← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 32 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 32 Ch. 349-350

အခန်း (၃၄၉)။

"တကယ်ပဲ လူဆိုတာ အရမ်းကြီး ဟိတ်ဟန်မထုတ်သင့်ဘူး။ အဲဒီလို လုပ်မိရင် မလိုလား အပ်တဲ့ အာရုံစိုက်မှုတွေကို ဆွဲဆောင်မိလိမ့်မယ်။ အဲဒီသူတော်စင်တောက်ဖူက ဟိတ်ဟန် ထုတ်လွန်းလို့ လူအများကြီးရဲ့ လိုက်လံတိုက်ခိုက်တာကို ခံခဲ့ရတာပဲ။ အခု ငါက နည်းနည်း လေးပဲ ဟိတ်ဟန်ထုတ်မိတာပါ။ ခရီးမြန်မြန်ရောက်ဖို့အတွက် လေဟာနယ် ပုံရိပ်ယောင် ကမ္ဘာ ပညာရပ်ကို မသုံး၊ ငါ့ရဲ့ စိတ်ဝိညာဉ် အတွေးတွေကိုလဲ မဖုံးကွယ်ဘဲ နည်းနည်းလေး ပေါ်ပေါ်ထင်ထင် လုပ်မိတာနဲ့ အဆုံးမှာတော့ ဒီဒဏ္ဍာရီလာ ပညာရှင်ကြီးကို ဆွဲဆောင်မိ သွားပြီ။"

ဟုန်ယွိသည် ကျယ်လောင်စွာ ရယ်မောနေသော်လည်း သူ၏စိတ်ထဲတွင် နိုးကြားမူက အထွက်ထိပ်သို့ ရောက်ရှိနေပြီ။ သူသည် လပြည့်ဝန်းအနေထားအထိ ဝိုင်းစက်နေအောင် ဆွဲတင်ထားသော လေးကြိုးကဲ့သို့ ဖြစ်နေပြီး အနည်းငယ်မျှ အင်အားစိုက်ထုတ်သည်နှင့် လေးကြိုးပြတ်သွားတော့မည့် အလားပင်။

ကောင်းကင်မြွေဘုရင်မ ကဲ့သို့သော ပညာရှင်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် ဟုန်ယွိသည် အနည်းငယ်မျှပင် သတိမပေါ့လျှော့ဝံ့ပေ။ ညသန်းခေါင်ယံအချိန်တွင် လာရောက် လမ်းပိတ်ခြင်းမှာ စေတနာကောင်းနှင့်ဟု ပြောလျှင် သရဲတစ္ဆေပင် ယုံကြည်မည် မဟုတ် ပေ။

“ငါက ကောင်းကင်မြွေဘုရင်မ ဆိုတာကို မင်း ဘယ်လိုလုပ် သိတာလဲ။”

ဟုန်ယွိ၏ ရယ်မောသံကို ကြားသောအခါ အနက်ရောင်ဝတ် အမျိုးသမီး၏ ဆံပင်နက်များ မှာ လေထဲတွင် လွင့်ပျံသွားခဲ့သည်။ သူမပုံစံက အလွန်ပင် လှပတင့်တယ်ကာ နတ်သမီး တစ်ပါးအလား ထင်မှတ်ရပြီး၊ နဂါးငွေ့တန်း ကြယ်စင်စုများ ထည့်သွင်းထားသော သူမ၏ မျက်လုံးများက အဆုံးမဲ့ လျှို့ဝှက်ချက်များဖြင့် တောက်ပနေသည်။

ဟုန်ယွိသည် သူမ၏ မျက်လုံးထဲတွင် အဆုံးမရှိသော နဂါးငွေ့တန်း ကြယ်စင်စု ဝဲဂယက်ကြီးတစ်ခုကို မြင်နေရသည်။ ထိုဝဲဂယက်အတွင်းရှိ ကြယ်တိုင်းမှာ အစစ်အမှန် များကဲ့သို့ ကောင်းကင်ယံရှိ တောက်ပသော ကြယ်စင်စုများနှင့် တိုက်ရိုက် ဆက်နွှယ်နေ ပုံရသည်။ စက္ကန့်တိုင်းတွင် ထိုနဂါးငွေ့တန်းရှိ သန်းပေါင်းများစွာသော ကြယ်များအကြား၌ ကြယ်အသစ်များ မွေးဖွားခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်နေသည်။

ဤပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော ကြယ်စင်စုများသည် အာရုံလှည့်စားမူ များမဟုတ်ဘဲ စကြာဝဠာအတွင်းရှိ အစစ်အမှန် ကြယ်စင်စုများ၏ ပုံရိပ်ယောင်များ ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးထဲတွင် လာရောက် ထင်ဟပ်နေခြင်းဖြစ်ကြောင်း ဟုန်ယွိ ခံစားမိလိုက်သည်။ သူမ၏ မျက်လုံးထဲရှိ နဂါးငွေ့တန်းတွင် သန်းပေါင်းများစွာ သော ကြယ်စင်စုများ ရှိနေသည်။

ဤကဲ့သို့သော တာအိုပညာရပ်မျိုးကို ဟုန်ယွိ တစ်ခါမျှ မကြားဖူးသလို၊ တစ်ခါမှလည်း မမြင်ဖူးခဲ့ပေ။

“ကောင်းကင်မြွေဘုရင်မ ‘ရှင်းမို’ရဲ့ တာအိုပညာရပ်ကပဲ စကြာဝဠာထဲက ကြယ်တွေရဲ့ လည်ပတ်မှုကို နားလည်နိုင်ပြီး၊ ကောင်းကင်က မရေမတွက်နိုင်တဲ့ ကြယ်စင်စုတွေရဲ့ ပုံရိပ်တွေကို မျက်ဝန်းထဲမှာ ပေါင်းစပ်ထားနိုင်တာ။ ခင်ဗျားရဲ့ ဒီပုံရိပ်တွေကို မြင်ပြီးမှ ခင်ဗျားရဲ့ ကိုယ်ရေးအချက်လက်ကို မခန့်မှန်းနိုင်ရင်, ကျွန်တော် တာအိုကျင့်ကြံနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ကျွန်တော်လဲ ကောင်းကင်ပေါ်မှာ ဒီလောက် ရဲရဲတင်းတင်း ပျံသန်းနေမှာ မဟုတ်ဘူး။”

ဟုန်ယွိက သူ့မျက်တောင်များကို အသာချလိုက်ပြီး၊ သူ့ကိုယ်သူ ထူထဲသော ရောင်စုံ အလင်းတန်းများဖြင့် ဖုံးလွှမ်းလိုက်ကာ၊ သူသည် မီးလျှံနဂါးကိုးကောင်၏ ရှေ့ကျသော လေသံကို အတုယူရင်း ပြောလိုက်သည်။

“ကောင်းကင်မြွေဘုရင်မကို မေးပါရစေ... ဒီအင်မော်တယ်သခင်ရဲ့ လမ်းကို တားဆီးရတဲ့ အကြောင်းရင်းက ဘာပါလဲ”။

“ဟုတ်တယ်။ ငါက ကောင်းကင်မြွေဘုရင်မပဲ။ ငါက မင်းရဲ့ တာအိုပညာရပ်တွေကို စိတ်ဝင် စားလို့ပါ။” ကောင်းကင်မြွေဘုရင်မသည် သူမ၏ ကြယ်စင်မျက်ဝန်းများကို မှိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ သူမက ဟုန်ယွိကို ကြည့်ပြီး ပြောသည် “ဒိုင်ဇင်ဘုရားကျောင်းရဲ့ အသက်မဲ့ အနာဂတ်ကျမ်းကို လူတွေ မကျင့်ကြံကြတာ နှစ်ပေါင်း ရာနဲ့ချီနေပြီ။ အခုတလော အသက်မဲ့တာအိုဂိုဏ်းနဲ့ လေဟာနယ်တာအိုဂိုဏ်းတွေ ပေါ်လာပြီး ယုံကြည် ကိုးကွယ်မှု စွမ်းအားတွေကို စုဆောင်းနေတယ်လို့ ငါ ကြားတယ်။ မင်းက တာအိုသခင် ကျန်းခုန်းလား။”

“ကျွန်တော်က တာအိုသခင်ကျန်းခုန်း မဟုတ်ပါဘူး။ ကျွန်တော်က ထာဝရမိခင်ကို ဖမ်းဆီး ပြီး အသက်မဲ့အနာဂတ်ကျမ်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခိုင်းခဲ့တာပါ။ အဲဒီနောက် သူမ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့ နတ်ဘုရား ဝိညာဉ်တွေကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အသုံးအဆောင်အဖြစ် သိမ်းယူလိုက်တာပါ။”

ဟုန်ယွိက အသာအယာ ပြုံးလိုက်ပြီးနောက် ဆက်ပြောသည် “မကြာသေးခင်ကပဲ ကောင်းကင်မြွေဘုရင်မနဲ့ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်တို့ဟာ ‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ရဲ့ ဂိုဏ်းချုပ် ပိုင်ဖေးရှန်၊ ‘အနှစ်သာရ နတ်ဘုရားကျောင်း’က အဆင့်မြင့် ဘုန်းတော်ကြီး သူတော်စင် တူယွမ်၊ ပြီးတော့ ဥဒေါင်းဘုရင်တို့နဲ့ ပူးပေါင်းပြီး၊ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် မိုနိုဂါတာရီ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတုန်းက ခင်ဗျားတို့ ငါးယောက်က သူ့ကို လိုက်လံတိုက်ခိုက်ခဲ့ကြတယ်။ အဆုံးမှာတော့ ပိုင်ဖေးရှန်ရဲ့ ခန္ဓာကိုယ်ဟာ ပျက်ဆီးသွားခဲ့ပေမဲ့ ကောင်းကင်မြွေဘုရင်မရဲ့ မျက်နှာကတော့ အကောင်းအတိုင်းပဲ။ ဘာဒဏ်ရာမှ ရပုံမပေါ်ဘူး။”

“ဟင်… မင်းက တော်တော်လေး သိထားတာပဲ။” ကောင်းကင်မြွေဘုရင်မ၏ ကြယ်စင် မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားသည်။ “ငါ ဒီလောကမှာရှိတဲ့ တာအိုပညာရှင် တော်တော်များများကို သိထားပါတယ်။ ဒါပေမဲ့ မင်းရဲ့နောက်ခံကိုတော့ ငါ မသိဘူး ဖြစ်နေတယ်။”

“ကျွန်တော်တို့က သူစိမ်းတွေပဲလေ။ ကျွန်တော့်နောက်ခံကို မေးနေလို့ ဘာထူးမှာလဲ။ ကောင်းကင်မြွေဘုရင်မ ကျွန်တော့်ကို ဘာလို့ တားတာလဲ။ တခြားကိစ္စ မရှိဘူးဆိုရင် ကျွန်တော် ထိုက်ကျင်းမြို့ကို အရင် သွားပါရစေ။” ဟုန်ယွိက ပြောလိုက်သည်။

“အော်.. မင်းက ထိုက်ကျင်းမြို့ကို သွားမလို့လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါလည်း အဲဒီမြို့ကို သွားမလို့။ လမ်းတူတူပဲဆိုတော့ အတူတူ သွားကြတာပေါ့။” ကောင်းကင် မြွေဘုရင်မက တည်ငြိမ်စွာ ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်က တစ်ယောက်တည်း သွားရတာ ပိုသဘောကျတယ်။ ကောင်းကင်မြွေဘုရင်မရဲ့ စေတနာကို ငြင်းပယ်မိတဲ့အတွက် ခွင့်လွှတ်ပါ။” ဟုန်ယွိက ပြတ်သားစွာ ပြောလိုက်သည်။

“ဟုတ်လား…” ကောင်းကင်မြွေဘုရင်မ၏ ကြယ်ရောင်လွှမ်းနေသော မျက်ဝန်းများသည် မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ပြန်သည်။ ချက်ချင်းဆိုသလိုပင် ဟုန်ယွိသည် သူ၏ ပတ်ဝန်းကျင်တွင် ထူထဲသော အမှောင်ထုများ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရပြီး ဘာကိုမျှ မမြင်ရတော့ပေ။

ထို့အပြင် ထိုအမှောင်ထုထဲတွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ထူးဆန်းသော အာရုံခံစားမှု တစ်ခုကို ရရှိလိုက်သည်။ တစ်ကမ္ဘာလုံးက တဖြည်းဖြည်း သေးငယ်လာသကဲ့သို့ သူ ခံစားရ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း သေးငယ်လာပြီး အစက်ပြောက် တစ်ခုအဖြစ် ကျုံ့ဝင် သွားသကဲ့သို့ပင်။ သူသည် ပိတ်လှောင်ချုပ်နှောင်ခံရတော့မည်ဟူသော ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားရလိုက်၏။

“ဒါက မဟာမှောင်ထု ကောင်းကင်အစီအရင်ပဲ။ ကောင်းကင်မြွေဘုရင်မ။ ခင်ဗျားက တကယ်ကို ကြမ်းတမ်းတာပဲ။ စကား နည်းနည်းလေး လွဲတာနဲ့ ချက်ချင်း တိုက်ခိုက်တော့ တာပဲ။ ခင်ဗျားက ကျွန်တော့်ကို လျှပ်စီးလို အရှိန်ဟုန်နဲ့ ချုပ်နှောင်ဖို့ ကြိုးစားချင်တာလား။ ကျွန်တော်သာ သာမန် ပညာရှင်တစ်ယောက်ဆိုရင် မျက်စိတစ်မှိတ်အတွင်း ပိတ်လှောင်ခံ လိုက်ရမှာ သေချာတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ ပိတ်လှောင်နိုင်မှာလဲ။”

ဤထူထဲသော အမှောင်ထုက လွှမ်းခြုံလာချိန်တွင် ဟုန်ယွိသည် မည်သည့် တာအိုပညာ ရပ်ကို သုံးသုံး ခုခံနိုင်စွမ်း မရှိသကဲ့သို့ ခံစားရ၏။ သူ၏ ရင်ခုန်သံများ မြန်ဆန်လာပြီး နောက် အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် လျှပ်စီးကဲ့သို့ လက်ခနဲ ပေါ်လာသည်။

ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာကာ အတိတ်အမိတ္တဘဗုဒ္ဓ အဖြစ် ပုံဖော်လိုက်သည်။ ရောင်စုံအလင်းကွင်း ရှစ်ခုသည် သူ၏ ဦးခေါင်းနောက်ကွယ်တွင် ချိတ်ဆွဲလျက် ရှိနေပြီး သူ၏လက်ဝါးမှာ 'ကမ္မဗုဒ္ဓ'၏ လက်ဟန်တံဆိပ်တစ်ခုကို ဖော်ဆောင်ထားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော လက်သီး ဆန္ဒသည် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။

ဝုန်း….။

ဟုန်ယွိ၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ စကြာဝဠာကြီး ပေါက်ကွဲသွားသည့် အလင်းတန်းများကဲ့သို့ ထိုအလင်းတန်းများသည် သူ၏ ပတ်ဝန်းကျင်ရှိ အဆုံးမရှိသော အမှောင်ထုကို ချက်ချင်းပင် ဆွဲဖြဲပစ်လိုက်သည်။

ပတ်ဝန်းကျင်မှ အမှောင်ထု ပြိုကွဲသွားချိန်တွင် တဖျစ်ဖျစ်နှင့် ဆုတ်ပြဲသံများပင် ထွက်ပေါ် လာသည်။ တစ်ချိန်တည်းမှာပင် ထိုဆုတ်ပြဲသံနှင့်အတူ ပြိုလဲသံများလည်း ပါဝင်နေသည်။ ထို့အပြင် ပြင်းထန်သော လေတိုက်သံများ၊ ကောင်းကင်ကြီး ပြိုကျလာပြီး မြေပြင်ကြီး ပွင့်ထွက်သွားသကဲ့သို့သော ခံစားချက်မျိုးလည်း ခံစားရသည်။

ဟုန်ယွိသည် ဤအခြေအနေကို ကောင်းစွာ သိသည်။ ၎င်းမှာ ကမ္ဘာငယ်လေးတစ်ခု ပျက်စီး သွားပြီးနောက် ဖြစ်ပေါ်လာသော မြင်ကွင်းဖြစ်သည်။

ထိုနေ့က ‘ကမ္မဗုဒ္ဓ’ ၏ ဗဟိုချက်ရှိ စာအုပ်အရွယ်အစားသာသာရှိသော ကမ္ဘာငယ်လေး ပျက်စီးသွားစဉ်ကလည်း ဤကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ခဲ့ဖူးသည်။

ယခုလေးတင် ကောင်းကင်မြွေဘုရင်မသည် သူမ၏ အတွေးများဖြင့် ကမ္ဘာငယ်လေး တစ်ခုကို မျက်စိတစ်မှိတ်အတွင်း ဖန်တီးကာ ဟုန်ယွိကို ၎င်းအတွင်း၌ ပိတ်လှောင်ခဲ့ခြင်း ဖြစ်သည်။ ဟုန်ယွိက ထိုပိတ်လှောင်မှုကို ဖောက်ထွက်ဖျက်ဆီးလိုက်သဖြင့် တစ်ကမ္ဘာလုံး ပြိုလဲသွားခြင်း ဖြစ်သည်။

“ကောင်းကင်မြွေဘုရင်မဟာ သူမရဲ့အတွေးတွေနဲ့တင် ကမ္ဘာငယ်လေး တစ်ခုကို ချက်ချင်း ဖန်တီးနိုင်နေပြီ။ သူမက မိုးကြိုးကပ်ဘေး တတိယအဆင့်၊ ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ အဆင့်ကို ရောက်နေပြီလား မသိဘူး။”

ထိုအချိန်တွင် ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မ၏ ကျင့်စဉ်အဆင့်မှာ သူ့ထက် များစွာ မြင့်မားနေကြောင်း သိလိုက်ရသည်။ သူမသည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသူ ဖြစ်နိုင်သည်။ သူမသည် ဥဒေါင်းဘုရင်ထက်ပင် ပို၍ အစွမ်းထက်နိုင်ခြေ ရှိသည်။

ဤအစွမ်းထက်သော နတ်ဆိုးဘုရင်မသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်၏ တာအိုလက်တွဲအဖော် ဖြစ်လာပြီးနောက် အထွတ်အထိပ် ကျမ်းစာဖြစ်သော ဆန်းကြယ် ကောင်းကင် အမှောင်မှတ်တမ်းကို နားလည်သဘောပေါက်ထားသဖြင့် သူမ၏ တာအို ပညာရပ်များမှာ မခန့်မှန်းနိုင်လောက်အောင် တိုးတက်နေခြင်း ဖြစ်သည်။

“ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ အတိတ်အမိတ္တဘကျမ်းပဲ။ ပြီးတော့, ပစ္စုပ္ပန်ဗုဒ္ဓကျမ်းရဲ့ ‘ဉာဏ်ပညာတံဆိပ်’ကိုပါ အသုံးလိုက်တာလား။ မင်းက ဘယ်သူလဲ။” ဟုန်ယွိက ကမ္ဘာငယ်လေး၏ ပိတ်လှောင်မှုကို ဖျက်ဆီးလိုက်ပြီးနောက် ကောင်းကင်မြွေဘုရင်မ၏ အံ့သြတုန်လှုပ်နေသော အသံ ထွက်ပေါ်လာသည်။

“ကောင်းကင်မြွေဘုရင်မ..၊ ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ကျွန်တော်တို့က တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံကြတာ။ ခင်ဗျားက ‘မဟာအမှောင်ထု ကောင်းကင်အစီအရင်’ နဲ့ ကျွန်တော့်ကို အရင် တိုက်ခိုက်ခဲ့တာပဲ။ ခင်ဗျားရဲ့ရည်ရွယ်က ဘာလဲ။” ဟုန်ယွိ၏ မျက်နှာမှာ ငြိမ်သက်နေသော်လည်း သူ၏ စကားလုံးများမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။

သူသည် ရှေ့သို့ ခုန်တက်လိုက်ရာ အဝေးက အမှောင်ထုထဲတွင် ရပ်နေသော ကောင်းကင် မြွေဘုရင်မကို သူ မြင်လိုက်ရသည်။

ဤအခိုက်တန့်တွင် သူသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ လက်ဖြင့် ဆုပ်ကိုင် လိုက်ရာ ကြီးမားသော အမှောင်နတ်ဘုရားလှံ တစ်စင်းက သူ၏လက်ထဲတွင် ပေါ်လာ သည်။ သူက လက်ကို ဝှေ့ယမ်းကာ ထိုလှံကို ကောင်းကင်မြွေဘုရင်မ၏ ရင်ဘတ်ဆီသို့ ပစ်လွှတ်လိုက်သည်။

“အမှောင်နတ်ဘုရားလှံလား…။ မင်းက သူတော်စင်တောက်ဖူကို သတ်ပြီး ‘အမှောင် နတ်ဘုရား ဝိညာဉ်သန့်စင်ခြင်း မှတ်တမ်း’ ကို အတင်းကြပ် ရယူခဲ့တာပေါ့။”

သူမသည် စကားပြောနေရင်းဖြင့် မည်သည့်လှုပ်ရှားမှ မပြုလုပ်ဘဲ၊ မှောင်မိုက်သော စွမ်းအင်စီးကြောင်းတစ်ခုကို ထုတ်လွှတ်ကာ လှံကို တားဆီးလိုက်သည်။ ထိုစွမ်းအင် စီးကြောင်းသည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာနှင့် နတ်ဆိုးနတ်ဘုရား တစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ထိုနတ်ဘုရားမှာ ဝိညာဉ်များကို ဖမ်းယူနေသည့် ပုံစံရှိ ပြီး၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမဆောင်တွင် ကိုးကွယ်ထားသည့် မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရားပင် ဖြစ်သည်။

မဟူရာကောင်းကင်နတ်ဆိုး ပေါ်လာသည်နှင့် သူက လှံကို ဖမ်းဆွဲကာ အပေါ်သို့ မြှောက်ပင့်လိုက်သည်။ ဖျစ်….၊ သူသည် ထူထဲသော အရိုးလှံကြီးကို သူ၏ လက်ထဲတွင် ချိုးခြေပစ်လိုက်သည်။

ဟုန်ယွိသည် ပျက်စီးသွားသော လှံကို လှည့်ပင်မကြည့်တော့ဘဲ လက်ကို မြှောက်လိုက်ရာ နတ်ဆိုးနတ်ဘုရား ငါးပါး ပေါ်လာပြီး ချက်ချင်း ပျက်စီးသွားသည်။ ကောင်းကင်တွင် ကြီးမားသော ချီဝိညာဉ်ဝဲဂယက်တစ်ခု ပေါ်လာပြီး မဟူရာကောင်းကင်နတ်ဆိုးကို စုပ်ယူ သွားတော့သည်။

အား….။

မဟူရာကောင်းကင် နတ်ဆိုးသည် ချီဝိညာဉ် ဝဲဂယက်အတွင်းသို့ စုပ်ယူခံရစဉ်မှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်တွင် ‘စစ်နတ်ဘုရား’ ပုံရိပ် ပေါ်လာသည်။

“စစ်နတ်ဘုရား နတ်ဆိုးကျမ်းစာလား။ လျှို့ဝှက်ယင်တာအိုဂိုဏ်း ချီဝိညာဉ်ဝဲဂယက်လည်း ပါသေးတယ်။ ခဏလေး... မင်းက ဒီရှေးဟောင်း တာအိုပညာရပ် နှစ်ခုကို ပေါင်းစပ်ပြီး ပိုပြီး အစွမ်းထက်အောင် ပြုပြင်ထားတာပဲ။ မင်းက တကယ်ကို ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ။”

ကောင်းကင်မြွေဘုရင်မ၏ မျက်နှာအမူအရာမှာ တစ်ဖန် ပြောင်းလဲသွားသည်။ သို့သော် သူမ စကားပြောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်မှ နတ်ဘုရားစိတ်ဝိညာဉ် အတွေးအမျှင် တန်း နှစ်ခု ပျံထွက်လာသည်။

ထိုစိတ်ဝိညာဉ် အတွေးနှစ်ခုမှာ လက်သီးဆုပ်အရွယ်အစားခန့် ရှိပြီး တောက်ပနေသည်။ သို့သော် ၎င်းတို့မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးများထက် ပိုမို ပြင်းထန်ပြီး အလင်းတန်း များအတွင်း၌ မရေမတွက်နိုင်သော ကွဲအက်ကြောင်းလေးများကို မြင်နေရသည်။

ထိုအတွေးနှစ်ခုသည် ရွေ့လျားသွားရာ တစ်ခုမှာ ချီဝိညာဉ် ဝဲဂယက်’ ထဲသို့ ဝင်သွားပြီး၊ ကျန်တစ်ခုမှာ စစ်နတ်ဘုရား၏ ဆေဘာအလင်းတန်းကို သွားရောက် တားဆီးလိုက်သည်။

“မဟာလေဟာနယ်လက်ဝါး။”

ဟုန်ယွိသည် ဤအခွင့်အရေးကို အရယူလိုက်သည်။ သူ၏ ဦးခေါင်းနောက်ကွယ်မှ အလင်း ကွင်းများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မဟာလေဟာနယ်လက်ဝါးက အလင်းတန်းများ ဖြင့် တောက်ပလျက် ပျံတက်သွားသည်။ သူ၏ လက်ခလယ်နှင့် လက်ညှိုးကို ကွင်းပုံစံ လက်ဟန်ပြုကာ တစ်ချက် ရိုက်နှက်လိုက်ရာ ဟင်းလင်းပြင်ကြီးသည် အေးခဲသွားပြီး တုန်ခါမှုများ ဖြစ်ပေါ်လာကာ ရှင်းမိုကို တိုက်ရိုက် တိုက်ခိုက်လိုက်လေသည်။

အတိုင်းအဆမရှိသော အမှောင်နတ်ဘုရား၏ ဟစ်ကြွေးသံများနှင့် ဟင်းလင်းပြင် ပျက်စီး သံများ ပေါက်ကွဲထွက်ပေါ်လာသည်။ မူလက ကောင်းကင်မြွေဘုရင်မ၏ ပတ်ဝန်းကျင် တွင် ထူထပ်သောအမှောင်ထုများ ရှိနေသော်လည်း၊ ဟုန်ယိ၏ လက်ဝါးကြီးကြောင့် ထိုအမှောင်ထုများမှာ ချက်ချင်း လွင့်စင်သွားပြီး သူမ၏ ပုံရိပ်မှာ လက်ဝါးကြီးရှေ့တွင် ပေါ်ထွက်လာသည်။

ကောင်းကင်မြွေဘုရင်မ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားသည်။ သူမသည် မဟာလေဟာနယ်လက်ဝါး၏ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည်။

သူမ၏ မျက်ဝန်းများက ပြင်းထန်စွာ လှုပ်ခါသွားပြီး၊ မျက်ဝန်အိမ်ထဲရှိ ကုဋေပေါင်းများ စွာသော ကြယ်စင်များ၏ မွေးဖွားခြင်း ပျက်စီးခြင်း အရှိန်မှာ အဆပေါင်းများစွာ မြန်ဆန် လာသည်။ တချိန်တည်းမှာပင်, သူမ၏လက်ထဲတွင် အနက်ရောင် မန္တလာပန်း တစ်ပွင့် ပေါ်လာသည်။

ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ နှုတ်ခမ်းဖျားမှ သာယာငြိမ့်ညောင်းလှသော တေးသွား တစ်ခုကဲ့သို့ အသံလှိုင်းများ ထွက်ပေါ်လာသည်။

ထောင်ပေါင်းများစွာသော အလင်းတန်းများသည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ ချက်ချင်းပင် တိုးဝှေ့ထွက်လာကြပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်နိုင်လောက်အောင် ပြင်းထန်သော အတွေးစများ ပေါ်ထွက်လာတော့သည်။

ထိုအတွေးစများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီး အစီအရင် ပုံချပ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ထိုအစီအရင် ပုံချပ်သည် ဆဋ္ဌဂံ ကြယ်အလင်းပုံစံရှိပြီး၊ ထောင်ပေါင်းများစွာသော အတွေးစများမှာ တောက်ပစွာ လင်းလက်နေသည်။ ၎င်းမှာ အလွန်ပင် စူးရှတောက်ပလှသော်လည်း ထိုအစီအရင်ပုံချပ်၏ အလယ်ဗဟို တည့်တည့်တွင်မူ အလွန်ပင်သေးငယ်သော အနက်ရောင် အစက်အပြောက် တစ်ခု ရှိနေသည်။

ထိုအစီအရင်ပုံချပ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါး တံဆိပ်ကို ချက်ချင်းပင် တားဆီးလိုက်တော့သည်။

ထို့နောက်တွင် ထိုအစီအရင်ပုံချပ်၏ အလယ်ဗဟိုမှ တားဆီးမရနိုင်သော အမှောင်ထုကြီး တစ်ခုသည် ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ အစီအရင် ပုံချပ်ကို ဖွဲ့စည်းထားသော အတွေးစတစ်ခုချင်းစီသည် အလင်းရောင် စိုးစဉ်းမျှ မရှိသော ကမ္ဘာငယ်လေး တစ်ခုစီအဖြစ် ပြောင်းလဲသွားကြသည်။ မဟာလေဟာနယ်လက်ဝါးနှင့် ဟုန်ယွိတို့နှစ်ဦးလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထုအတွင်း ပတ်ပတ်လည် ဝန်းရံခံရကာ ပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။

“အမှောင်ထုမဟာအကန့်သက်စက်ဝိုင်း။”

ဤအချိန်တွင် ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အမှောင်ထုအတွင်း ပိတ်လှောင် ခံလိုက်ရသကဲ့သို့ ခံစားရရုံသာမက သူ၏ အတွေးစများပါ အမှောင်ထုအတွင်း ပိတ်မိသွား သကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ ‘မုကလေး’၏ ဝိညာဉ်အတွင်း၌ ချိတ်ပိတ်ခံထားရ သော အတွေးစများနှင့်ပင် ဆင်တူနေသည်။

“ဒါက ကောင်းကင်မြွေဘုရင်မရဲ့ ကိုယ်ပွား မဟုတ်ဘူး။ ဒါက သူမရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ၊ သူမရဲ့ အစွမ်းကုန် စွမ်းအားပဲ...။”

အခန်း (၃၅၀)။

“အတိုင်းအဆမဲ့ အလင်း၊ အတိုင်းအဆမဲ့ သက်တမ်း…။”

လွှမ်းမိုးချုပ်ကိုင်နိုင်သော အမှောင်ထုကြီးက သူ့ကို ဖုံးလွှမ်းသွားသည်။ ဟုန်ယွိ၏ မျက်လုံးထဲတွင်ရော သူ၏ နတ်ဘုရား အတွေအများမှာပါ ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ တည်ရှိမှုကို မခံစားရတော့ပေ။ ၎င်းအစား အဆုံးမရှိ အထပ်ထပ်လွှာလွှာ ဖြစ်နေသော အမှောင်ထုကမ္ဘာကြီးက အစားထိုးဝင်ရောက်လာသည်။

ဒဏ္ဍာရီများအရ အမှောင်ထု မဟာအကန့်သက် စက်ဝိုင်းသည် မြေမှုန်တစ်စက်ကို ကျယ်ပြောလှသော စကြာဝဠာကြီးအဖြစ် ပြောင်းလဲနိုင်သည်။ ၎င်းအတွင်း ပိတ်လှောင်ခံရ သည်နှင့် လူတို့သည် သန်းပေါင်းများစွာသော ကမ္ဘာငယ်လေးများ အတွင်း ရောက်ရှိသွား မည် ဖြစ်သည်။ သူတို့သည် ဤကမ္ဘာကြီးဆီသို့ ပြန်သွားမည့် လမ်းကြောင်းကို ရှာမတွေ့ နိုင်တော့ဘဲ ဤအစစ်အမှန် ကမ္ဘာဆီသို့ ပြန်မလာနိုင်တော့ပေ။

စကြာဝဠာအိတ် အတွင်းရှိ စာကြည့်တိုက်ထဲတွင် ဒိုင်ဇင်ဘုရားကျောင်းမှ ခေတ်အဆက် ဆက် ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးများ၏ မှတ်တမ်းများ၊ အထူးသဖြင့် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ အစွမ်းထက်ဆုံး ပိတ်လှောင်ခြင်း ပညာရပ်အပေါ် ခွဲခြမ်း စိတ်ဖြာချက်များ ပါဝင်နေသည်။ ဟုန်ယွိ လေ့လာနေစဉ်အတွင်း ထိုအကြောင်း အရာများကို အနည်းငယ် သိရှိထားခဲ့သည်။

ဤကဲ့သို့သော တာအိုပညာရပ်သည် ရန်သူကို ပိတ်လှောင်နိုင်ရုံသာမက ခုခံကာကွယ်ရန် အတွက်လည်း သုံးနိုင်သည်။ မည်သည့်အရာကမျှ ၎င်းကို ထိုးဖောက်ဖျက်ဆီးနိုင်ခြင်း မရှိပေ။

ထို့ကြောင့် ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ လက်ထဲတွင် အနက်ရောင် မန္တလာပန်းကို မြင်လိုက်ရကတည်းက အခြေအနေ မဟန်တော့မှန်း သိလိုက်ခြင်း ဖြစ်သည်။ သူသည် ချက်ချင်းပင် အတိတ်အမိတ္တဘဗုဒ္ဓ အဖြစ် ပြောင်းလဲကာ အဆုံးမရှိ သော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ မဟာလေဟာနယ်လက်ဝါး တံဆိပ်က သူ့ကို ကာကွယ်ပေးထားပြီး ‘ဉာဏ်ပညာလက်သီးတံဆိပ်’ ကို ဖော်ဆောင်ထားသည်။ တာအိုတံဆိပ် လည်ပတ်လာသည်နှင့်အမျှ သူ၏ အတွေးများက အလင်းကို မွေးဖွားပေးပြီး ပြင်းထန်စွာ တုန်ခါသွားသည်။

ဝုန်း!

သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အမှောင်ထုမှာ အလင်းရောင်ကြောင့် တုန်ခါသွားပြီး ပါးလွှာ သွားပုံရသည်။ သူ၏ဝိညာဉ်မှာလည်း ပိုမိုတောက်ပလာပြီး ထုံထိုင်းနေခြင်း မရှိတော့ပေ။

သို့သော် ပတ်ဝန်းကျင်မှာ အဆုံးမရှိသော အမှောင်ထုကြီးအဖြစ် ရှိနေဆဲပင်။ ဟုန်ယွိသည် ကမ္ဘာကြီးတစ်ခုလုံး အထက်အောက် ပြောင်းပြန် လည်ပတ်နေသကဲ့သို့ ရုတ်တရက် ခံစားရသည်။

‘ဒီအခွင့်အရေးကို သုံးရမယ်၊ ကံကောင်းလို့ ငါ စကြာဝဠာအိတ်ကို ယူလာမိလို့ပဲ။’

ဤစိုးရိမ်ရသော အချိန်တွင် ဟုန်ယွိသည် လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး လိုင်းတစ်ခု ဆွဲလိုက်သည်။ ဟင်းလင်းပြင်ထဲတွင် အစိမ်းရောင်အလင်းတန်းများ တောက်ပလာပြီး အက်ကြောင်းတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ အဝတ်အစားထဲမှ လူသား အရေပြား စကြာဝဠာအိတ်သည် အလိုအလျောက် ပေါ်ထွက်လာသည်။ သူသည် ချက်ချင်း ပင် သူကိုယ်တိုင်မှာမူ နဂါးတံခါးကို ခုန်တက်သည့် ငါးတစ်ကောင်ကဲ့သို့ အရှိန်ဟုန်ဖြင့် စကြာဝဠာအိတ် အတွင်းသို့ ခုန်ဝင်လိုက်ပါသည်။

ထို့နောက် အစိမ်းရောင်အလင်းများ ပျောက်ကွယ်သွားပြီး အမှောင်ထုထဲတွင် အထီးကျန် နေသော အရေပြားအိတ်လေး တစ်ခုသာ လွင့်မျောကျန်ရစ်ခဲ့သည်။

ဖျစ်….၊ ဖျစ်…၊

အမှောင်ကမ္ဘာတစ်ခုလုံးသည် ဗဟိုချက်တစ်ခုကို အခြေခံကာ အတွင်းဘက်သို့ ပြင်းထန် စွာ ကျုံ့ဝင်သွားသည်။

ဘုန်း။

နောက်ဆုံး ကျယ်လောင်သော အသံနှင့်အတူ အမှောင်ထုအားလုံးမှာ သိပ်သည်းသွားပြီး လက်သီးဆုပ်အရွယ် အနက်ရောင် ဖန်ပြားဝိုင်းလေးအဖြစ် ပြောင်းလဲသွားသည်။ ထိုအနက်ရောင် ဖန်ပြားဝိုင်းလေးမှာ အဝိုင်းစစ်စစ် မဟုတ်ဘဲ ပွင့်ချပ် ၈ ခု ပါရှိသည်။ ဖန်ပြားအတွင်းမှာ မှောင်မိုက်သော စွမ်းအားများ လည်ပတ်နေပြီး၊ ထိုစွမ်းအားများကြားမှ အခြားကမ္ဘာများစွာ၏ မြင်ကွင်းများကို ရိပ်ကနဲ ရိပ်ကနဲ မြင်တွေ့နေရသည်။

“စကြာဝဠာအိတ်ပဲ… ဒိုင်ဇင်ဘုရားကျောင်းရဲ့ စကြာဝဠာအိတ်က တကယ်ကို ဒီလူ့လက်ထဲမှာ ရှိနေတာပဲ။ ကြည့်ရတာ သူတော်စင် တူယွမ်ကို ရွှေပင့်ကူဘုရင် သတ်ခဲ့ တာ မဟုတ်ဘူးပဲ။ မိုးကြိုးဘေးဒုက္ခတောင် မကျော်ရသေးတာ၊ ရွှေပင့်ကူဘုရင်က သူတော်စင် တူယွမ်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ…”

အနက်ရောင် ဖန်ပြားဝိုင်းလေးသည် ရှင်းမို၏ လက်ထဲသို့ ကျရောက်လာသည်နှင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားသည်။ သူမက ထိုဖန်ပြားဝိုင်းလေး ၏ အလယ်ဗဟိုကို ကြည့်လိုက်ရာ အနက်ရောင် မြူခိုးများကြားမှ အဆုံးမရှိ စီးဆင်းနေ သော ကမ္ဘာထဲ၌ တွဲလောင်းကျနေသော အိတ်ကြီးတစ်လုံးကို မြင်လိုက်ရသည်။ သူမသည် ဤအိတ်မှာ ဒိုင်ဇင်ဘုရားကျောင်း၏ စကြာဝဠာအိတ် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက် သည်။

ဝုန်း…၊

ရုတ်တရက် စကြာဝဠာအိတ်အတွင်းမှ ကြည်လင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ သည်။

ဖန်ပြားဝိုင်းလေးအတွင်းတွင် စကြာဝဠာအိတ်၏ ပုံရိပ်တစ်ခုလုံးမှာ လက်ခနဲ တောက်ပ သွားပြီးနောက် လေဟာနယ်ကို ဖောက်ထွက်ကာ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွား သည့်အလား လုံးဝ ပျောက်ကွယ်သွားတော့သည်။

“ထွက်ပြေးချင်တာလား။”

ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ ကြယ်စင်မျက်ဝန်းများမှာ အနည်းငယ် မြင့်တက်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူမ၏ ကိုယ်ပေါ်မှ အဆုံးမရှိသော အမှောင်ထုများ တိုးထွက်လာပြီး သူမ၏ ခန္ဓာကိုယ်သည် အမှောင်ထု တိမ်တိုက်များကြားထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

“ပန်းတစ်ပွင့်၊ အရွက်တစ်ရွက်၊ အသီးတစ်လုံး၊ ကမ္ဘာတစ်ခု … တစ်ချက်တစ်ချက်၊ ကမ္ဘာငယ်တစ်ခု။ ဒီလို တာအိုပညာရပ်မျိုးက တကယ်ပဲ လောကကြီးကို လှုပ်ခါစေနိုင်တာ ပဲ။ အမှောင်ထု မဟာအကန့်သက်စက်ဝိုင်းက တကယ်ပဲ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်တဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ နံပါတ်တစ် အစွမ်းထက်အကောင်းဆုံး ပိတ်လှောင်ခြင်း ပညာရပ် ဖြစ်ထိုက်တယ်။ ကံကောင်းလို့ ငါ အဲဒါကို တစ်ခါ မြင်ဖူးထားလို့ ဒီနေ့ ပိတ်လှောင် မခံရတာ။ ပြီးတော့ စကြာဝဠာအိတ်ကို အမြဲဆောင်ထားလို့လည်း တော်သေးတယ်။ ငါ့ရဲ့ တာအိုပညာရပ်က မိုးကြိုးကပ်ဘေး နှစ်ကြိမ် ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပြီး၊ နတ်ဘုရား ရှစ်ပါးရဲ့ အကူအညီနဲ့ဆိုရင် ငါ့စွမ်းအားက တစ္ဆေအင်မော်တယ် ပညာရှင် ၁၈ ယောက်နဲ့ ညီမျှနေပြီ။”

အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်၊ မိုင်ပေါင်း ထောင်ချီဝေးသော နှင်းဖုံးတောင် ထိပ် တစ်ခုပေါ်တွင် ဟင်းလင်းပြင်မှ ကြည်လင်သော အလင်းတန်းတစ်ခု ပွင့်ထွက်လာ သည်။ ထို့နောက် ထိုကြည်လင်သော အလင်းတန်း ပျောက်ကွယ်သွားပြီး စကြာဝဠာအိတ် ပေါ်ထွက်လာသည်။

ဟုန်ယွိသည် ခြေလှမ်းတစ်လှမ်း လှမ်းကာ စကြာဝဠာအိတ်၏ အက်ကြောင်းအတွင်းမှ ပျံထွက်လာပြီး နှင်းတောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ဤတောင်မှာ အမည်မသိ နှင်းတောင်တစ်ခု ဖြစ်သည်။ မည်သည့်နေရာမှန်း မည်သူမျှ မသိနိုင်ပေ။ မြေပြင်ပေါ်ရှိ ရေခဲနှင့် နှင်းများမှာ သံမဏိကဲ့သို့ မာကျောနေပြီး၊ ခြေချလိုက် သည်နှင့် မာကျောပြီး၊ သန့်စင်သော ခံစားချက်ကို ပေးစွမ်းသည်။

နှင်းတောင်ပေါ်ရှိ လေမှာ အလွန်တရာ ပြင်းထန်လှပြီး အထည်စကို ဆွဲဖြဲနေသကဲ့သို့ တရွှီးရွှီးမြည်ဟီးနေကာ ဟုန်ယွိ၏ ပတ်လည်ရှိ အလင်းကွင်း ရှစ်ခုကိုပါ ယိမ်းထိုး တုန်ခါစေ ပြီး တဖျတ်ဖျတ် ခတ်စေသည်။

ဟုန်ယွိသည် သူ မည်သည့်နေရာကို ရောက်နေမှန်း မသိသော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူသည် ‘ရေခဲနှင့်နှင်းကန္တာရ’ ဒေသ၏ မြောက်ဘက်ရှိ နှင်းတောင် များအတွင်း ရောက်နေကြောင်း သိလိုက်ရသည်။

ဤနေရာမှ ရာသီဥတုသည် ပိုမိုအေးစက်ပြီး လေပြင်းများမှာ တစ်နှစ်ပတ်လုံး တိုက်ခတ် နေကာ ရေခဲနှင့်နှင်း ကမ္ဘာကြီးပင် ဖြစ်နေသည်။ အအေးဒဏ်ခံနိုင်သော မြောက်ပိုင်းသား များပင် ဤနေရာသို့ မလာရဲကြပေ။

ဤနေရာသို့ လူများ ဝင်လာပါက သူတို့၏ ခြေလက် အင်္ဂါများ ချက်ချင်း အာရုံခံစားမှု ကင်းမဲ့သွားမည် ဖြစ်သည်။ ထို့နောက် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူတို့၏ ခြေလက်များ၊ နှာခေါင်းနှင့် နားရွက်များမှာ အလိုအလျောက် ပြတ်ကျသွားမည်ဖြစ်ပြီး မည်သည့် နာကျင်မှုကိုမျှ ခံစားရမည် မဟုတ်ပေ။

ထို့အပြင် လေမှာ ပြင်းထန်လွန်းသဖြင့် ရေခဲဝက်ဝံကြီးတစ်ကောင်ကိုပင် လွင့်စဉ်သွားစေနိုင်သည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လူသားများသာမက တစ္ဆေအင်မော်တယ်များပင် ဤမြောက်ဘက်စွန်း နှင်းတောင်များသို့ ဝင်ရောက်ပါက သူတို့၏ စိတ်ဝိညာဉ်များပင် ပြင်းထန်စွာ ထိခိုက်ပျက်စီးနိုင်သည်။

သို့သော် ယခုအခါ ဟုန်ယွိတွင် သူ့ကို ကာကွယ်ပေးထားသော နတ်ဘုရားရှစ်ပါး၏ စွမ်းအား ရှိနေသဖြင့် သူ အဆင်ပြေသည်။ သို့သော် သူ၏ ပတ်ဝန်းကျင်မှ အအေးဓာတ်များ နှင့် ပြင်းထန်လှသော လေတိုးသံများကို ခံစားနေရဆဲပင်။ ၎င်းသည် ပုံသဏ္ဌာန်မဲ့သော လက်ကြီးတစ်ဖက်က သူ့ကို ရှေ့တိုးနောက်ငင် ဖြစ်အောင် မှုတ်ထုတ်နေသကဲ့သို့ ဖြစ်နေ ပြီး သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းရန် အင်အားအမြောက်အမြား သုံးနေရသည်။

“ကောင်းကင်မြွေဘုရင်မက နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်တာပဲ။ အတွေး တစ်ချက် ကမ္ဘာတစ်ခု။ သူမက တတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်လွန်ပြီး စတုတ္ထ အဆင့် မိုးကြိုးကပ်ဘေး နယ်ပယ်ကိုတောင် ရောက်နေပြီ ထင်တယ်။”

ဟုန်ယွိသည် နှင်းတောင်ထိပ်ပေါ် ဆင်းသက်ပြီးနောက် စကြာဝဠာအိတ်ကို သူ၏ လက်ထဲ တွင် ဆုပ်ကိုင်ထားလိုက်သည်။ လေထုထဲတွင် ပြည့်နှက်နေသော အေးစက်သည့် ချီဓာတ် နှင့် သတ်ဖြတ်လိုသော ဆန္ဒများကို အာရုံခံနေစဉ် ရောင်စုံအလင်းတန်းများက သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ ညအချိန် ဖြစ်သော်လည်း သူသည် ပတ်ဝန်းကျင် အခြေအနေကို အဝေးမှ မြင်နေရသည်။ သူ မြင်ရသမျှမှာ မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော နှင်းတောင်ထိပ်များပင် ဖြစ်သည်။ ကောင်းကင်ယံသို့ ထိုးထွက်နေသော နှင်းတောင် ထိပ် များစွာ ရှိနေပြီး ၎င်းတို့မှာ မည်မျှ မြင့်သည်ကို မသိနိုင်ပေ။

ကောင်းကင်မြွေဘုရင်မနှင့် တိုက်ပွဲတွင် ဟုန်ယွိသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ပြိုင်ဘက်မှာ စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ပညာရှင် ဖြစ်နိုင်ပြီး ဟုန်ယွိမှာမူ ပထမအဆင့် မိုးကြိုးကပ်ဘေးကိုသာ ကျော်ဖြတ်ရသေးသည်။ နှစ်ဦးကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားသည်။ ၎င်းမှာ ရှင်တန်သိုင်းဆရာသခင် တစ်ယောက်နှင့် အထွတ်အထိပ် မဟာဆရာသခင် တစ်ယောက်တို့၏ ကွာခြားချက်ကဲ့သို့ပင်။

ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးထဲမှ အတွေးစတစ်ခုချင်းစီသည် ဟုန်ယွိထက် ဆယ်ဆ ပိုမို အားကောင်းသည်။ ၎င်းမှာ ပြင်းထန်သော အလင်းတန်းများကို ထုတ်လွှတ်နိုင်ရုံသာမ က ကမ္ဘာငယ်လေးတစ်ခုကိုလည်း စိတ်တိုင်းကျ ဖွင့်လှစ်နိုင်သည်။

အတွေးတစ်ချက် ကမ္ဘာတစ်ခု။ ထွက်ပေါ်လာသော အတွေးစတိုင်းသည် ကမ္ဘာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းမှာ မည်မျှ နက်နဲလှသော နယ်ပယ်ဖြစ်သနည်း။

“ကျောက်စိမ်းနှင်းကြာပန်းလား။”

ဟုန်ယွိ ပတ်ဝန်းကျင်ကို ကြည့်ရှုနေစဉ် တောင်ခါးပန်းမှ အားနည်းသော သန့်စင်သည့် ယန်စွမ်းအား အငွေ့အသက်တစ်ခုက သူ့ကို ရုတ်တရက် သတိထားမိစေသည်။

ရောင်စုံအလင်းများဖြင့် ဝန်းရံထားလျက် သူသည် ပေတစ်ထောင်ကျော် မြင့်သော နေရာမှ ခုန်ချလိုက်ပြီး နောက်ထပ် သုံးလေးမိုင်ခန့် ဝဲပျံသွားကာ မတ်စောက်သော ချောက်ကမ်းပါး တစ်ခု၏ ထိပ်တွင် ဆင်းသက်လိုက်သည်။

ချောက်ကမ်းပါးအောက်တွင် အဆုံးမဲ့ မှောင်မိုက်သည့် ချောက်နက်ကြီး ရှိနေသည်။ ၎င်းက မည်သည့်နေရာကို ဦးတည်သွားမှန်း မည်သူမျှ မသိပေ။ ဟုန်ယွိလည်း အောက်သို့ ဆင်းကာ မစူးစမ်းလိုပေ။

ချောက်ကမ်းပါး၏ လေကွယ်ရာအရပ်ရှိ ပေပေါင်းများစွာ နက်သော ရေခဲနှင်းဂူတစ်ခု အတွင်း၌ ဟုန်ယွိသည် ကျောက်စိမ်းနှင်းကြာပန်းအချို့ ပေါက်နေသည်ကို မြင်လိုက်ရ သည်။ ကြာပန်းများ၏ ပတ်လည်တွင် နွေးထွေးပြီး သန့်စင်သော ယန်စွမ်းအားများ ရှိနေသည်။

၎င်းသည် ဒိုင်ဇင်ဘုရားကျောင်း၏ ဆေးကျမ်းများတွင် မှတ်တမ်းတင်ထားသည့် ‘ကျောက်စိမ်းနှင်းကြာပန်း’ဖြစ်ကြောင်း ဟုန်ယွိ ချက်ချင်း သိလိုက်သည်။ ၎င်းမှာ ရေခဲနှင့် နှင်းကမ္ဘာထဲရှိ သန့်စင်သော ယန်စွမ်းအား အနည်းငယ်မှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ၎င်းမှာ ယွမ်ယန်ကောင်းကင်ပုလဲနှင့် အဆင့်တူသော ဝိညာဉ်ဆေးမြစ် တစ်မျိုးဖြစ်ပြီး အလွန်ပင် ရှားပါးလှသည်။

ဤကျောက်စိမ်းနှင်းကြာပန်းကို အခြောက်လှမ်းပြီးနောက် အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပါက, တရားထိုင်နေစဉ် ဝိညာဉ်အတွင်းရှိ အနှောင့်အယှက် အတွေးများကို ဖယ်ရှားပေးနိုင်သည်။ ထို့အပြင် အမွှေးတိုင်မှ သန့်စင်သော ယန်ဆန္ဒများကို မိမိ၏ အတွေးများအတွင်း ပေါင်းစပ်နိုင်ပြီး အတွေးများကို ပိုမို အားကောင်းစေကာ စိတ်ဝိညာဉ် အတွင်းရှိ ယင်စွမ်းအားများကို လျှော့ချပေးနိုင်သည်။

၎င်းသည် တာအိုကျင့်စဉ်နှင့် စိတ်ဝိညာဉ် သန့်စင်ခြင်း ပြုလုပ်သူများ အလွန်လိုလားကြ သော ဆေးစွမ်းကောင်း ဖြစ်သည်။ နတ်ဆိုးနတ်ဘုရားသွေးလောက် မပြင်းထန်သော် လည်း အလွန်ပင် တန်ဖိုးကြီးလှသည်။

ဟုန်ယိက လက်ကို အသာဆန့်ထုတ်လိုက်ရာ ရောင်စုံအလင်းတန်းများက ထိုကြာပန်းများ ကို ချက်ချင်း ခူးယူလိုက်သည်။

သို့သော် သူ ခူးယူလိုက်သည်နှင့် တစ်ပြိုင်နက်၊ ရေခဲကဲ့သို့ ကြည်လင်နေသော မြွေလေး တစ်ကောင်မှာ ရုတ်တရက် ပျံတက်လာသည်။ အလင်းတန်းများကြားတွင် မြွေမှာ ပြာလဲ့လဲ့အရောင် ပြောင်းသွားပြီး အလွန်နံစော်သော အနံ့များကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ဘေးမှ အတောင်ပံနှစ်ဖက် ပွင့်လာပြီး ပါးစပ်မှ ပြာလဲ့လဲ့ အဆိပ်ငွေ့များ ကို မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်သည်။

“ရေခဲနက် မြွေပျံပဲ။ သဘာဝရတနာတွေရဲ့ ဘေးမှာ အဆိပ်ရှိတဲ့ သတ္တဝါတွေ စောင့်ကြပ် နေတတ်တာ တကယ်ပဲ။”

ဤထူးဆန်းသော မြွေနှင့် ရင်ဆိုင်ရသော်လည်း ဟုန်ယွိ၏ မျက်နှာမှာ မပြောင်းလဲပေ။ ရောင်စုံအလင်းတန်းများကို အနည်းငယ် ပြောင်းလဲလိုက်ပြီး မြွေကို ဝန်းရံကာ နှင်းကြာ ပန်းနှင့်အတူ စကြာဝဠာအိတ် အတွင်းသို့ ပစ်ထည့်လိုက်သည်။

“တစ္ဆေအင်မော်တယ်တွေတောင် မလာနိုင်တဲ့ လူသူကင်းဆိတ်တဲ့ နယ်မြေမှာ သဘာဝ ရတနာတွေ အများကြီး ရှိပုံရတယ်။ ငါ ဒီအဆုံးမရှိတဲ့ နှင်းတောင်တွေထဲမှာ ရှာဖွေပြီး ဝိညာဉ်ဆေးမြစ် အချို့ကို ဆွတ်ခူးသွားရမယ်။”

သူ ဆေးပင်များကို ဆွတ်ခူးပြီးသည်နှင့် ဟုန်ယွိသည် သူ၏ စိတ်နှလုံးသား တုန်ခါသွား သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“ကောင်းကင်မြွေဘုရင်မ ရှင်းမို၊ ခင်ဗျား ဘာလို့ ကျွန်တော့်နောက်ကို မလျှော့တမ်း လိုက်နေရတာလဲ။”

ပြောရင်းနှင့် ဟုန်ယွိက လှည့်ကြည့်လိုက်သည်။

မှန်ပေသည်။ ချောက်ကမ်းပါးအထက် အမှောင်ထုထဲတွင် ရှင်းမို၏ အနက်ရောင် အဝတ်အစားများနှင့် အနက်ရောင် ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူမ၏ မျက်ဝန်းထဲမှ ကြယ်စင်စုက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

“မင်းက စကြာဝဠာအိတ်ရဲ့ စွမ်းရည်ကို သုံးပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ခဲ့ပေမဲ့ ငါ့ရဲ့ ‘ဝိညာဉ်ရှာဖွေခြင်းပညာရပ်’ ကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ကံကောင်းသားပဲ။ ကျောက်စိမ်းနှင်းကြာပန်း တစ်ပွင့်ကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပဲ။” ရှင်းမိုသည် ဟုန်ယွိကို ကြည့်လိုက်၊ သူ၏ လက်ထဲမှ စကြာဝဠာအိတ်ကို ကြည့်လိုက်နှင့် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမအတွက်တော့ ကျောက်စိမ်းနှင်းကြာပန်း ဆိုတာ မရှားပါ ဘူး။” ဟုန်ယွိက ရှင်းမိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် “ကျွန်တော်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ နတ်ဘုရားစွမ်းရည် သုံးခုစလုံးကို ကျင့်ကြံထားတာ။ ခင်ဗျားရဲ့ဘေးမှာ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင် မရှိရင် ခင်ဗျား ကျွန်တော့်ကို ပိတ်လှောင်နိုင်မှာ မဟုတ်ဘူး။”

“ငါ မူလက ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးသွားပြီလို့ ထင်ထားတာ၊ ဒါပေမဲ့ မင်းလိုမျိုး နောက်မျိုးဆက် တစ်ယောက် ကျန်နေလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက တကယ်ကို ကြီးပြင်းလာခဲ့ပြီပဲ။” ရှင်းမိုသည် တိုက်ခိုက်ရန် အလျင်လိုပုံ မပေါ်ချေ။ သူမက ဟုန်ယွိကို ကြည့်နေပြီး သူမ၏ မျက်ဝန်းထဲမှ ကြယ်စင်စုများ၏ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမူက အနည်းငယ် ပိုမြန်လာသည်။ သူမသည် တစ်ခုခုကို စဉ်းစားနေဟန်တူသည်။

“ကျွန်တော်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ နောက်မျိုးဆက်တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ တာအိုပညာရပ်တွေကို တိုက်တိုက်ဆိုင်ဆိုင် ရခဲ့တာ ပါ။” ဟုန်ယွိက အေးအေးဆေးဆေး ပြောလိုက်သည် - “ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမနဲ့ ဒိုင်ဇင်ဘုရားကျောင်းက ရန်ဘက်တွေ ဖြစ်ခဲ့ပေမဲ့ သူတို့ကြားမှာ ကြီးမားတဲ့ ရန်ငြိုးတော့ မရှိပါဘူး။ အတိတ်တုန်းက ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်တောင်မှ ဘုန်းတော်ကြီး ယင်ဟိုင်နဲ့ တာအိုပညာရပ်တွေကို ဖလှယ်ခဲ့သေးတာပဲ။ ဒီနေ့ ကောင်းကင် မြွေဘုရင်မက ကျွန်တော့်ကို တိုက်ခိုက်တာဟာ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမအတွက် ကြီးမားတဲ့ ရန်သူတစ်ယောက်ကို ဖန်တီးလိုက်တာပဲ။”

“မင်း ပြောတာ မှန်ပါတယ်။ မင်းရဲ့ တာအိုပညာရပ်တွေနဲ့ မင်းက မိုးကြိုးကပ်ဘေး နှစ်ကြိမ် ကျော်ဖြတ်ပြီးပြီ၊ ပြီးတော့ အတိတ်အမိတ္တဘဗုဒ္ဓရဲ့ မသေမျိုး နတ်ဘုရားစွမ်းရည်ကိုလည်း ကျင့်ကြံထားတယ်။ မင်းရဲ့ တာအိုပညာရပ်တွေက ထူးခြားသလို မင်းက မဟာ လေဟာနယ်လက်ဝါးလည်း ရှိသေးတယ်။ မိုးကြိုးကပ်ဘေး သုံးကြိမ် ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ယောက်တောင် မင်းကို ဘာမှ မလုပ်နိုင်ဘူး။ တကယ်လို့, ငါသာ မိုးကြိုး ကပ်ဘေး လေးကြိမ် ကျော်ဖြတ်ထားသူ မဟုတ်ရင် ‘အတွေးတစ်ချက် ကမ္ဘာတစ်ခု’နဲ့ မင်းကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအပြင် မင်းလက်ထဲမှာ စကြာဝဠာအိတ် ရှိနေတော့ မင်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သေးတယ်။” ရှင်းမိုက ပြောလိုက်သည် - “ဒါပေမဲ့ ငါတို့ကြားမှာ ရန်ငြိုးမရှိဘူးလို့ မင်း ပြောခဲ့တယ်နော်။ ဒါဆို ငါ မင်းကို မေးပါရစေ၊ ငါတို့ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမရဲ့ ‘ဖျက်ဆီးခြင်းခန်းမ’က ရတနာဖြစ်တဲ့ ‘မတည်မြဲခြင်း ဓား’ က မင်းလက်ထဲမှာ ရှိနေတာလား။”

“ဆိုတော့ ပြဿနာက ‘မတည်မြဲခြင်းဓား’ ကြောင့်ပေါ့။ ဒါပေမဲ့ ကျွန်တော် ဒီဓားကို စကြာဝဠာအိတ်ထဲ ပစ်ထည့်ထားတာတောင် ကောင်းကင်မြွေဘုရင်မက အာရုံခံနိုင်တာ ပဲ။”

ဟုန်ယွိက တခဏမျှ စဉ်းစားပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည် - “ကျွန်တော် ‘မတည်မြဲခြင်းဓား’ ကို နာလန်ယန်လူဆီကနေ ယူခဲ့တာ။ ကောင်းကင်မြွေဘုရင်မက အဲဒါကို ကျွန်တော်ဆီက ပြန်တောင်းချင်လို့လား။”

“ငါ မင်းနဲ့ မတိုက်ခိုက်ခင်တုန်းကတော့ အဲဒီလို အစီအစဉ် ရှိခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ။” ရှင်းမိုက ပြောသည် “မင်းရဲ့ မဟာလေဟာနယ်လက်ဝါးမှာ အလင်းကွင်း ရှစ်ခု ရှိနေပြီ၊ ကိုးခုပြည့်ဖို့ တစ်ခုပဲ လိုတော့တယ်။ ဒါဆိုရင် မင်းက အင်မော်တယ် မူလဝိညာဉ်ကို ကျင့်ကြံနိုင်လိမ့်မယ်။ တကယ်လို့, မင်း ငါ့ကို ကိစ္စတစ်ခု ကူညီမယ်လို့ ကတိပေးရင် ငါတို့ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမထဲမှာ ချိတ်ပိတ်ထားတဲ့ နတ်ဘုရားတစ်ပါးကို မင်းအတွက် အဓိကနတ်ဘုရား ဖြစ်လာအောင် ငါ ပေးနိုင်တယ်။ အဲဒီအခါ မင်းရဲ့ ခွန်အားက အများကြီး တိုးလာလိမ့်မယ်။”

“ဟင် …” ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည် “ခင်ဗျား ကျွန်တော့်ကို ဘာကူညီစေချင်တာလဲ။”

“လူတစ်ယောက်ကို သတ်ပေးစေချင်တယ်။” ရှင်းမိုက ပြောသည်။

“လူတစ်ယောက်ကို သတ်ပေးရမယ်။ ဒီလောကမှာ ခင်ဗျား မသတ်နိုင်တဲ့ လူရှိလို့လား။ အဲဒီလူက မိုနိုဂါတာရီလား။” ဟုန်ယွိက မေးလိုက်သည်။

“မိုနိုဂါတာရီက သန်မာလွန်းတယ်၊ ငါ သူ့ကို မနိုင်ဘူး။” ရှင်းမိုက ပြောသည် “ငါ သတ်ချင်တဲ့သူက ကောင်လေးတစ်ယောက်ပါ၊ တော်ဝင်ချန်ရဲ့ ချန်ပီယံမြို့စားပေါ့။ မင်း သူ့ကို သိလား။”

“ခင်ဗျားက ချန်ပီယံမြို့စားကို သတ်ချင်တာလား။” ဟုန်ယွိ၏ မျက်နှာမှာ ရုတ်တရက် တောက်ပသွားပုံရသည်။ သူသည် သုံးကြိမ်တိုင်တိုင် ရယ်မောလိုက်ပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ “ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျားက ကျွန်တော်ကို ဒိုင်းအဖြစ် သုံးချင်နေ တာ မဟုတ်လား။ ချန်ပီယံမြို့စားကို ဖန်ဟွမ်အသက်ဝိညာဉ်ဓားက ကာကွယ်ပေးထား တာ။ အဲဒီဓားရဲ့ စွမ်းအားက အနှိုင်းမဲ့ပြီး မဖြတ်တောက်နိုင်တဲ့အရာ မရှိဘူး။ ကျွန်တော့်ရဲ့ အတိတ်ကျမ်းတစ်ခုတည်းကပဲ အဲဒီဓားနဲ့ ခုတ်ပိုင်းခံရပြီးနောက် ပြန်လည် ကုစားနိုင်တာ။ ခင်ဗျားက ကျွန်တော့်ရဲ့ အဲဒီစွမ်းအားကို မြင်လို့ မဟုတ်လား။”

“မင်း ဒါကို သိနေတာလား။ ချန်ပီယံမြို့စားမှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရှိတဲ့ လျှို့ဝှက် ချက်ကို သိနေတာပေါ့။” ရှင်းမိုမှာ အနည်းငယ် အံ့အားသင့်သွားသည်။

“သိတာပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် သူနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး သူ့ရဲ့ ဓားစွမ်းအားကို ခံခဲ့ဖူးလို့ပဲ။” ဟုန်ယွိက ပြောလိုက်သည်။

“အော်..” ရှင်းမိုက ဟုန်ယွိကို ခဏမျှ စူးစမ်းကြည့်ပြီးနောက် ပြောသည် “ဒါဆိုရင်, ပိုတောင် အဆင်ပြေသေးတယ်။ မင်းလဲ သူနဲ့ရန်ငြိုးရှိနေတာပဲ။ ငါ မင်းကို လိုက်လံ ဆက်မတိုက်တော့ဘူး။ ‘မတည်မြဲခြင်းဓား’ကိုလဲ ပြန်မတောင်းတော့ဘူး။ မင်း ငါနဲ့ ပူးပေါင်းပါ။ မင်းက အဲဒီဓားစွမ်းအားကို ငါ့အတွက် တားဆီးပေး။ ငါကိုယ်တိုင် ချန်ပီယံ မြို့စားရဲ့ အသက်ကို ယူမယ်။”

ရှင်းမို၏ လေသံမှာ မေးခွန်းပြန်ထုတ်စရာ မလိုအောင် ပြတ်သားနေပြီး ဧကရီတစ်ပါး၏ အမိန့်ကဲ့သို့ပင် ဖြစ်နေသည်။

“ဟား..၊ ဟား..၊ ဟား …” ဟုန်ယွိက ရယ်မောလိုက်သည်။ “ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျား ချန်ပီယံမြို့စားကို သတ်ချင်ရင် ကိုယ့်ဘာသာ သွားသတ်လေ။ ကျွန်တော့်မှာ သူနဲ့ ရန်ငြိုးရှိတာ မှန်ပေမဲ့ ဒီရန်ငြိုးကို ကျွန်တော်ဘာသာ ဖြေရှင်းမယ်။ ဘာပဲဖြစ်ဖြစ် ချန်ပီယံ မြို့စားက အလယ်ပိုင်းကောင်းကင်နိုင်ငံက တော်ဝင်ချန်နိုင်ငံသားပဲ။ သူက ယွန်မင်နိုင်ငံနဲ့ တိုက်ပွဲတွေမှာ အောင်မြင်မှုတွေ အများကြီး ရထားတဲ့သူ။ လူတိုင်းမှာ မာနရှိကြတာပဲ၊ ဒါ့အပြင်, ကျွန်တော် သူ့ကို နှိမ်နင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ခင်ဗျားနဲ့ ပူးပေါင်းတာက ကျွန်တော် သူ့ကို အနိုင်မယူနိုင်ဘူးလို့ ဝန်ခံတာနဲ့ အတူတူပဲ။ ကျွန်တော် ခင်ဗျားအတွက် သူ့ဓားစွမ်းအားကို တားဆီးပေးလိုက်ရင်, ကျွန်တော်လဲ အားနည်းသွားမှာ ပဲ။ ဒါဆို ကျွန်တော်က ခင်ဗျားလက်ခုပ်ထဲက ရေ ဖြစ်သွားမှာပေါ့။ ပြီးတော့ အခုလေးတင် ခင်ဗျား ကျွန်တော့်ကို လိုက်လံတိုက်ခိုက်ခဲ့တာလေ၊ ကျွန်တော်တို့ကြားမှာ ရန်ငြိုး ရှိနေပြီ။ ခင်ဗျားအတွက် သူ့ဓားစွမ်းအားကို တားဆီးပေးရအောင် ခင်ဗျား ကျွန်တော့်ကို ဘယ်သူလို့ ထင်နေလဲ။ ကျွန်တော်က ရန်သူကို ကျေးဇူးဆပ်တတ်တဲ့ လူအတစ်ယောက်လို့ ထင်နေ တာလား။ ဒီနေ့ ခင်ဗျား ကျွန်တော့်ကို အမှောင်ထု မဟာအကန့်သက်စက်ဝိုင်းနဲ့ ပိတ်လှောင်ဖို့ ကြိုးစားခဲ့တာကို ကျွန်တော် မှတ်ထားမယ်။ နောင်တစ်ချိန်မှာ ခင်ဗျားကို ကျွန်တော် ပြန်ပြီး ပိတ်လှောင်ပြမယ်၊ အဲဒီကျရင် အတိုးနဲ့ ပြန်ဆပ်မယ်။”

စာစဉ် (၃၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters