← Chapters

ရွှေအမြုအဆင့်ရန်သူ တိုးလာပြန်ပြီ

Vol. 15 Ch. 164

ရွှေအမြုအဆင့်ရန်သူ တိုးလာပြန်ပြီ

Vol. 15 Ch. 164

တစ်ရက်တွင် ကြီးမားလှသော တစ္ဆေဘုရင်သည် ဝိညာဥ်အလံအတွင်းမှ ရုတ်တရက် ဖောက်ထွက်လာပြီး ဂူအတွင်း၌ ပေါ်လာသည်။ ချက်ချင်းပင် ဂူအတွင်း၌ ပြင်းထန်သော ယင်လေပြင်းများ တိုက်ခတ်လာပြီး တစ္ဆေအငွေ့အသက်များ ဖုံးလွှမ်းလာသည်။

စုန့်ဝမ်လည်း ထိတ်လန့်ပြီး မန္တန်လက်ကွက်များကို အသုံးပြုလိုက်ရာ၊ တစ္ဆေဘုရင်သည် ယခင်လို ရန်မလိုတော့ဘဲ သေးငယ်သော ဂူအတွင်း၌ စုန့်ဝမ်၏ စိတ်စေရာအတိုင်း ဝေ့ဝဲလှုပ်ရှားနေသည်။ တစ္ဆေဘုရင်ကို အပြည့်အဝ သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။ စုန့်ဝမ် အလွန်တရာ ဝမ်းသာသွားသည်။ တစ္ဆေဘုရင်ကို အသုံးချနိုင်သဖြင့် မကြာမီ ရင်ဆိုင်ရတော့မည့် တိုက်ပွဲကြီးအတွက် အားကိုးရာ ရခဲ့ပြီ မဟုတ်ပါလား။

တစ္ဆေဘုရင်ကို ဝိညာဥ်အလံထဲသို့ ပြန်သိမ်းပြီးနောက် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ တစ္ဆေဘုရင်ကို သန့်စင်ရန် အာရုံစိုက်နေစဉ်အတွင်း သတိမထားမိဘဲ ရှစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ထိုရက်များမှာ စုရှို့ယုံ၏ မှတ်ဉာဏ်အရ စုချန် သက်တမ်းတိုး နည်းစနစ်ကို စတင်မည့်ရက်ထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ယခုအချိန်ထိ ချိုင့်ဝှမ်းထဲတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသေး။ တုမိသားစုလည်း ပေါ်မလာသေး။ မည်သို့ ဖြစ်ပျက်နေသည်ကို စုန့်ဝမ် တွေးမရ ဖြစ်နေသည်။ ထို့ကြောင့် ဂူထဲမှ ထွက်လာပြီး ချိုင့်ဝှမ်းဆီသို့ လှမ်းကြည့်လိုက်သည်။

အချိန်မှာ ညနက်ပိုင်း ဖြစ်သော်လည်း လရောင်ပျပျ ရှိနေသည်။ ချိုင့်ဝှမ်းပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပုံမှန်ဖြစ်ပုံရပြီး၊ အစီအရင်များလည်း အသက်ဝင်ဆဲဖြစ်ကာ ချိုင့်ဝှမ်းတစ်ခုလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားသည်။ ချိုင့်ဝှမ်း၏ ကာကွယ်ရေး အစီအရင်မှာ ဝိညာဉ်အာရုံနှင့် အမြင်အာရုံတို့ကို ပိတ်ဆို့ထားနိုင်သဖြင့် စုန့်ဝမ်မှာ အတွင်းပိုင်းတွင် ဘာဖြစ်နေသည်ကို မသိနိုင်ပေ။

“စုချန် သက်တမ်းတိုးတာ အောင်မြင်သွားပြီလား”ဟု စုန့်ဝမ် စိတ်ထဲမှ တွေးတောနေမိသည်။ စုချန်သာ သက်တမ်းတိုးခြင်း အောင်မြင်သွားခဲ့လျှင်၊ စုမိသားစုအပေါ် ကလဲ့စားချေမှုမှာ နောက်ဆုတ်ရတော့မည် ဖြစ်ကာ၊ ချင်းဖျင်တောင်နားတွင်လည်း ပြောင်ပြောင်တင်းတင်း ပုန်းအောင်းနေရဲတော့မည် မဟုတ်ပေ။

စောင့်ကြည့်နေရင်း နောက်နှစ်ရက်အကြာ၊ မွန်းတည့်ချိန်တွင် ပုံရိပ်တစ်ခု ချိုင့်ဝှမ်းအထက်တွင် ပေါ်လာသည်။ အဆင့်မြင့်ကူမှတဆင့် စုန့်ဝမ်သည် ထိုသူ၏ မျက်နှာကို မှတ်မိလိုက်ရာ သူ့မျက်လုံးထဲတွင် နာကျည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ထိသူမှာ အခြားသူမဟုတ်၊ ဟွာဖန်းစျေးမြို့ အပြင်ဘက်တွင် သူ့ကို လိုက်လံဖမ်းဆီးခဲ့သော သားရဲသခင်ဂိုဏ်းမှ ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူပင် ဖြစ်သည်။

“အစ်ကိုစုချန်... အကို့ဖိတ်ကြားချက်အရ ညီမ ရောက်လာပါပြီ”

ကြည်လင်သောအသံလေးက ချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ယခုအချိန်တွင် ထိုအသံရှင်မှာ တုန်းဟွာရင်ပြင် စုန့်ဝမ်ကို လိုက်ဖမ်းစဉ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပုံစံမျိုး မဟုတ်တော့။ ရိုးသားသော လမ်းမှန်ကျင့်ကြံသူအသွင် ပေါ်လွင်လှသည်။

ရုတ်တရက် အစီအရင်၏ အပေါ်ပိုင်း ပွင့်သွားပြီး ပုံရိပ်နှစ်ခု ချိုင့်ဝှမ်းထဲမှ ပျံတက်လာသည်။ ရှေ့ဆုံးမှ သူမှာ စုမိသားစု၏ ဘိုးဘေးစုချန် ပင် ဖြစ်သည်။ သူ့နောက်တွင် အကြီးအကဲစုဝမ်ရှီ လိုက်ပါလာသည်။

စုချန်၏ အိုမင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ကြာမြင့်စွာ မတွေ့ရသော သူငယ်ချင်းဟောင်းနှင့် တွေ့ဆုံရသဖြင့် အလွန်ပင် တက်ကြွနေသည်။

“ချင်းယန်ညီမလေး ... မင်း ငါ့ကို ကူညီဖို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့တာ ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ မင်းကို အချိန်မီ မကြိုဆိုနိုင်ခဲ့တာက စူးမိသားစုအပြစ်ပါပဲ”

ကြည်လင်သောအသံရှင် ချင်းယန်က ပြုံးလိုက်ပြီး “အစ်ကိုစု ... ကျမတို့က သူငယ်ချင်းတွေပဲ၊ အားနာစရာတွေ ပြောမနေပါနဲ့တော့”ဟု ဆိုလိုက်သည်။

မကြာမီမှာပင် ထိုသုံးဦးမှာ ချိုင့်ဝှမ်းအတွင်းသို့ ဝင်သွားကြတော့သည်။

ချိုင့်ဝှမ်းအတွင်းရှိ သေးငယ်သော ဝါးအိမ်လေးတစ်ခုအတွင်း စုချန်နှင့် ချင်းယန်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စုဝမ်ရှီကား အနားတွင် မရှိတော့။

“အစ်ကိုစု ... သက်တမ်းတိုးဖို့ ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ” ဟု ချင်းယန်က မေးလိုက်သည်။

“ပြင်ဆင်မှုအားလုံး ပြီးပါပြီ၊ ဝိညာဉ်ဝါးမြိုအစီအရင်ကို အသက်သွင်းဖို့ မင်းရဲ့ အကူအညီကိုပဲ စောင့်နေတာ။ ဒီအစီအရင် စွမ်းအားကြီးလို့ ငါတစ်ယောက်တည်းဆိုရင် ထိန်းချုပ်ဖို့ ယုံကြည်ချက် မရှိဘူး။ နောက်ပြီး ငါ့သက်တမ်းကလည်း ကုန်ခါနီးနေပြီ၊ ဝိညာဉ်စွမ်းအားကို အလွန်အကျွံ သုံးစွဲမိရင် ကျန်ရှိနေတဲ့ အသက်ဓာတ်တွေပါ မြန်မြန်ဆန်ဆန် ကုန်ခမ်းသွားနိုင်တယ်။ အဲဒါကြောင့် မင်းဆီက အကူအညီကို တောင်းဆိုခဲ့တာပါ”

စုမိသားစုသည် စုချန် သက်တမ်းတိုးပွဲအတွင်း ကုန်ခမ်းသွားသော အသက်ဓာတ်ကို ဖြည့်တင်းရန်အတွက်၊ အသက်ဓာတ် အနည်းငယ် ပါဝင်သော အဝါရောင်မှိုများ ရရှိရန် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အသုံးပြု၍ စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ယခုမူ စုန့်ဝမ်လက်ချက်ဖြင့် မှိုအားလုံး လက်လွှတ်လိုက်ရပြီး၊ ချင်းယန်ကိုသာ မဖြစ်မနေ အကူအညီတောင်းရသည့် အခြေအနေ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ချင်းယန်က အတိတ်ကို ပြန်တွေးရင်း လွမ်းဆွတ်သတိရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“အစ်ကိုစု... ကျမတို့ ငါးယောက် သက်ရှည်နန်းတော်ရဲ့ ရှေးဟောင်း လျှို့ဝှက်နယ်မြေကို ပထမဆုံး စူးစမ်းခဲ့ကြတုန်းက၊ ငါးယောက်လုံးရဲ့ အင်အားကို ပေါင်းလိုက်ရင် အဲဒီက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ ဒီလောက် အန္တရာယ်များမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အဓိက ခန်းမထဲကို မဝင်ရသေးခင်မှာတင် စီနီယာ သုံးယောက် သေဆုံးခဲ့ရပြီး၊ အစ်ကိုနဲ့ ကျမပဲ အသက်လုပြီး ပြေးခဲ့ရတာ။ ဒီလောက် ပေးဆပ်ခဲ့ရပေမဲ့၊ ရရှိခဲ့တဲ့ ရလဒ်က နည်းလွန်းပါတယ်။ အဖိုးတန်ပစ္စည်းဆိုလို့ အဲဒီသက်ရှည်တံဆိပ်ပဲ ပါတယ်။ ကျမလည်း အဲဒီ သက်ရှည်တံဆိပ်ထဲက အချက်အလက်တွေကို ကူးယူပြီး ဆယ်နှစ်နီးပါး လေ့လာခဲ့ပေမဲ့ ဘာမှ မရခဲ့ဘူး။ ဒါပေမဲ့ အစ်ကိုစုကတော့ နားလည်သဘောပေါက်ပြီး ဝိညာဉ်ဝါးမြိုအစီအရင်ကိုတောင် ခင်းကျင်းနိုင်ခဲ့တယ်။ အစ်ကို့ရဲ့ ပါရမီက တကယ်ပဲ ထူးချွန်ပါတယ်”

စုချန်က ခေါင်းခါလိုက်ပြီး ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်သည်။

“ဒါက ငါ့သက်တမ်း ကုန်ခါနီးနေပြီဖြစ်လို့ ဒီလမ်းကို ရွေးချယ်စရာမရှိဘဲ လိုက်ခဲ့ရတာပါ။ ငါသာ တကယ် ပါရမီ ထူးချွန်တယ်ဆိုရင်၊ ရွှေအမြုတေ အစောပိုင်းအဆင့်မှာတင် နှစ်ပေါင်း နှစ်ရာကျော်ကြာအောင် ပိတ်မိနေမှာ မဟုတ်ဘူး၊ အခုလို တိုးတက်မှုမရှိဘဲ သက်တမ်းကုန်ခါနီး ဖြစ်နေမှာလည်း မဟုတ်ပါဘူး”

“အစ်ကို သက်တမ်းတိုးတာ အောင်မြင်သွားတာနဲ့ ကျင့်စဉ်မှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရလာမှာ သေချာပါတယ်။ ဒါနဲ့ အစ်ကိုစု ... ဝိညာဉ်ဝါးမြိုအစီအရင်ကို အရင်ဆုံး ပြပေးလို့ရမလား။ သက်တမ်းတိုးနိုင်တဲ့ ဒီရှေးဟောင်း အစီအရင်အကြောင်းကို ကျွန်မ အရမ်း စိတ်ဝင်စားလို့ပါ”

“ရတာပေါ့၊ မင်းက ငါ့ကို ဝိညာဉ်ဝါးမြိုအစီအရင် ထိန်းချုပ်ဖို့ ကူညီပေးရမှာဆိုတော့၊ အဲဒါ ဘယ်လို အလုပ်လုပ်လဲဆိုတာ သိထားဖို့ လိုပါတယ်”

ထို့နောက် သူတို့နှစ်ယောက် ဝါးအိမ်လေးထဲမှ ပျောက်ကွယ်သွားပြီး၊ ချိုင့်ဝှမ်း အလယ်ဗဟိုရှိ မြေပြန့်ကွင်းပြင် အထက်သို့ ရောက်ရှိသွားကြသည်။ ထိုကွင်းပြင်မှာ သုံးမိုင်ခန့် ကျယ်ဝန်းပြီး ဝိညာဉ်သတ္တုတွင်းမှ အပြာရောင် ကျောက်တုံးများဖြင့် ခင်းကျင်းထားသည်။ မျက်နှာပြင်ပေါ်တွင် အလွန်နက်နဲသော အစီအရင်ပုံစံများကို ထွင်းထုထားသည်။

အပေါ်စီးမှ ကြည့်လျှင် အစီအရင်ပုံစံများမှာ တစ်ခုနှင့်တစ်ခု ပတ်ယှက်နေသော မြွေကြီးများနှင့် တူလှသည်။ အစီအရင်ကို အသက်မသွင်းရသေးသော်လည်း၊ ခြောက်ခြားဖွယ်ရာ ကောင်းသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည်။ အစီအရင်ကို အရှေ့ဘက်နှင့် အနောက်ဘက်ဟူ၍ နှစ်ပိုင်း ခွဲထားသည်၊ အရှေ့ဘက်ရှိ ပုံစံများမှာ အဖြူရောင်ဖြစ်ပြီး၊ အနောက်ဘက်ရှိ ပုံစံများမှာ အမည်းရောင် ဖြစ်သည်။

အစီအရင်၏ အလယ်ဗဟိုတွင် ၁၀ ပေခန့် ကျယ်ဝန်းသော စက်ဝိုင်းပုံ စင်မြင့်တစ်ခု ရှိကာ၊ ထိုစင်မြင့်ပေါ်ရှိ အစီအရင်ပုံစံများမှာ သွေးနီရောင် ဖြစ်သည်။

စုချန်က အစီအရင်ပြား အကြီးတစ်ခုနှင့် အသေးတစ်ခု ထုတ်လိုက်သည်။

“ဝိညာဉ်ဝါးမြိုအစီအရင်မှာ အဓိကအစီအရင်တံဆိပ်နဲ့ အရန်အစီအရင်တံဆိပ်ဆိုပြီး ရှိတယ်။ အကြီးက အဓိကဖြစ်ပြီး အသေးက အရန်ဖြစ်တယ်။ ငါက အဓိက အစီအရင်တံဆိပ်ကို ကိုင်ပြီး အစီအရင်ရဲ့ အလယ်ဗဟို စင်မြင့်ပေါ်မှာ ထိုင်မယ်။ မင်းက အရန်အစီအရင်တံဆိပ်ကို ကိုင်ပြီး အစီအရင်ရဲ့ အရှေ့ဘက်ပိုင်းမှာ ထိုင်ရမယ်၊ ယဇ်ကောင်တွေကို အနောက်ဘက်အပိုင်းမှာ ထားရမယ်။ အစီအရင်ကို အသက်သွင်းလိုက်တာနဲ့၊ ယဇ်ကောင်တွေရဲ့ အသက်ဓာတ်တွေကို ဝိညာဉ်ဝါးမြိုခြင်း အစီအရင်က စုပ်ယူပြီး ငါ့ခန္ဓာကိုယ်ထဲကို ပို့လွှတ်ပေးလိမ့်မယ်”

ဆက်လက်၍ စုချန်က ချင်းယန်အား အရန်အစီအရင်တံဆိပ်ကို ထိန်းချုပ်သည့် နည်းလမ်းများကို သင်ကြားပေးခဲ့သည်၊ သို့သော် အခြေခံ ထိန်းချုပ်မှု နည်းစနစ်များကိုသာ သင်ကြားပေးခြင်းဖြစ်ကာ အစီအရင်၏ အလုပ်လုပ်ပုံ နိယာမများကိုမူ တစ်လုံးတစ်ပါဒမျှ ထုတ်ဖော်မပြောခဲ့ပေ။

“ချင်းယန်... မင်း အရန်အစီအရင်တံဆိပ် ထိန်းချုပ်ပုံကို နားလည်အောင် နှစ်ရက်လောက် သီးသန့် လေ့ကျင့်ပေးဖို့ လိုလိမ့်မယ်။ နှစ်ရက်ကြာပြီးတာနဲ့ သက်တမ်းတိုးပွဲကို စတင်မယ်”

“အစ်ကိုစု ... စိတ်ချပါ၊ ကျွန်မ အသေအချာ လေ့လာထားပါ့မယ်၊ ဘာအမှားမှ မရှိစေရပါဘူး”

ချင်းယန်ဆိုသူ ရွှေအမြုတေကျင့်ကြံသူ ပေါ်လာသည်ကို မြင်သောအခါ သက်တမ်းတိုးပွဲ စတင်တော့မည်ကို စုန့်ဝမ် ရိပ်စားမိလိုက်သည်။ သို့သော် ချင်းယန် ရောက်နေခြင်းမှာ သူမျှော်လင့်မထားသော အချက်ဖြစ်သည်၊ အကြီးအကဲ စုရှို့ယုံ၏ မှတ်ဉာဏ်များထဲတွင် သူမအကြောင်း ဘာသတင်းအချက်အလက်မှ မပါခဲ့ပေ။ စုမိသားစုဘက်တွင် နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး အကူအညီ ရောက်နေသဖြင့် တိုက်ခိုက်ရန် ခဲယဉ်းသွားပြီဟု တွေးလိုက်မိပြီး စိတ်ပျက်လာသည်။

နှစ်ရက်တာအချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဤနှစ်ရက်အတွင်း ချိုင့်ဝှမ်းမှာ တိတ်ဆိတ်နေပြီး ယမန်နေ့က လူတစ်ဦး ဝင်သွားသည်မှအပ မည်သူမျှ အဝင်အထွက် မရှိပေ။ ချိုင့်ဝှမ်းအတွင်း ဘာဖြစ်နေမှန်း မသိသဖြင့် စုန့်ဝမ် ပိုမို စိုးရိမ်ပူပန်လာသည်။

တုမိသားစု ပေါ်မလာခြင်းကလည်း သူ့ကို စိုးရိမ်စေသည်။ သူတို့လည်း ချင်းယန် ရောက်နေသည်ကို သိသွားကြသဖြင့် စုမိသားစုကို မတိုက်ရဲတော့တာလားဟု တွေးမိသည်။

ထိုအချိန်တွင် ချိုင့်ဝှမ်းအတွင်းရှိ ဝါးအိမ်ထဲတွင် ဝိညာဉ်ဝါးမြိုအစီအရင်ကို လေ့လာနေသော ချင်းယန် ပြန်ထွက်လာပြီ ဖြစ်သည်။ ချင်းယန် အရန်အစီအရင်တံဆိပ် ထိန်းချုပ်သည့်နည်းစနစ်ကို ကျွမ်းကျင်သွားပြီဖြစ်ကြောင်း သိရသောအခါ စုချန်က ဝါးအိမ်အပြင်တွင် စောင့်နေသော စုဝမ်ရှီကို ညွှန်ကြားလိုက်သည်။

“အကုန်စီစဉ်လိုက်တော့၊ ဒီနေ့ည သန်းခေါင်ယံမှာ အစီအရင် အသက်သွင်းမယ်”

စုဝမ်ရှီသည် ဝါးတောမှ လျင်မြန်စွာ ထွက်ခွာလာပြီး ချိုင့်ဝှမ်း၏ အခြားတစ်ဖက်ရှိ အဆောက်အဦးဆီသို့ ရောက်လာသည်။ ဤအဆောက်အဦသည် ထောင်နှင့်တူပြီး ဝင်ပေါက်ကြီးတစ်ခုသာ ရှိပြီး ပြတင်းပေါက်မရှိပေ။ ဝင်ပေါက်တွင် အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦး စောင့်ကြပ်နေပြီး စုဝမ်ရှီကို မြင်သောအခါ နှုတ်ဆက်ကြသည်။

“ဂါရဝပြုပါတယ် ပထမအကြီးအကဲ”

စုဝမ်ရှီက “ဖမ်းထားတဲ့ လေလွင့်ကျင့်ကြံသူတွေ အားလုံး အခြေအနေ ပုံမှန်ပဲလား”ဟု မေးသည်။

“အားလုံး အဆင်ပြေပါတယ်။ သူတို့ကို နေ့တိုင်း ချီစုစည်းဆေးပြားတွေ ကျွေးထားပြီး၊ ထောင်ထဲမှာ ဝိညာဉ်စုစည်းခြင်းအစီအရင် ခင်းကျင်းထားလို့ ဝိညာဉ်စွမ်းအားလည်း အပြည့်ရှိပါတယ်။ သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေက မကျရုံတင်မကဘဲ နည်းနည်းတောင် တိုးလာပါသေးတယ်”

စုဝမ်ရှီက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ သူတို့အားလုံးကို ထုတ်ခဲ့ပြီး အစီအရင်ဆီကို ခေါ်သွားလိုက်တော့”

အစောင့်နှစ်ဦး အမိန့်နာခံပြီး ထောင်ထဲသို့ ဝင်သွားကြသည်။

……..

တစ်ချိန်တည်းမှာပင် ချင်းဖျင်တောင်ထိပ်ရှိ ဆွေးနွေးပွဲခန်းမတွင် ရှိနေသော စုအန်ချင်းသည်လည်း သတင်းကို လက်ခံရရှိလိုက်သည်။

“ချက်ချင်း အားလုံးကို အကြောင်းကြားလိုက်။ အခုကစပြီး ချင်းဖျင်တောင်ကို ပိတ်လိုက်ပြီ၊ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး။ မိသားစုဝင်အားလုံး အလုပ်တွေရပ်ပြီး နာရီဝက်အတွင်း တောင်ထိပ်ကွင်းပြင်မှာ စုဝေးကြဖို့ ပြောလိုက်။ ချင်းဖျင်တောင်ရဲ့ လုံခြုံရေးကို အမြင့်ဆုံး မြှင့်ထား။ ထူးခြားတဲ့ လှုပ်ရှားမှုတွေ့ရင် ချက်ချင်းတင်ပြ”

အမိန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ ချင်းဖျင်တောင်ရှိ ကျင့်ကြံသူများ စတင် လှုပ်ရှားလာကြသည်။

စုအန်ချင်းသည် ခန်းမဝင်ပေါက်သို့ လမ်းလျှောက်သွားပြီး မိသားစုဝင်များ လေထဲတွင် ဟိုဟိုဒီဒီ သွားလာနေကြသည်ကို ကြည့်နေသည်။ သူစောင့်မျှော်နေသောနေ့ ရောက်လာပြီ ဖြစ်သည်။ ဘိုးဘေးသာ သက်တမ်းတိုးတာ အောင်မြင်သွားခဲ့လျှင် ဤရက်ပိုင်းအတွင်း စုမိသားစု ကြုံခဲ့ရသော ဒုက္ခနှင့် အရှက်ရမှုအားလုံးကို အတိုးချ၍ ပြန်ဆပ်နိုင်မည် ဖြစ်သည်။

All Chapters