လူဖမ်းပြီး သတင်းယူမယ်
Vol. 15 Ch. 161
"သွားပြီ၊ သူသံသယဝင်သွားပြီ"
လေလွင့်ကျင့်ကြံသူမှာ သူ့ဘာသာ တွေးလိုက်မိသည်၊ ဤလေလွင့်ကျင့်ကြံသူမှာ ရုပ်ဖျက်ထားသော စုန့်ဝမ်ပင် ဖြစ်သည်၊ မူလက စုရှို့ယုံကို စျေးအပြင်ဘက်သို့ ဆွဲထုတ်ပြီးမှ လှုပ်ရှားရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤလူမှာ အလွန် သတိကြီးလှသည်၊ အဝါရောင်မှို သွားယူရန် မိသားစုဝင်တစ်ဦးကိုသာ ထည့်ပေးဖို့ လုပ်နေသည်။ သူငြင်းဆန်လိုက်သောအခါ ချက်ချင်းပင် သံသယ ဝင်သွားသည်။
တစ်ဖက်လူက သံသယဝင်နေပြီဖြစ်သဖြင့် ယခုပင် လှုပ်ရှားရန်သာ ရှိတော့သည်။ ချက်ချင်းပင် ဖုတ်ကောင်နှစ်ကောင် ပေါ်လာသည်။ ၎င်းတို့မှာ တတိယအဆင့်တစ်ပိုင်း ငွေရောင်အလောင်းရုပ်သေးနှင့် အချိန်အတော်ကြာ အသုံးမပြုခဲ့သော ကြေးနီဖုတ်ကောင်တို့ ဖြစ်ကြသည်။
ထိုအလောင်းကောင်နှစ်ခု ပေါ်လာသည်နှင့် ဆိုင်တစ်ဆိုင်လုံးတွင် အလောင်းစွမ်းအင်များ ပျံ့နှံ့သွားပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ လွှမ်းမိုးလာသည်။
ကြေးနီဖုတ်ကောင်က စုယိုထံသို့ ခုန်အုပ်လိုက်ပြီး၊ ငွေရောင်အလောင်းရုပ်သေးက စုရှို့ယုံထံသို့ လျှပ်စီးကဲ့သို့ အလွန်လျင်မြန်စွာ ပြေးဝင်သွားသည်။
စုရှို့ယုံ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သူ့ကိုယ်ပေါ်မှ အနီရောင် ပိုးဖဲကြိုးတစ်ချောင်း ထွက်ပေါ်လာကာ တွန့်လိမ်လျက် ငွေရောင်အလောင်းကို ချုပ်နှောင်လိုက်သည်။
စုရှို့ယုံသည် ချီစုစည်းခြင်း ဒုတိယအဆင့်အဖြစ် ရုတ်တရက် ပေါ်လာသော ဤလေလွင့်ကျင့်ကြံသူအပေါ်တွင် သတိကြီးစွာ ထားရှိခဲ့သော်လည်း၊ တတိယအဆင့်တစ်ပိုင်း ငွေရောင်အလောင်းကောင်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သို့သော် သတိကြီးသူပီပီ ပြင်ဆင်မှုထားမှုက မနည်းပေ။
ချက်ချင်းပင် ဆိုင်အနောက်ဘက်ရှိ ဝင်းထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူ လေးဦးက မန္တန်များ အသုံးပြု၍ ဓားပျံလေးလက်ကို စုန့်ဝမ်ထံ စေလွှတ်တိုက်ခိုက်လိုက်သည်။
ဆိုင်၏ အထူးအားဖြည့်ထားသောနံရံများကို ဓားလေးလက်က အလွယ်တကူ ဖောက်ထွက်သွားပြီး၊ နံရံမှာ ချက်ချင်း ပြိုကျသွားတော့သည်။
စုန့်ဝမ်၏ ရှေ့တွင် ဝိညာဥ်အလံတစ်ခု ရုတ်တရက် ပေါ်လာပြီး မျက်နှာနီမြန်းနေသော တစ္ဆေစစ်သူကြီးတစ်ဦး ထွက်လာသည်။ တစ္ဆေစစ်သူကြီးသည် ယင်လေပြင်းများကို ဆင့်ခေါ်ကာ ဓားပျံလေးလက်ထံ ပြေးဝင်တိုက်ခိုက်သည်။
စုန့်ဝမ်၏ ခန္ဓာကိုယ်မှ သွေးမြူများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ တစ္ဆေတစ်ကောင်ကဲ့သို့ စုရှို့ယုံထံ တဟုန်ထိုး ပြေးဝင်သွားသည်။
အနီရောင်ပိုးဖဲကြိုးသည် ငွေရောင်အလောင်းကောင်ကို အချိန်အကြာကြီး တားဆီးထားနိုင်လိမ့်မည် မဟုတ်ကြောင်း သိသဖြင့် စုရှို့ယုံသည် ဝင်းအတွင်းရှိ အဆောက်အအုံဆီသို့ အမြန် ပြေးသွားသည်။ ထိုအဆောက်အအုံတွင် ကာကွယ်ရေး အစီအရင်များ ရှိသည်၊ ခဏလောက် တောင့်ခံထားနိုင်ပါက ချင်းဖျင်တောင်မှ စစ်ကူများ ရောက်ရှိလာပေလိမ့်မည်။
"မဟာဂူနတ်မိုးကြိုး .. ကျဆင်းစေ"
ကောင်းကင်ယံတွင် မည်းမှောင်နေသော တိမ်တိုက်များ အထပ်ထပ် ဖြစ်ပေါ်လာပြီး၊ တောက်ပသော ငွေရောင်အလင်းတန်းတစ်ခု စုရှို့ယုံထံသို့ တိုးဝင်သွားသည်။
စုရှို့ယုံကလည်း မခေ၊ ဦးခေါင်းအထက်တွင် ဓားပျံတစ်လက် ပေါ်လာပြီး၊ ကျဆင်းလာသော မိုးကြိုးကို ခုခံလိုက်သည်။
"ဂျိမ်း"
မိုးကြိုးသည် ဓားပျံကို ပြင်းထန်စွာ ထိမှန်သွားသည်။ ဓားပျံမှာ အဝေးသို့ လွင့်ထွက်သွားပြီး မြေပြင်ထဲသို့ ထိုးစိုက်သွားသည်။ မိုးကြိုးလျှပ်စီးမှာလည်း အားကုန်လုနီးပါးဖြစ်ပြီး ကွယ်ပျောက်သွားသည်။
စုရှို့ယုံသည် အဆောက်အအုံ၏ အဝင်ဝသို့ အမြန်ပြေးနေရင်း ရောက်ခါနီးတွင် ရုတ်တရက် ခြေချော်သွားပြီး ပါးစပ်မှ သွေးတစ်လုပ် ပန်းထွက်လာသည်၊ အရှိန်မှာလည်း သိသိသာသာ လျော့ကျသွားသည်။
သူ့အနောက်ဘက်တွင် ပြင်းထန်သော လေခွင်းသံနှင့်အတူ ငွေရောင်အလောင်းရုပ်သေး ပြေးဝင်လာသည်။ ယင်းမှာ စုရှို့ယုံ၏ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ပိုးဖဲကြိုးမှာ ငွေရောင်အလောင်းရုပ်သေး၏ လက်ထဲတွင် အသက်နှစ်ရှိုက်စာသာ တောင့်ခံနိုင်ပြီး တစ်စစီ ဆွဲဖြဲခြင်း ခံလိုက်ရသည်။ ဝိညာဉ်ပိုးဖဲကြိုး ပျက်စီးသွားသဖြင့် စုရှို့ယုံမှာ ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။
ငွေရောင်အလောင်းရုပ်သေးမှာ စုန့်ဝမ်ထက် ပိုမြန်ဆန်သဖြင့် စူးရှို့ယုံကို လိုက်မီသွားသည်။
စုရှို့ယုံမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားပြီး "ကယ်ကြပါဦး" ဟု အော်ဟစ်လိုက်သည်။
သူ့လူများက ကူညီရန် စိတ်မကူးကြ၊ အဆောက်အဦးရှေ့ရှိ လူ ၄ ယောက်က ဓားပျံများဖြင့် တစ္ဆေစစ်သူကြီးကို ဟန့်တားပြီး အဆောက်အဦးအတွင်း ဝင်ပြေးသွားကြသည်။ စုယိုလည်း ကြေးနီအလောင်းကောင်မှာ သူ့ပြိုင်ဘက် မဟုတ်သဖြင့် ခုခံဖို့ စိတ်မကူး၊ အနားကပ်မခံဘဲ အဆောက်အဦးဆီ ခြေကုန်သုတ် ပြေးတော့သည်။ သူတို့ကဲ့သို့ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူများသည်၊ အထွတ်အထိပ်အဆင့်နှင့် ယှဥ်နိုင်သော ငွေရောင်အလောင်းကောင်၏ ပြိုင်ဘက် မဟုတ်ချေ။ စုရှို့ယုံပင် ပြေးလွတ်မည် မဟုတ်ကြောင်း သူတို့ သိသဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အကာအကွယ်အစီအရင် ဖွင့်လိုက်ပါတော့သည်။ အစီအရင် အသက်ဝင်လာသည်နှင့် ဖောက်ထွင်းမြင်နိုင်သော စွမ်းအင်အလွှာတစ်ခုက အဆောက်အဦးတစ်ခုလုံး ဖုံးလွှမ်းသွားပြီး ပြင်ပနှင့် အဆက်ဖြတ်လိုက်သည်။
စုရှို့ယုံမှာ မျှော်လင့်ချက် လုံးဝကုန်ဆုံးသွားတော့သည်။ ထိုအခိုက်အတံ့တွင် အေးခဲလဓားက စူးရှို့ယုံ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်သွားသည်။ ငွေရောင်အလောင်းကောင်ကြောင့် အာရုံများနေသော စုရှို့ယုံသည် အေးခဲလဓား မထိမှန်မီအထိ သတိမထားမိခဲ့ပေ။ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် လွင့်ထွက်သွားကာ၊ အဆောက်အအုံ၏ အဝင်ဝ အပြင်ဘက်နားတွင် လဲကျသွားသည်။
ချက်ချင်းဆိုသလို လျှပ်စီးများ လွှမ်းခြုံထားသော ပုံရိပ်တစ်ခု ရောက်လာပြီး စုရှို့ယုံကို ဖမ်းဆီးကာ၊ အေးခဲလဓား၊ အလောင်းကောင်နှစ်ခုနှင့် ဝိညာဥ်အလံကို ပြန်လည် သိမ်းဆည်းပြီး ဓားပျံကို အသုံးပြုကာ စျေးအပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။ စျေးတစ်ခုလုံးတွင် အဆင့်မြင့်ကူများကို ကင်းထောက်ချထားသဖြင့် စုမိသားစုမှ စစ်ကူများ လာနေပြီဖြစ်ကြောင်း စုန့်ဝမ် သိရှိပြီး ဖြစ်သည်။
စုန့်ဝမ် လေထဲသို့ ပျံတက်သွားစဉ်မှာပင်၊ ၁၀ မိုင်ကျော် အကွာမှ သူ့ထံ ပြေးဝင်လာသော ပုံရိပ်တစ်ခုကို သတိပြုမိလိုက်သည်။ ထိုသူမှာ မိုးကြိုးခြေလှမ်း သုံးထားသော စုန့်ဝမ်ထက်ပင် ပို၍ မြန်ဆန်နေသည်။
နီးကပ်လာသော ထိုပုံရိပ်မှာ စုမိသားစုခေါင်းဆောင် စုအန်ချင်းပင် ဖြစ်သည်။
စုအန်ချင်းသည် ဆေးဆိုင်သို့ အလျင်အမြန် ရောက်လာသည်။ စုမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူ ၅ ဦးမှာ အစီအရင်အတွင်း ပုန်းအောင်းကာ ကြောက်ရွံ့တုန်လှုပ်လျက် အကြီးအကဲဖြစ်သူ အဖမ်းခံရသည်ကို ထိုင်ကြည့်နေကြောင်း တွေ့လိုက်ရသောအခါ အလွန်ဒေါသထွက်သွားသည်။
သို့သော် စုရှို့ယုံကို ကယ်တင်ရန် အရေးကြီးနေသဖြင့် လျစ်လျူရှုပြီး စုန့်ဝမ်၏နောက်သို့သာ ဆက်လက် လိုက်လံဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးကြား အကွာအဝေးမှာ လျင်မြန်စွာ ကျဉ်းမြောင်းလာသည်။
သို့သော် စုယို၏ စကားတစ်ခွန်းကြောင့် စုအန်ချင်း၏အရှိန်မှာ ချက်ချင်း လျော့ကျသွားတော့သည်။
“သတိထားပါ မိသားစုခေါင်းဆောင်၊ အဲဒီလူမှာ တတိယအဆင့်တစ်ပိုင်း ငွေရောင်အလောင်းတစ်ကောင် ရှိတယ်”
စုအန်ချင်းသည် ခဏတာ တုန့်ဆိုင်းသွားပြီးနောက် စုန့်ဝမ် ထွက်ပြေးသွားသည့် ပုံရိပ်ကို မယုံနိုင်သလို ကြည့်ကာ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
“တတိယအဆင့်တစ်ပိုင်း ငွေရောင်အလောင်းကောင် ဟုတ်လား၊မင်းတို့တွေ သေချာရဲ့လား”
စုယိုက လေးနက်စွာ ခေါင်းညိတ်ပြသည်။
“ကျွန်တော်တို့ ငါးယောက်လုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ မဟုတ်ရင် ခြောက်ယောက်တစ်ယောက် အနေအထားနဲ့ ကျွန်တော်တို့ ဘယ်လိုလုပ် ရှုံးမလဲ။ ဒါတင်မကသေးဘူး၊ ဒီလူမှာ ဒုတိယအဆင့် တစ္ဆေစစ်သူကြီးတစ်ကောင်လည်း ရှိသေးတယ်၊ မိုးကြိုးနည်းစနစ်တွေလည်း သုံးသွားသေးတယ်။ သူ့နည်းလမ်းတွေက အဆုံးမရှိသလိုပဲ”
“အလောင်းတွေကို မွေးမြူတယ်၊ တစ္ဆေတွေကို ခိုင်းစေတယ်၊ မိုးကြိုးအတတ်ကိုတောင် သုံးနိုင်တယ်ပေါ့”
စုအန်ချင်း၏ မျက်နှာမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ စုမိသားစုက ဤကဲ့သို့ ထူးဆန်းသော လေလွင့်ကျင့်ကြံသူကို သွားရောက် ရန်စမိလိုက်သနည်း။
သူ့လက်ထဲရှိ ငွေရောင်အလောင်းတစ်ကောင်တည်းနှင့်ပင် ဘိုးဘေးစုချန်သာ ဝင်မပါလျှင် စုမိသားစုမှ မည်သူမျှ သူ့ကို ထိပ်တိုက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ဤအချိန်တွင် စုအန်ချင်းသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ စုမိသားစုဘိုးဘေးမှာ အသက်ကြီးရင့်လာပြီဖြစ်ကာ၊ တစ်ချိန်က အရိပ်ထဲတွင်သာ ပုန်းအောင်းနေရသော ရန်သူများသည် ယခုအခါ စုမိသားစုထံမှ အမြတ်ထုတ်ရန် ပေါ်ထွက်လာကြပြီ ဖြစ်သည်။
အသစ်တက်လာသော ရွှေအမြုတေမိသားစုဖြစ်သည့် တုမိသားစုက ရုတ်တရက် တိုက်ခိုက်ပြီး သွေးနီသလင်းကျောက်မိုင်းတွင်းကို သိမ်းပိုက်ခဲ့သည်။ ယခုလည်း လျှို့ဝှက်ဆန်းပြားသော လေလွင့်ကျင့်ကြံသူ ထပ်မံ ပေါ်လာပြန်ပြီ။ လမ်းမှန်လမ်းစဥ်မှ မိုးကြိုးနည်းစနစ်နှင့် နတ်ဆိုးလမ်းစဥ် အလောင်းရုပ်သေးများ ယှဥ်တွဲသုံးနိုင်သည့် ကျင့်ကြံသူမျိုး ကြားပင် မကြားဖူးချေ။ ကောင်းကင်ချီနှင့် အလောင်းချီက ဆန့်ကျင်ဘက်အရာများ မဟုတ်ပါလား။ ထိုသူသည် စုမိသားစု နှစ်ပေါင်းများစွာ စိုက်ပျိုးလာခဲ့သော အဝါရောင်မှိုများကို ခိုးယူခဲ့ပြီး၊ ယခုအခါ ပဉ္စမအကြီးအကဲကိုပါ ဖမ်းဆီးသွားခဲ့သည်။
စုအန်ချင်းသည် မုန်တိုင်းတစ်ခု နီးကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ယခု စုမိသားစုကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော အရာမှာ ဘိုးဘေးသာ ဖြစ်ပြီး၊ သူအသက်ရှည်ရန်အတွက် အရာရာကို ရင်းရတော့မည် ဖြစ်သည်။ ထိုအချိန်ကျမှသာ စုမိသားစု ရင်ဆိုင်နေရသော အကျပ်အတည်းများအားလုံး ပြေလည်သွားပေလိမ့်မည်။
...
နောက်မှ လိုက်လာသူများ ထပ်မလိုက်တော့သည်ကို မြင်သောအခါ စုန့်ဝမ်သည် တောင်ခြေတစ်ခုရှိ တောအုပ်အတွင်း ဆင်းသက်လိုက်သည်။
စုရှို့ယုံသည် အသက်ပျောက်နေပြီ ဖြစ်သော်လည်း၊ စုန့်ဝမ်က ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ်ကို အသုံးပြုထားသဖြင့် သူ့ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်း၌သာ ပိတ်မိနေသည်။ ထို့ကြောင့် ဝိညာဉ် အလိုအလျောက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရန် မလိုပေ။
စုန့်ဝမ်သည် စုရှို့ယုံ၏ ဦးခေါင်းကို သူ၏ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ကာ ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။ သူ့ဝိညာဉ်စွမ်းအင်မှာ စုရှို့ယုံထက် အနည်းငယ် ပိုမိုအားကောင်းနေသဖြင့် ဝိညာဉ်ရှာဖွေခြင်းအား အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သည်။
ဝိညာဥ်ရှာဖွေမှု ပြီးဆုံးသည်နှင့် စုရှို့ယုံ၏ ဝိညာဉ်နှင့် သွေးအဆီအနှစ်များကို ဝါးမြိုလိုက်တော့သည်။ စုရှို့ယုံ၏ မှတ်ဉာဏ်များမှတဆင့် စုန့်ဝမ်သည် စုမိသားစု ဘိုးဘေး၏ သက်တမ်းတိုးရန် အစီအစဉ်များကို သိရှိသွားခဲ့သည်။
“ဒီနေ့ကစပြီး နောက်ထပ် ၁၇ ရက်အကြာမှာလား”
စုန့်ဝမ်သည် ခပ်တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် အစီအစဉ်အမျိုးမျိုး ပေါ်လာသည်။ သူ့အနေဖြင့် စုမိသားစုဘိုးဘေး၏ သက်တမ်းတိုးမည့် အစီအစဉ်ကို ဖျက်ဆီးရန် နည်းလမ်းရှာရမည်။ စုချန်သာ သေဆုံးသွားပါက စုမိသားစု ပျက်သုဉ်းရန်မှာ မသွေမုချပင်။ စုချန် မသေပါက စုန့်ဝမ် လက်စားချေဖို့ မဆိုထားနဲ့ အသက်လုပြေးရန်သာ ကျန်တော့မည်။
“ကျားကိုသုံးပြီး ဝံပုလွေကို မောင်းထုတ်ရမယ်”
စုန့်ဝမ် စိတ်ကူးတစ်ခု ရရှိသွားသည်။
မှောင်နေပြီဖြစ်သော ကောင်းကင်ယံကို ကြည့်ပြီးနောက် စုန့်ဝမ်သည် ချင်းဖျင်တောင်ဆီသို့ ပျံသန်းသွားသည်။ စုချန်၏ သက်တမ်းတိုးခြင်းကို ဖျက်ဆီးရန် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရမည် ဖြစ်သော်လည်း၊ လောလောဆယ်တွင် စုမိသားစုအတွင်း ဆက်လက် ပုန်းအောင်းနေရန် လိုအပ်သည်။
နေအိမ်သို့ ပြန်ရောက်သောအခါ စုန့်ဝမ်သည် အခန်းအတွင်း၌ ဝိညာဉ်ဖုံးကွယ်အစီအရင်ကို ခင်းကျင်းပြီး ဝိညာဥ်အလံကို ထုတ်ယူလိုက်သည်။ သန့်စင်၍ မပြီးသေးသော တစ္ဆေဘုရင်သည် ဝိညာဥ်အလံအတွင်းမှ ဟိန်းဟောက်နေပြီး ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
စုန့်ဝမ်လည်း အားကောင်းသော ဝိညာဉ်စွမ်းအင်များ ဝိညာဥ်အလံအတွင်းသို့ စီးဝင်စေကာ တစ္ဆေဘုရင်ကို ကြိုးစားသန့်စင်နေခဲ့သည်။
စုချန် သက်တမ်းတိုးမည့်နေ့သို့ ရောက်ရန် အချိန်အနည်းငယ်သာ ကျန်တော့သဖြင့် စုန့်ဝမ်သည် သူ့ကိုယ်ပိုင်အင်အားကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်နေသည်။
ထို့ကြောင့် စုန့်ဝမ်သည် ဆေးဖော်စပ်ခန်းနှင့် နေအိမ်ကြားသာ သွားလာနေပြီး အပြင်သို့ မထွက်ပေ။ အချိန်ရတိုင်း တစ္ဆေဘုရင်ကို အပြည့်အဝ သန့်စင်ရန် ကြိုးစားနေခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၁၀ ရက် ကုန်ဆုံးသွားခဲ့သည်။
နောက်နေ့ နံနက်စောစောတွင် နေအိမ်မှ ထွက်လာပြီး ဆေးဖော်စပ်ခန်းသို့ ထွက်လာခဲ့သည်။ သွားနေရင်း ချီရှုံ၏ နေအိမ်ရှေ့မှ တမင် ဖြတ်သွားသော်လည်း ချီရှုံမှာ အိမ်ထဲတွင် မရှိကြောင်း တွေ့ရှိရသည်။ ထို့နောက် စားသောက်ခန်းမသို့ သွားသော်လည်း ချီရှုံ၏ အရိပ်အယောင်ကို မတွေ့ရပေ။
ဆေးဖော်စပ်ဆောင်သို့ ရောက်သောအခါ စုဟွာယွဲ့ထံမှ ဝိညာဉ်ဆေးပင်များကို လက်ခံရရှိပြီးနောက် “တာဝန်ခံစု .. ဒီနေ့ ဆေးပညာရှင် ချီရှုံကို တွေ့မိလား”ဟု မေးလိုက်သည်။
စုဟွာယွဲ့က တစ်ချက်မျှ မျက်မှောင်ကြုတ်လိုက်ပြီး “မင်းက ချီရှုံကို ဘာအတွက် တွေ့ချင်တာလဲ”ဟု မေးလာသည်။
“ကျွန်တော် စုမိသားစုကို ရောက်တည်းက ချီရှို့ကပဲ ကျွန်တော့်ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာ။ ကျွန်တော်တို့က မိတ်ဆွေတွေလေ။ မနေ့ညက ကျွန်တော်တို့ အိမ်ကို အတူတူ ပြန်ခဲ့ကြတာ၊ ဒါပေမဲ့ ဒီမနက် ဆေးဖော်စပ်ခန်းကို လာဖို့ ဝင်ခေါ်တော့ သူ့ကို မတွေ့ရတော့ဘူး။ သူ့လုံခြုံရေးအတွက် ကျွန်တော် နည်းနည်း စိုးရိမ်လို့ပါ”
“ကျွန်မ ဆေးပညာရှင်ချီရှို့ကို ချီစုစည်းဆေး သုံးသုတ် ဖော်စပ်ဖို့ တာဝန်ပေးထားတယ်။ သူ ဒီနေ့ မနက်စောစောကပဲ ဆေးဖော်စပ်ဆောင်ကို ရောက်လာခဲ့တယ်၊ ခုဆို ဆေးဖော်စပ်ခန်းထဲမှာ ရှိနေလောက်ပြီ။ ဒီဆေးပြားတွေ ဖော်စပ်တာက အချိန်အများကြီး ယူရတယ်၊ သူ အဲဒီမှာ ရက်နည်းနည်း နေလိမ့်မယ်။ မင်း စိုးရိမ်စရာ မလိုပါဘူး”
“ခုလိုပြောပြပေူတာ ကျေးဇူးတင်ပါတယ်” ဟု ဆိုလိုက်ပြီး စုန့်ဝမ်လည်း သူ့ဆေးဖော်စပ်ခန်းဆီ ထွက်လာခဲ့သည်။
စုဟွာယွဲ့က ထွက်ခွာသွားသော စုန့်ဝမ်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
“အသက် ၆၀ နားနီးနေတဲ့ အဘိုးကြီးက တော်တော် စပ်စုတာပဲ”