← Chapters

ထုံးစံအတိုင်းအာရုံစိုက်ခံရပြန်ပြီ

Vol. 29 Ch. 401

ထုံးစံအတိုင်းအာရုံစိုက်ခံရပြန်ပြီ

Vol. 29 Ch. 401

အခန်း (၄၀၁) ထုံးစံအတိုင်းအာရုံစိုက်ခံရပြန်ပြီ

လောကကိုကျော်လွန်ခဲ့ပြီဖြစ်သော ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ သည် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်း၏ ပဋိပက္ခများတွင် တစ်ခါမှ ပါဝင်ပတ်သက်ခဲ့ဖူးခြင်း မရှိပေ။

သို့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူ၏ တန်ခိုးစွမ်းအားကို မည်သူမှ သံသယမဝင်ရဲကြပေ။

လူငယ်မျိုးဆက်များက အဘိုးအို’မော့’ အကြောင်း သိပ်မသိသော်လည်း “သိုင်းသူတော်စင်စင်” အဆင့်ဆိုသည်က မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း အားလုံးသိရှိကြသည်ပင်။

ရှေးယခင်မျိုးဆက်မှ ဟန်ထျန်းပုဂ္ဂိုလ်မြတ် ၊ ကောင်းကင်ခန့်မှန်းသူနှင့် ခရမ်းရောင်နေသူတော်စင်တို့ မည်မျှ စွမ်းအားမြင့်မားကြသည်ကို ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ခေါင်းဆောင်များအားလုံး သိရှိကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်အကြီးဆုံးဖြစ်သလို အမြင့်ဆုံးအဆင့်ကို ပိုင်ဆိုင်ထားသော အဘိုးအို’မော့’ သည် လှုပ်ရှားမှုပြုလုပ်ခဲသည်။ သူ လှုပ်ရှားမှု ပြုလုပ်လျင်လည်း တစ်ခါဆို ဆိုသလောက် မှတ်ကျောက်တင်သည်သာပင်။

ယခုတစ်ကြိမ် မီးတောက်မိစ္ဆာများများ ကျူးကျော်တိုက်ခိုက်ခြင်းက လူတိုင်းမျှော်လင့်မထားသော အခြေအနေဖြစ်ပြီး အရှေ့ပင်လယ်တစ်ခုလုံး ပြိုလဲသွားသည်အထိ ပြင်းထန်ခဲ့သည်။

ကျူးကျော်လာသော ရန်သူများထဲတွင် သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော မီးတောက်မိစ္ဆာဘုရင်သည်ပင် တစ်ယောက်တည်း မဟုတ်ခဲ့ပေ။ အရှေ့ပင်လယ်သို့ အရင်ဆုံးရောက်လာသူမှာ လှိုင်းနက်ဂေဟာမှ ဂေဟာသခင်မ ‘အန်းချင်လင်’ ဖြစ်ပြီး သူမက ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

အဘိုးအို’မော့’ အချိန်မီ ရောက်လာသဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက မီးတောက်မိစ္ဆာများ အလစ်ဝင်ရောက်တိုက်ခိုက်သော ပထမလှိုင်းတိုက်ပွဲမှာပင် အန်းချင်လင် အသက်သေဆုံးသွားနိုင်သည်။

အဘိုးအို’မော့’ က မီးတောက်မိစ္ဆာများကို တိုက်ခိုက်ခဲ့ပြီး ရန်သူများ၏အခြေအနေကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ကာ အရှေ့ပင်လယ် အပြင်ပိုင်းနှင့် အရှေ့ပင်လယ်အတွင်းပိုင် နယ်နိမိတ်တွင် ခံစစ်စည်းများ ပြန်လည်တည်ဆောက်ခဲ့သည်။

ထို့နောက် အခြားသောသိုင်းသူတော်စင်များ ရောက်ရှိလာပြီး မီးတောက်မိစ္ဆာများကို တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့သည်။

အခြားသောသိုင်းသူတော်စင်များ ရောက်မလာခင်အချိန်တွင် မီးတောက်မိစ္ဆာများ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အဘိုးအို’မော့’ ဒဏ်ရာရသွားခဲ့သည်။

သို့သော် သူက အရှေ့ပင်လယ် တန်ပြန်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်ပင်။

ထို့နောက် ရေအောက်ပကတိမီးသွေးကြောများ ပေါက်ကွဲထွက်လာခဲ့ပြီး အရှေ့ပင်လယ်တစ်ခုလုံး မီးလျှံများ လွှမ်းခြုံသွားချိန်တွင် အဘိုးအို’မော့’ က ယွမ်ကျန်းဖုန်းအပါအဝင် အခြားသိုင်းသူတော်စင်များနှင့် ပူးပေါင်းပြီး မီးတောက်မိစ္ဆာများကို နောက်ဆုံးအချိန်ထိ ရင်ဆိုင်မောင်းထုတ်ခဲ့သည်။

ဟွမ်ကွမ်လီက သိုင်းသူတော်စင်ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သဖြင့် သူ့ကို ‘လောကပထမသိုင်းသူတော်စင်’ ဟု လူပေါင်းများစွာက ယူဆခဲ့ကြသည်။

သို့ပေသိ အရှေ့ပင်လယ်တိုက်ပွဲအပြီးတွင် ယခင်က မည်သူမှမသိမြင်ခဲ့ဖူးသော အဘိုးအို’မော့’ ၏ လျှို့ဝှက်ဆန်းကျယ်သော တန်ခိုးစွမ်းအားကို လူတိုင်းတွေ့မြင်ခဲ့ကြသည်။

ထို့ကြောင့် ဟွမ်ကွမ်လီကို ‘လောကပထမသိုင်းသူတော်စင်’ ဟု သတ်မှတ်၍ မရနိုင်တော့ကြောင်း လူတိုင်း နားလည်ခဲ့ကြရသည်။

ဟွမ်ကွမ်လီထက်ပင်သာလွန်သော အဘိုးအို’မော့’ မှာ မည်မျှစွမ်းအားမြင့်မားသည်ကိုတော့ တွေးကြည့်ရုံသာ တတ်နိုင်ကြသည်။

အထူးသဖြင့် အဘိုးအို’မော့’ ၏ အသက်အရွယ်နှင့် ဝါစဉ်အရဆိုလျှင် ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီနှင့် အခြားသိုင်းသူတော်စင်များနမှာ သူ့ထက် ဝါငယ်သူများ ဖြစ်ကြသည်။

ထို့ကြောင့် ပန်းချီဆရာသူတော်စင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်က ရန်ကျောက်ကဲကို ချီးကျူးစကားဆိုလိုက်ခြင်းမှာ သာမန်ချီးကျူးမှုတစ်ခု မဟုတ်ခဲ့ပေ။ ထို့အပြင် ထိုစကားများထဲတွင် ထက်သန်သောမျှော်လင့်ချက်အနည်းငယ်ပင် ပါဝင်နေခဲ့သည်။

ဝါဒတောင်မှ အတိတ်တစ်ချိန်က သူရဲကောင်းများဖြစ်သော ဟန်ထျန်းပုဂ္ဂိုလ်မြတ် ‘ကျန်းဒေါင်ဂီ’ နှင့် ကောင်းကင်ခန့်မှန်းသူ ‘ကျန်းရှီလော့’ တို့ ကဲ့သို့ပင် အဘိုးအို’မော့’ သည်လည်း ချီးကျူးစကားဆိုခဲသူဖြစ်သည်။ လူငယ်မျိုးဆက်တစ်ယောက် ၊ သို့မဟုတ် တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက်ကို အဘိုးအို’မော့’ ချီးကျူးသည်ဆိုလျှင် ထိုစကားက အဖိုးမဖြတ်နိုင်သည့် ရွှေစင်ရွှေသားအလား တန်ဖိုးရှိလှသည်။

ယနေ့တော့ ထိုကဲ့သို့ အဖိုးတန်လှသော ချီးကျူးစကားကို အသက် (၂၀) ကျော်ခန့်သာရှိသေးသော လူငယ်လေးတစ်ယောက်က ရရှိခဲ့သည်။

ပြီးတော့ အဘိုးအို’မော့’ ၏ ချီးကျူးစကားကို ကြားရသူတိုင်း စိတ်ရှုတ်ထွေးသွားကြရသည်။ သူတို့အားလုံး အံ့သြခြင်းမက အံ့သြသွားကြသော်လည်း ကန့်ကွက်နိုင်ခြင်း မရှိခဲ့ကြပေ။

အဘိုးအို’မော့’ ၏ တန်ခိုးစွမ်းအားနှင့် အဆင့်အတန်းကြောင့် မကန့်ကွက်ရဲသည်ကို အသာထား ၊ ထိုစကားက အမှန်တကယ်လည်း ကန့်ကွက်စရာ အကြောင်းမရှိပေ။

“နဂါးစီးနှင်သိုင်းသူရဲကောင်း ၊ လက်တစ်ဖက်တည်းနဲ့ မိုးပြိုမှာကိုတားဆီးနိုင်တဲ့ ဝါဒတောင်ကရန်ကျောက်ကဲ ၊ မင်းဟာ အနာဂတ်မှာ အဆုံးမဲ့ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာပါလိမ့်မယ်”

လူတိုင်းသည် ထိုစကားလုံးများ၏အဓိပ္ပါယ်ကို ဖြည်းညင်းစွာစဉ်းစားရင်း မရေမတွက်နိုင်သော ခံစားချက်များ သူတို့စိတ်ထဲတွင် ပြည့်နက်လာကြသည်။ အဘိုးအို’မော့’ ပြောသောစကားများက သဘာဝကျသည်ဟုသာ သူတို့အားလုံး ယောင်ဝါးဝါးခံစားနေရသည်။

သို့သော် ထိုသို့ခံစားရသည်ကပင် လူတိုင်းကို ပိုပြီး စိတ်ရှုတ်ထွေးလာစေသည်။

စစ်ပွဲကြီးပြီးဆုံးသည့်နောက် အဘိုးအို’မော့’ က ‘စိမ်းလန်းဆေးလုံးကျွန်း’ သို့ ပြန်သွားပြီး အခြားသောသိုင်းသမားများသည်လည်း သူတို့နေထိုင်ရာ ဂိုဏ်းအသီးသီးသို့ အလျှင်အမြန် ပြန်သွားကြသည်။

တိုက်ပွဲတွင် အဘိုးအို’မော့’ ကဲ့သို့ပင် ဒဏ်ရာရရှိခဲ့သော ‘အန်းချင်လင်’ သည်လည်း တံခါးပိတ်ကျင့်ကြံ ဒဏ်ရာကုသရန်အတွက် လှိုင်းနက်ဂေဟာသို့ အလျှင်အမြန် ပြန်သွားခဲ့သည်။

နေသူတော်စင်ဂိုဏ်းမှ ‘ဟွမ်ကွမ်လီ’ နှင့် ကောင်းကင်မိုးကြိုးခန်းမမှ ‘ချန်လီ’ တို့ကတော့ ဒဏ်ရာရရှိခြင်းမရှိသည့်တိုင် တစ်ချက်မတုံ့ဆိုင်းဘဲ ပြန်သွားခဲ့ကြသည်။

‘သွေးနီရောင်စေတီလေးကို လုယူနိုင်ခြင်းမရှိခဲ့ကြောင်း’ ‘ကောင်းကင်ရိုက်လက်ဝါးအရှင်’ ထံမှ သတင်းပေးပို့ချက်ရရှိပြီးနောက် ဟွမ်ကွမ်လီက စကားတစ်ခွန်းမဆိုဘဲ သူ့ယွမ်ကျန်းဖုန်းနှင့် ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်ပြီး ချက်ချင်းလှည့်ထွက်သွားခဲ့သည်။

ကောင်းကင်မိုးကြိုးခန်းမမှ ချန်လီသည်လည်း စိတ်ရှုတ်ထွေးနေသော မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေရင်း ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင်’ စုန့်ဝူလျန်က အသစ်ပြုလုပ်ထားသော အထွတ်ထိပ်မှော်ဝင်ပစ္စည်း ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို ကိုင်ဆောင်ကာ အရှေ့ပင်လယ် အပြင်ပိုင်းဒေသတွင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သည်။ ရေအောက်ပကတိမီးသွေးကြောများ ပြောင်းလဲသွားပြီး မီးတောက်မိစ္ဆာများ တိုက်ပွဲအသာစီးရလာချိန်တွင် သူက သိုင်းသူတော်စင် ဒုတိယအဆင့်ရှိ‌သော မီးတောက်မိစ္ဆာဘုရင်တစ်ယောက်နှင့် တိုက်ခိုက်ရင်း ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲပြီးဆုံးသည့်အခါ ဒဏ်ရာကို ဆေးကုသရန်အတွက် ကျောက်စိမ်းပင်လယ်မြို့တော်သို့ ချက်ချင်း ပြန်သွားခဲ့သည်။

ယခုတစ်ကြိမ် မီးတောက်မိစ္ဆာများ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျူးကျော်ဝင်ရောက်ခြင်းတွင် ကျောက်စိမ်းပင်လယ်မြို့တော်က ရှေ့ဆုံးမှ ရပ်တည်ခဲ့သည်။ ကြီးမားသောကပ်ဘေးကြီးနှင့်လည်း ရင်ဆိုင်ရပြီး အရာအားလုံး ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရ၏။

‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ရှိနေခဲ့သဖြင့် ကျောက်စိမ်းပင်လယ်မြို့တော် ကံကောင်းသည်ဟု ဆိုရမည်။ သို့တိုင် မြို့တော်တစ်ခုလုံး ပျက်ဆီးလုနီးပါးဖြစ်ခဲ့ရသလို စုန့်ဝူလျန်လည်း ဒဏ်ရာရရှိထားသည်ဖြစ်ရာ ဂိုဏ်းတစ်ခုလုံး အင်အားပြန်လည်ကောင်းမွန်လာရန်ကတော့ အချိန်အနည်းငယ် လိုအပ်မည်ပင်။

ထို့ပြင် အရှေ့ပင်လယ်တစ်ခွင် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အပျက်အဆီးများကိုလည်း ကျောက်စိမ်းပင်လယ်မြို့တော်သာလျှင် တာဝန်ယူရှင်းလင်းရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းပင်လယ်တိုက်ပွဲအတွက်ရော ၊ အရှေ့ပင်လယ်တိုက်ပွဲအတွက်ပါ ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ရန်ကျောက်ကဲကို ကျေးဇူးတင်ရမည် ဖြစ်၏။

“လောလောဆယ်တော့ ဒဏ်ရာကို ဆေးကုသဖို့ ကျောက်စိမ်းပင်လယ်မြို့တော်ကို ပြန်ရမယ် ၊ ဒါကြောင့် မင်းတို့ကို ဧည့်မခံနိုင်တာ တောင်းပန်ပါတယ် ၊ ဒဏ်ရာသက်သာသွားတဲ့တစ်နေ့ကျ ဒီက ‘ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်’ နဲ့ မိတ်ဆွေလေး ‘ရန်’ တို့ကို ကျောက်စိမ်းပင်လယ်မြို့တော်ဆီ ဧည့်သည်တော်တွေအဖြစ် တစ်ခေါက်လောက် ကြွရောက်ခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”

ကျောက်စိမ်းပင်လယ်မြို့တော်သို့ မပြန်ခင် စုန့်ဝူလျန်က ယွမ်ကျန်းဖုန်းနှင့် ရန်ကျောက်ကဲကို အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့သည်။

သာမန်ဆိုလျှင် စုန့်ဝူလျန်က ယွမ်ကျန်းဖုန်းကို အဓိကထားဖိတ်ခေါ်ခြင်းဖြစ်ပြီး လူငယ်တစ်ယောက်ဖြစ်သော ရန်ကျောက်ကဲကို စကားအဖြစ် အပေါ်ယံဖိတ်ခေါ်သည်ဟု ထင်စရာရှိသည်။

သို့သော် စုန့်ဝူလျန်က ရန်ကျောက်ကဲကို အလေးထား ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဤနေရာမှလူတိုင်း ရိပ်မိကြသည်ပင်။

ဝါဒတောင်မှ သိုင်းသမားများအားလုံးတွင် မြို့တော်သခင်’စုန့်ဝူလျန်’ ကိုယ်တိုင်ကိုယ်ကျ ဖိတ်မန္တကပြုခြင်း ခံရသူဆို၍ ယွမ်ကျန်းဖုန်း ၊ လက်ရှိဝါဒတောင်ဂိုဏ်းချုပ် ‘ရန်တိ’ နှင့် ယခု ရန်ကျောက်ကဲသာလျှင် ရှိသည်။

ယွမ်ကျန်းဖုန်းက ရယ်မောရင်း...

“အခွင့်အရေးရရင် သေချာပေါက် လာခဲ့ပါ့မယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“မြို့တော်သခင်’စုန့်’ က ယဉ်ကျေးလွန်းတယ် ၊ အခွင့်အရေးရရင် မြို့တော်သခင်ဆီက သင်ပြလမ်းညွှန်မှုတွေ ရရှိနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်ဗျာ”

စုန့်ဝူလျန် ထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများသည်လည်း ဝါဒတောင်သို့ ပြန်ခဲ့ကြ၏။ သူတို့နှင့်အတူ ဖူအန်းစု ၊ စစ်ခုန်ချင်းနှင့် အခြားသော ဝါဒတောင်သိုင်းသမားများစွာ လိုက်ပါလာကြသည်။

မီးတောက်မိစ္ဆာများ ဆုတ်ခွာသွားပြီဖြစ်သော်လည်း သူတို့၏ခြိမ်းခြောက်မှုကတော့ ရှိနေဆဲပင်။ ထို့ကြောင့် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းက ဝါရင့်အကြီးအကဲများကို အရှေ့ပင်လယ်တွင် ပုံမှန်အတိုင်းထားရှိရဦးမည် ဖြစ်သည်။

သို့သော် ဖူအန်းစုကတော့ ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် ဆေးကုသရန်အတွက် ဝါဒတောင်သို့ ပြန်ရပေမည်။ အရှေ့ပင်လယ်အကြီးအကဲနေရာတွင် ဝါဒတောင်မှ အခြားသောဝါရင့်အကြီးအကဲတစ်ယောက်နှင့် အစားထိုးရမည် ဖြစ်သည်။

ဖူအန်းစုက ခပ်ဟဟ ရယ်မောရင်း...

“အရှေ့ပင်လယ်အကြီးအကဲတွေထဲမှာ ငါက တာဝန်ထမ်းဆောင်တာ သက်တမ်းအတိုဆုံးထင်တယ်”

ယွမ်ကျန်းဖုန်းက...

“အမှန်ပဲ ၊ မင်းက တာဝန်ထမ်းဆောင်ကာလ အတိုဆုံးပဲ ၊ ဆရာလည်း ဒီလိုမဖြစ်စေချင်ပါဘူး ၊ မင်းကို တောင်ပေါ်မပြန်စေချင်တာ မဟုတ်ဘူးနော် ၊ အရှေ့ပင်လယ်မှာ ဒီလောက်တိုက်ပွဲပြင်းထန်ပြီး သေကြေပျက်ဆီးတာတွေကို မဖြစ်စေချင်တာပါ”

ဖူအန်းစုက ခေါင်းညိတ်ရင်း...

“တပည့်လည်း အရှေ့ပင်လယ်မှာ ဒီလိုမျိုးဒဏ်ရာရပြီး တောင်ပေါ်ပြန်ရလမ့်မယ်လို့ မထင်ခဲ့မိဘူး”

ရန်ကျောက်ကဲက...

“ဒီတစ်ခေါက် ဆရာဒေါ်လေး’ဖူ’ ဒဏ်ရာအပြင်းအထန်ရသွားတာ ကျွန်တော့်ကြောင့်ပါ ၊ ကျွန်တော့်ကို ကူညီပြီး မီးတောက်မိစ္ဆာတွေကို တားဆီးပေးထားလို့ ဖြစ်ရတာလေ”

ဖူအန်းစုက...

“မီးတောက်မိစ္ဆာတွေကို ချေမှုန်းနိုင်ဖို့က အဓိကပဲလေကွယ်...”

ရန်ကျောက်ကဲက...

“အခု မီးတောက်မိစ္ဆာတွေ ရှုံးနိမ့်ဆုတ်ခွာသွားရပြီ ၊ ဒါပေမဲ့ ဒီတိုက်ပွဲကြီးက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ် ၊ အခုတောင် အဲဒါတွေ စတင်နေပြီလား မသိနိုင်ဘူး”

All Chapters