← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 32 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 32 Ch. 345-346

အခန်း (၃၄၅)။

“အဲဒီမိန်းမစိုး ယန်လျန်ဟွာက မင်းသားယု အိမ်တော်မှာတုန်းက ငါ့ရုပ်ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ။ အဲဒီတုန်းက ငါ့စိတ်ဝိညာဉ်ဟာ ကလဲ့စားချေဖို့ ထွက်လာခဲ့ ပေမဲ့ သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူ့ကို ဒီနွေဦးရာသီထက် ပိုပြီး အသက်မရှင်စေရဘူးလို့ ငါ ပြောခဲ့ဖူးတယ်။ အခု နွေဦးတောင် ကုန်တော့မယ်။ ငါလည်း သူ့ကို လိုက်ရှာဖို့ အချိန်မရ တာနဲ့ ကတိပျက်တော့မလို ဖြစ်နေတာ။ ဒါပေမဲ့ အခု ဒီမှာ တည့်တည့်တိုးပြီဆိုတော့ ငါ အားနာနေမှာ မဟုတ်တော့ဘူး။”

ဟုန်ယွိသည် လက်ရှိတွင် ကိုယ်ယောင်ဖျောက်ထားသော အခြေအနေ၌ ရှိနေသည်။ ဝေဝါးသော လေဟာနယ် ပုံရိပ်ယောင်ကမ္ဘာက သူ့ကို ဝန်းရံထားသည်။ အခြားသူများက သူ့ကို မမြင်နိုင်သော်လည်း သူကမူ အားလုံးကို မြင်နေရသည်။

ဤဝက်ဝံမြို့တော်သည် ယွမ်တူးနိုင်ငံ၏ မြို့တော် မဟုတ်ပေ။ ဤနေရာတွင် ပညာရှင် အချို့ ရှိနေနိုင်သော်လည်း သူ့ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု ဟုန်ယွိ မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူသည် မိုးကြိုးကပ်ဘေး ဒုတိယအဆင့် ကျော်ဖြတ် ထားသော ပညာရှင်တစ်ဦးနှင့် ညီမျှနေပြီ ဖြစ်သောကြောင့်ပင်။ သူ၏ လှုပ်ရှားမှုကို သိရှိနိုင် ရန်မှာ သိုင်းသူတော်စင် အထွတ်အထိပ် သို့မဟုတ် မိုးကြိုးကပ်ဘေး ဒုတိယအဆင့်ကို ကျော်ဖြတ်ထားသူတစ်ဦး ဖြစ်ရန် လိုအပ်သည်။

“ဒီနေ့ မင်းတို့ သုံးယောက်စလုံး ငါ့အတွက် ဒီမှာပဲ အဆုံးသတ်ကြရတော့မယ်။”

ဟုန်ယွိက စိတ်ထဲတွင် ပြုံးလိုက်သည်။ ထိုလူသုံးယောက် ဝက်ဝံမြို့တော် မြို့တော်ဝန် အိမ်တော်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ သူသည်လည်း နံရံကို ဖြတ်ကျော်လျက် အထဲသို့ လိုက်ဝင်သွားတော့သည်။

“ဟင်..၊ ယန်လျန်ဟွာ... အခုလေးတင် တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေ သလို ငါ ခံစားလိုက်ရတယ်။” အိမ်တော်ထဲသို့ ရောက်သောအခါ ယန်လျန်ဟွာ၏ ဘေးရှိ မုတ်ဆိတ်နက်နှင့် တာအိုဆရာ၏ မျက်ခုံးများက လှုပ်ခတ်သွားသည်။ သူသည် ရုတ်တရက် ခြေလှမ်းရပ်ကာ တံခါးအပြင်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရပေ။ “ပညာရှင်တစ်ယောက်က ငါတို့ကို သတိထားမိနေတာလား။” ယန်လျန်ဟွာသည် ထိတ်လန့်သွားသည်။ သူ ဝတ်ထားသော ဝက်ဝံသားမွေးဝတ်ရုံမှ အမွေးများမှာ ဆူးများကဲ့ သို့ ထောင်ထလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော အသက်စွမ်းအားများသည် စတင် လည်ပတ်လာ၏။ သူ၏ မျက်ခွံ၊ နား၊ နှလုံးနှင့် သွေးခုန်နှုန်းများမှာ ထူးဆန်းသော စည်းချက်တစ်ခုဖြင့် ခုန်လှုပ်လာတော့သည်။

ထိုလှုပ်ရှားမှုနှင့်အတူ သူသည် နှစ်မိုင်၊ သုံးမိုင်အတွင်းရှိ အသံမှန်သမျှကို ကြားနိုင်စွမ်း ရှိလာပြီး သူ၏ အာရုံခံနိုင်စွမ်းမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

“အင်း... တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေသလိုပဲ၊ ဒါပေမဲ့ ထူးဆန်းတဲ့ အရာတော့ ငါ မခံစားရဘူး။ ငါ့ရင်ထဲမှာ တစ်ခုခု စိတ်မသန့်သလိုတော့ ခံစားနေရတယ်။” ယန်လျန်ဟွာက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့တွေ အရမ်းစိုးရိမ်လွန်နေတာပါ။ ဒီဝက်ဝံမြို့တော်က ယွမ်တူးနိုင်ငံရဲ့ ပင်မမြို့တော် ထိုက်ကျင်းမှ မဟုတ်တာ။ အခုအချိန်မှာ အစစ်မှန် ပညာရှင်တွေအားလုံးက ပင်မမြို့တော် မှာပဲ စုရုံးနေကြတာလေ။ ဒီဝက်ဝံမြို့တော်ကို ဘာလို့ လာမှာလဲ။ ဒီမှာက ချန်ပီယံမြို့စားရဲ့ သူလျှိုတွေ နေရာအနှံ့ ရှိနေတာ။ ဘယ်သူပဲလာလာ ငါတို့ သိနိုင်တယ်၊ ဒါ့အပြင်, အခုတလော ဘယ်ထူးခြားတဲ့လူမှ ပေါ်မလာခဲ့ဘူး။”

ချန်ပီယံမြို့စား၏နောက်လိုက် အနက်ရောင်ဝတ် သိုင်းသူတော်စင်က ခဏတာ သတိထား ပြီးနောက် အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“အဲဒီလိုတော့ မဟုတ်ဘူး။ ငါ့စိတ်နှလုံးက လုံးဝ ဖြူစင်တယ်လို့ မပြောနိုင်ပေမဲ့, ငါ သိုင်းသူတော်စင် အဆင့်ကို ရောက်နေတာ ဆယ်နှစ်ရှိပြီ။ ငါ့ရဲ့စိတ်နှလုံးကို အမြဲတမ်း သန့်စင်အောင် ထားတာဆိုတော့ ငါ့အာရုံခံနိုင်စွမ်းက အရမ်းမြင့်မားတယ်။ တာအိုသခင် ကျန်းခုန်းပြောတာ မှန်တယ်၊ ငါတို့ကို စောင့်ကြည့်နေတဲ့သူ ရှိတယ်။ အားလုံး ဘာမှမသိသ လို နေကြ။ အရင်ဆုံး ပိုင်ကျိချိုးနဲ့ တွေ့ကြရအောင်။”

ယန်လျန်ဟွာက ရက်စက်စွာ ပြုံးလိုက်ပြီး သူ၏ ဝတ်စုံလက်မောင်းအတွင်းမှ အသံတိုးတိုး တစ်ချက် ပြုလုပ်လိုက်ပါသည်။

ထိုလူသုံးယောက်သည် ခေါင်းညိတ်လိုက်ကြပြီး အိမ်တော်၏ ခန်းမဆောင်ကြီးထဲသို့ တစ်ဆင့်ပြီး တစ်ဆင့် ဝင်သွားကြသည်။ အိမ်တော်မှာ လုံခြုံရေး အလွန်တင်းကျပ်သော် လည်း မည်သူကမျှ ထိုလူသုံးယောက်ကို မတားဆီးကြပေ။ သူတို့သုံးယောက်သည် ဝက်ဝံမြို့တော်၌ ကြီးမားသော ဩဇာအာဏာကို ရရှိထားသည်မှာ ထင်ရှားလှသည်။

အိမ်တော် ခန်းမဆောင်အတွင်း၌ အသက် ၂၅၊ ၂၆ ခန့်ရှိသော ရုပ်ရည်သန့်ပြန့်သည့် လူငယ်တစ်ဦး ထိုင်နေသည်။ သူ၏ဘေးတွင် မည်သူမျှ မရှိသလို အခန်းထဲတွင်လည်း မီးဖိုထားခြင်း မရှိသဖြင့် အေးစက်ပြီး တိတ်ဆိတ်နေသည်။

“မင်းတို့ သုံးယောက် ငါ့ကို အိမ်တော်ထဲမှာ ချုပ်ထားတာ ဒီနေ့နဲ့ဆို နှစ်ရက်နဲ့ နှစ်ည ရှိပြီ။ မင်းတို့တွေလည်း ဝက်ဝံမြို့တော်ရဲ့ စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီလို့ ငါ ယုံကြည်ပါတယ်။” ထိုလူငယ်သည် တံခါးဝသို့ ရောက်လာသော ထိုသုံးယောက်ကို မြင်သည်နှင့် မတ်တတ်ရပ်ကာ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။ သို့သော် သူ ခြေလှမ်းလိုက်သည်နှင့် ရောင်စုံအလင်းတန်းများစွာက သူ့ရှေ့တွင် ရုတ်တရက် လင်းလက် လာပြီး လမ်းကို ပိတ်ဆို့လိုက်သည်။

“ပိုင်ကျိချိုး... မလှုပ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်။ ငါ့ရဲ့ ‘မြေကျုံ့ခြင်း’ မဟာ မှော်ပညာ ကို မင်း ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ မင်းကိုယ်မင်း မျောက်ဝံဖြူဘုရင် ပိုင်ဇိယွဲ့လို့ ထင်နေ တာလား။ မင်းက တစ္ဆေအင်မော်တယ် အဆင့်ကိုတောင် မရောက်သေးဘဲနဲ့ ငါ့ကို ယှဉ်ချင် တာလား။ ငါတို့ဆီမှာ အညံ့ခံလိုက်စမ်း၊ မင်းမိသားစုရဲ့ လုံခြုံရေးကို ငါတို့ အာမခံတယ်။ မဟုတ်ရင်တော့ ငါတို့ လက်မနှေးဘူးဆိုတာ မင်း သိထား။”

အမည်းရောင် မုတ်ဆိတ်နှင့် တာအိုသခင်ကျန်းခုန်းက အေးစက်စွာ ပြုံးလျက် ထိုလူငယ်ကို ပုရွက်ဆိတ်တစ်ကောင်အလား ကြည့်လိုက်သည်။

“မင်းတို့ရဲ့ အကြံစည်တွေက ဒီလောက်အထိ နက်ရှိုင်းလိမ့်မယ်လို့ ငါ မထင်ထားဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ငါ့ရဲ့နှင်းဝက်ဝံစစ်တပ်မှာ သူလျှိုတွေ လွှတ်ထားပြီး အရာရှိ အတော်များများကို သိမ်းသွင်းထားခဲ့တာကိုး။ အခုတော့ အောင်မြင်မယ့် အချိန် ပေါ့... ဒါပေမဲ့ ပိုင်ဇိယွဲ့သာ သိသွားရင် မင်းတို့တွေ အသက်ရှင်လျက် လွတ်နိုင်မယ် ထင်နေ လား။” (ဟာကူဇိယွဲ့နှင့် ပိုင်ဇိယွဲ့တို့က အတူတူပင် ဖြစ်ပါသည်။)

ပိုင်ကျိချိုးက တင်းမာစွာ ပြောလိုက်သည်။ “တကယ့်ကို အစွမ်းထက်တဲ့ ချန်ပီယံမြို့စားပဲ။ သူက တကယ်ကို အံ့သြဖို့ကောင်းပြီး သူ့ရဲ့သူလျှိုတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ငါ့ရဲ့ စစ်တပ်ထဲက အရာရှိ အတော်များများကို သူ သိမ်းသွင်းထားမှန်း ငါတောင် မသိခဲ့ဘူး။”

“ချန်ပီယံမြို့စားရဲ့ နည်းလမ်းနဲ့ ဗျူဟာတွေကို မင်းတို့လိုလူတွေ နားလည်နိုင်မှာ မဟုတ် ဘူး။ မျောက်ဝံဖြူဘုရင် ပိုင်ဇိယွဲ့ ဖြစ်နေရင်ကော ဘာထူးမှာလဲ။ သူလည်း မြို့စားရဲ့ လက်အောက်မှာ အမှုထမ်းရမှာပဲ။ မထမ်းဘူးဆိုရင်တော့ သေဖို့ပဲ ရှိတယ်။” အနက်ရောင် ဝတ် သိုင်းသူတော်စင်က အေးစက်စွာ ပြောလိုက်သည်။

“မြို့စားမှာ ဒီလို နည်းလမ်းတွေ ရှိလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ယွမ်တူး တစ်နိုင်ငံလုံးမှာ သူလျှိုတွေ အများကြီး လွှတ်ထားပြီး အရာရှိတွေ အများကြီးကို သိမ်းသွင်းထားခဲ့တာ။ အခု အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းက ဒုက္ခရောက်နေချိန်မှာ ခေါင်းဆောင်မရှိတဲ့ နဂါးအုပ်စုလို ဖြစ်နေတာပေါ့။ ယွမ်တူးဘုရင် တောင်မှ ဂိုဏ်းချုပ်နေရာ လုတဲ့ကိစ္စမှာ ပါဝင်နေရလို့ တိုင်းပြည်ရေးကို ဂရုမစိုက်နိုင်ဘူး။ ဒီတော့ မြို့စားရဲ့ အကြံအစည်တွေက တဖြည်းဖြည်း အောင်မြင်နေတာပေါ့။”

ယန်လျန်ဟွာက ရက်စက်စွာ ပြုံးရင်း ချီးကျူးစကား ဆိုလိုက်သည်။

“လူအိုကြီး ယန်... ခင်ဗျားနဲ့ တာအိုသခင်ကျန်းခုန်းတို့ ဒီတစ်ခါ မြို့စားနဲ့ တွေ့ခဲ့ရတာပဲ။ မြို့စားက ဘယ်လောက် ကြီးကျယ်တယ်ဆိုတာ ခင်ဗျားတို့ သိမှာပေါ့။ အိမ်ရှေ့စံမင်းသား က အမြဲတမ်း တိတ်တဆိတ် ကြံစည်တတ်ပေမဲ့ မြို့စားရဲ့ ရဲရင့်ပြတ်သားမှုနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။ အမှန်အတိုင်း ပြောရရင် မြို့စားမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓား ရှိနေပြီး သူက ကောင်းကင်ဘုံက ရွေးချယ်ထားသူပဲ။ ခင်ဗျားတို့တွေ အိမ်ရှေ့စံမင်းသားဆီမှာ အမူထမ်းတာထက် မြို့စားဆီမှာ အမူထမ်းတာက ပိုပြီး အလားအလာ ရှိတယ်။” အနက်ရောင်ဝတ် သိုင်းသူတော်စင်က ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ အိမ်ရှေ့စံမင်းသားဟာ ဒီနှစ်တွေမှာ လှည့်ကွက်တွေပဲ အသုံးပြု နေတာ။ ဒီတစ်ခါတော့ သူ အကြီးအကျယ် ရှုံးသွားခဲ့ပဲ။ သူဟာ မင်းသားယုရဲ့ လှည့်ကွက်ထဲ မိသွားသလို ထာဝရမိခင် ဖမ်းခံလိုက်ရတာတောင် သူ မကယ်နိုင်ခဲ့ဘူး။ ငါ မြို့စားနဲ့ တစ်ခါ တွေ့ခဲ့ဖူးတယ်၊ သူက တကယ်ကို ကောင်းကင်နဲ့ မြေကြီးကို အုပ်စိုးနိုင်တဲ့ ပါရမီရှင်ပဲ၊ အလုပ်ကြီးကိုင်ကြီး ဆောင်ရွက်နိုင်တဲ့ သခင်တစ်ဦးပဲ။ ငါဆိုတဲ့ တာအိုသခင်ကျန်းခုန်းက နားခိုဖို့အတွက် ကောင်းမွန်တဲ့ သစ်ပင်ကို ရွေးချယ်တတ်တဲ့ ငှက်တစ်ကောင်ပဲ။” မုတ်ဆိတ်နက် တာအိုဆရာက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက မဟာလေဟာနယ်လက်ဝါးကို အဆင့်ကိုးအထိ ကျင့်ကြံ ထားပြီး၊ အင်မော်တယ်မူလဝိညာဉ်အဆင့်ကို ရောက်နေပြီ။ သူက ဟင်းလင်းပြင်ကို တစ်ချက်တည်းနဲ့ အေးခဲစေနိုင်သလို မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းထောင်ချီ ခရီး နှင်နိုင်တယ်။ ဒါ့အပြင် အိမ်ရှေ့စံမင်းသားမှာ အစွမ်းထက်တဲ့ မှော်ရတနာတွေလည်း ရှိနေ တော့ ငါ စိုးရိမ်မိတယ်...” ယန်လျန်ဟွာက လေးနက်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ မြို့စားက မင်းတို့အတွက် အားလုံး စီစဉ်ပေးပါလိမ့်မယ်။ အိမ်ရှေ့စံမင်းသား လား။ တကယ်လို့, သူသာ ကောင်းကောင်းမွန်မွန် မနေဘူးဆိုရင်... မြို့စားက သေတာ ထက် ပိုဆိုးတဲ့ အရသာကို ခံစားခိုင်းလိမ့်မယ်။”

“ကောင်းပြီ၊ ပိုင်ကျိချိုးကို ဘယ်လိုလုပ်ကြမလဲ။ သတ်ပစ်မလား ဒါမှမဟုတ်...။” တာအို သခင်ကျန်းခုန်းက မေးလိုက်သည်။

“ငါတို့က စစ်တပ်ကို ယာယီ ထိန်းချုပ်ထားနိုင်ပေမဲ့ အချိန်ကြာသွားရင် မြို့ထဲကလူတွေရဲ့ စိတ်ဓာတ်တွေ မငြိမ်မသက်ဖြစ်လာပြီး၊ စစ်တပ်ကလည်း ပုန်ကန်လာနိုင်တယ်။ သူက ဝက်ဝံမြို့တော်ရဲ့ မြို့တော်ဝန်လေ၊ လူတွေကို ငြိမ်ဝပ်အောင် သူ လုပ်ပေးနိုင်တယ်။ ပြီးတော့ ငါတို့ ဒီမြို့မှာ အချိန်ဖြုန်းနေလို့ မရဘူး၊ အခြားမြို့တွေကို မြန်မြန်သွားပြီး စစ်တပ် တွေကို ထိန်းချုပ်ကာ မြို့စားအတွက် လမ်းခင်းပေးရမယ်။ ဒါပေမဲ့ သူက တကယ်ပဲ ကောင်းကောင်းမွန်မွန် မနေဘူးဆိုရင်တော့ ငါတို့ သူ့ကို သတ်ပစ်ဖို့ပဲ ရှိတယ်။”

အနက်ရောင်ဝတ် သိုင်းသူတော်စင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ “ပိုင်ကျိချိုး... မင်း အခုထိ လက်မခံသေးဘူးဆိုရင် ငါ မင်းရဲ့မိသားစုတစ်ခုလုံးကို သတ်ပစ်ရလိမ့်မယ်။ မင်းလည်း ဒီမှာပဲ သေရလိမ့်မယ်။ တကယ်လို့, မင်းသာ မြို့စားဆီမှာ အမှုထမ်းမယ်ဆိုရင်, ဒီကိစ္စတွေ အောင်မြင်ပြီးသွားတဲ့အခါ မင်းကို ယွမ်တူးနိုင်ငံရဲ့ ဘုရင်အဖြစ် ခန့်အပ်မယ်လို့ မြို့စားက ကတိပေးထားတယ်။”

“ဟွန်း... ယွမ်တူးနိုင်ငံရဲ့ ဘုရင်တဲ့လား။ ငါ့ရဲ့အရည်အချင်းက နိမ့်ပါးလွန်းတယ်။ ဒါမျိုးကို ဘယ်လို လုပ်နိုင်မှာလဲ။ ချန်ပီယံမြို့စားက အရမ်းကြီးမားတဲ့ ကတိကို ပေးနေတာပဲ။” ပိုင်ကျိချိုးက အေးစက်စွာ ပြောလိုက်သည်။

“ဟား…၊ ဟား…၊ ဟား…၊ ဟား” အနက်ရောင်ဝတ် သိုင်းသူတော်စင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်း မလုပ်နိုင်ဘူးလား။ မြို့စားက မင်းလုပ်နိုင်တယ်လို့ ပြောရင် မင်း လုပ်နိုင်ရမယ်။ မြို့စားက သူ မထွက်ခွာခင်မှာ မင်းကိုပေးဖို့ လင်္ကာတစ်စုံ ငါ့ကို ပေးခဲ့တယ်။ မင်း ကြည့်လိုက်ပါဦး။”

“ကောင်းပြီ။”

တာအိုသခင်ကျန်းခုန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ လင်္ကာ သုံးကြောင်းပါသည့် စာတန်း တွေက အခန်းထဲကို ပျံဝင်သွားပြီး နံရံမှာ ကပ်သွားပါသည်။ ထိုစာလုံးများမှာ လောကကြီး ကို အုပ်စိုးတော့မည့်အလား ခံ့ညားလှသည်။

ပထမစာကြောင်းမှာ - ငါက မင်း လုပ်နိုင်တယ်လို့ ပြောရင် မင်း လုပ်နိုင်ရမယ်။ မင်း မလုပ်နိုင်ရင်တောင် မင်း လုပ်နိုင်အောင်လုပ်ရမယ်။ ဒုတိယစာကြောင်းမှာ - ငါက မင်း မလုပ်နိုင်ဘူးလို့ ပြောရင် မင်း မလုပ်နိုင်ရဘူး။ မင်း လုပ်နိုင်ရင်တောင် မင်း မလုပ်နိုင်ရဘူး။ အပေါ်ဆုံးစာကြောင်းကတော့ . ငြင်းဆန်ခွင့် မရှိစေရ။

ရိုးရှင်းသော လင်္ကာတစ်ပုဒ် ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီး၏ ဖန်ဆင်းရှင်ကို အုပ်စိုးလိုသည့် စိတ်ဓာတ်ကို ထင်ရှားစွာ ဖော်ပြနေသည်။ စာလုံးများမှာ ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါး ရေးသားထားသကဲ့သို့ပင်။

ပိုင်ကျိချိုးသည် ကြည့်လိုက်ရာ ပထမတွင် မထီမဲ့မြင်ပြုသော်လည်း နောက်ပိုင်းတွင် လေးနက်သွားပြီး နောက်ဆုံးတွင် မျက်နှာမှာ ဖြူလျော်သွားကာ ကုလားထိုင်ပေါ်သို့ ပြန်ကျ သွားတော့သည်။ ထိုအခြေအနေကို မြင်သောအခါ ထိုသုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်ကြသည်။

“ဒါ... ဒီချန်ပီယံမြို့စားက အရမ်းကို မောက်မာလွန်းတာပဲ။” ဤအချိန်တွင် ဟုန်ယွိသည် အားလုံးကို မြင်နေရသည်။ ဝက်ဝံမြို့တော်တစ်ခုလုံး ဤမျှ ဆိုးရွားသည့် အခြေအနေသို့ ရောက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ချန်ပီယံမြို့စားသည် သူလျှိုများစွာကို စေလွှတ်ထားပြီး စစ်အရာရှိများကို သိမ်းသွင်းထားခဲ့သည်။ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း တွင် တစ်ခုခုဖြစ်သည်နှင့် သူသည် ချက်ချင်းပင် စစ်တပ်ကို အာဏာသိမ်းစေကာ မြို့တော် ဝန်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ပိုင်ကျိချိုး အညံ့ခံရန် စောင့်နေခြင်း ဖြစ်သည်။ မကြာမီ ဝက်ဝံမြို့တော်တစ်ခုလုံး၊ စစ်သည်သန်းပေါင်းများစွာနှင့် အဆုံးမဲ့သော စည်းစိမ်ချမ်းသာ များသည် ချန်ပီယံမြို့စား၏ လက်ထဲသို့ ရောက်ရှိသွားတော့မည်။

ချန်ပီယံမြို့စားတွင် အမှန်တကယ်ပင် လှည့်ကွက်များစွာ ရှိနေသည်။ သူသည် နှစ်ပေါင်း များစွာ နယ်ပယ်အနှံ့ တိုက်ခိုက်နေစဉ်အတွင်း ဤစစ်တုရင်ရုပ်များကို ကြိုတင် ချထားခဲ့ ခြင်း ဖြစ်သည်။

ထိုမျှတင်မကသေးပေ။ အဓိကမှာ ဤလင်္ကာ ဖြစ်သည်။ ဟုန်ယွိသည် ဆက်ပြီး အောင့်မ ထားနိုင်တော့ပေ။

ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင်မှ ဤကဲ့သို့ မောက်မာသော စကားလုံးနှင့် လင်္ကာမျိုးကို သုံးလိမ့်မည် မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် ဟုန်ယွိသည် ဤမျှ မောက်မာသော လင်္ကာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

လှပသော စကားလုံးများ၊ ဆန်းပြားသော အသုံးအနှုန်းများ မပါဝင်သော်လည်း ပါဝင်သော စာပေပညာသိမြင်မှုမှာ သူကိုယ်သူ ‘ဖန်ဆင်းရှင်’ သို့မဟုတ် ‘စကြာဝဠာသခင်’ အဖြစ် သတ်မှတ်ထားသည့် အလားပင်။ စာပေပညာရှင်ဖြစ်သော ဟုန်ယွိပင်လျှင် ဤစကားလုံး အထားအသိုမှာ အရမ်းကို မောက်မာလွန်းသည်ဟု ခံစားရသည်။ သူသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် အရူးတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

“ငြင်းဆန်ခွင့် မရှိစေရ ဟုတ်လား... ချန်ပီယံမြို့စားက အရမ်းကို မောက်မာတာပဲ။ ဒီနေ့ မင်းတို့ သုံးယောက် ငါ့ဆီမှာ အညံ့ခံမလား ဒါမှမဟုတ် ချက်ချင်း အသေခံမလား။ ဒီလင်္ကာ ကို ငါ လက်ခံလိုက်မယ်။ ပြီးရင် ငါကိုယ်တိုင် ချန်ပီယံမြို့စားဆီကို သွားပေးလိုက်မယ်။”

ယန်လျန်ဟွာ၊ တာအိုသခင်ကျန်းခုန်းနှင့် အနက်ရောင်ဝတ် သိုင်းသူတော်စင်တို့ လင်္ကာကို ချိတ်ဆွဲလိုက်သည်နှင့် ကောင်းကင်မှ ကျယ်လောင်သော အသံကြီး ကျဆင်းလာပြီး၊ ဥခွံပုံစံ အလင်းအကာအရံတစ်ခု ပေါ်ထွက်လာသည်။ ဟုန်ယွိ အသွင်ပြောင်းထားသော စစ်နတ်ဘုရား ပုံရိပ်သည် အိမ်တော်အတွင်း၌ ထင်ရှားစွာ ပေါ်လာတော့သည်။

အခန်း (၃၄၆)။

“မင်း နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီလား။ မြို့စားရဲ့ အစီအစဉ်ကို ဖျက်ဆီးရအောင် မင်း ဘယ်လိုတောင် သတ္တိရှိနေတာလဲ။”

ကောင်းကင်မှ ကျဆင်းလာသော ဥခွံပုံစံ အလင်းအကာအရံကို မြင်သည်နှင့် ယန်လျန်ဟွာ၊ တာအိုသခင်ကျန်းခုန်းနှင့် အနက်ရောင်ဝတ် သိုင်းသူတော်စင်တို့သည် မျက်စိတစ်မှိတ် အတွင်း စုစည်းလိုက်ကြပြီး တြိဂံပုံစံ နေရာယူလိုက်ကြသည်။ သူတို့၏ ခြေလှမ်းများမှာ “ပါရမီရှင်သုံးပါးအစီအရင်” ကို ဖော်ဆောင်လိုက်ခြင်း ဖြစ်ပြီး အရပ်မျက်နှာအသီးသီးမှ ရုတ်တရက် တိုက်ခိုက်မှု မှန်သမျှကို ရင်ဆိုင်ရန် လုံလောက်လှသည်။

ဤသုံးယောက်သည် ဤကမ္ဘာလောကတွင် ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ သူတို့မှာ အထွတ်အထိပ်အဆင့် ပညာရှင်များ မဟုတ်ကြသော်လည်း အမည်ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့သည် အဓိကဂိုဏ်းကြီးများ၏ ခေါင်းဆောင်များ၊ တာအိုကျောင်းများ၏ အကြီးအကဲများနှင့် အဆင့်တူကြသည်။ သူတို့သည် တိုက်ပွဲပေါင်း ရာချီ ဆင်နွှဲခဲ့ဖူးသဖြင့် အတွေ့အကြုံ အလွန်ရင့်ကျက်ကြပြီး သူတို့၏ စိတ်ဝိညာဉ်များမှာလည်း အာရုံခံနိုင်စွမ်း အလွန်မြင့်မားကြသည်။

တစ္ဆေအင်မော်တယ်များနှင့် သိုင်းသူတော်စင်များမှာ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြပြီး၊ ဟုန်ယွိ၊ သူတော်စင် တောက်ဖူနှင့် တူယွမ်တို့ကဲ့သို့ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူ များမှာမူ အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဥဒေါင်းဘုရင်၊ ကောင်းကင်မြေဘုရင်မ၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်နှင့် မိုနိုဂါတာရီတို့မှာမူ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ နဂါးများကဲ့သို့ပင် လူတိုင်းက သူတို့ကို သိကြသော်လည်း မည်သူမျှ မမြင်ဖူးကြပေ။

မြို့တော်ဝန် အိမ်တော်အတွင်းသို့ စစ်နတ်ဘုရား၏ ခန္ဓာကိုယ် ဆင်းသက်လာသည်ကို မြင်သောအခါ ယန်လျန်ဟွာ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး တုန်ရီသော အသံဖြင့် ပြောလိုက်သည်။

“မင်းက ထာဝရမိခင်ကို ဖမ်းခဲ့တဲ့ တာအိုသခင်ပဲ. စစ်နတ်ဘုရားကျမ်းကို ကျင့်ကြံထားတဲ့ လူ မဟုတ်လား။” မုတ်ဆိတ်နက်နှင့် တာအိုသခင်ကျန်းခုန်းက ဟုန်ယွိကို ကြည့်ရင်း မေးလိုက်သည်။

“ဟဲဟဲ... မင်းက မြို့စားရဲ့ ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးကို ခိုးယူသွားပေမဲ့ မင်းလည်း ကောင်းကောင်းနေရတာ မဟုတ်ပါဘူး။ အဲဒီကျောက်တုံးထဲက သက်ရှိ ပေါက်ဖွား မလာအောင် မင်းရဲ့ စွမ်းအားတွေနဲ့ ဖိနှိပ်ထားရတယ် မဟုတ်လား။ ငါ မင်းကို ပြောပြမယ်၊ မြို့စားက အဲဒီကျောက်တုံးထဲက သန္ဓေသားထဲမှာ သူ့ဝိညာဉ်မျိုးစေ့ တစ်ခုကို စိုက်ထားခဲ့တာ။ ဒီလောကမှာ ဘယ်သူမှ အဲဒါကို ဖယ်ရှားလို့ မရဘူး။ အနှေးနဲ့အမြန် အဲဒါ က ပေါက်ဖွားလာမှာပဲ။ မင်း ဘယ်လောက်ပဲ ဖိနှိပ်ထားပါစေ၊ မင်းရဲ့ စွမ်းအားတွေပဲ အလဟဿ ကုန်သွားလိမ့်မယ်။ မင်း ကောင်းကောင်းမွန်မွန် နေချင်ရင်တော့ မြို့စားနဲ့ ပြန်လည် စေ့စပ်ပြီး အဲဒီကျောက်တုံးကို ပြန်ပေးလိုက်ပါ။ မဟုတ်ရင်တော့ မင်း ခံစားရမယ့် အကျိုးဆက်ကို မင်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး။” အနက်ရောင်ဝတ် သိုင်းသူတော်စင် က အေးစက်စွာ ပြောလိုက်သည်။

သူသည် ဟုန်ယွိ၏ စစ်နတ်ဘုရားပုံရိပ်ကို မှတ်မိသည်။ ၎င်းမှာ နွေဦးမိုးကြိုး ပစ်စဉ်အတွင်း ကျောက်စိမ်းနဂါးတောင်ပေါ်၌ ဖန်ရှင်းတာအိုဂိုဏ်းထံမှ ကောင်းကင်တိုင် နတ်ဘုရား ကျောက်တုံးကို လုယူသွားသော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုသခင် ဖြစ်သည်။

ထိုတာအိုသခင် မည်မျှအစွမ်းထက်သည်ကို သူ သိသော်လည်း စကားအပြောဖြင့်တော့ အရှုံးမပေးနိုင်ပေ။

“ခိုးတယ် ဟုတ်လား။ အဲဒီနေ့က ချန်ပီယံမြို့စားရဲ့ လက်အောက်က သိုင်းပညာရှင် ၃၆ ယောက်၊ ဖန်ရှင်းတာအိုဂိုဏ်း ခေါင်းဆောင်၊ နတ်လင်းယုန်ဘုရင်နဲ့ အခြားသူတွေ ငါ့ကို တားဖို့ ကြိုးစားခဲ့ကြပေမဲ့ ငါက သူတို့ကို ပုရွက်ဆိတ်တွေလိုပဲ လွှင့်စင်သွားအောင် လုပ်ခဲ့ တာလေ။ ချန်ပီယံမြို့စားက ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို သုံးတာတောင် ငါ့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ငါက ငါ့ကိုယ်ပိုင်ခွန်အားနဲ့ ဒီဝိညာဉ်ကျောက်တုံးကို ရခဲ့တာ။ ကောင်းကင်ဘုံရဲ့ ရတနာဆိုတာ အရည်အချင်းရှိတဲ့ လူနဲ့ပဲ ထိုက်တန်တာ။ ချန်ပီယံမြို့စား မှာ အဲဒီရတနာကို ကာကွယ်ဖို့ အရည်အချင်း မရှိဘူးဆိုမှတော့ အဲဒါက သဘာဝအတိုင်း သူ့အပိုင် မဟုတ်တော့ပေါ့။”

ဟုန်ယွိသည် အနက်ရောင်ဝတ် သိုင်းသူတော်စင်ကို ကြည့်ကာ လက်ကို အနည်းငယ် မြှောက်လိုက်သည်။ “မင်းတို့ သုံးယောက် ပူးပေါင်းရင်, ကမ္ဘာကြီးကို လွှမ်းမိုးနိုင်တာမှန်ပေ မဲ့ ငါ့ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ ငါ့ဆီမှာ အညံ့ခံမလား၊ အသေခံမလား။ ရွေးချယ်ကြစမ်း။”

“မင်း ထာဝရမိခင်ကို အနိုင်ယူခဲ့ပေမဲ့ သူမရဲ့ မဟာလေဟာနယ်လက်ဝါးက မပြည့်စုံသေး ဘူး။ ငါကတော့ မင်း သူမရဲ့ နတ်ဘုရားခုနှစ်ပါး စွမ်းအားကို စုပ်ယူပြီး ပြန်ကျင့်ထားတဲ့ မင်းရဲ့ မဟာလေဟာနယ်လက်ဝါးက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ သိချင်နေ ပြီ။ ငါ့ကို မင်းဆီမှာ အညံ့ခံစေချင်ရင် အရင်ဆုံး ငါ့ကို အနိုင်ယူပြစမ်း။”

တာအိုသခင်ကျန်းခုန်း၏ မျက်နှာမှာ တည်ငြိမ်သွားသည်။ သူ၏ ဦးခေါင်းနောက်ကွယ်တွင် အလင်းကွင်း ၈ ကွင်း ပေါ်ထွက်လာရာ ၎င်းမှာ ထာဝရမိခင်ထက် တစ်ခု ပိုများနေသည်။ သူ၏ မဟာလေဟာနယ်လက်ဝါးမှာ ပိုမိုသိပ်သည်းလှသည်။

ထိုအလင်းကွင်း ၈ ကွင်းမှာ တဖျတ်ဖျတ် လင်းလက်နေပြီး ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသည်။ သက္ကတကျမ်းစာ ရွတ်ဖတ်သံများ အသံသဲ့သဲ့ ကြားနေရပြီး ရောင်စုံ အလင်းတန်းများထဲမှ ရွှေရောင်စာလုံးများ ထွက်ပေါ်လာသည်။ သူ၏စွမ်းအားမှာ ထာဝရ မိခင်ထက် များစွာ ပိုမိုအားကောင်းလှသည်။ အိမ်ရှေ့စံမင်းသား၏ စွမ်းအားကဲ့သို့ ကောင်းကင်နှင့် မြေကြီး၊ တောင်တန်းနှင့် မြစ်များကို အရောင်ပြောင်းလဲနိုင်လောက် အောင် မကြီးကျယ်သော်လည်း ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်မှာမူ ဖန်သားများ ကွဲအက် နေသကဲ့သို့ တဂျိဂျိ မြည်အသံများ ထွက်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် ထိုအလင်းကွင်း ၈ ခုသည် ယန်လျန်ဟွာနှင့် အနက်ရောင်ဝတ် သိုင်းသူတော်စင်တို့ကိုလည်း ဝန်းရံထားပြီး၊ ၎င်းတို့သည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရောင်စုံချပ်ဝတ်တန်ဆာ တစ်ခုအလား ဖြစ်ပေါ်နေသည်။

ထိုချပ်ဝတ်တန်ဆာမှာ သိုင်းသူတော်စင် နှစ်ဦး၏ အသက်စွမ်းအား၊ သွေးစွမ်းအားများနှင့် ဆက်နွှယ်နေပုံရသည်။ သူတို့နှစ်ဦး၏ သွေးစွမ်းအားများမှာ ဆူပွက်နေသော်လည်း ရောင်စုံ ချပ်ဝတ်ကို မည်သို့မျှ မထိခိုက်ပေ။ သူတို့သုံးယောက်မှာ အချိန်ကြာမြင့်စွာ အတူတကွ လေ့ကျင့်ထားကြခြင်းဖြစ်ပြီး စိတ်ချင်းဆက်သွယ်ကာ တိုက်စစ်နှင့် ခံစစ်ကို တစ်ဦးတည်း ကဲ့သို့ ဆောင်ရွက်နိုင်ကြသည်မှာ ထင်ရှားလှသည်။

ဖျစ်…၊ ဖျစ်…၊

ဤပြောင်းလဲမှုမှာ ခဏချင်းအတွင်း ပြီးဆုံးသွားသည်။ တာအိုသခင်ကျန်းခုန်း၏ ဦးခေါင်း နောက်ကွယ်ရှိ အလင်းကွင်းများထဲမှ ထန်းရွက်ယပ်တောင် အရွယ်အစားရှိသော လက်ဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ လက်ဝါးပေါ်ရှိ လက္ခဏာမျဉ်းကြောင်းများမှာ ထင်ရှားလှ ပြီး လက်ဝါးအလယ်တွင် ဝေဝါးသော ““卍” Swastika၊” ပုံစံ သင်္ကေတတစ်ခု ရှိနေသည်။

ထိုလက်ဝါး ထွက်ပေါ်လာသောအခါ ရမ်းသန်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ ရုတ်တရက် လက်ဟန် စည်းတံဆိပ်တစ်ခုအဖြစ် ဖော်ဆောင်လိုက်သည်။ လက်မနှင့် လက်ညှိုးကို ထိကပ်လိုက်ရာ ဝိုင်းစက်ပြားချပ်သော ပုံစံဖြစ်သွားပြီး ကျန်လက်ချောင်း သုံးချောင်းမှာ လုံးဝန်းကာ ဖြန့်ကားနေသည်။ ဤလက်ဟန်စည်းတံဆိပ်ကို ဖော်ဆောင်လိုက်သည်နှင့် ထူးဆန်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာပြီး မဟာလေဟာနယ်လက်ဝါးထံမှ ရှင်းပြ၍ မရသော စွမ်းအားများ ထွက်ပေါ်လာတော့သည်။

“ဒါလာ ဘယ်လို လက်သီးစည်းတံဆိပ်မျိုးလဲ။ မဟာလေဟာနယ်လက်ဝါးနဲ့ ပေါင်းစပ် လိုက်တော့ ဒီလောက်တောင် အစွမ်းထက်လာတာလား။” ဟုန်ယွိသည် ချက်ချင်း ထိုစွမ်းအားကို ခံစားလိုက်ရသည်။ တာအိုသခင်ကျန်းခုန်း၏ မဟာလေဟာနယ်လက်ဝါး ကို ဖော်ဆောင်လိုက်သည်နှင့် ဟုန်ယွိ၏ကိုယ်ပိုင် လေဟာနယ်ဝန်းကျင်မှာ ပြိုကွဲတော့ မည့်အလား တုန်ခါသွားသည်။

“သွားစမ်း။”

ဟုန်ယွိ၏ အံ့အားသင့်နေမှုကို မြင်သော် တာအိုသခင်ကျန်းခုန်းသည် မည်သို့မှ တုန့်ပြန် မပြောဘဲ အော်ဟစ်လိုက်ရာ ထူးဆန်းသော မဟာလေဟာနယ်လက်ဝါးသည် ဟုန်ယွိထံသို့ ပြေးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ယန်လျန်ဟွာနှင့် အနက်ရောင်ဝတ် သိုင်းသူတော်စင်တို့သည် ဟစ်ကြွေးပြီး သူတို့၏ လက်နက်များကို ထုတ်လိုက်ကြသည်။ ဓားတစ်စင်းနှင့် ဆေဘာတစ်စင်းတို့မှာ ဟုန်ယွိထံသို့ ဦးတည်ကာ တိုက်ခိုက်လာကြသည်။

သူတို့ကို ဝန်းရံထားသော အလင်းကွင်း ၈ ကွင်းကြောင့် ထိုသိုင်းသူတော်စင် နှစ်ဦးမှာ ပျံသန်းနိုင်သည့်အလား အလွန်လျင်မြန်နေကြသည်။ သူတို့နှစ်ဦးသည် အစွမ်းထက်သော လက်သီးများ၊ သွေးစွမ်းအားများ၊ ဓားအလင်းတန်းများနှင့်အတူ ဟုန်ယွိထံသို့ အရှိန်ဖြင့် ပြေးဝင်လာရာ စစ်နတ်ဘုရား၏ ရှေ့မှ လေထုထဲတွင် အက်ကြောင်းများပင် ပေါ်ထွက်လာ သည်။

အကယ်၍ တစ္ဆေအင်မော်တယ် တစ်ဦးသာ ဤသိုင်းသူတော်စင် နှစ်ဦး၏ တိုက်ခိုက်မှုကို ခံရပါက ပြင်းထန်စွာ ဒဏ်ရာရနိုင်သလို စိတ်ဝိညာဉ်ပင် လွင့်စင်သွားနိုင်ပေသည်။

သို့သော် ဟုန်ယွိ၏ စစ်နတ်ဘုရား ပုံရိပ်မှာမူ သွေးစွမ်းအားများ၏ သက်ရောက်မှုကို လုံးဝ မခံရပေ။ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ အထွတ်အထိပ်သို့ ရောက်နေသော သိုင်းသူတော်စင် သို့မဟုတ် ဆေဘာသူတော်စင် ဂွန်ယန်ယုကဲ့သို့ ပုဂ္ဂိုလ်မျိုးသာလျှင် စစ်နတ်ဘုရားကို လှုပ်ခါအောင် လုပ်နိုင်လိမ့်မည်။

စစ်နတ်ဘုရားသည် လက်ကို ဝှေ့ယမ်းလိုက်ရာ “မဟာကျိ နတ်ဘုရားဆေဘာ” သည် သူ၏ လက်ထဲတွင် ပေါ်လာသည်။ သူသည် သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သော်လည်း “ကောင်းကင်နှင့်မြေကြီး မီးဖို” စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဆေဘာစွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသိုင်းသူတော်စင် နှစ်ဦး ၏ လက်နက်များကို ရိုက်ခတ်သွားတော့သည်။

သို့သော် လက်ဝါးစည်းတံဆိပ်ရိုက်ချက်မှ ထွက်ပေါ်လာသော မဟာလေဟာနယ် လက်ဝါး မှာမူ အလွန်တရာ အစွမ်းထက်လှသည်။ စည်းတံဆိပ်နှင့် မဟာလေဟာနယ်လက်ဝါး ပေါင်းစပ်မှုကြောင့် စွမ်းအားမှာ အဆပေါင်းများစွာ တိုးပွားလာသည်။

ရုတ်တရက် ဟုန်ယွိ၏ စစ်နတ်ဘုရား ခန္ဓာကိုယ်ပေါ်တွင်လည်း အလင်းကွင်း ၈ ကွင်း ပေါ်လာသည်။ ထိုအလင်းကွင်းများ တုန်ခါသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာလေဟာနယ်လက်ဝါးအဖြစ် ပြောင်းလဲသွားသည်။ ဟုန်ယွိ၏ လက်ညှိုးနှင့် လက်ခလယ်တို့မှာ ကွင်းပုံစံဖြစ်သွားပြီး “ကမ္မဗုဒ္ဓ”၏ လက်ဟန်အသွင် ဖော်ဆောင်လိုက် သည်။

ဝုန်း!

ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးနှင့် တာအိုသခင်ကျန်းခုန်း၏ လက်ဝါးရိုက်ချက်တို့ ထိပ်တိုက် တွေ့ဆုံကြသည်။ ထိုနှစ်ခု ရိုက်ခတ်မိသောအခါ တာအိုသခင်ကျန်းခုန်း၏ လက်ဝါးပုံရိပ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အလင်းတန်းများစွာအဖြစ် သူ၏ ဦးခေါင်းနောက်ကွယ်ရှိ အလင်းကွင်း ၈ ခုထဲသို့ ပြန်လည် စုစည်းသွားသည်။ တာအိုသခင် ကျန်းခုန်းမှာလည်း လေထဲသို့ လွင့်စင်သွားတော့သည်။

“ထွက်ပြေးဖို့ ကြိုးစားတာလား။ အောက်ကို ဆင်းခဲ့စမ်း။”

ဟုန်ယွိက ရုတ်တရက် ဟစ်အော်လိုက်သည်။ မဟာလေဟာနယ်လက်ဝါးမှာ ပုံစံပြောင်း သွားပြီး လေထဲသို့ ပျံတက်ကာ “အမှောင်နတ်ဘုရား ဟိန်းသံ” အဖြစ် ပြန့်နှံ့သွားသည်။ ထိုအသံ၏ တုန်ခါမှုကြောင့် ထိုသုံးယောက်လုံး၏ စိတ်ဝိညာဉ်များ တုန်လှုပ်သွားကြသည်။

“မွေးဖွားခြင်းမရှိ၊ အကန့်အသတ်မဲ့ခြင်း၊ အရာခပ်သိမ်းသည် အနာဂတ်သို့ ဝင်ရောက်ကြ လော့၊ မဟာစကြဝဠာလောကကြီး၊ အထပ်ထပ်သော စက်ဝန်းများ ဖြစ်ပေါ်စေသတည်း။”

ဟုန်ယွိက ထပ်မံ အော်ဟစ်လိုက်ရာ အလင်းကွင်း ၈ ခုမှာ လေထဲသို့ ပျံတက်သွားပြီး ထိုသုံးယောက်ကို ဝန်းရံလိုက်သည်။ ထိုခဏတွင် သူတို့သုံးယောက်မှာ ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားရပြီး ပိတ်မိကာ ပြန်လည် ဆွဲတင်ခြင်း ခံလိုက်ရသည်။

“မင်းတို့ကောင်တွေ ထွက်ပြေးချင်လို့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက ‘မြေကျုံ့ ခြင်း’ မဟာမှော်ပညာနည်းလမ်းကို သုံးထားတာ။ မင်းတို့တွေက မိုးကြိုးကပ်ဘေးကို တောင် မကျော်ဖြတ်ရသေးဘဲနဲ့ တကယ်ပဲ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား။”

ဟုန်ယွိသည် သူ၏ ရောင်စုံအလင်းတန်းများက တာအိုသခင်ကျန်းခုန်း၊ ယန်လျန်ဟွာနှင့် အနက်ရောင်ဝတ် သိုင်းသူတော်စင်တို့ကို ပတ်ပတ်လည် ဝန်းရံထားသည်ကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ သူသည် လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ အလင်းကွင်း ၈ ခုမှာ မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လာတော့သည်။

“ဒါ ဘယ်လို လက်ဝါးတံဆိပ်မျိုးလဲ။ ‘မဟာလေဟာနယ် လက်ဝါး’ ရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ‘မဟာမုဒြာ ကိုးပါး’ ကို အိမ်ရှေ့စံမင်းသား တစ်ယောက်ပဲ သိတာ မဟုတ်လား။ ငါတောင်မှ ‘လေဟာနယ်ထိန်းချုပ်ခြင်း လက်ဝါးတံဆိပ်’ တစ်ခုပဲ ရထားတာ။ ထာဝရမိခင်ဆိုရင် ဘာမှ မရခဲ့ဘူး။ မင်း ထာဝရမိခင်ကို ဖမ်းပြီး သူမရဲ့ဝိညာဉ်ကို နှိပ်စက်ပြီး လျှို့ဝှက်ချက်ကို မေးခဲ့ရင်တောင် အဲဒီတံဆိပ်တွေ ဘယ်လို ဖော်ဆောင်ရလဲဆိုတာ သင်ယူဖို့ မဖြစ်နိုင်ဘူး။ မင်း ခုနက သုံးသွားတာ မဟာလေဟာနယ် လက်ဝါးရဲ့ ဘာလက်ဝါးတံဆိပ်လဲ။”

တာအိုသခင်ကျန်းခုန်းသည် မြေပြင်သို့ ဆင်းသက်လာသည်နှင့် ဟုန်ယွိကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူသည် တိုက်ခိုက်လိုစိတ် လုံးဝ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူ ဒဏ်ရာ မရရှိသလို ဦးခေါင်းနောက်ကွယ်ရှိ အလင်းကွင်းများက သူ့ကို ကာကွယ်ပေးနေသော်လည်း သူသည် ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ ရုန်းမထွက်နိုင် ဖြစ်နေသည်။ သူသည် လှောင်အိမ်ထဲက ငှက်၊ အိုးထဲက လိပ် ဖြစ်နေပြီ ဖြစ်သည်။

“ငါ့ရဲ့ မဟာလေဟာနယ်လက်ဝါးက အိမ်ရှေ့မင်းသားထက် အများကြီး ပိုပြီး နက်နဲတယ်။ သူသိတဲ့ လက်ဝါးတံဆိပ် ၉ ခုဆိုတာ ဘာမှ မဟုတ်ဘူး။” ဟုန်ယွိက တာအိုသခင်ကျန်းခုန်း ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

‘ငါ ထင်ထားတဲ့အတိုင်းပဲ၊ မဟာလေဟာနယ်လက်ဝါးက ဒီလောက် မရိုးရှင်းဘူး။ အဲဒါကို စည်းတံဆိပ်တစ်ခုနဲ့ တွဲဖက်အသုံးပြုဖို့ လိုနေတာပဲ။ တကယ်လို့ ငါသာ ဆုမူရဲ့ “ထာဝရ ခေါင်းလောင်း” ဆီကနေ တစ်ခုခု မသင်ယူခဲ့ရဘူးဆိုရင်၊ ပြီးတော့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကျမ်းတွေကို မပေါင်းစပ်နိုင်ခဲ့ဘူးဆိုရင် ဒီတာအိုသခင်ကျန်းခုန်း လွတ်သွားဖို့ အခွင့်အရေး ရှိသွားလိမ့်မယ်။ မဟာလေဟာနယ်လက်ဝါးနဲ့ ဓမ္မစည်းတံဆိပ် ပေါင်းစပ်မှုက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။”

ဟုန်ယွိသည် ထိုသို့ပြောလိုက်သော်လည်း သူ၏ အတွေးတစ်ခုကို မသိလိုက်ဘဲ အတည်ပြု လိုက်မိသည်။

ထိုစဉ်က သူသည် ဆုမူ၏ “ထာဝရနတ်ဘုရားခေါင်းလောင်း”ထဲတွင် ပိတ်မိနေခဲ့ပြီး၊ “မီးလျှံနဂါးကိုးကောင်”၏ လောင်မြိုက်မှုကို ခံခဲ့ရသည်။ မူလက ဟုန်ယွိသည် လွတ်မြောက်ရန် အတော်လေး ကြိုးစားခဲ့ရသော်လည်း ခဏချင်းအတွင်းမှာပင် “ကမ္မဗုဒ္ဓ” ၏ လက်ဝါးပုံရိပ်ကို မဟာလေဟာနယ်လက်ဝါးထဲသို့ ပေါင်းစပ်လိုက်မိသည်။ ထို့နောက် “အတိတ်ကျမ်းစာ” ကို သုံးပြီး လှုပ်ရှားလိုက်ရာ “ထာဝရနတ်ဘုရားခေါင်းလောင်း” ကို ချက်ချင်း ဖျက်ဆီးနိုင်ခဲ့ပြီး “မီးလျှံနဂါးကိုးကောင်” ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ အစစ်မှန် မဟာလေဟာနယ်လက်ဝါး ဆိုသည်မှာ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို သာမန် အသုံးချသမျိုး အသုံးပြုရခြင်း မဟုတ်ဘဲ၊ လူတစ်ယောက်၏ ကိုယ်ပိုင် ဝိညာဉ်နှင့် တရားစည်းတံဆိပ်တို့ကို ပေါင်းစပ်မှသာ စွမ်းအား အပြည့်အဝ ထွက်ပေါ်လာ မည် ဖြစ်ကြောင်း ဟုန်ယွိ သိရှိခဲ့သည်။

မဟုတ်ပါက မဟာလေဟာနယ်လက်ဝါးသည် အလွန်တရာ အစွမ်းထက်သော်လည်း “ဒိုင်ဇင်ဘုရားကျောင်း”၏ နံပါတ်တစ် တိုက်ခိုက်ရေး တာအိုပညာရပ်ဟု ခေါ်တွင်ရန် မထိုက်တန်ပေ။

ဗုဒ္ဓဘာသာ အဆုံးအမများတွင် လက်ဟန်စည်းတံဆိပ် တစ်ခုချင်းစီသည် နက်နဲသော အဓိပ္ပာယ်များ ရှိသည်။ လက်ကို သုံးပြီး လက်ဟန်စည်းတံဆိပ် ဖော်ဆောင်ခြင်းက ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေပြီး စိတ်ကို သုံးပြီး စည်းတံဆိပ် ဖော်ဆောင် ခြင်းက အတွေးများကို ပိုမို ခိုင်မာစေသည်။ အစစ်မှန် မဟာလေဟာနယ်လက်ဝါး ဆိုသည် မှာ စိတ်နှင့် စိတ်ဆန္ဒတို့ဖြင့် ဖော်ဆောင်ထားသော စည်းတံဆိပ်များ ဖြစ်ပြီး နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအားကို အဆပေါင်းများစွာ တိုးပွားစေခြင်း ဖြစ်သည်။

“ဒိုင်ဇင်ဘုရားကျောင်းရဲ့ အစစ်မှန် လျှို့ဝှက်ကျမ်းစာတွေက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကျမ်းစာတွေပဲ။ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာရဲ့ ရှေ့ပိုင်းမှာ အနှိုင်းမဲ့ လက်ဟန်စည်းတံဆိပ် အများကြီး ရှိနေနိုင်တယ်။ အဲဒီလက်ဟန် စည်းတံဆိပ်တွေ အသုံးပြုပြီး၊ အတိတ်ဗုဒ္ဓကို အခြေခံအဖြစ်ထားကာ၊ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာရဲ့ လက်သီးဆန္ဒကို အကူညီအဖြစ်ယူပြီး၊ နတ်ဘုရား စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို ဖော်ထုတ်မယ်ဆိုရင်... တိုင်ရှန်တာအိုဂိုဏ်းက ပညာတောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မိုနိုဂါတာရီတောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”။

ဟုန်ယွိသည် စစ်မှန်သော “လွတ်မြောက်ခြင်း” ကို ရုတ်တရက် နားလည်သွားသည်။ ၎င်းမှာ ဖန်းယွမ်၏ 'အဆုံးမဲ့ ကောင်းကင်သံစဉ်' ကို ရင်ဆိုင်ပြီးနောက်ပိုင်း သူ ရရှိလာသော ဝေဝါးသည့် အသိတစ်ခု ဖြစ်သည်။ ယခုအခါတွင်မူ သူသည် သဲလွန်စအချို့ကို ရရှိခဲ့ပြီ ဖြစ်သည်။

'အဆုံးမဲ့ ကောင်းကင်သံစဉ်' နှင့် 'ဘုံသုံးပါးမဟာ ဗျာဒိတ်တော်' တို့သည် မိမိ၏ ကိုယ်ပိုင် သိုင်းတာအိုလက်သီးဆန္ဒကို စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ကာ ကြီးမားသော စွမ်းအားကို ထုတ်လွှတ်ရခြင်း ဖြစ်သည်။ ၎င်းမှာ သိုင်းတာအိုနှင့် တာအိုပညာရပ်များ၏ ပေါင်းစပ်မှု ဖြစ်သည်။

မဟာလေဟာနယ်လက်ဝါးကမူ ဝိညာဉ်ကို အသုံးပြု၍ စည်းတံဆိပ် ဖော်ဆောင်ကာ နတ်ဘုရား ဝိညာဉ်များကို အမိန့်ပေးရခြင်း ဖြစ်သည်။ ၎င်းသည် ဝိညာဉ်နှင့် နတ်ဘုရား ဝိညာဉ်တို့အပေါ် ယုံကြည်မှု စွမ်းအားတို့၏ ပေါင်းစပ်မှု ဖြစ်သည်။

သိုင်းတာအိုဖြင့် လူသားအင်မော်တယ် ဖြစ်လာရန်၊ စိတ်ဝိညာဉ်ဖြင့် ကိုးဆင့်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန်နှင့် ယင်စိတ်ဝိညာဉ်မှ ယန်စိတ်ဝိညာဉ် ဖြစ်လာရန်တို့ ဖြစ်သည်။

အကယ်၍, လူတစ်ဦးသည် သိုင်းတာအိုတွင် လူသားအင်မော်တယ် ဖြစ်လာပြီး၊ စိတ်ဝိညာဉ်က ကိုးဆင့်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ကာ၊ နတ်ဘုရား ဝိညာဉ် အပေါ် ယုံကြည်စွမ်းအားကလည်း ကိုးကွင်းစလုံး ပေါင်းစည်းပြီး အင်မော်တယ်မူလဝိညာဉ် တစ်ခုအဖြစ် ဖြစ်တည်လာမည်။ နောက်ဆုံးတွင် ထိုသုံးမျိုးစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည်ဆိုလျှင် ဘာဖြစ်လာမည်နည်း။ ထိုအရာက တဖက်ကမ်းကို ကျော်လွန် သွားမည်လား။ ယန်စိတ်ဝိညာဉ်အဆင့်ကိုပင် ကျော်လွန်သွားမည်လား။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ကျမ်းစာသုံးခုလုံး ပေါင်းစပ်သွားပါက တဖက်ကမ်းသို့ ကူးမြောက်သွားလိမ့်မည်။

မူလက သူသည် ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ၏ အပ်စိုက်မှတ် ၁၀၈ ခု စုစည်းနည်းကို ရရှိထားသဖြင့် အနှစ်သာရကို ရပြီဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစာ၏ အစပိုင်း တွင် ပါရှိသော အထွေထွေ အကျဉ်းချုပ်များမှာ အရေးကြီးဆုံးဖြစ်ကြောင်း ဟုန်ယွိသည် ရေတေးတေး ခံစားလိုက်ရသည်။

သို့သော် ဤအတွေးများမှာ ဟုန်ယွိ၏ စိတ်ထဲတွင် ခဏချင်းအတွင်း လင်းလက်သွားခြင်း ဖြစ်သည်။

၎င်းတို့သည် ဟုန်ယွိအတွက် အနာဂတ် ကျင့်ကြံမှု လမ်းစကို မရေမရာ ပြသလိုက်ခြင်းပင် ဖြစ်သည်။ ထိုအတွေးများ လျှပ်စီးလို ဖြတ်ပြေးသွားပြီးနောက် ဟုန်ယိ၏ စိတ်သည် လက်တွေ့ဆီသို့ ပြန်ရောက်လာသည်။

“မင်း မြို့စားကို ဆန့်ကျင်ဖို့ တကယ်ကို သတ္တိရှိနေတာပဲ။ မြို့စား အစစ်မှန် ခုနှစ်စဉ်ကြယ် ဂိုဏ်းကို သိမ်းပိုက်ပြီးသွားတာနဲ့ မင်း သေရမယ့်ရက် ရောက်လာလိမ့်မယ်။ အခု မြို့စားက ပိုင်ဖေးရှန်ရဲ့ တာအိုလက်တွဲဖော်နဲ့ သမီးဖြစ်သူ ‘ရေခဲမြစ်နတ်သမီး’ တို့ကို သိမ်းသွင်းပြီးပြီ။ သူတို့ကို အချိန်မရွေး သိမ်းပိုက်ပြီး သူ့ရဲ့အနောက်နန်းတောင်ထဲကို ထည့်ထားနိုင်တယ်။ ပိုင်ဖေးရှန်ရဲ့ တာအိုလက်တွဲဖော်ရဲ့ နောက်ကွယ်မှာ နှစ်ပေါင်း သုံးရာကျော်ကြာအောင် တရားကျင့်နေပြီး၊ ခန္ဓာကိုယ်ပျက်သုန်းလို့ ခုနစ်ကြိမ်တိုင်တိုင် ပြန်လည်ဝင်စားခဲ့တဲ့ ဘိုးဘေးဟုန်လင်း ရှိတယ်။ သူက ရေခဲမြစ်နက်ရဲ့ ရေခဲကျောက်စိမ်းကန် အောက်ခြေမှာ ရှိတဲ့ ရေအောက်နန်းတော်မှာ နေတာ။ တာအိုသခင်... မင်း သေသေချာချာ စဉ်းစားဖို့ ငါ အကြံပေးချင်တယ်။” အနက်ရောင်ဝတ် သိုင်းသူတော်စင်က ရုတ်တရက် အေးစက်စွာ ရယ်မောရင်း ပြောလိုက် သည်။

“သူမတို့ကို အချိန်မရွေး သိမ်းပိုက်ပြီး အနောက်နန်းဆောင်ထဲ ထည့်မယ် ဟုတ်လား။ ချန်ပီယံမြို့စားက သူ့ကိုယ်သူ ဧကရာဇ်လို့ ထင်နေတာလား။ မင်းတို့ရဲ့ဇနီးမယားတွေကို အနောက်နန်းဆောင်လို့ ခေါ်ဝံ့တယ်ပေါ့။ မင်းတော့ သေချင်နေပြီပဲ။ မင်းလို သစ္စာရှိလှတဲ့ အစေခံအတွက် ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။”

ဟုန်ယွိသည် “အနောက်နန်းဆောင်” ဟူသော စကားကို ကြားသောအခါ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းကွင်းအတွင်းမှ “အမှောင်နတ်ဘုရား၏ ဟစ်ကြွေးသံ” ထွက်ပေါ်လာသည်။ ချွန်ထက်သော အဖြူရောင် အရိုးလှံများ ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများဆီသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

“ဖျောက်! ဖျောက်!...”

အနက်ရောင်ဝတ် သိုင်းသူတော်စင်သည် သူ၏ ခန္ဓာကိုယ်ကို လှည့်လိုက်သော်လည်း လှုပ်ရှားရန် ခက်ခဲနေသည်။ ဟုန်ယွိက သူ့ကို ရုတ်တရက် သတ်လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။ ကျယ်လောင်သော ဟစ်ကြွေးသံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် အဖြူရောင် အရိုးလှံများဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်။

“ဘုန်း!”

အမှောင်နတ်ဘုရား၏ လှံသည် အဆိပ်ပြင်းဆုံး လက်နက်များထက်ပင် ပိုမို အသက် အန္တရာယ် ပေးနိုင်သည်။ အနက်ရောင်ဝတ် သိုင်းသူတော်စင်၏ ခန္ဓာကိုယ်ကို ထိုးဖောက် လိုက်သည်နှင့် အမှောင်နတ်ဘုရားက သူ၏ အသက်စွမ်းအင် အားလုံးကို နှုတ်ယူသွားသ ကဲ့သို့ သူသည် ချက်ချင်းပင် သေဆုံးသွားတော့သည်။

“မင်းသာ မဟာလေဟာနယ်လက်ဝါးရဲ့ အနှစ်သာရကို သင်ကြားပေးမယ်ဆိုရင်, ငါ ချက်ချင်းပဲ မင်းဆီမှာ အညံ့ခံပြီး ခွေးတစ်ကောင်လို အမှုထမ်းပါ့မယ်။”

ဟုန်ယွိက အနက်ရောင်ဝတ် သိုင်းသူတော်စင်ကို သတ်လိုက်သည်ကို မြင်သောအခါ တာအိုသခင်ကျန်းခုန်း၏ မျက်ခွံများက အနည်းငယ် လှုပ်ခတ်သွားသည်။ ထို့နောက် သူက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

“မင်းက မဟာလေဟာနယ်လက်ဝါးကို ကျင့်ချင်သေးတာလား။ မင်းရဲ့ နတ်ဘုရား ဝိညာဉ် စွမ်းအား အားလုံးကို ငါ အလိုရှိနေတယ်။ ငါ့ရဲ့ တာအိုလက်တွဲဖော်အတွက် အတော်လေး လိုအပ်နေတာနဲ့ အတော်ပဲ။” ဟုန်ယွိက သူ၏ လက်ချောင်းငါးချောင်းဖြင့် လှမ်းဆုပ်ကိုင်ပြီး တစ်ချက်တည်း ခုန်ဝင်လိုက်ရာ တာအိုသခင်ကျန်းခုန်း၏ ရောင်စုံအလင်းတန်းများအတွင်း သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

All Chapters