← Chapters

သေလမ်းရှာသူနှင့် နတ်ဆိုးလမ်းစဥ် ရွေးချယ်ခဲ့သူ

Vol. 15 Ch. 162

သေလမ်းရှာသူနှင့် နတ်ဆိုးလမ်းစဥ် ရွေးချယ်ခဲ့သူ

Vol. 15 Ch. 162

သုံးနာရီခန့်အကြာ စုန့်ဝမ် ဒုတိယအသုတ် ဆေးများ ဖော်စပ်နေစဉ်၊ ဆေးဖော်စပ်ခန်း၏ ကျောက်တံခါး ရုတ်တရက် ပွင့်လာသည်။

စုဟွာယွဲ့သည် ဆေးဖော်စပ်ခန်းထဲသို့ လျင်မြန်စွာ ဝင်လာပြီး ဓားဖြင့်၊ ဆေးမီးဖိုရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော စုန့်ဝမ်ကျောပြင်သို့ ထိုးစိုက်လိုက်သည်။

ရုတ်တရက် စုန့်ဝမ်ရှေ့ရှိ ဆေးမီးဖိုထဲမှ မီးခိုးများ ထွက်ပေါ်လာကာ ဆေးမီးဖိုမှာ ပေါက်ကွဲသွားတော့သည်။ ရုတ်တရက် ပေါ်လာသော စုဟွာယွဲ့ကြောင့် စုန့်ဝမ် စိတ်ပျက်သွားသည်။

ဘာလို့ မလိုအပ်ဘဲ သေလမ်းရှာနေရသနည်း။

စုန့်ဝမ်သည် ညာလက်ကို မြှောက်ကာ လက်ချောင်းနှစ်ချောင်းဖြင့် ဓားသွားကို ညှပ်ဖမ်းထားလိုက်သည်။

စုဟွာယွဲ့မှာ ထိတ်လန့်သွားသည်၊ သူမလို ချီစုစည်းခြင်း အဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက၊ သတ္တမအဆင့်သာ ရှိသော အဘိုးကြီးကို တိုက်ခိုက်ရာတွင် ကျရှုံးသွားသည်မှာ အံ့သြစရာပင်။

ထိုသူသည် ကျင့်ကြံမှုအဆင့် ဖုံးကွယ်ထားသော ရန်သူဖြစ်ကြောင်း တွေးမိသည်နှင့် ခါးရှိ သိုလှောင်အိတ်တွင်း ထည့်ထားသော အရေးပေါ်အချက်ပြ ကျောက်စိမ်းပြားကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

သို့သော် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး စုဟွာယွဲ့၏ လက်မှာ ပခုံးမှနေ၍ ပြတ်တောက်သွားတော့သည်!

“အား...”

“မင်း ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ၊ ငါ ချီရှုံ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခဲ့လို့လား”

စုန့်ဝမ်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ ခက်ထန်သော လေသံဖြင့် မေးလိုက်သည်။

စုဟွာယွဲ့ ဆေးဖော်စပ်ခန်းထဲသို့ မဝင်မီကပင်၊ အပြင်ဘက်တွင် စောင့်ကြပ်နေသော ကူပိုးကောင်မှတဆင့် စုန့်ဝမ် သိရှိပြီး ဖြစ်သည်။

စုဟွာယွဲ့သည် စုန့်ဝမ်ကို သတ်မည့်ကိစ္စအား အခြားသော အဂ္ဂိရတ်ပညာရှင်များ မသိစေလိုပေ၊ သိရှိသွားပါက သံသယများနေသော ပြင်ပဆေးပညာရှင်များအကြား အကြီးအကျယ် ဂယက်ရိုက်သွားနိုင်သည်။ ထို့ကြောင့် စုန့်ဝမ်၏ ဆေးဖော်စပ်ခန်း အနီးနားတွင် မည်သူမျှ မရှိကြောင်း သေချာမှသာ ဝင်လာခဲ့ခြင်း ဖြစ်သည်။ အစောင့်များကိုလည်း မပြောခဲ့သဖြင့် စုန့်ဝမ်၏ ဆေးဖော်စပ်ခန်းထဲ သူသွားရောက်ကြောင်း သိရှိသူ တစ်ယောက်မျှ မရှိပေ။

စုဟွာယွဲ့သည် ဆေးဖော်စပ်ခန်းအတွင်းမှ ထွက်ပြေးရန် ကြံစည်သော်လည်း၊ သူမနဖူးပေါ်တွင် ဓားသွားတစ်လက် ဝေ့ဝဲနေသဖြင့် မလှုပ်ရဲတော့ပေ။

“ချီရှုံအကြောင်း သတင်းတွေ လျှောက်ဖြန့်ရင် မလိုအပ်ဘဲ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်လို့ပါ” ဟု စုဟွာယွဲ့က ပြောလိုက်သည်။

“ချီရှုံကို ဘယ်ခေါ်သွားကြတာလဲ” ဟု စုန့်ဝမ် မေးလိုက်သည်။

စုဟွာယွဲ့ ခေါင်းခါလိုက်သည်။

“ငါ မသိဘူး။ ငါက အထက်က အမိန့်ကို လိုက်နာရုံပဲ၊ သူ့ကို ဆေးနည်းအသစ်တွေ သင်ပေးမယ်လို့ ပြောပြီး စောစောလာခိုင်းခဲ့တာ။ သူရောက်လာတော့ မိသားစု အကြီးအကဲတစ်ယောက်က လာခေါ်သွားတာပဲ”

“ဘာလို့ ငါ့ကို သတ်ဖို့ တစ်ယောက်တည်း လာတာလဲ”

“မင်းရဲ့ ကျင့်စဉ်က ချီစုစည်းခြင်း သတ္တမအဆင့်ပဲ ရှိတယ်လို့ ထင်ရတာလေ။ ငါ တစ်ယောက်တည်းနဲ့ အလွယ်တကူ ကိုင်တွယ်နိုင်မယ် ထင်လို့ ဘယ်သူ့ကိုမှ အကြောင်းမကြားခဲ့တာပါ”

စုဟွာယွဲ့၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်၊ အမြဲတမ်း နူးညံ့သိမ်မွေ့သော အဖိုးအိုအသွင်ရှိသည့် ယွမ်ချန်မှာ အမှန်တကယ်တွင် သူ့အစွမ်းအစများကို ကောင်းစွာ ဖုံးကွယ်ထားသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ မင်း စုမိသားစုထဲ ခိုးဝင်လာတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ငါ ကျိန်ဆိုဝံ့ပါတယ်” ဟု စုဟွာယွဲ့ တောင်းပန်လိုက်သည်။

“မလိုပါဘူး။ သေသွားတဲ့သူတွေက လျှို့ဝှက်ချက်ကို ပိုပြီး ထိန်းသိမ်းနိုင်တယ်”

စကားဆုံးသည်နှင့် အေးခဲလဓားက စုဟွာယွဲ့၏ နဖူးကို ဖောက်ထွက်သွားတော့သည်။

စုန့်ဝမ်သည် လဲကျသွားသော စုဟွာယွဲ့ ဘေးသို့ လျင်မြန်စွာ ချဥ်းကပ်ပြီး ဝိညာဉ်ရှာဖွေမှု ပြုလိုက်သည်။ စုဟွာယွဲ့ ပြောခဲ့သည့်အတိုင်း သူမသည် အများကြီး မသိကြောင်း စုန့်ဝမ် တွေ့ရှိရသည်။ အရေးကြီး သတင်းအချက်အလက်များ မရရှိခဲ့ပေ။ ထို့နောက် ဝိညာဉ်နှင့် သွေးအဆီအနှစ်များကို ဝါးမြိုလိုက်ပြီး၊ အလောင်းကို ပြာချကာ ဆေးမီးဖိုအောက်ရှိ နက်ရှိုင်းသော ကျင်းထဲသို့ ပစ်ချလိုက်သည်။

အားလုံး လက်စသတ်ပြီးနောက် စုန့်ဝမ်သည် ဆေးဖော်စပ်ခန်း၏ ကျောက်တံခါးကို ဖွင့်ကာ ပုံမှန်အတိုင်းပင် အပြင်သို့ ထွက်လာခဲ့သည်။ သူ့အနေဖြင့် ဆေးဖော်စပ်ဆောင်တွင် ဆက်မနေနိုင်သလို၊ စုမိသားစုအတွင်း၌လည်း ဆက်မနေနိုင်တော့ပေ။

စုဟွာယွဲ့ ပျောက်ဆုံးမှုမှာ မကြာမီ ပေါ်ပေါက်သွားမည် ဖြစ်ကာ၊ လုံခြုံရေး တင်းကျပ်သော နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် စုမိသားစု၏ တင်းကြပ်သော စုံစမ်းစစ်ဆေးမှုကို မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။

စုန့်ဝမ်သည် ဆေးဖော်စပ်ခန်းထဲမှ လမ်းလျှောက် ထွက်လာခဲ့ရာ၊ ခန်းမဆောင်ကြီးအတွင်းတွင် လူများစွာ သွားလာနေကြသော်လည်း သူ့ကို တစ်ဦးတစ်ယောက်မျှ အာရုံမစိုက်ကြပေ။

တောင်ခြေသို့အရောက် တောင်တံခါးသို့ ချဉ်းကပ်သွားစဥ် စုရှန်းကို စုမိသားစု၏ မြို့ငယ်လေးဆီသို့ ခေါ်ဆောင်သွားသော အဖွဲ့တစ်ဖွဲ့ကို သူ သတိပြုမိလိုက်သည်။ စုန့်ဝမ် ဇဝေဇဝါ ဖြစ်သွားသည်၊ လွန်ခဲ့သော နှစ်ရက် သူတောင်ပေါ်မှ ဆင်းလာစဉ် တောင်တံခါးကို စောင့်ကြပ်နေသော စုရှန်းကိုပင် နှုတ်ဆက်ခဲ့သေးသည်။ နှစ်ရက်အကြာမှာပင် စုရှန်းသည် အကျဉ်းသားတစ်ဦး ဖြစ်သွားသည်၊ မည်သို့ ဖြစ်ခဲ့သည်ကို သူစဥ်းစား၍ မရပေ။

စုန့်ဝမ်သည် ချင်းဖျင်တောင်သို့ လှည့်ကြည့်လိုက်သောအခါ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသဖြင့် စုဟွာယွဲ့၏ သေဆုံးမှု မပေါ်ပေါက်သေးကြောင်း သိလိုက်ရသည်။ အချိန်ရသေးသဖြင့် စုရှန်းကိစ္စ ဝင်စွက်ဖက်ရန် ဆုံးဖြတ်ခဲ့သည်။

စုန့်ဝမ်သည် အရှေ့သို့ တိုးသွားကာ ထိုအဖွဲ့အနားသို့ လျင်မြန်စွာ ချဉ်းကပ်လိုက်သည်။

“ခဏနေပါဦး၊ စုရှန်းက ဘာအမှားလုပ်ခဲ့လို့လဲဆိုတာ သိခွင့်ရှိမလား။ သူ့ကို ဘယ်ကို ခေါ်သွားကြတာလဲ”

ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ အဖွဲ့ခေါင်းဆောင်က စုန့်ဝမ် ဝတ်ဆင်ထားသော ဆေးပညာရှင်ဝတ်ရုံကို တစ်ချက်ကြည့်ပြီး စိတ်မရှည်သလို ပြန်ဖြေသည်။

“သူက အလောင်းတွေကို သန့်စင်တဲ့ နတ်ဆိုးအတတ်ကို ကျင့်ကြံခဲ့တာ။ ကိုယ်ဝန်ဆောင်ထားတဲ့သူ့ဇနီးနဲ့ အပြစ်မဲ့တဲ့ အိမ်နီးချင်း ၃၀ ကို ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူ့ပြစ်မှုတွေက လူမဆန်တဲ့ လုပ်ရပ်ပဲ။ မိသားစုစည်းကမ်းအရ မြို့ငယ်လေးရဲ့ အဝင်ဝမှာ လူအများရှေ့ ခေါင်းဖြတ်သတ်ဖို့ ခေါ်သွားတာ”

အကြောင်းစုံ သိလိုက်ရသောအခါ စုန့်ဝမ်သည် အဖမ်းခံနေရသော စုရှန်းကို မျက်ခုံးပင့်ပြီး ကြည့်လိုက်မိသည်။ တော်တော် ရက်စက်ကြမ်းကြုတ်တာပဲ၊ အမှန်တကယ်ပင် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံရန် အလားအလာရှိသော သူတစ်ဦး ဖြစ်သည်။ စုန့်ဝမ်အနေဖြင့် ယခင်က စုရှန်းကို လျှော့တွက်ခဲ့မိကြောင်း ဝန်ခံရပေမည်။ စုရှန်းသည် သူ့ဇနီးနှင့် ကလေးအပေါ်တွင် ထိုကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

စုန့်ဝမ် လက်ကို တစ်ချက်လှုပ်လိုက်ရာ ချီစုစည်းဆေး ၁၀ လုံး ပါဝင်သော ကျောက်စိမ်းပုလင်း နှစ်လုံး သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုပုလင်းနှစ်လုံးကို ခေါင်းဆောင်ဖြစ်သူ၏ လက်ထဲသို့ လျှို့ဝှက်စွာ ထည့်ပေးလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

“ကျွန်တော်နဲ့ စုရှန်းက နည်းနည်း ရင်းနှီးပါတယ်။ သူ့ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခွင့် ပေးလို့ ရမလား”

အဖွဲ့ခေါင်းဆောင်သည် ကျောက်စိမ်းပုလင်းများကို ဝိညာဉ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်ပြီးနောက်၊ သိုလှောင်အိတ်ထဲ ထည့်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ရတာပေါ့၊ မင်းတို့နှစ်ယောက် သီးသန့် စကားပြောဖို့ ငါ ခွင့်ပြုပါ့မယ်။ သူ့ရဲ့ နောက်ဆုံးခရီးကို ဘယ်သူမှ လာမနှုတ်ဆက်ကြရင် တော်တော် သနားစရာ ကောင်းမှာပဲ”

အဖွဲ့ခေါင်းဆောင်က အစောင့်များကို အချက်ပြလိုက်ရာ၊ သူတို့သည် စုန့်ဝမ်နှင့် စုရှန်းတို့ ခပ်လှမ်းလှမ်းသို့ ရှောင်ပေးလိုက်ကြသည်။

စုရှန်းသည် သံကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရကာ ဝိညာဉ်စွမ်းအင်များကို အသုံးမပြုနိုင်ရန် ချိတ်ပိတ်ထားသဖြင့် ထွက်ပြေးရန် မဖြစ်နိုင်ပေ။ သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး အကြည့်များမှာ အသက်မဲ့နေသည်။

စုန့်ဝမ် ချဉ်းကပ်လာသည်ကို မြင်သောအခါ စုရှန်း၏ မျက်လုံးထဲတွင် ခံစားချက်အချို့ ဖြတ်ပြေးသွားသည်။

“ယွမ်ချန်... ငါ မသေခင် မင်းကို နောက်တစ်ခါ ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး”

“

စုန့်ဝမ်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“စုရှန်း... မင်း ဘာတွေ စဉ်းစားနေတာလဲ။ ဘာလို့ နတ်ဆိုးကျင့်စဉ်လမ်းပေါ်ကို ရောက်သွားရတာလဲ”

စုရှန်း၏ ဖြူဖတ်ဖြူလျော် ဖြစ်နေသော မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

“ငါက ပါရမီ ညံ့ဖျင်းတယ်၊ ငါ့အမေကလည်း သာမန်လူတစ်ယောက်ပဲ။ ငါ့အမေ ငါ့ကို မွေးပြီးကတည်းက ကျန်းမာရေး မကောင်းလို့ အလုပ်မလုပ်နိုင်တော့ဘူး၊ အဲဒါကြောင့် ငါတို့ ငတ်တလှည့် ပြတ်တလှည့်နဲ့ ရုန်းကန်ခဲ့ရတယ်။ ငါ အသက် ၁၀ နှစ်ကစပြီး နေ့ရောညပါ ကျင့်ကြံခဲ့တယ်၊ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြိုးစားလည်း ချီစုစည်းခြင်း ပဉ္စမအဆင့်ထိပဲ ရောက်ခဲ့တယ်။ အဲဒီအချိန်ကျမှ ငါ ခါးသီးတဲ့ အမှန်တရားကို သိလိုက်ရတယ်။ ဒီလို ပါရမီ ညံ့ဖျင်းပြီး ကျင့်ကြံဖို့ အရင်းအမြစ်တွေ မရှိဘဲနဲ့ ငါ ဘယ်လိုလုပ်ပြီး အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်မှာလဲ။ ငါက ဒီလို သာမန်ဘဝနဲ့ မနေချင်ဘူး၊ ဒါကြောင့် နတ်ဆိုးကျင့်စဉ်လမ်းကို လျှောက်ခဲ့တာ။ မင်း ငါ့အိမ်မှာ နတ်ဆိုးအတတ်တွေအကြောင်း ပြောခဲ့တာက ငါ့ဆုံးဖြတ်ချက်ကို လုံးဝ ခိုင်မာသွားစေခဲ့တယ်”

စုရှန်းသည် သူ၏ နောက်ဆုံးအချိန်တွင် သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော လျှို့ဝှက်ချက်များကို ထုတ်ပြောနေပုံရသည်။

“ဒါနဲ့ ဘာဖြစ်လို့ မင်းမိန်းမနဲ့ ကလေးကို သတ်ခဲ့တာလဲ”ဟု စုန့်ဝမ်က မေးလိုက်သည်။ ထိုအချက်ကို အမှန်တကယ်လည်း သူနားမလည်ပါ။

စုရှန်းသည် ရုတ်တရက် စိတ်လှုပ်ရှားလာပြီး အကျယ်ကြီး အော်ဟစ်လိုက်သည်။

“ငါ သူတို့ကို မသတ်ဘူး၊ ငါ ဘယ်လောက်ပဲ ရူးသွပ်ပါစေ၊ ငါ့ဇနီးနဲ့ ကလေးကို ဘယ်တော့မှ မထိခိုက်စေဘူး။ သူတို့က ရုတ်တရက် ပျောက်သွားတာ၊ ငါ နေရာအနှံ့ ရှာခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး။ ငါ မိသားစုကို သတင်းပို့ခဲ့တယ်၊ ဒါပေမဲ့ သူတို့က ငါ့ကို မယုံကြဘူး။ သူတို့က ငါ့ဝင်းထဲမှာ အိမ်နီးချင်းတွေရဲ့အလောင်းတွေကို တွေ့သွားပြီး၊ ငါက ငါ့ဇနီးနဲ့ ကလေးကိုပါ သတ်ပစ်ခဲ့တယ်လို့ ထင်နေကြတာ၊ ဒါပေမဲ့ ငါ တကယ် မလုပ်ခဲ့ဘူး”

“ဒါဆို ဘာလို့ သာမန်လူတွေဖြစ်တဲ့ မင်းရဲ့ အိမ်နီးချင်းတွေကို ဖုတ်ကောင်တွေအဖြစ် သန့်စင်ခဲ့တာလဲ”ဟု စုန့်ဝမ်က ထပ်မေးသည်။

စုရှန်း၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော နာကျည်းမှုများ ပေါ်လာသည်။

“ငါ ငယ်ငယ်ကတည်းက သူတို့အနိုင်ကျင့်တာကို ခံခဲ့ရတာ။ ငါ့အမေ အသက် ၂၀ ကျော်မှာ ဆုံးသွားတာကလည်း သူတို့နဲ့ ပတ်သက်နေတယ်။ ငါ့အမေက မယားငယ်တစ်ယောက် ဖြစ်ခဲ့လို့ပဲ စုအန်းချင်းက ငါတို့ကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး၊ အဲဒါကြောင့် ငါတို့က သာမန် မိသားစုတွေထက်တောင် ပိုပြီး ဆင်းရဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်။ ငါ့အမေက လှပတယ်၊ ဒါကြောင့် နှောင့်ယှက်တာတွေ အများကြီး ခံခဲ့ရတယ်။ အိမ်ထဲကို ညဘက်မှာ အတင်းဝင်လာပြီး စော်ကားခဲ့တာတွေတောင် ရှိခဲ့သေးတယ်။ ငါ့အားနည်းချက်ကိုပဲ ငါ နာကျည်းမိတယ်၊ ငါ ရန်သူအားလုံးကို ကလဲ့စားမချေနိုင်ခဲ့ဘူး၊ စုအန်းချင်းဆိုတဲ့ တိရစ္ဆာန်ကို မသတ်နိုင်ဘဲ ငါ့အမေရဲ့ ဝိညာဉ်ကို မနှစ်သိမ့်နိုင်ခဲ့ဘူး”

နောက်ဆုံး စာကြောင်းနှစ်ကြောင်းကို ပြောသောအခါ စုရှန်းသည် အံကြိတ်ကာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ့အသံမှာ အစောင့်အချို့၏ အာရုံစိုက်မှုကို ရရှိလောက်အောင် ကျယ်လောင်နေသည်။

ခေါင်းဆောင်ဖြစ်သူက အပြေးအလွှား ရောက်လာပြီး စုန့်ဝမ်ကို ဘေးသို့ တွန်းထုတ်ကာ စုရှန်း၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။ စုရှန်းမှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားသည်။ အဖွဲ့ခေါင်းဆောင်က စုရှန်းကို မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီး ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

“မင်း သေချင်ရင်လည်း ငါတို့ကို ဆွဲမထည့်နဲ့”

မိသားစုကို ဆန့်ကျင်ပြောဆိုခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်ကာ သေကြောင်းရှာနေခြင်းနှင့် အတူတူပင် ဖြစ်သဖြင့်၊ သူတို့မှာ ထိုကဲ့သို့သော ကိစ္စများတွင် မပတ်သက်လိုကြပေ။

All Chapters