ဝိညာဥ်ဆေးပင် ခိုးယူခြင်း
Vol. 15 Ch. 157
အလောင်းနတ်ဆိုးဂိုဏ်းတွင် အလောင်းခွဲစိတ်ကျွမ်းကျင်သူ လုပ်ခဲ့ဖူးသော စုန့်ဝမ်ပင်လျှင် အဝါရောင်မှို စိုက်ပျိုးပုံကို ကြည့်ပြီးနောက် စိတ်မသက်မသာ ဖြစ်သွားသည်။ စုမိသားစုသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အသုံးပြုကာ ဝိညာဉ်ဆေးပင် စိုက်ပျိုးနေခြင်း ဖြစ်သည်။ ၎င်းတို့၏ ရက်စက်မှုမှာ နတ်ဆိုးဂိုဏ်းများထက်ပင် မလျော့ပေ။ ပို၍ပင် ဆိုးဝါးနိုင်ပေသည်။
တချိန်တည်းမှာပင် စုန့်ဝမ် ဇဝေဇဝါ ဖြစ်နေသည်။ ရုံကျင့်ယွမ် ချန်ထားခဲ့သော ဆေးပညာ အတွေ့အကြုံ မှတ်တမ်းများအရ သားရဲသခင်ဂိုဏ်းမှ စိုက်ပျိုးသော အဝါရောင်မှိုများမှာ ဝိညာဉ်သားရဲအလောင်းများပေါ်တွင် စိုက်ပျိုးခြင်း ဖြစ်သည်။ ဝိညာဉ်သားရဲ အလောင်းများတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်မှာ သာမန် ကိုယ်ဝန်ဆောင် အမျိုးသမီးများထက် များစွာ ပိုမို အားကောင်းသည်။ သီအိုရီအရဆိုလျှင် ဝိညာဉ်သားရဲအလောင်းများမှာ ဝါဝင်းမှို ကြီးထွားရန် ပို၍ သင့်လျော်သည်။ သို့ဆိုလျှင် စုမိသားစုသည် အဘယ်အကြောင်းကြောင့် သာမန် လူသား ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုမှ အသုံးပြုရသနည်း။
......
ဂူအတွင်း၌ စုမိသားစုဝင်များမှာ အဝါရောင်မှိုများကို စနစ်တကျ ကိုင်တွယ်နေကြသည်။ အမျိုးသမီး တစ်ဒါဇင်ကျော်ထံသို့ မှိုများ ကူးပြောင်းပြီးနောက်၊ သူတို့သည် ဝိညာဉ်ကျောက်အမှုန့်များကို ထုတ်ယူကာ အလောင်းများပေါ် ဖြန့်ကြဲလိုက်ကြသည်၊ ၎င်းမှာ မှိုမျှင်များ စုပ်ယူနိုင်ရန် ဖြစ်သည်။
ထိုစဥ် ရုတ်တရက်ဆိုသလို စုမိသားစုဝင်တစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ရင်ဘတ် အရေပြားအောက်တွင် ကြက်ဥအရွယ်ခန့်ရှိသော အဖုကြီးတစ်ခု ပေါ်လာပြီး အလျင်အမြန် လှုပ်ရှားသွားသည်။ ထို၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာပင် ပိန်လှီသွားတော့သည်။
ထိုအဖြစ်အပျက်ကို ကျန်သူများ သတိထားမိသွားသော်လည်း တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် အလားတူ ကံကြမ္မာကို ရင်ဆိုင်လိုက်ရသည်။ ခဏတာအတွင်းမှာပင် အဆင့်မြင့်ကူ ခြောက်ကောင်သည် ကျင့်ကြံသူ ခြောက်ဦး၏ ခန္ဓာကိုယ်များကို စားသုံးလိုက်ကြပြီး အဝတ်အစားများသာ ကျန်ရစ်တော့သည်။
စားသောက်ပြီးသည်နှင့် ကူတစ်ကောင်သည် ခဏချင်းမှာပင် ဂူပေါက်ဝဆီ ပျံသန်းသွားပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို ယူကာ ဂူအတွင်းသို့ ပြန်လာခဲ့သည်။ ကျန်ရှိသော ကူငါးကောင်က အဝါရောင်မှိုများကို တစ်ခုပြီးတစ်ခု နှုတ်ယူပြီး သိုလှောင်လက်စွပ်အနီးသို့ ယူဆောင်လာကြသည်။ ချက်ချင်းပင် သိုလှောင်လက်စွပ်မှ အပြာရောင်အလင်းတန်း ထွက်ပေါ်လာပြီး အဝါရောင်မှိုများကို အတွင်းသို့ ဆွဲယူလိုက်သည်။
များမကြာမီမှာပင် ဂူအတွင်းရှိ အဝါရောင်မှို တစ်ထောင်ကျော်ကို ရိတ်သိမ်းလိုက်ပြီး ဖြစ်ကာ၊ သက်တမ်း ၁၀ နှစ်အောက်ရှိသော အပင်ငယ် အနည်းငယ်သာ ကျန်ရစ်တော့သည်။
ကူတစ်ကောင်က သိုလှောင်လက်စွပ်ကို သယ်ယူပြီး၊ အခြား ကူငါးကောင်က သိုလှောင်အိတ်များကို သယ်ဆောင်လျက် ဂူအပြင်သို့ အမြန် ထွက်လာကြသည်။ ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာ အတည်ပြုပြီးနောက် စုန့်ဝမ်သည် သိုလှောင်လက်စွပ်နှင့် ကူပိုးကောင်များကို ပြန်သိမ်းပြီး နေအိမ်သို့ ပြန်လာခဲ့သည်။
စုန့်ဝမ်သည် ဂူအတွင်းရှိ လူခြောက်ဦး လေရှင်းထုတ်နေစဉ် ကူပိုးကောင်များအား သိုလှောင်လက်စွပ်တစ်ကွင်းကို သယ်ခိုင်းကာ ဂူအတွင်းသို့ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရုတ်တရက် အလစ်အငိုက်ဖမ်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံသူများသည် အခြေတည်အဆင့် ရောက်ရှိပြီးနောက် ဝိညာဉ်အာရုံ အလှမ်းမီသော အကွာအဝေးအတွင်း၌ သိုလှောင်လက်စွပ်များကို အဝေးမှ ထိန်းချုပ်နိုင်ကြသည်။ ထို့ကြောင့် မှိုများကို သိုလှောင်လက်စွပ်တွင်း ထည့်သွင်းပြီး ယူနိုင်ခြင်း ဖြစ်သည်။
…..
စုန့်ဝမ် ထွက်ခွာသွားပြီး ၁၅ မိနစ်ခန့်အကြာတွင် စုမိသားစု ကျင့်ကြံသူတစ်ဦး ဓားပျံဖြင့် ပျံသန်းကာ ဂူပေါက်ဝသို့ ရောက်ရှိလာသည်။
နေ့စဉ် သန်းခေါင်ယံအချိန်တိုင်း ဂူ၏ အစီအရင်ကို ဖွင့်ကာ လေဟောင်းများကို လဲလှယ်ပြီး အဝါရောင်မှိုများကို ပြုစုကြရသည်၊ ၎င်းမှာ ပုံမှန်အားဖြင့် မိနစ် ၃၀ ခန့်သာ ကြာတတ်သည်။ ယနေ့တွင်မူ လူခြောက်ဦး ဂူထဲဝင်သွားသည်မှာ ၄၅ မိနစ် ကျော်နေပြီဖြစ်သော်လည်း ပြန်ထွက်မလာသေးသဖြင့် ကြီးကြပ်သူက သံသယဖြစ်ကာ ကိုယ်တိုင် လာစစ်ဆေးခြင်း ဖြစ်သည်။
ကမ်းပါးယံသို့ ရောက်သောအခါ ဂူပေါက်ဝများ ပွင့်လျက်ရှိနေသော်လည်း ဂူအတွင်း၌ မည်သည့် သက်ရှိအရိပ်အယောင်မျှ မရှိသည်ကို သတိပြုမိလိုက်သည်။ ဂူအတွင်းသို့ အမြန်ဝင်ကြည့်လိုက်ရာ ဂူတစ်ခုလုံး ရှုပ်ပွနေပြီး၊ အဝါရောင်မှို အားလုံးနီးပါး ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်၊ သူ့လူခြောက်ဦးလည်း ပျောက်နေသည်။
ထိုကျင့်ကြံသူ အလွန်အမင်း ထိတ်လန့်သွားပြီး ဂူအပြင်သို့ အမြန်ထွက်ကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ ချိုးဖျက်လိုက်သည်။ ချက်ချင်းပင် ဝိညာဉ်စိုက်ခင်း၏ အထက်ကောင်းကင်ယံတွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။
မကြာမီမှာပင် ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ ထိုသူ၏ ဘေးသို့ ရောက်ရှိလာကြသည်။
“စုယွမ်... အရေးပေါ် အချက်ပေး အဆောင်ကို သုံးရအောင် ဘာဖြစ်တာလဲ” ဟု ရောက်လာသူထဲမှ စုမိသားစုခေါင်းဆောင် စုအန်ချင်းက အလောတကြီး မေးလိုက်သည်။
စုယွမ်ဟု ခေါ်သော ကျင့်ကြံသူသည် စုအန်ချင်းကို အရိုအသေပြုရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ “အဝါရောင်မှိုတွေ အခိုးခံလိုက်ရပြီ”ဟု ဆိုကာ ဖြစ်ပျက်သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။
စုအန်ချင်း၏ အမူအရာမှာ ပြာနှမ်းသွားပြီး ဒေါသပေါက်ကွဲသွားသည်။
“ရှာကြစမ်း၊ အင်အားအကုန်သုံး။ မြေလှန်ရှာပြီး မှိုတွေကို ပြန်ယူလာခဲ့”
တခဏအတွင်း စုမိသားစုတစ်ခုလုံး သက်ဝင်လှုပ်ရှားလာပြီး ရှာဖွေကြတော့သည်။
အသက်ကြီးပြီး ပိန်လှီနေသော အဘိုးအိုတစ်ဦးမှာမူ ထွက်မသွားဘဲ ကျန်ရစ်ခဲ့ပြီး၊ စုအန်ချင်းကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။
စုအန်ချင်းကလည်း ထိုအဘိုးအိုကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ဘာလဲ … အကြီးအကဲက ကျွန်တော့်အမိန့်ကို ကန့်ကွက်စရာ ရှိလို့လား”
အကြီးအကဲစုဝမ်ရှီက ခေါင်းခါရင်း“စုအန်ချင်း ... အဝါရောင်မှိုက ဘိုးဘေးရဲ့ သက်တမ်းအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ မင်းသိပါတယ်။ အခု မှိုတွေ ပျောက်သွားပြီဆိုတော့ မင်း တာဝန်ကနေ ရှောင်လွှဲလို့ မရဘူး။ အကယ်၍ ဒါက ဘိုးဘေးရဲ့ သက်တမ်းကို ထိခိုက်စေခဲ့ရင် မင်း ဘိုးဘေးနဲ့ မိသားစုကို ဘယ်လို ရှင်းပြမလဲဆိုတာ ငါ တကယ် သိချင်မိတယ်”ဟု ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။
……..
စုန့်ဝမ်သည် နေအိမ်သို့ ပြန်ရောက်သည်နှင့် အခန်းထဲတွင် ဖုံးကွယ်အစီအရင်ကို အမြန်ခင်းကျင်းလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ အဝါရောင်မှိုများကို ထုတ်ယူကာ သက်တမ်းအလိုက် စီစဉ်ပြီး ကျောက်စိမ်းသေတ္တာများထဲတွင် စနစ်တကျ ထည့်ကာ ချိတ်ပိတ်လိုက်သည်။
သို့သော် ရရှိခဲ့သော မှိုအရေအတွက်မှာ တစ်ထောင်ကျော် ဖြစ်နေသဖြင့် ကျောက်စိမ်းသေတ္တာများ မလောက်ငတော့ဘဲ အပင်တစ်ရာကျော်မှာ ထည့်စရာ နေရာမရှိ ဖြစ်နေသည်။ ကျောက်စိမ်းသေတ္တာများသည် မှိုများ၏ ဆေးစွမ်းအင် လွင့်ပြယ်မှုကို နှေးကွေးစေရန် ထိန်းသိမ်းပေးနိုင်သည်။ အကယ်၍ သိုလှောင်လက်စွပ်ထဲတွင် အချိန်အကြာကြီး ထားရှိပါက မှိုများ၏ ဆေးဖက်ဝင်မှု အာနိသင် တဖြည်းဖြည်း လျော့နည်းသွားပေလိမ့်မည်။
စုန့်ဝမ် ကြံရခက်နေစဉ် အပြင်၌ ကင်းစောင့်နေသော အဆင့်မြင့်ကူက စုမိသားစု ကျင့်ကြံသူအုပ်စုကြီးတစ်စု ပြင်ပအဖွဲ့ဝင် ကျင့်ကြံသူများ နေထိုင်ရာ ခြံဝန်းဘက်သို့ ဦးတည်လာနေကြောင်း သတင်းပို့လာသည်။
စုန့်ဝမ်လည်း အတွေးတစ်ချက်ဖြင့် သွေးနီရောင် ခေါင်းတလားတစ်ခု ထုတ်ယူလိုက်သည်။ ချက်ချင်းပင် ခေါင်းတလားအဖုံးကို ဖွင့်လိုက်ပြီး ကျန်ရှိနေသောမှိုများကို အတွင်းရှိ ငွေရောင်အလောင်းကောင်ပေါ် တင်ထားလိုက်သည်။ အဝါရောင်မှိုသည် ရုပ်အလောင်းများပေါ် ကပ်ပါးပင်အဖြစ် ပေါက်ရောက်သည့် သဘာဝ ရှိသဖြင့် ဤဖြေရှင်းနည်းသည်သာ လက်ရှိအချိန်တွင် အသင့်တော်ဆုံး ဖြစ်နေသည်။
ထို့နောက် ခေါင်းတလားကို ပြန်သိမ်းပြီး ကျောက်စိမ်းသေတ္တာငယ် အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သွင်းသိမ်းဆည်းခဲ့သည်။ ထိုသိုလှောင်လက်စွပ်ကို မျိုချကာ ကူပိုးကောင်များ အကူအညီဖြင့် သွေးကြောတွင်း ပို့ဆောင်သိမ်းဆည်းလိုက်သည်။ အခြားသော သိုလှောင်လက်စွပ်များကိုမူ ကူပိုးကောင်မျာအား သယ်ဆောင်စေပြီး ခြံဝန်းနောက် မြေကွက်လပ်အတွင်း မြေအောက်သို့ နက်နိုင်သမျှ နက်အောင် တူးဖော်၍ သိမ်းဆည်းစေခဲ့သည်။
စုမိသားစုတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးသာ ရှိပြီး သူသည်လည်း အသက်ကြီး၍ သေခါနီး ဖြစ်နေပြီ ဖြစ်သည်။ ထိုသူက ပျောက်ဆုံးနေသော မှိုများအတွက် ပြင်ပအဖွဲ့ဝင်များ၏ ခြံဝန်းအထိ ကိုယ်တိုင် ဆင်းလာပြီး စုံစမ်းစစ်ဆေးလိမ့်မည် မဟုတ်ပေ။ အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ ဖော်ထုတ်မခံရစေရန် စုန့်ဝမ် ယုံကြည်ချက် ရှိသည်။
အလုံးစုံ ပြီးစီးသွားသောအခါ ဖုံးကွယ်ခြင်းအစီအရင်ကို ဖြုတ်သိမ်းပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် ကျင့်ကြံဟန်ဆောင်နေလိုက်သည်။
…….
အသက်နှစ်ရှိုက်စာ ကြာချိန်တွင် ရုတ်တရက်ဆိုသလို ခြံဝန်း၏ အထက် ကောင်းကင်ယံတွင် ကြီးမားသော အလင်းလုံးကြီးတစ်ခု ပေါ်လာသည်။ အချင်း ၁၀ ပေကျော်ရှိသော ထိုအလင်းလုံးကြီးသည် မျက်စိကျိန်းမတတ် လင်းထိန်နေကာ ခြံဝန်းအတွင်းရှိ ရာနှင့်ချီသော အိမ်များကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။ ခြံဝန်းအတွင်းရှိ ကျင့်ကြံသူအားလုံး ထိုအလင်းရောင်ကြောင့် လန့်နိုးလာကြပြီး အိမ်အပြင် ထွက်လာကြသည်။
စုမိသားစု၏ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက လေထဲတွင် ပျံဝဲလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ခြံဝန်းထဲက လူအားလုံး နားထောင်ကြ။ ငါက စုမိသားစုရဲ့ ဒုတိယအကြီးအကဲ စုကျွင်းဟောင်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် မင်းတို့အခန်းတွေထဲက ထွက်လာဖို့ အသက်ရှူအကြိမ် ၁၀ ကြိမ် အချိန်ပေးမယ်။ အကယ်၍ ထွက်မလာဘူးဆိုရင် စုမိသားစုရဲ့ ရန်သူလို့ သတ်မှတ်ပြီး အကျဉ်းချခံရလိမ့်မယ် …. ၁၀၊ ၉၊ ၈၊ ၇..."
စုကျွင်းဟောင် စတင်ရေတွက်သည်နှင့် အိမ်တိုင်းရှိ ပြင်ပအဖွဲ့ဝင် ကျင့်ကြံသူများသည် အရေးကြီးကိစ္စ တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ မဟုတ်လျှင် စုမိသားစုက ဤမျှ ကြမ်းတမ်းစွာ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ မည်သူမျှ မနှောင့်နှေးရဲဘဲ အခန်းပြင်သို့ အမြန် ထွက်လာကြသည်။
"...၁"
ရေတွက်ခြင်း ပြီးဆုံးသွားသောအခါ ပြင်ပကျင့်ကြံသူ အားလုံးနီးပါး အပြင်ဘက် မြေကွက်လပ်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ ထွက်မလာသော ကျင့်ကြံသူ ၁၀ ဦးခန့်သာ ကျန်တော့သည်။
စုကျွင်းဟောင်သည် ပိတ်ထားဆဲ အခန်းများကို ကြည့်ကာ မျက်လုံးများ အေးစက်သွားသည်။ သူသည် အောက်တွင် ရပ်နေသော စုမိသားစု၏ ချီစုစည်းခြင်းအဆင့် တပည့်တစ်ရာနီးပါးကို အော်ဟစ် အမိန့်ပေးလိုက်သည်။
"သူတို့ကို အပြင်ကို ဆွဲထုတ်ခဲ့၊ ငြင်းဆန်ရင် အဲဒီနေရာမှာတင် သတ်ပစ်လိုက်"
စုမိသားစု တပည့်များသည် စနစ်တကျ လေ့ကျင့်ထားသော စစ်တပ်ကဲ့သို့ အဖွဲ့ခွဲကာ တံခါးပိတ်ထားသော အိမ်များဆီသို့ အမြန် ပြေးဝင်သွားကြသည်။ အိမ်ရှင်က တံခါးဖွင့်ပေးသည်ဖြစ်စေ၊ အတင်းဝင်ရောက်ရသည်ဖြစ်စေ အားလုံးမှာ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
၎င်းကို မြင်သောအခါ မြေကွက်လပ်တွင် ရပ်နေသော ကျင့်ကြံသူများကြားတွင် မငြိမ်မသက်မှုများ စတင်လာသည်။ သူတို့သည် စုမိသားစုအတွက် အလုပ်လုပ်ပေးနေသူများ ဖြစ်သော်လည်း သူတို့ကိုယ်သူတို့ ရောင်းထားသူများ မဟုတ်ကြပေ။ စုမိသားစုနှင့် သူတို့၏ ဆက်ဆံရေးမှာ သခင်နှင့်အစေခံ မဟုတ်ဘဲ အကျိုးစီးပွားတူ အလုပ်သဘော ဆက်ဆံရေးမျိုး ဖြစ်သည်။ ထို့ပြင် သူတို့သည် ဆေးပညာရှင်များ၊ အဆောင်ဆရာများ၊ လက်နက်သန့်စင်များနှင့် အစီအရင်ဆရာများ ဖြစ်ကြသဖြင့် ကျင့်ကြံခြင်းလောကတွင် လေးစားခံရသူများ ဖြစ်သည်။ ယခုလို စုမိသားစုက မည်သည့်ရှင်းပြချက်၊ အကြောင်းပြချက်မျှ မရှိဘဲ ဖမ်းဆီးခြင်းမှာ သူတို့ကြားတွင် မကျေနပ်မှုများ ဖြစ်ပေါ်စေသည်မှာ သဘာဝပင် ဖြစ်သည်။
အောက်တွင် ဆူညံသံများ ပိုကျယ်လာသောအခါ စုကျွင်းဟောင်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
“မသေချင်တဲ့သူတွေ ငြိမ်ငြိမ်နေကြ”
စုမိသားစု ဒုတိယအကြီးအကဲဖြစ်သူ စုကျွင်းဟောင်သည် ဝိညာဉ်စိုက်ခင်းကို တာဝန်ယူရသူ ဖြစ်သဖြင့် အဝါရောင်မှိုများ ပျောက်ဆုံးမှုမှာ သူ့တာဝန် ဖြစ်နေသည်။ သူ့အပြစ်ဒဏ် လျော့ပါးစေရန် ထိုမှိုများကို ပြန်လည်ရရှိဖို့ အသည်းအသန် ကြိုးစားနေခြင်း ဖြစ်သည်။
စုမိသားစုသည် ချင်းဖျင်တောင် ပတ်ဝန်းကျင်ရှိ သံသယဖြစ်ဖွယ် လူအားလုံးကို ရှာဖွေရန် သူတို့၏ အဖွဲ့ဝင်အားလုံးနီးပါးကို စေလွှတ်ထားသလို၊ မိသားစုအတွင်းပိုင်းတွင်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ စုန့်ဝမ်ကဲ့သို့သော ပြင်ပကျင့်ကြံသူများသည် သဘာဝကျကျပင် အဓိက သံသယရှိသူများ ဖြစ်လာကြသည်။ ပြင်ပအဖွဲ့ဝင် ကျင့်ကြံသူ အများအပြားရှိသည့်အနက် အခြေတည်အဆင့် ကျင့်ကြံသူ အနည်းငယ်သာ ချင်းဖျင်တောင်၏ အထက်ပိုင်းရှိ လိုဏ်ဂူများတွင် နေထိုင်ကြပြီး၊ ကျန်သူများမှာ တောင်ခြေရှိ ဤဝန်းအတွင်း၌ နေထိုင်ကြခြင်း ဖြစ်သည်။
စုကျွင်းဟောင်က သူ၏ အခြေတည် နှောင်းပိုင်းအဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ခြံဝန်းတစ်ခုလုံးကို ဖိအားများဖြင့် လွှမ်းခြုံသွားစေပြီး မုန်တိုင်းမတိုက်မီ ငြိမ်သက်သကဲ့သို့ ငြိမ်ကျသွားစေခဲ့သည်။ ခြံဝန်းတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု မြင်သောအခါ စုကျွင်းဟောင်သည် ဖမ်းဆီးခံထားရသော ကျင့်ကြံသူများကို စစ်ဆေးရန် အချုပ်ခန်းသို့ ခေါ်ဆောင်သွားစေခဲ့သည်။ ထိုသူများမှာ ချီစုစည်းခြင်း အလယ်အလတ်အဆင့်သာ ဖြစ်သဖြင့် ခိုးယူမှုတွင် ပါဝင်နိုင်ခြေ အလွန်နည်းပါးသည်။ သို့သော် ယခုအခါ စုကျွင်းဟောင်သည် အာဏာတည်စေရန် ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖို့ လိုအပ်နေသည်။ ထိုလူများ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ အကျဉ်းချထားရန် လိုအပ်သည်။
ထို့နောက် စုမိသားစုဝင် ကျင့်ကြံသူများသည် အိမ်အသီးသီးသို့ ပြေးဝင်ကာ စတင်ရှာဖွေကြတော့သည်။ သူတို့သည် အိမ်အတွင်းအပြင်ရှိ ထောင့်တိုင်း၊ တံခါးအက်ကြောင်းများ၊ နံရံအပေါက်များနှင့် ကြမ်းပြင်ကြားများကိုပင် မကျန်အောင် သေချာစွာ ရှာဖွေကြသည်။ သူတို့ ရှာဖွေပြီးနောက် အိမ်များသည် မုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ပရိဘောဂများမှာ ဟိုတစ်စ ဒီတစ်စ ဖြစ်ကုန်သည်။ သံသယဖြစ်ဖွယ် နေရာအချို့တွင်မူ အိမ်၏ အစိတ်အပိုင်းများကို ဖျက်ဆီးရှာဖွေကြသည်။ တံခါးများ၊ နံရံများနှင့် ကြမ်းခင်းများကိုပင် ဆွဲခွာပစ်ကြသည်။ ယခင်က သပ်ရပ်ခဲ့သော ခြံဝန်းမှာ ယခုအခါ ပျက်စီးယိုယွင်းနေသော အမှိုက်ပုံပမာ ပြောင်းလဲသွားတော့သည်။
အိမ်များအတွင်းမှ ဝှက်ထားသော ပစ္စည်းအတော်များများကို ရှာတွေ့ခဲ့ကြပြီး စစ်ဆေးရန် စုကျွင်းဟောင်ထံ ပေးအပ်ခဲ့ကြသော်လည်း ပျောက်ဆုံးနေသော မှိုများနှင့် ပတ်သက်သည်မှာ တစ်ခုမှ မပါဝင်ပေ။ ပြင်ပကျင့်ကြံသူ အများအပြားသည် သူတို့၏ ဝှက်ထားသော ရတနာများ ဖော်ထုတ်ခံရသည်ကို ကြည့်ကာ မကျေမနပ် ဖြစ်နေကြသော်လည်း စုကျွင်းဟောင်၏ ဖိအားကြောင့် ငြိမ်နေကြရသည်။