နောက်ဆုံးတော့ ပုံမှန်လူတစ်ယောက် ရောက်လာပြီ
Vol. 72 Ch. 1004
ယီထျန်းယွမ်နှင့် မုရုန်ရှောင်းတို့၏ ကိုယ်ယောင်ပြမှုသည် လူအများအပြား၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ အထူးသဖြင့် ဤနေရာသို့ ကြိုတင်ရောက်ရှိနေနှင့်သော ပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ဤဘက်သို့ လှမ်းကြည့်လာကြသည်။
“ညီမလေးရုန်အာ... သူက ဘယ်သူလဲ...”
ဝတ်စုံဖြူ ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦးသည် သူတို့ရှေ့တွင် ပေါ်လာသည်။ သူ၏ ရုပ်ရည်မှာ လှပကျော့ရှင်းပြီး ကျောဘက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားရာ ကြည့်ရသည်မှာ နတ်သက်ကြွေလာသူတစ်ဦးကဲ့သို့ပင်။ ထိုသူကား မုရုန်ရှောင်းကို လိုက်နေသည့် လီယွမ်ဖြစ်ပြီး အများအားဖြင့် သူ့ကို သခင်လေးလီဟု ခေါ်ကြသည်။ ဘိုင်ယွဲ့လျန်သည် သူ့အပေါ် အလွန်အမင်း စိတ်ဝင်စားမှု ရှိခဲ့သော်လည်း လီယွမ်မှာ မုရုန်ရှောင်းကိုသာ ချစ်မြတ်နိုးသဖြင့် သူမအတွက် အခွင့်အရေး လုံးဝမရှိခဲ့ချေ။
“ကျွန်မကို ရုန်အာလို့ မခေါ်ပါနဲ့... ရှင်နဲ့ ကျွန်မ အဲ့လောက်ထိ မရင်းနှီးဘူး...”
မုရုန်ရှောင်းသည် မျက်မှောင်ကြုတ်လျက် လီယွမ်၏ ခေါ်ဝေါ်ပုံကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
“ညီမလေးရုန်အာ... မင်းကတော့ ကလေးကလား လုပ်ပြန်ပြီ... ငါတို့က ဆရာတူ မောင်နှမတွေပဲဟာကို...”
လီယွမ်သည် သက်ပြင်းချလျက် သူမကို ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
“ငါ မင်းကို အောက်မှာ ရှာနေတာ ကြာပြီ... မင်းရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး... မင်းက တခြားတစ်ယောက်နဲ့ ရှိနေတာကိုး... ဒါကြောင့် ရှာမတွေ့တာ ဖြစ်ရမယ်...”
“ဒီမိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ မသိဘူး...”
လီယွမ်သည် တိုက်ရိုက် အော်ဟစ်ဆဲဆိုခြင်း မပြုဘဲ လက်နှစ်ဖက်ကို စုကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ယီထျန်းယွမ်သည် သူ့ကို အကဲခတ်ကြည့်လိုက်ရာ လူပုံပန်းမှာ တင့်တယ်ပြီး ကျင့်ကြံမှုအဆင့်မှာလည်း မနိမ့်ဘဲ မြေကမ္ဘာအရှင် အဆင့် ၇ ဖြစ်နေသည်။ အမှန်တကယ်ပင် ဤနေရာ၌ အဆင့် ၅ သို့မဟုတ် ၆ အထက် အရှင်သခင်များကို အလွန်တွေ့ရလွယ်ပြီး အဆင့် ၆ သို့မဟုတ် ၇ ခန့် မရှိလျှင် နှုတ်ဆက်ရန်ပင် ရှက်စရာကောင်းလှသည်။
“ထျန်းယွမ် အရှင်သခင်ပါ...”
ယီထျန်းယွမ်သည် ဖုံးကွယ်မထားဘဲ မိမိဘွဲ့အမည်ကို ပြောလိုက်သည်။
“ထျန်းယွမ် အရှင်သခင်...”
လီယွမ်၏ မျက်လုံးများထဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ကို အကဲခတ်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။
“ထျန်းယွမ် အရှင်သခင်က ဘယ်လိုလူမျိုးလဲလို့ ကျွန်တော် တွေးနေတာ... အခုလို ငယ်ရွယ်နေမယ်လို့ မထင်ထားဘူး... ကျွန်တော့်ရဲ့ စိတ်ကူးထက်တောင် ကျော်လွန်နေပါတယ်... ညီမလေးရုန်အာ ဒီကို ရောက်လာနိုင်တာ ထျန်းယွမ် အရှင်သခင်ရဲ့ အကူအညီကြောင့်လို့ ကျွန်တော် ယုံကြည်ပါတယ်...”
“ဒါက သူမရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်ပါ... ကျွန်တော်နဲ့ သိပ်မဆိုင်ပါဘူး...”
ယီထျန်းယွမ်သည် တစ်ဖက်လူ၏ သဘောထားကို ခန့်မှန်းရ ခက်နေသည်။
‘ပုံမှန်ဆိုရင် ဒီလူက ငါ့ကို ပြိုင်ဘက်လို့ သတ်မှတ်ပြီး ဒေါသထွက်ရမှာကို... ဘာလို့ စိတ်သဘောထား ကောင်းနေရတာလဲ...’
“ဘယ်လိုပဲဖြစ်ဖြစ်... ကိုယ်တိုင်တွေ့ရတာကတော့ အလွန်ထူးခြားတဲ့လူလို့ ခံစားရပါတယ်... ထျန်းယွမ် အရှင်သခင်ကို အမှန်အတိုင်း ပြောရရင် ကျွန်တော် သူနဲ့ အတူယှဉ်တွဲ ကျင့်ကြံတဲ့ အဖော်အဖြစ် နေချင်ပါတယ်... ထျန်းယွမ် အရှင်သခင်အနေနဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...”
လီယွမ်သည် ပွင့်လင်းလွန်းသလို အလွန်လည်း ယဉ်ကျေးနေသဖြင့် ယီထျန်းယွမ်မှာ ကြားရသည်မှာ တံတွေးပင် သည်းလုမတတ် ဖြစ်သွားရသည်။ ယဉ်ကျေးမှု အပြည့်ဖြင့် တားမြစ်ခြင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လက်သီးဖြင့် ဖြေရှင်းခြင်းမျိုး မဟုတ်ဘဲ အလွန်အမင်း ယဉ်ကျေးစွာဖြင့် တားမြစ်နေခြင်းပင်။
“လီယွမ်... ကျွန်မကတော့ ရှင့်နဲ့ အဖော်မလုပ်နိုင်ဘူး...”
မုရုန်ရှောင်းသည် ဒေါသတကြီး ခုန်ပေါက်ကာ သူ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ရှင်က ကျွန်မကြိုက်တဲ့ အမျိုးအစား မဟုတ်ဘူး... ရှင်က အရမ်းခေါင်းမာလွန်းတယ်... သူအိုကြီးတစ်ယောက်လိုပဲ... လီမိသားစုက ရှင့်ကို ပါရမီရှင်တစ်ယောက် ဖြစ်အောင် ပျိုးထောင်ပေးခဲ့ပေမဲ့ တခြားကိစ္စတွေမှာတော့ ရှင်က တကယ်ကို ညံ့ဖျင်းလွန်းတယ်...”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ညီမလေးရုန်အာ ပြောခဲ့ဖူးတယ်မဟုတ်လား... ပါရမီနဲ့ ကျင့်ကြံမှုက မင်းထက်သာရင် မင်းရဲ့ အဖော် ဖြစ်ခွင့်ရှိတယ်ဆိုတာလေ...”
လီယွမ်သည် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
“ငါက အရည်အချင်း ပြည့်မီသင့်ပါတယ်... ပြီးတော့ ငါက အဆင့် ၈ အရှင်သခင် ဖြစ်ဖို့ ပြင်ဆင်နေတာဆိုတော့ ညီမလေးရဲ့ စံနှုန်းနဲ့ ကိုက်ညီသင့်တယ်လေ...”
“ရှင်... ရှင်ကတော့ တကယ်ကို ပြောရခက်တဲ့လူပဲ... ရှင့်ကို ကျွန်မမှ မချစ်တာ... ကျွန်မရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနေလည်း အလကားပဲ...”
မုရုန်ရှောင်းမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်နေသည်။
“ငါ့ကို မချစ်ဘူးလား... ဒါဆိုလည်း ကိစ္စမရှိပါဘူး... ငါနဲ့ အဖော်ပြုပြီးတဲ့နောက်မှာ ဖြည်းဖြည်းချင်း ချစ်လာလိမ့်မယ်... ငါ မင်းကို ကောင်းမွန်တဲ့ နေရာတွေမှာ ကျင့်ကြံဖို့ ခေါ်သွားမယ်... ငါ့ရဲ့ ရတနာတွေကိုလည်း မင်းကို အကုန်ပေးမယ်... မင်းနဲ့အတူ တံခါးပိတ် ကျင့်ကြံမယ်...”
ယီထျန်းယွမ်သည် ဘေးမှ နားထောင်နေရင်း မှင်တက်မိသွားသည်။
‘ဒီလူက ဉာဏ်ရည် အလွန်နိမ့်ပါးလွန်းပြီး ခေါင်းထဲကို မြည်းကန်ခံထားရသလားပဲ... ငြင်းပယ်ခံရတာကိုတောင် နားမလည်ဘဲ အေးဆေးပြောနေနိုင်တယ်...’
“လက်လျှော့လိုက်ပါတော့... ကျွန်မမှာ ကိုကိုထျန်းယွမ် ရှိနေပြီ... ရှင့်ရဲ့ စိတ်ကူးကို ဖျက်လိုက်ပါတော့...”
မုရုန်ရှောင်းသည် ယီထျန်းယွမ်၏ လက်မောင်းကို ဖက်လိုက်သည်။
“ကိုကိုထျန်းယွမ်... ကျွန်မကို ကူညီပါဦး... ဒီလူနဲ့သာ အဖော်ဖြစ်ရင် ကျွန်မ ရူးသွားလိမ့်မယ်... ဘာမှ စိတ်ဝင်စားဖို့ မကောင်းဘူး... စာသင်တဲ့ ဆရာကြီးတွေအတိုင်းပဲ...”
မုရုန်ရှောင်းသည် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ လီယွမ်သည် ခေတ္တမှင်တက်မိသွားပြီး ယီထျန်းယွမ်ဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။
“ထျန်းယွမ် အရှင်သခင်အနေနဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်... ကျွန်တော့်အဖေကလည်း ကျွန်တော်နဲ့ ညီမလေးရုန်အာက အသင့်တော်ဆုံးပဲလို့ ပြောဖူးတယ်... တကယ်လို့ ထျန်းယွမ် အရှင်သခင်က လက်လျှော့ပေးမယ်ဆိုရင် ကျွန်တော့်မှာရှိတဲ့ အကောင်းဆုံး ရတနာတွေကို ပေးဖို့ အသင့်ရှိပါတယ်... ဒါကြောင့် လက်လျှော့ပေးဖို့ မျှော်လင့်ပါတယ်...”
ယီထျန်းယွမ်သည် သူ့ကိုကြည့်ကာ ဘာပြောရမှန်း မသိတော့ချေ။ အရာအားလုံးက ယဉ်ကျေးလွန်းနေသည်။ ဒေါသမထွက်၊ ဆဲဆိုခြင်းမရှိဘဲ မိမိ၏ လိုလားချက်ကိုသာ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ အေးအေးဆေးဆေး ပြောနေသည်။
“တကယ်လို့ ကျွန်တော်က ငြင်းလိုက်ရင်ကော...”
ယီထျန်းယွမ်သည် စဉ်းစားပြီးနောက် တစ်ခွန်း မေးလိုက်သည်။
“တကယ်လို့ သဘောမတူဘူးဆိုရင် ကျွန်တော်က ပိုပြီး ကြိုးစားရမှာပေါ့... ပိုမိုအားကောင်းတဲ့ ခွန်အားနဲ့ ခင်ဗျားကို အနိုင်ယူပြီး ညီမလေးရုန်အာရဲ့ နှလုံးသားကို အရယူရမှာပေါ့... အဲ့ဒီအချိန်ကျရင် ညီမလေးရုန်အာကို ခေါ်ဆောင်သွားတဲ့အတွက် ထျန်းယွမ် အရှင်သခင်အနေနဲ့ အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်...”
လီယွမ်သည် ဒေါသမထွက်သလို ရန်စခြင်းလည်း မပြုဘဲ ယီထျန်းယွမ်၏ ရှေ့တွင်ပင် ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်သည်။ ယီထျန်းယွမ်မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ဤကဲ့သို့ ထူးဆန်းသောလူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“တွေ့တယ်မဟုတ်လား... ဒီလူက အရူးလားလို့တောင် ကျွန်မ သံသယဖြစ်မိတယ်... ဘယ်လိုပြောပြော နားမလည်ဘူး... သူ့မိသားစုက သူ့ကို ကိစ္စတွေ အများကြီး ရိုက်သွင်းထားလို့ ခေါင်းထဲမှာ ဘာမှ မရှိတော့တာ ထင်တယ်... ကိုယ်ပိုင် ခံစားချက်တောင် မရှိဘူး...”
မုရုန်ရှောင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ကိုယ်ပိုင်ခံစားချက် မရှိဘူး ဟုတ်လား...”
ယီထျန်းယွမ်က နားမလည်နိုင်စွာ မေးလိုက်သည်။
“ဟုတ်တယ်... သူ ကျွန်မကို ချစ်တာလည်း မဟုတ်ဘူး... အိမ်က ခိုင်းတဲ့အတိုင်း လုပ်နေတာ... ဘာလုပ်လုပ် အိမ်က အမိန့်ကိုပဲ ဦးစားပေးနေတာ...”
မုရုန်ရှောင်းသည် အလွန်စိတ်ပျက်စွာဖြင့် ရှင်းပြနေသည်။
“ဒီလို ထူးဆန်းတဲ့လူမျိုးလည်း ရှိသေးတာပဲလား...”
ယီထျန်းယွမ်လည်း ဘာမှ မပြောနိုင်တော့ချေ။
“မင်းက ထျန်းယွမ် အရှင်သခင်လား...”
ထိုစဉ် အမျိုးသားတစ်ဦး လျှောက်လာပြီး အေးစက်သော မျက်လုံးများဖြင့် သူ့ကို အကဲခတ်ကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသည်။
“ဘာကိစ္စ ရှိလို့လဲ...”
ယီထျန်းယွမ်သည် သူ့ကို ကြည့်ကာ မေးလိုက်သည်။
“ကြည့်ရတာတော့ ဘာမှ မထူးခြားပါဘူး... မင်းလို လူသားမျိုးနွယ်က ကောင်းကင်စစ်နတ်ဘုရား မိုးကြိုးစည်မှာ အဆင့် ၉ ထိ ဘယ်လိုလုပ် ရောက်နိုင်မှာလဲ...”
ယွမ်လဲ့ အရှင်သခင်သည် သူ့ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်း မသမာတဲ့နည်းကို သုံးထားတာလားလို့ ငါ တော်တော်သံသယဖြစ်မိတယ်... မဟုတ်ရင် လူသားမျိုးနွယ်က ဒီလိုအဆင့်မျိုးကို ဘယ်လိုလုပ် တက်နိုင်မှာလဲ...”
ယွမ်လဲ့ အရှင်သခင်သည် အစက ဒုတိယအဆင့်တွင် ရှိနေသူဖြစ်ပြီး ယခုတွင် တတိယအဆင့်သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။ တကယ်တော့ တတိယအဆင့်ဆိုသည်မှာ အလွန်ကောင်းမွန်သော်လည်း လူသားမျိုးနွယ် တစ်ဦးက သူတို့၏အထက်တွင် ရောက်နေသည်ကို သူ မခံစားနိုင်ခြင်း ဖြစ်သည်။ ယီထျန်းယွမ်သည် သူ့ကို အကဲခတ်ကြည့်ပြီး ပုခုံးတွန့်လိုက်သည်။
“နောက်ဆုံးတော့ ပုံမှန်လူတစ်ယောက် ရောက်လာပြီ... သူ့ကို ကြည့်လိုက်ဦး... ဒါမှ ပုံမှန် လူဆိုးရုပ်ပဲ...”
လီယွမ်သည် ယွမ်လဲ့ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး ယီထျန်းယွမ် ပြောလိုသည်ကို သဘောမပေါက်ချေ။ ယီထျန်းယွမ်သည် သူ့ကို ဂရုမစိုက်ဘဲ ယွမ်လဲ့ အရှင်သခင်ဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်။
“ဒါဆိုရင် ကျွန်တော်က ဘယ်လို မသမာတဲ့နည်းကို သုံးထားတယ်လို့ ခင်ဗျား ထင်လို့လဲ...”
အခန်း ၁၀၀၄ ပြီးပါပြီ။