← Chapters

ဝိညာဥ်ဆေးပင်ကို ဒီလိုစိုက်တာလား

Vol. 15 Ch. 156

ဝိညာဥ်ဆေးပင်ကို ဒီလိုစိုက်တာလား

Vol. 15 Ch. 156

အဆင့်တက်နေစဥ် အပြင်၌ အစောင့်ချထားသော ကူနှစ်ကောင်မှတဆင့် လွန်ခဲ့သော တစ်နာရီခန့်က စုဟွာယွဲ့သည် ဆေးဖော်စပ်ခန်းတံခါးကို လာခေါက်ခဲ့ကြောင်း စုန့်ဝမ် သိလိုက်ရသည်၊ အကြောင်းမှာ စုန့်ဝမ်သည် ဆေးဖော်ခန်းအတွင်း၌ သုံးရက်တိုင်တိုင် မထွက်ဘဲ နေနေသောကြောင့် ဖြစ်သည်။ အတွင်းမှ စုန့်ဝမ်၏ တုံ့ပြန်မှုကို မရရှိသဖြင့် စုဟွာယွဲ့သည် အတင်းဝင်မလာဘဲ ပြန်ထွက်သွားခဲ့သည်။ ဆေးပညာရှင်များသည် ဆေးဖော်စဉ် မမျှော်လင့်ထားသော အခြေအနေများကြောင့် ဝိညာဉ်စွမ်းအင်နှင့် စိတ်စွမ်းအား ကုန်ခမ်းခြင်း၊ ဒဏ်ရာရခြင်းများ ကြုံတွေ့ရတတ်သည်။ ထိုသို့သော အခြေအနေတွင် ဆေးဖော်ခန်းအတွင်း ရက်အနည်းငယ်ကြာ အနားယူခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သည်။

မည်သို့ဆိုစေ စုဟွာယွဲ့ လာသွားသည်ကို သိသောအခါ စုန့်ဝမ် အနည်းငယ် စိုးရိမ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူမ အတင်းဝင်မလာခဲ့ပေ။ မဟုတ်ပါက သူ့ဝိညာဉ်စွမ်းအင် အဆင့်တက်ခြင်းမှာ ကျရှုံးသွားနိုင်သလို လျှို့ဝှက်ချက်လည်း ပေါ်သွားနိုင်သည်။ အမှန်တကယ်တွင် စုန့်ဝမ် ပေါ့ဆခြင်း မဟုတ်ပေ၊ ယခင်က ဝိညာဉ်စွမ်းအင် အဆင့်တက်ခြင်းမှာ တစ်ရက်အတွင်း ပြီးဆုံးလေ့ရှိသည်။ ယခုကဲ့သို့ ကြာမြင့်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

စုန့်ဝမ်သည် ချီစုစည်းဆေး ဆယ်လုံးကို ထုတ်ယူကာ ဆေးဖိုအတွင်း ထည့်ထားလိုက်သည်။ ထို့နောက် ဆက်လက် ကျင့်ကြံကာ အားကောင်းလာသော ဝိညာဉ်စွမ်းအင်ကို အသားကျအောင် ပြုလုပ်နေသည်။ နှစ်နာရီအကြာတွင် စုန့်ဝမ် ကျင့်ကြံမှု ပြီးဆုံးသွားသည်။ ယခုအခါ ဝိညာဉ်စွမ်းအင်ကို လိုသလို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ဝိညာဥ်ဖုံးကွယ်အစီအရင်ကို သိမ်းဆည်းပြီးသည်နှင့် ဆေးမီးဖိုအတွင်းမှ ဆေးလုံးများကို ပြန်ထုတ်လိုက်သည်။ ဆေးမဖိုအတွင်းမှ အပူရှိန်ကြောင့် ဆေးလုံးများတွင် မီးဓာတ် အနည်းငယ် စိမ့်ဝင်သွားကာ အသစ်ဖော်စပ်ထားသော ဆေးများနှင့် မခြားနားတော့ပေ။

အားလုံး ရှင်းလင်း စစ်ဆေးပြီးသည်နှင့် ဆေးဖော်စပ်ခန်းမှ ထွက်လာပြီး ချီစုစည်းဆေးများ ပါဝင်သော ကျောက်စိမ်းပုလင်းကို စုဟွာယွဲ့ထံ အပ်နှံလိုက်သည်။

“တာဝန်ခံစု ... ချီစုစည်းဆေး ဆယ်လုံးပါ”

စုဟွာယွဲ့က စစ်ဆေးပြီးနောက် ခေါင်းညိတ်ပြသည်။

“ဒီတစ်ခါ ဆေးဖော်တာ ဘာလို့ သုံးရက်တောင် ကြာသွားရတာလဲ”

“နောက်ဆုံးတစ်သုတ် ဖော်တဲ့အချိန်မှာ အမှားအယွင်း နည်းနည်း ဖြစ်သွားပြီး သိစိတ်ပင်လယ် ဒဏ်ရာရသွားတာနဲ့ ဆေးဖော်စပ်ခန်းထဲမှာပဲ တရားထိုင်ပြီး ကုသနေရလို့ အချိန်ကြာသွားတာပါ”

စုဟွာယွဲ့ ခေါင်းညိတ်လိုက်သည်၊ ၎င်းမှာ သူမ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

“မနက်ဖြန် နားလိုက်ပါ ဆရာယွမ်။ သိစိတ်ပင်လယ် အပြည့်အဝ ပြန်ကောင်းမှ အလုပ်ပြန်ဆင်းပါ”

သူမသည် စုန့်ဝမ်၏ သိစိတ်ပင်လယ် အားနည်းနေသဖြင့် နောက်တစ်နေ့တွင် ဆေးမဖော်နိုင်မည်ကိုသာ စိုးရိမ်ခြင်း ဖြစ်သည်၊ ထို့ကြောင့် တစ်ရက် နားခိုင်းခြင်း ဖြစ်သည်။

“ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာဝန်ခံစု”

စုဟွာယွဲ့ကို နှုတ်ဆက်ပြီးနောက် စုန့်ဝမ် သူ့နေအိမ်သို့ ပြန်လာခဲ့သည်။ နှစ်နာရီခန့် တရားထိုင်ပြီးနောက် ညနေစောင်းသည်နှင့် ထုံးစံအတိုင်း စားသောက်ဆောင်သို့ သွားခဲ့သည်။ ရံဖန်ရံခါတွင် ထိုနေရာမှ အသုံးဝင်သော သတင်းများကို ရရှိတတ်သောကြောင့် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ မည်သည့် အဖိုးတန်သတင်းကိုမျှ မရရှိခဲ့ပေ။

ညစာစားပြီးနောက် နေဝင်သွားပြီဖြစ်ရာ အလင်းရောင်ဖျော့ဖျော့လေးသာ ကျန်ရှိတော့သည်။ စုန့်ဝမ်လည်း သူအိမ်ဆီ တန်းမပြန်ဘဲ အစာကြေရန် လမ်းလျှောက်သည့်ဟန်ဖြင့် ချင်းဖျင်တောင်၏ အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

ချင်းဖျင်တောင်၏ အနောက်ဘက်တွင် ဧကရာပေါင်းများစွာ ကျယ်ဝန်းသော ဝိညာဉ်စိုက်ခင်းတစ်ခု ရှိသည်။ စုမိသားစု၏ ဝိညာဉ်သစ်ပင် အများစုကို ထိုနေရာတွင် စိုက်ပျိုးထားခြင်း ဖြစ်သည်။ စုန့်ဝမ်သည် အခြားနေရာ အတော်များများသို့ ရောက်ရှိပြီး ဖြစ်သော်လည်း ဤစိုက်ခင်းသို့ တစ်ခါမှ မရောက်ဖူးသေးပေ။

ဝိညာဥ်ဆေးပင်စိုက်ခင်းမှာ ချင်းဖျင်တောင်၏ ခြေရင်းတွင် တည်ရှိသည်။ ပတ်ဝန်းကျင်ရှိ မြင့်မားသော တောင်တန်းများအကြားတွင် ဧကတစ်ထောင်နီးပါး ကျယ်ဝန်းသော မြေပြန့်လွင်ပြင်ကြီးတွင် စိုက်ခင်းများ အပြည့်ရှိနေသည်။ စိုက်ခင်း၏ ပတ်လည်တွင် ကင်းမျှော်စင်များ ရှိပြီး လုံခြုံရေး တင်းကြပ်ထားသည်။

စိုက်ခင်းနှင့် မိုင်အနည်းငယ်အကွာရှိ ရေကန်ငယ်တစ်ခုအနား ရပ်ရင်း အဆင့်မြင့်ကူများ၏ အကူအညီဖြင့် ဝိညာဉ်စိုက်ခင်းတစ်ခုလုံးကို လေ့လာလိုက်သည်။ စိုက်ခင်းမှာ ဧကထောင်ချီ ကျယ်ဝန်းသော်လည်း အချင်းအားဖြင့် နှစ်မိုင်ပင် မပြည့်ပေ။ ထို့ကြောင့် စုန့်ဝမ်၏ ဝိညာဉ်အာရုံ စစ်ဆေးနိုင်စွမ်းအတွင်း၌ ရှိနေသည်။

ဝိညာဥ်စိုက်ခင်း၏ အလယ်ဗဟိုတွင် ယိုင်နဲ့နဲ့ သစ်သားအိမ်တန်းတစ်ခု ရှိကာ လယ်သမားများ ယာယီနားခိုရန် ဆောက်ထားသည့် တဲအိမ်များနှင့် တူလှသည်။ ထိုသို့သော အိမ်ဆယ်လုံးရှိရာ လေးလုံးအတွင်း၌ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးစီ ကျင့်ကြံနေကြသည်။ ၎င်းတို့အနက် တစ်ဦးမှာ နှောင်းပိုင်းအဆင့်ဖြစ်ကာ၊ နှစ်ဦးမှာ အလယ်အလတ်အဆင့်နှင့် တစ်ဦးမှာ အစောပိုင်းအဆင့် ဖြစ်သည်။ ဤကျင့်ကြံသူ လေးဦးမှာ စိုက်ခင်းကို ကာကွယ်နေသည့် အဓိကအင်အား ဖြစ်ကြသည်။ အပြင်ဘက် ကင်းမျှော်စင်မှ အစောင့်များမှာ အချက်ပေးရန်အတွက်သာ ဖြစ်သည်။

ထိုဟောင်းနွမ်းသော သစ်သားအိမ်တန်းမှာ ကျူးကျော်သူများကို လှည့်စားရန် ဖြစ်သည်၊ အတွင်း၌ ဘာအန္တရာယ်မှ မရှိသကဲ့သို့ ထင်မှတ်သွားစေရန် ဖန်တီးထားခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ အစစ်အမှန် အန္တရာယ်မှာ ထိုအိမ်များအတွင်း၌ ရှိနေသည်။ ဝိညာဉ်စိုက်ခင်းမှာ ချင်းဖျင်တောင်နှင့် ကပ်လျက် တည်ရှိသော်လည်း အခြေတည်အဆင့် ကျင့်ကြံသူ လေးဦးကို တာဝန်ပေးထားခြင်းမှာ ဤဝိညာဥ်ဆေးပင်စိုက်ခင်းကို မည်မျှ အရေးထားကြောင်း ပြနေခြင်းပင် ဖြစ်သည်။

အဆင့်​မြင့်ကူတစ်ကောင်က စိုက်ခင်းအနီးရှိ ချင်းဖျင်တောင်၏ ပေ ၃၀၀ ခန့်မြင့်သော တောင်နံရံတွင် ထွင်းထုထားသည့် ကမ်းပါးရံတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ ထိုကမ်းပါးယံပေါ်တွင် လိုဏ်ဂူပေါက် တစ်ဒါဇင်ခန့်မှာ စနစ်တကျ စီတန်းတည်ရှိနေပြီး တစ်ခုချင်းစီမှာ ဆယ်ပေခန့် မြင့်သည်။ ဂူပေါက်တစ်ခုချင်းစီကို အစီအရင်များဖြင့် ကာကွယ်ထားသဖြင့် အတွင်း၌ ဘာရှိသည်ကို အာရုံခံ၍ မရနိုင်ပေ။

စုန့်ဝမ်၏ ဝိညာဉ်အာရုံသည် ဂူအတွင်းသို့ မဖောက်ထွင်းနိုင်သော်လည်း၊ ဂူပေါက်ဝများတွင် ကပ်ငြိနေသော အလောင်းချီအကြွင်းအကျန်များကို သတိပြုမိလိုက်သည်။ အစီအရင်များ ရှိနေသော်လည်း အလောင်းချီ အငွေ့အသက်များ ကျန်ရှိနေခြင်းမှာ ထိုအစီအရင်များကို မကြာခဏ ဖွင့်လှစ်တတ်ကြောင်းနှင့် ထိုအချိန်တွင် အလောင်းချီ အငွေ့အသက်များ အပြင်သို့ ယိုစိမ့်လာခြင်း ဖြစ်မည်ဟု စုန့်ဝမ် အတပ်သိလိုက်သည်။

ထိုဂူပေါက်ဝများအနီးရှိ ကျောက်နံရံများတွင် အဆင့်မြင့်ကူနှစ်ကောင်ကို ထားခဲ့ပြီးနောက် စုန့်ဝမ်သည် သူ့နေအိမ်သို့ ပြန်လှည့်လာခဲ့သည်။ စိုက်ခင်းနှင့် မိုင်အနည်းငယ် ကွာဝေးနေသေးသော်လည်း ထိုနေရာတွင် ကြာရှည်နေခြင်းမှာ သံသယ ဖြစ်စေနိုင်သည်။

သန်းခေါင်ယံအချိန်ခန့်တွင် အဆင့်မြင့်ကူတစ်ကောင် စုန့်ဝမ်ဆီသို့ ပြန်ရောက်လာသည်။ ဂူပေါက်ဝများမှ အစီအရင်များ ပျောက်ကွယ်သွားကြောင်း ထိုကူက စုန့်ဝမ်ကို အကြောင်းကြားသည်။ စိုက်ခင်းနှင့် သူ့အိမ်မှာ မိုင် ၃၀ ခန့် ကွာဝေးသဖြင့် ဝိညာဉ်အာရုံ အလှမ်းမမီပေ၊ ထို့ကြောင့် ကူတစ်ကောင်က သတင်းလာပို့ပြီး ကျန်တစ်ကောင်က ဂူအတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး စောင့်ရင်း ကျန်နေခဲ့သည်။

ထိုသတင်းကို ရသည်နှင့် စုန့်ဝမ်လည်း မှောင်ရိပ်ခိုကာ စိုက်ခင်းဘက်သို့ အမြန်ဆုံး ထွက်လညခဲ့သည်။ စိုက်ခင်းနှင့် မိုင်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် တောအုပ်တစ်ခု ရှိ​​နေသောကြောင့် စုန့်ဝမ် ရပ်လိုက်ရသည်။ ချင်းဖျင်တောင်၏ တောအုပ်များအတွင်း၌ ထောင်ချောက်များနှင့် သတ်ဖြတ်ခြင်း အစီအရင်များစွာ ရှိကြောင်း စူးရှန်း ပြောခဲ့သည်ကို သတိရသွားသည်။ အကယ်၍ ၎င်းတို့အတွင်း ကျရောက်သွားပါက အသက်မသေလျှင်ပင် အစောင့်များအား သတိပေးမိသလို ဖြစ်သွားနိုင်သည်။ တောအုပ်များတွင် ထောင်ချောက်များ ရှိပါက၊ စိုက်ခင်းပတ်ဝန်းကျင်ရှိ တောအုပ်များတွင်လည်း အလားတူ ရှိနိုင်ခြေ မြင့်မားသည်။ တောအုပ်အပေါ်မှ တိုက်ရိုက် ပျံသန်းသွားလျှင်လည်း ကင်းမျှော်စင်ပေါ်မှ အစောင့်များ၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာသည်။ ထို့ကြောင့် တောအုပ်ကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ ပုန်းကွယ်နေနိုင်မည့် နေရာတစ်ခုကို ရှာပြီး အဆင့်မြင့်များကို အသုံးချကာ ဂူအတွင်းရှိ အခြေအနေကို စုံစမ်းရန်သာ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ညနေက သူရပ်နားခဲ့သော ရေကန်ငယ်လေးကို မြင်လိုက်ရသည်။ ထိုရေကန်မှာ ၁၀ ပေခန့်သာ နက်သော်လည်း အရေးကြုံက ပုန်းကွယ်ရန် လုံလောက်သည်။

စုန့်ဝမ်လည်း ထိုနေရာတွင်သာ ရပ်နေခဲ့ပြီး အဆင့်မြင့်ကူကို ချိတ်ဆက်ကာ ဂူအတွင်း ဖြစ်ပျက်သမျှကို အာရုံခံလိုက်သည်။ ထိုအချိန်တွင် ဂူပေါက်ဝမှ အကာအကွယ် အစီအရင်မှာ ပြန်လည် အသက်မဝင်သေးဘဲ တံခါးမှာ ပွင့်လျက် ရှိနေသည်။

ဂူအတွင်းသို့ လိုဏ်ဂူလမ်းကြောင်းအတိုင်း ပေ ၃၀၀ ခန့် ဝင်သွားပြီးနောက် ဆယ်ဧကကျော် ကျယ်ဝန်းသော လိုဏ်ဂူခန်းမကြီးတစ်ခု ပေါ်လာသည်။ ထိုအခန်း၏ ကြမ်းပြင်ပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်နေသည်။ အနီးကပ် ကြည့်လိုက်သောအခါ ထိုအလင်းရောင်မှာ လက်ဖဝါးခန့်ရှိသောမှိုများမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

စုန့်ဝမ် အံအားသင့်သွားသည်မှာ ဤမှိုများမှာ မြေပြင်ပေါ်တွင် ပေါက်နေခြင်း မဟုတ်ဘဲ လူ့ဦးခေါင်းခွံများပေါ်တွင် ပေါက်နေခြင်း ဖြစ်သည်။ မှိုတစ်ခုချင်းစီသည် ပြည့်စုံသော လူအလောင်းတစ်ခုစီနှင့် တွဲဆက်နေပြီး အထူးသဖြင့် ဦးခေါင်းခွံ၏ ဘယ်ဘက် မျက်လုံးအိမ်မှတဆင့် ပေါက်ထွက်နေခြင်း ဖြစ်သည်။

ဤလင်းဇီးမှိုများမှာ စုန့်ဝမ် အပြင်းအထန် ရှာဖွေနေသော အဝါရောင်မှိုများပင် ဖြစ်သည်။ ဂူပေါက်ဝတွင် ရခဲ့သော အလောင်းချီ အငွေ့အသက်နှင့် အပုပ်နံ့များမှာ ဤအလောင်းများထံမှ လာခြင်းဖြစ်သည်။ အလောင်းများ၏ ပုပ်သိုးမှု အနေအထားမှာ မတူညီကြပေ။ အချို့မှာ ပုပ်သိုးနေသော အသားများ ကျန်ရှိနေသေးသော်လည်း၊ အချို့မှာမူ အရိုးဖြူဖြူများသာ ကျန်တော့သည်။

ထိုအရိုးစုအချို့၏ ဗိုက်အတွင်း၌ ပန်းကန်လုံးခန့်သာရှိသော မဖွံ့ဖြိုးသေးသည့် သန္ဓေသား အရိုးစုလေးများ ရှိနေသည်။ အဝါရောင်မှိုများ စိုက်ပျိုးရန် အသုံးပြုထားသော ဤအလောင်းများမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်နေသည်။ ဤအလောင်းများပေါ်တွင် ပေါက်နေသော အဝါရောင်မှိုများမှာ သက်တမ်း အမျိုးမျိုး ရှိကြသည်။

မှို၏သက်တမ်းကို အရွယ်အစားဖြင့် မဆုံးဖြတ်ဘဲ အရောင်ဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ အသစ်ထွက်လာစတွင် အဝါနုရောင် ရှိသည်။ ရင့်လာသည်နှင့်အမျှ အရောင်မှာ ရင့်လာပြီး အဝါရောင်မှ ဝါညိုရောင်သို့ ပြောင်းသွားသည်။ ဤအချိန်တွင် သက်တမ်းမှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကာ ဆေးဖော်ရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။ သက်တမ်း ပိုရလာသောအခါ အညိုဝါရောင်မှ အညိုရင့်ရောင်၊ ထို့နောက် အနီရင့်ရောင်နှင့် နောက်ဆုံးတွင် အနက်ရောင်သို့ ပြောင်းသွားသည်။

ဂူအတွင်း၌ အဝါရောင်မှို တစ်ထောင်ကျော် ရှိသော်လည်း အများစုမှာ ၁၀ နှစ်မှ ၄၀ နှစ်ကြား သက်တမ်းသာ ရှိကြသည်။ ဤမှိုများကို စုမိသားစုက ဂရုတစိုက် စိုက်ပျိုးထားခြင်း ဖြစ်သဖြင့် ၎င်းတို့၏ တကယ့်သက်တမ်းမှာ သဘာဝအတိုင်း ပေါက်ရောက်သော သက်တမ်းထက် ပိုရှည်နိုင်သည်။ ထို့ပြင် ဤမှိုများမှာ စုလျိုထံမှ ရခဲ့သော မှိုသုံးပွင့်နှင့် မတူသည်ကို သတိပြုမိလိုက်သည်။ ဤမှိုများတွင် ထူးဆန်းသော အသက်စွမ်းအား အရိပ်အယောင်များ ပါဝင်နေသည်။ သာမန် အဝါရောင်မှိုများတွင် ထိုသို့ မရှိပေ။

ဤအသက်စွမ်းအားမှာ ထွက်ပြူစ နေမင်း၏ စွမ်းအင်ကဲ့သို့ ရှင်သန်ခြင်းများနှင့် ပြည့်နှက်နေသည်။ ဆောင်းကုန်စ နွေဦးအစတွင် အေးခဲနေသော မြေပြင်ကို ဖောက်ထွက်လာသော အညှောက်လေး၏ ရှင်သန်ခြင်း အရှိန်အဝါနှင့်လည်း တူလှသည်။

ဂူအတွင်း၌ စုမိသားစု၏ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ဂူထောင့်များတွင် နေရာယူပြီး လေသန့်စင်နည်းစနစ်ကို အသုံးပြုနေကြသည်။ ညင်သာသော လေစီးကြောင်းများက ဂူအတွင်း ဖြတ်သန်းသွားကာ အလောင်းအငွေ့အသက်များနှင့် အနံ့ဆိုးများကို ဖယ်ထုတ်ပြီး၊ အပြင်မှ လတ်ဆတ်သော လေများကို သွင်းပေးနေသည်။ ထိုမြင်ကွင်းကြောင့် ကမ်းပါးပေါ်ရှိ ဂူပေါက်များမှာ လေဝင်လေထွက်အတွက် ပြုလုပ်ထားခြင်းဖြစ်ကြောင်း စုန့်ဝမ် သဘောပေါက်သွားသည်။ အဝါရောင်မှိုမှာ လူသေအလောင်းပေါ်တွင် ပေါက်သော်လည်း၊ အလောင်းအငွေ့အသက်များနှင့် ရေရှည် ထိတွေ့နေရပါက ပုပ်သိုးပျက်စီးသွားနိုင်သည်။

၁၅ မိနစ်ခန့်အကြာတွင် ဂူအတွင်းရှိ အနံ့ဆိုးများ ကုန်စင်သွားမှ ထိုကျင့်ကြံသူ နှစ်ဦးမှာ မန္တန်ရွတ်ခြင်းကို ရပ်လိုက်ကြသည်။ ထို့နောက် သူတို့သည် မှိုများ၏ ကြီးထွားမှုကို တစ်ခုချင်းစီ စစ်ဆေးကြတော့သည်။ တစ်ဦးက ဝိညာဉ်စွမ်းအင်ကို သုံး၍ အရိုးစုတစ်ခုကို မလိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ နုနယ်သော အရိုးများကို မတော်တဆ ချိုးမိမှာ စိုးရိမ်နေသည့်အလား အလွန်တရာ ညင်သာလှသည်။ ဤအရိုးစုပေါ်ရှိ အဝါရောင်မှိုမှာ သက်တမ်း နှစ် ၇၀ ခန့် ရှိပြီဟု ခန့်မှန်းရသည်။

အဝါရောင်မှို၏ အောက်ခြေတွင် ဖြူဖွေးသောမှိုမျှင်များစွာ ထွက်ပေါ်နေပြီး ရုပ်အလောင်းနှင့် တွဲဆက်နေသည်။ ဤမှိုမျှင်များမှာ အလွန်ဖွံ့ဖြိုးပြီး ရှုပ်ထွေးစွာ ရစ်ပတ်နေကာ၊ အရိုးထဲမှ အာဟာရဓာတ် နောက်ဆုံးတစ်စက်အထိ စုပ်ယူရန် ကြိုးစားနေသည့်အလား တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။ ဂူထောင့်တစ်နေရာတွင် သတိလစ်နေသော အမျိုးသမီး တစ်ဒါဇင်ကျော် ရှိနေသည်။ ဤအမျိုးသမီးအားလုံးမှာ အသက် ၂၀ ခန့်သာ ရှိကြပြီး ဗိုက်များမှာ ဖောင်းကားနေကာ မွေးဖွားရန် နီးကပ်နေသူများ ဖြစ်ကြသည်။

စုမိသားစု ကျင့်ကြံသူတစ်ဦးသည် အဝါရောင်မှို ပေါက်နေသော ထိုအရိုးစုကို အမျိုးသမီးတစ်ဦး၏ ကိုယ်ပေါ်သို့ တင်လိုက်သည်။ အရိုးစုတွင် ရစ်ပတ်နေသော မှိုမျှင်များသည် သက်ရှိများကဲ့သို့ လှုပ်ရှားလာကာ တီကောင်များကဲ့သို့ တွန့်လိမ်နေကြသည်။ ၎င်းတို့သည် ဟောင်းနွမ်းနေသော အရိုးများထံမှ ခွာလိုက်ပြီး အောက်ရှိ အမျိုးသမီးထံသို့ ဖြည်းညှင်းစွာ တွားသွားကြသည်။ မှိုမျှင်များသည် အမျိုးသမီး၏ အရေပြားပေါ်သို့ ရောက်ရှိသွားပြီးနောက် သူမ၏ အသားကို တဖြည်းဖြည်း ဖောက်ထွင်းကာ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသည်။

နာကျင်မှုကြောင့် ထိုအမျိုးသမီးမှာ ရုတ်တရက် နိုးလာပြီး မျက်လုံးများမှာ ပြူးကျယ်သွားသည်။ အစွမ်းကုန် အော်ဟစ် ရုန်းကန်ရန် အားယူလိုက်သော်လည်း စုမိသားစု ကျင့်ကြံသူက မန္တန်တစ်ခု ရွတ်ဆိုလိုက်သည်။ ထိုအမျိုးသမီးမှာ ချက်ချင်းပင် စကားမပြောနိုင်၊ မလှုပ်ရှားနိုင် ဖြစ်သွားတော့သည်။ အဆက်မပြတ် တုန်ယင်နေသော သူမ၏ ခန္ဓာကိုယ်ကသာ နှလုံးသားထဲရှိ အတိုင်းအဆမဲ့ ကြောက်ရွံ့မှုနှင့် နာကျင်မှုကို ဖော်ပြနေသည်။

မှိုမျှင်များ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ ကူးပြောင်းသွားသောအခါ၊ အပေါ်ရှိ အရိုးစုမှာ ရုတ်တရက် အပိုင်းပိုင်း ကြေမွသွားတော့သည်။ အရိုးစု၏ အထောက်အပံ့ မရှိတော့သောအခါ ဝါဝင်းမှိုမှာ ပြုတ်ကျသွားပြီး အမျိုးသမီး၏ ဘယ်ဘက် မျက်လုံးအိမ်အတွင်းသို့ ကျရောက်သွားသည်။ ထိုအချိန်တွင် အမျိုးသမီး၏ မျက်လုံးများမှာ အစွန်းကုန် ပြူးကျယ်သွားပြီး မျက်လုံးများပင် ထွက်ကျတော့မည့်အလား ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။ အဝါရောင်မှို၏ အောက်ခြေမှ သေးငယ်သော မှိုမျှင်များစွာ ထပ်မံ ထွက်ပေါ်လာပြီး သူမ၏ မျက်လုံးကို ဖောက်ထွက်ကာ ဦးနှောက်အတွင်းသို့ တိုးဝင်သွားကြသည်။ အမျိုးသမီးမှာ အဆုံးမရှိသော နာကျင်မှုနှင့် ထိတ်လန့်မှုများကြားမှာပင် သူမ၏ အသက်ဓာတ်မှာ တဖြည်းဖြည်း ချုပ်ငြိမ်း ကွယ်ပျောက်သွားတော့သည်။

အမျိုးသမီး သေဆုံးသွားသော်လည်း စုမိသားစု ကျင့်ကြံသူမှာ ရပ်မသွားပေ။ အမျိုးသမီး၏ အလောင်းပေါ်တွင် မန္တန်များကို ဆက်လက် ရွတ်ဆိုကာ အလောင်းကို ဝိညာဉ်စွမ်းအင်ဖြင့် ချိတ်ပိတ်ကာ သဘာဝအတိုင်း ပုပ်သိုးမှုကို နှေးကွေးစေခဲ့သည်၊ မဟုတ်ပါက တစ်လအတွင်း အလောင်းမှာ ပုပ်သိုးသွားပြီး အရိုးစုသာ ကျန်တော့မည် ဖြစ်သည်။

All Chapters