုယ်ပွားဟာ ပြန်အစုပ်ယူခံလိုက်ရပြီး စွမ်းအားကို နှစ်ဆမြှင့်တင်ပေးလိုက်တယ်” မန်ဟို့မျက်လုံးများသည် ဉာဏ်အလင်းတို့ဖြင့် တောက်ပနေ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း သူ့ကိုယ်အတွင်းရှိ ရှေးဟောင်းမန်နာကို ထပ်မံပေါက်ကွဲထွက်သွားစေပြန်သည်။
ဒုတိယဝိညာဉ်မီးအိမ်တစ်လုံး ပေါ်လာသည်။ ထို့နောက် သုံးလုံးမြောက်၊ လေးလုံးမြောက်၊ ငါးလုံးမြောက်.....
သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ထွက်လာတိုင်း ဝိညာဉ်မီးအိမ်နောက်တစ်လုံး ပေါ်လာသည်။ မကြာမီ သူကား ဝိညာဉ်မီးအိမ်စုစုပေါင်း ကိုးလုံးဖြင့် ဝန်းရံခံထားရပြီး ဆက်လက်ဖော်ဆောင်နေဆဲပင်။
သူ ဤအတိုင်း ဆက်လုပ်နေသည်နှင့်အမျှ သူ့ပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများကား သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံခြင်းမရှိတော့ရာ အောက်ရှိ လူအုပ်ကြီးအား သူ ဝိညာဉ်မီးအိမ်များအား မီးထွန်းနေသည်ကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရစေသည်။
“ဝိညာဉ်မီးအိမ်ကိုးလုံး ... သူက ဝိညာဉ်မီးအိမ်ကိုးလုံး ငြှိမ်းထားပြီးပြီ.... နောက်ဆုံးကျရင် ဘယ်.. ဘယ်နှလုံးတောင် ရသွားမှာတုန်း”
“မီးထွန်းနိုင်တဲ့ ဝိညာဉ်မီးအိမ်အရေအတွက်က အင်မော်တယ်အကြောတွေနဲ့ သက်ဆိုင်တယ်။ သူ အင်မော်တယ်အဆင့်တက်လှမ်းတုန်းက အင်မော်တယ်အကြောဘယ်နှကြော ဖွင့်နိုင်ခဲ့လဲ မသိပေမယ့် ကြည့်ရတာတော့ အနည်းဆုံး မီးအိမ်အလုံး ၂၀ လောက် ထွန်းနိုင်တော့မယ်ထင်တယ်”
စစ်ဖြစ်နေသော နှစ်ဖက်လုံးမှာ အပေါ်မော့၍ ဖြစ်ပျက်နေသောအရာကို စောင့်ကြည့်နေကြလေသည်။ အောက်ရှိ စစ်သည်အများစုအတွက် စစ်ပွဲအတွင်း လူတစ်ယောက် အဆင့်တက်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းမဟုတ်သော်လည်း မျိုးနွယ်စုအမြစ်ဖြုတ်သုတ်သင်ခံနေရသော ခုလတ်တွင် လူတစ်ယောက် ပြစ်ဒဏ်အား ကျော်လွှားနေသည်ကို ပထမဆုံးအကြိမ်မြင်ရခြင်း ဖြစ်လေသည်။
“ဝိညာဉ်မီးအိမ်တွေကို မီးထွန်းနေပြီပေါ့လေ....” ကောင်လေးက လေတွင်ပျံဝဲနေလျက် တွေးနေသည်။ ကောက်ကျစ်စဉ်းလဲသောအလင်းရောင်က သူ၏မျက်လုံးများတွင် တောက်ပလာပြီး သူက မန်မျိုးနွယ်ခေါင်းဆောင်ကြီးငါးဦး တိုက်ခိုက်နေရာသို့ ဦးတည်သွားလေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလို နဝမသွေးဆက်ခေါင်းဆောင်ကြီးမှာ သွေးအန်၍ နောက်ဆုတ်လိုက်ရတော့သည်။
“အဲဒီတစ်ယောက်မဟုတ်ဘူးပေါ့.....” ကောင်လေးက အေးစက်စက်နှာမှုတ်ကာ တွေးသည်။ မန်ဟိုကား သူ နဝမသွေးဆက်ခေါင်းဆောင်ကြီးအား တိုက်ခိုက်နေသည်ကို နည်းနည်းမှ ဂရုစိုက်ပုံမရပေ။
ထိုအချက်ကို ကောင်လေးသည် အသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ဟန်ဆောင်မှုနှင့် စစ်မှန်မှုကို ခွဲခြားသိမြင်စေသော သူ၏ပြိုင်ဘက်ကင်းတာအိုမှော်အစွမ်းကြောင့်ပင်။ ယင်းက သူ လတ်တလော လေ့လာနေသော ခြောက်ခုမြောက်အနှစ်သာရ၏ သဘောတရားဖြစ်ပေသည်။ သူသာ ၎င်းကို အောင်မြင်စွာ သုံးသပ်ဆင်ခြင်နိုင်ပါက အနှစ်သာရ ၆ ခု တာအိုဥသျှောင်တစ်ဦး ဖြစ်လာလိမ့်မည်။
အနှစ်သာရ ၆ ခု တာအိုဥသျှောင်ဖြစ်လာလျှင် သူ့အား အနိုင်ယူ၍ရတော့မည်မဟုတ်ပေ။
အမှန်အားဖြင့် အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့်သည် ကျင့်ကြံသူများအတွက် နောက်ဆုံးအကန့်အသတ်ဖြစ်၏။ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မည်သူမှ အနှစ်သာရ ၆ ခု မှ အနှစ်သာရ ၇ ခုအဆင့်တက်ကာ စဦးပိုင်းအဆင့် ပါရာဂွန်တစ်ဦး ဖြစ်မလာဖူးကြပေ။
ပါရာဂွန်အဆင့်တွင် စဦးပိုင်းအဆင့်ပါရာဂွန်များသည်ပင် ကြီးမြတ်သူအရှင်များ ဖြစ်နေသေးသည်မဟုတ်ပါလော။
ကောင်လေးသည် မန်ဟိုက နဝမသွေးဆက်ခေါင်းဆောင်ကြီးကို အဖက်မလုပ်ကြောင်း အတည်ပြုပြီးနောက် ဗျူဟာပြောင်းလိုက်ရ၏။ ချက်ချင်းပင် သူက မန်မျိုးနွယ်ခေါင်းဆောင်ကြီးနောက်တစ်ယောက်ထံသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။
ထိုအခိုက်အတန့်တွင် မန်ဟိုသည် ကြယ်တာရာကောင်းကင်တွင် ဆယ်လုံးမြောက်ဝိညာဉ်မီးအိမ်ကို ထွန်းရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ဖြင့် တဟုန်းဟုန်းတောက်ပနေ၏။ ထို့နောက် ဝိညာဉ်မီးအိမ် ၁၁ လုံး... ၁၂ လုံး... ၁၃ လုံး။
မီးအိမ်တစ်လုံးပေါ်လာတိုင်း သူ့ဝိညာဉ်နှင့် သွေးဆက်စွမ်းအားများ ပိုမိုစိမ့်ထွက်လာသည်။ ၎င်းသည် သူ့ကိုယ်ထဲမှ စိမ့်ထွက်နေသည့်တိုင် သူကား အားနည်းမသွား။ တကယ်တမ်း ဆန့်ကျင်ဘက်ပင် ဖြစ်နေ၏။ သူ့သွေးဆက်နှင့် သူ၏ဝိညာဉ်မှ စွမ်းအားက သဘာဝအတိုင်း ပြန်လည်ပြည့်တင်းလာနေသည်။
“ဒီနယ်ပယ်က ကျင့်ကြံသူတွေက သဘောတရားအရ တစ်နယ်ပယ်တည်းဖြစ်ကြပေမယ့် အားနည်းတဲ့သူတွေက ပိုအစွမ်းထက်တဲ့သူတွေထက် အဆများစွာအားနည်းတယ်။ အကုန်လုံးက အခြေခံအပေါ်မှာ မူတည်တာ။ အဲဒီဝိညာဉ်မီးအိမ်တွေကို မီးထွန်းလိုက်တဲ့အခိုက်အတန့်မှာပဲ ကိုယ့်ရဲ့ခွန်အားဟာ အဆုံးအဖြတ်ခံလိုက်ရတာဖြစ်တယ်
“အစကောင်းမှ အနှောင်းသေချာဆိုသလိုပေါ့။ ရှေးဟောင်းနယ်ပယ်ကို အားနည်းနည်းနဲ့ ဝင်ရောက်လိုက်ရင် အဆုံးသတ်ကျ အားနည်းနေဦးမှာပဲ...
“ရှေးဟောင်းနယ်ပယ်ကို အားအင်အပြည့်နဲ့ ဝင်ရောက်ရင် ... အဆုံးသတ်မှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာမယ်....
“ရှေးဟောင်းနယ်ပယ် ဪ ရှေးဟောင်းနယ်ပယ်....” နောက်ဆုံးတွင် မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပို၍ဆင့်ခေါ်ကာ ဝိညာဉ်မီးအိမ် ၁၈ လုံးအထိ ပေါ်လာစေသည်။
ထို့အပြင် သူကား မပြီးဆုံးသေး။
ထိုစဉ် အောက်တွင် ကောင်လေးက ခေါင်းဆောင်ကြီးငါးဦးအနက် တစ်ယောက်ချင်းစီကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နေသည်။ နောက်ဆုံးတစ်ယောက်အား တိုက်ခိုက်ပြီးသောအခါ မန်ဟိုသည် ရုတ်တရက် အတန်ငယ်ပူပန်စပြုလာပုံရသော်လည်း ကောင်လေး၏အနှစ်သာရက မန်ဟို ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ပြောနေ၏။
“မင်း မန်မျိုးနွယ်စုတစ်စုလုံးကို လျစ်လျူရှုကောင်း ရှုနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းဂရုစိုက်တဲ့လူတွေ သေချာပေါက် ရှိကိုရှိဦးမှာ" ကောင်လေးက အေးစက်စက်ရယ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ကာ မန်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်အား ပျံတက်လာစေသည်။ ထို့နောက် ထိုလူ၏ခေါင်းကို ဆုပ်ကိုင်ကာ ဝိညာဉ်ဖွေရှာတော့၏၊
ထိုအချိန်က မန်ဟို သူ၏ ၁၉ လုံးမြောက် ဝိညာဉ်မီးအိမ်ကို မီးထွန်းနေသော အခိုက်အတန့်ဖြစ်သည်။
“ငါ ထပ်ထွန်းနိုင်သေးတယ်” မန်ဟို၏မျက်လုံးများက နီရဲနေပြီး သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ ၁၉လုံးမြောက် မီးအိမ်က သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် သူ့ငယ်ထိပ်ကို ဆယ့်ကိုးကြိမ်ဖြတ်၍ ထွက်ခဲ့ပြီးပြီးဟု ဆိုလို၏။ မန်ဟိုပင်လျှင် ထိုနာကျင်မှုအား လုံးလုံးလျားလျား လျစ်လျူမရှုနိုင်ပေ။
“ထပ်လင်းလာစမ်း” သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ဖြင့် တဟုန်းဟုန်းတောက်နေလျက် မာန်သွင်းဟိန်းဟောက်လိုက်သည်။ နာကျင်မှုက သူ၏ကိုယ်ထဲတွင် ပြည့်နှက်သွားပြီးနောက် သူ၏ငယ်ထိပ်ထံ ဦးတည်သွားသည်။ နောက်ထပ်မီးစတစ်စ ပေါ်လာပြီးနောက် သူ၏ အလုံး ၂၀ မြောက် ဝိညာဉ်မီးအိမ်အဖြစ် ပြောင်းလဲသွားသဖြင့် ... တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။
ထိုအခိုက်အတန့်တွင် ကောင်လေး၏ ဆွဲမြှောက်ခြင်းခံထားရသည့် မန်မျိုးနွယ်ကျင့်ကြံသူမှာ သွေးပျက်စွာ အော်ဟစ်လိုက်လေသည်။ သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများစီးကျလာပြီးနောက် သူ့တစ်ကိုယ်လုံး ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ကောင်လေး၏မျက်လုံးများကမူ ထူးဆန်းစွာ တောက်ပလာ၏။
“ငါ တံခါးပိတ်ကျင့်ကြံနေခဲ့တာကြာတော့ ငါ့စွမ်းအားတွေ သံချေးတက်ကုန်တာ ထင်တယ်။ အခုလိုအလွယ်လေး လုပ်လို့ရတာကို မစဉ်းစားမိဘဲ အချိန်အလကား လျှောက်ဖြုန်းမိသွားတယ်” ကောင်လေးက ကောက်ကျစ်စွာ ပြုံးရင်း ဘွားဘွားမန်ထံ ဦးတည်သွားတော့၏။