ကျင့်ကြံခြင်း ရူးသွပ်သူ
Vol. 72 Ch. 1006
ယီထျန်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ယခုအခါ ကွင်းအတွင်း ကျန်ရှိနေသောသူမှာ လူတစ်ထောင်ပင် မပြည့်တော့ချေ။ အစပိုင်းတွင် လူပေါင်း ထောင်ချီ သောင်းချီ ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် လူတစ်ထောင်အောက်သာ ကျန်ရှိတော့ခြင်းက ဤပြိုင်ပွဲ၏ ခဲယဉ်းမှုမှာ မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြနေသည်။
၎င်းတို့အနက် အများစုမှာ အစပိုင်း သတ်ဖြတ်ပွဲများတွင်ပင် ထုတ်ပယ်ခြင်း ခံလိုက်ရသည်။ အလွန်ပင် ရက်စက်လှသည်ဟု ပြောရမည် ဖြစ်သည်။ ဤနေရာရှိ ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီကို သုံးဘုံလောကသို့ ပို့ဆောင်လိုက်ပါက နတ်ဘုရားကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်ပေလိမ့်မည်။
သို့သော် ဤနေရာတွင်မူ သူတို့မှာ ဟင်းရွက်ကန်စွန်းများနှယ် အလွန်စျေးပေါများလှပြီး ထုတ်ပယ်ခံရခြင်းမှာလည်း အလွန်ပင် သာမန်ကိစ္စတစ်ခု ဖြစ်နေသည်။ ဤသည်မှာ သန်မာသူက အနိုင်ရပြီး အားနည်းသူက အရှုံးပေးရသည့် သဘောပင်။ အားလုံးမှာ အရှင်သခင် အဆင့်များ ဖြစ်ကြသော်လည်း အရှင်သခင် အချင်းချင်းတွင်ပင် အရည်အချင်း ကွာခြားမှုများ ရှိကြသည်။
ဤနေရာတွင် ကျင့်ကြံမှု အဆင့် ၂ သို့မဟုတ် အဆင့် ၃ အရှင်သခင်များ ရှိနေခြင်းက သူတို့၏ ကျင့်ကြံမှုမှာ မမြင့်မားဟု ဆိုနိုင်သော်လည်း သူတို့မှာ အားနည်းသည်ဟု မဆိုနိုင်ပေ။ ကျင့်ကြံမှုအဆင့်မှာ အပေါ်ယံ ခန့်မှန်းချက်သာ ဖြစ်ပြီး အမှန်တကယ် မည်မျှ သန်မာသည်ကိုမူ သူတို့ အချင်းချင်း ယှဉ်ပြိုင်ကြမှသာ သိနိုင်မည် ဖြစ်သည်။
“တကယ်ကို ရက်စက်တဲ့ ပြိုင်ပွဲတစ်ခုပဲ...”
ယီထျန်းယွမ်က ခေါင်းခါလိုက်သည်။ ကောင်းကင်သို့ တက်လှမ်းလိုပါက ပြိုင်ဘက် အမြောက်အများ၏ အပေါ်သို့ နင်းတက်သွားရမည် ဖြစ်သည်။ ရှုံးနိမ့်သူ အများအပြားမှာ သူတို့အတွက် အထက်သို့ တက်လှမ်းရန် ခြေနင်းတုံးများသာ ဖြစ်ပေလိမ့်မည်။
“ဟုတ်တယ်... တကယ်ကို ရက်စက်တယ်...”
မုရုန်ရှောင်းက ခေါင်းညိတ်လိုက်သည်။ သူမလည်း ဤခံစားချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားရသည်။ အကယ်၍ သူမ၏ အစွမ်းမှာ အနည်းငယ်မျှ လျော့နည်းခဲ့ပါက သူမလည်း ထိုခြေနင်းတုံးများထဲမှ တစ်ခု ဖြစ်သွားမည်မှာ အသေအချာပင်။
“လှိုင်းလုံးတွေက သဲတွေကို တိုက်စားသွားသလိုပဲ... နောက်ဆုံး ဘယ်သူက ဒီမှာ အခိုင်အမာ ရပ်တည်နိုင်မလဲဆိုတာ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်...”
ဘေးတွင် ရှိနေသော လီယွမ်ကလည်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ ပြောလိုက်သည်။
“ရှင်က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... မသွားသေးဘူးလား...”
မုရုန်ရှောင်းက သူ့ကို မြင်လိုက်ရသည်နှင့် အလွန်ပင် မျက်စိနောက်သွားသည်။ သူသည် စိတ်အနှောင့်အယှက် ပေးရန်အတွက် ရောက်လာခြင်း ဖြစ်သည်ဟု သူမ ယူဆနေသည်။
ထိုစဉ် ရင်းနှီးသော အမျိုးသမီးတစ်ဦး လျှောက်လာပြီး လီယွမ်၏ လက်မောင်းကို ဆွဲဖက်ကာ နုနုရွရွ အသံလေးဖြင့် ပြောလိုက်သည်။
“လီသခင်လေး... ဟိုဘက်ကို သွားရအောင်လေ... ဒီမှာ နေရတာ တကယ်ပဲ စိတ်ညစ်ဖို့ ကောင်းတယ်..”
ရောက်လာသူမှာ ယုချင်းလင် ဖြစ်သည်။ သူမ ရောက်လာသည်နှင့် လီယွမ်ကို ဆွဲဖက်လိုက်ခြင်းမှာ အလွန်ပင် ရဲတင်းလွန်းလှသည်။
လီယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်မောင်းကို ခါယမ်းကာ ရုန်းထွက်လိုက်သည်။
“ယုမိန်းကလေး... ယောက်ျားလေးနဲ့ မိန်းကလေး ကြားမှာ စည်းရှိသင့်ပါတယ်... ဒီလိုမျိုး မလုပ်ပါနဲ့...”
လီယွမ်က မည်သည့် အရာကိုမျှ စိတ်မလှုပ်ရှားဘဲ တည်ကြည်စွာ ပြောလိုက်သည်။
ယုချင်းလင်၏ ဆွဲဆောင်မှုမှာ မနည်းလှသော်လည်း သူ့အတွက်မူ လုံးဝ အရာမထင်ပေ။ ထို့ကြောင့် သူမမှာ အလွန်ပင် ဒေါသထွက်သွားရသည်။
“အော်... လီသခင်လေး... သူတို့နှစ်ယောက်က အတူတူ ရှိနေတာပဲ... အရင်ကလည်း သူတို့နှစ်ယောက် တကျီကျီ လုပ်နေတာကို ကျွန်မ တွေ့ခဲ့သေးတယ်... သူတို့ကြားမှာ တစ်ခုခု ရှိနေလောက်ပြီ ထင်တယ်...”
ယုချင်းလင်က ပါးစပ်ကို ပိတ်ကာ ရယ်မောလျက် မဟုတ်မမှန် လုပ်ကြံပြောဆိုလိုက်သည်။
“နင် လျှောက်ပြောမနေနဲ့...”
မုရုန်ရှောင်းမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲတော့မည့် အတိုင်းပင်။ သူမသည် ယီထျန်းယွမ်နှင့် အဖွဲ့ဖွဲ့ခဲ့ရုံသာ ဖြစ်သော်လည်း ဤကဲ့သို့ စွပ်စွဲခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။
ယုချင်းလင်က လီယွမ်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များကို မြင်တွေ့ရရန် မျှော်လင့်နေသော်လည်း စိတ်ပျက်သွားရသည်။ လီယွမ်သည် ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ပျက်ခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်နေဆဲပင်။
“ကျွန်တော် ယီအရှင်သခင် ဆီကနေ ရှောင်းအာကို ပြန်လုယူမှာပါ...”
လီယွမ်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
ယီထျန်းယွမ်မှာ ဘေးမှနေ၍ သွေးအန်မတတ် ဖြစ်သွားရသည်။ ယုချင်းလင်၏ ဤကဲ့သို့သော လုပ်ကြံစကားများက သူ့အပေါ် ရန်ငြိုးများ ဖြစ်လာစေမည်ဟု သူ ယူဆထားခဲ့သော်လည်း လီယွမ်မှာ ဤအရာများကို လုံးဝ ဂရုမစိုက်သည်မှာ သိသာလှသည်။
ယုချင်းလင်လည်း ဘာပြောရမှန်း မသိတော့ဘဲ လီယွမ်ကို ကြည့်ကာ အလွန်ပင် စိတ်ပျက်သွားရသည်။ ဤကဲ့သို့သော ထင်းတုံးကို မည်သည့်နည်းနှင့်မျှ ထုဆစ်၍ မရနိုင်တော့ချေ။
“အဟမ်း... ညီအစ်ကိုလီ... ခင်ဗျားက တကယ်ပဲ မိန်းကလေးမုကို ကြိုက်တာလား...”
ယီထျန်းယွမ်က အလေးအနက် မေးမြန်းလိုက်သည်။
“ဒါက ခင်ဗျားရဲ့ မိသားစုက အမိန့်ပေးထားလို့ လုပ်နေတာလား... ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်က တကယ်ပဲ မိန်းကလေးမုကို ချစ်လို့ လုပ်နေတာလား...”
“ဒါကတော့...”
လီယွမ်က မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားလိုက်သည်။
“အမှန်တော့ ဒါက ကျွန်တော့်ရဲ့ မိသားစုက လုပ်ခိုင်းတာပါ... ဒါက ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို အထောက်အကူ ဖြစ်လိမ့်မယ်လို့ သူတို့က ပြောကြတယ်...”
“ဒါဆိုရင် ခင်ဗျားက မိန်းကလေးမုကို ချစ်လို့ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်တာ မဟုတ်ဘူးပေါ့လေ...”
ယီထျန်းယွမ်က ထပ်မံ မေးခွန်းထုတ်လိုက်သည်။
“ဟုတ်ပါတယ်...”
လီယွမ်က အမှန်အတိုင်း ဖြေကြားလိုက်သည်။
“ဒါပေမဲ့လည်း ရှောင်းအာက တကယ်ကို မဆိုးပါဘူး... စိတ်ရင်းလည်း ကောင်းတယ်... သူမနဲ့ လက်တွဲဖော် ဖြစ်ရတာကလည်း ဘာမှ မမှားပါဘူး...”
“ညီအစ်ကိုလီ... အမှန်အတိုင်း ပြောစမ်းပါ... ခင်ဗျားက ကျင့်ကြံမှုအတွက်ပဲ မိသားစုရဲ့ စကားကို နားထောင်ပြီး မိန်းကလေးမုနောက်ကို လိုက်နေတာ မဟုတ်လား...”
ယီထျန်းယွမ်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“အဲ့ဒါကတော့ ဟုတ်ပါတယ်... ကျွန်တော်က အဲ့ဒီအတွက်ကြောင့်ပဲ ရှောင်းအာနောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ...”
လီယွမ်က အလေးအနက်ပင် ပြန်လည်ဖြေကြားလိုက်သည်။
‘ကျင့်ကြံခြင်း ရူးသွပ်သူပဲ...’
မုရုန်ရှောင်းမှာ ထိုစကားကို ကြားပြီးနောက် ဘာမှ မပြောချင်တော့ချေ။ သူမသည် ကျင့်ကြံခြင်းအတွက် ကိရိယာတစ်ခုသာ ဖြစ်နေသည်လား။
“အဟမ်း... ညီအစ်ကိုလီ... ကျွန်တော့်စကားကို နားထောင်ပါ... မိန်းကလေးမုနဲ့ လက်တွဲဖော် ဖြစ်ရင်တောင် ခင်ဗျားရဲ့ ကျင့်ကြံမှုအတွက် သိပ်ပြီး အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး... သူမရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ခင်ဗျားနဲ့ သိပ်မကိုက်ညီဘူး... ခင်ဗျားက ရေခဲဓာတ်ရှိတဲ့သူနဲ့မှ ပိုပြီး ကိုက်ညီလိမ့်မယ်...”
ယီထျန်းယွမ်က အကြံပေးလိုက်သည်။
“ဒါပေမဲ့ ကျွန်တော့်ရဲ့ မိသားစုက ဒီလို တောင်းဆိုထားတာလေ...”
လီယွမ်မှာ ဝေခွဲမရ ဖြစ်နေသည်။
“သူတို့ကို ဂရုစိုက်မနေပါနဲ့... ခင်ဗျားရဲ့ စိတ်ထဲမှာ ကျင့်ကြံမှု အောင်မြင်ဖို့ပဲ ရှိတာ မဟုတ်လား... ကျန်တဲ့ ကိစ္စတွေကို ဂရုမစိုက်ချင်ဘူး မဟုတ်လား...”
ယီထျန်းယွမ်မှာ အခြေအနေကို သိရှိသွားပြီ ဖြစ်သည်။
“ဟုတ်ပါတယ်...”
လီယွမ်က ခေါင်းခါလျက် ပြောလိုက်သည်။
“ကျန်တဲ့ အသေးအဖွဲ ကိစ္စတွေကို တကယ်ပဲ ဂရုမစိုက်ချင်ပါဘူး...”
သူ့အတွက်မူ မိန်းမကိစ္စများမှာ အရေးမကြီးဘဲ သူသည် ကျင့်ကြံခြင်းကိုသာ အစဉ်တစိုက် အာရုံစိုက်နေသူ ဖြစ်သည်။
“ဒီနားကို လာပါဦး... ကျွန်တော် ခင်ဗျားကို နည်းလမ်းတစ်ခု ပြောပြမယ်...”
ယီထျန်းယွမ်က လီယွမ်ကို ဆွဲခေါ်သွားပြီး ဘေးတွင် တိုးတိုးတိတ်တိတ် အများအပြား ပြောလိုက်ရာ လီယွမ်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
“ကောင်းပြီ... ညီအစ်ကိုယီရဲ့ စကားအတိုင်းပဲ လုပ်မယ်... အမှန်တော့ ကျွန်တော် တကယ်ပဲ စိတ်ညစ်နေခဲ့တာ... တကယ်လို့ ရှောင်းအာနဲ့ လက်တွဲဖော် ဖြစ်သွားရင် ကျင့်ကြံဖို့ အချိန်မရှိတော့မှာကို စိုးရိမ်နေတာ... အခု ညီအစ်ကိုယီ ပြောပြလိုက်မှပဲ စိတ်ထဲမှာ ရှင်းသွားတော့တယ်..”
လီယွမ်က ပြုံးရွှင်လျက် မုရုန်ရှောင်း၏ ရှေ့သို့ လျှောက်လာပြီး ပြောလိုက်သည်။
“ရှောင်းအာ... ငါ မင်းနဲ့ လက်တွဲဖော် မဖြစ်ချင်တော့ဘူး... အမှန်တော့ ငါက မင်းအပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိပါဘူး... ငါ့ရဲ့ စိတ်ထဲမှာ ကျင့်ကြံမှု အောင်မြင်ဖို့ပဲ ရှိတယ်..”
မုရုန်ရှောင်း၏ မျက်နှာမှာ တွန့်ရှုံ့သွားရသည်။ အရင်က သူ့ကို ဖယ်ထုတ်ချင်ခဲ့သော်လည်း ယခုအခါ လီယွမ်က ထိုသို့ ပြောလိုက်ခြင်းမှာ သူမကို ပါးရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ပြောပြီးသည်နှင့် လီယွမ်သည် လှည့်ထွက်သွားပြီး သူ၏ မိသားစုရှိရာ အဖွဲ့ထံသို့ ပြန်သွားတော့သည်။
ယုချင်းလင်မှာမူ မှင်တက်မိသွားရသည်။ ပြဿနာအချို့ ဖြစ်လာမည်ဟု သူမ ယူဆထားခဲ့သော်လည်း အရာအားလုံးက လွဲချော်သွားခဲ့သည်။
“အရူးပဲ... သူ့ဘဝမှာ ဘယ်မိန်းကလေးကမှ သူ့ကို ချစ်မှာ မဟုတ်ဘူး..”
ယုချင်းလင်က မုရုန်ရှောင်းကို ဒေါသတကြီး စိုက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။
“ဖြေရှင်းပြီးသွားပြီ... အခုဆိုရင် လီယွမ်က မင်းနောက်ကို ထပ်ပြီး လိုက်နေတော့မှာ မဟုတ်ဘူး...”
ယီထျန်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
“ပြောစမ်းပါဦး... ငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ...”
ပြဿနာမှာ ဤမျှ မြန်မြန်ဆန်ဆန် ပြေလည်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ရန်သူဟု ယူဆထားခဲ့သော်လည်း အမှန်တကယ်တွင် သူမှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသည့် ဖြူစင်သော နှလုံးသား ပိုင်ရှင်တစ်ဦး ဖြစ်နေသည်။
“ဒါ... ရှင် သူ့ကို ဘာတွေ ပြောလိုက်လို့ သူက ကျွန်မကို လက်လွှတ်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တာလဲ...”
မုရုန်ရှောင်းမှာ အလွန်ပင် အံ့သြနေရသည်။ သူမသည် သူ့ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သော်လည်း တစ်ကြိမ်မျှ မအောင်မြင်ခဲ့ဖူးချေ။
“ရိုးရှင်းပါတယ်... မိသားစုက သူ့ကို မင်းနဲ့ လက်ထပ်ခိုင်းတာက သူ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ပဲ... ဒါပေမဲ့ တကယ်တမ်းမှာတော့ ဘာအကျိုးမှ မရှိဘူး... ဒါကြောင့် သူ့ကို ပြိုင်ပွဲမှာ သေချာ ယှဉ်ပြိုင်ဖို့နဲ့ ပြိုင်ပွဲပြီးရင် တစ်နေရာမှာ အောင်းပြီး ကျင့်ကြံဖို့ ကျွန်တော် ပြောလိုက်တယ်... အဆင့် ၈ ဒါမှမဟုတ် အဆင့် ၉ အရှင်သခင် အဆင့်ကို ရောက်သွားရင် မိသားစုက သူ့ကို ဘာမှ ထပ်ပြီး အမိန့်မပေးနိုင်တော့ဘူးလေ...”
ယီထျန်းယွမ်က ရှင်းပြလိုက်သည်။
“အဲ့ဒါက ဘာကို ဆိုလိုတာလဲ...”
မုရုန်ရှောင်းမှာ ဘာမှ နားမလည်နိုင်တော့ဘဲ မှင်တက်မိနေရသည်။
“ဒီလို ကျင့်ကြံခြင်း ရူးသွပ်သူတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံး နည်းလမ်းက သူတို့ကို ကျင့်ကြံခြင်းထဲမှာပဲ ဆက်ပြီး နစ်မွန်းနေအောင် လုပ်ဖို့ပဲ... ဒါဆိုရင် သူတို့က မင်းကို ဂရုစိုက်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး...”
ယီထျန်းယွမ်က ပုခုံးတွန့်ကာ ပြောလိုက်သည်။ မုရုန်ရှောင်းက မျက်စောင်းထိုးလိုက်သည်။
“ကျွန်မ မယုံပါဘူး... ဘယ်မှာ ဒီလောက် လွယ်ပါ့မလဲ..”
ယီထျန်းယွမ်က ပြုံးလိုက်သည်။ အမှန်တကယ်တွင်မူ ဤမျှ မရိုးရှင်းသည်မှာ သေချာလှသည်။
အခန်း ၁၀၀၆ ပြီးပါပြီ။