← Chapters

တာအိုဥသျှောင်တစ်ဦးနှင့် စီးချင်းထိုးပြီ

Vol. 92 Ch. 1277

တာအိုဥသျှောင်တစ်ဦးနှင့် စီးချင်းထိုးပြီ

Vol. 92 Ch. 1277

ကောင်လေး ဘွားဘွားမန်ဆီ ဦးတည်သွားသည့်အချိန်တွင် မန်ဟိုသည် ကြယ်တာရာကောင်းကင်ထက်၌ ၂၁ လုံးမြောက် ဝိညာဉ်မီးအိမ်ကို မီးထွန်းဖို့ ကြိုးစားနေ၏။ ရုတ်တရက် သူ၏မျက်လုံးများက လင်းခနဲ လက်သွားပြီး မန်မျိုးနွယ်ဘိုးဘေးစံအိမ်ကို ငုံ့ကြည့်လိုက်သည်။

“သေချင်နေလား” သူ့အသံကြီးသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်ဟိန်းထွက်သွား၏။ ရုတ်တရက် သူကား ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ကောင်လေးနှင့် ဘွားဘွားမန်၏အကြားတွင် မီးတောက်မီးလျှံဟုန်းဟုန်းတောက်နေလျက် ပေါ်လာသည်။

မန်ဟို ယခုလို ရုတ်တရက်ကြီး ဘွားခနဲ ရောက်ချလာလိမ့်မည်ဟု ကောင်လေးမှာ မထင်ထားခဲ့ပေ။ မန်ဟို၏အမြန်နှုန်းသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းပြီး သူက ပေါ်လာလျှင်ချင်း ညာလက်သီးကို ဆုပ်၍ ထိုးချလိုက်သည်။

အသက်နုတ်လက်သီး

လက်သီး ပြေးဝင်လာသည့်အခါ ကောင်လေး၏မျက်လုံးများက တောက်ပသွားပြီး သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် လေမှုတ်ထုတ်လိုက်၏။ ချက်ချင်းပင် အနက်ရောင်ပင်လယ်တစ်စင်းက မန်ဟို၏လက်သီးကို ဝင်တိုက်လိုက်လေသည်။

ဘုန်းးးးးးးးးးး

လက်သီးသည် ပင်လယ်ကို ဖြိုခွင်းပစ်လိုက်၏။ ပင်လယ်ရေများ အရပ်လေးမျက်နှာတွင် လွင့်စင်ပြန့်ကြဲသွားပြီး ကောင်လေးမှာ အံ့အားသင့်နေသောအမူအရာဖြင့် နောက်ဆုတ်လိုက်ရသည်။

သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟို၏ ၂၁ လုံးမြောက် ဝိညာဉ်မီးအိမ် ပေါ်လာသည်။

“အမ်” မန်ဟို့မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။ “ဒီလိုလည်း အလုပ်ဖြစ်တယ်ပေါ့လေ” ထို့နောက် သူက ထပ်မံထိုးချလိုက်ပြန်သည်။

နတ်ဆိုးလက်သီး

ဘုန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရပြီး ပထဝီမြေကြီးသည် တသိမ့်သိမ့် တုန်ခါသွား၏။ လေဟာနယ်အကွဲကြောင်းတစ်ကြောင်းက မန်ဟို့အရှေ့တွင် ပွင့်လာပြီး ကျိုးအက်သံများ ပဲ့တင်ထပ်လာသည်။ ကောင်လေးသည် သေစေနိုင်သောအန္တရာယ်ကို ခံစားလိုက်ရ၍ ချက်ချင်း မျက်နှာပျက်သွားတော့၏။

“သေစမ်း သူက အခုထိ ပြစ်ဒဏ်ကို မကျော်လွှားရသေးဘူးလေ။ ဘယ်လိုလုပ် ဒီလောက် သန်မာရတာတုန်း” ကောင်လေးက တခဏလေးပင် တွန့်ဆုတ်မနေ။ သူသည် ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်ရာ ဧရာမလိပ်ခွံကြီးတစ်ခုသည် သူ့အရှေ့ လေထဲတွင် ပေါ်လာ၏။ ရှေးဟောင်းမှော်သင်္ကေတရှစ်ခုအား လိပ်ခွံ၏မျက်နှာပြင်ပေါ်တွင် မြင်ရသည့်တိုင် မန်ဟို့လက်သီး ၎င်းကို ထိလိုက်လျှင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။

ပေါက်ကွဲမှုလှိုင်းကြောင့် ကောင်လေး၏မျက်နှာ ဖြူဖျော့သွားပြီး သူ့မှာ နောက်ဆုတ်လိုက်ရပြန်သည်။ သို့သော် သူ၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေ၏။

“အကျဉ်းချတောင်ရှစ်လုံး” စကားလုံးများ သူ့ပါးစပ်မှ ထွက်လာလျှင်ချင်း လိပ်ခွံ၏အစအနများအပေါ်ရှိ မှော်သင်္ကေတရှစ်ခုသည် တဖျပ်ဖျပ် လင်းလက်လာရင်း မန်ဟို့ခေါင်းပေါ်တွင် တောင်တစ်လုံး ပေါ်လာစေသည်။ ထို့နောက် ၎င်းသည် အောက်သို့ ကျလာ၏။

ထို့နောက် ဒုတိယတောင်တစ်လုံး၊ သုံးလုံးမြောက်၊ လေးလုံးမြောက် ... ရှစ်လုံးအထိ ။ စုစုပေါင်း တောင်ရှစ်လုံးက မန်ဟို့အပေါ် ဖိချလိုက်လေသည်။ မန်ဟို့ခြေထောက်များ တုန်ရီလာပြီး အောက်ရှိ မြေကြီးပေါ်တွင် ပက်ကြားအက်များ ပျံ့နှံ့သွားသည်။ သို့သော် သူက မခိုးမခန့်ရယ်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သူ၏ငယ်ထိပ်မှတစ်ဆင့် စိမ့်ထွက်သွားစေလိုက်သည်။

ဘုန်းးးးးးးးးး

ထို့နောက် တောင်ရှစ်လုံးစလုံး တစစီ ပြိုကွဲသွားရာ ကောင်လေး၏မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားတော့သည်။ ၎င်းက နောက်ထပ်ဝိညာဉ်မီးအိမ်သုံးလုံး ပေါ်လာသော အခိုက်အတန့်လည်း ဖြစ်ပေသည်။

၂၂ ။ ၂၃ ။ ၂၄ ။

ဝိညာဉ်မီးအိမ် ၂၄ လုံးသည် မီးတောက်များကို တရိပ်ရိပ်လှုပ်နေစေရင်း မန်ဟို့ကို လှည့်ပတ်၍ သူ့အား ရှေးခေတ်မှ ထွက်လာသည့် ဧကရာဇ်မင်းမြတ်တစ်ပါးနှင့် တူသွားစေသော နက်နက်နဲနဲရှေးဆန်ဆန်အငွေ့အသက်များကို သူ့ထံမှ ထုတ်လွှတ်လာစေသည်။

စောစောက မန်မျိုးနွယ်စု၏ဘိုးဘေးစံအိမ်ထဲတွင် မန်မျိုးနွယ်ဝင်များမှာ စက္ကန်နှင့်အမျှ ကျဆုံးနေခဲ့သည်။ သို့သော် မန်ဟိုက ရောက်ချလာခဲ့ပြီး လက်သီးချက်နှစ်ချက် ပစ်သွင်း၍ သူ၏ဝိညာဉ်မီးအိမ်များကို မီးထွန်းရင်း ယိမ်းနွဲ့နေသော မီးတောက်များအား ပတ်ဝန်းကျင်တခွင် အလင်းဖြန့်ကျက်စေခဲ့သည်။ ရလဒ်အနေဖြင့် စစ်မြေပြင်မှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွား၏။ ကျူးကျော်ကျင့်ကြံသူများရော၊ မန်မျိုးနွယ်ဝင်များပါ နောက်ဆုတ်ဆုတ်သွားကြလေသည်။

သူတို့ မန်ဟို့ကို ကြည့်နေသောအခါ သူတို့၏မျက်လုံးများတွင် အကြောက်တရားတို့ ပြည့်နှက်နေ၏။ သို့သော် မန်မျိုးနွယ်ဝင်များအတွက်မူ ထိုအကြောက်တရားထဲ၌ ... မျှော်လင့်မှုအနည်းငယ်လည်း ပါရှိလေသည်။

“သေစမ်း” ကောင်လေးက တွေးသည်။ “ဘယ်လောက်အရှိန်အဟုန်ကြီးမားလိုက်သလဲ။ ငါတောင် ... သူ့ကို တားနိုင်ပါ့မလား။ သူ အင်မော်တယ်နယ်ပယ် တက်လှမ်းခဲ့တုန်းက အင်မော်တယ်အကြောဘယ်နှကြောတောင် ဖွင့်ခဲ့နိုင်တာပါလိမ့်” သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာပြီး ရုတ်တရက် သူသည် ဆုတ်ခွာနေသည်ကို ရပ်ကာ လက်နှစ်ဖက်လုံးကို သူ့အရှေ့တွင် ဝှေ့ယမ်းရင်း ရှေ့တက်သွား၏။ တရှီးရှီးမြည်သံကြီး ကြားလိုက်ရပြီး သူ့ပတ်ပတ်လည်ရှိ လေရပ်ဝန်း ပုံပျက်နေစဉ် ဧရာမကင်းမြီးကောက်ကြီးတစ်ကောင် ဘွားခနဲ ထွက်လာသည်။ ၎င်းသည် မည်းနက်နေပြီး ရှီးခနဲ အော်မြည်ရင်း မန်ဟို့ဆီ ခုန်အုပ်လိုက်၏။

၎င်း သူ့အပေါ် ထိုးဆင်းလာစဉ် မန်ဟို၏မျက်လုံးများက လင်းလက်သွားသည်။ သူသည် ရှေ့တစ်လှမ်းလှမ်းကာ သူ့ကိုယ်အတွင်းရှိ ရှေးဟောင်းမန်နာအား လက်သီးနောက်တစ်လုံးအသွင်ဖြင့် ထွက်သွားစေ၏။

၎င်းကား ... နတ်ဘုရားသုတ်သင်ခြင်းလက်သီးမှတစ်ပါး အခြားမဟုတ်ပေ။

မိုးနှင့်မြေသည် လင်းလင်းထိန်ထိန်အရောင်အဝါများဖြင့် ပြိုးပြိုးပြက်သွားပြီး လေမုန်တိုင်းတစ်လုံး တိုက်ခတ်သွား၏။ ပတ်ပတ်လည်ရှိ ကျင့်ကြံသူအားလုံး သွေးအန်၍ လွင့်ထွက်ကုန်ကြသည်။ မရေမတွက်နိုင်သော အဆောက်အဦများ ပြာကျသွားပြီး အဝေးရှိ နေနှင့်လပင်လျှင် မှိန်ကျသွား၏။ နတ်ဘုရားသုတ်သင်ခြင်းလက်သီးအား ထုတ်လွှတ်လိုက်လျှင် ၎င်းက အဆုံးမဲ့သတ်ဖြတ်ခြင်းကို ဦးတည်လေသည်။

ကောင်လေးမှာ အင့်ခနဲ ညည်းရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ကင်းမြီးကောက်ကြီးမှာမူ မန်ဟို့ကို ထိလိုက်သည်နှင့် ဘုန်းခနဲ မြည်ဟည်းသွားပြီး လေထုတစ်ခုလုံး အင်မတန်ဆိုးရွားစွာ တွန့်လိမ်ပုံပျက်သွားသဖြင့် မည်သူမှ ဘာမှမမြင်ရတော့ပေ။

အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည့်အခါ ကင်းမြီးကောက်ကြီး စိစိညက်ညက် ကြေသွားသည်ကို လူတိုင်း မြင်လိုက်ရကြသည်။ ကောင်လေးမှာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေလျက် အသည်းအသန် နောက်ဆုတ်နေရလေသည်။ မန်ဟိုကမူ မီးလင်းနေပြီဖြစ်သော ဝိညာဉ်မီးအိမ် ၂၄ လုံးအပြင် နောက်ထပ်သုံးလုံးဖြင့် စွမ်းအားတို့ တဟုန်းဟုန်းတောက်နေလျက် လေလယ်တွင် ပျံဝဲနေသည်။

ယခုတွင် သူ့တွင် ဝိညာဉ်မီးအိမ် ၂၇ လုံး ရှိသွားလေပြီ။

“စတုတ္ထတောင်ပင်လယ်က ခိတိဂဗ္ဗက ဝိညာဉ်မီးအိမ် ၂၉ လုံးကို မီးထွန်းခဲ့တယ်” ကောင်လေးက မျက်စိမျက်နှာပျက်စွာဖြင့် နောက်ဆုတ်နေရင်း တွေးနေသည်။ “ဒီလူက ... ဝိညာဉ်မီးအိမ် ၂၇ လုံးကို ထွန်းထားပြီးပြီ။ ပြီးတော့ ဆက်သွားနိုင်သေးတဲ့ပုံပဲ

“ငါတော့ ကိုယ်ကျိုးနည်းပြီး။ ဝင်မပါခဲ့သင့်သလို သူ့ကိုလည်း ဖိအားမပေးခဲ့သင့်လူး။ နောက်ဆုံးတော့ သူ့ကို ဝိညာဉ်မီးအိမ်တွေ မီးထွန်းနိုင်အောင် ကူညီပေးခဲ့မိပြီ”

မန်ဟို၏မျက်လုံးများသည် တောက်ပလင်းလက်နေပြီး သူက နှုတ်ခမ်းသပ်လိုက်သည်။ ကောင်လေးနှင့် တိုက်ကွက်ဖလှယ်ခဲ့သော တဒင်္ဂလေးအတွင်း တိုက်ခိုက်ရင်း ဝိညာဉ်မီးအိမ်ကို မီးထွန်းခြင်းက များစွာပိုလွယ်ကူကြောင်း သူ ပြောနိုင်သွား၏.....

အကြောင်းအရင်း သူ မသိသော်လည်း သူ့လို ဖြစ်ရပ်မျိုး အခြားလူများ ကြုံတွေ့လိမ့်မည်မဟုတ်မှန်းတော့ အတန်အသင့် သေချာသည်။ မည်သို့ဆိုစေ ဤသည်ကား နှစ်ခါပြန်မရနိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အကြောင်းရင်းကို အချိန်ကုန်ခံ စဉ်းစားနေမည့်အစား သူက ကောင်လေးနောက် လိုက်သွားတော့သည်။

“သောက်ကျိုးနည်း” ကောင်လေးက သူ၏လက်အောက်ငယ်သားများကို အော်ပြောသည်။ “မင်းတို့ကောင်တွေ အကုန်လုံး အဲဒီက ထွက်လာပြီး ဟိုဘွားတော်နဲ့ သူ့လူတွေကို သတ်ပစ်လိုက်ကြ” ကောင်လေး၏ မန်ဟို့အပေါ် ကြောက်လန့်မှုမှာ ပြင်းထန်လာနေပြီး သူ့မှာ အလွန်စိတ်ဓာတ်ကျနေတော့သည်။ မန်ဟို့ကို တိုက်ခိုက်ခြင်းဖြင့် အကူအညီပေးခဲ့မိ၍ သူ့မှာ သူ့ကိုယ်သူ အခဲမကြေတော့ပေ။

သစ္စာဖောက်ဂိုဏ်းများမှ ကျူးကျော်ကျင့်ကြံသူများက တွန့်ဆုတ်နေသော်လည်း သတ္တမတောင်ပင်လယ်မှ အနက်ဝတ်ကျင့်ကြံသူများက မတွန့်ဆုတ်ပေ။ သူတို့သည် ချက်ချင်းပင် ဘွားဘွားမန်တို့ဆီ ပျံသန်းသွား၏။

ဘွားဘွားမန်တို့မှာ အင်အားမမျှသဖြင့် ဘယ်လိုနည်းနှင့်မှ မယှဉ်နိုင်ပေ။ ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒ တောက်ပလာပြီး သူက ကြိမ်းဝါးလိုက်သည်။ “မင်းတို့တွေကများ ရာရာစစ"

သူ့အသံသည် ကောင်းကင်ဘုံကို ထက်ခြမ်းပိုင်း၍ ပထဝီမြေကြီးကို ဟက်တက်ခွဲပစ်လိုက်သော မိုးခြိမ်းသံကြီးနှင့် တူ၏။ သူက ကြိမ်းမောင်းလိုက်သည့်အခိုက်အတန့်မှာပင် သူ့လက်ကို ဝှေ့ယမ်းရင်း အနက်ရောင်မြူအခိုးအငွေ့များအား တထောင်းထောင်း ထလာစေသည်။ မြူထုကြီးက တဖွေးဖွေးလှုပ်နေရင်း အနက်ဝတ်လူများထံ ပြေးဝင်သွားသော ဧရာမလက်မည်းမည်းကြီးအဖြစ် ပြောင်းလဲသွား၏။

အနက်ဝတ်လူများမှာ မန်ဟို့အသံကြောင့်နှင့်တင် တုန်လှုပ်နေကြလေပြီ။ တချို့ဆိုလျှင် မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများယိုစိမ့်လာပြီး တောင့်တင်းသွားကြ၏။ တချို့မှာ အနုသုခုမနတ်ခန္ဓာအထိ တိုက်ရိုက်ပေါက်ကွဲသွားကြပြီး အခြားသူများအတွက်မူ... ပြန်သက်သာမလာခင်မှာပဲ အနက်ရောင်လက်ကြီးက သူတို့ကို ခြင်ရိုက်သလို ရိုက်ချလိုက်သည်။

လက်ကြီး ဖြတ်သွားသည့်အခါ အနက်ဝတ်လူအားလုံး လျင်မြန်စွာ ခြောက်ကပ်လာကြသဖြင့် ကြောက်လန့်တကြား အော်ဟစ်ကြတော့သည်။

“ကျိန်စာ၊ အဲ့ဒါ ကျိန်စာစွမ်းအားပဲ”

“အဲ့ဒါက ငါတို့သတ္တမတောင်ပင်လယ်ရဲ့ ကျိန်စာစွမ်းအားလေ။ သူက ဘယ်လိုလုပ် ထုတ်လွှတ်နိုင်တာလဲ... မဟုတ်သေးဘူးလေ....”

ဘွားဘွားမန်ဆီ ထိုးဆင်းလာနေခဲ့သော အနက်ဝတ်လူအားလုံး အနက်ရောင်အရည်ဘဝ ရောက်သွားပြီး မိုးရွာကျသကဲ့သို့ မြေကြီးအပေါ် တပေါက်ပေါက် ကျလာကြသည်။ အဖြစ်အပျက်ကို မြင်လျှင် လူတိုင်း အသက်ရှူမှားသွားကြသည်။ အထူးသဖြင့် ထိုလူများ မသေခင် ပြောသွားခဲ့သော စကားများကို ကြားလိုက်ရသည့်အခါ၌ပင်။ ထိုစကားများက မန်မျိုးနွယ်ကျင့်ကြံသူများကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။

“သတ္တမတောင်ပင်လယ်.....”

“သူတို့က သတ္တမတောင်ပင်လယ်ကလား ဘုရားရေ။ သတ္တမတောင်ပင်လယ်က ကျင့်ကြံသူတွေ တကယ်ကြီး ဒီရောက်လာတာလား။ မဟုတ်မှ ... တောင်ပင်လယ်စစ်ပွဲ စနေပြီလား”

မန်မျိုးနွယ်ကျင့်ကြံသူအားလုံး တုန်လှုပ်အံ့အားသင့်နေကြသော်လည်း မျိုးနွယ်တူ သစ္စာဖောက်များနှင့် ကျူးကျော်ကျင့်ကြံသူများအတွက် ထိုကိစ္စမှာ လျှို့ဝှက်ချက်ပင် မဟုတ်သည့်အလား အံ့ဩနေကြပုံမပေါ်ပေ။ တကယ်တော့ သူတို့သည် ... သတ္တမတောင်ပင်လယ်စစ်တပ် အဋ္ဌမတောင်ပင်လယ်သို့ မကြာမီ လာတော့မည်ကို တစ်လျှောက်လုံး သိနေခဲ့ကြ၏။

ကြီးမြတ်သော တောင်ပင်လယ်နှစ်ဌာနီကြား စစ်ပွဲကြီးသည် အစပျိုးနေပြီး ယနေ့က ... ထိုစစ်ပွဲ၏ ပထမဆုံးတိုက်ပွဲလေးမျှသာ ရှိသေးလေသည်။

မန်ဟိုက အရာအားလုံးကို လျစ်လျူရှုရင်း မျက်နှာကြီးမည်းမှောင်နေသော ကောင်လေးထံ လျှောက်သွားသည်။ ကောင်လေးက မန်ဟို့ကို ပြန်စိုက်ကြည့်၏။

“ငါ မင်းကို ကြောက်တယ်များ ထင်နေသလား” ကောင်လေးက ပြောသည်။ “သေချင်နေတယ်ဆိုမှတော့ မင်း ဝိညာဉ်မီးအိမ်တွေ ထွန်းနေတဲ့အခိုက်အတန့်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ... ငါ မင်းကို သတ်နိုင်သေးတယ်” သူက အံတင်းတင်းကြိတ်ရင်း အစိမ်းရောင်အလင်းကို စတင်ဖြန့်ကျက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်အောက်တွင် မြက်ပင်စိမ်းစိမ်းများ ပေါက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ အသက်တစ်ရှိုက်လေးအတွင်း ကောင်လေး၏ ပတ်ပတ်လည်ဧရိယာမှာ .... မြက်ခင်းပြင်ကြီးဖြစ်လာခဲ့လေပြီ။

ထို့နောက် ဧရာမသစ်ပင်ကြီးများ ထိုးထွက်လာပြီး တစ်ပြိုင်တည်းမှာပင် အားကောင်းသော အပင်အရှိန်အဝါတစ်ခုသည် ဧရိယာတစ်ခုလုံးတွင် စတင်နေရာယူလာ၏။

ပေါင်းမြက်သစ်ပင်တစ်ပင်စီတိုင်း၏ အပေါ်တွင် မျက်နှာများကို ရှင်းလင်းပြတ်သားစွာ မြင်ရနိုင်သည်။ မျက်နှာပိုင်ရှင်ကတော့ ... ကောင်လေးမှတစ်ပါး အခြားမဟုတ်ပေ။

“အသတ်ခံရဖို့ အဆင်သင့်ပြင်ထား" ကောင်လေးက အော်သည်။ တစ်ဆက်တည်းမှာပင် ပေါင်းမြက်သစ်ပင်ပန်းမန်များနှင့် ကျန်သဘာဝပေါက်ပင်များ၏ အပေါ်ရှိ မျက်နှာအားလုံးက ကြိမ်းဝါးလိုက်ကြ၏။

ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်သော်လည်း ကြယ်တာရာကောင်းကင်ထက်မှ မိုးပေါက်တို့ စတင်ရွာကျလာသည်။ မိုးရေသည် မည်းနက်နေပြီး ပင်လယ်ကြီးတစ်စင်း ဖြစ်လာ၏။ ထိုမိုးရေနှင့် ပင်လယ်ထဲရှိ ရေစက်တစ်စက်စီတိုင်းတွင်လည်း ... အံ့ဩဖွယ်ကောင်းစွာနှင့် ကောင်လေး၏ ကြိမ်းဝါးနေသော မျက်နှာတစ်ခုစီ ရှိကြလေသည်။

“သေပေတော့”

ယခုထက်ထိ မပြီးသေး။ ကောင်လေးသည် အင်္ကျီလက်စကို ခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ကြောက်စရာကောင်းလောက်အောင် ကြီးမားလာ၏။ သူ၏မည်းနက်နေသော ဆံပင်ရှည်များက ကြယ်တာရာကောင်းကင်ကို လွှမ်းမိုးရင်း ဖြာထွက်လာကာ ည၏အမှောင်ထုကဲ့သို့ အမည်းရောင်ပြင်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ထို့နောက် သူ၏မျက်လုံးများ လင်းလက်စွာ တောက်ပလာရင်း အမှောင်ထုနှင့် ဆန့်ကျင်ကွဲပြားနေသည်။ ၎င်းက .. အလင်းဖြစ်ပေ၏။

မှန်သည် ၊ ၎င်းတို့အားလုံး ပုံရိပ်ယောင်သာ ဖြစ်ပေသည်။ မျက်နှာများနှင့် အပင်များ၊ အနက်ရောင်မိုးရေစက်များ၊ အလင်းနှင့် အမှောင်ထု ၊ ကောင်လေး၏ ဧရာမခန္ဓာကိုယ်ကြီး .. ၎င်းတို့အားလုံး တစ်ခုမှ အစစ်မဟုတ်ပေ။ အကုန်လုံး အတုအယောင်သာဖြစ်ကြောင်း မည်သည့်ကျင့်ကြံသူမဆို မြင်ရနိုင်သည်။ ထိုမျှသာမက ဤအရာများမှ ဖိအားတချို့ ဖြာထွက်နေသော်လည်း သိပ်မကြီးမားပေ။

ဤအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို ဧရာမကောင်လေးက စကားလုံးတစ်လုံး.... အရာခပ်သိမ်းကို ပြောင်းလဲသွားစေမည့် စကားလုံးတစ်လုံးကို ပြောလိုက်၏။

“အရှိတရား”

ဂျိန်း

အပင်များ အစစ်ဖြစ်လာသည်။ အနက်ရောင်မိုးရေစက်များ အစစ်ဖြစ်လာသည်။ အမှောင်ထုလည်း စစ်မှန်လာသည်။ အလင်းလည်း စစ်မှန်လာသည်။

ဤသည်ကား ကောင်လေး၏ ငါးခုမြောက် အနှစ်သာရ ... အရှိတရားဖြစ်ချေ၏။

All Chapters