မအောင်မြင်သော အားထုတ်မှု
Vol. 15 Ch. 155
ဆိုင်မှ ပြန်ထွက်လာပြီးနောက် ဆိုင်ရှင်သည် သူ့နေအိမ်သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။ ပဉ္စမအကြီးအကဲ လက်အောက်တွင် အလုပ်လုပ်ရတော့မည်ကို တွေးမိကာ တက်ကြွနေပြီး စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်နိုင် ဖြစ်နေသည်။ စုဝေနှင့် စုကူတို့သည်လည်း သူတို့၏ အရှိန်အဝါများကို ဖျောက်ဖျက်ကာ ခြံဝန်းအတွင်း ခိုအောင်းပြီး ကြိုတင်နေရာယူထားကြသည်။
အရှေ့မိုးကုပ်စက်ဝိုင်းတွင် ရောင်နီပျို့လာသည်နှင့် စုန့်ဝမ် စတင်လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။ အဝါရောင်မှို ယူမလာရုံသာမက လူနှစ်ယောက်ပါ ခေါ်လာသည့်အတွက် တစ်စုံတစ်ခု ကြံစည်နေသည်မှာ ထင်ရှားသဖြင့် လက်ဦးမှု အရယူရန်သာ ရှိတော့သည်။
ရုတ်တရက် အေးခဲလဓားသည် ညကောင်းကင်ယံကို ကြယ်တံခွန်ကဲ့သို့ ဖြတ်သန်းကာ ခြံဝန်းဘယ်ဘက်ခြမ်းတွင် နေရာယူထားသော စုဝေထံသို့ တိုးဝင်သွားသည်။
စုဝေနှင့် စုကူတို့ နှစ်ဦးစလုံးသည် အန္တရာယ်ကို ချက်ချင်း အာရုံခံမိလိုက်ကြသည်။ စုဝေက ဓားပျံတစ်လက် ပစ်လွှတ်ပြီး အေးခဲလဓားကို တားဆီးလိုက်သည်။
တချိန်တည်းမှာပင် စုကူက ဝိညာဉ်အာရုံ ဖြန့်ကြက်ကာ ရန်သူ ရှိနိုင်မည့်နေရာကို ရှာဖွေလိုက်သည်။ သူ့ဝိညာဉ်အာရုံသည် ရန်သူကို မတွေ့သော်လည်း နှမ်းစေ့ခန့်သာရှိသည့် ဒုတိယအဆင့် သားရဲအရှိန်အဝါ ထွက်ပေါ်နေသော ပိုးကောင်ငယ်လေးတစ်ကောင် သူ့ထံ ပြေးဝင်လာသည်ကို အာရုံခံမိလိုက်သည်။
"ဒုတိယအဆင့်ကူ"
စုကူမှာ အလွန်အန္တရာယ်ကြီးသော ကူသခင်တစ်ဦးနှင့် ရင်ဆိုင်နေရကြောင်း ရိပ်မိပြီး တုန်လှုပ်သွားသည်။ သို့သော် လှုပ်ရှားမှုက နှေးကွေးခြင်း မရှိပေ။ ဓားပျံကို စေလွှတ်ပြီး ကူပိုးကောင်ကို ခုတ်ချလိုက်သည်။
အဆင့်မြင့်ကူသည် အခြေတည်အဆင့် ကျင့်ကြံသူ၏ဓားပျံကို ထိပ်တိုက်မရင်ဆိုင်ရဲသဖြင့် လမ်းကြောင်းပြောင်းကာ ရှောင်တိမ်းလိုက်ရသည်။
စုကူ သက်ပြင်းချရုံရှိသေးသည်၊ အလားတူ ကူပိုးကောင် နောက်ထပ် ၅ ကောင် လမ်းကြောင်းငါးခုမှနေ၍ သူ့ထံသို့ အလျင်အမြန် ချဥ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ကြောင်အသွားတော့သည်။ ထိုကူပိုးကောင်များမှာ သူနှင့် ၁၀ ပေအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပထမကူပိုးကောင်မှာ အာရုံလွှဲရန်သက်သက်သာ ဖြစ်သည်။
စုကူမျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာကာ လက်ဖဝါးခန့်ရှိသော ဝိညာဉ်ဒိုင်းငယ်တစ်ခုကို အမြန်ဆင့်ခေါ်လိုက်သည်။ ထိုဒိုင်းမှာ ချက်ချင်းပင် လူတစ်ရပ်စာခန့် ကြီးထွားလာပြီး သူ့ကိုယ်ကို ကာကွယ်ရန် ပတ်ချာလည် လည်ပတ်တော့သည်။ သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ အကာအကွယ်ဒိုင်း အပြည့်အဝ မလည်ပတ်နိုင်သေးမီမှာပင် ကူပိုးကောင်နှစ်ကောင်မှာ အကာအကွယ်မရှိသော နေရာများမှတဆင့် ဝင်ရောက်လာသည်။ ခဏအတွင်းမှာပင် ၎င်းတို့သည် အကာအကွယ် ဝိညာဉ်စွမ်းအင်ကို ဖောက်ထွက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသည်။ ခဏချင်းမှာပင် စုကူမှာ အသက်မဲ့သွားတော့သည်။
စုဝေ၏ တိုက်ပွဲမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သူသည် အေးခဲလဓားကို ခုခံလိုက်ပြီးနောက် အနောက်ဘက်မှ ရုတ်တရက် တိုက်ခတ်လာသော မိစ္ဆာလေပြင်း၏ ဒဏ်ကို ခံလိုက်ရသည်။ ၎င်းမှာ မျက်နှာနီနီနှင့် မီးလျှံကဲ့သို့ ဆံပင်ရှိသော ဒုတိယအဆင့် တစ္ဆေစစ်သူကြီး ဖြစ်သည်။ အခြေတည် အစောပိုင်းအဆင့်သာ ရှိသော စုဝေအတွက်မူ ဒုတိယအဆင့် တစ္ဆေစစ်သူကြီး၏ ရုတ်တရက် တိုက်ခိုက်မှုမှာ ခုခံနိုင်သည့်အရာ မဟုတ်ပေ။ စုဝေသည် တစ္ဆေစစ်သူကြီး၏ ဆွဲဖြဲခြင်းကို ခံလိုက်ရကာ တစ်စစီ ဖြစ်သွားတော့သည်။
စုန့်ဝမ်လည်း ချက်ချင်းပင် ထွက်ပေါ်လာပြီး သိုလှောင်လက်စွပ်များ သိမ်းယူလိုက်သည်။ ထို့နောက် အလောင်းများကို လက်ဖြင့်စုပ်ကိုင်ကာ ဝိညာဉ်ရှာဖွေမှု အမြန်စတင်လိုက်သည်။ တစ္ဆေစစ်သူကြီးက အိမ်အတွင်း ဝင်ရောက်သွားပြီး ဆိုင်ရှင်ကို သတိမေ့အောင် တိုက်ခိုက်ကာ သယ်ထုတ်လာခဲ့သည်။
စုန့်ဝမ်လည်း ဝိညာဥ်ရှာဖွေမှု ပြီးသည်နှင့် သတိမေ့နေသော ဆိုင်ရှင်ကို လက်လွှဲယူကာ တစ္ဆေစစ်သူကြီးကို ပြန်သိမ်းပြီး အမြန်ဆုံး ထွက်လာခဲ့သည်။
စုန့်ဝမ် ထွက်ခွာသွားပြီး မိနစ် ၂၀ ခန့်အကြာတွင် ပဉ္စမအကြီးအကဲ ထိုအိမ်ဝန်းသို့ ရောက်ရှိလာသည်။ မြေပြင်ပေါ်ရှိ သွေးစက်များနှင့် လေထုထဲရှိ ပြင်းထန်သော ယင်အငွေ့အသက်များကို မြင်တွေ့ အာရုံခံမိသောအခါ ပဉ္စမအကြီးအကဲ မျက်နှာမှာပျက်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသော တိုက်ပွဲများကြောင့် စုမိသားစုအနေဖြင့် အခြေတည်အဆင့် ကျင့်ကြံသူ ၁၀ ဦး ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် စုမိသားစုမှာ အလွန်အမင်း အားနည်းသွားပြီး သတိကြီးစွာထားနေရသည်။ ယခုအခါ မိမိပိုင်နက်ဖြစ်သော စျေးမြို့အတွင်း အခြေတည် အစောပိုင်းအဆင့် နှစ်ဦး ထပ်မံ ဆုံးရှုံးခဲ့ရပြန်သဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ဆိုက်ရောက်သွားသည်။
ပဉ္စမအကြီးအကဲကဲမှာ မိမိနယ်မြေဖြစ်သော်လည်း ရန်သူကို မဆင်မခြင် လိုက်မရှာရဲတော့ပေ။ စုဝေနှင့် စုကူလို အခြေတည်အဆင့် ကျင့်ကြံသူများအား အချက်ပေးမှု ပြုနိုင်စွမ်း မရှိစေဘဲ လျှပ်တပြတ် သတ်ဖြတ်မှုမျိုးမှာ၊ သူကိုယ်တိုင်ပင်လျှင် လုပ်ဆောင်ရန် ခက်ခဲကြောင်း ပဉ္စမအကြီးအကဲ သိသည်။ ရန်သူသည် အလွန်အစွမ်းထက်သူ ဖြစ်ရမည်။ သို့မဟုတ် အစွမ်းထက်ဝိညာဥ်လက်နက် အသုံးပြုသူ ဖြစ်ရမည်။ မဆင်မခြင် လိုက်ဖမ်းခြင်းမှာ သေမင်း၏ ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ခဏအကြာတွင် နောက်ထပ် လူအချို့ ဓားပျံများ စီးနင်းပျံသန်းရောက်ရှိလာကာ ပဉ္စမအကြီးအကဲ၏ ဘေးတွင် ဆင်းသက်လိုက်ကြသည်။
“ပဉ္စမအကြီးအကဲ... ဘာဖြစ်တာလဲ” ဟု ရောက်လာသူ အခြေတည် အလယ်အလတ်အဆင့် တစ်ဦးက မေးလိုက်သည်။
“ညက စုလျိုဆိုတဲ့ ဝိညာဥ်ဆေးပင် ရောင်းတဲ့သူ ငါ့ဆီလာပြီး ဒုတိယအဆင့် ဆေးပညာရှင်တစ်ယောက်ရဲ့ သဲလွန်စကို တွေ့ထားတယ်လို့ ပြောတယ်။ ဒါကြောင့် ငါက အဲဒီ ဆေးပညာရှင်ကို ခေါ်လာခိုင်းဖို့ စုဝေနဲ့ စုကူကို သူနဲ့အတူ လွှတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီလျှို့ဝှက်တဲ့ ဆေးပညာရှင်ကို ငါ အထင်သေးခဲ့မိတယ်။ အခု စုဝေနဲ့ စုကူ အသတ်ခံလိုက်ရပြီး စုလျိုကတော့ ဘယ်ရောက်သွားမှန်း မသိဘူး၊ အဲဒီလူက ဖမ်းသွားတာ ဖြစ်နိုင်တယ်”
“ပဉ္စမအကြီးအကဲ... ဒါဆို ငါတို့က ဘာလို့ ရန်သူနောက်ကို မလိုက်ရတာလဲ” ဟု တစ်ဦးက မကျေမနပ် မေးလိုက်သည်။
ပဉ္စမအကြီးအကဲလည်း ထိုသူကို လှည့်ကြည့်ကာ ကြိမ်းမောင်းတော့သည်။
“မင်းပါးစပ် ပိတ်ထားစမ်း။ အဲဒီရန်သူက စျေးထဲမှာ အခြေတည်အဆင့် နှစ်ယောက်ကို အချိန်တိုအတွင်းမှာ သတ်သွားတာကွ၊ ပေါ့ပါ့ဆဆ ကိုင်တွယ်လို့ရမယ် ထင်နေလား။ မဆင်မခြင် နောက်ကလိုက်လို့ မဖြစ်ဘူး။ ငါ မိသားစုဆီကို သတင်းပို့ထားပြီးပြီ၊ ရန်သူနောက်ကို ခြေရာခံဖို့ စစ်ကူတွေ လွှတ်ပေးလိမ့်မယ်”
...
စုန့်ဝမ်သည် စျေးမြို့မှ ထွက်သွားပြီးနောက် တောအုပ်တစ်ခုအတွင်း ပုန်းအောင်းနေခဲ့သည်။ နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ပေ ၂၀ ခန့် ရှည်လျားသော လှေပျံတစ်စင်း စျေးမြို့ဘက်မှ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ လှေပျံပေါ်တွင် လူ ၆ ဦးပါဝင်လာသည်။
ထိုလှေပျံကို တွေ့သောအခါ စုန့်ဝမ် စဥ်းစားရခက်သွားသည်။ စုကူနှင့် စုဝေတို့ကို ဝိညာဉ်ရှာဖွေမှု ပြုလုပ်ခဲ့ရာ ထိုသူများမှာ စုမိသားစု၏ အဓိကအဖွဲ့ဝင်များ မဟုတ်ကြသဖြင့် သက်ရှည်ကျင့်စဉ် ကျင့်ကြံသူများကို ဖမ်းဆီးသည့်ကိစ္စနှင့် အခြားသော မိသားစု၏လျှို့ဝှက်ချက်များကို မရရှိခဲ့ပေ။ ယခုအချိန်ထိ သက်ရှည်ကျင့်စဉ် ကျင့်ကြံသူ ရာပေါင်းများစွာ ဖမ်းဆီးထားပြီး ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ အများအားဖြင့် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြောင်းသာ သိခဲ့ရသည်။ သိုလှောင်လက်စွပ်ထဲတွင် အဝါရောင်မှိုကို ရှာမတွေ့ခဲ့ပေ။
အခြား အသုံးဝင်သော သတင်းတစ်ခုမှာ စုမိသားစု၏ ပဉ္စမအကြီးအကဲသည် မြောက်ဘက်စျေးတွင် အခြေစိုက်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိရခြင်း ဖြစ်သည်။ ထိုအကြီးအကဲသည် စုမိသားစု၏ အဓိကအဖွဲ့ဝင်ဖြစ်သဖြင့် လျှို့ဝှက်ချက် အတော်များများကို သိရှိနိုင်လိမ့်မည်ဟု စုန့်ဝမ် တွက်ဆမိသည်။ ဤလှေပျံမှာ စျေးဘက်မှ လာခြင်းဖြစ်သဖြင့် ပဉ္စမအကြီးအကဲ လိုက်ပါလာခြင်း ဖြစ်နိုင်သည်။ သို့သော် လူများလွန်းသဖြင့် သူတို့ကို မြန်မြန်ဆန်ဆန် သတ်ရန် ခက်ခဲလိမ့်မည်။ ထို့အပြင် ဤနေရာမှာ ချင်းဖျင်တောင်နှင့် မိုင်တစ်ရာပင် မဝေးတော့သဖြင့် တိုက်ပွဲ ကြာရှည်သွားပါက စုမိသားစု၏ စစ်ကူများ ရောက်လာနိုင်ပေသည်။
စုန့်ဝမ် ဝေခွဲမရ ဖြစ်နေစဉ် ချင်းဖျင်တောင်ဘက်မှ နောက်ထပ် သင်္ဘောပျံတစ်စင်း ပေါ်လာပြန်သည်။ ၎င်းက စုန့်ဝမ်အား တိုက်ခိုက်မည့် အကြံကို လုံးဝ လက်လျှော့သွားစေသည်။
စုန့်ဝမ် သက်ပြင်းချရင်း လိုဏ်ဂူငယ်တစ်ခုထဲ သတိလစ်နေသော ဆိုင်ရှင်ဆီ ပြန်လာခဲ့သည်။ မူလက ထိုသူကို သားကောင်အဖြစ် သုံးကာ ပဉ္စမအကြီးအကဲကို မျှားခေါ်ရန် ကြံရွယ်ခဲ့သော်လည်း ယခုအခါ ထိုအစီအစဉ်မှာ အသုံးမဝင်တော့ပေ။ ဆိုင်ရှင်၏ သိုလှောင်အိတ်ထဲတွင် အဝါရောင်မှို သုံးပွင့်ကို ရှာတွေ့ခဲ့သည်။ ဤအဝါရောင်မှို သုံးပွင့်မှာ စူးမိသားစု၏ ပဉ္စမအကြီးအကဲက ဒုတိယအဆင့် ဆေးပညာရှင်ဟု ယူဆထားသော စုန့်ဝမ်ကို စုမိသားစုဆီ ဆွဲဆောင်ရာတွင် အသုံးပြုရန် ပေးထားခဲ့ခြင်း ဖြစ်သည်။
တစ္ဆေစျေးမှ ဝယ်ယူခဲ့သော စုမိသားစုသတင်းများအရ ပဉ္စမအကြီးအကဲ၏ အမည်မှာ စုရှို့ယုံဖြစ်ကာ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး အသက် နှစ်ရာနီးပါး ရှိနေပြီ ဖြစ်သည်။ စုရှို့ယုံသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း စေ့စပ်သေချာသူဖြစ်ကာ စုမိသားစု၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲသူ ဖြစ်သည်။ ဆိုင်ရှင်စုလျိုအား စစ်မေးရာတွင်လည်း အဖြေမှာ ရထားသော သတင်းများနှင့် ကိုက်ညီမှု ရှိသည်။ နောက်ဆုံးတွင် စုလျိုအား ဝိညာဉ်ရှာဖွေမှု ပြုလုပ်ခဲ့သော်လည်း အဖိုးတန်သော သတင်းများ ထပ်မံမရရှိတော့ပေ။
စုန့်ဝမ်လည်း အသုံးမဝင်တော့သည့် ဆိုင်ရှင်စုလျိုအား သတ်ဖြတ်ပြီး အလောင်းကို တမင်သက်သက် အကောင်းပကတိ ချန်ထားကာ ချင်းဖျင်တောင်သို့ ဦးတည်ပြီး တိတ်တဆိတ် ပြန်ထွက်လာခဲ့သည်။
ခဏအကြာတွင် စုမိသားစုခေါင်းဆောင် စုအန်ချင်း ဦးဆောင်သော စုမိသားစုဝင်များ နယ်မြေတခွင် လှည့်လည်ရှာဖွေရင်း စုလျို၏ အလောင်းကို ရှာတွေ့ခဲ့သည်။ အသေအချာ ပိုက်စိပ်တိုက်ရှာသော်လည်း အလောင်းရော၊ အနီးတဝိုက်တွင်ပါ မည်သည့်သဲလွန်စမျှ မရသည့်အဆုံး လက်လျှော့လိုက်ကြရသည်။
...
စုန့်ဝမ်က အိမ်ပြန်ရောက်သည်နှင့် အဝတ်အစားသစ် လဲလိုက်ပြီး ချင်းဖျင်တောင်၏ ဂိတ်တံခါးကို ဖြတ်ကျော်ကာ ဆေးဖော်ဆောင်သို့ သွားခဲ့သည်။
ဆေးဖော်ဆောင် ရောက်သည်နှင့် ဆေးဖော်စပ်ရမည့် ကုန်ကြမ်းပစ္စည်းများ ရယူပြီးနောက် တာဝန်ကျရာ ဆေးဖော်စပ်ခန်းသို့ ဝင်သွားခဲ့သည်။ စုန့်ဝမ် ချင်းဖျင်တောင်သို့ ပြန်လာစဉ်ကပင် သူ့အသိစိတ်ပင်လယ်အတွင်း၌ ပြင်းထန်သော လှုပ်ခတ်မှုများကို ခံစားခဲ့ရသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအင် အဆင့်မြင့်တက်တော့မည့် လက္ခဏာပင် ဖြစ်သည်။
နောက်ဆုံးအကြိမ် ဝိညာဉ်စွမ်းအင် အဆင့်တက်ခဲ့သည်မှာ ဝူယင်၏ ဝိညာဉ်ကို ဝါးမြိုပြီးနောက် ဖြစ်သည်။ ထိုအချိန်မှစ၍ စုန့်ဝမ်သည် အခြေတည်အဆင့် ကျင့်ကြံသူများ အပါအဝင် ကျင့်ကြံသူပေါင်းများစွာ၏ ဝိညာဉ်များကို ဝါးမြိုခဲ့သည်။ ၎င်းက သူ့ဝိညာဉ်စွမ်းအင်ကို ပိုမို အားကောင်းစေခဲ့ပြီး အဆင့်တက်လုနီးနီး အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အဆင့်မြင့်ကူနှစ်ကောင်ကို အစောင့်အဖြစ် လွှတ်ကာ၊ ဆေးဖော်ခန်းအတွင်း၌ ဝိညာဥ်ဖုံးကွယ်အစီအရင်ကို ခင်းကျင်းလိုက်သည်။ ပြင်ဆင်ပြီးသည်နှင့် တင်ပျဉ်ခွေထိုင်ကာ စိတ်ကို စုစည်းပြီး တားမြစ်ဝိညာဥ်ကျင့်စဥ်ကို စတင်ကျင့်ကြံတော့သည်။
မကြာမီက ဝါးမြိုထားသော စုဝေနှင့် စုကူတို့၏ ဝိညာဉ်များကို ချေဖျက်ဝါးမြိုလိုက်သည်နှင့် အဆင့်တက်ရန် ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိသွားသည်။
စုန့်ဝမ် ကျင့်ကြံနေစဉ် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ သုံးရက်ကြာပြီးနောက် စုန့်ဝမ် မျက်လုံးဖွင့်လိုက်ရာ သူ့မျက်လုံးများတွင် စူးရှသော အလင်းရောင်များ ဖြာထွက်လာသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအင် အလွန်အမင်း အားကောင်းလာသဖြင့် အပြည့်အဝ မထိန်းချုပ်နိုင်သေးခြင်းကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် စုန့်ဝမ်၏ ဝိညာဉ်အာရုံမှာ အခြေတည် အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သောအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဝိညာဉ်အာရုံ စစ်ဆေးနိုင်စွမ်းမှာ လေးမိုင်အထိ ကျယ်ပြန့်သွားသည်။ အဆင့်မြင့်ကူများ၏ အကူအညီဖြင့်ဆိုပါက ၁၆ မိုင်အကွာအဝေးအထိ အာရုံခံနိုင်ပြီဖြစ်ကာ ၎င်းမှာ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှသည်။